Tuesday, 10 April 2012

အစိမ်းရင့်ရောင် အလွမ်း ( ၅ ) ( ဇာတ်သိမ်း ) . . .

အပိုင်း ( ၄ ) မှ အဆက် . . .

            အိမ်ပြန်ရောက်လျှင်ရောက်ချင်း အ၀တ်အစားပင် မလဲနိုင်။ မီတို့အိမ်သို့ သုတ်ခြေတင်သည်။ မြက်ခင်းလွင်ပြင် အရောက်တွင် သူရပ်သည်။ မီရှိမည်လားအတွေးဖြင့် ထင်းရှူးပင်ကို လှမ်းကြည့်သည်။ မရှိကြောင်းသေချာမှ ခြေလှမ်းသွက်သွက်ဖြင့် ဆက်လျှောက်သည်။ ကြည်နူးမှုတို့ဖြင့် ညနေခင်းသည် ကျက်သရေ ရှိနေ၏။
            မီတို့ခြံဝအရောက်တွင် လူခေါ်ခေါင်းလောင်းကို တုန်ယင်စွာဖြင့် သူနှိပ်သည်။ သူ့ကို မထင်မှတ်ဘဲ တွေ့ရလျှင် အံ့သြသွားရှာမည့် ကလေးမ၏ ပုံရိပ်ကို သူစိတ်ကူးကြည့်သည်။ ပျော်ရွှင်မှုဖြင့် သူ့ရင်သည် တုန်လှုပ်နေ၏။ အတန်ကြာလျှင် အိမ်တံခါး ပွင့်လာသည်။
            မီအံ့သြသွားမည်ဟူသော အတွေးဖြင့် တံခါးဝကို သူလှမ်းမျှော်ကြည့်သည်။ သို့သော် အိမ်ထဲမှ ထွက်လာသူသည် မီမဟုတ်။ မီ၏အဒေါ်။
            သူ့ကိုမြင်လျှင် “ သြော် . . . ဒေါက်တာ . . . ” ဟု အာမေဋိတ်ပြုရင်း ခြံတံခါးကို ခပ်သွက်သွက် လာဖွင့်ပေးသည်။ “ မီရှိလား အန်တီ ” ဟု သူမေးမိသည်။ အမျိုးသမီးကြီးက တံခါးပိတ်နေသည်။ သူ့အမေးကို မကြားလိုက်ဟု ထင်မိသည်။ စိတ်လှုပ်ရှား တက်ကြွလွန်းနေသော သူ့အဖြစ်ကို ရှက်ရွံ့စွာဖြင့် သူနောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဆိတ်ဆိတ်နေလိုက်မိသည်။
            ပန်းခင်းထဲတွင် ကလေးမ၏ အချစ်တော် ဘော်ဘီ နေစာလှုံနေသည်။ မီရှိမည်လားဟု သူကြည့်သည်။ မတွေ့။
            အိမ်ထဲသို့ရောက်လျှင် သူ မီ့အရိပ်အယောင်ကို ရှာသည်။ သူလာသည်ကိုမြင်၍ တမင်ပုန်းနေသည်ဟူသော အတွေးဝင်လာသဖြင့် အမျိုးသမီးကြီးကို သူကြည့်မိသည်။ မီ့အဒေါ်က တည်ငြိမ်စွာဖြင့် -
            “ ထိုင်ပါဦး ဒေါက်တာ ” ဟု ဆိုသည်။ အသင့်ရှိသော ဆက်တီတစ်လုံးတွင် သူဝင်ထိုင်လိုက်ရင်း
            “ မီရှိလား အန်တီ ” ဟု ထပ်မေးသည်။
            အမျိုးသမီးကြီး၏ မျက်နှာသည် ရုတ်တရက် မှိုင်းညို့သွားသည်။ သူကြောင်နေစဉ် အမျိုးသမီးကြီး ရှိုက်ကြီးတငင် ငိုလေသည်။ အံ့အားတသင့်ဖြင့် သူ့စိတ်ထဲတွင် ထင့်သွားသည်။ “ အန်တီ ” ဟု သူစကားအစလိုက်တွင် အမျိုးသမီးကြီးက မျက်ရည်များဖြင့် သူ့ကိုကြည့်သည်။
            “ မီလေး ဆုံးသွားပြီ ဒေါက်တာ ”
            ထင်မှတ်မထားသော စကားစုတို့က သူ့နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သည်။
            “ မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး . . . ”
            သူ ကယောင်ကတမ်း ထရပ်မိသည်။
            “ မီဆုံးသွားတာ ခြောက်လလောက်ရှိပြီ ဒေါက်တာ ” ဟု အမျိုးသမီးကြီးက စကားဆက်သည်။
            သူ ထိုစကားစုတို့ကို မည်သို့မျှ မယုံကြည်နိုင်။ သို့သော် မီ့အဒေါ်သည် ထိုစကားများကို လိမ်ညာပြောဆိုမည်မဟုတ်မှန် သူသိနေသည်။ ထိတ်လန့်အံ့သြခြင်းသည် သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့၏။ အရာအားလုံးသည် သူ့မြင်ကွင်းထဲတွင် ၀ိုးတ၀ါး . . .
            “ မီ ဘာဖြစ်လို့ ဆုံးသွားတာလဲ  . . . ” သူ တုန်ယင်စွာ မေးမိသည်။
            “ သွေး . . . ကင် . . . ဆာ . . .ကြောင့် . . . ” ရှိုက်သံများကြားမှ သူမ ဖြေသည်။
            “ သွေးကင်ဆာ၊ လူကီးမီးယား ” သူ နာကျင်စွာ ခေါင်းခါမိသည်။ ထိုစကားလုံးများသည် နားစည်ကို ရိုက်ခတ်ပြီး နှလုံးသည်းပွတ်ကို ထိုးဖောက်သွားကြသည်။ ရောဂါဝေဒနာများကို အရေထူပြီးဖြစ်သော သမားတော်တစ်ဦး၏ ဘ၀ကို သူမေ့လျော့သွားသည်။ ရက်စက်လွန်းသော ကံကြမ္မာကို သူ နာကြည်းလာသည်။ သူ့လည်ချောင်းတို့ ဖျစ်ညှစ်ခံထားရသလို ဆွံ့အ နာကျင်နေသည်။
            “ ကလေးရယ် ” ဟူသော ကြေကွဲစွာ မြည်တမ်းသံသည် သူ့ရင်ထဲတွင် လှိုဏ်သံပါအောင် မြည်ဟည်းနေသည်။
            စီးကျလာသော မျက်ရည်ပူတို့ကို သူ မသုတ်မိ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

            မီလဲလျောင်းရာ အုတ်ဂူဖွေးဖွေးသည် ခြံထောင့်ရှိ ထင်းရှူးပင်အောက်တွင် ရှိသည်။
            “ မယွန်းသက်မီ
            အသက် ( ၁၇ ) နှစ် ” ဟူသော အုတ်ဂူပေါ်ရှိ စာကြောင်းကို မြင်ရလျှင် သူမျက်ရည်စို့လာပြန်သည်။
            “ ဒေါက်တာကို အကြောင်းကြားပေးမယ်ပြောတော့ ဦးစိတ်ဆင်းရဲလိမ့်မယ်ဆိုပြီး မသိပါစေနဲ့လို့ ပြောရှာတယ် . . . ဒေါက်တာပေးခဲ့တဲ့ နားကြပ်နဲ့ စာအုပ်တွေကို ကိုင်ရင်း မျက်ရည်တွေ နေ့တိုင်းကျနေရှာတာပါပဲရှင် . . . ”
            “ မဆုံးခင် တစ်ပတ်လောက်က ဒေါက်တာတို့ထိုင်နေကျ ထင်းရှူးပင်ကြီးအောက်ကို လိုက်ပို့ခိုင်းတယ် . . . ထင်းရှူးပင်အောက်ရောက်တော့ မီ ဦးကို စောင့်နေမယ်နော်လို့ မျက်ရည်တွေ တတွေတွေနဲ့ တဖွဖွပြောရှာတယ် . . . ”
            “ မီလေးဟာ နောက်ဆုံးအချိန်အထိ ဒေါက်တာ့ကို တမ်းတနေရှာပါတယ် ဒေါက်တာရယ် . . .  ”
            ငိုရှိုက်သံတို့ စွန်းထင်နေသော အမျိုးသမီးကြီး၏ စကားစုတို့သည် သူ့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ မီ နောက်ဆုံးအချိန်မတိုင်ခင်အထိ ရေးသွားခဲ့သည်ဆိုသော ဒိုင်ယာရီ စာအုပ်ကလေးက သူ့လက်တွင်းမှာ။
            မျှော်လင့်ချက်တို့ဖြင့် တက်ကြွနေတတ်သူကိုမှ ရောဂါဆိုးက တိုက်ခိုက်ဖျက်ဆီးရက်လေခြင်း။ သောကသည် သူ့ရင်ကို အလုံးအရင်းနှင့် ၀င်ရောက်တိုက်ခိုက်ပြန်၏။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

            မီတို့အိမ်မှ ပြန်ထွက်လာချိန်တွင် နေခြည်ဖျော့ဖျော့သည် လောကကို လွှမ်းခြုံထားသည်။ ညနေခင်း၏ အလှသည် သူ့ရင်တွင် မချိုမြိန်တော့။
            ထိုင်နေကျ ထင်းရှူးပင်ကို မြင်လျှင် ကလေးဆန်သော မီ့မျက်နှာကို သူမြင်ယောင်သည်။ “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားမယ် ” ဟူသော မီ့စကားသံကို ပြန်လည် ကြားယောင်၏။ အရာအားလုံးသည် မနေ့ကအတိုင်း သူ့အာရုံတွင် ထင်လာသည်။
            မြင်လွင်ပြင်ကိုဖြတ်လျှောက်ပြီး ထင်းရှူးပင်ဆီသို့ သူသွားသည်။ ထင်းရှူးပင်ခြေရင်းရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်သည်။ လက်တွင်းမှ စာအုပ်ကို ဖွင့်ကြည့်မိသည်။
            “ ဦးကို မီချစ်တယ် ”
            စာမျက်နှာပြည့်အောင် ရေးထားသော စာကြောင်းများ။ သူ့ရင်တွင် ကျဉ်ခနဲခံစားလိုက်ရသည်။ သူ့ရင်ထဲမှ နှလုံးသားသည် မြက်ခင်းပြင်ပေါ်သို့ ခုန်ထွက် လူးလွန့်နေ၏။ မပြောဖြစ်ခဲ့သော သူ့ကိုယ်သူ ဒေါသဖြစ်မိသည်။ လူကြီးတစ်ယောက်၏ လုပ်ပိုင်ခွင့်ဖြင့် ဟန်ဆောင်ကောင်းခဲ့သော သူ့ကြောင့် မီခံစားခဲ့ရပေလိမ့်မည်။ ရင်တွင်းမှ ခံစားချက်တို့သည် မျက်ရည်အဖြစ် အသွင်ပြောင်းပြီး အပြင်သို့ စိမ့်ထွက်လာကြလေ၏။
            မီနောက်ဆုံးရေးထားခဲ့သော စာမျက်နှာကို သူတွေ့သည်။
                        “ မီ မနေရတော့ပါဘူး ဦးရယ်။ ဒါပေမယ့် မီ မကြောက်ပါဘူး။ ဦးနဲ့ခွဲရမှာကိုပဲ မီဝမ်းနည်းတယ်။ မီအရမ်းဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်ခွင့်မရတော့ဘူး ဦးရယ် . . .
            ဒါပေမယ့် မီကျေနပ်ပါတယ်။ မီချစ်တဲ့ ဦးက မီ့ကိုယ်စား ရိုးသားတဲ့ တိုင်းရင်းသားတွေကို  ဆေးကုပေးနေမှာ မီသိတယ်  . . .
            မီ့အနားမှာ ဦးရှိစေချင်လိုက်တာ . . . ။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ဘ၀နဲ့ တခြားလူနာတွေအနားမှာ ဦးရှိသင့်ပါတယ်လေ . . .
                                                            မီ .  ကျေနပ်တယ် . . . ”
            ဝေဒနာကို အံကြိတ်ရင်ဆိုင်ရင်း တုန်ယင်စွာရေးထားသော စာလုံးရွဲ့ရွဲ့စောင်းစောင်းလေးများကိုဖတ်ပြီး သူ ခေါင်းငိုက်စိုက်ကျသွားသည်။
                        “ ကလေးရယ် . . . ”
            “ ဦး ကလေးကိုယ်စား ရိုးသားတဲ့တိုင်းရင်းသားတွေကို စောင့်ရှောက်ပေးဖို့ ကတိပေးပါတယ်ကွယ် . . . ”
                                    နာကျင်ကြေကွဲစွာ သူရေရွတ်မိသည်။
                                    တမလွန်ရောက် ကလေး ကြားနိုင်ပါစေတော့ . . .
            လေပွေတစ်ခုက ဝှေ့ရမ်းတိုက်ခတ်သည်။ ညနေခင်းသည် အရောင်ရင့်လာသည်။ လောကသည် ပူဆွေးခြင်းဖြင့် တိတ်ဆိတ်နေလေ၏။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

            အားလုံး၏ အမြင်တွင် မီသေဆုံးခဲ့ပါသည်။ သို့သော် သူ့နှလုံးသားထဲတွင် မီ ထာဝရ ရှင်သန်နေသည်။

            “ ဦးသွားနှင့် . . . မီနောက်က လိုက်ခဲ့မယ် . . . ” ဟူသော မီ့စကားသံသည် သူ့နားစည်ကို ထာဝရ ရိုက်ခတ်၏။ ရိုးသားနွမ်းပါးသော ပြည်နယ်သားများကို ကြင်နာစွာ ပြုစုကုသပေးနေသော သူ့အနီးတွင် မီရှိနေပါသည်။ မြက်ခင်းစိမ်းစိမ်းလေး အလယ်ရှိ ထင်းရှူးပင်အောက်တွင်လည်း မီရှိသည်။

            သူ့အဖို့ နေရာတိုင်းတွင် မီရှိပါသည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

            သူနေထိုင်ရာခြံ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် မြက်ခင်းစိမ်းစိမ်းနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပါသည်။ ထိုလွင်ပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ မြင့်မား၍ စိမ်းစိုအုပ် ဆိုင်းလှသော ထိုသစ်ပင်သည် ရာသီဥတုဒဏ်ကိုမမှု၊ လေပြင်းကို အံတုပြီး ထီးထီးမားမားရှိလှသည်။ လွင်ပြင်ကျယ်တွင် အဖော်မဲ့စွာ တည်ရှိသော ထိုသစ်ပင်သည် အထီးကျန်ဆန်သည်ဟု ထင်ရ သော်လည်း . . .
            ထိုအရာသည် ထင်းရှူးပင် တစ်ပင်ဖြစ်ပါသည်။
            ထိုနေရာတွင် . . .
                        ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်
                        သူနှင့် သူမတို့ စတင်ဆုံဆည်းခဲ့သည်
                        သူ၏ နှလုံးသားကို တွေ့ရှိခဲ့သည်
                        နှုတ်မဆက်ဘဲ သူမ ထွက်ခွာသွားခဲ့သည်
                        အလွမ်းများနှင့် သူကျန်ရစ်ခဲ့သည်။

            ထိုနေရာတွင် . . .
                        သူမ ထာဝရ ရှိနေပါသည်။
                                    ထိုသစ်ပင်သည် . . . ။        ။



                                                                                                
                                                                                              
                                                                                                                                                      ချမ်းမြေ့နိုင်ကြပါစေ . . .

                                                                                                                                                                                    ဟန်ကြည် 




   မနက်ဖြန် ဧပြီ ၁၁ ရက်နေ့ဆိုရင် ဦးဟန်ကြည်ရဲ့ မွေးနေ့ရောက်ပြန်ပါပြီ။ ဦးဟန်ကြည်ထက် မွေးနေ့တစ်ရက်စောတဲ့ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ချာတိတ်ခမျာမှာတော့ သူ့မွေးနေ့မှာ ဘတ်ဒေးရှိုးလို့ ခေါင်းစဉ်တပ်ပြီး ဘော်ချက်ပိုက်ဆံရှာတာ နှစ်တိုင်းပေါ့။ ဒါပေမယ့် အင်မတန်မှ ရိုးသားရှာတဲ့ ဘလော့ဂါဦးဟန်ကြည်ကတော့ သူငယ်ငယ်က ရေးဖူးတဲ့ ၀ထ္ထုတစ်ပုဒ်ကို ဖုန်သုတ်ပြီး ဘလော့ပေါ် ကောက်တင်လိုက်တာနဲ့တင် မွေးနေ့အထိမ်းအမှတ်ဖြစ်သွားပါလေရောဗျား။

    အစိမ်းရင့်ရောင်အလွမ်းကို အပိုင်း ၁ ကနေ ဇာတ်သိမ်းပိုင်း အပိုင်း ၅ ရောက်တဲ့အထိ မညည်းမညူ အားပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးဥပကာယ အထူးတင်ကြောင်း ပြောရင်းနဲ့ ဦးဟန်ကြည်ရဲ့မွေးနေ့မှာ ဘလော့လာလည်ကြတဲ့ လူပျိုသိုး၊ အပျိုသိုးများအားလုံး စွံခြင်းကြီးစွံကြပြီး၊ စွံပြီးတဲ့ မိတ်ဆွေများလည်း ဘာရေးညာရေးတွေအားလုံး အစစအရာရာ အဆင်ပြေကြစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါရစေဦးလား . . . 

24 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အသက်ကြီးပေမဲ့ အသဲနုတယ် ဆရာရေ...
ဒီလိုမျိုးစာတွေ မဖတ်ရဲဘူး။ နှလုံးရောဂါ ရလိမ့်မယ်။ ဘယ့်နှယ် သေကွဲကြီး။း(

အဲဒီ ဆရာဝန်လဲ အခုထက်ထိ မီလေးကို သတိရနေမှာ သေချာတယ်။ မွေးနေ့ကို ကုသိုလ်လုပ်ပြီး အမျှဝေပေးလိုက်ဦးနော။ သူ့ခမျာ ဆရာ့အမျှဝေသံကို စောင့်မျှော်နေရှာမှာ။ အဲဒီဆရာဝန်လဲ စာရေးရင်း မျက်ရည်ကျနေလောက်တယ်။ သနားပါတယ် မီကို။

ဒီမွေးနေ့မှသည် အသက်ရာကျော် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ အိမ်ထောင်ရေးသာသာဖြင့် လူသားတို့အား ချမ်းမြေ့ပျော်မှု ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


မီလေးရေ...
အမျှ အမျှ အမျှ။

..

.

မေဓာဝီ said...

မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ ဆရာဟန်ရေ ...
အချိန်ရမှ အစအဆုံး ပြန်ဖတ်ပါအုံးမယ်။ ခုတော့ အချိန်လုပြီး အပြေးအလွှား ကျော်ဖတ်သွားရတာ ခွင့်လွှတ်ပါရှင်။

ချစ်စံအိမ် said...

ဆရာတို့ကတော့လုပ်ပြီ ဇာတ်နာသွားတာပေါ့
ဘာပဲဖြစ်ဖြစ် ကောင်မလေးသနားပါတယ်..
ဆရာတို့တော့အရေးအသားကောင်းပါ၏
လမင်းစာတွေလာလာဖတ်လို့အားနာမိတယ်..
ကျေးဇူးတင်ပါတယ်ရှင့်........

Yuya Mon said...

Happy Birthday!!

လွင်ပြင်လှိုင်းငယ် said...

ဆရာရယ် ရင်ထဲကိုနင့်သွားတာပဲ။
ကျွန်တော် စာဖတ်သူတောင်ဒီလောက်ခံစားရရင်
ကိုယ်တိုင်ခံစားရသူဆိုရင် ဘယ်လောက်များကြေကွဲစရာကောင်းလိုက်မလဲနော်။
မွေးနေ့လေးမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စာတွေအများကြီးရေးနိုင်ပါစေနော်။

နေ၀သန် said...

အိမ်း.. လူလည်းမျော့သွားတာပဲ ဆရာကြည်.... ဘာလို့လဲမသိဘူး.. အဲဒီဆရာဝန်နေရာမှာ ဆရာကြည့်ကိုသာမြင်ပြီးဖတ်သွားမိတယ်.. (မဒမ်ဟန်ရဲ့ အဆွဲအလိမ်လေးမိဦးမယ်.. (((( ဟမ် ))))) :P....

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ....... စိုင်းစိုင်းလိုမျိုး.. ဟန်ဟန်ရှိုးလေးလည်း မကြာခင်ပေါ်ထွက်လာပါစေဗျာ.. အဟီး..

ခင်မင်လျက်
နေ၀သန်

ကူးကူးလှိုင် said...

အစိမ်းရင့်ရောင်အလွမ်းကို အပြီးသတ်အားပေးသွားပါတယ် မီကိုအရမ်းသနားသွားရပါတယ်...

Anonymous said...

Novel is good and also comments of Tha Gyi Min. They are so funny and fit Saya Han. :)

စံပယ်ချို said...

ဆရာဦးဟန်ကြည်ကိုစိတ်နာနေပါတယ်ရှင်
ကောင်မလေးကိုရောဂါနဲ့ပေးသေစေလို့ပါပဲ

အဖြူရောင်နတ်သမီး said...

ဟင့်..
ရွှတ်....း(

နွေးတေးရှင်(မင်းဧရာ) said...

ဝတ္ထုလေးကောင်းပေမယ့်လို့ သေစေခွဲတာကတော့ အတော်ကို ရက်စက်လွန်းတယ် သူကြီးမင်းရဲ့စကားကိုငှားပြောရရင်ဖြင့် မခံစားနိုင်ဘူး အသည်ငယ်တယ်။


အားမငယ်ပါနဲ့ ဆရာ....
စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့တစ်စောပေမယ့်လို့
လက်ဆောင်ပြန်ရတာခြင်းက အများကြီးကွာသဗျာ။

ဤမွေးနေ့လေးမှသည် နောင်နှစ်ပေါင်း
များစွားတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပညာ၏ အကျိုးကို ဆထက်တပိုးသယ်ပိုးနိုင်ပါစေဗျာ။

AH said...

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေဗျာ... ဆရာဟန်ကလည်း မွေးနေ့ဆိုပြီးတော့ ဇာတ်သိမ်းကောင်းအောင် ပြင်ရေးလိုက်ပါတော့လားဗျာ.... မွေးနေ့မှာ မျက်ရည်စို့စို့နဲ့။ ဇာတ်လမ်းလေးကတော့ ကောင်းတယ်ဗျို့...

နွေလ said...

ရင်နင့်အောင် ရေးတတ်တဲ့ ဆရာရေ . . .
အခြားသူတွေကတော့ အလွမ်းနဲ့ ဇာတ်သိမ်းတာ
မကြိုက်ဘူး ပြောကြပါကောလား
ကျွန်တော်ကတော့ အလွမ်းတွေကို ကြိုက်ပါတယ်
လွမ်းရတာ ကြိုက်တယ်
အလွမ်းသီချင်းတွေ ကြိုက်တယ်
အလွမ်းစာတွေ ကြိုက်တယ်
ဆရာရေးထားတာလေး လွမ်းရပါတယ် ဆရာ
နောက်လည်း ထပ်ရေးပါဦး

Anonymous said...

လွမ်းတတ်လွန်းလို့ မောင်ဘကြိုင်လည်း အလွမ်းသမားဖြစ်နေတယ်ဆြာ
ဆြာ့ဇတ်လမ်းကိုဖတ်ပြီး ကောင်မလေး ဆရာဝန်ဖြစ်မယ့်အချိန်ကို ကြိုစိတ်ကူးကြည့်မိနေတာအခုတော့ဆြာရယ် သွားရှာပြီ

မွေးနေ့လွန်မှ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်ဆြာ
အသက်ထက်ဆုံး လူငယ်အကျိုးပြုနိုင်ပါစေဆြာ
း)


မောင်ဘကြိုင်

Anonymous said...

Happy Birthday To U

Anonymous said...

Happy Birthday ပါဆရာ... ဒါနဲ့ ဇာတ်လမ်းလေး က ကိုယ်တွေ့လားဟင် ဖုန်သုတ်ပြီး တင်လိုက်ပေမဲ့ ကောင်းပါတယ်ဆရာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

အပိုင်း ၃နဲ့၎ဖတ်ပြီး ပျော်စရာဇာတ်သိမ်းလေး ဖြစ်မှာဘဲလို့ မျှော်လင့်နေမိတာ
ဇာတ်သိမ်းဖတ်လိုက်မိမှ တက်တက်စင်ကို လွဲတော့တာဘဲ
ပျော်ရတော့ပါမယ်ဆိုမှ သွေးကင်ဆာက နှောက်ယှက်ရက်ပါပေတယ်။
ရင်ကိုဆို့သွားတာဘဲ
အဲဒီသေမင်းကလည်း သူများတွေ ချစ်ကြမယ်ဆို မနာလိုဖြစ်ပြီ။
ဦးဟန်ကြည်ရဲ့ ငယ်မူငယ်သွေးလက်ရာက တကယ့်ကို ဆွဲဆောင်မှုရှိပြီး ကြေကွဲဖွယ်ရာပါလားနော်။

San San Htun said...

ရင်ထဲ နင့်သွားတာပဲ ဆရာဟန်ရေ..ဇာတ်လမ်းကောင်းလေးပါ..Happy Birthday Belated ! မွေးနေ့ မှသည် ပျော်ရွှင်ချမ်းမြေ့ ပါစေ..

Unknown said...

ဆရာ စာအရေးအသားတွေ ကောင်းလှ မှက်နေတာ
ဟိုးအရင်ကတည်းက လက်စွမ်းထက်နေတာကိုး)



(ဒုတိယ)

မဒမ်ကိုး said...

တို့ဆရာက ဒီလိုလဲဖြစ်တာဘဲ

နောက်ကျသွာတဲ့မွေးနေ့ဆုတောင်းလေးပါဆြာ

ပျော်ရွှင်ချမ်းမြေ့သောအချိန်များကို အသက်ထင်ရှားရှိသမျှကာလပတ်လုံး ရရှိနိုင်ပါစေ.

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်

ခင်မင်လျှက်

ဂျာရစ်

ဆူးသစ် said...

အားလုံးစုပြီးဖတ်လိုက်မှပဲ ဇာတ်ကိုလည်းခြုံမိသွားသလို ကိုဟန်ကြည်ရဲ့အရေးကိုလည်း လေ့လာမိသွားတယ်။ လွန်ခဲ့တဲ့နှစ်များစွာကရေးတယ်ဆိုပေမယ့် လက်ကစကားပြေလက်ဗျ။ ကျွန်တော်ကြိုက်တယ်။ ကိုဟန်ကြည်ပြောတာတော့ ဇာတ်နောက်ပါသွားတယ်ပြောတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အားလုံးကောင်းပါတယ်။ ကိုယ့်အမျိုးသမီးကိုတော့ကိုယ့်ဘာသာတောင်းပန်ပေါ့ဗျာ။ ကျွန်တော်တောင်ဖတ်နေရင်း တကယ့်အဖြစ်လားလို့တွေးနေသေးတာ။ ဘာပဲဖြစ်ဖြစ်ဝတ္ထုတိုအရေးနည်းတယ်ဆိုပေမယ့် ရေးထားတဲ့ဟာကကောင်းနေလေတော့ ရေးဖို့ဖန်လာခဲ့ရင်ရေးပါဦးလို့သာတိုက်တွန်းချင်တော့တာပါပဲဗျာ။

ကလေး said...

ဆရာရေဘာလို့ဖွင့်မပြောတာလဲမီလေးသနားပါတယ်

ကလေး said...

ဆရာရေဘာလို့ဖွင့်မပြောတာလဲမီလေးသနားပါတယ်

witch83 said...

အစိမ်းရင့်ရောင် အလွမ်းကို အစမှအဆုံး ထိုင်ဖတ်သွားပါတယ်။ ပျော်ရမဲ့ဇာတ်လမ်လေးထင်တာ အလွမ်းနဲ့ဇာတ်သိမ်းသွားတယ်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger