Sunday, 11 March 2012

အသီးတင်မယ့် မနက်ဖြန် . . .

အင်း…စာသင်နှစ်တစ်နှစ်တစ်နှစ် အကုန်မြန်ချက်ကတော့ 
၅ လပိုင်းကတည်းက စပြီးသင်ပေးထားတဲ့ တပည့်ကလေးတွေ မနက်ဖြန်ဆိုရင် စာမေးပွဲဖြေကြတော့မှာပါကလား။

ဒီရက်ပတ်များကတော့ ဦးဟန်ကြည်တို့ ပညာရေးလောကသားတွေ ယားလို့တောင်မှ မကုတ်အားတဲ့ ကာလလို့ပဲ ပြောလို့ရနိုင်ကောင်းရဲ့။ ကျောင်းသူကျောင်းသားတွေအတွက်လည်း စိတ်ဖိစီးမှုတွေနဲ့ နေရထိုင်ရ သက်တောင့်သက်သာမရှိလှတဲ့ ကာလကြီးပါပဲ။ ဒီကာလတိုလေးတစ်ခုတည်းနဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဘ၀လားရာကို ဆုံးဖြတ်ပေးနိုင်တော့လည်း ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုကြမယ့် ပုပုရွရွဟူသမျှ နေမထိထိုင်မသာ ဖြစ်ကြရတာလည်း ဆန်းတော့မဆန်းပေပဲကိုး။

စာမေးပွဲဆိုတာကြီးကို ကလေးတွေ ကြောက်မကြောက်တော့ မပြောတတ်ဘူး ဒီနေ့မနက်ခင်း စာသင်ချိန်မှာ ကျောင်းသားတွေကို ၁၂ ရက်နေ့( မနက်ဖြန် )မှာ စဖြေရမယ့် မြန်မာစာတွေ ပြန်နွှေးပေးနေတုန်းမှာ တပည့်မတစ်ယောက်က မျက်နှာသိပ်မလှတာကြောင့် ဆရာကောင်းဖြစ်ချင်လွန်းလှတဲ့ ဦးဟန်ကြည်က အားပေးစကားပြောလိုက်မိမှပဲ မယ်မင်းကြီးမကလေးက ပုလဲခပါရောလား။ ရုတ်တရက်ကြီး ဆိုင်းမဆင့်၊ ဗုံမပါဘဲ မျက်ရည်တွေ သွန်ထုတ်လိုက်ချေတော့ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပါလေရော။ မျက်ရည်သွန်နေတဲ့ ကျောင်းသူက တပည့်တွေထဲမှာ အတော်ဆုံးကျောင်းသူဖြစ်နေပြန်တော့ ကျန်တဲ့ကလေးတွေလည်း မျက်နှာတွေငယ်လိုက်လာပြီပေါ့။ ကြောက်စိတ်ဆိုတာမျိုးကလည်း တစ်ယောက်နဲ့တစ်ယောက် အင်မတန် အကူးမြန်တာကလား။ ကျန်တဲ့ကလေးတွေပါ ကြောက်စိတ်မ၀င်ခင် ဒီတစ်ယောက်ကို အမြန်ချော့မှဖြစ်မယ်လို့ အတွေ့အကြုံအရ ကောင်းကောင်း သဘောပေါက်ထားတဲ့ ဦးဟန်ကြည်ခမျာ တပည့်မဘေးထိုင်ပြီး အားပေးရပြီပေါ့။ ခက်တာက အနှီလို အားပေးမှပဲ ငိုချင်ရက် လက်တို့ ဖြစ်သွားသလား မပြောတတ်ပေါင်။ တကတည်း ငိုလိုက်တာမှ မျက်ရည်တွေရော၊ နှပ်တွေပါ ထွက်တဲ့အထိ။

ဒီလောက် အားပေးနေတဲ့ ကြားက ငိုကြောရှည်နေပြန်တော့ ဒေါသအိုး ဦးဟန်ကြည်တစ်ယောက် ပေါက်ကွဲပါလေရော။ တိုပဟေ့ဆိုမှဖြင့် နှစ်ယောက်မရှိတဲ့ ဦးဟန်ကြည်ဖြစ်ပြန်တော့ သတ္တ၀ါမကလေးလည်း အကြိမ်းအမောင်းခံရပြီပေါ့။ ဒေါသအလျှောက် စိတ်လိုက်မာန်ပါနဲ့ နှစ်ခွန်းသုံးခွန်းလောက် ကြိမ်းမောင်းပြီးတော့မှ ဦးဟန်ကြည် ပြန်စဉ်းစားမိပါရဲ့။ ဟယ်…ငါ့ဟာ မဟုတ်သေးပါဘူး..ပေါ့။ ကိုယ်တောင် ဆယ်တန်းဖြေတုန်းက ကြောက်ခဲ့သေးတာ သင်းကလေးတွေဆို ပိုကြောက်ပေမပေါ့လို့ အတွေးဝင်လာတာနဲ့ တရှူးရှူး၊ တရှဲရှဲနဲ့ တက်လာနေတဲ့ ဒေါသဒီဂရီကို အမြန်ဘရိတ်အုပ်ပြီး ဒီကလေးမကို ဘယ်ပုံဘယ်နည်း Motivate လုပ်ရမယ်ဆိုတာကို အပြေးအလွှား စဉ်းစားယူရပါရဲ့။ Motivation  ( စိတ်ခွန်အားမြှင့်တင်ခြင်း ) ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့ကျ အင်မတန် ခက်တာကလား။ ကျောင်းသားစိတ်ပညာကို အထိုက်အလျောက်လေ့လာထားပြီး ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်စာတမ်းတွေကို ၀ါသနာအလျှောက် အင်တိုက်အားတိုက် ဖတ်ထားဖြစ်တဲ့ ဦးဟန်ကြည်ခမျာ ဗျူဟာပေါင်းစုံကို ပေါင်းလန်အောင်ဆင်ပြီး ချော့ယူရပါရဲ့။ ၁၅ မိနစ်သာသာလောက် ချော့တစ်ခါ၊ မြှောက်တစ်လှည့်နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်မှပဲ ငနဲမကလေးလည်း အငိုတိတ်ပါလေရော။ သူလည်းအငိုတိတ်၊ ဦးဟန်ကြည်လည်း ဖတ်ဖတ်ကို မောပေါ့လေ။ အိမ်း…အနှီလိုလုပ်နေရတာကိုပဲ ဦးဟန်ကြည်တစ်ယောက် ၀သီပါနေပေသကိုး။

တကယ်ပန်းတဲ့ ဆယ်တန်းဆိုတာကြီးရဲ့ ဖိစီးချက်ကလည်း ဆိုးလွန်းပါရဲ့။ ဦးဟန်ကြည်တို့ သည်အသက်သည်အရွယ်ရောက်နေတာတောင် တစ်ခါတစ်ခါမှာ ဆယ်တန်းစာမေးပွဲဖြေတဲ့ အိပ်မက်က မက်လို့ကောင်းတုန်း။ မက်ပဟေ့ဆိုမှဖြင့် တစ်ခါမှကို ဆယ်တန်းမအောင်ခဲ့ပေါင်။ မြန်မာစာဖြေမယ့်ရက်မှာ ဓာတုဗေဒတွေ ကြည့်ပြီး သွားဖြေမိတာနဲ့၊ စာမေးပွဲခန်းထဲဝင်မှ စာမေးပွဲကဒ် မေ့ကျန်နေလို့ အိမ်ပြန်ပြေးရတာနဲ့ အိမ်မက်ကနေ လန့်လန့်နိုးရပေါင်းကလည်း မနည်းပဲကိုး။ အနှီလောက် ကြောက်စရာကောင်းတဲ့ ခြောက်အိပ်မက်တွေ နှိပ်စက်ခံရတာ ကိုယ်တစ်ယောက်တည်းလား အောက်မေ့နေတာ ဘယ်ဟုတ်လိမ့်တုန်း။ အသက် ၅၀ ၀န်းကျင်ရောက်နေတဲ့ မိတ်ဆွေအရာရှိကြီး တစ်ယောက်နဲ့ စကားစပ်မိတော့ သူလည်းပဲ အနှီလို အိပ်မက်ဆိုးမျိုး မက်လို့ကောင်းနေတုန်းကိုး။ အိပ်မက်ချင်းကွဲပေမယ့် ဖြေလိုက်တိုင်း မအောင်တာကတော့ တူသဗျား။ တကတည်း ကျောင်းသားဘ၀တစ်လျှောက်လုံး စာမေးပွဲပေါင်းများစွာနဲ့ နပမ်းလုံးလာခဲ့ရတာ ဒီဆယ်တန်းစာမေးပွဲကိုမှ စွဲမိစွဲရာ စွဲရတယ်လို့။ ဒါပေမယ့်လည်း ဒါကြီးတစ်ခုတည်းနဲ့ ဘ၀ကို အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ အသိ၊ နှစ်ခါအောင်ဖို့ အခွင့်အလမ်းမရှိဘူးဆိုတဲ့ အတွေးတွေကြောင့်ပဲ အနှီလောက် ကြောက်ဒူးတုန်နေမိတယ် ထင်ပါရဲ့။

ဦးဟန်ကြည်တို့ ဆယ်တန်းကျောင်းသားဘ၀ကတော့ မိဘတွေကလည်း ပညာတတ်တွေဖြစ်နေတာမို့ သူရို့ရဲ့ ပံ့ပိုးမှု၊ အားပေးမှုတွေနဲ့ဆိုတော့ လွန်လွန်ကဲကဲ အကြောက်ပိုတာမျိုး မရှိခဲ့တာကို အခုနေပြန်တွေးမိမှ အတော်ကံကောင်းခဲ့ပါလားလို့ သတိထားမိပါရဲ့။ ဦးဟန်ကြည်ရဲ့ တပည့်လေးတွေမှာတော့ မိဘတွေကလည်း ဘဂ၀ါ ဟိုက်စကူးလောက်နဲ့တင် ကျောင်းပြီးကြတာတွေ များနေလေတော့ မိဘဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆိုတာ ဝေလာဝေးပေါ့။ ဒီကြားထဲမှာ ကိုယ်တိုင်သာ ကျောင်းမနေဖူးခဲ့တာ ကလေးတွေကို ဇွတ်အတင်း မောင်းနှင်၊ ဖိအားပေးတဲ့နေရာမှာ ဧတဒဂ်ရတဲ့ စာမတတ်၊ ကျမ်းကျေ မိဘတွေရဲ့ သားသမီးများဆိုရင် ပိုလို့တောင် ဆိုးပါလေရော။ ခမျာလေးတွေမှာ ဘယ်အချိန်ကြည့်ကြည့် မျက်နှာကို မလှရှာကြတော့ပဲကိုး။ အနှီတော့လည်း အိမ်နေ အဖေရိုက်၊ ကျောင်းနေ ဆရာရိုက်၊ လမ်းနေ ပုရွက်ဆိတ်ကိုက် ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ဦးဟန်ကြည်ခမျာ အင်မတန် ဂရုစိုက်ရပြီပေါ့။

ပညာရေးလောကသားတွေထဲမှာ ဦးဟန်ကြည်တို့ တိုင်းပြည်က ပညာရေးလုပ်သားများခမျာ အပင်ပန်းဆုံးလို့ ထင်မိပါရဲ့။ သူများနိုင်ငံတွေမှာတော့ နည်းစနစ်ကောင်း၊ ပံ့ပိုးမှုကောင်းတွေရှိရုံသာမကဘဲ ကလေးတွေကို ကိုယ်ပိုင်ယုံကြည်ချက်ရှိအောင် လူမှန်းသူမှန်း သိတတ်စအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့ပြီးသားမို့ ဆရာတွေရဲ့အလုပ်က ပညာရေးဘက်ကို မြေတောင်မြှောက်ပေးရုံပဲ ရှိတော့သပ။ ဦးဟန်ကြည်တို့ဆီမှာတော့ ငယ်ငယ်ကတည်းက မိဘကို မှီခို၊ ကျောင်းနေတော့ ဆရာကို မှီခိုနဲ့ ကြာလာတော့လည်း ကလေးတွေမှာ အရိုးမရှိတဲ့ ပက်ကျိလေးတွေလို တစ်ကိုယ်တည်းလွှတ်လိုက်တာနဲ့ မတ်မတ်တောင် မရပ်နိုင်ကြတော့ပဲကိုး။ ဒီကြားထဲမှာ မအောင်မနေရ စနစ်နဲ့ ဇွတ်အတင်း အတန်းတင်လွှတ်လိုက်ကြပြန်တော့ တကယ်စမ်းမယ့် ဆယ်တန်းလည်း ရောက်လာရော ခိုကိုးရာမဲ့ကြရှာတာ ဆန်းတော့ မဆန်းဘူးပေါ့လေ။ အနှီလို ကလေးတွေကို လူတစ်လုံး၊ သူတစ်လုံးဖြစ်လာအောင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပံ့ပိုးပေးနေရတဲ့ ဦးဟန်ကြည်တို့ရဲ့ အာဝေနိက ဒုက္ခများကတော့ ပြောမယုံ ကြုံဖူးမှပဲ သိကြတော့မယ်ထင်ပါရဲ့။

ကလေးဆိုတာမျိုးကလည်း စိတ်ဓာတ်အတက်အကျက အင်မတန် မြန်တတ်တာမို့ ဦးဟန်ကြည်တို့မှာ လုပ်ရကိုင်ရတာ အင်မတန် သတိထားရတာကလား။ အားပေးလွန်သွားပြန်ရင်လည်း ယုံကြည်မှုလွန်ကဲပြီး ပေါ့သွားပြန်ရော။ အခြောက်လွန်သွားပြန်ရင်လည်း အကြောက်လွန်ပြီး အရှုံးပေးချင်စိတ် ၀င်လာပြန်ပါလေရော။ အနှီတော့ ပေါ့တာနဲ့၊ ကြောက်တာ နှစ်ခုက လွတ်ကင်းပြီး အလယ်အလတ်အနေအထားမှာ ထိန်းပေးထားနိုင်ဖို့အရေးကလည်း ဆရာလုပ်သူရဲ့ ခေါင်းထဲမှာ နေ့ရှိသ၍ထည့်ထားရတဲ့ အချက်တစ်ခု ဖြစ်ပြီပေါ့။ ရှင်တော်ဘုရား ဟောတော်မူခဲ့တဲ့ မဇ္ဈိမ ပဋိပဒါ ( အလယ်အလတ် လမ်းစဉ် ) ဆိုတာကို လက်ကိုင်ထားရသော ဆရာများလို့ပဲ ကိုယ့်ကိုယ်ကို အမွှမ်းတင်လိုက်ချင်တော့တာပါပဲ။ အလယ်အလတ် လမ်းစဉ်ကို အကောင်အထည်ဖော်ရင်းနဲ့ အလယ်လပ်ကုန်ကြမှာကိုလည်း သတိထားရတာကလည်း တစ်ဒုက္ခ။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ပတ်လုံး ရေလောင်းပေါင်းသင်ပြီး ပြုစုပျိုးထောင်ထားရတဲ့ အပင်လေးတွေကနေ ဘာသီးတွေသီးမယ်ဆိုတာကို မနက်ဖြန်ဆိုရင်တော့ သိရတော့မပ။ တပင်တပန်း စိုက်ထားရတဲ့ အပင်တွေကနေ သံပုရာသီးတွေချည်း မသီးတန်ရာလို့တော့ အကောင်းမြင်စိတ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း ထမင်းစားအနားပေးလိုက်တဲ့ ကလေးတွေ ပြန်ရောက်လာကြပြီမို့ သည်ပို့စ်ကို သည်တင်ပဲ နိဂုံးချုပ်ရင်း ချစ်စွာသော တပည့်များကို အသီးတင်မယ့်မနက်ဖြန်အတွက် ပြင်ဆင်ပေးလိုက်ပါဦးမဗျား။    ။      

17 comments:

SHWE ZIN U said...

ဆရာဟန်ကြည် ရဲ့ ချစ်တပည့်လေးများ ဂုဏ်ထူး အများကြီး နဲ့ အောင်မြင်စေရန် ဆုတောင်းပေးပါသည်

ခင်မင်တဲ့
ရွှေစင်ဦး

ချစ်သူမောင် said...

အသီးများများတင်ပါစေလို့ဆုတောင်းပေးယင်းတလက်စတည်းတဂ်ပို့စ်ပေးသွားပါတယ်ခင်ဗ ခေါင်းစဉ်ကဆန္ဒမစောကြပါနဲ့ပါ

ခင်မင်လေးစားစွာဖြင့်
ချစ်သူမောင်

jasmine(တောင်ကြီး) said...

ဆရာဦးဟန်ကြည်ရဲ့ အသီးလေးတွေ
အားလုံးတင်ပြီး
ဆရာလဲပျော်ရွှင်မှုတွေနဲ့ ပီတိဝေပါစေ
လေးစားလျှက် jasmine

နေ၀သန် said...

ဟားဟား.. ဆရာကြည်ရဲ့ ဒေါသဟန်ပန်ကို မြင်ယောင်သွားတယ်.. အိမ်း.. ကြောက်ဆိုလည်း ကြောက်စရာကိုးကွယ်... ဆယ်တန်းစာမေးပွဲပြန်ဖြေတဲ့ အိပ်မက်ဆိုးလည်း ဘာလို့များ ခဏခဏပြန်ပြန်မက်လည်းမသိဘူးနော်... ရင်မောတယ်.. အဲလို အိပ်မက်မက်ပြီးရင် လူလည်း ဖတ်ဖတ်ကိုမောလို့..း)))

ခင်မင်လျက်
နေ၀သန်

ကြယ်ပြာ said...

ကလေးတွေ စာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

မဒမ်ကိုး said...

အဲဒီဆယ်တန်းစာမေးပွဲလို့ပြောလိုက်တာနဲ့တင် လွန်ခဲ့ပြီးသောအတိတ်ကာလက ရင်ပူခဲ့ရပုံများကိုသတိရမိပါရဲ့ဆြာရယ်း)))

ချစ်ခင်လေးစားလျှက်

ဒိုးကန်

မိုးငွေ့...... said...

ခုထိ စာမေးပွဲခန်းထဲကို အချိန်မီမရောက်တာ အိပ်မက်မက်တုန်းပဲ ဆရာရေ့....။

sosegado said...

သီးကောင်း အပွင့်ကောင်းလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်၊
တပည့်မကောင်း ဆရာခေါင်းတဲ့၊းD

mstint said...

ဆရာကောင်းတပည့်လေးတွေမို့ အစစအရာရာ
အဆင်ပြေချောမွေ့မှာပါ ဦးဟန်ကြည်ရေ။
စာသင်ရတာအပြောလွယ်သလောက်
လက်တွေ့မှာခက်တယ် ကြုံဘူးတော့သိတယ်း)
အားတဲ့အချိန်လေးမှာစာဖတ်သူများအတွက်
မှတ်သားဖွယ်ရာ ပညာပေးပို့စ်တစ်ပုဒ်ကို
တင်ပေးခဲ့တာကိုချီးကျူးမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

ကိုဆိုဆီရေ...
အနှီလိုတော့ မနောက်ကောင်းဘူးဗျာ...တပည့်မကောင်းတိုင်း ဆရာ့ခေါင်းချည်းထိနေရင်ဖြင့် ဦးဟန်ကြည်ခေါင်းလည်း ကြက်ဟင်းခါးသီးနဲ့ ညီအစ်ကို တော်ရပေလိမ့်မပ...း)

မောင်မျိုး said...

ကျောင်းသားမိဘတွေလည်း ယတြာချေလိုက်ကြမယ့် ဖြစ်ချင်းးး) မောတယ် ။

...အလင်းစက်များ said...

ကျနော် ၁၀ တန်းက Motivate လုပ်ခဲ့တာ ကျနော့ အစ်မတွေ အမေတွေနဲ့  အစ်ကိုပါပဲ။ အားပေးမယ့်သူတော့ လိုကိုလိုပါတယ်။ သူတို့ လေးတွေ ဆရာကြည်နဲ့ ဆုံရတာ ကံကောင်းလှတယ်။

နွေလ said...

တစ်နှစ်လုံး ပျိုးခဲ့သမျှ
အပွင့်လှ၍ အသီးတင်ပါစေ ဟု
ဆုတောင်းပေးပါတယ်ဗျာ
ဦးဦးဟန်ကြည်

ဆင်တဲကဖေး said...

အနော်လည်း ဦးဟန်ကြည်လိုပဲ အိမ်မက်ထဲမှာ ဘယ်အချိန်ပြန်ဖြေ မအောင်ဘူးဗျ.. အပြင်မှာမဟုတ်လို့ တော်သေးတယ်..တော်တော်ဆိုးတဲ့ အိမ်မက်တွေပဲ..နောက်ကလေးတွေကြရင် အဲဒီလို မဖြစ်ကြပါစေနဲ့ဗျာ

8Yar said...

ဟုတ်တယ်ခင်ဗျာ ဆယ်တန်းဆိုတာ ကျောင်းသားတိုင်း ကြောက်ကြတယ်။ ကျွန်တော်လည်းကြောက်တာပဲ။ ဟီး ဟီး။ ဆရာကြည်တစ်ယောက် တပည့်တွေအတွက် စိတ်ပူနေမှာ မြင်ယောင်မိတယ်ခင်ဗျာ။ ဆရာကောင်း တပည့် ပန်းကောင်းပန် နိုင်ကြပါစေ။

နွေတေးရှင် (မင်းဧရာ) said...

ဆရာ့ဆန္ဒတွေ ပြည့်ဝပါစေဗျာ...

ကလေးတွေကိုလည်း ဒီပို့်စ်ကိုဖတ်ရင်း အားပေးခဲ့ပါတယ်
အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ပညာ၏အကျိုးဖြင့်သာ တိုင်းပြည်၏တန်ဖိုးတိုးပါစေ။

san htun said...

ဟုတ်ပါ့ ဆရာဟန်ရယ်..ဆယ်တန်းစာမေးပွဲ အိမ်မက်ကို မက်တုန်း..မက်တိုင်း ကျတာနဲ့ ၊ အချိန်မမှီလိုက်တာနဲ့ ..ဆရာ့တပည့်တွေ ဖြေနိုင်ပါမှာ..

ကြိုက်ရင်ပေါ့လေ . . .