Thursday, 15 March 2012

ဆန္ဒမစောကြပါနဲ့ . . . ( Tag post )


ဘာမှမရေးခင်မှာပဲ ဒီ Tag ကို စ-ပေးလိုက်တဲ့ ကိုချစ်သူမောင်ကို ကျေးဇူးတင်တဲ့အကြောင်း အရင်ပြောရမှာပါပဲ။
 ဘာကြောင့်လဲဆိုတော့ သူချပေးလိုက်တဲ့ Tag post ကကျန်တဲ့ Tag တွေလို Personal သိပ်မဆန်ဘဲ တိုင်းပြုပြည်ပြုဆန်တဲ့ Tag တစ်ခု ဖြစ်နေတာက တစ်ကြောင်း၊ ဘောင်ကန့်သတ်ထားတဲ့ Tag မဟုတ်ဘဲ ကိုယ်ကျွမ်းကျင်ရာ၊ ၀င်ဆန့်ရာ နယ်ပယ်အသီးသီး၊ ရှုထောင့်အမျိုးမျိုးကနေ ကိုယ့်အမြင်၊ ကိုယ့်အတွေးကို အထိုက်အလျောက် ထုတ်ဖော်ပြောခွင့်ရတာရယ်ကြောင့်က တစ်သွယ်၊ ဒီရက်ပတ်အတွင်းမှာ သွေးအေးနေတဲ့ ဘလော့ရွာကို စည်စည်ဝေေ၀ဖြစ်အောင် လှုံ့ဆော်ပေးလိုက်နိုင်တာက တစ်ကဏ္ဍ၊ ဘလော့ဂါတွေရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း တိုးတက်လာအောင် ပံ့ပိုးပေးနိုင်တာက တစ်ချက်၊ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ဖလှယ်နိုင်တာက တစ်လီ…စသည် စသည့် အကျိုးကျေးဇူးပေါင်းမြောက်များစွာ ပေးနိုင်စွမ်းတဲ့ Tag တစ်ခု ဖြစ်နေတာကြောင့်ပါ။
ဒါကြောင့်လည်း ပြောချင်ရက် လက်တို့သလို ဖြစ်သွားတဲ့ ဦးဟန်ကြည်တစ်ယောက် စာမေးပွဲရက်ပတ်ဖြစ်တာကြောင့် စိတ်ရောကိုယ်ပါ ဖလက်ပြနေတဲ့ကြားကပဲ အိပ်ချိန်တွေကို စတေးပြီး အင်တိုက်အားတိုက် ရေးလိုက်ပါကြောင်း။

 “ ဆန္ဒမစောကြပါနဲ့ ” လို့ မပြောခင်မှာ ကြားဖူးနားဝရှိထားတဲ့ ပေါက်ဖော်တို့ရဲ့ ဟာသတစ်ပုဒ်ကို အရင်ပြောချင်ပါရဲ့။ အီးစံကွားတို့ရဲ့ ဟာသပုံပြင်လေးတွေက ရယ်လည်းရယ်ရ၊ ပညာလည်းရသမို့ ရွှေပြည်က ဖွတ်ကလိဒင်္ဂါးဟူသမျှကို မရရတဲ့နည်းနဲ့ သိမ်းကြုံးယူနေတဲ့ စူတို့လူမျိုးရဲ့ ကတုံးပေါ်ထိပ်ကွက် စီးပွားရေးနည်းဗျူဟာကြီးကို မကြည်ပေမယ့်လည်း ဖတ်ကောင်းရဲ့ မဟုတ်ပါလား။ သူ့ပုံပြင်က အနှီလို ဆိုပါသတဲ့…

အတီတေ ရှေးအတိတ်ကာရီက ( အဟမ်း…ထီးသံ၊ နန်းသံ ပေါက်သွားပါရောလား ) လုတို့ ၀-တို့ အီးစံကွား ရွာတစ်ရွာမှာ အင်မတန့်၊ အင်မတန်မှ စိတ်မြန်လှတဲ့ ပေါက်ဖော်ကာလသားတစ်ယောက် ရှိတယ်ဆိုပဲ။ ပုံပြင်ပြောလို့ အဆင်ပြေအောင် အနှီပေါက်ဖော်နာမည်ကို “ အာဖျံကွီး ” လို့ မှတ်ကြပါစို့ရဲ့။ အနှီအာဖျံကွီးက ဘယ်ကလောက်များ စိတ်မြန်သလဲဆိုတော့ တစ်ခါသားမှာ ရွာထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ မောင်မင်းကြီးသား တစ်ယောက်တည်း ခေါက်ဆွဲပြုတ်သွားစားပါသတဲ့။ “ ခေါက်ဆွဲပြုတ်တစ်ပွဲ ” လို့ ပေါက်ဖော်တို့ ဘာသာစကားနဲ့ မှာပြီး စားပွဲမှာ ထိုင်ချလိုက်လို့ ဖင်နဲ့ထိုင်ခုံထိကာစပဲ ရှိသေးတယ် “ ဟေ့…ဆိုင်ရှင် မင့်ခေါက်ဆွဲပြုတ်က ကြာလှချေလား၊ ဒီနေ့စားရမှာလား ” ဘာလား…ညာလားနဲ့ ဆိုင်ရှင်ကို နားပူနားဆာ တိုက်ပါလေရော။ အနှီမှာတင် ဆိုင်ထဲမှာ ထိုင်နေတဲ့ ကျန်တဲ့လူတွေကလည်း အနှီသကောင့်သား ပေါက်ဖော်ကို ၀ိုင်းကြည့်ကြတာပေါ့။ သည်အကောင်တော့ ဆိုင်ရှင်ပေါက်ဖော်ရဲ့ ၀က်ခုတ်ဓားဖျားမှာ ကားခနဲပဲ နေမလား၊ ပေါက်ဖော်မရဲ့ ငရုတ်ကျည်ပွေ့လက်နက်ပုန်းကပဲ ငယ်ထိပ်ကို ဒေါင်ခနဲနေအောင် မှန်သွားလေမလား စဉ်းစားနေကြမှာပေါ့လေ။ ဒါပေမယ့် ဦးဟန်ကြည်ပြောမယ့် ပုံပြင်ထဲက ပေါက်ဖော်လင်မယားကတော့ အင်မတန် စိတ်သဘောကောင်းကြတယ်ဆိုပဲ။ ပေါက်ဖော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့ဆိုတဲ့ ဆိုရိုးအတိုင်းပဲ နေမှာပ။ ကိုင်း…ထား။

သကောင့်သားအာဖျံကွီးတစ်ယောက် ဆူဆူပူပူလုပ်လို့ ငါးမိနစ်သာသာလောက်လဲရှိရော သူထိုင်နေတဲ့ စားပွဲဆီကို ခေါက်ဆွဲပြုတ်ပန်းကန်ကိုင်ထားတဲ့ ဆိုင်ရှင်ပေါက်ဖော် ရောက်လာပါသတဲ့။
 “ သွေ့ပုချိ…သွေ့ပုချိ ” လို့လည်း ပြောချင်ပြောမှာပေါ့လေ။ ဦးဟန်ကြည်ကတော့ ပေါက်ဖော်စကား မတတ်လို့ ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ ဒေးဗစ်ချန်းတို့ တီလုံးတို့ ဇာတ်ကားထဲက မှတ်မိသမျှ မီးကျိုးမောင်းပျက် စကားလုံး တစ်လုံးစ၊ နှစ်လုံးစ ထုတ်သုံးကြည့်ရသပ။ တောင်းပန်ပါတယ်လို့ ပေါက်ဖော်လို ဘယ်လိုပြောရမယ်ဆိုတာ သိချင်ကြရင်တော့ ပေါက်ဖော်တွေနေတဲ့ ထိုင်ဝမ်ကျွန်းက ဂျယ်ရီပစ်ပစ်ကို မေးကြပေရော့။ အနှီဆိုင်ရှင်က စားပွဲဘေးလည်း ရပ်မိရော လက်ထဲမှာကိုင်လာတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ထဲက ခေါက်ဆွဲတွေကို စားပွဲပေါ်သွန်ချလိုက်ပါသတဲ့။ “ ဟေ့လူ ဒါဘာလုပ်တာလဲ ” လို့ အာဖျံကွီးက ပြန်မေးတော့ ဆိုင်ရှင်က ငါးသလောက်ပြုံး ပြုံးပြပြီး “ စိတ်မရှိပါနဲ့ဗျာ…ကျုပ်က ဒီပန်းကန်ကို ဆေးဖို့ အလျင်လိုနေလို့ပါ ” လို့ ဖြေသတဲ့။ စူ့ထက်စူ စိတ်မြန်တဲ့ ဆိုင်ရှင်ကို အာဖျံကွီးလည်း လက်လန်သွားပြီးတော့ စားသောက်ဆိုင်ကနေ ဒေါနဲ့မောနဲ့ အောင်ဖျာလိပ်ပြီး ပြန်လာခဲ့ရပါလေရော။

အနှီလိုနဲ့ ဒေါသအိုး အာဖျံကွီးတစ်ယောက် တစ်လမ်းလုံး တစ်ဖျစ်တောက်တောက်နဲ့ ရေရွတ်ပြီး အိမ်ပြန်သွားလိုက်တာ လမ်းခုလတ်မှာ ပေါက်ဖော်မလေး တစ်ယောက်နဲ့ ဆုံပါရောလား။ အနှီပေါက်ဖော်မလေးကလည်း ဒီနေ့ခေတ်က ဂုံလီတို့ ရှုကြည်တို့လောက် ချောချင်လည်း ချောပေမပေါ့လေ။ ဦးဟန်ကြည်တို့ ကြိုက်တဲ့ပေါက်ဖော်မင်းသမီး အစားထိုးပြီး စိတ်ကူးကြည့်ကြတာပေါ့။ တစ်ကိုယ်တည်း တစ်ပွားတည်းပွားနေတဲ့ အာဖျံကွီးကို ပေါက်ဖော်မလေးက “ ဘာတွေဖြစ်လာတာလဲ ကွီးတကော ” လို့ မေးပါလေရော။ အနှီမှာတင် အာဖျံကွီးကလည်း အကြောင်းစုံကို ပြောတော့တာပေါ့။ ခေါက်ဆွဲအမြန်စားချင်လို့ မှာပါတယ်ဆိုမှ ဆိုင်ရှင်က ခေါက်ဆွဲပန်းကန်ကို အမြန်ဆေးချင်လို့ ခေါက်ဆွဲငတ်တဲ့အကြောင်းတွေကို ပေါက်ဖော်သံနှောပြီး ကောင်မလေး မကျ-ကျအောင် ပြောမှာပေါ့လေ။ အနှီတော့ ပေါက်ဖော်မလေးက “ ကွီးတကောရယ် မိန်းမတစ်ယောက် ယူထားလိုက်ရင် အခုလို ခေါက်ဆွဲဆိုင်သွားပြီး စိတ်ညစ်စရာ မလိုတော့ဘူးပေါ့ ” လို့ ရေလာမြောင်းပေး၊ ရေမလာလည်း ရေစုပ်စက်နဲ့ စုပ်တင်တဲ့ စကားလမ်းလည်း ကြောင်းလိုက်ရော စိတ်မြန်ကိုယ်မြန် အာဖျံကွီးက “ အေး…ကောင်းသားပဲ၊ အခုပဲ နင့်ကို ငါယူမယ်၊ အိမ်လိုက်ခဲ့ ” ဆိုပြီး လက်ဆွဲခေါ်သွားပါလေရော။ အာဖျံကွီးတို့က အနှီလို စိတ်မြန်တာကိုး…။ လက်မြန်မမြန်ကိုတော့ သူ့ပေါက်ဖော်မလေးကို မေးကြည့်မှပဲ သိရမှာပ။

သည်ယုန်ကိုမြင်လို့ သည်ခြုံကို ထွင်မယ်ကြံတဲ့ ပေါက်ဖော်မကလေးလည်း ခြုံမဖျက်ရသေးခင် ယုန်ထွက်လာတာနဲ့တင် အိုခေမှာ စိုပြည်ပါလေရောတဲ့။ ဒါပေမယ့် လင်မယား အရာမြောက်လို့ တစ်ပတ်လောက်လည်းကြာရော မောင်မင်းကြီးသား အာဖျံကွီးက မိန်းမလုပ်သူကို ပြဿနာရှာပါလေရော။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အတွက် ကလေးမွေးမပေးသေးလို့တဲ့။ ၇ ရက်နဲ့ ကလေးမွေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်လိမ့်မတုန်း အရပ်ကတို့ရယ်။ ဒါပေမယ့် အာဖျံကွီးကတော့ ဒါမျိုးလာမစမ်းနဲ့ ဆိုပဲ။ သူ invest လုပ်ထားတာ အမြန်ဆုံးနည်းနဲ့ profit ပြန်ထွက်ရမယ်ဆိုတဲ့ လူစားမျိုး မဟုတ်လား။ အာဖျံကွီးကို ဘယ်လိုမှ ရှင်းပြလို့ သဘောမပေါက်၊ တောင်းပန်လို့မရတဲ့ အဆုံးမှာ ပေါက်ဖော်မလေးလဲ ချုံးပွဲချပြီး ငိုပါလေရော။ အမှန်ကတော့ ငိုတယ်ဆိုတာ အရှုံးပေးတာ ဘယ်ဟုတ်လိမ့်တုန်း။ တန်ပြန်တိုက်စစ် ပြန်ဆင်တာကိုး။ နုနုနွဲ့နွဲ့ မိန်းမသားလေး မျက်ရည်ကျပြလိုက်ရင် လေးလုံးခြောက်ဖက်ဆိုတဲ့ ယောက်ျားကြီးတွေ ပြားပြားမှောက်ရမယ် မဟုတ်လား။ ပေါက်ဖော်မကလေးက အနှီလိုမျိုး ခံစစ်ကနေ ပြန်ကစ်လိုက်တော့ အာဖျံကွီးခမျာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပါလေရော။ ဘယ်သွားကိုင်မိတယ်ဆိုတာတော့ ပုံပြင်ထဲမှာ ပြောမထားပေါင်ဗျာ။

အနှီလိုနဲ့ အာဖျံကွီးတစ်ယောက် သူယူထားမိတဲ့ အရင်းနှီးဆုံးသူစိမ်း ပေါက်ဖော်မလေးကို စိတ်လိုလက်ရ ထိုင်ချော့လိုက်တာ ကွမ်းတစ်ယာညက်လောက် ကြာသွားတယ်ဆိုပဲ။ ဒါပေမယ့် ဟိုသတ္တ၀ါမလေးကလည်း နိုင်တုန်းဖိထောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇွဲခတ်ပြီး မျက်ရည်တွေ မထွက်ထွက်အောင် ညှစ်ညှက်ထုတ်ပြီး ထိုင်ငိုနေလေတော့ မောင်မင်းကြီးသား အာဖျံကွီးလည်း စိတ်ပျက်လာပါလေရော။ စိတ်ညစ်ညစ်နဲ့ “ ဟေ့…နင်မတိတ်သေးဘူးလား၊ ငါလည်း မချော့တတ်တော့ဘူး..အင်း…သေသာသေလိုက်ချင်တော့တာပဲ ” လို့လည်း ညည်းလိုက်မိရော တဗြဲဗြဲငိုနေတဲ့ ပေါက်ဖော်ကလေးက တစ်ခါတည်း အငိုတိတ်သွားပြီး လင်တောင်မောင် အာဖျံကွီးကို မျက်လုံးရွဲကြီးတွေနဲ့ တွေတွေကြီး စိုက်ကြည့်ပါသတဲ့။ ပုံပြင်မို့သာ ပြောရတယ် ပေါက်ဖော်မလေးမျက်လုံးက ပွေးမျက်လုံးလို ခပ်မှေးမှေးရယ်။ ဒါပေမယ့် သူက ရွဲတယ်ဆိုလည်း ရွဲလိုက်ရုံပေါ့လေ။ ပုံပြင်ကိုး။

အာဖျံကွီးမျက်နှာကို အနှီလိုစိုက်ကြည့်လို့လည်း အားရရော ပေါက်ဖော်မကလေးက စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ရာကထပြီး အိမ်အပြင်ကို ဆောင့်ဆောင့်၊ ဆောင့်ဆောင့်နဲ့ ထွက်သွားပါသတဲ့။ ကိုယ့်လူကြီး ဦးစိတ်မြန် အာဖျံကွီးလည်း ပါးစပ်ကြီးအဟောင်းသားနဲ့ ကြက်သေသေပြီး အိမ်ထဲမှာ ကျန်နေရစ်ရှာတာပေါ့။ တစ်အောင့်လောက်လဲကြာရော ငနဲမကလေးက ပေါက်ဖော်ထီးတစ်ကောင် လက်ဆွဲပြီး အိမ်ထဲကို ပြန်ဝင်လာပါသတဲ့။ သူရို့ကိုကြည့်မိမှ ကြက်သေသေရာကနေ၊ ၀က်ရှင်ပြန်ရှင်လာတဲ့ အာဖျံကွီးလည်း “ ဟ…နင်ဘယ်သူ့ကို ခေါ်လာတာလည်း ” လို့ သူ့ချစ်ချစ်ကို အလန့်တကြား မေးရပြီပေါ့။ အနှီတော့မှ ပေါက်ဖော်မလေးက အာဖျံကွီးကို သနားတယ်ဆိုတဲ့ အပြုံးမျိုး တစ်ချက်ပြုံးပြပြီးတော့ “ စောစောက ပြောတော့ ရှင်သေမယ်ဆို…ရှင်သေရင် ကျွန်မတစ်ယောက်တည်း မနေရဲလို့ နောက်ယောက်ျားတစ်ယောက် သွားယူလာတာ…ရှင်သေချင်လည်း သေလို့ရပြီပေါ့ ” လို့ ပြောပါလေရော။ စူ့ထက်ပိုပြီး စိတ်မြန်လှတဲ့ မဒမ်ကွီးကို ငေးကြည့်ရင်း ဆန္ဒစောမိရှာတဲ့ အာဖျံကွီးခမျာ အခုချက်ချင်းပဲ ငုပ်တုပ်ကနေ လဲသေရအခက်၊ မဒမ်ကွီးကတော် လက်သစ်ကို ပြုံးပြရအခက်နဲ့ ဟပ်ကော့ကြီး ဖြစ်ပါလေရောတဲ့ အရပ်ကတို့ရယ်။

http://www.paephuhlwarmagazine.asia/images/photos/dec_09/happy05.jpg

ဦးဟန်ကြည်ကတော့ ရွှေပြည်သူ၊ ရွှေပြည်သားတွေ စိတ်မြန်ပုံ၊ ဆန္ဒစောပုံတွေကို မြင်ပြင်းကတ်တိုင်း အနှီအာဖျံကွီးကိုပဲ သွားသွားသတိရမိတာပ။ ဘယ့်နှာ ခုရေတွင်းတူး၊ ခုရေကြည်သောက်လို့ ဘယ်ရလိမ့်တုန်း။ ရွှေပြည်ကြီးဆိုတာက လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်အထိ ဖွတ်ကြောပြာစု၊ အမွဲတကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တိုင်းပြည် မဟုတ်လား။ တကတည်း သူများနိုင်ငံတွေနဲ့ သွားသွားပြီး နှိုင်းနေလို့ကတော့ဖြင့် ဖားတုလို့ ခရုခုန်ရင် ဖင်ကျိန်းတာပဲ အဖတ်တင်ရုံပ။ ကိုယ့်မှာက ဆွမ်းတော်အသာထားလို့ ၀မ်းတော်မှ အနိုင်နိုင်ရယ်။ အခုတော့ဖြင့် ဖုန်းဆိုလည်း ဖုန်းမို့၊ အင်တာနက်ဆိုလည်း အင်တာနက်မို့၊ ပညာရေးဆိုလည်း ပညာရေးမို့၊ ကားဆိုလည်း ကားမို့ နေ့ချင်းညချင်းကို စံချိန်မီချင်လွန်းနေကြပြန်တော့ မြင်ပြင်းလေးကတော့ဖြင့် ကတ်ချင်ချင်ဖြစ်လာမှကိုး။

ဒီရက်ပတ် ဟိုနားကြည့်လည်း ငါးထောင်တန်ဖုန်းရရှိရေး၊ သည်နားသွားချောင်းလည်း မော်တော်ကားလိုင်စင်တွေ ဈေးပေါပေါနဲ့ ရရှိရေးနဲ့ မြင်ပြင်းတင်မကဘဲ ကြားပြင်းပါ ကတ်ချင်လာပါရော။ ဦးဟန်ကြည်လည်း ရွှေပြည်သား စစ်စစ်ကြီးမဟုတ်လား။ အများသူငါ ရွှေပြည်သားတွေကြားမှာ ဒွေးရောယှက်တင် နေပြီး မံမံတူတူမပုန်းအောင် တတ်သလောက်၊ မှတ်သလောက် လုပ်ကိုင်စားနေရတဲ့သူပီပီ သူများနိုင်ငံတွေမှာ လမ်းဘေးဆိုင်တွေမှာတောင် ၀ယ်လို့ရတဲ့ ဖုန်းကဒ်တွေကို သွားရည်မယိုဘဲ ဘယ်နေလိမ့်တုန်း။ ယိုသမှ ဟိုဘက်တောင်လွန်သေး။ ကလေးများလို လည်ပင်းမှာ သွားရည်ခံ တပ်မထားရုံတမည်။ ဒါပေမယ့် အနှီငါးထောင်ဖုန်းဆိုတာကြီး မသုံးခင် လတ်တလော သုံးနေရတဲ့ ငါးသိန်းတန်ဖုန်းပဲ ကြည့်ကြပါဦး။ ရွှေပြည်ကြီးတစ်ခုလုံးမှာ ဖုန်းအလုံးရေပေါင်း သိန်းဂဏန်းသာသာပဲ ရှိသေးတာကိုပဲ ဘယ်ဘက်နားမှာ ကပ်ထားတဲ့ ဖုန်းကို လက်မှာကိုင်ထားတဲ့ ဖုန်းနဲ့လှမ်းခေါ်တာတောင် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရတာနဲ့၊ ဟဲလို တစ်ခွန်းပြော ဖုန်းတစ်ခါကျရတာနဲ့၊ ကြိုးဖုန်းကို လှမ်းခေါ်ရင် ကိုယ်ပြောတဲ့အသံ ကိုယ်ပြန်ကြားနေရတာနဲ့ ပြဿနာပေါင်းက သောင်းခြောက်ထောင်တောင် မကချင်ဘူး။ ဒီကြားထဲမှာ စကားပြောရင်း ဖုန်းလိုင်းပျောက်ပျောက်သွားတတ်လွန်းလို့ လိုင်းမိတဲ့နေရာကို သွားသွားပြောရတဲ့ ဒုက္ခ၊ ထိုင်ပြောရင် လိုင်းမမိလို့ လမ်းလျှောက်နေရတဲ့ ဒုက္ခ၊ လျှို့ဝှက်သတင်းကို တစ်ဖက်လူတင်မကဘဲ တစ်ရပ်ကွက်လုံးကြားအောင် မိုင်ကုန်တင်ပြီး အော်နေရတဲ့ဒုက္ခတွေကလည်း ဒုနဲ့ဒေး။

ဒါတင်ဘယ်ကလိမ့်တုန်း။ သူများတိုင်းပြည်မှာ တစ်မိနစ်စာ ဖုန်းပြောရင် ၁၅ ကျပ်လောက်ပဲ ကုန်ပေမယ့် ကိုယ့်ဆီမှာက ဟယ်လိုတစ်ခွန်းကို ၆၀ ပေးရသေး။ ယပက်လက်တိုင်းပြည်မှာ ဖုန်း Prepaid Top up card တစ်ကဒ်ကို ဘတ် ၆၀ ( မြန်မာငွေ ၁၅၀၀ ) ဆိုရင် အိုခေပေမယ့် ကိုယ့်ဆီမှာတော့ တစ်ကဒ်ဝယ်ရင် အနည်းဆုံး တစ်သောင်း ပလုံစွပ်။ သူများဆီမှာ ဖုန်းပြောရင်း ပိုက်ဆံကုန်သွားရင် အကြွေးမှတ်ပေးထားတာနဲ့၊ အရေးပေါ်အခြေအနေမှာ ပိုက်ဆံချေးပေးတာနဲ့ စိုပြည်သလောက် ကိုယ့်ဖုန်းကတော့ ဖုန်းထဲမှာ ပိုက်ဆံ ၁၀၀၀ အောက် နည်းသွားတာနဲ့တင် အထွက် call ကတော့ နိုးဖြစ်ပါလေရော။

ဖုန်းအရေအတွက်ကလေး လက်တစ်ဆုပ်စာကိုတောင် လူချင်းတူ၊ သူချင်းမျှအောင် ၀န်ဆောင်မှုမပေးနိုင်သေးတဲ့ ရွှေပြည်ကြီးမှာ နှပ်ချေးတွဲလောင်းကလေးကအစ ၀ယ်ကိုင်နိုင်မယ့် ငါးထောင်တန်ဖုန်းသာ ဖြစ်လာခဲ့ရင်တော့ အနှီဖုန်းဆိုတာ အင်တာနက်သုံးဖို့၊ You Tube ကြည့်ဖို့၊ Mail စစ်ဖို့ အသာထား၊ စကားတောင် ပြောလို့ရမှာမဟုတ်လို့ ခါးချိတ်အလှပြ ပစ္စည်းတောင် ဖြစ်သွားနိုင်ပါရဲ့။ နောက် ဖုန်းကဒ်တစ်ကဒ်ကို ငါးထောင်နဲ့မို့ ဆင်းရဲသားကျောမွဲကအစ ၀ယ်နိုင်ကြတယ်ထားဦး ဖုန်းပြောခက အနှီလောက် ခေါင်ခိုက်နေမှဖြင့် ရသမျှဖွတ်ကလိဒင်္ဂါးကို ကိုယ်မစားဘဲ အနှီအီလက်ထရွန်းနစ် အလှူခံပုံးထဲချည်း ထည့်နေရတာနဲ့တင် ဖွတ်သထက်ညစ်ရချေရဲ့။

ဘယ်အရာမဆို အလှမ်းကျယ်ရင် အလယ်လပ်သွားတတ်တာ လောကနိယာမတရားပ။ ဖြစ်ကတတ်ဆန်း၊ ရေတိုတစ်ဖြတ်ပဲ မျက်ခုံးမွေးတစ်ဆုံးကြည့်ပြီး ၀ုန်းဝုန်းဒိုင်းဒိုင်း အကောင်အထည် ဖော်လိုက်မိရင်တော့ ကောင်းကျိုးထက်၊ ဆိုးကျိုးပိုများရမှာ သေချာနေသကိုး။ အနှီတော့ ကောင်းကျိုးမရလို့ အရောင်မထွက်တာထက် ဆိုးကျိုးရပြီး ရင်းစားလေးပြုတ်ကုန်မယ့် အဖြစ်မျိုးကိုတော့ ဥာဏ်ကြီးသူများ ဆင်ခြင်သင့်လှပါရဲ့။ တိုက်တစ်လုံးဆောက်တဲ့အခါ မြေအနေအထား၊ မြေအမျိုးအစား၊ ရာသီဥတုအခြေအနေ၊ ၀န်နဲ့အား၊ စတာတွေကို စနစ်တကျ အချိန်ယူ တွက်ချက်ပြီး ကျကျနန မဆောက်ဘဲ သူများနည်းတူ တိုက်တစ်လုံးဖြစ်ပြီးစတမ်း နေ့မီးညမီးဆက်ပြီး အမြန်ဆောက်ထည့်လိုက်ရင်တော့ ပြီးလည်းပြီး၊ ပြိုလည်းပြို ဖြစ်သွားဖို့ များနေပေသကိုး။ တဲကလေးနဲ့ အေးအေးလူလူ အိပ်နေရတဲ့ဘ၀က ဆင်းရဲပေမယ့် ပြိုကျမှာစိုးရိမ်ရတဲ့ တိုက်သစ်ကြီးပေါ်မှာ တထိတ်ထိတ်တလန့်လန့် နေရတာထက်တော့ ပိုပြီး ငြိမ်းချမ်းတယ်လို့ ဦးဟန်ကြည် ထင်မိပါရဲ့။

အနှီတော့ ငါးထောင်၊ ငါးထောင်ဆိုတာကြီးကို အသာထားပြီး လောလောဆယ်ရှိနေတဲ့ အနေအထားလေးတွေကို ပိုပြီးတိုးတက်ကောင်းမွန်လာအောင်ပဲ ပထမဦးစားပေးသင့်လှပါရဲ့။ ဗြုန်းခနဲ၊ ဒိုင်းခနဲ အုတ်အော်သောင်းသည်း တိုးတက်သွားတာမျိုးထက် တစ်ရစ်ချင်း၊ တစ်ဆင့်ချင်းလေး စနစ်တကျ တိုးတက်စည်ပင်လာတာမျိုးက ပိုလို့တောင်မှ ရေရှည်တည်တံ့နိုင်မယ် မဟုတ်ပါလား။ ချေးယိုချင်မှ အိမ်သာတွင်းတူးနေရတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ မနိုင်မနင်းနဲ့ ရှိရင်းစွဲအနေအထားကနေ ယိုင်ဆင်းမသွားဖို့အတွက် “ ဆန္ဒမစောကြပါနဲ့ ” လို့ တိုက်တွန်းလိုက်ပါရဲ့။ အနှီလို ထိုက်သင့်တဲ့ နားလည်မှုလေးတွေပေးပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလအတိုင်အတာတစ်ခုအထိ စိတ်ရှည်ရှည်ထားပေးတာကိုမှ တိုးတက်ဖွံ့ဖြိုးလာအောင် စွမ်းဆောင်မပေးကြရင်လည်း အမောင်တို့စိတ်ကြိုက် ပြုချင်ရာသာ ပြုကြပေရော့လို့ အချွန်နဲ့ မ-လိုက်ပါရစေဗျား။   


တောင်းပန်ခြင်း…

လတ်တလေအနေအထားအရ ပညာရေးလောကထဲမှာ ကျင်လည်နေတဲ့ ဦးဟန်ကြည်က ဆန္ဒမစောကြပါနဲ့ဆိုတဲ့ Tag post အတွက် ပညာရေးလောကမှာ တစ်ဆင့်ချင်းလေး ဖွံ့ဖြိုးစည်ပင်အောင် လုပ်သင့်တဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြဖို့ အားသန်ထားပေမယ့် ပို့စ်အနေအထားအရ ရှည်လျားပေများပြီး လိုရင်းကို မျက်စိလျှမ်းကုန်မှာ စိုးရိမ်တာကြောင့် အနှီကိစ္စတွေကို သာမန်ပို့စ်တစ်ခုအဖြစ်ပဲရေးဖို့ စိတ်ကူးပြီး အာဖျံကွီးကိုပဲ ဥဒါဟရုဏ်တင်လွှတ်လိုက်ပါကြောင်း . . .

11 comments:

နေ၀သန် said...

အိမ်း.. ဆရာကြည်ရေ.. ကျွန်တော်တော့ ပြောစရာ စကားမရှိပါဘူးဗျာ..... တစ်ခုတော့ရှိတာက လုပ်နေသူတွေကို တဇွတ်ဇွတ်လှမ်းတောင်းနေရင်လည်း မဟုတ်ပြန်ဘူး.. အဲ. လုပ်နေသူတွေကလည်း.... စာနာနားလည်စိတ်နဲ့လုပ်မနေပြန်ဘူးဆိုရင်လည်း မဟုတ်ပြန်ဘူး.. ဒီတော့... အင်း.. ဘာမှမပြောတတ်တော့ဘူး.. :P

ခင်မင်လျက်
နေ၀သန်

ချစ်သူမောင် said...

Tag post ရေးပေးတဲ့အီတွက် အာဖျံကွီး(ဘိန်းစား)ကအထူးကျေးဇူးတင်သွားပါတယ်ခင်ဗျာ


လေးစားချစ်ခင်လျှက်
ချစ်သူမောင်

8Yar said...

ဆရာကြည်ပြောတာလည်း ဟုတ်ပါတယ်ခင်ဗျာ။ သက်ဆိုင်ရာများကသာ တကယ်လုပ်နိုင်မဲ့ လုပ်ငန်းရှင်တွေကို ခွဲမပေးပဲ မနိုင်ဝန်ထမ်းပြီး လုပ်မယ်ဆိုရင် ဖြစ်လာမဲ့အကျိုးဆက်တွေက အားလုံးသိကြတဲ့အတိုင်းပဲ ဖြစ်မှာပါ။ ဥပဒေတွေကို အမြန်ဆုံးခိုင်မာအောင်လုပ်ပြီး ကဏ္ဍစုံကလုပ်ငန်းတွေကို တကယ်လုပ်နိုင်မဲ့ ပြည်သူတွေကိုခွဲပေးသင့်တယ်လို့ထင်ပါတယ်။။ သို့မှသာ နိုင်ငံတိုးတက်ရေးကို ဝိုင်းတွန်းသလိုဖြစ်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်အမြင်မှားသွားရင် ခွင့်လွှတ်ပေးပါခင်ဗျာ။

mstint said...

ဦးဟန်ကြည်ရဲ့တဂ်ပို့စ်လေးဖတ်ပြီး ဆန္ဒမစောကြပါနဲ့ကိုနည်းနည်း သဘောပေါက်လာတယ်။ ဒါတောင်ရေးရေးပဲ
မြင်သေးတာ တီတင့်ကအဲဒီလိုထက်မြက်တာ ဦးဟန်ကြည်ရေ။ အဲဒီတဂ်ပို့စ်အတွက်ကိုးကားဘို့ ဝါရင့် ဘလော့ဂါဘော်ဘော်တွေရေးတာ
စောင့်နေတာကြာပေါ့း)အခုနှစ်သိန်းတန်ဖုန်းတွေ
ကို ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ သုံးမရဘူးကြားတယ် ဟုတ်မဟုတ်တော့မသိဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

မှန်လိုက်လေ 8ရာရယ်...
စနစ်က အရေးအကြီးဆုံးပေါ့...လူဆိုတာ ဘယ်တိုင်းပြည်က ဘယ်လူမျိုးပဲမို့ အခြေခံစိတ်ညစ်၊ စိတ်ပုတ်ကလေးတွေတော့ ရှိကြစမြဲပေါ့...ဒါတွေကို ထိန်းသိမ်းပေးနိုင်ဖို့ ပြည့်စုံကောင်းမွန်တဲ့ စနစ်ကို အရင်ထူထောင်ရမှာပ...စနစ်မခိုင်ခန့်သေးဘဲ ကျန်တာတွေကို အတင်းကာရော အမြန်အကောင်အထည် ဖော်မိရင် လူ့ဗီဇကို ဇက်မခွံ့နိုင်ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးများမယ်လို့ ဦးဟန်ကြည်လည်း ယူဆမိတာပါပဲ...

ကိုယ့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်း တင်ပြသွားတဲ့ ညီတော်မောင်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေဗျား...

ညိမ်းနိုင် said...

ဟုတ်တေးဝူးလေ....ဆြာကြည်ရဲ့...၊ကျွန်တော်တို့တောင်း
တဲ့ ငါးထောင်တန်က လိုင်းလည်းကောင်း၊တစ်မိနစ်ခေါ်ဆို
ခတွေလည်း သက်သာ၊ဆင်းကဒ်ကိုလည်း အလကာမူး
တင်းပေး...၊အဲ့သာမျိုးပြောတာလေ.....:)))။ပြီး ဒီအတွက်
က အစိုးရကသိပ်ပြီးလုပ်ပေးစရာတော့လိုဝူးဗျ...၊လုပ်ချင်
တဲ့ကုပ္မဏီတွေတောင်းဆိုနေတာလေ....ခွင့်ပြုလိုက်ဖို့ပါ
ပဲ....၊သူရို့ကတော့ မိနစ်ခေါ်ဆိုခတွေလည်း လျော့ချပေး
မယ်ပြောနေတာပဲကို....၊ငါးထောင်နဲ့ ခေါ်မရရင်တောင်မှ
အစိုးရမဟုတ်တော့ ကွန်ပလိန်းတတ်နိုင်သပေါ့လေ....
နော့....၊ဒါပေမယ့် ဒီလိုတောင်းဆိုနေတာကိုတော့
ကျွန်တော်တော့သိပ်သဘောကျတယ်ဟုတ်ပါဘူး...။
ဘာလို့ဆို ဒါက လုပ်ငန်းရှင်တွေ သူရို့ဘာသာတောင်း
ယူရမှာလို့သဘောရလို့...၊ဟုတ်တယ်လေ...၊သူတို့က
မိနစ်ခေါ်ဆိုခတွေကနေ ပုံမှန်အမြတ်တွေသဲ့ယူသလိုရ
မှာကိုး....နော့....။ဆိုတော့ကာ....၊ဆန္ဒမစောနဲ့ဆိုတော့
လည်း ဖြေးဖြေးပါပဲဆရာရယ်...၊ကိုယ်ကစောလည်း
ရမှာမှမဟုတ်တာကြီး.....:(

စံပယ်ချို said...

ဆရာရေးတဲ့တဂ်ပိုစ့်လေးဖတ်ရတာ
ပညာပါတယ် ပြီးတော့ပြုံးခဲ့မိတယ်
နေ၀သန်ရေးတဲ့ကောမက်လေးကိုလဲသဘောကျမိတယ်ရှင်
လေးစားလျှက် jasmine

မောင်သီဟ said...

လုပ်ပေးမယ်ဆိုရင်ဖြစ်ပါတယ်ဆြာ
တူညာလုပ်ခိုင်းလိုက်ရုံ လုပ်ချင်သူတွေဒုနဲ့ဒေး
ဒါပေမယ့် ဆြာပြောသလို နည်းနည်းတော့သတိထားရမယ် ကလေးတွေပူဆာလွန်းရင် လူကြီးမျက်စောင်းသင့်သလို ဗိုက်ခေါက်ဆွဲလိမ်ခံရသလို ဖြစ်တတ်သကိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

အာဖျံကွီးအကြောင်းနဲ့ အစချီလာတာ ဘာများပြောမလို့ပါလိမ့် တွေးနေတာ
နောက်တော့မှ ၅၀၀၀တန်ဆင်းကဒ်အကြောင်း ပြောတာမှန်း ပေါက်တော့တယ် ။
လိုင်းလည်းကောင်း ဈေးလည်းချို မြန်လဲမြန်ဆိုရင်တော့ သိပ်ကောင်းတာပေါ့နော်။
ဒါပေမဲ့ မြန်ပြီး လိုင်းမကောင်း ပြောလို့မရတဲ့ဖုန်းမျိုးဆိုရင်တော့လည်း ဦးဟန်ကြည်ပြောသလို အရင်မလိုဘဲ ဖြေးဖြေးစောင့်သင့် စောင့်ရမှာပေါ့။
သူများနိုင်ငံတွေမှာ သုံးနေတာ နှစ်ပေါင်းများစွာရှိနေပြီ
မြန်မာပြည်ကတော့ ခုထိ အင်တင်တင်ရယ်နော်.

မဒမ်ကိုး said...

မပြောတတ်တော့ပါဘူးဆြာရယ်

အကြီးအမှုးတွေ မြင်တတ်သိတတ်ခံစားတတ်နားလည်တတ်ပါစေဘဲဆုတောင်းပါတယ်

ခင်မင်လျှက်

မဒိုးကန်

San San Htun said...

အာဖျံကွီးကို နှက်လိုက်ပုံလေးကို သဘောကျလိုက်တာ ဆရာဟန်ရယ်..အဓိက ကတော့ အုပ်ချုပ်ရေးစနစ်တခုလုံးကို ပြင်သင့်တယ်လို့  ထင်ပါတယ်..စစ်တပ် အသုံးစရိတ်ထက် အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး၊ဆက်သွယ်ရေးမှာ ဘတ်ဂျက်ပိုထားပြီး လူ့ စွမ်းအား အရင်းအမြစ် တိုးတက်အောင် ဆောင်ရွှက်သင့်ပါတယ် မြင်ပါတယ်..ခိုင်မာတဲ့ ဘဏ်စနစ်၊ ငွေလဲနှုန်းထားတွေ ဆောင်ရွှက်ပါမှ တိုးတက်ပါမယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger