Tuesday, 1 November 2011

ချစ်စွာသော သူငယ်ချင်းများ . . .

ဆေးကျောင်းက သူငယ်ချင်းတွေအကြောင်းကို 
  အကျဉ်းချုပ်အဖြစ် လွန်ခဲ့တဲ့ ပို့စ်တစ်ခုကျော်က ရေးဖြစ်ပါတယ်။ ဘလော့ဂ်သက်တမ်းကလေး နှစ်နှစ်ပြည့်လုပြည့်ခင်ရှိလာပြီမို့ Personal post တွေကိုလျှော့ပြီး သုတ၊ ရသဆိုင်ရာပိုစ့်တွေကို ဦးစားပေးတင်ဖို့ စိတ်ကူးရှိပေမယ့် ဘ၀အမောတွေနဲ့ကြုံရတွေ့ရတိုင်း တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ပြန်သတိရနေဖြစ်တာကြောင့် ရေးဖြစ်သမျှစာတွေအားလုံးကလည်း သူငယ်ချင်းတွေကို သတိရကြောင်း၊ လွမ်းကြောင်းနေပဲ ဖြစ်နေပါတော့တယ်။

http://www.commentsyard.com/graphics/best-friends/best-friends24.gif

ဆရာစိုင်းခမ်းလိတ်ကတော့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းမှာ “ အပူအပင်ကင်းတဲ့…ကလေးဘ၀ကို…တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်…
အပြစ်မသိသေးတဲ့…ကလေးလေးဘ၀ကို…တစ်ခါပြန်ပြီးရချင်သေးတယ်… ” လို့ လွမ်းလွမ်းဆွေးဆွေး တမ်းတရှာပါတယ်။ ဒါပေမယ့် ကလေးဘ၀တစ်လျှောက်လုံး ကျောင်းစာနဲ့နပမ်းလုံးရင်း ဖြစ်ချင်တာတွေဖြစ်ဖို့ ဦးစားပေးရ၊ စွန့်လွှတ်ရတာတွေများခဲ့ရတာကြောင့် အိပ်ယာထ၊ ကျောင်းသွား၊ ကျောင်းပြန်၊ စာကြည့်၊ အိပ်ရာဝင်ဆိုတဲ့ နေ့စဉ်အချိန်ဇယားနဲ့ လုံးလည်ချာလည်လိုက်ပြီး ဘုမသိ၊ ဘမသိ ကုန်ဆုံးသွားခဲ့တဲ့ ကလေးဘ၀ကိုတော့ ဦးဟန်ကြည် ပြန်မလိုချင်တော့ပါ။ ကလေးဘ၀ကတည်းက ကလေးနဲ့တူအောင် မနေခဲ့ရတာမို့ တကယ်လို့များ ကလေးဘ၀ကို နောက်တစ်ခါပြန်ရရင်လည်း ကလေးလုပ်နည်းမသိခဲ့တဲ့ ဦးဟန်ကြည်ခမျာ ယောင်ချာချာ ဖြစ်ရဦးမှာ သေချာသလောက်ရှိနေတယ် မဟုတ်ပါလား။

ဒါကြောင့် လူငယ်ဘ၀မှာ လူငယ်နဲ့တူအောင် နေခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကိုပဲ တစ်ရက်မဟုတ်တောင် နေ့တစ်ဝက်လောက်တော့ ဖြစ်နိုင်မယ်ဆိုရင် ပြန်ရချင်မိပါတော့တယ်။ စိတ်တူကိုယ်တူ၊ ခံယူချက်တူ သူငယ်ချင်းတွေအားလုံးနဲ့သာ အဲဒီလို ပြန်နေခွင့်ရမယ်ဆိုရင်ဖြင့် ဘာကိုပဲစွန့်လွှတ်ရ စွန့်လွှတ်ရ တန်တယ်လို့ပဲ ယူဆမိပါတော့တယ်။
“ ကိုယ်လိုတာရတဲ့ အချိန်များနဲ့…ဒီမျှော်လင့်ခြင်းလေး…လဲချင်တယ် ” ဆိုတဲ့ မျိုးကျော့မြိုင်ရဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကိုပဲ ခပ်ညည်းညည်လေး ဆိုချင်မိပါသေးရဲ့။

 ဦးဟန်ကြည်ရဲ့ တစ်သီးပုဂ္ဂလဆန်ဆန်နေတတ်တဲ့ ငယ်ကျင့်တွေအားလုံးကို ဆေးကျောင်းသားဘ၀မှာ ဇွတ်အတင်းပြုပြင်ပြီး လူနဲ့သူနဲ့ နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့်ခန်းဆင်းနေခဲ့တာမို့ သူငယ်ချင်းအများစုနဲ့ အင်မတန်မှ သဟဇာတဖြစ်ခဲ့ပါတယ်။ သဟဇာတမဖြစ်ဘဲ နေပါရိုးလား။ ဟိန္ဒူသူတော်စင်ကြီး ဆိုင်းဘာဘာရဲ့ အဆိုအမိန့်ဖြစ်တဲ့ -
“ ကျွန်ုပ်ဟာ မိတ်ဆွေလိုအပ်သူနဲ့တွေ့ရင် မိတ်ဆွေဖြစ်တယ်။
မိဘနဲ့တွေ့ရင် သားသမီးဖြစ်တယ်။
သားသမီးတွေနဲ့တွေ့ရင် မိဘဖြစ်တယ်။
ဆရာနဲ့တွေ့ရင် တပည့်ဖြစ်တယ်။
တပည့်ခံလိုသူနဲ့တွေ့ရင် ဆရာဖြစ်တယ် ”
ဆိုတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့ပေသကိုး။ ဘယ်လောက်အထိများလိုက်နာခဲ့သလဲဆိုရင် သောက်တတ်တဲ့သူငယ်ချင်းတွေနဲ့ တွဲမိရင် သူတို့သောက်တဲ့ဆိုင်တိုင်းကို အတူလိုက်သွား၊ မသောက်ချင်ရင်လည်း အမြည်းစားပြီး သူတို့ရစ်သမျှကို သည်းညည်းခံ၊ သည်းမခံနိုင်တော့ရင်လည်း ဘာမှပြန်မပြောတော့ဘဲ တစ်ပက်လောက်မော့ချပြီး တစ်လုံးစာလောက်မူးပြ၊ အနှီသကောင့်သားတွေ မှောက်သွားရင် အဆောင်ကိုတွဲပို့တဲ့အလုပ်ကိုလည်း စေတနာ့ဝန်ထမ်း လုပ်ပါသေးတယ်။ ဖဲရိုက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ တွဲမိပြန်ရင်လည်း သူတို့ဖဲဝိုင်းဘေးမှာထိုင်ရင်း ဘေးကနေ လေနဲ့အားပေး၊ တစ်ယောက်တစ်လေ အပေါ့အလေးသွားရင် သူ့ဖဲချပ်ကို အစားဝင်ကြည့်ပေး၊ ပိုက်ဆံလိုရင် ထုတ်ချေးပေး စသည်ဖြင့် ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်ပါတယ်။ ဒါပေမယ့် ဂဏန်းပေါင်းတာကို စိတ်မရှည်တဲ့ ဦးဟန်ကြည်ခမျာ အပွင့်ပွတ်ဖို့ ပါရမီမပါရှာခဲ့တာကြောင့် ကိုယ်တိုင်တော့ ၀ိုင်းထဲမှာဝင်ပြီး တစ်ခါမှ ဖဲမရိုက်ခဲ့ဖူးပါ။ တက္ကသိုလ်မတက်ရခင်မှာပဲ ချစ်လှစွာသော မွေးသဖခင်က သားတော်မောင်ကို ဘာမဆို တတ်စေချင်တဲ့ စေတနာဗလပွနဲ့ တစ်လနီးပါးလောက် ဖဲရိုက်သင်ပေးပေမယ့် သင်္ချာပါရမီနည်းတာကြောင့် ဒီနေ့ဒီအချိန်အထိ ဖဲဆိုရင် သုံးချပ်ပေါင်းပြီး ဂဏန်းအကြီးဆုံးရတဲ့လူက အနိုင်ရတဲ့ ကစားနည်းကလွဲလို့ ဘာမှ မကစားတတ်ရှာပါ။ သူငယ်ချင်းတွေ ကစားတဲ့ ဘူကြီး၊ ကိုးမီးစတဲ့ ဖဲရိုက်နည်းတွေကိုလည်း တစ်ခုမှနားမလည်ဘဲ ဖဲချပ်တွေကို အစားဝင်ဝင်ကိုင်ပေးရုံပဲ တတ်နိုင်တာကြောင့် ဖဲအုပ်စုနဲ့တော့ အတွဲနည်းခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀မှာ နှလုံးသားပဟေဠိကို အဖြေညှိချင်တဲ့ သူငယ်ချင်းတွေအတွက်ကတော့ ဦးဟန်ကြည်က မရှိမဖြစ် Catalyst ပါ။ ဘာကြောင့်လဲဆိုရင် သူတို့တွေရင်ဖွင့်သမျှ ဒိုင်ခံနားထောင်ပေးလေ့ရှိသကိုး။ ဒါတင်မကသေးဘဲ လိုအပ်လာရင် မေတ္တာဗျူဟာတွေကိုပါ ချမှတ်ခင်းကျင်းပေးပြီး၊ မေတ္တာစာခွေတွေကိုလည်း ကိုယ်စားရေးပေးလေ့ရှိပါသေးရဲ့။ ကိုယ်ကိုယ်တိုင် မစွံပေမယ့် သူများကို ချွန်တွန်းလုပ်ရာမှာတော့ ပါရမီပြည့်ခဲ့တာမို့ သူငယ်ချင်း အချင်းချင်းလည်း အတွဲတွေ အသီးသီးအသက ရခဲ့ကြပါတယ်။ တစ်ချို့လည်း ခိုင်ခိုင်မြဲမြဲ လက်တွဲပြီး မျိုးဆက်သစ်တွေတောင် ပွားစည်းလို့ နေကြလေရဲ့။ ဒါပေမယ့် ဘုရားပြီးရင် ငြမ်းဖျက်ကြတဲ့ လောကရဲ့ နိယာမအတိုင်း မွေးတဲ့ကလေးကို ဦးဟန်ကြည်နာမည်လေးပါအောင် မှည့်ပေးဖို့ စေတနာကောင်းနဲ့ အကြံကောင်းပေးတော့ သကောင့်သားများက မိုးမွှန်အောင် မေတ္တာပို့ကြပါပေရဲ့။ ( မတရားလိုက်ပုံများကတော့ … )

ကျောင်းသားဘ၀တစ်လျှောက်လုံး ဦးဟန်ကြည်နဲ့ အတွဲအများခဲ့ဆုံးသူငယ်ချင်းက သုံးလေးယောက်ရှိပါတယ်။ အများနဲ့ သဟဇာတ မဖြစ်သူတွေနဲ့ ပုလံပနံသင့်လေ့ရှိတဲ့ မွေးရာပါဗီဇအတိုင်း အဲဒီသူငယ်ချင်းတွေက ဦးဟန်ကြည်တစ်ယောက်နဲ့ပဲ အဆင်ပြေကြပါတယ်။ ဒီပို့စ်ကို ဆက်ရေးရင် သူငယ်ချင်းတွေရဲ့ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်တော့မှာမို့ လောလောဆယ်ကာလမှာ ဆရာဝန်တွေ၊ ပါရဂူတွေဘ၀နဲ့ မိန့်မိန့်ကြီးလုပ်နေကြတဲ့ အနှီသကောင့်သားများရဲ့ နာမည်ရင်းတွေကိုတော့ omit လုပ်ပြီး မောင်ဖြူ၊ မောင်နီ၊ မောင်ညိုလို့ပဲ နံမည်ဝှက်ပေးထားလိုက်ပါရစေဦး။

အရင်းနှီးဆုံးသူငယ်ချင်း မောင်ဖြူနဲ့ ဦးဟန်ကြည်နဲ့က ကျောင်းရောက်ပြီး မကြာခင်ဘဲ ခင်ခဲ့ကြတဲ့သူတွေပါ။ အနှီသကောင့်သားရဲ့ ထင်ရှားတဲ့ဝိသေသက ဓာတ်ပုံရိုက်ရင် မျက်နှာပေး အလွန်ကောင်းခြင်း ဖြစ်ပါရဲ့။ ဘယ်လောက်များမျက်နှာပေးကောင်းသလဲဆိုရင် သူ့ဓာတ်ပုံကို မြင်ရသူတိုင်း ကရုဏာသက်ကြရပါတယ်။ မသက်ဘဲနေပါရိုးလား။ မောင်မင်းကြီးသားက ဓာတ်ပုံရိုက်ခံတိုင်းမှာ ဖွင့်ထားရမယ့် မျက်စိကို ပိတ်ပြီး၊ ပိတ်ထားရမယ့် ပါးစပ်ကိုတော့ အသားကုန်ဖြဲထားလေ့ရှိတာကြောင့် ဘယ်ဓာတ်ပုံထဲမှာကြည့်ကြည့် သူငယ်နာမစင်သေးတဲ့ ရုပ်လက္ခဏာမျိုး အထင်းသားပေါ်နေပေသကိုး။ ( ဓာတ်ပုံတိုင်းမှာ မိန့်မိန့်ကြီးပြုံးပြီး၊ ဖိန့်ဖိန့်ကြီးနေတတ်တဲ့ ဦးဟန်ကြည်တို့နဲ့ ကွာချက် … )

သူငယ်ချင်းမောင်ဖြူက တိုင်းရင်းသားစပ်တာမို့ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းကောင်းပါ။ ဒါပေမယ့် ခမျာမှာ အမေပေးတဲ့ ဥပဓိရုပ်ကို ရူပါမဖွင့်တတ်ရှာလေတော့ မကြာခဏဆိုသလို ဥပဓိရုပ်က ဘူးသီးပုပ်နဲ့ တူနေတတ်ပါရဲ့။ ခေါင်းပေါ်က ဆံပင်ဘုတ်သိုက်ကို ဆီမလိမ်း၊ ခေါင်းမဖြီးဘဲ နေချင်သလို နေလေ့ရှိတာကို မြင်ပြင်းကတ်လွန်းတဲ့ ဦးဟန်ကြည်က တစ်နေ့မှာတော့ သူငယ်ချင်းမောင်ဖြူကို “ ဟေ့ကောင်…မနက်ဖြန်မနက် အိပ်ယာထထချင်း မှန်ရှေ့မှာ သွားရပ်ကြည့်ပါလား ” လို့ အချွန်နဲ့ မ-လွှတ်လိုက်ပါတယ်။ နောက်နေ့မနက်မှာ ကျောင်းရောက်လာတော့ အိမ်သာခေါင်မိုးတွေအသစ်လဲ ( ဘိုကေအသစ်ညှပ် )ပြီး ဆီတွေဘာတွေထည့်ပြီး မဖြီးစဖူး ခေါင်းတွေဖြီးလာပါရောလား။ “ ဟေ့ကောင်ကြီး ဘယ်ဗေဒင်ကဟောလွှတ်လိုက်လို့ လူယောင်ဖန်ဆင်းလာတာလဲ ” လို့ မေးလိုက်တော့ “ ငါ့လခွမ်း…မနက်က မှန်ကြည့်လိုက်တာ ငါ့ပုံက အရူးနဲ့တူနေသဟ ” လို့ တစ်တစ်ခွခွကြီး ဖြေပါတယ်။ ဒီယုန်မြင်ကို ဒီခြုံကို မီးရှို့လွှတ်လိုက်တဲ့ ဦးဟန်ကြည်ကတော့ ဟိုဘက်လှည့်ပြီး တစ်ယောက်တည်း ကြိတ်ပြုံးနေရပါတော့တယ်။

အဲဒီသူငယ်ချင်းက ဦးဟန်ကြည်ကို အင်မတန်မှ ကောင်းကျိုးပြုရှာပါတယ်။ ကျောင်းဖွင့်စအချိန်က တစ်ယောက်နဲ့တစ်ယောက် စမ်းတ၀ါးဝါးနဲ့ ကသောင်းကနင်း မိတ်ဆွေဖွဲ့ကြပြီး ရှားရှားပါးပါးရထားတဲ့ သူငယ်ချင်းမ နှစ်ယောက်က တစ်ရက်မှာတော့ ဦးဟန်ကြည်ကို တစ်ယောက်ပြီးတစ်ယောက် မျက်စောင်းတွေ ဒိုင်းခနဲ၊ ဒိုင်းခနဲထိုးပြီး ခြေဆောင့်သွားကြပါတယ်။ ဦးဟန်ကြည်ကလေးခမျာ ဘုမသိ၊ ဘမသိနဲ့ အချောင်ခံလိုက်ရရှာတာကြောင့် အီလည်လည်နဲ့ ကျန်ရစ်ခဲ့ရရှာပါရောလား။ စပ်ဖြင်းဖြင်းနဲ့ နေမထိထိုင်မသာ ဖြစ်လွန်းတာကြောင့် မောင်ဖြူကို အကြောင်းစုံပြောပြရာမှာတော့ နားထောင်နေတဲ့ သကောင့်သားမျက်နှာက စပ်ဖြဲဖြဲနဲ့ ဖြစ်နေပါတော့တယ်။ မသင်္ကာတာကြောင့် “ ဟေ့ကောင်…မင်း ဟိုနှစ်ယောက်ကို ဘာလုပ်ထားသလဲ ” လို့ မေးမိမှပဲ ကိုယ်တော်မြတ်က ငါးသလောက်ပြုံး ပြုံးပြီး “ ငါ ရည်းစားစာပေးထားလို့ဟ ” လို့ ဖြေပါတယ်။ မောင်ဖြူက ရည်းစားစာပေးရုံတစ်ခုတည်းနဲ့တော့ မျက်စောင်းထိုးခံရလောက်တဲ့အထိ အခြေအနေမဆိုးနိုင်မှန်းသိနေတာကြောင့် “ မဖြစ်နိုင်တာ…မင်းဖာသာ ရည်းစားစာပေးတာ...ငါ့ကို ဘာဖြစ်လို့ မျက်စောင်းထိုးရမှာလဲ ” လို့ ပြန်မေးယူရပါတော့တယ်။ အဲဒီတော့မှ
“ အဟဲ…ငါက နှစ်ယောက်စလုံးကို စာပေးမိလို့ ” လို့ ရှက်အမ်းအမ်းနဲ့ ဖြေပါတော့တယ်။ ကြံကြီးစဉ်ရာ ကြံတတ်လွန်းတဲ့ သူငယ်ချင်းကို အံ့သြလွန်းတာကြောင့် အကြောင်းစုံကို မေးယူမှပဲ ကိုယ်တော်ချောရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကို မှတ်တမ်းတင်ခွင့်ရပါတော့တယ်။

မောင်မင်းကြီးသားက မနက်ပိုင်းမှာ ပထမတစ်ယောက်ကို ရည်းစားစာပေးပါသတဲ့။ လူပျို၊ အပျို မေတ္တာစာကမ်းတာဟာ ပြဿနာ မဟုတ်ပေမယ့် တကယ့်ပြဿနာက နေ့လည်ပိုင်းမှာ စ-ပါတယ်။ ကိုယ်တော်က နေ့လည်ပိုင်းမှာ နောက်တစ်ယောက်ကို စာထပ်ပေးလိုက်ပြန်ပါသတဲ့။ ဖြစ်ချင်တော့ အဲဒီနှစ်ယောက်စလုံးက သူငယ်ချင်းတွေဖြစ်နေပြန်တာကြောင့် သူ့လုပ်ရပ်က ဘူးပေါ်သလိုပေါ်ပြီး ငတိမနှစ်ကောင်က မောင်ဖြူကို အပြင်းအထန် ပေါက်ကွဲကြပါတော့တယ်။ သူတို့နှစ်ယောက် စာသင်ခန်းထဲက မောင်းတင်ပြီးထွက်အလာမှာ ယောင်နနနဲ့ သွားကလေးဖြဲပြီး မျက်နှာချိုသွေးမိတဲ့ ဦးဟန်ကြည်ကလေးကို “ ဒီသတ္တ၀ါ မြှောက်ပေးတာဖြစ်မယ် ” ဆိုတဲ့ တစ်ဖက်သတ်စီရင်ချက်နဲ့ မျက်စောင်းလက်နက် သုံးချက်လောက်စီ သုံးပြီး စိစိညက်ညက်ချေမယ်ဆိုတဲ့ သင်္ကေတနဲ့ ဖနောင့်ဆောင့်ပြသွားကြခြင်းပါ။ ကြားထဲက ခါးနာသွားရှာတဲ့ ငထွားတဖြစ်လဲ ဦးဟန်ကြည်ခမျာမှာ ချစ်စွာသော သူငယ်ချင်းကိုပဲ ရေနွေးကြမ်းအိုးနဲ့ ငယ်ထိပ်ကို ပူဇော်ရကောင်းနိုးနိုး၊ စာမပေးခင် အဲဒီနှစ်ယောက် အဆက်အစပ်ရှိမရှိတောင် မစဉ်းစားတဲ့ ဦးဏှောက်ကိုပဲ ဖောက်ထုတ်ပြီး ခွေးကျွေးပစ်ရကောင်းနိုးနိုးနဲ့ ထိုင်ကြည့်နေခဲ့ရရှာပါတော့တယ်။

တကယ်ဆိုရင် သူငယ်ချင်းက သနားစရာကောင်းရှာပါတယ်။ အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး မိန်းကလေးသူငယ်ချင်းမရှိခဲ့ဘဲ တက္ကသိုလ်ရောက်ကာမှ မသတ္တ၀ါများနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရရှာတာကြောင့် ရွေးရခက်ကြီးဖြစ်ပြီး ကယောင်ကတမ်းလုပ်မိခြင်းပဲ ဖြစ်ပါလိမ့်မယ်။ မိဘတွေရဲ့ အကြံပေးချက်ကြောင့် မူလတန်းကျောင်းသားဘ၀ကတည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ဟန်မပျက်ထိန်းနိုင်တဲ့ ဦးဟန်ကြည်က ရင်ထဲက အရှိကို အရှိအတိုင်း ဖောက်ခွဲချင်လွန်းလှတဲ့ သူငယ်ချင်းကို “ ဒါပဲပေါ့ သူငယ်ချင်းရာ…ငါးကြော်မကြိုက်တဲ့ကြောင်မိုက်…ငါးကြော်လဲကြိုက်ရော…ငါးပါးမှောက်တယ်ဆိုတာ ” လို့ ခပ်ဖိန့်ဖိန့်လေသံနဲ့ အသားယူပြီး ပြောမိပါတော့တယ်။

တိုင်းရင်းသားစပ်တဲ့ မောင်ဖြူခမျာ စကားလုံး ဝေါဟာရ သုံးနှုန်းပုံချင်း အများနဲ့မတူတာကြောင့်လည်း မကြာမကြာ ဟာသဖြစ်ရရှာပါတယ်။ တစ်ရက်သားမှာ ဆံပင်ညှပ်ဆိုင်သွားမယ့်အကြောင်းကို
“ ဘယ်သူလိုက်ဦးမလဲဟေ့…ငါ ဆံပင်သွားကိုက်မလို့ ” လို့ စေတနာနဲ့ အဖော်စပ်လိုက်ရာမှာ အသုံးအနှုန်းကို သဘောမပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက “ မောင်ဖြူရာ ဆံပင်ကိုက်တာများ ဒီမှာကိုက်လဲရသားပဲ…လာ ငါ့ဆံပင်ကို လာကိုက်…ဒါပေမယ့် ဆံပင်ကို သွားရည်တွေမလူးစေနဲ့ ” လို့ ၀ိုင်းနောက်တာ ခံရပါတော့တယ်။ “ ဆံပင်ညှပ် ” တာကို “ ဆံပင်ကိုက် ” တယ်လို့ ပြောလေ့ရှိတဲ့ သူတို့ဒေသရဲ့ ဝေါဟာရ သုံးနှုန်းပုံက ဆန်းလည်း ဆန်းပေသကိုး။ တစ်ခါမှာလည်း ဆိုင်တစ်ဆိုင်ကို ၀င်ပြီး “ အစ်မ…တိပ်ခွေ လိုချင်လို့ ” လို့ ပြောလိုက်ရာမှာ ဆိုင်ရှင်က “ တိပ်ခွေမရောင်းဘူး မောင်လေး…တိပ်ခွေလိုချင်ရင် မန်းသီရိ တေးသံသွင်းကိုသွား ” လို့ ပြောပါတော့တယ်။ သူငယ်ချင်းလိုချင်တဲ့ တိပ်ခွေက စာအုပ်တွေကို ကပ်တဲ့ Cellulose tape အခွေဖြစ်ပေမယ့် လည်လည်ပတ်ပတ် မပြောတတ်တာကြောင့် ကက်ဆက်တိပ်ခွေလာဝယ်တယ်ထင်လို့ထင်သွားတဲ့ ဆိုင်ရှင်က မန်းသီရိကို လမ်းညွှန်ခြင်းပါ။ နောက်ဆုံးမှာ ကြံရာမရတာကြောင့် “ ဟိုဟာကိုပြောတာ ” လို့ လက်ညှိုးထိုးပြလိုက်မှပဲ လိုရင်းကို ရောက်ပါသတဲ့။ ခင်စရာကောင်းအောင် ရိုးသားဖြူစင်တဲ့ သူငယ်ချင်းကြီး အခုအချိန်အထိ “ ဟိုဟာ ” တစ်လုံး လက်စွဲသုံးပြီး ဈေးဝယ်ထွက်နေသေးသလား မပြောတတ်တော့ပါ။

တစ်ခါကလည်း သူငယ်ချင်းနှစ်ယောက် တစ်နေရာကိုသွားဖို့ ကျောင်းရှေ့မှာ လိုင်းကားထိုင်စောင့်နေကြပါတယ်။ လိုင်းကားလာတဲ့အခါ ကားပေါ်ကို အလုအယက်ပြေးတက်ပြီး သူငယ်ချင်းက ကားပေါ်မှာထိုင်နေတဲ့ အမျိုးသမီးခပ်ရွယ်ရွယ်တစ်ယောက်ရဲ့ဘေးက နေရာလွတ်တစ်ခုကို လက်ညှိုးထိုးပြီး “ အားသလား အစ်မ ” လို့ မေးပါတယ်။ အမျိုးသမီးကလည်း “ အားပါတယ် ”လို့ ပြန်ဖြေပါတယ်။ အဲဒီမှာတင် ကိုယ်တော်မြတ်က “ ဟုတ်ကဲ့ အားရင် ကျွန်တော် ဖင်ကလေးချချင်လို့ ” လို့ ဆက်အပြောမှာ အထင်တော်လွဲပြီး အရှက်တော်ကွဲသွားတဲ့ အမျိုးသမီးက ကလော်တုတ်ပါတော့တယ်။ ကြာရင် ကိုယ့်သူငယ်ချင်းရဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံး ဘုရားပွဲလှည့်ထွက်မည့်ကိန်းကို ကြိုမြင်မိသွားတဲ့ ဦးဟန်ကြည်မှာ မနေသာတော့ဘဲ “ အစ်မထင်သလို မဟုတ်ပါဘူး အစ်မရယ်…သူပြောတဲ့ ဖင်ချမယ်ဆိုတာ ထိုင်မယ်လို့ ပြောတာပါ…သူတို့ဒေသက ထိုင်မယ်လို့ မပြောဘဲ အဲဒီလိုပဲ ပြောကြလို့ပါ… ” လို့ မျက်နှာငယ်လေးနဲ့ ၀င်တောင်းပန်ရပါတော့တယ်။ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားပေမယ့် သူငယ်ချင်းနှစ်ယောက်လုံး လိုင်းကားပေါ်မှာ ကြာကြာမနေရဲတော့ဘဲ နှစ်ပြလောက်စီးအပြီးမှာ မျက်နှာပူတဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ကားပေါ်က ကသောကမြောဆင်းရပါရောလား။ ဦးဟန်ကြည်ခမျာ ကားပေါ်က ဆင်းပြီးတဲ့အထိ မျက်နှာအပူ မပျောက်သေးပေမယ့် သကောင့်သားကတော့ ခပ်တည်တည်နဲ့ “ ငါပြောတာ ဘာမှားလို့လဲ ” လုပ်နေပါသေးရဲ့။                       


သူငယ်ချင်းတွေကို လွမ်းလွန်လွန်းတာကြောင့် စာကိုစီလိုက်မိရာမှာ ထုံးစံအတိုင်း ဧရာမပို့စ်ကြီး ဖြစ်သွားရပြန်ပါပြီ။ အလုပ်တစ်ဖက်နဲ့ အလုအယက် စာဖတ်ကြရတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်း မိတ်ဆွေကောင်းတို့ကို စာနာ၊ ညှာတာသောအားဖြင့် သူငယ်ချင်းမောင်ဖြူရဲ့ ၀ိသေသထူးတွေနဲ့ ကျန်သူငယ်ချင်းတွေအကြောင်းကို နောက်ထပ်ပို့စ်တွေမှပဲတင်ဖို့ ခွဲထုတ်လိုက်ပါတယ်။ ဟုတ်ကဲ့…ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းဆွတ်နေမိပါသည်။     

17 comments:

ကိုဇော် said...

ကျနော်ကလည်း သူငယ်ချင်းတွေကို အရမ်းခင်တတ် ချစ်တတ်သူ ဆိုတော့ ဒီလို စာလေးတွေ ဖတ်ရရင် လွမ်းတယ်ဗျာ။

မဒမ်ကိုး said...

အောင်မလေး ဆရာကြည်ရယ် ဆရာကြည့်သူငယ်ချင်းမှားပုံကြီးကလဲ ဟဟဟဟဟ
အော်ကိုရီသွားရတာပဲ..
ကံကောင်းတယ် ဓားထိုးမခံရတား)

mstint said...

တစ်ခါတစ်ရံ အရပ်ဒေသကိုလိုက်ပြီး စကားလုံး အသုံးလေးတွေက အထင်လွဲစရာပါ ကိုဟန်ကြည်ရေ။
ငယ်စဉ်ဘဝအကြောင်းအရာလေးတွေကတော့ ဖတ်ပြီးရင်းဖတ်ချင်ပါပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ဒေသအသုံးအနှုံးတွေကတော့ တစ်ရွာတစ်ပုဒ်ဆန်းလေးတွေပါပဲ။ အဲဒီလို အကြောင်းလေးတွေဖတ်ရတာ အရမ်းကြိုက်တယ်။ ငယ်ဘ၀တွေ သူငယ်ချင်းတွေအကြောင်း ဆက်ရေးပါအုံး။ လွမ်းလို့ရေးတဲ့စာတွေကို ဖတ်ရတာစိတ်ကြည်နူးစရာ......

နေ၀သန် said...

:)... ပါးကော အတီးမခံလိုက်ရတာ ကံကောင်းပေါ့ဗျာ..း))..


ခင်မင်လျက်
နေ၀သန်

သတိုး said...

ဆရာ..
နောက်သူငယ်ချင်းတွေ ရှိသေးရင် ဆက်ရေးပါဦးဗျာ။ ခင်မင်စရာ ဖြူစင်တဲ့ ဆရာ့ သူငယ်ချင်းတွေ (အဲတုန်းအရွယ်ကတော့ လူတိုင်းနီးပါး ဖြူစင်ကြမှာပေါ့လေ)အကြောင်းက ရေးတဲ့ဆရာရော..၊ ဖတ်ရတဲ့ ကျွန်တော်တို့ရော ပျော်ရွှင်ကြည်နူးမှုကို ဖြစ်စေပါတယ်။
လမ်းကြုံကြော်ငြာဝင်ရရင် ခေါင်းဖြီး၊ ဆီလူးတာ ကျွန်တော်လည်း ၀ါသနာ မပါဘူး။ အိပ်ယာက လူးလဲထလာသလို ဘုတ်သိုက်စုတ်ဖွားစတိုင်လ်က လွတ်လတ်ပေါ့ပါးတယ် ထင်မိတယ်။ လေတိုးခံရရင် လက်ငါးချောင်းနဲ့ ထိုးဖွ၊ ဆွဲဖိရတာ ကြိုက်တယ်ဆရာ။ ဆရာ သတိထားမိလား။ ဘုတ်သိုက်စုတ်ဖွားစတိုင်လ်တွေ တစ်ပတ်လည်လာပြန်ပြီး)

Angelhlaing(May everybody be happy and healthy! said...

အဟီးးးးး:):) မမ မဒန်ကိုး ပြောသလိုပဲ .သြော် ..အကို ဒါနဲ့ အကိုလည်း အပြေးသန်မယ်ထင်တယ် :P:P အဲလိုသူငယ်ချင်းရှိတဲ့သူက အပြေးသန်တက်တယ်လို့ ကြားဖူးလို့...:D ငယ်ဘဝရဲ့ အမှတ်တရလေးတွေ ဖတ်ရတာ ကြည်နူးလွမ်းဆွတ်စရာပါပဲလား အကိုရေ..

အဖြူရောင်နတ်သမီး said...

း)
ရီရတယ်..
ခုချိန်ပြန်စဉ်းစားရင် အမှတ်ရစရာကြီးနော်...

blackroze said...

မောင်နီနဲ့မောင်ညိုအကြောင်းလဲရေးပါဦးဗျိုးးး

ကိုအောင်(ပျူနိုင်ငံ) said...

ဦးဟန်ကြည်စာကိုဖတ်ပြီး ရယ်ရတယ်ဗျာ၊ အကြောအချဉ်တွေ ပြေသွားတယ်၊ တကယ့်ကို စာရေးကောင်းတဲ့ ဦးဟန်ကြည် ...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးဟန်ကြည်သူငယ်ပြန်နေသပေါ့လေ..
သူငယ်ပြန်တယ်ဆိုတာ ငယ်ဘဝကို လွမ်းနေတာလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်မလဲ တိုင်းရင်းသူဆိုတော့ စကားအသုံးအနှုန်း မတူတာ ဖြစ်ပါတယ်။ ဟိဟိ
တိုင်းရင်းသူနဲ့ ကာဗာယူထားရမယ်။
ပိုစ့်အစကနေ အဆုံး တပြုံးပြုံးနဲ့ ဖတ်နေမိတယ် ဦးဟန်ကြည်ရေ.. ကော်မန့်ရေးရင်းနဲ့တောင် မျက်နှာက ပြုံးဖြဲဖြဲမို့ ဘေးကလူတွေ ဘာဖြစ်တာလဲ မေးယူရတယ်။ ဆရာက အဲသလို စာရေးကောင်းတာ။။
ဆရာကြည်က မဒမ်ကြည်ကို ဘယ်လိုရအောင် ပိုးခဲ့တယ်ဆိုတာမျိုးတွေလုပ်ပါဦးလား ဆရာ.. စိတ်ဝင်စားစရာ ပိုစ့်တစ်ပုဒ်ထွက်လာမယ်လို့ ထင်ပါတယ်.. ရည်းစားဘဝ အလွမ်းပြေပေါ့ဆရား)

San San Htun said...

တော်သေးတာပေါ့ ကလော်ပဲတုတ်လို့ ...နောက်ထပ်ပို့ စ်တွေ ထပ်တင်ပါဗျို့ ...

ဟန်ကြည် said...

မဒမ်ကြည်နဲ့ ဆုံတဲ့အကြောင်းတော့ မတင်ခိုင်းပါနဲ့ ဒေါ်ချောရေ...နောင်လာနောက်သားတွေ နည်းယူကုန်မှာစိုးလို့...းးး)))

စံပယ်ချို said...

အောင်မလေး ဆရာရေ သူငယ်ချင်းမှားပုံကြီးကလဲ
ရယ်လဲရယ်ရပါတယ်...စဉ်းစားတိုင်းရယ်နေရမှာ

ညီလင်းသစ် said...

သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ပုံတွေကို ဒီပို့စ်လေးက အတိုင်းသား ပြနေတာပါပဲ၊ အဲဒီ ထိုင်တဲ့အသုံးအနှုန်းကို နီကိုရဲ,ရဲ့ စာအုပ်တစ်ခုထဲမှာလည်း ဖတ်ဖူးတယ်ဗျ၊ မကြားဖူးထားရင်တော့ တကယ့်ကို ရှော့ခ် ရစရာပဲ၊း) သိသွားတော့လည်း ဘယ်လိုပဲလှည့်တွေးတွေး အပြစ် မဟုတ်တော့ပြန်ဘူး၊ ကျောဆန့်တယ်၊ ကျောခင်းတယ်၊ ကျောချတယ် စတဲ့ အသုံးတွေလည်း ရှိနေတာကိုး။း) အလွမ်းတွေကို ရယ်ရယ်မောမောနဲ့ တွေ့ရတဲ့ ပို့စ်လေး ပါပဲဗျာ..။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည်။
အားလားဗျ။း)
ဘာမှ မဟုတ်ပါဘူး။ အားရင် ပို့စ်လေးတွေ များများရေးပေးဖို့ တောင်းဆိုမလို့ပါ။

ဆရာရေ...
သူကြီးမင်းတို့အရပ်မှာလဲ ဆံပင်ကိုက်သွားမလို့ ဆိုတဲ့ အသုံးအနှုန်းကိုသုံးကြပါတယ်။
သေချာစဉ်းစားကြည့်လိုက်တော့ ကိုက်ဆိုတဲ့ စကားက ညှပ်ဆိုတဲ့ စကားထက် ပိုပြီး အဓိပ်ပါယ်ပြည့်ဝသလိုဘဲ။း))

ကိုက်တယ်ဆိုတာ ပြတ်အောင် ကိုက်တာ။
ညှပ်တယ်ဆိုတာ မလှုပ်နိုင်အောင် ညှပ်ထားတာ။
ဥပမာ။
ဘိတ်ကတ်ကြေးကိုက်။
မီးညှပ်။

ဆရာဟန်ကြည်ကတော့ အကိုက်ကော အညှပ်ကော ခံခဲ့ဖူးရောပေါ့။း))

ထင်ရာကို ထင်သလို ရောပေါသွားသည်။
ပျင်းလို့ဆရာရေ။ ဆရာ့စာလေးတွေ ဖတ်ရမှ အကြောလေးတွေ ပွင့်လာတော့တယ်။ ရယ်ရလို့။

အဆင်ပြေပျော်ရွှင်ပါစေ။

ခင်မင်လျှက်

ဆူးသစ် said...

နောက်ဆုံးအပိုဒ်ကတော့ အသံကိုထွက်အောင်ရယ်မိပါတယ်။ ဖင်ချမယ်ဆိုလို့ပါ။ ကျောင်းသားဘ၀မှာအဲဒီလိုလူမျိုးတွေရှိတာ၊ ရယ်လည်းရယ်ရ၊ ခင်ဖို့လည်းကောင်းပါတယ်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger