Tuesday, 6 March 2012

စံတင်ရမယ့် ဆွေမျိုးတွေ ( ၂ ) . . .

သူများအကြောင်းတွေ ထိုင်ရေးနေရင် ကာယကံရှင်တွေ ရွှေစိတ်တော်ညို၊ ဒေါမာန်ပိုပြီး၊ ပြောသံဆိုသံတွေ ငြိုးငြိုးညံကုန်မှာ ကြောက်တတ်ရှာတဲ့ ဦးဟန်ကြည်တစ်ယောက် စံတင်လောက်တဲ့ ဂန္ထ၀င်မြောက် သူ့ဆွေမျိုးတွေအကြောင်း အားအားရှိတိုင်း ထိုင်ရေးထားသမျှကို အခုလို အလုပ်ပိနေတဲ့ အချိန်မှာ ပို့စ်အလျင်မပြန်အောင် တင်နေတာ ပထမပိုင်းပြီးလို့၊ ဒုတိယပိုင်းတောင် ရောက်လာပါပကောလား။ မိတ်ဆွေကြီး ကိုဆူးသစ်ကတော့ “ အကုန်ကုန်သွားဦးမယ်…ထိန်းရေးဦးဗျ ” လို့ စေတနာအပြည့်နဲ့ အကြံပေးသွားပေမယ့် အထုပ်ဖော်ရင်၊ အပုပ်ပေါ်ရမှ ကျေနပ်လေတဲ့ ဦးဟန်ကြည်ဖြစ်တာမို့ ဆွေမျိုးတွေအကြောင်း ရေးထားသမျှကို အပိုင်း( ၂ )လို့ ခေါင်းစဉ်ခွဲတပ်ပြီး ဆက်လက်ချီတက်လိုက်ပါပြီ။ အနှီလို ကိုယ့်အမျိုးတွေအကြောင်း မကွယ်မထောင့် အားပါးတရ ဖော်ကောင်လုပ်နေတာကြောင့် ဦးဟန်ကြည်တစ်ယောက် တစ်မျိုးလုံးက ဖနောင့်နဲ့ဝိုင်းပေါက်မှာကို ဘာမထီတဲ့ အာဇာနည်လို့လည်း မထင်လိုက်ပါနဲ့။ အနှီဆွေမျိုးတွေက အင်တာနက်ကို အသာထားလို့ ဂဏန်းပေါင်းစက်နဲ့ ကွန်ပျူတာတောင် မခွဲတတ်တဲ့ တကယ့်ရိုးရိုးအအ အညာသားကြီးတွေမို့ ဦးဟန်ကြည်ရေးသမျှကို သူရို့တွေ သိမှမသိတာကလားး)။

ကိုင်း အပိုင်း(၂) ကို ဆက်ကြပါဦးစို့ရဲ့…


ဦးဟန်ကြည်ရဲ့ အဘွားလေး ဆန်စက်ပိုင်ဇနီးမောင်နှံ

ဦးဟန်ကြည်ရဲ့ အဘွားလေး စက်ပိုင်လင်မယားကတော့ တစ်ပုံစံပါ။ ဆန်စက်ဧရာမကြီးကိုပိုင်တာမို့ သူဌေးစာရင်းဝင်ပေမယ့် သူရို့အိမ်ကို အလည်သွားတိုင်း ကန်စွန်းရွက်ကြော်နဲ့ချည်း နှိပ်နေတာ တွေ့ရပါရဲ့။ အဲဒီကန်စွန်းရွက်ကလည်း ငွေကုန်ကြေးကျခံပြီး ၀ယ်တာမဟုတ်ဘဲ စက်ထဲက အလုပ်သမားတွေကို ရေအလောင်းခိုင်းပြီး ခြံထဲမှာပျိုးထးတဲ့ ကန်စွန်းရွက်ပါ။ တစ်ခါသားမှာတော့ မောင်ဟန်ကြည်ပေါက်စ သူရို့အိမ်မှာ သုံးလေးရက်လောက် ဧည့်သည်သွားလုပ်လိုက်တာ ကန်စွန်းရွက် မျိုးတုံးသွားတဲ့ ရာသီဖြစ်လို့ ခြံထွက် ချဉ်ပေါင်ကြော်နဲ့ချည်း ညားနေတော့တာမို့ ၀မ်းချဉ်မပေါက်ခင် အသာတပ်ပြန်ခေါက်ခဲ့ရပါရောလား။ အဲဒီအဘွားလေးတို့ ကပ်စေးနဲပုံကတော့ ကိုယ်တိုက်ဆပ်ပြာတစ်ခဲကို သုံးလေးလလောက်ခံအောင် သုံးတာကလား။ ဆပ်ပြာတစ်ခဲကို သုံးလေးလမခံဘဲ နေပါရိုးလား။ ဆပ်ပြာကိုကိုင်ပြီး ခန္ဓာကိုယ်ကို တိုက်တာမှ မဟုတ်ပဲကိုး။ ဆပ်ပြာခဲကို ဆပ်ပြာခွက်ထဲမှာ ထည့်ထား၊ လက်ကလေးနဲ့အသာပွတ်ယူပြီး လူကိုတိုက်တာဆိုတော့ ဘယ်ကုန်ပါလိမ့်မလဲ။ ဆယ်တန်းအောင်လို့ ဆေးကျောင်းတက်ရမယ်ဆိုတဲ့ သတင်းကြားတုန်းက မောင်ဟန်ကြည်ကို အဲဒီအဘွားလေးက အိမ်ကိုအလည်လာဖို့ လှမ်းခေါ်ပါသေးတယ်။ ဆေးကျောင်းသားဖြစ်မယ့်လူကို အမျိုးတွေ အဆွေတွေက လက်ဆောင်တွေ မုန့်ဖိုးတွေ ပေးနေကျဖြစ်တာမို့ မောင်ဟန်ကြည်လည်း အဘွားလေးဆီက မုန့်ဖိုးရရချေသေးဆိုတဲ့ ထင်တစ်လုံးနဲ့ ၀မ်းသာအားရ ချီတက်သွားတာပေါ့လေ။ ဟိုလည်းရောက်ကရော အဘွားလေးက “ ငါ့မြေးကြီးကို လက်ဆောင်ပေးရမယ် ” လို့လဲပြောရော ၀မ်းသာချက်ကတော့ ဘာပြောကောင်းမလဲ။ ကပ်စေးနဲအဘွားလေးဆီက မုန့်ဖိုးရရချေသေးရဲ့ပေါ့။ အဘွားလေး အိမ်ခန်းထဲဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ ဘာများပါလာပါလိမ့်လို့ ၀မ်းသာအားရ ကြည့်လိုက်မိတော့ လား လား… မှိုတွေတက်နေတဲ့ ရွှေဝါဆပ်ပြာ တစ်တောင့်ပါကလား။ မောင်ဟန်ကြည်ခမျာ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့လူလို့ အီလည်လည်ကို ဖြစ်ပါလေရော။ ဒါတောင်မှ အဲဒီမှိုတက်ရွှေဝါဆပ်ပြာကို ကမ်းပေးနေတဲ့ အဘွားရဲ့လက်က ခပ်တုန်တုန်ဖြစ်နေပါသေးရဲ့။


ဦးဟန်ကြည်ရဲ့ ဘကြီး

ဦးဟန်ကြည်တို့ အဖေ့အစ်ကိုကြီးကျတော့ တစ်မျိုးတစ်ဘာသာပါ။ ယောက်ျားလေးဖြစ်ပြီး ပွဲအင်မတန်ကြိုက်ပါသတဲ့။ ကာလသားကြီးအရွယ်ရောက်တဲ့အထိ ဘယ်နားမှာပွဲရှိတယ်လို့ပဲကြားကြား ရောက်ပြီးသားဆိုတဲ့ လူစားမျိုးပါ။ တစ်ခါသားမှာတော့ ပွဲကလည်းကောင်းတော့ သုံးညဆက်တိုက် မိုးအလင်းကြည့်ပါသတဲ့။ သုံးညကြည့်ပြီးတဲ့ မနက်ခင်းမှာ အိပ်မှုန်စုံမွှားနဲ့ အိမ်ပြန်ရောက်လာပြီး အဘွားကို “ အမေ ကျုပ်တရေးအိပ်ဦးမယ်ဗျာ…ညနေကျတော့ ကျုပ်ကိုနှိုးနော် ” လို့ ပြောပြီး အိပ်ရာထဲဝင်ပြီး တစ်ကျိုးတည်းအိပ်ပါလေရော။ ဦးဟန်ကြည်တို့အဘွားကလည်း စိတ်ပေါက်ပေါက်နဲ့ ညနေစောင်းတာတောင် မနှိုးဘဲထားလိုက်တာ နောက်တစ်ရက် ညနေခင်းရောက်မှပဲ ပွဲကြိုက်မောင်လည်း အိပ်ရာက နိုးပါသတဲ့။ အိပ်ရာက နိုးနိုးချင်း ၀ုန်းခနဲခုန်ထပြီး မျက်နှာတွေကောက်သစ်၊ သွားတွေဘာတွေတိုက်ပြီး အ၀တ်အစားတွေ လဲပါလေရော။ ရူပါတွေ မောင်းတင်ပြီး လေကလေးတစ်ချွန်ချွန်နဲ့ အိမ်ထဲက ထွက်လာမှ အဘွားက “ ဟဲ့ကောင် ဘယ်သွားမလို့လဲ ” လို့ ခပ်တည်တည်နဲ့မေးတော့ ပွဲသွားမယ်လေ လို့ ဖြေပါသတဲ့။ အဲဒီတော့မှ အဘွားလည်း ဟန်မဆောင်နိုင်ဘဲ ခွက်ထိုးခွက်လန်ရယ်ရင်း “ မောင်စိုးဝင်းရယ် မင်းအိပ်တာ တစ်ရက်ကုန်သွားပဟဲ့ … မင့်ပွဲက မနေ့ညကတည်းက က-ပြီးသွားပြီ ” လို့ ပြောတော့တာကိုး။ ပွဲကြိုက်မောင်လည်း မျက်နှာကြီးမည်းပြီး အမေကလည်းဗျာ လို့ တစ်ခွန်းတည်းပြောပြီး ခွေးကတက်မှာ ငုတ်တုတ်ကြီး ထိုင်ချလိုက်ပါလေရော။ ပွဲမကြည့်လိုက်ရလို့ မကြည်မသာဖြစ်သွားရှာတဲ့ သားတော်မောင်လူပျိုသိုးကြီးကို အဘွားခမျာ နှစ်ရက်လောက် ချော့ယူရတယ်ဆိုပဲ။


ဦးဟန်ကြည်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ

ဦးဟန်ကြည်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ ကိုမော်ကြီးကလည်း တစ်ရာဇ၀င်ပါ။ သူက အရပ်အမောင်းကောင်းကောင်းနဲ့ အားကစားအင်မတန် လိုက်စားပါသတဲ့။ ဘောလုံးသင်းမှာလည်း ပါပြီးသား၊ ပိုက်ကျော်ခြင်းမှာဆိုလည်း ရှေ့တန်းက၊ ကြက်တောင်ဆိုလည်း သူ့နံမည်ဆိုတဲ့ လူစားပါ။ ဘောလုံးပွဲတွေမှာ ပရိသတ်က “ မော်ကြီးကွ ” လို့သာ အော်ပေးလိုက်ရင် ခြေထောက်ထဲက ဘောလုံးကို ဘယ်သူ့ဆီမှ ထိုးမပေးတော့ဘဲ တစ်ဖက်သင်းရဲ့ဂိုးပေါက်ထဲရောက်တဲ့အထိ သေသေကြေကြေ ဆွဲပြေးရောဆိုပဲ။ အဲဒီလောက် အမြှောက်ကြိုက်တဲ့ ပုဂ္ဂိုလ်ကြီးက အားကစားလိုက်စားသလောက် ကွမ်းယာတော့ အင်မတန်ကြိုက်ပြန်ပါရော။ သူကွမ်းဝါးပုံကလည်း ဆုံထဲထည့်ထောင်းသလို ၀ါးတာမို့ ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်လိုက်ရင် သုံးလေးချက်လောက်ဝါးတာနဲ့တင် အစအနပျောက်သွားတဲ့အထိ။ တစ်ပြလောက်ပဲဝေးတဲ့ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်လာပြီး လမ်းလျှောက်ရင်းဝါးလာရင် အိမ်ရောက်တဲ့အခါ ၀ယ်လာတဲ့ကွမ်းယာ ပြောင်ပါလေရော။ ကြာတော့ သည်းညည်းမခံနိုင်တော့ဘဲ ဆိုင်မှာတင်စိတ်တိုင်းကျ ထိုင်ဝါးပြီးမှ ကွမ်းယာတစ်ထုပ်တစ်ပိုးကြီးဝယ်ပြီး ပြန်လာရပါသတဲ့။ သူ့ကို စကားတစ်ခွန်းပြောရင် ချက်ချင်းပြန်မပြောနိုင်ဘဲ ကွမ်းတံတွေးတွေ၊ ကွမ်းဖတ်တွေကို ထွေးထုတ်တာကို စိတ်ရှည်လက်ရှည်စောင့်ရပါသေးတယ်။ တစ်ခါတစ်ခါမှာ ကွမ်းတံတွေးတွေ မထွေးသေးဘဲခေါင်းကြီးမော့ပြီး ကွမ်းသံပလုပ်ပလောင်းနဲ့ စကားပြန်ပြောတာမို့ တစ်ဖက်သားခမျာ သူဘာပြောတယ်ဆိုတာ အတော်လေးကို နားလည်အောင် ကြိုးစားယူကြရတာကလည်း တစ်ဒုက္ခ။

အဲဒီကိုမော်ကြီးက အားကစားမှာ စွမ်းသလောက် နှလုံးသားလမ်းကြောင်းမှာ ကျွန်းတင်မကဘဲ တောင်တန်းကြီးတွေပါ ခံနေတာမို့ မိဘချင်းသဘောတူတဲ့ မအေးမြင့်နဲ့ ဇွတ်ရောအတင်းပါ ပေးစားလိုက်မှပဲ အိုရှာပါတော့တယ်။ တစ်နေကုန် တစ်နေခမ်း ကွမ်းတဖွတ်ဖွတ်ဝါးတာကြောင့် ခမျာမှာ သလိပ်ကလည်း အင်မတန် ထူပါသတဲ့။ နေ့လည်နေ့ခင်းမှာတော့ သလိပ်ကို ထပြီးထွေးအားပေမယ့် ညအိပ်ပျော်နေချိန်ကျတော့ ထပြီးထွေးဖို့ကလည်း အဆင်မပြေဘူး မဟုတ်ပါလား။ ဒါပေမယ့် ကိုမော်ကြီးတို့ကတော့ အိပ်ပျော်နေရင်း သလိပ်ကပ်လာရင် မျက်လုံးမဖွင့်ဘဲ
“ ဂရူး ဂရူး ”နဲ့ သလိပ်ခတ်ပြီး မျက်နှာမူရာဘက်ကို ထွီခနဲထွေးလိုက်ပါလေရော။ အတူအိပ်နေတဲ့ ဇနီးသည်ခမျာ ကိုမော်ကြီးပါးစပ်က ဂရူး ဂရူးအသံကြားတာနဲ့ စောင်ကို အမြန်ခေါင်းမြီးခြုံရပါလေရော။ ဟိုပုဂ္ဂိုလ်ကြီးက ပါးစပ်တည့်ရာ ထွေးထည့်တာမို့ အဲဒီလိုမှ အရှောင်မမြန်ရင် မနက်ခင်းမှာ မျက်နှာသစ်စရာမလိုအောင် သလိပ်နဲ့ ဘိသိတ်သွန်းပြီးသားဖြစ်နေမှာကတော့ သေချာပါရဲ့။ တစ်ညလုံး တဂရုး ဂရူးနဲ့ တထွမ်ထွမ်လုပ်လိုက်တာ မနက်မိုးလင်းရင် သူတို့လင်မယားအိပ်တဲ့ ခြင်ထောင်မျက်နှာကျက်ရော၊ နံရံတွေမှာပါ မီးသီးလေးတွေ တွဲလောင်းကျနေသလို သလိပ်လုံး၊ သလိပ်ခဲလေးတွေ တန်းစီနေပါလေရောတဲ့။

 ဒီကြားထဲမှာ မစ္စတာ မော်ကြီးက အိပ်ပျော်နေရင်းနဲ့ အိပ်မက်ထဲမှာ ဘောလုံးက ကန်ပါသေးတယ်။ သူ့ဖာသာ အိပ်မက်ထဲမှာ ဘောလုံးကန်တာ ပြဿနာမရှိပေမယ့် ကိုယ်တော်ကြီးက စိတ်ပါလာရင် ခြေထောက်တွေ ပါလာပါလေရော။ အတူအိပ်နေတဲ့ အိမ်ရှင်မခမျာ ဂရူး ဂရူးကိုတော့ ကြိုတင်ကာကွယ်နိုင်ရှာပေမယ့် လင်တော်မောင် အိပ်မက်ထဲမှာ ဘောလုံးကန်နေတာကိုတော့ ကြိုမမြင်နိုင်ရှာတာမို့ မကြာမကြာဆိုသလို အိပ်ပျော်နေတုန်းမှာ ခါးစောင်းကို အကန်ခံရရှာပါလေရော။ မနက်မိုးလင်းလို့ ခါးစောင်းကို လက်နဲ့အုပ်၊ ပါးစပ်က တကျွတ်ကျွတ်နဲ့စုတ်သတ်ပြီး အိပ်ရာထလာတဲ့ မအေးမြင့်ကို မြင်ရင် ဓာတ်သိမောင်ဟန်ကြည်တို့က ရယ်ကြပေမယ့် အထာမသိတဲ့လူတွေဆိုရင်တော့ မဖွယ်မရာတွေးကြမယ်ထင်ပါရဲ့။ ချစ်မိတ်ဆွေ ဘလော့ဂီများ အိမ်ထောင်များ ပြုကြရင်ဖြင့် ဦးဟန်ကြည်ရဲ့ အစ်ကိုတော် ကိုမော်ကြီးလို ပုဂ္ဂိုလ်ကြီးမျိုးကိုဖြင့် သတိထားပြီး ရှောင်သင့်လှပါရဲ့။ ဒီလိုပုဂ္ဂိုလ်ကြီးမျိုးနဲ့သာ အိမ်ထောင်ကျလို့ တစ်အိပ်ရာထဲ အတူအိပ်ရရင်ဖြင့် သိုင်းဆရာ ကွန်ဖူးစိုးမြင့်ဆီမှာ သိုင်းအရင်သင်ထားမှ ဖြစ်မယ့်ကိန်းကိုး။         

စံတင်ရမယ့် ဆွေမျိုးတွေ အပိုင်း ( ၃ ) ကိုလည်း မကြာခင်မှာ တင်မယ့်အကြောင်း ကြော်ငြာဝင်ထားပါရစေဦးဗျား…

16 comments:

ချစ်စံအိမ် said...

ပိုစ့်လေးလာဖတ်သွားပါတယ်ရှင်..

blackroze said...

ဘာဘဲပြောပြောပါ ဆရာဟန်ရယ်..
ရွှေဝါတတောင့်ဆိုလည်း
နည်းလားလို့လေ..။။

ကိုအောင်(ပျူနိုင်ငံ) said...

စံနမူနာတင် ဆွေမျိုးများပေါ့ ...း)

PhyoPhyo said...

ချဉ်ပေါင်ကြော်တောင်စားချင်သွားတယ်။ :D
အပိုင်း ၁ တောင်ဖတ်ရသေးဘူး။
ဖတ်လိုက်ဦးမယ် ဆရာရေ
ဖတ်လို့ကောင်းလို့

နေ၀သန် said...

ရှိသေးလား.. အဲဒီ ဆပ်ပြာ.. :P.. သမိုင်းဝင်အနေနဲ့ သိမ်းထားသင့်တယ်.. ဆြာကြည်.. :D

ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

ဟ ဟ ဆရာ့အမျိုးတွေကလဲ တကယ်စံတင်လောက်ပါတယ်... အပိုင်းသုံးမျှော်နေမယ်ဗျို့.။ အော် ဆရ့ာဖွားလေးက ဆပ်ပြာတစ်ခဲကိုတစ်လကျော်တိုက်တယ်ပြောလို့ သာမီးလဲ အိမ်မှာဆပ်ပြတစ်ခဲကိုတစ်လကျော်တိုက်ပြီးသုံးနေတာ အဟိ ကိုးရီးယားကလာတဲ့ ၅၆၀၀ကျပ်တန်မို့ ဈေးကြီးတာနဲ့ အဲလိုတိုက်ချိုးနေတာ ဟိ ဟိ...။

san htun said...

တကယ့်ကို စံတင်ရလောက်ပါပေတယ် ဆရာဟန်ရေ..ကွမ်းကြိုက်တဲ့၊ အိပ်ရင်း ဘောလုံးကန်တဲ့ အကြောင်းဖတ်ရင်း ရယ်လိုက်ရတာ..

SHWE ZIN U said...

ရီရတယ် ဆရာဟန်ကြည် ရေ

ခင်မင်တဲ့
ရွှေစင်ဦး

sosegado said...

ညီမတွေ ခယ်မတွေအကြောင်း အပိုင်းလာရင် ပိုစိတ်ဝင်စားကြမှာ
းD

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ အော်ရယ်မိတယ်
အလို ဦးဟန်ကြည်တို့အမျိုးတွေ တကယ်ကို စံတင်လောက်ပါပေရဲ့နော်...
မျက်နှာကျက်ပေါ်က သလိပ်လုံးတွေကို မြင်ယောင်ကြည့်လိုက်မိရင်း ထပ်ခါထပ်ခါ ရယ်မောမိပါကြောင်းး))

မဒမ်ကိုး said...

ဆြာကြည်လုပ်မှ ဆွေတကာမျိုးတကာအကြောင်းအကုန်ပေါ်ပြီး))))

mstint said...

အော်.... အတိတ်ကံတရားလေးကောင်းပေလို့
ဦးဟန်ကြည်ရဲ့အဒေါ်မဖြစ်တာ သာဓုခေါ်မိပါရဲ့း))
ဆက်ရန်ပို့စ်လေးမျှော်နေမိပြီ ဦးဟန်ကြည်ရေ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

အာဂ ဆွေမျိုးတွေပေါ့ ဟုတ်လား ဆရာကြည်... ဒါနဲ့ ရွှေဝါဆပ်ပြာက မှိုတက်နေတော့ ပိုအသုံးခံမလား မသိဘူး... ရယ်ရယ်မောမောလေး ဖတ်သွားပါတယ်... လင့်ပါ ယူသွားပါတယ်ဆရာကြည်...

ကြယ်ပြာ said...

တကယ်စံတင်လောက်ပါပေတယ် ....
ဆပ်ပြာတစ်တောင့်မှာ မှိုတောင်အဆစ်ပါသေးတာ အမြတ်ပေါ့ဗျ ....

သလိပ်တွေနဲ့ဘိသိတ်သွန်းတာတော့ ရွံ့ချက် ... ဘောလုံးကန်တာမှ ဟုတ်ရဲ့လား သိဘူး .... တမင် ဂွင်ဆင်ပြီး ကန်တာလားမသိဘူး နော် ဦးလေးကြည်... ဟီး ဟီး

jasmine(တောင်ကြီး) said...

ဆရာရေ
ရွှေဝါဆပ်ပြာ
သိမ်းထားတာကြာရင်အဲလိုပဲ မှိုလိုမျိုးဖြစ်တတ်တာပါသုံးလို့ရပါတယ်
ကျေးဇူးတင်သင့်တာပဲ
လေးစားလျှက် jasmine

ဟန်ကြည် said...

ရွှေဝါဆပ်ပြာ မှိုတက်တာကို မဆိုလိုပါဘူး ဂျက်ရယ်...ဖွတ်ကလိဒင်္ဂါးလေး ဘာလေး မပေးတာကို ဆိုလိုတာပါ...

ကြိုက်ရင်ပေါ့လေ . . .