Wednesday, 30 November 2011

အမေဂျမ်းတို့ရွာ . . .

 ညနေ ၆ နာရီ . . .
http://us.123rf.com/400wm/400/400/scusi/scusi1005/scusi100500063/6952338-pig-electric-bulb.jpg
မီးတစ်ချက်ပြတ်မည်။ စက္ကန့်ပိုင်းအတွင်း မီးပြန်လာမည်။
ကိစ္စမရှိပါ။ မီးပြန်လာသည်ပဲ။ စက္ကန့်ပိုင်းလောက်နှင့်တော့ မည်သည့်စီးပွားရေးလုပ်ငန်းမှလည်း ဆိုးဆိုးရွားရွား ထိခိုက်မည်မဟုတ်။ ကွန်ပျူတာသုံးနေလျှင်တော့ UPS ခံမထားလျှင် လုပ်သမျှ အလုပ်အားလုံး တစ်ကပြန်စရပေမည်။ ကိုရီးယားကားကြည့်နေကြသော ပရိသတ်များ ကိုရီးယားတိုင်းပြည်မှ ရွှေမြန်ပြည်သို့ စက္ကန့်ပိုင်းခန့် ပြန်ရောက်လာကြမည်။ မည်သို့ပင်ဆိုစေ စက္ကန့်ပိုင်းအတွင်း ကိုရီးယားတိုင်းပြည်သို့ ပြန်ရောက်မည်မှာမလွဲ…။

သို့သော် ထိုစက္ကန့်ပိုင်းသည် အချို့သောပုဂ္ဂိုလ်များအတွက် စိန်စီထားသော စက္ကန့်များဖြစ်နေပါသည်။ ထိုစက္ကန့်ပိုင်းကလေးအတွင်း ရလိုက်သော အကျိုးခံစားမှုများကို တစ်လစာပေါင်းလိုက်လျှင် ဇနီးမယားကို မျက်နှာလုပ်ရန်၊ သမီးသားတို့ ဖြုန်းတီးရန်၊ ကိုယ်ကိုယ်တိုင် အနှိပ်ခန်းသွားရန် လုံလောက်ရုံမျှမက ပိုလျှံနေသေးသော ငွေပမာဏကို ရနိုင်သည် မဟုတ်ပါလား။

အဘယ်ကြောင့်၊ အဘယ်ပုဂ္ဂိုလ်များအတွက် ထိုစက္ကန့်ပိုင်းက လွန်စွာတန်ဖိုးရှိနေရပါသနည်း…

အဖြေကရှင်းသည်။ စက္ကန့်ပိုင်းလောက်မီးပြတ်အပြီး နောက်တစ်ကြိမ် မီးပြန်အလာတွင် ဆောင့်တက်လာသော လျှပ်စစ်မီးအားကြောင့် မီတာသုံးလေးပတ်လောက် ၀ီခနဲလည်သွားတတ်သည် မဟုတ်ပါလား။ မီတာသုံးပတ်ပဲ လည်သည်ထားဦး ယူနစ်တစ်ဝက်လောက် မီတာခ ပိုရသွားသောကြောင့် တစ်အိမ်ထောင်လျှင် ငွေ ၁၀၀ကျပ်ဝန်းကျင်ခန့်သည် လျှပ်စစ်ရုံးအတွက် ဘေးပေါက်မဟုတ်သော၊ အလည်ပေါက် ၀င်ငွေအဖြစ် အခန့်သား ၀င်ရောက်သွားချေပြီ။ မီတာလုံးရေပေါင်း ထောင်သောင်းချီနေသော ဤဒေသတစ်ခုမှ တစ်ရက်လျှင် သိန်းချီနေသော အဆိုပါဝင်ငွေသည် ဖျတ်ခနဲတစ်ချက် ပြတ်သွားပြီး ပြန်လင်းလာသော လျှပ်စစ်မီးမှ ရလိုက်သည် မဟုတ်ပါလား။ မည်သူမှ သတိမထားမိသည်ဖြစ်စေ၊ သတိထားမိပါလျှက်နှင့် လေကုန်မခံလိုသောကြောင့် ဖွင့်မပြောကြသည်ဖြစ်စေ စိန်စီထားသော ထိုစက္ကန့်ငယ်များမှ အမှတ်ထင်ထင်ဝင်လာသော ငွေများကား ဆရာသမားတို့၏ အိပ်ကပ်အတွင်းဝယ် အခန့်သား၊ အစန့်သား ၀င်ရောက်နေရာယူနေသည်မှာ တစ်လကျော်၍ နှစ်လနီးပါးပင်တိုင်နေခဲ့ပေပြီ။

တိုက်ရိုက်မီတာ၊ တစ်ဆင့်ခံမီတာ စသည်ဖြင့် လျှပ်စစ်မီးကို နည်းမျိုးစုံဖြင့် ရယူသုံးစွဲနေကြရသော ဤဒေသတွင် ကောက်ယူသော မီတာခများက ကွာခြားလှသည်။ တိုက်ရိုက်မီတာသမားများမှာ အိုးပိုင်အိမ်ပိုင်များဖြစ်လေ့ရှိကြပြီး မီတာခတစ်ယူတစ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ကျော်သာ ကျသင့်သော်လည်း ထိုမီတာများထံမှ တစ်ဆင့်ပြန်သွယ်ယူကြရသော ဆင်းရဲသားများ၊ ကိုယ်ပိုင်မီတာမရှိသူများမှာ တစ်ယူနစ်လျှင် ၂၀၀ ကျော်ကျော် ပေးကြရသည်။ တစ်ရက်လျှင် ငွေ ၁၀၀ ကျော်အလဟဿဖြစ်ခြင်းက မဆိုစလောက်သော်လည်း ရထားသော အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းက မကျေနပ်စရာကောင်းလှသည်။ အဆိုးဆုံးက ကျန်မြို့သူမြို့သားအားလုံးကို မသိနားမလည်၊ လူနုံ၊ လူညံ့ဟု ယူဆလိုက်ခြင်းပင်ဖြစ်သည်။ မြေနိမ့်ရာလှံစိုက်လိုကြသော လောကလူသားများကား ဗြဟ္မစိုရ်တရား ဟူသည်ကို ကြားဖူးကြဟန်မတူ။ တရားပွဲကြီးများ ခြိမ့်ခြိမ့်သည်းသည်း ၀ှဲချီးကျင်းပခြင်း၊ ကမ္ပည်းထိုး၍ သိန်းသန်းချီလှူဒါန်းခြင်းအလုပ်ကိုသာ စိုက်လိုက်မတ်တပ်လုပ်ကြပြီး ရှင်တော်ဘုရား၏ နှုတ်မြွတ်တရားတော်များကိုမူ အခြေခံကျင့်ဝတ်ငယ်ဖြစ်သည့် ကိုယ်ချင်းစာတရားကိုမျှ လိုက်နာခြင်းမရှိကြတော့။ လဲနေသူထူပေးပါဟူသော သူငယ်တန်းဖတ်စာတွင်းရှိ စာကြောင်းသည်လည်း မည်သည့်အရပ်သို့ ခရီးထွက်သွားသည် မသိနိုင်တော့ပါ။  နိုင်ငံတကာက သနားကြင်နာစွာဖြင့် ကယ်တင်ရန်ကြိုးစားနေကြသော်လည်း နိုင်ငံသားအချင်းချင်းကမူ  လက်ဦးသူက ဓားပါးပါးဖြင့် နုပ်နုပ်စဉ်းနေကြခြင်းက ရင်နာစရာကောင်းလွန်းလှသည်။

ငယ်စဉ်အရွယ် ကလေးဘ၀က ကြားဖူးနားဝရှိခဲ့သော နတ်သမိုင်းတစ်ပုဒ်၌ ၃၇ မင်းနတ်စာရင်းတွင် အပါအ၀င်ဖြစ်သော အမေဂျမ်းသည် မီးနှင့်ရေကို နိုင်နင်းသည်ဟု အဆိုရှိသည်။ နတ်ကန္နားပွဲများတွင် မီးထွန်းထားသော ဖယောင်းတိုင် လေးငါးတိုင်၏ မီးညွှန့်များကို အမေဂျမ်းဝင်ပူးနေသော နတ်ဝင်သည်က ပါးစပ်ထဲထည့်၍ မပူမလောင် ၀ါးမြိုပြသည်ကိုလည်း မြင်ခဲ့ဖူးသည်။ ပူလောင်လှသော ဖယောင်းတိုင်မီးညွှန့်သည် နတ်ဝင်သည်၏ ခံတွင်းကို လောင်ကျွမ်းခြင်းမရှိ။ အဆိုပါ မီးစားပြသော ပြကွက်ကြောင့် နတ်ဝင်သည်သည် ပို၍ထင်ရှားလာသည်၊ တန်ခိုးထွားလာသည်၊ ပူဇော်ပသသူ များလာသည်။ မီးကိုနိုင်နင်းသော၊ မီးကို စားပြနိုင်သော အမေဂျမ်းပါပေ။

ယခုလည်း မီးကိုနိုင်နင်းသော၊ ထားရာနေ၊ စေရာသွားအောင် ဖန်တီးနိုင်စွမ်းသော အမေဂျမ်းလက်သစ်များကို တွေ့နေရပြန်ချေပြီ။ သို့သော် ထိုအမေဂျမ်းလက်သစ်များသည် ပ၀ါအနီကို ရင်ဘတ်တွင် စည်းနှောင်မထားကြ၊ မင်္ဂလာရယ်မှ မဏ္ဍိုင်လေ…အစချီသော နတ်ချင်းများကိုလည်း မသီဆိုကြ၊ လမ်းဆုံလမ်းခွတွင်ထိုးထားသော ကန္နားဖျင်းများတွင် မူးယစ်ရီဝေစွာဖြင့် ခြေလက်တို့ကို မြှောက်ချီပြီး ကခုန်ခြင်းမရှိကြတော့။ သူတို့သည် ခမ်းနားသော တိုက်အိမ်ကြီးများတွင် နေကြ၏။ နောက်ဆုံးပေါ် ကားများကို စီးကြ၏။ အနောက်နိုင်ငံမှလာသော ယစ်ရွှေရည်ကို မှီဝဲကြ၏။ မဒီကညာအနိပ်များခြံရံကာ ဘီယာကို နှိပ်ကြကုန်၏။ ညှီနံ့သင်းသော ကာရာအိုကေဆိုင်များတွင်သာ သီချင်းဆိုကြ၏။ ငွေစက္ကူများကို ရေတွက်ရခြင်းကြောင့် ညောင်းညာပင်ပန်းကြသောအခါများတွင် အင်္ဂလိပ်စကားကို မြန်မာမှုပြု၍ “ မာဆတ် ” ဟုခေါ်ဝေါ်ကြသော အနှိပ်ခန်းများသို့သွား၍ အညောင်းအညာဖြေကြကုန်၏။ မီးကိုစားပုံခြင်းတူသော်လည်း အကျိုးရပုံခြင်းကား မတူကြတော့ချေ။ ခေတ်သစ်အမေဂျမ်းများကို မူလလက်ဟောင်း အမေဂျမ်းမြင်လျှင် မိမိထက် တန်ခိုးပါဝါပိုမိုကြီးမားနေသော ထိုသူများကို အံတုရန် မစွမ်းသာသောကြောင့် ကိုယ့်ကို်ယ်ကို မလောင်လောင်အောင် မီးဖြင့်မြှိုက်ပြီး နတ်စိမ်းဘ၀မှ နတ်ကျက်ဘ၀သို့ ပြောင်းရှာမည်ထင်၏။

ကျောင်းသားဘ၀က သင်ခဲ့အံခဲ့ရသော မြန်မာ့သမိုင်းစာတစ်ပုဒ်တွင် “ ဘူလင်ဂျာပူးဟုခေါ်သော ကုန်သည်ကြီးများအသင်းက ဈေးဆွဲခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်သောကြောင့် စပါးဈေးများ ကျဆင်းပြီး လယ်သမားများ ဆင်းရဲဒုက္ခရောက်ကြသည် ” ဟူသော စာတစ်ကြောင်းကို မှတ်မှတ်သားသား ရှိနေမိသည်။ “ ဈေးဆွဲခြင်း၊ ဈေးကစားခြင်း ” ဟူသည့် စီးပွားရေးဆိုင်ရာ ဝေါဟာရများကို နားမလည်နိုင်သေးသော ကျောင်းသားဘ၀က ထိုစာကြောင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာသဘောမပေါက်ခဲ့ဘဲ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရန် ဦးတည်ချက်တစ်ခုတည်းဖြင့် နှုတ်တိုက်အာဂုံဆောင်ခဲ့ရဖူးသည်။ ကြီးရင့်လာ၍ လောကအကြောင်းကို နားလည်စပြုလာသော ယခုအချိန်ရောက်ကာမှ “ မီးဆွဲခြင်း၊ မီးကစားခြင်း ” ဟူသော ဝေါဟာရဆန်းနှင့် ကြုံနေရပြန်ချေပြီ။ ထိုဝေါဟာရဆန်းကို ကောင်းစွာနားလည်ပြီး ထိုဝေါဟာရ၏ အဓိပ္ပာယ်အတိမ်အနက်၊ အကျိုးဆက် အနည်းအများကို ကောင်းစွာသဘောပေါက်သော်လည်း လူမှုရေးစာမေးပွဲတွင် လောက၀တ်ဘာသာရပ်၌ အမှတ်ကောင်းမရမည်ကို စိုးရိမ်ရပြန်သောကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ပြန်ပါချေ။ ဆိုးရွားလှသော ကံကြမ္မာကိုသာ မျက်မှောက်ပြုရတော့မည့်နှယ် ရှိချေတော့သည်။

လူထုဦးလှ၏ “ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ ” စာအုပ်မှ ကောက်နုတ်ဘာသာပြန်ထားသော Too much knowledge maketh fools “ အတတ်ကြူး၊ အရူးဖြစ် ” ဟူသော သင်ခန်းစာကို ယနေ့ခေတ် အင်္ဂလိပ်စာပြဌာန်းစာအုပ်တွင် ဖတ်မိသည့်အကြိမ်တိုင်း မချိပြုံးပြုံးမိရသည်ချည်းသာဖြစ်သည်။ အတတ်၊ အသိနှင့် သတိတို့ သင့်တင့်မျှတစွာ မယုတ်မလွန် ရှိနေပါလျှက် လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိခြင်းကလည်း အရူးဖြစ်စေသည်ဟုပင် သင်ခန်းစာကို ပြင်ဆင်ချင်စိတ်လည်း တဖွားဖွားပေါ်မိတတ်စမြဲ။  မြင်နေသောမျက်လုံးများ၊ ကြားနေသောနားများက မလိမ်ညာတတ်ကြခြင်းသည်လည်း များစွာစိတ်ညစ်ညူးစေပြန်၏။ အမြင်၊ အကြားအာရုံတို့သည် ဦးဏှောက်အာရုံလှိုင်းများအတွင်း ကောင်းမွန်ငြိမ်သက်စွာ မနေတတ်ကြ။ အသိစိတ်၊ မသိစိတ်တို့ကို နှိုးဆွကြပြန်သည်။ လောကပါလပေတံဖြင့် တိုင်းထွာ စံယူကြပြန်သည်။ မည်သို့ပင်ဆိုစေ ထိုအသိစိတ်၊ မသိစိတ်တို့သည် နှုတ်ထွက်စကားများအဖြစ် ထွက်လာခွင့်ကား မရှိပြန်ပါချေ။ ကမောက်ကမနိုင်လှသော လောက၏ မောစရာများကို၊ ရယ်စရာများဖြစ်အောင် နွားပိန်အသားဖြည့်ကြည့်နည်းဖြင့် စိတ်ကိုဖြေရင်း ပြုံးမျက်နှာဖုံးတုတစ်ခုကို တပ်ထားရခြင်းသည်ကား ပင်ပန်းလှပေစွ။ ထိုအပြုံးသည် ထေ့ပြုံး၊ လှောင်ပြုံး၊ မချိပြုံးသာဖြစ်ကြောင်း မိမိကိုယ်မိမိသာ နားလည်နိုင်စွမ်းသော ဦးဟန်ကြည်သည်လည်း လွန်စွာမှ ပျော်ဖွယ်၊ မက်ဖွယ်၊ စက်ဖွယ်၊ ချစ်ကြည်ညိုဖွယ်ကောင်းလှသော လူ့အန္ဓများကြားတွင် ပျော်ဝင်စီးမြောကာ အမေဂျမ်းတို့ဒေသတွင် ထမင်းနပ်မှန်ရေးအတွက် နေ့စဉ်ရက်ဆက် ရုန်းကန်ရင်း . . . ။                       ။ 


စာကြွင်း . . .

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ရေးထားဖြစ်တဲ့ ပို့စ်ပါ။ ပို့စ်ရေးပြီး တင်မယ်လုပ်တဲ့ နောက်တစ်ရက်မှာတော့ ပို့စ်ထဲကလို မီးမပျက်တော့ဘဲ ကောင်းကောင်းမွန်မွန် မီးလာနေတာ အခုအချိန်အထိပါ။ ဘာပဲဖြစ်ဖြစ် အက်ဆေးဆန်ဆန်ရေးထားဖြစ်တဲ့ ကိုယ့်အရေးအသားကို ကိုယ်သဘောကျတာကြောင့် မပြင်တော့ဘဲ တင်လိုက်ပါတယ်။ အနုပညာကို အနုပညာလို့ပဲယူဆပြီး သတင်းအချက်အလက်ကို ဦးစားမပေးဘဲ ဖတ်ကြဖို့ တောင်းပန်ပါရစေ။           ။

20 comments:

သတိုး said...

ဒီတစ်ပုဒ်က အက်ဆေးလေးပေါ့။ အရေးအသားတွေက ခါတိုင်းထက် ညက်တယ်ထင်မိတယ်ဆရာ...။ ကျွန်တော်တို့ မြို့က (နာဂစ်မှာ အသက်နဲ့ရင်းပြီး) မီးလင်းလာတာ တစ်နှစ်ကျော်ရုံကလေးဆိုတော့ ဆရာပြောတဲ့ ဒုက္ခဆင်တူတွေက ခုထိလတ်ဆတ်နေတုန်းလေ။ ရှပ်ပန်းဖြူနီမပါတဲ့ အမေဂျမ်းတွေ...လို့ ဆရာတွေးပြတာ သဘောကျတယ်။ နက်ဖြန် လက်ဘက်ရည်ဆိုင်ရောက်ရင် ၀ါဒဖြန်ဖို့ စကားလုံးအသစ်လည်း ရသွားလို့ ကျေးဇူးပါ ဆရာ..။း)

san htun said...

ဆရာဟန် အက်ဆေးရေးကောင်းတယ်..

မဒမ်ကိုး said...

ဟုတ်ပ ဆြာဟန်ရယ် .အမေဂျမ်းလက်သစ်တွေနဲ့တော့ ဘယ်တော့မှလဲ မတိုးတက်သလို ဘယ်ပစ္စည်းမှလဲ ကြာရှည်မခံဘူး .
သူများတွေဆီက မတရားရတဲ့ငွေဟာ ဘယ်တုန်းကများ တည်မြဲလို့လဲနော်
အမျိုးမျိုးသောပြသနာတွေနဲ့ပြန်ထွက်ကုန်တာပါပဲ
ဒီလိုအက်ဆေးလေးတွေများများရေးသင့်တယ် ဆြာရေး)

ခင်တဲ့

မဒိုးကန်

နေ၀သန် said...

အကုန်ပေါင်းလိုက်တော့ ဘာပြောရမယ်တောင်မသိတော့ဘူး.. အပေါ်က ၀က်ကလေးနဲ့မီးသီးလုံးလေးကိုတော့ သဘောကျမိတယ်....

ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

မီးဆိုလို့ ဒီဇင်ဘာနောက်ဆုံးပတ်မှာ လေးရက်မီးပျက်မယ်တဲ့ဆရာ မြို့နယ်ငါးမြို့နယ်လောက်ပါမယ်....။ ခုတော့အရင်လို ပျက်ချင်တုန်းပျက်မဟုတ်တော့ဘူး ကြိုတင်ကြေငြာတယ်...။ အဲဒါတော့ကွာသွားတယ်...။ ဆရာ့အက်ဆေးလေးသိပ်ကောင်းတယ် အဲလိုလေးများများရေးစေချင်တယ်...။

mstint said...

ပြီးခဲ့တဲ့တစ်လထဲကရေးထားတဲ့ ဒီအက်ဆေးလေး အခုပြန်တင်တဲ့အချိန်နဲ့ ကွက်တိပဲ ဦးဟန်ကြည်ရေ။ မနက်တိုင်းမီးပျက်တာ ညနေမှပြန်ကောင်းတယ်။ ဒီကနေ့ ဒီအက်ဆေးကောင်းလေး ဖတ်ခွင့်ကြုံဘို့ထင်ပါရဲ့ တစ်မနက်လုံးမီးမပျက်သေးဘူး ဦးဟန်ကြည်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

တဖြည်းဖြည်းနဲ့တော့ပြောင်းလဲလာမယ်လို့ အကောင်း
ဘက်ကမျှော်လင့်ထားပါရဲ့ဆရာရယ်....၊သူရို့လိပ်ပြာသန့်
ကြရင်တော့ စားကြပစေပေါ့ဗျာ...နော့....၊ဘာပဲဖြစ်ဖြစ်
အက်ဆေးကောင်းလေးအဖြစ် ဖတ်သွားပါတယ်ဆရာရေ့

ကိုကိုမောင်(ပန်းရနံ့) said...

အင်းးး
ဆရာ့အက်ဆေးလေး နယ်အထိ
ပေါက်ရောက်သွားရင်တော့ နိုင်ငံအ၀ှမ်း မီးဆွဲခြင်း မီးကစားခြင်းတွေ ခေတ်စားလာဦးမဲ့ပုံဘဲ။း)

အဲဒီလို အဲဒီလိုတွေ ရှိနေတဲ့ အမေဂျမ်းတို့ရွာလေးကိုတော့ သတိရနေမိသား။

ပညာပေးအက်ဆေးလေး အရမ်းကောင်းတယ် ဆရာရေ့။

ချစ်သူမောင် said...

လာလည်သွားပါတယ်ဦးဟန်ကြည်
ရေးချင်တာမရှိတော့ဒီလိုပဲရေးရတာပေါ့
မီးကိစ္စနဲ့ပြဿနာတက်နေတာကြာပြီခင်ဗျ
ခုတော့တိုက်တိုက်ဆိုင်ဆိုင်

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်မှာ နည်းပေါင်းစုံနဲ့ စားနေတာတွေ
စားပွဲအောက်ကနေ ယူနေပေးနေတာတွေ ပြင်ဖို့ အများကြီးပါဘဲ ဆရာရယ်..
ကိုယ်တိုင်လည်း ပေးခဲ့ရတယ်.. (မပေးမဖြစ် တဲ့ အချိန်ကိုး)
အဲသလိုပေးမှလည်း ဖြစ်မြောက်အောင်မြင်တာဆိုတော့ ပေးတတ်အောင်ကြိုးစားခဲ့ရတယ်
ယူတဲ့သူတွေတော့မသိဘူး ပေးတဲ့သူက ပေးရတာ ရှက်တယ်.ဆရာ
ကျွန်မတို့တိုင်းပြည်တိုးတက်ဖို့ဆိုရင် ပြင်ရမှာတွေ နေရာတိုင်းမှာဘဲနော်
ကိုယ်တိုင်လည်း ပြင်သင့်တာတွေ ပြင်ဖို့ ကြိုးစားပါဦးမယ် ဆရာရေ။
အက်ဆေးလေး ကောင်းသားနဲ့ဆရာ
နောက်လဲ ရေးပါဦး

8Yar said...

ဪမီးပျက်ရခြင်းရဲ့ အကြောင်းတရားကို အခုမှပဲသိတော့တယ် အစ်ကိုကြီးရေ။ ဆင်းရဲသားတွေကိုတော့ သနားမိပါရဲ့ဗျာ။

jasmine(တောင်ကြီး) said...

ကျွန်မတို့တိုင်းပြည်တိုးတက်ဖို့ဆိုရင် ပြင်ရမှာတွေ နေရာတိုင်းမှာဘဲနော်ဆရာ
အဓိက တော့မြန်မာတွေရဲ့စိတ်ဓါတ်ပါပဲ-အာရှကျားတွေကို
လိုက်မှီဖို့ကတော့ နောင်၁၀နှစ်လဲမလောက်ပါဘူးဆရာ(ကျွန်မအထင်ပေါ့)
မီးကလဲ ခုချိန်ထိမလဲုလောက်သေးပါလားနော်
အောက်ခြေ လူတန်းစားတွေအတွက်မြန်မာပြည်ဟာမကောင်းဆုံးပါပဲ
ခင်ခင်မင်မင် jasmine

တောက်ပကြယ်စင် said...

ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်နေခဲ့ပေမယ့် စာကြွင်းထဲမှာမှ ပြန်ပျော်သွားတယ်။ မီးက ကောင်းကောင်းမွန်မွန် ပြန်လာတယ်ဆိုလို့။ ဒီအက်ဆေးကြောင့် မြန်မာပြည်သားများ မီးဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ...

ကိုဇော် said...

အရမ်းကောင်းတဲ့ တင်ပြမှုလေးပေါ့ ဆရာဟန်ရာ။
အဲဒီလိုပဲ ကျနော်တို့လည်း ဟိုဘက်က လှည့်တွေးပေးရ ဒီဘက်က လှည့်တွေးပေးရနဲ့ ဘဝတွေက ကြာနေခဲ့ပြီ။

ကိုရင် said...

သြော်..အမေဂျမ်း..အမေဂျမ်း..
လှည့်တွေးပေးတဲ့ သူတွေလည်း လှည့်ပါများလို့ လည်နေပီ ထင်ပ..:)

blackroze said...

ဖျား..ဖျား..ဆြာဟန်ရယ်
ဘယ်နှယ့်နော်။။ဒီအက်ဆေးရေးတာ..
ဘာလို့ဝက်မီးလုံးပုံတင်ထားရတာလဲလေ..
ပစ်ပစ်ကလှည့်ဘဲပြန်ရတော့မလိုလို
ဆက်ဘဲဖတ်ရမလိုလို..
ဘာလိုလို
ညာလိုလို..နဲ့ရင်ကိုထိတ်ခနဲဖြစ်သွားတာဘဲ..

မီးကတော့ပြောမနေပါနဲ့တော့ဆြာဟန်ရယ်..
မီတာခထပ်တက်မယ်လို့တော့ကြားပါဘူးနော်..

နွေတေးရှင် (မင်းဧရာ) said...

အမေဂျမ်း ရဲ့ သား အမောင်ဂျမ်း လေးတွေပေါ့ ဆရာ......
သူတို့ကလည်း ရိုးရာမပျက် ချင်ကြလို့နေမှာပါဗျာ။

သည်လိုလူမျိုးတွေရှိနေသမျှ ကျွန်တော်တို့ ပြည်ကြီးက သူတကာ့ လက်ညိုးအောက်က ပျောက်မှာမဟုတ်ဘူး ဆရာ...။

ဒုတိယလူ said...

ဆရာရေ အမေဂျမ်းလက်သစ် လေးတွေတော့
ခံစားလိုက်မိပြီ
ဆက်လက်၍ သူခိုးကြီးငတက်ပြား လက်သစ်
လေးတွေအကြောင်း ဆက်ရေးပြအုံးနော်..း)
.. ခင်မင်လေးစားလျှက်
(ဒုတိယ)

Angelhlaing(May everybody be happy and healthy! said...

ထိထိမိမိလေး တင်ပြထားတဲ့ လှပသေသပ်တဲ့ အနုပညာလေးပါလားအကို...

ဆူးသစ် said...

မရောက်တာကြာခဲ့ပြီ ကိုဟန်ကြည်။ အက်ဆေးအရေးနည်းနေကြတဲ့အချိန်မှာ အက်ဆေးတစ်ပုဒ်တွေ့ရတာ ကျေနပ်မိပါတယ်။ အမေဂျမ်းတဲ့လားဗျ။ တင်စားပုံသင်းလှချည်လား။ ကျွန်တော်ကတော့ စာဖတ်ရတာသဘောကျတော့ နောက်ကလာနေတဲ့ အသံကြီးက တော်တော်အနှောင့်အယှက်ပေးနေလေရဲ့ဗျာ။

ကြိုက်ရင်ပေါ့လေ . . .