Monday, 19 March 2012

ကွဲရှုံး . . .


ကလေးတွေ စာမေးပွဲဖြေနေမှပဲ 
ဦးဟန်ကြည်တစ်ယောက် စာတွေရေးလို့ကောင်းနေလိုက်တာမှ လက်ကိုစက်တပ်ထားသလား မှတ်ရပါရဲ့။ နုစဉ်ကာလတွေတုန်းကတော့ ကလေးတွေ စာမေးပွဲဖြေနေကြပြီဆိုရင်ပဲ စိတ်တွေအပူကြီးပူပြီး စားမ၀င်၊ သောက်မ၀င်နဲ့ နေမထိထိုင်မသာ ဖြစ်ခဲ့ဖူးသပေါ့လေ။ တဖြည်းဖြည်းနဲ့ ပညာရေးလုပ်သက်ကလည်း ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီမို့ လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ့်ဘက်က တာဝန်အကျေဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့ပြီး ဘယ်လိုရလာဒ်မျိုးပဲ ထွက်လာထွက်လာ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် ထားနိုင်လာပြီပေါ့။ အနှီလိုမှ မထားနိုင်ရင်လည်း စိတ်ဖိစီးမှုတွေ ငယ်ထိပ်တက်ပြီး သက်တန်းမစေ့ခင်ဘဲ လူ့ပြည်ညည်းလို့ နတ်ထီးစံရမယ့်ကိန်း မဟုတ်လား။

ပညာရေးလောကထဲမ၀င်ခင် ဆေးလောကထဲမှာ ကျင်လည်နေတုန်းကတော့လည်း အခုအချိန်လို စိတ်မျိုး ဘယ်ဟုတ်လိမ့်မလဲလေ။ အရွယ်ကလည်း ငယ်လွန်း၊ နုလွန်းနေတဲ့အပြင် ပညာမာန်တွေကလည်း ဖြိုးဖြိုးမောက်နေပြန်တော့ အခက်အခဲအကျပ်အတည်းနဲ့တွေ့တိုင်းကြုံတိုင်းမှာ စိတ်ဖိစီးမှုဒဏ်ကို တနင့်တပိုးကြီး ခံစားခဲ့ရတာပ။ ဘယ်လောက်ကြီးတဲ့ရောဂါကိုမဆို ငါကုရင်ပျောက်ရမယ် ဆိုတဲ့ ထင်တစ်လုံးကလည်း အင်မတန်မှ ပြဿနာပေးတာကလား။ သတ်မှတ်ထားတဲ့ ဆေးပတ်လည်လို့မှ ရောဂါအခြေအနေ ထူးခြားမလာသေးရင် ဦးဟန်ကြည်တို့ ခေါင်းမီးတောက်ရပါလေရော။ ဒီကြားထဲမှာ ထစ်ခနဲရှိရင် ကိုယ့်ကိုယ်ကို ပြဿနာရှာချင်တဲ့ မွေးရာပါ သန္ဓေကလည်း မြွေပူရာကင်းမှောင့် လုပ်တတ်ပါသေးရဲ့။ ငါညံ့လှချေလား၊ ဒီလောက်ကလေးတောင် ငါမကုနိုင်ဘူးလားဆိုတဲ့ အတွေးဆိုးတွေကလည်း နလံမထူအောင် နှိပ်စက်လွန်းတာမို့ တခြားရောဂါတွေကို ပျောက်အောင်ကုပေးနိုင်လို့ ရတဲ့ပီတိလေးတွေတောင် ကြာရှည်မခံစားရဘဲ အချိန်တော်တော်များများ စိတ်ညစ်ခဲ့ရဖူးတာကိုး။

မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်တွေတော်တော်များများကပေါ့။ အဲဒီအချိန်က တစ်နေ့ခင်းလုံး စာသင်ရ၊ လူနာကြည့်ရနဲ့ ပင်ပန်းခဲ့သမျှ အတိုးချပြီး ကောင်းကောင်းအိပ်နေတဲ့ ဦးဟန်ကြည်ကို ဆောင်းညသန်းခေါင် အချိန်ကြီးမှာ လူနာကြည့်ပေးဖို့ လာပင့်ပါလေရော။ ကိုယ်ကိုယ်တိုင် ဘယ်လောက်ပဲ ပင်ပန်းလို့ မတ်တပ်ကနေလဲပါစေ လူနာဟေ့ဆိုရင် တက်ကြွပြီးသား ဦးဟန်ကြည်လည်း လူနာလာပင့်တဲ့လူရဲ့ ဆရာဆိုတဲ့ခေါ်သံတစ်ခွန်းအဆုံးမှာတင် အိပ်နေရာကနေ ငေါက်ခနဲထထိုင်၊ အသင့်ရှိပြီးသားဆေးအိတ်ထဲမှာ လိုမယ်ထင်တဲ့ဆေးတွေကောက်ထည့်ပြီး ထလိုက်လာခဲ့တာပေါ့။ အမှန်တကယ်ဆို ဦးဟန်ကြည်ရဲ့ မွေးရာပါ ဗီဇက အင်မတန်မှ အပျင်းကြီးတာကလား။ အိပ်ရေးကလည်း ဘာမက်သလည်း မမေးနဲ့။ ဒေါသကလည်း ငယ်ထိပ်ကိုတက်နေတဲ့ လူစားဖြစ်တာမို့ အိပ်ပျော်နေပြီဆိုမှဖြင့် အိမ်ရှင်မကတောင် မနှိုးရဲတဲ့အထိ။ ဒါပေမယ့် လူနာလာပင့်လို့ကတော့ ကြိုက်တဲ့အချိန်နှိုး ဦးဟန်ကြည်တို့ မနိုးဘူးဆိုတာ သက်တန်းတလျှောက် တစ်ခါမှကို မရှိခဲ့ဖူးတာ။

လက်နှိပ်ဓာတ်မီးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ မှောင်ကြီးမည်းမည်းမှာ မြွေမကြောက်ကင်းမကြောက်နဲ့ ရမ်းသမ်းသွားပြီး လူနာရှိတဲ့အိမ်ကိုရောက်လို့ လူနာကိုလည်း ကြည့်လိုက်မိရော ဆရာဝန်ပေါက်စ ဦးဟန်ကြည်လည်း ခေါင်းကြီးသွားလိုက်တာမှ စပါးထည့်တဲ့ပုတ်လောက်ဖြစ်သွားတယ် ထင်မိပါရဲ့။ အသက် ၇၀ ကျော် ဆီးချိုသမားလူနာက အိပ်ရာပေါ်မှာ ပက်လက်ကလေး။ vital sign တွေကို စစ်ဆေးကြည့်ပြန်တော့လည်း အခြေအနေက မကောင်း။ BP ယူလိုက်ပြန်တော့လည်း အောက်သွေးက သုညနားမှာ။ နှလုံးခုန်နှုန်းကလည်း မကြားတစ်ချက် ကြားတစ်ချက်။ ဒီအနေအထားကြီးရောက်မှ ဆေးရုံပို့ပြန်ရင်လည်း လမ်းမှာတင် အသက်ကုန်မယ့် အခြေအနေ။ ၀ါရင့်ဆရာဝန်ကြီးတွေဆိုရင်တော့ ရုပ်ရှင်တွေထဲကလို လူနာရှင်ကို ခေါင်းကလေး တစ်ချက်ရမ်းပြပြီး ဆေးအိပ်အသာဆွဲပြီး ပြန်လာခဲ့ရုံပေါ့။ ဒါပေမယ့် ပညာမာန်က ငယ်ထိပ်တက်နေတဲ့ ဦးဟန်ကြည်ပေပဲ။ လူနာရှင်ကို အကျိုးအကြောင်းရှင်းပြပြီး သေမင်းနိုင်ငံကို ခြေနှစ်ချောင်းလုံး ရောက်လုနီးနေတဲ့ လူနာကို ကယ်နိုင်ဖို့ အကြိတ်အနယ် ကြိုးစားပါလေရော။ ရှင်တော်ဘုရားတောင်မှ မလွန်ဆန်နိုင်တဲ့ နောက်ဆုံးလားရာဂတိကို ဦးဟန်ကြည်က ဘယ်လိုတားပေးနိုင်ပါ့မလဲလေ။ နာရီဝက်သာသာလောက်လည်း ကြိုးစားကြည့်ပြီးရော လူနာလည်း အသက်ကုန်ပါလေရော။ တစ်ခုရှိတာက သက်တောင့်သက်သာ အသက်ကုန်သွားတာပဲပေါ့။ တကယ်ဆို သေခါနီးလူနာကို ကုရတဲ့ ကံဆိုးသူ ဆရာဝန်က ဦးဟန်ကြည်။ ဆရာမ ၀င်းဝင်းမြင့်ရဲ့ “ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာများမှာ ” ဆိုတဲ့ ၀ထ္ထုထဲက စာသားကို အငှားသုံးပြီးပြောရရင်တော့ ကြွေလုဆဲဆဲ ထန်းသီးပုပ်ကြီးပေါ်မှာမှ နားလိုက်မိတဲ့ ကျီးပေါ့လေ။ ကိုယ့်ကိုယ်ကို ဖြေပြီးတွေးရင် တွေးစရာအကွက်တွေမှ တပုံတပင်ကြီး။

ဒါပေမယ့် အပါးမ၀တဲ့ ဆရာဝန်ပေါက်စ ဦးဟန်ကြည်ခမျာမှာတော့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်လို့ မဆုံးတော့ဘဲ ကိုယ့်ပညာအပေါ်မှာ ကိုယ်တိုင်ပဲ သံသယတွေ ၀င်လာပါလေရော။ အရွယ်ကလည်း ငယ်လွန်းနေပြန်တော့လည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဒါပေမယ့် ဒီအချိန်ရောက်လို့ ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားမိမှပဲ အနှီဖြစ်စဉ်မှာ ဦးဟန်ကြည်မရှုံးခဲ့တာကို သတိထားမိသပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ကုန်တော့မယ့်လူနာကို သက်တောင့်သက်သာ ၀ိညာဉ်ချုပ်သွားအောင် ကူညီနိုင်ခဲ့သေးတာကိုး။ ရှင်တော်ဘုရားတောင် မကယ်နိုင်တဲ့ လူ့အသက်ကို ဆွဲဆန့်လို့ မအောင်မြင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့မိတာ မှားလိုက်လေခြင်းလို့ သဘောပေါက်လာတဲ့ အချိန်ရောက်တော့မှပဲ နေရထိုင်ရ သက်တောင့်သက်သာ ရှိသွားတော့တာပ။

ပညာရေးလောကထဲကို စ၀င်ကာစတုန်းကလည်း ဦးဟန်ကြည်တို့ မာနကြီးတုန်းပါပဲ။ ငါသင်ရင်အောင်ရမယ်၊ ငါ့တပည့်ဟူသမျှ အတော်ဆုံးဖြစ်ရမယ် ဆိုတဲ့ မာန်တွေဟာ အင်မတန် ဖိစီးတာကလား။  ခက်တာက ပညာရေးလောကမှာ ဆရာဆိုတဲ့ လူတန်းစားက ပံ့ပိုးသူ၊ ဖြည့်ဆည်းသူ၊ လမ်းညွှန်သူ အဆင့်ပဲ ရှိတာကိုး။ ကိုယ်က ဘယ်လောက်ပဲ ပံ့ပိုးနေပါစေ၊ ခံယူသူက မခံယူပြန်တော့လည်း ဦးဟန်ကြည်တို့ စိတ်ညစ်ရပြန်ရော။ ဦးဟန်ကြည်တို့ အထက်တန်းကျောင်းသားဘ၀တုန်းက ဆရာတစ်ယောက် ပြောဖူးခဲ့တဲ့ -
“ အိုးစောင်း၊ အိုးမှောက်၊ အိုးဖင်ပေါက်
ဆရာအလွန်ကြောက် ”
ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ မကြာမကြာ သတိရမိတာပ။ ထိုက်သင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို တတ်အားသမျှ ဖြည့်ပေးထားတဲ့ ဦးဟန်ကြည်ရဲ့ တပည့်တွေထဲမှာ အိုးမှောက်နဲ့တူတဲ့ တပည့်ကတော့ မရှိသလောက်ရှားပါရဲ့။ ဒါပေမယ့် အနှီအိုးမှောက်မျိုးကိုတော့ ပေယျာလကန်ပြုလိုက်ရင် ကိုယ်သက်သာနိုင်သေးသကိုး။ ဘယ်လောက်သင်သင် အပြည့်မတတ်တဲ့ အိုးစောင်းတပည့်၊ ဒီနေ့သင် မနက်ဖြန်မေ့ကုန်တဲ့ အိုးဖင်ပေါက်တပည့်တွေ ပတ်လည်ဝိုင်းနေတဲ့ ဦးဟန်ကြည်ခမျာမှာတော့ ပစ်ထားလို့လည်းမရ၊ ဖြည့်လို့လည်း မပြည့်တဲ့ ပညာရေးပါရမီကြီးကို အင်တိုက်အားတိုက် ဖြည့်နေရင်းက တစ်ခါတစ်ခါများ ကိုယ့်ကိုယ်ကို သနားစိတ်ဝင်မိတဲ့အထိ။ တစ်ချို့တပည့်တွေကလည်း စလေဦးပုညရဲ့ စာထဲကလို- “ သုတ်၊ ၀ိနည်း၊ ပိဋကတ်နဲ့။ လျှာပြတ်အောင်ဟောသော်လည်း။ ဟောရင်းသာ ပြန်တော်မူသွားမယ် ” နည်းနည်းမှကို မကြိုးစား ဆိုတဲ့ ကျောင်းသားမျိုးတွေကိုး။ စိတ်ပေါက်ပေါက်နဲ့ ရွှေမန်းဦးတင်မောင်ရဲ့ သီချင်းတစ်ပုဒ်လို -
“ မင်း…တို့ကိုလည်း အပြစ်မတင်…
မောင်တင်…
ကိုယ့်ကိုယ်ကိုသာ သနားမိပါရဲ့… ”
လို့ပဲ ခုနစ်သံချီပြီး အော်ချင်စိတ်ကတော့ မကြာမကြာ ပေါက်မိပါရဲ့။ ပြောမယ့်သာ ပြောရတယ် ဦးဟန်ကြည်တို့ ပညာရေးလောကသားတွေကို စာနာနားလည်နိုင်မယ့်သူဆိုတာကလည်း ကိုယ့်တပည့်ထဲက အနည်းအကျဉ်းလောက်သာ ရှိတာကလား။ အနှီတော့ အော်ငိုနေပြန်ရင်လည်း ကိုယ်ပဲ ငပေါဖြစ်ပေတော့မပေါ့။

တဖြည်းဖြည်းနဲ့ လုပ်သက်လေးလည်းရလာ၊ ဟဲလေးသီချင်းလို Old service တစ်ပိုင်းလည်း ဖြစ်လာတဲ့ ဒီအချိန်ရောက်တော့ ဦးဟန်ကြည်ရဲ့ တလူလူလွင့်နေတဲ့ မာနတံခွန်တွေလည်း ပိတ်ပိတ်ပျောက်ကုန်ပါလေရော။ ဟုတ်ပါရဲ့…။ ကိုယ်ကသာ ကိုယ့်ကိုယ်ကို စွတ်တင်နေမိတာ။ ရှင်တော်ဘုရားတောင်မှ သတ္တ၀ါတိုင်းကို ကျွတ်တမ်းဝင်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲကိုး။ ရှင်တော်ဘုရားက မနက်မိုးသောက်ယံမှာ ဒီနေ့ကျွတ်ထိုက်သူ ဘယ်သူရှိသလဲလို့ ရွှေဥာဏ်တော်ကွန်ယက်ဖြန့်ပြီး ကျွတ်ထိုက်သူကိုပဲ ကျွတ်တမ်းဝင်အောင် ဟောတော်မူပါရဲ့။ ဒီအတွေး၊ ဒီအသိလေးလည်း နှလုံးသားထဲမှာ ကိန်းအောင်းလာရော ဦးဟန်ကြည်ရဲ့ မာနတွေလည်း ကွာပါလေရောပေါ့လေ။ ဒါပေမယ့် ဆရာဆိုတဲ့ လူစားမျိုးက တပည့်ရွေးခွင့်မရှိဘဲ လာသမျှ၊ အပ်သမျှ ဖြူသော၊ မည်းသော မခွဲဘဲ ရနိုင်သမျှ အောင်မြင်မှုရသွားစေဖို့ တတ်နိုင်သလောက် ပံ့ပိုးရတာမဟုတ်လား။ အနှီတော့လည်း ဒီငနဲကတော့ ဒီနှစ်မအောင်နိုင်ဘူးလို့ ကောက်ချက်ချပြီး ပေယျာလကန်ပြုလို့ ဘယ်ဖြစ်နိုင်ပါ့မလဲလေ။ နောက်ဆုံးတော့လည်း သင်းဖာသာ ဥာဏ်မီတာမမီတာ အပထား လွယ်နိုင်သမျှ အလွယ်ဆုံး၊ ခေါင်းထဲကို အရောက်နိုင်ဆုံးဖြစ်မယ့် နည်းစနစ်ကို တွင်တွင်သုံးပြီး ဒီနှစ်မအောင်နိုင်သေးရင်တောင် နောက်တစ်နှစ်အတွက် အခြေခံကောင်းတွေရသွားဖို့ ရေရှည်ပစ်မှတ်ထားပေးရတော့တာပ။

အနှီလို ကျောင်းသားတွေချည်း ပတ်လည်ဝိုင်းနေတဲ့ နှစ်မျိုးနဲ့ကြုံရင်တော့ ဦးဟန်ကြည်တို့ ကွဲပြီပေါ့လေ။ ခက်တာက ဆရာတစ်ယောက် ဘယ်လိုသင်တယ်၊ ဘယ်လို စေတနာကောင်းထားတယ်ဆိုတာ သူ့တပည့်တွေပဲ သိတာကလား။ မိဘတွေနဲ့ ပတ်ဝန်းကျင်ကတော့ ကလေးတွေအောင်ရင် ဆရာတော်လို့၊ ကလေးတွေကျရင် ဆရာညံ့လို့လို့ပဲ ခပ်လွယ်လွယ် ကောက်ချက်ချလိုက်ကြတာချည်းပ။ ကိုယ့်သိက္ခာကို ကလေးတွေလက်ထဲမှာ ၀-ကွက်ပြီး အပ်ထားရတာက ဦးဟန်ကြည်တို့ရဲ့ အသက်မွေးဝမ်းကြောင်းကိုး။ ရှိစေတော့။

လက်ဝှေ့လောကမှာ အရှုံးသုံးမျိုးရှိပါသတဲ့။ ကြောက်ရှုံး၊ လဲရှုံး၊ ကွဲရှုံး လို့ခေါ်ပါသတဲ့။ မထိုးရဲလို့ အရှုံးပေးလိုက်ရင် “ ကြောက်ရှုံး ”။ အလဲထိုးချခံလိုက်ရလို့ ပြန်မထနိုင်ရင် “ လဲရှုံး ”။ တစ်ဖက်သားရဲ့ လက်သီးချက်ကြောင့် မျက်ခုံးတွေ နားတွေ ကွဲပြဲကုန်လို့ ဆက်မထိုးနိုင်ရင် “ ကွဲရှုံး ” ပေါ့လေ။ ဘယ်လိုနည်းနဲ့ပဲ ရှုံးရှုံး၊ ရှုံးတာချင်းတော့ တူပေသပေါ့။ ဒါပေမယ့် အနှီအရှုံးထဲမှာ သူတင်ကိုယ်တင် ထိုးရင်းရှုံးသွားတဲ့ ကွဲရှုံးမျိုးကိုပဲ ဦးဟန်ကြည် လိုချင်သပ။ တစ်ဖက်သားက ကိုယ့်ထက် ဘယ်လောက်ပဲ အင်အားကြီးကြီး နိုင်တာမနိုင်တာကို ခေါင်းထဲက ထုတ်ပြီး စွန့်စွန့်စားစား ယှဉ်ပြိုင်ရင်း မယှဉ်သာလို့ ရှုံးသွားတာမျိုးကိုပဲ မြတ်နိုးသပ။ ဒါကြောင့်လဲ ဘယ်လောက်ညံ့တဲ့ တပည့်မျိုးပဲ လာအပ်ပါစေ ဦးဟန်ကြည်က ever welcome လုပ်ရင်း တတ်နိုင်သမျှ စွမ်းအားရှိသမျှ ပံ့ပိုးပေးနေမိတာပေါ့လေ။ ပညာရေးလောကကို ရွေးချယ်လိုက်မိတာကိုက တိုင်းပြည်မှာ လိုအပ်နေတဲ့ တစ်ထောင့်တစ်နေရာကနေ အလုပ်အကြွေးပြုဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ ရွေးခဲ့တာကိုး။

ဦးဟန်ကြည်တို့ တိုင်းပြည်မှာ အထူးကု ဆရာဝန်ကြီးတွေ ထောင်သောင်းချီပြီးရှိပေမယ့် စွမ်းရည်ပြည့်ဝ၊ နှလုံးလှတဲ့ ပညာရေးလောကသားကျတော့ အင်မတန်မှ အရေအတွက် နည်းနေသေးတာကိုး။ ဒါ့အပြင် ဆရာဝန်တစ်ယောက်ကို တန်ဖိုးထားလေးစားမှုနဲ့ ကျောင်းဆရာတစ်ယောက်ကို တန်ဖိုးထားလေးစားမှုကလည်း နံ့သာဆီနဲ့ အီးနံ့လောက်နီးနီး ကွာလွန်းပါရဲ့။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ရော၊ ကျောင်းဆရာရော သူများတွေ အလိုရှိမှ တောင့်တခံရတဲ့ ဘ၀တွေချည်းပဲမို့ ဗိုက်နာတဲ့အချိန်ရောက်မှ လူတွေစဉ်းစားမိတတ်ကြတဲ့ အိမ်သာလို ဘ၀မျိုးတွေချည်းပဲမို့ ဦးဟန်ကြည်ကတော့ အနေအထားတူလို့ သတ်မှတ်ပြီး မတုန်လှုပ်ဘူးပေါ့လေ။

အနှီတော့လည်း ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုတဲ့ ဆောင်ပုဒ်ကို ခေါင်းထဲမှာ အသေရိုက်ထည့်ပြီး ဖွတ်ကြားကလေးတွေကို လူဖြစ်လာအောင် ကြိုးစားပေးနေလိုက်တာ အခုဆိုရင် သကောင့်သားလေးတွေ စာမေးပွဲတောင် ဖြေလို့ပြီးတော့မှာပါလား။ အများတကာစိတ်မ၀င်စားတဲ့၊ အစိုးရကျောင်းကဆရာတွေက လူညံ့လို့ သတ်မှတ်ထားခံရတဲ့ အနှိမ်ခံဖွတ်ကြားလေးတွေက ဒီစာမေးပွဲမှာ လူလုံးကြွပြီး မျက်နှာပန်းလှအောင် ဖြေပြခဲ့ကြတာမို့ ဦးဟန်ကြည်တစ်ယောက် ပီတိတွေတရွှင်ရွှင်နဲ့ ဘ၀င်ကို လေဟပ်နေပါရဲ့။ တကယ်လို့ ခြေချော်လက်ချော်တဲ့ ကျောင်းသားတွေ စာမေးပွဲ ကျသွားခဲ့ရင်လည်း ဦးဟန်ကြည်ဘက်က စွမ်းနိုင်သလောက် ကြိုးစားပေးခဲ့တာမို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ ကွဲရှုံးကို လက်ခံဖို့ အသင့်ပါတဲ့ဗျား။  

13 comments:

စံပယ်ချို said...

ဆရာရေ
ကျွန်မလဲ ခပ်ငယ်ငယ်က
ကိုယ်လုပ်တဲ့အလုပ်မဖြစ်ဘူး-မအောင်မြင်ဘူးဆိုရင်
ငါညံ့လိုက်တာ ငါကိုက တုံးလွန်းပါတယ်လေ
ဆိုပြီးခဏခဏ ဖြစ်ခဲ့ဖူးတယ် ခုတော့လဲအဲဒီလိုမဖြစ်တော့ဘူးတော်လာလို့မဟုတ်ပါဘူး
ကံ ကံရဲ့ အကျိုးဆိုတာလေးနဲနဲသိလာလို့ပါ
ဆရာကျောင်းသား-သူတွေအားလုံးအောင်မြင်မှုရမှာပါ
စေတနာတွေအပြည့်နဲ့ဆရာသင်ခဲ့လို့ပါ
လေးစားလျှက်

Anonymous said...

ဆြာ့တပည့်တွေအောင်မှာပါ
း) တခါတခါ ဖွတ်ကြားလေးတွေမှာလည်း ပုန်းလျိုးနေတဲ့ စိတ်ဓတ်လေးတွေကြိုးစားမှုလေးတွေရှိတတ်တယ်း)


တခါကဖွတ်ကြားဖြစ်ဖူးသူ
ဖွတ်ကြားမောင်ဘကြိုင်

အိမ်မက်စေရာ said...

ဦးဟန်ကြည်ရဲ့ ခံယူချက်နဲ့ ပီတိလေးတွေ မျှဝေခံစားသွားပါတယ်..
ဦးဟန်ကြည်ပြောတဲ့ ဆိုဒ်မှာ အိမ်မက်သွားမေးကြည့်ပါဦးမယ်.. ဘယ်လိုလုပ်ရမလဲ ဆိုတာ...
ကျေးဇူးပါ..
အိမ်မက်

mstint said...

အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီပဲ ဦးဟန်ကြည်ရေ။
ထွက်လာတဲ့အဖြေပေါ်မှာလွဲချော်ခဲ့ရင်တောင်မှ
နောင်တရစရာမလိုအောင်အစွမ်းကုန်လုပ်ပေးခဲ့ပြီလေ။
ခေါင်းစည်းဖတ်ပြီးစိုးရိမ်သွားသေးတယ် ပို့စ်လေးဖတ်မှ
စိတ်အေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ဆရာရှင် လမင်းလိုတပည့်မျိုးမတွေ့ ပါစေနဲ့လို့
ဆုတောင်းပါဆရာ ဥာဏ်အရမ်းထုံတာဘယ်လောက်
သင်သင်မရတာရချင်တာတော့ရပြန်ရောဆရာရေ
လေးစားပါတယ်ရှင်

ကိုကိုမောင်(ပန်းရနံ့) said...

အနာဂါတ်ရဲ့ လူတော်လူကောင်းလေးတွေ မွေးထုတ်ပေးတဲ့ အလုပ်မို့ ဂုဏ်ယူပါတယ်။

ဂုဏ်ထူးတွေ တစ်လှေကြီးနဲ့ အောင်ကြမှာမို့ ဆရာဟန်ကြည့်မျက်နှာ တဖြီးဖြီးဖြစ်နေမှာ မြင်ယောင်နေမိပါရဲ့။

မဒမ်ကိုး said...

ခုတလောဆြာကြည့်ပိုစ့်တွေဖတ်ပြီး ကိုတောင် စိတ်ပင်ပန်းထှာဗျိုးးးးး
ဂုဏ်ထူးတွေဝေေ၀ဆာဆာနဲ့အောင်မြင်ကြမှာပါ
ဆရာကောင်းတပည့်ပန်းကောင်းပန်မှာမို့ ဂေါ်ဖီပန်းပွင့်ကြီးများကို မြင်ယောင်မိရင်းး


ခင်မင်လျှက်

ဒိုးကန်

သတိုး said...

ဖိစီးမှုတွေ အရင်ကလောက် မများတော့ဘူးဆိုရင်တောင် ဆရာ့ပူပန်သောက ပမာဏ မနည်းသေးဘူး ထင်ပါတယ်။ ဒါကြောင့်သာ ပို့စ်တွေတွန်းရေးပြီး ဒီစကားတွေ ဆိုနေဖြစ်တာ မဟုတ်လား..။း)
အောင်စာရင်းထွက်လာရင်တော့ ထူးချွန်သူတွေ အတွက်ပျော်ရ၊ ရှုံးနိမ့်သူတွေအတွက် မောရနဲ့ ပျော်မောပို့စ်တစ်ပုဒ်လောက် ထပ်ဖတ်ရဖို့ မျှော်နေပါတယ် ဆရာ..။
ခင်မင်သော သတိုး

ငထွဋ် said...

ကျောင်းတုန်းကတော့ အညံဆုံးစာရင်းထဲ ပါခဲ့ဘူးတယ်. သယ်ရင်း ခြောက်ယောက်လုံး အစမ်းဖြေတိုင်း ဘာသာစုံကျတယ် :D နောက်ဆုံး ဖိုင်နယ်ဖြေတော့ အားလုံးအောင်တယ်။ ကို်ယ့်ထက်တော်တယ်လို့ ယူဆထားတဲ့သူတွေကထဲက တချို့ကျ ကျတော့ အံသြမိတယ်။ ဖွတ်ကျားမှာလဲ ဖွတ်ကျား အစွမ်းရှိပါတယ်။စာခိုးချတာ မဟုတ်ဘူးနော်။ အဲဒါကို သိရင် အောင်ပါတယ်.. ဖွတ်ကျားလဲ တူတူပါပဲ.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာ့တပည့်တွေ ဖြေနိုင်တယ်ဆိုလို့ ဝမ်းသာပါတယ်ဆရာရေ
ပင်ပန်းရကျိုးနပ်တာပေါ့နော်
အောင်စာရင်းတွေထွက်ရင်လည်း ဆရာရော တပည့်ရော အပြုံးတဝေဝေ ရှိပါစေဆရာရေ..။
စေတနာဆရာတွေလည်း အများကြီး ပေါ်ထွန်းပါစေရှင်

ကြယ်ပြာ said...

အရေးအသားကောင်းကောင်းနဲ့ စာလေး အစ အဆုံးသေချာဖတ်သွားပါတယ်။ ဘာမန့်ရမယ်မှန်းတော့ မသိဘူး ရုတ်တရက် သတိရသွားတာက ညီမ၀မ်းကွဲလေး ၁၀ တန်းဖြေတာ ၂ ခိရှာပြီ။ ဒီနှစ်သူအောင်ပါစေလို့ စိတ်ထဲကဆုတောင်းမိတယ် ....

နေ၀သန် said...

ဆရာဟန်ရေ... ဆရာဆိုတာ ပီတိစားအားရှိတဲ့... တပည့်လေးတွေပေါ် ထားတဲ့စေတနာ မေတ္တာတွေနဲ့ စိတ်နှလုံးဟာ ချမ်းမြေ့နေရတာပါ... ဒီလိုစေတနာထားနိုင်ဖို့လည်း မလွယ်ဘူးလေ..... ဆရာ့ကျောင်းသားတွေအတွက် အတတ်နိုင်စွမ်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ သင်ကြားပို့ချလေ့ကျင့်ပေးခဲ့ပြီလို့ ထင်ပါတယ်.... ကွဲရှုံးလေးတွေ ပါမလာပါစေနဲ့လို့.. ဆုတောင်းပါတယ်ဗျာ..း)))

ခင်မင်လျက်
နေ၀သန်

San San Htun said...

ဆရာကောင်းတပည့် ပန်းကောင်းပန်ကြမှာပါ ဆရာဟန်ရေ..

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger