လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။
“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်မှာ အခြေခံပါရဲ့။
သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။
နောင်လာနောက်သားတွေအတွက် တသသနဲ့ အောက်မေ့စရာ၊ ချီးကျူးဂုဏ်ယူစရာ သမိုင်းကြောင်းတစ်ခု ချန်ထားရစ်နိုင်ခဲ့ဖို့ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်လှပါတယ်။ တစ်ရက်တစ်ရက် အကုန်မြန်လွန်းလှတဲ့ လောကကြီးမှာ ရာဇ၀င်တစ်ခုကို မော်ကွန်းတင်ဖို့ အရေးကို ထိုင်ပြီးတွေးနေရင်တော့ အိပ်မက်လိုပဲ ဝေးနေဦးမှာ သေချာပါရဲ့။ သမိုင်းကြောင်းတစ်ခုဆိုတာ လူကဖန်တီးယူလို့ ရကောင်းရနိုင်ပေမယ့် ထင်ရှားတဲ့ သမိုင်းကြောင်းတစ်ခုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး တုံ့ပြန်ပြုမှုမှပဲ ပီပြင်ပြောင်မြောက်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့သမိုင်းကြောင်းဟာ အကောင်းဆုံးဖြစ်နိုင်ပါသလဲ။
လိုအပ်တဲ့ အခြေအနေကို အရှင်းဆုံးတင်ပြဖို့ စကားလုံးလေးလုံးပါတဲ့ စကားစုတစ်ခုပဲ လိုအပ်ပါတယ်။
“ အခက်အခဲ ”
“ အကြပ်အတည်း ”
“ ကမောက်ကမ ”
အခေါ်အဝေါ်ကွဲပေမယ့် မဖြေရှင်းနိုင်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြရတာချင်းတော့ အတူတူပဲ ဖြစ်ပါတယ်။
လူအများစုဟာ အခက်အခဲ၊ အကြပ်အတည်း၊ ကမောက်ကမ၊ ကသောင်းကနင်းစတဲ့ အခြေအနေကို အင်မတန် ကြောက်ရွံ့တုန်လှုပ်ကြပါတယ်။ စမ်းချောင်းကလေးထဲမှာ လောင်းလှေကလေး စီးရသလို သာယာငြိမ့်ညောင်းတဲ့ ဘ၀ခရီးမှာ လေညင်းတွေ တသုန်သုန်တိုက်ခတ်၊ ငှက်ကလေးတွေ တေးသီနေတာကို ကြည်ကြည်နူးနူး အရသာခံရင်း ဘ၀ကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းကုန်လွန်ချင်ကြတာ လူသားရဲ့ အန္တိမဆန္ဒပဲ မဟုတ်ပါလား။ ဒါပေမယ့် လက်တွေ့ဘ၀မှာ လေညင်းဟာလည်း အမြဲတိုက်ခတ်နေမှာ မဟုတ်သလို ငှက်ကလေးတွေလည်း အမြဲတမ်း တေးချင်းညည်းနေနိုင်မှာ မဟုတ်ပါ။ စမ်းချောင်းကလေးလဲ အမြဲစီးဆင်းနေနိုင်မှာ မဟုတ်သလို နေမင်းကလည်း အမြဲတမ်းတောက်ပ ကြည်လင်နေနိုင်မှာ မဟုတ်တာကို သတိထားရပါလိမ့်မယ်။
ဒါဟာ ဘ၀ပါ…
ထူးခြားဆန်းကျယ်မှု၊ လျှို့ဝှက်သိပ်သည်းမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘ၀မှာ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ဘာကိုမှ မပိုင်ဆိုင်နိုင်တဲ့ သင်္ခါရလောကကြီးမှာ ကျင်လည်ရပ်တည်နေကြရတာမို့ အရာရာတိုင်းကို ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ စိတ်ကူးထားခြင်းဟာ ရူးသွပ်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ညင်ညင်သာသာတိုက်ခတ်နေတဲ့ လေညင်းကနေ ကြမ်းတမ်းရက်စက်တဲ့ မုန်တိုင်းတစ်ခု အသွင်ပြောင်းဖို့ အချိန်စက္ကန့်ပိုင်းလောက်ပဲ လိုပါတယ်။ သာယာကြည်နူးစရာကောင်းလှတဲ့ ဘ၀တစ်ခုကနေ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တစ်ခု ဖြစ်သွားဖို့လည်း အလှည့်အပြောင်းတစ်ခုပဲ လိုအပ်ပါတယ်။
မှန်ပါတယ်။ ဒါဟာ ဘ၀ပါ…
လေညင်းကို ချစ်တတ်ရင် လေပြင်းကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေမင်းကို မြတ်နိုးရင် ညအမှောင်ကိုလည်း ကျင့်သားရဖို့ ကြိုးစားရပါလိမ့်မယ်။ တကယ်တော့ အရာအားလုံးဟာ တဒင်္ဂသာ ဖြစ်ပါတယ်။ ဖျတ်ခနဲပေါ်လာပြီး ဖျတ်ခနဲပျောက်သွားတတ်တဲ့ ဒီလောကကြီးမှာ လူအားလုံး ရင်ဆိုင်ဖို့ ၀န်လေးကြတဲ့ “ အခက်အခဲ ” “ အကြပ်အတည်း ”ဆိုတာတွေလည်း ဖျတ်ခနဲပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဖျတ်ခနဲ ပြန်ပျောက်သွားကြပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီတဒင်္ဂအခိုက်အတန့်ကလေးဟာ ဘ၀ရဲ့ သမိုင်းပါ။ ဘ၀ရဲ့ မှတ်တမ်းပါ။
ကိုယ်နဲ့အတူ ကိုယ့်ရင်ထဲမှာ ထာဝရ ရှင်သန်ကျန်နေရစ်မယ့် ဘ၀ရဲ့ သမိုင်းတွေဖြစ်လာမယ့် တဒင်္ဂတွေပါ။
အခက်အခဲ၊ အတားအဆီးတွေဟာ လူသားတွေကို ပျင်းရိညည်းငွေ့ခြင်းမရှိစေဖို့ လောကရဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘ၀ပန်းချီကားကို ပိုမိုလှပစေမယ့် ဆေးသားတစ်စပဲ ဖြစ်ပါတယ်။ အဖြူသက်သက်နဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရ ကင်းမဲ့မှုကို ပျောက်ကွယ်စေဖို့ အရောင်တင်ပေးလိုက်တဲ့ အနက်ရောင် ဆေးတစ်ဗူးပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အဲဒီအခြေအနေမှာ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။
တကယ်တော့ လူတိုင်းရဲ့ ဘ၀မှာ အခက်အခဲဆိုတာ ရှောင်လွှဲလို့ မရနိုင်စကောင်းတဲ့ အဆင်တန်ဆာပဲ ဖြစ်ပါတယ်။ ဘုရင်ကြီးမှာလည်း ဘုရင်ကြီးရဲ့ အခက်အခဲ ရှိသလို၊ သူတောင်းစားလည်း သူ့အခက်အခဲနဲ့သူပါ။ အခြေအနေတိုင်းဟာ တစ်စုံတစ်ယောက်အတွက် အခက်အခဲ ဖြစ်နိုင်သလို တစ်စုံတစ်ယောက်အတွက် အခွင့်အလမ်းလဲ ဖြစ်နိုင်ပါတယ်။ အခြေအနေကို ရှုမြင်တဲ့ ရှုထောင့်ပေါ်မူတည်ပြီး အရာရာကို ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းကို လူသားတွေအတွက် လက်ဆောင်အဖြစ် သဘာဝလောကကြီးက ပေးထားခဲ့ပြီးသား ဖြစ်ပါရဲ့။
တကယ်တော့ အခက်အခဲဆိုတာ မရှိပါ။ အခက်အခဲဆိုတာ အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲဟာ ကြီးမားတဲ့ အခွင့်အလမ်းလို့ ဆိုရပါလိမ့်မယ်။ ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲတွေဟာ အခက်အခဲလို့ ယူဆကြပေမယ့် အဲဒီအခက်အခဲကို ကျော်လွှားပြီး ရလာတဲ့ အောင်မြင်မှုကိုတော့ လျှစ်လျှူရှုကြတာ များပါတယ်။ အခက်အခဲကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားနိုင်ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ သာယာလှပတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရသွားကြပါရဲ့။ ဘ၀ဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲတွေကနေ ရလာမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေကို မြင်အောင်ကြည့်နိုင်ရင် အောင်မြင်တဲ့ဘ၀ကို ရယူပိုင်ဆိုင်နိုင်မှာ မလွဲပါ။
“ သူရဲကောင်း ” ဆိုတာ တိုက်ပွဲတွေကနေ မွေးထုတ်ပေးတာပါ။ “ အောင်မြင်ခြင်း ” ဆိုတာလည်း အခက်အခဲက မွေးထုတ်ပေးတဲ့ ရတနာပဲ ဖြစ်ပါတယ်။ သူရဲကောင်းဖြစ်ချင်ရင် တိုက်ပွဲကို ရှာရပါလိမ့်မယ်။ အောင်မြင်ခြင်းကို လိုချင်ရင်လည်း အခက်အခဲကို ရင်ဆိုင်ရပါလိမ့်မယ်။ သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အခက်အခဲကို ရင်ဆိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အခက်အခဲက ပေးလာတဲ့ အောင်မြင်ခြင်းကို အမိအရ ဖမ်းဆုပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
“ ကျူးဘား ဒုံးပြန် အရေးအခင်း ” ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ထင်ရှားကျော်ကြားခဲ့ပါတယ်…
“ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန် ” ကြောင့် သခင်အောင်ဆန်းဟာ မြန်မာ့သူရဲကောင်း ဖြစ်ခဲ့ပါတယ်…
“ ကျေးကျွန်စနစ် ” ကြောင့် အေဗရာဟမ်လင်ကွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်…
ဒါကြောင့် ကိုယ့်မှာရင်ဆိုင်နေရတဲ့ အခက်အခဲတိုင်းကို ရှုထောင့်ပြောင်းကြည့်ဖို့ လိုအပ်နေပါပြီ။ အခက်အခဲယောင်ဆောင်ထားတဲ့ အခွင့်အလမ်းကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်လာပါပြီ။ ကိုယ့်ဘ၀ရဲ့ အချိန်ပိုင်းတွေကို ပြန်လှည့်ကြည့်လိုက်ရင် အအောင်မြင်ခဲ့ဆုံး အချိန်ပိုင်းတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့တဲ့ အချိန်တွေပဲ ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် လောလောဆယ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘာအတွက် တုန်လှုပ်ကြောက်လန့်ဖို့ လိုပါသေးလဲ။ မဖိတ်ခေါ်ရဘဲ အလည်ရောက်လာတဲ့ အခက်အခဲကို နေရာထိုင်ခင်းတစ်ခု ကျကျနနပေးပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါစို့လား။
ကိုယ့်ရဲ့မကျွမ်းကျင်မှုနဲ့ မရင့်ကျက်မှုကြောင့် အခက်အခဲကို မကျော်လွှားနိုင်သေးရင်တောင် “ အတွေ့အကြုံ ” ကောင်းတစ်ခု ရသွားပြီး ကြံ့ခိုင်မှု အဆင့်အတန်းတစ်ခု မြင့်တက်သွားမှာ သေချာနေတာမို့ …
“ အခက်အခဲလားဟေ့…၀င်ခဲ့လေကွယ် ”
21 comments:
ရယ်စရာတွေရေးနေရာကနေ တက်ကျမ်းဘက်လှည့်လိုက်လို့နည်းနည်းတော့ မျက်စိလည်သွားရပါတယ်။ အခက်အခဲဆိုတာအခွင့်အလမ်းအတွက်အယောင်ဆောင် ထားတာဆိုတဲ့သဘောကိုတော့ ကြိုက်မိတယ်။ လေးစားပါတယ်။
မှန်လိုက်လေဗျာ....
ဆရာ့ ရေးခဲ့သောအရေးနဲ့ ကျွန်တော့်အတွေး ကျွန်တော့်ခံယူချက်ဟာ တစ်ထပ်တည်ကျနေလို့ အလွန့်အလွန်ကို လေးစားရပါတယ် လူတိုင်းကိုလည်း ထိုကဲ့သို့ခံယူစေ့ချင် တွေးစေ့ချင်တယ် ဆရာ။
ကိုဆူးသစ်ရေ...
ဒီနေ့ခေတ်လူငယ်တွေမှာ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်၊ အခက်အခဲကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်အင်အားတွေနည်းနေတာကို အားမလိုအားမရဖြစ်မိတာကြောင့် နိုင်တဲ့ဘက်ကနေ စာပေ့တာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ တက်ကျမ်းတွေကို ရေးနေဖြစ်ပါတယ်...အကျိုးကျေးဇူးတစ်စုံတစ်ရာ ပေးနိုင်ခဲ့ရင် ကျေနပ်ရမှာပါ...
ဟာသလေးတွေကို ရေးနေဖြစ်တာကလည်း လာဖတ်တဲ့ စာချစ်သူတွေအတွက် ဘ၀အမောတွေကို ရယ်ရင်းမောရင်းပြေစေချင်တဲ့ စေတနာနဲ့ ရေးတာမို့ လိုင်းပြောင်းပေမယ့် စေတနာကတော့ မူလလက်ဟောင်းအတိုင်းပါလို့ ပြောပါရစေဗျား...
အားပေးတာ ကျေးဇူးတင်ပါတယ်...
ဆြာဦးဟန်ကြည်ကြီးရေ..
အခက်အခဲတခုပြီးသွားတိုင်း
အတွေ့အကြုံတခုရလိုက်တယ်ဆိုပေမဲ့
အဲဒီအခက်အခဲကိုရင်ဆိုင်နေချိန်မှာတော့
တော်တော်ကိုဖီလင် ဖြစ်ရတာပါ..
အဲတာကြောင့်လဲဘဝဆိုတာ
တိုက်ပွဲပါဘဲလို့သတ်မှတ်ကြတာပေါ့နော်..
ပစ်ပစ်ကတော့နိုင်အောင်တိုက်ပြီးမှ
အိမ်ကိုပြန်မယ်...
ကောင်းလိုက်တဲ့ အရေးအသားလေးတွေ ကိုဟန်ကြည်ရေ။ အမှန်ပါပဲ လူငယ်အချို့ဟာ အခက်အခဲကြုံပြီဆိုတာနဲ့ ရှေ့ဆက်တိုးဘို့ ဖြေရှင်းဘို့ကို ဝန်လေးတတ်ကြတယ်။ အခုလိုစာပေမျိုးတွေကို လူငယ်တွေ ဖတ်စေချင်လိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းလိုက်တာဆရာရေ့..
ဒီလိုမျိုးတွေ နောက်များများရေးပါ ဆရာ
အားပေးပါရင်း အသိပညာကောင်း တစ်ခု
ကောင်းကောင်းရလိုက်လို့ ကျေးဇူး
အထူးတင်မိပါတယ် ဆရာ..
လေးစားခင်မင်လျှက်
(ဒုတိယ)
အင်း... နဂိုကတော့ သရဲဝတ္ထုဖတ်နေတုန်း ၀င်ခဲ့လေကွယ်ဆိုတော့ တစ်မျိုးပဲလို့.. :P.. ဖတ်ရင်းနဲ့မှ တက်ကျမ်းဖြစ်နေတာကိုး... ကောင်းပါ့.. ဆရာဟန်ကြည်ရေ.. အခက်အခဲကို ကစားစရာလိုသဘောထားပြီး အနိုင်ပိုင်းနိုင်ရင် ဘ၀ကို အောင်မြင်အောင်တည်ဆောက်နိုင်ပြီပေါ့..း))
ခင်မင်လျက်
နေ၀သန်
“အခက်ခဲလားဟေ့ ၀င်လာခဲ့လေကွယ်” ဆရာပြောတာသိပ်မှန်တယ်.....။ အတွေ့အကြုံဆိုတာ ဘ၀အတွက် အောင်မြင်မှုလှေကားထစ်တစ်ခုပဲ...။
ဆရာရေ
ကွန်မကတော့လူတစ်မျိုးလို့သူများတွေပြောကြမယ်ထင်တယ် ဘ၀ကသိပ်ပြီးချောနေရင် မကြိုက်ချင်ဘူး
ထူးခြားပြီး တစ်ခုခုဖြစ်နေချင်တယ်
အဲတာမှ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်၊ အခက်အခဲကို ရင်ဆိုင်ရဲတဲ့စိတ်တွေထကြွလာမှာလေ
အမြဲတမ်းပျော်နေရင်လဲစိတ်ညစ်လာတယ်နဲနဲတော့အလွမ်းတွေလိုချင်မိတယ်...
ဒီတစ်ခါဆရာရေးတင်တဲ့ပိုစ့်ကိုအရင်စာတွေထက်ပိုပြီး
ကြိုက်တယ်
ခင်မင်တဲ့ jasmine
ခွန်အားဖြစ်စေသော ပို့စ်လေးဖတ်ခွင့်ရလို့ ..ကျေးဇူးပါအကို..
သူများအားကိုးတာတော့ သိပ်မရှိဘူးဆရာ။ အခက်အခဲတွေ့ရင်တော့ အစောကြီး စိတ်ပျက်တတ်တယ်။ ဒါပေမယ့် စိတ်ပျက်လက်ပျက်ကြားကပဲ ဆက်တော့ရှေ့တိုးနေဖြစ်တာ ကံကောင်းတယ် ပြောရမှာပေါ့။
တက်ကျမ်းတွေ တစ်ခုတ်တရ မဖတ်ဖြစ်ပေမယ့် တစ်ခါတလေ ဖတ်ဖြစ်တဲ့အခါ မာန်တင်းလို့ ကောင်းပါတယ်ဆရာ။ လူငယ်တွေ အတွက်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို အလျော့မတင်းဆင်ခြင်နိုင်ရင် တက်ကျမ်းက သူတို့အတွက် လိုအပ် အသုံးဝင်မှာပါ။ (ဆရာ့ဆိုဒ်ထဲရောက်လာပြီး ဒီတစ်ခါ မရယ်ရဘူးဗျို့။ အလျော်ပြန်ပေးပါ)
ဟုတ်တယ် ဆရာရေ...
အခက်အခဲတွေက ထန်းလျက်ခဲလောက် မချိုမြပေမဲ့
တိုက်ပွဲတွေ လိုက်ပွဲတွေကြားထဲမှာဘဲ
ရုန်းကန်ရင်း ပြုံးပြန်ရင်းနဲ့
အောင်မြင်ခြင်းလားဟေ့.. ၀င်ခဲ့လေကွယ် လို့ ပြောလို့ရအောင် အခက်အခဲတွေကို ကြိုဖိတ်ခေါ်ထားတာ ကောင်းပါတယ်။
ဟာသကနေ ဘ၀ကိုပြောင်းပေမဲ့
ဆရာ့စာကိုတော့ အထာကျနေကြောင်းပါဗျာ။း)
ခင်မင်လျှက်
ကိုသတိုးရေ...
ရယ်စရာလေးတွေချည်းရေးနေရတာ အားရှိစရာလေးလည်း ရေးစမ်းပါရစေဦး...တော်ကြာဘ၀ဆိုတာ ဟာသပါလို့ ထင်ကုန်ကြမှာလည်း စိုးရသေးတယ် မဟုတ်လား...နောက်တစ်ခါကျရင် လာသမျှလူတိုင်းကို မရယ်ရယ်အောင် ကလိကိုထိုးလွှတ်မယ်...လျော်စရာတော့ ဖွတ်ကလိဒင်္ဂါးကုန်မှာ နှမြောလို့...ဟဲ ဟဲ...
ကျေးဇူးတင်တယ် ဆရာ ကျနော် အားတွေ ရလိုက်သလိုပဲ နင်လားဟဲ့ လောကဓံ ပေါ့နော်း)
ဘ၀မှာကြုံလာတဲ့အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့အင်အားတစ်ခုလိုတာတော့ အမှန်ပဲဆရာ။ အဲဒီလိုအင်အားတွေကို ဒီလိုစာမျိုးလေးက အများကြီးဖြည့်ပေးနိုင်တယ်။ ခုခေတ်ကလေးတွေကို စာတွေအများကြီးဖတ်ကြစေချင်တယ်။ အခုတော့ ပတ်ဝန်းကျင်မှာ စာဖတ်ပျင်းတဲ့ကလေးတွေချည့်တွေ့နေရလို့။ ပျင်းတာထက် စာဖတ်ဖို့ကို စိတ်မ၀င်စားကြတော့တာ..
ဟား ဆရာကြည်ရယ် ဒီလောက်ကောင်းတဲ့ပိုစ့်တွေကို ကိုရင့်ဆီမှာကွန်မရတာနဲ့ လွတ်ရတယ်
ကောင်းလိုက်တာ
ဖတ်သွားမှတ်သွားသေချာမှတ်သားသွားပါတယ်ဆရာ
ခင်မင်လျှက်
အချစ်လားဟေ့ ဝင်ခဲ့လေကွယ်လို့  မှတ်လိုက်တယ် ဦးဟန်ကြည်ကြီး
အားပေးသွားပါတယ်ခင်ဗျာ။ အရမ်းကြိုက်တဲ့ ပိုစ်တစ်ခုပါ။ အခက်အခဲများများကြုံရတာကို ပိုကြိုက်တယ်။ မဟုတ်ရင် ပျင်းစရာကြီး။ နောက်တစ်ခု အခက်အခဲတစ်ခု ကျော်သွားနိုင်တိုင်းမှာ ထိုနည်းတူ နောက်တစ်ခု ထပ်လာရင် ဒါဟာ အခက်အခဲ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ကျောင်းမှာ လေ့လာသလိုပဲ မသိသေးရင်တော့ ခက်နေတယ်၊ သိသွားပြန်တော့လည်း ပျော်စရာကြီး။ ခုလို inspiration လေးတွေ ဖတ်ရလို့ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။
ခင်မင်စွာဖြင့်
AH
ခွန်အားယူစရာ ဘဝရဲ့ ဒသနလေးတွေအတွက် ကျေးဇူးပါရှင့်
အားဆေးတခွက်ပဲဗျာ့
ဒီလိုစာတွေဖတ်ရတာ တန်ဖိုးရှိတယ်
ကြိုက်တယ် ကျေးဇူးဆြာ
မောင်ဘကြိုင်
အရမ်းကောင်းတယ်ဗျာ
လေးစားလျှက်ပါ...
Post a Comment