သူငယ်ချင်းမောင်ဖြူအကြောင်းရေးလက်စကို ဆက်ရေးရပါဦးမယ်။
မောင်ဖြူရဲ့ ထူးခြားတဲ့ ၀ိသေသတစ်ခုကတော့ အစားအသောက်ကို အာရုံထားခြင်းပါ။ စားသောက်ဆိုင်တွေမှာ ရောင်းသမျှထဲက သူမစားဖူးတဲ့ အစားအစာဆိုတာ မရှိရလေအောင် အင်မတန် ၀ါယမစိုက်ပါတယ်။ အစားတစ်လုပ်အတွက် မန္တလေးတစ်မြို့လုံး ပြဲပြဲစင်အောင် သွားရမယ်ဆိုလည်း ၀န်မလေးတတ်တဲ့ သူငယ်ချင်းလို့ ဆိုရပါလိမ့်မယ်။ ကြုံတဲ့နေရာမှာ တွေ့တဲ့အစားအစာကို ပါးစပ်ထဲထိုးသွပ်လိုက်ရင် ကိစ္စပြီးတဲ့ ဦးဟန်ကြည်နဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အကျင့်ပိုင်ရှင် ဖြစ်ပါတော့တယ်။
မန္တလေးတက္ကသိုလ်ထဲက အမျိုးသားဆောင်တစ်ခုမှာ မောင်ဖြူနေတဲ့အချိန်က အိမ်မှာအိပ်ရမှာ စိတ်မပါတဲ့ ဦးဟန်ကြည်က သူ့အခန်းမှာ မကြာမကြာ သွားအိပ်လေ့ရှိပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ လေပေါလိုက်၊ ငြင်းလိုက်ခုန်လိုက်နဲ့ ညဥ့်နက်မှပဲ အိပ်ဖြစ်ကြတာ များပါတယ်။ တစ်မနက်ခင်းမှာ မနက်စာစားဖို့ အပြင်ထွက်ကြတော့ အစားအိုး မောင်ဖြူက ရှမ်းခေါက်ဆွဲသွားစားကြဖို့ အဆိုပြုပါတယ်။ အစားအသောက်နဲ့ပတ်သက်ရင် သူ့နောက်လိုက်ဖြစ်လေ့ရှိတဲ့ ဦးဟန်ကြည်ကတော့ ထုံးစံအတိုင်း ခေါင်းညိတ်ပြီးသားပါ။ ဒီလိုနဲ့ စက်ဘီးတစ်ယောက်တစ်စီး စီးပြီး မနက်ခင်းစာ ရှမ်းခေါက်ဆွဲ ရှာပုံတော်ထွက်ဖြစ်ကြတယ်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တိုင်း မောင်ဖြူစားကြည့်ပြီးလို့ စိတ်တိုင်းမကျတဲ့ဆိုင်ဖြစ်နေတာများပါတယ်။ ဟိုဆိုင်၊ ဒီဆိုင် ကြေးများလာရာမှာ ကျုံးဘေးနားက ဆိုင်တစ်ဆိုင်ကို ရောက်မှပဲ ကိုယ်တော်မြတ်က “ အိုခေ ” ဆိုတဲ့ သင်္ကေတပြပါတော့တယ်။ တက္ကသိုလ်ဝန်းထဲကနေ မနက် ၇ နာရီလောက်က အူတကြုတ်ကြုတ်နဲ့ ထွက်လာခဲ့လိုက်ကြတာ တကယ်တန်းစားရတဲ့ အချိန်ရောက်တော့ ၈ နာရီထိုးနေပါပြီ။ အစားကောင်းတစ်ခု စားရဖို့အရေးမှာ အဲဒီလောက် ဒုက္ခခံနိုင်တဲ့ သူငယ်ချင်းကို ချီးကျူးရမလိုပါ။
သူ့ရဲ့အကျင့်ကို သိသွားတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေ အပြင်သွားပြီး တစ်ခုခုစားမယ်ကြံတိုင်း “ လမ်းလျှောက် စားသောက်ဆိုင် အဘိဓာန် ” မောင်ဖြူကို မေးရမြန်းရတာ ထုံးစံတစ်ခု ဖြစ်လာပါတော့တယ်။ ဒီကိုယ်တော်ကလည်း အဲဒီဘက်မှာ တကယ့်ပါရဂူ ဖြစ်ပါတယ်။ ဘယ်ဆိုင်မှာ ဘယ်အစားအစာကောင်းတယ်ဆိုတာကို ဒက်ခနဲ၊ ဒက်ခနဲ ဖြေနိုင်စွမ်းရှိတာကြောင့် ဒီနေ့အထိ စားသောက်ဆိုင်တွေမှာထိုင်ဖြစ်တိုင်း မောင်ဖြူကို သတိရနေမိပါတော့တယ်။
ကျောင်းရောက်လို့ လေးငါးလလောက်ကြာတဲ့အခါမှာတော့ ဆေးကျောင်းရောက်လာရင် ဘီယာသောက်တတ်ရမယ်လို့ မြွက်ကြားလိုက်တဲ့ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံက ဆေးရုံအုပ် ပါမောက္ခကြီးရဲ့ သြ၀ါဒကထာကို အပြည့်အ၀လိုက်နာပြီး ဦးဟန်ကြည်တို့တစ်တွေ ဘီယာဘေးဘာလေး ကိုင်တတ်နေပါပြီ။ ညနေခင်းပိုင်းမှာ သူငယ်ချင်းနှစ်ယောက် ဆိုင်တစ်ဆိုင်ထိုင်ပြီး တစ်ခုခု စားဖြစ်ကြရင် ဦးဟန်ကြည်က စည်လေးတစ်ခွက်လောက်နဲ့ မျှောချတတ်ပေမယ့် မောင်ဖြူကတော့ အစားကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်တစ်ညမှာတော့ မောင်ဖြူတစ်ယောက် ဦးဟန်ကြည်ကို ဘီယာသောက်ဖို့ ဇွတ်ရော အတင်းပါ ခေါ်ပါတော့တယ်။ ဒကာရှိရင် အညာထိ လိုက်သောက်ဖို့ ၀တ္တရားရှိသည့်အတိုင်း သူငယ်ချင်းရဲ့ အလှူကို ဒါနလေးမြောက်ဖို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ လိုက်ပြီး အားပေးဖြစ်ပါတယ်။ မသောက်စဖူး အသောက်ထူးတာကြောင့် “ ဘယ်သူသင်ပေးလိုက်တာလဲ ” လို့ တအံ့တသြ မေးမိတော့ သူ့အဖေက သင်ပေးသွားပါသတဲ့။ “ ယောက်ျားဆိုတာ အကုန်တတ်ထားရမယ် ငါ့သား ” လို့်လည်း သြ၀ါဒ ခြွေသွားပါသေးသတဲ့။ အဖေ့စကားကို မြေ၀ယ်မကျ နားထောင်နေတဲ့ မောင်ဖြူ ဘီယာသောက်ပုံက တစ်မျိုးပါ။ တစိမ့်စိမ့်နဲ့ အရသာခံသောက်ရမယ့် ဘီယာကို တစ်ခွက်ပြီး တစ်ခွက် ကုလားမော့ မော့ပါတော့တယ်။ ဘီယာငှဲ့ပေးနေတဲ့ စားပွဲထိုးလေးခမျာ သူ့ဘေးက မခွာရရှာတော့ပါ။ ငှဲ့ပေးလိုက် သောက်ချလိုက်၊ ထပ်ငှဲ့ပေးလိုက် အပြတ်ရှင်းလိုက်နဲ့ စည်းချက်ညီလှုပ်ရှားလိုက်ကြရာမှာ ခုနစ်ခွက်မြောက်မှာတော့ သကောင့်သား မဟန်တော့ဘဲ ဥသြဆွဲပါတော့တယ်။
မျက်နှာပူတာကြောင့် သူငယ်ချင်းကို တွဲပြီး အိမ်မှာလိုက်အိပ်ဖို့ ဖြောင်းဖျယူရပါတယ်။ သူ့ဆိုင်ကယ်ကို သူငယ်ချင်းအဆောင်မှာ သွားပြီးအပ်မယ်လုပ်တဲ့အခါ “ ငါဝူးတေးပါဝူးကွ ” လို့ ကန့်ကွက်ပါတော့တယ်။ မမူးဘူးဆိုပေမယ့် “ ၀ူးချင်တိုင်းဝူး ” နေတဲ့ မောင်ဖြူအကြောင်းကို နောကျေပြီးသားဖြစ်တာမို့ နှစ်ယောက်သား ကိုယ့်ဆိုင်ကယ် ကိုယ်ခွပြီး ခပ်မှန်မှန်စီးလာကြရာမှာ အိမ်နဲ့မနီးမဝေးအရောက်မှာ မောင်ဖြူတစ်ယောက် ဟန်ချက်ပျက်ပြီး လမ်းဘေးရေမြောင်းထဲကို “ ဗွမ်း ” ခနဲမြည်အောင် ကားကားကြီးကျသွားပါတော့တယ်။ ဆိုင်ကယ်တခြား လူတခြားဖြစ်ပြီး ကန်စွန်းပင်တွေ ဖောချင်းသောချင်းရှိနေတဲ့ ရေမြောင်းထဲကို ကျသွားတဲ့ သူငယ်ချင်းကို စိုးရိမ်စိတ်နဲ့ ပြေးကြည့်လိုက်တော့ ကိုယ်တော်မြတ်က မြောင်းထဲကနေ တက်မလာသေးဘဲ ကုန်းကုန်းကွကွ လုပ်နေပါရောလား။ “ ဟေ့ကောင်ကြီး ဘာတွေဖြစ်လို့လဲဟ ” လို့ အော်မေးတော့ “ အေးတွ…နာ့ဖိနပ်ပျောက်တွားရို့ လိုက်စမ်းနေတာ ” လို့ လျှာလေးအာလေးနဲ့ ပြန်ဖြေပါတယ်။ လူမှန်းမသိအောင် မူးနေပေမယ့် ဖိနပ်ကို သတိရနိုင်သေးတဲ့ သူငယ်ချင်းပါပဲ။ ခဏကြာတော့ လမ်းပေါ်ကို ကုတ်ကတ်တက်လာပြီး ကန်စွန်းရိုးတွေ၊ ရေညှိတွေ ပွစာကြဲနေတဲ့ သူ့ဖိနပ်ကို ကောက်စွပ်လိုက်မှပဲ ဇာတိက ပြန်ပေါ်ပါတော့တယ်။ ဖိနပ်ကို ဘယ်ညာ ပြောင်းပြန် ကောက်စွပ်ထားသကိုး…
အိမ်က လူကြီးတွေ ခရီးသွားတိုင်း မောင်ဖြူတစ်ယောက် ဦးဟန်ကြည်အိမ်မှာ အဖော်အဖြစ် လာအိပ်လေ့ရှိပါတယ်။ ကျန်တဲ့ မောင်နီ၊ မောင်ညိုတို့ပါ ၀ိုင်းပြီးအားဖြည့်လိုက်ရင် အင်မတန်ပျော်စရာ ကောင်းလှပါရဲ့။ အဲဒီလိုညမျိုးမှာ တစ်ညလုံး လေကန်ကြ၊ စားကြသောက်ကြပြီး လင်းအားကြီးမှ အိပ်ရာဝင်ဖြစ်ကြတာ များပါတယ်။ မနက်လင်းလို့ ဦးဟန်ကြည်တို့ ဆက်ရက်မင်းစည်းစိမ်ယူကောင်းနေချိန်မှာ စားဖိုမှူးကြီးမောင်ဖြူက အမြဲတမ်း မီးဖိုချောင်ဝင်လေ့ရှိပါတယ်။ သူမြင်ဖူး၊ စားဖူးတဲ့ ဟင်းပေါင်းစုံကို မီးဖိုထဲမှာ ရှိသမျှ ဟင်းချက်ပစ္စည်းတွေ မကုန်မချင်း အသုံးချပြီး လက်စွမ်းပြလေ့ ရှိပါရဲ့။ ဟင်းချက်စရာတွေ ကုန်သွားပေမယ့် သူ့ပညာက မကုန်နိုင်သေးတာမို့ သူမီးဖိုချောင်ဝင်တိုင်း မျက်လုံးပြူးရသူက ဦးဟန်ကြည်ဖြစ်ပါတယ်။ တစ်ခါသားမှာ တစ်ပတ်စာ ရိက္ခာအဖြစ်ဝယ်လှောင်ထားတဲ့ ကြက်ဥ အလုံး နှစ်ဆယ်လောက်ကို သူ့ပညာစွမ်းပြပြီး အကုန်ပြောင်အောင် ချက်၊ ပြုတ်၊ ကြော်၊ လှော်ပစ်လိုက်ကတည်းက သူလာအိပ်တိုင်း သူ့အရင် အိပ်ယာကထပြီး မီးဖိုချောင်ကို အာဏာသိမ်းရတာလည်း တကယ့်အမှတ်တရပဲ ဖြစ်ပါတော့တယ်။
တစ်ညမှာလည်း အိမ်မှာသူငယ်ချင်းတွေ စုအိပ်ကြရင်း မောင်ဖြူက Dry Gin တစ်ပုလင်းဝယ်လာပြီး “ ငါ…ဂျင်တစ်ခါမှ မသောက်ဖူးလို့ စမ်းကြည့်မလို့… ” လို့ အဆိုပြုလာပါရော။ ပေါ့ရွှတ်ရွှတ်၊ ဖွယ်တယ်တယ် ဂျင်အရက်ကို ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းတွေက နည်းနည်းပဲ သောက်ကြည့်ပေမယ့် “ မူးတယ်ဆိုတာ ဘယ်လိုဟာလည်း မသိဘူးကွ…ငါတော့ မူးအောင်သောက်ကြည့်မယ် ” လို့ မောင်ဖြူက ကြွေးကြော်ပါတော့တယ်။ သူ့ထုံးစံအတိုင်း ငှဲ့လိုက်၊ ကုလားမော့မော့လိုက်နဲ့ ပုလင်း သုံးပုံတစ်ပုံပဲ ကျန်တဲ့အထိ ကိုယ်တော်ချောက မမူးသေးပါ။ ပါးစပ်ကလည်း တဖျစ်တောက်တောက်နဲ့ မမူးသေးတဲ့အတွက် မကျေမချမ်းဖြစ်နေပါသေးတယ်။ နားမခံနိုင်တော့တဲ့ ဦးဟန်ကြည်က ခပ်တည်တည်နဲ့
“ ကိုင်း…သူငယ်ချင်းရေ…အိုက်သကွာ…ပန်ကာဖွင့်ထားလိုက်မယ် ” ဆိုတော့ အကြောင်းမသိတဲ့ မောင်ဖြူက ခေါင်းညိတ်ပြပါတယ်။ အထာပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက မောင်ဖြူကို ပြုံးပြီးကြည့်နေကြပါတယ်။ ဂျင်ရဲ့သဘာဝက လေတိုက်လေ ပိုမူးလေဖြစ်တာမို့ ပန်ကာဖွင့်လို့ ဆယ့်ငါးမိနစ်မပြည့်ခင်မှာတင် မောင်မင်းကြီးသားလည်း “ ငါ့လခွမ်း…မူးသဟ ” လို့ ထအော်ပါတော့တယ်။ ဧည့်ခန်းထဲမှာတင် ဥသြသုံးခါလောက်ဆွဲအပြီးမှာ ဆက်တီပေါ်တင် ခေါင်းစိုက်သွားတဲ့ မောင်ဖြူကို “ ဘယ်လိုလဲ သူငယ်ချင်း…မူးတယ်ဆိုတာ သိပလား… ” လို့ ခပ်ရွတ်ရွတ်မေးတဲ့အခါ “ အေးတွ…ကောင်းတောင်းတောင်းပဲ ” လို့ ဗလုံးဗထွေး ပြန်ဖြေပါသေးရဲ့။ ဒါပေမယ့် မနက်မိုးလင်းလို့ ခေါင်းမထူနိုင်အောင် ခေါင်းကိုက်၊ အာခေါင်ခြောက်ပြီး ဂျင်အကြောင်း ကောင်းကောင်းသင်ခန်းစာရသွားတော့တာမို့ “ ဂျင်ဆိုတဲ့ အသံကြားရင် ကလေးကစားတဲ့ ဂျင်တောင် နောက်တစ်ခါ မမြင်ချင်တော့ဘူးဟေ့.. ” လို့ ကျူးရင့်ပါတော့တယ်။
တစ်ရက်မှာ မောင်ဖြူနဲ့အတူ မဟာမုနိဘုရားကို သွားဖြစ်ကြပါတယ်။ ( ဦးဟန်ကြည်တို့က ကျောင်းသားဘ၀ကတည်းက အဲဒီလို ဘုရား၊ တရားနဲ့နေတာနော…ညနေပိုင်းရောက်ရင်သာ ဘီယာဆိုင်ရောက်ကြတာ… ) အဲဒီမှာတင် ဘုရားမှာတွေ့ရတဲ့ ခပ်ရွယ်ရွယ် လူငယ်တစ်သိုက်က မောင်ဖြူကို “ ဆရာ ” ချင်း မိုးမွှန်အောင်ခေါ်ပြီး တရိုတသေ စကားလာပြောကြတာကို ထူးထူးဆန်းဆန်းတွေ့ရပါတော့တယ်။ မကြုံစဖူး ထူးလှတဲ့ မြင်ကွင်းကို ဦးဟန်ကြည်တစ်ယောက် မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေရပါရဲ့။ အဲဒီ သူငယ်တစ်အုပ်ပြန်ထွက်သွားမှ
“ ဘယ်သူတွေလဲ သူငယ်ချင်း ” လို့ မေးရပါတော့တယ်။ ဒီတော့မှ ငါလည်း ခေသူမဟုတ်ပါဘူးကွ ဆိုတဲ့ အပြုံးမျိုး ပြုံးပြပြီး “ ငါ စာသင်ပေးခဲ့တဲ့ တပည့်တွေကွ ” လို့ ပြန်ဖြေပါတယ်။ တယ်ဟုတ်ပါလားလို့ ချီးကျူးမယ်ကြံရုံရှိပါသေး သကောင့်သား ဆက်ပြောလိုက်တဲ့ စကားကြောင့် အချီးကျူးစောချင်တဲ့ ကိုယ့်ပါးစပ်ကို အမြန်ပိတ်လိုက်ရပါရောလား။ ပြောပုံက “ မနှစ်က သင်္ကြန်တုန်းကကွာ…အဲဒီတပည့်တစ်အုပ်နဲ့ငါနဲ့ မူးပြီး ထွေလာဂျီတက်မောင်းကြည့်တာ သူများအိမ်ခြံစည်းရိုးကို ၀င်တိုက်မိပြီး ကံကောင်းလို့ မသေကြတယ် ” တဲ့။ ဘယ်လောက်ကောင်းတဲ့ ဆရာပါလိမ့်။ သူများအထင်ကြီးအောင် မနေတတ်တဲ့၊ မနေချင်တဲ့ သူငယ်ချင်းပါပဲ။
ဦးဟန်ကြည်ရဲ့ သူငယ်ချင်းက စိတ်ကောင်း စေတနာကောင်တော့ အင်မတန်ရှိတဲ့သူပါ။ သူစိတ်ကောင်းရှိကြောင်းကို သူ့ခေါင်းမှာရှိတဲ့ ချုပ်ရာတွေက သက်သေခံပါလိမ့်မယ်။ အဲဒီချုပ်ရာတွေရဲ့ ရာဇ၀င်က ဒီလိုပါ…
မောင်ဖြူရဲ့ တစ်ခြားသူငယ်ချင်းတစ်ယောက်က ဂျူနီယာတန်းက ကလေးမတစ်ယောက်ကို ချစ်ကြိုက်တာကြောင့် ဗျူဟာစုံဖွင့်ပြီး လုံးပမ်းနေပါသတဲ့။ ဖြစ်ချင်တော့ အဲဒီသူငယ်ချင်းမှာ သမိုင်းကြောင်းတစ်ခုက ဆိုးဆိုးရွားရွား ရှိထားခဲ့တာမို့ မောင်ဖြူက ကလေးမနဲ့ ဘယ်လိုမှ သဘောမတူနိုင်အောင် ဖြစ်ပါလေရော။ သူ့အဆိုကတော့ ကလေးမလေးကို နှမြောလို့ပါတဲ့။ ဒီလိုနဲ့ ကလေးမဆီ မကြာမကြာသွားပြီး အဲဒီတစ်ယောက်ကို မကြိုက်ဖို့ တရားဟောတော်မူပါတော့တယ်။ တကယ်ဆို သူကလည်း အဲဒီကောင်မလေးကို ကြိုက်တာ မဟုတ်ပြန်ပါ။ အဲဒီကောင်မလေးကလည်း သူ့ကိုပြန်ကြိုက်ဖို့ နေနေသာသာ အိပ်မက်တောင် ထည့်မမက်တာ သေချာပါရဲ့။ ဒါပေမယ့် အကျိုးဆက်ကို ဘာမှမတွေးဘဲ စေတနာအရင်းခံပြီး ကာကွယ်ရေးလုပ်နေတဲ့ မောင်ဖြူကို ကာယကံရှင်သူငယ်ချင်းက မျက်မုန်းကျိုးပါတော့တယ်။ တကယ်တော့ အဲဒီသူငယ်ချင်းနဲ့ မောင်ဖြူက တစ်ဆောင် တစ်ခန်းထဲမှာ အတူနေကြတာပါ။ အဲဒီသူငယ်ချင်း ပိုက်ဆံပြတ်တိုင်းလည်း ဒကာတော် မောင်ဖြူက စရိတ်စက အမြဲခံလေ့ရှိပါတယ်။ တစ်ရက်သားမှာတော့ မောင်ဖြူတို့နှစ်ယောက် အဲဒီမိန်းကလေးကိစ္စနဲ့ ခွန်းကြီးခွန်းငယ် စကားများကြပါသတဲ့။ အဲဒီတော့မှလည်း သူတို့ဇာတ်ထုပ်ကို ဦးဟန်ကြည်တို့ သိရတော့တာပါ။
တစ်နေ့လည်ခင်းမှာတော့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ မောင်ဖြူအပါအ၀င် သူငယ်ချင်းလေးယောက်နဲ့အတူ ဦးဟန်ကြည်လည်း ကျောင်းသားထုံးစံ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ထိုင်ပြောနေဖြစ်ကြပါတယ်။ အဲဒီမှာတင် ဦးဟန်ကြည်ဘေးမှာကပ်ထိုင်နေတဲ့ မောင်ဖြူရဲ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်ချလိုက်တဲ့အသံ “ ဖြောင်း ” ခနဲ ထွက်လာပါတော့တယ်။ သူငယ်ချင်း အချင်းချင်း စတဲ့၊ နောက်တဲ့အနေနဲ့ ဖိုင်တွဲနဲ့ ခေါင်းကို ရိုက်သွားတယ်လို့ ထင်မိတဲ့ ဦးဟန်ကြည်မှာ လက်ဖက်ရည်စားပွဲပေါ်ကို ခုံကျိုးစတွေ ထွေးခနဲကျလာတော့မှ အလန့်တကြားထပြီး ဘေးဘီကို ကြည့်မိပါတော့တယ်။ မောင်ဖြူရဲ့ခေါင်းမှာလည်း နားသယ်စပ်ကနေ သွေးတွေ စီးကျလာပါပြီ။ ထုံးစံအတိုင်း သူကာဗာပေးနေတဲ့ မိန်းကလေးကို ကြိုက်နေတဲ့ သူငယ်ချင်းက အလစ်ဝင်ရိုက်သွားတာပါ။ အငိုက်မိသွားတဲ့ မောင်ဖြူလည်း သွေးမြင်မှ သတိဝင်လာပြီး လွယ်အိတ်ကို နှိုက်ပါတော့တယ်။ အခြေအနေကို သုံးသပ်မိသွားတဲ့ သူငယ်ချင်းတစ်အုပ်လည်း မောင်ဖြူကို ၀ိုင်းတားပြီး အသင့်တွေ့တဲ့ ဆိုက်ကားနဲ့ ကျောင်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ ဆေးရုံကြီးကို ခေါ်သွားရပါတော့တယ်။ လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုနဲ့ အပြားလိုက်ရိုက်သွားလို့သာ ကိုယ်တော်မြတ်ကို ဆေးရုံခေါ်သွားလို့ ရတာပါ။ တကယ်လို့သာ ခုံစောင်းနဲ့သမသွားရင်တော့ ရင်ခွဲရုံကို တန်းပို့ရဖို့ သေချာနေပါရဲ့။
အပြင်လူတွေ ရိုက်မှု၊ နှက်မှုဖြစ်ရင် ပြဿနာကို အရင်ရှင်းရမှာဖြစ်ပေမယ့် ကိုယ့်ကျောင်းနဲ့၊ ကိုယ့်ဆေးရုံဖြစ်နေတာကြောင့် ဆေးရုံရောက်ရောက်ချင်း ခေါင်းကဒဏ်ရာကို ချုပ်ရပါတော့တယ်။ နိုင်လွန်ကြိုးနဲ့ တရွှိရွှိမြည်အောင် ခုနစ်ချက်ချုပ်ခံလိုက်ရတာကို သတ္တိခဲမောင်ဖြူက အံတစ်ချက်မကြိတ်ဘဲ ခံပါတယ်။ ကြည့်နေရတဲ့ ဦးဟန်ကြည်တို့မှာသာ အူတွေယား၊ ကြက်သီးတွေထလာပါရဲ့။ ဦးဟန်ကြည်ခမျာ ချစ်စွာသော သူငယ်ချင်းကို လူနာစောင့်ပေးရင်း ဆေးရုံမှာ သုံးလေးညအိပ်လိုက်ရပါတော့တယ်။ သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်နေကြရပေမယ့် ကိုယ်တော်မြတ်ကတော့ ခေါင်းမှာပတ်တီးကြီးအဖွေးသားနဲ့ အစားမပျက် အသောက်မပျက် ရှိနေပါရဲ့။ ကျောင်းသားချင်းဖြစ်တဲ့ ကိစ္စကို ကျောင်းမှာပဲ ဖြေရှင်းလေ့ရှိတာမို့ ပါမောက္ခချုပ်ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုနဲ့ ပြဿနာက ပြီးသွားပေမယ့် မောင်မင်းကြီးသားရဲ့ ခေါင်းမှာတော့ သေရာပါ အမာရွတ်ကြီး ကျန်နေခဲ့ပါရောလား။ စိတ်မှတ်မရှိတဲ့ သကောင့်သားကတော့ နောက်နှစ်လလောက်အကြာမှာ သူ့ကိုရိုက်တဲ့ သူငယ်ချင်းနဲ့ လည်ပင်းပြန်ဖက်ပြီး တွဲမြဲတိုင်းတွဲလျှက်ရှိပါတော့တယ်။ ကြားထဲက မျက်စိလည်ရသူတွေက ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းများပါ။ ဇာတ်လမ်းနိဂုံးချုပ်ချိန်မှာတော့ သူတို့အသည်းကျော် ကလေးမလေးက သူတို့နှစ်ယောက်ရဲ့ရန်ကို ကြောက်ရှာတာကြောင့် အတန်းတူ ငတိတစ်ကောင်နဲ့ ခါတော်မီ အမြန်တွဲသွားပါတော့တယ်။
တစ်ရက်မှာတော့ တခြားဆေးတက္ကသိုလ်မှာတက်နေတဲ့ ဦးဟန်ကြည်ရဲ့ ညီမကို သကောင့်သား မြင်သွားပါတော့တယ်။ မောင်ဖြူက ပါးစပ်က ဘာမှမပြောဘဲ သိက္ခာတော်ရ ဆရာတော်ကြီးများလို မိန့်မိန့်ကြီးလုပ်နေတာကြောင့် ဦးဟန်ကြည်လည်း စိတ်အေးလက်အေး နေမိပါတယ်။ ဒါပေမယ့် ကိုယ်တော်မြတ်က ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလောင်းကို ဦးဟန်ကြည် ကွယ်ရာမှာ
“ ကျွန်တော်ဗျာ…ဟန်ကြည့်ညီမကို ကြိုက်နေတာ…ဒီကောင်ကြီး စိတ်ဆိုးမှာစိုးလို့ မပြောရဲဘူး… ” လို့ ရင်ဖွင့်တော်မူပါတော့တယ်။ အိမ်ရှင်မလောင်းက အကြောင်းစုံပြန်ပြောလို့ သကောင့်သားအကြောင်း သိရပေမယ့် သက်သေမခိုင်လုံပြန်တာကြောင့် ချစ်စွာသော သူငယ်ချင်းကို ဘေးမဲ့ပေးထားလိုက်ရပါတော့တယ်။
တစ်ခါတစ်ခါမှာ မောင်ဖြူပြောလေ့ရှိတဲ့ စကားကို အခုထိ ပြန်သတိရနေမိပါသေးတယ်။ “ ငါတို့ကျောင်းပြီးရင် တစ်ဆေးရုံထဲ အတူလျှောက်ရအောင်ကွာ ” တဲ့။ “ ဘာဖြစ်လို့လဲ ” လို့မေးတဲ့အခါ “ ဟ…မင်းနဲ့ငါနဲ့ လျှောက်သွားလို့ရတာပေါ့ကွ ” လို့ ဖြေပါတယ်။ ဒီမှာတင် ဦးဟန်ကြည်က “ ဟကောင်ရ…ငါတို့တစ်တွေ မိန်းမရကုန်ကြရင် ဘယ်လိုလုပ်မလဲ ” လို့ပြန်မေးတော့ “ မိန်းမတွေ သူတို့ဖာသာ အိမ်မှာနေရစ်ကြပါစေပေါ့.. ” လို့ ခပ်တည်တည်ပဲ ပြန်ဖြေပါတယ်။ ဒီစကားကိုသာ ဦးဟန်ကြည်ရဲ့ အိမ်ရှင်မကြားရင်တော့ မောင်မင်းကြီးသားကို ငရုတ်ကျည်ပွေ့နဲ့ သမမှာ သေချာနေပါတယ်။
ဒီနေ့ဒီအချိန်မှာတော့ ဘ၀ခရီးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြရပြီဖြစ်တာမို့ သူငယ်ချင်းမောင်ဖြူနဲ့ ဦးဟန်ကြည် မဆုံဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရွှေမန်းမြို့ကိုလည်း ဦးဟန်ကြည် ပြန်မရောက်ဖြစ်တာ ဆယ်နှစ်ဝန်းကျင်ရှိသွားပါပြီ။ မောင်ဖြူတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလည်း စုံစမ်းလို့မရပါ။ ကျန်တဲ့သူငယ်ချင်းတွေကို စုံစမ်းတဲ့အခါမှာလည်း ဘယ်သူနဲ့မှ အပေါက်အလမ်းသိပ်မတည့်တဲ့ မောင်ဖြူအကြောင်း မသိကြပါ။ တစ်ချို့သူငယ်ချင်းတွေက မောင်ဖြူတစ်ယောက် မန္တလေးမှာပဲ ဆေးခန်းဖွင့်ထားကြောင်း မရေမရာ ပြောကြပါရဲ့။ အွန်လိုင်းပေါ်မှာ တက်ရှာပြန်တော့လည်း နည်းပညာကို နည်းနည်းလေးမှ စိတ်မ၀င်စားတဲ့ ကိုယ်တော်မြတ်ကို ရှာလို့မတွေ့ပြန်ပါ။ အများနဲ့ အစေးမကပ်တဲ့ သူငယ်ချင်းကြီးတစ်ယောက် လူနာတွေနဲ့ သဟဇာတဖြစ်ပါ့မလားလို့လည်း စိတ်ပူမိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မောင်ဖြူနဲ့ တစ်ခေါက်တစ်ခါ ပြန်ဆုံခွင့် ရချင်ပါသေးတယ်။ ချစ်စွာသော သူငယ်ချင်း မောင်ဖြူတစ်ယောက် အစစအဆင်ပြေချောမွေ့ပါစေ။ ဦးဟန်ကြည်လို အလိမ္မာ၊ အိမ်ပါ ဇနီးမယားအနိပ်နဲ့ သမီးသားအစိတ်ရပါစေလို့ ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်မိပါတော့တယ်။ ။
မောင်နီနဲ့ မောင်ညိုရဲ့ အကြောင်းတွေကို အလျဉ်းသင့်သလို ဆက်ရေးပါဦးမယ်။ တိုင်းရင်းသူ ဒေါ်ချောပြောသွားသလို သူငယ်ပြန်နေတဲ့(ငယ်ဘ၀ကို ပြန်လွမ်းနေတဲ့) ဦးဟန်ကြည်ရဲ့ လွမ်းချင်းတွေကို စိတ်ရှည်လက်ရှည် အားပေးတော်မူကြတာ ကျေးဇူးဥပကာရ အထူးတင်ရှိပါရဲ့။ ။
11 comments:
ဆြာ နည်းနည်းရှည်တယ် ကူးသွားတယ် အိမ်မှာဖတ်မယ်ဆြား)
ကဗျာတပုဒ်ရေးထားတယ်ဆြာ
အမေ့နေ့အတွက် ပြာသိုလပြည့်နေ့ မန်းမဂ္ဂဇင်းအတွက်တပုဒ်လာတောင်းတယ်ဆြာ အမေ့ကဗျာရေးမယ်ဆို အဖေ့မျက်နှာပြေးမြင်ပြီး အမေ့ကဗျာသတ်သတ်မရေးဖြစ်ဖူးဆြာ ဒါနဲ့ နုပျိုသူများကိုရေးဖြစ်တယ်ဆြာ စာမျက်နှာပေါ်မလွှတ်ရဲဖူးဆြာ
ဟုတ်တယ်ဦးဟန်ကြည်ရေ.......ငယ်ပေါင်းသူငယ်ချင်းတွေ
အွန်လိုင်းမှာရှာကြည့်ရတာမောနေပြီ တစ်ကောင်...အဲ
တစ်ယောက်တလေမှယောင်လို့မတွေ့မိပါဘူး
အပြင်မှာတွေ့တော့ပြောတယ်လေဟဲ့...နင်ကသိပ်ခေတ်မှီ
နေတယ်ပေါ့လေတဲ့...စိတ်နာစရာပဲတခါတလေကိုယ်ကငပေါကြီးဖြစ်လို့ကျွန်တော်တို့ခေတ်ကလူတွေများတယ်ခက်
အဲတာကြောင့်သားသမီးတွဲလောင်းနဲ့ဘုတ်ထိုင်းကြီးတွေဖြစ်လို့..... :P အင်းလွမ်းလာပြီဗျာငယ်ဘ၀ကို
ခင်မင်လေးစားစွာဖြင့်
ချစ်သူမောင်
ဆြာဦးဟန်ကြည်ရေ
ငယ်ဘဝလေးဖတ်ပြီး
ပြုံးပြုံး ..ပြုံးပြုံးနဲ့
သဘောကျနေတုန်းရှိသေးတယ်
ဇတ်လမ်းလည်းဆုံးရော
မောင်ဖြူတယောက် ဘယ်နေရာရောက်င်္ပြီး
ဘာတွေလုပ်နေမှန်း
အဆက်အသွယ် မရှိတော့ဘူးဆိုလို့
စိတ်မကောင်းဖြစ်မိသွားတယ်ဆရာရယ်..
မောင်ဖြူအကြောင်းပြီးတော့ ကြားဖြတ်အနေနဲ့ ဆရာနဲ့ မဒမ်နဲ့ အကြာပေါင်း အကြောင်းပါခဲ့တဲ့ အကြောင်းလေးလဲ လုပ်ပါဦးဆရာရယ်။ တောင်းဆိုပါတယ်။ စိတ်ဝင်စားလွန်းလို့။ အပြိုးပိုင် အပြိုင်များပိုးခဲ့ရသလားလို့။း))
ခင်မင်လျှက်
တစ်ယောက်ချင်း အကြောင်းလေးတွေ စောင့်မျှော်နေပါတယ်အကို... ဘယ်အချိန်တွေးတွေး ကြည်နူးစရာ အပြည့်နဲ့ ..ငယ်ဘဝတွေ ပေါ့ နော်.
အဆက်သွယ်မရတော့တဲ့ သူငယ်ချင်းမလေး တစ်ယောက်ကို ဘယ်နားရှာရမှန်းမသိ.... :(
(ဦးဟန်ကြည်လို အလိမ္မာ၊ အိမ်ပါ ဇနီးမယားအနိပ်နဲ့ သမီးသားအစိတ်ရပါစေလို့ ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်မိပါတော့တယ်။)
ဆရာရေ ဒီတစ်ခေါက် အနော့်စီ လာရင် ဒီလို
စုပေးခဲ့နော်.း)p
ခင်မင်လေးစားလျှက်
(ဒုတိယ)
ဦးဟန်ကြည်ကြီး မောင်ဖြူနဲ့  ပြန်လည်ဆုံတွေ့  နိုင်ပါစေ...
ဆရာဟန်တို့များ သူ့သူငယ်ချင်းအကြောင်းပြောရင်း သူ့မဒမ်ကြည်အကြောင်း ကပ်ကြွားသွားသေးတယ်.. ဟင်းဟင်း..
အားကျမခံပြန်ကြွားလိုက်ရလို့....
ဟုတ်တယ် ကိုကိုမောင်ပြောတာ ထောက်ခံတယ်. သူငယ်ပြန်တာ ပြီးသွားရင် မဒမ်ကြည်နဲ့ တွေ့ပုံ ဆုံပုံ မေတ္တာမျှပုံ စတဲ့ ဇာတ်လမ်းလေးတွေ ငယ်မူငယ်သွေးလေးတွေနဲ့ လုပ်ပါဦး.. ဖတ်ပါရစေ...
ဒီလို အလိမ္မာအိမ်ပါ ဇနီမယား အနိပ်ကလေးကိုရဖို့ ဘယ်လို ဗျူဟာတွေ သုံးခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေကိုလည်း ပြောပြသင့်တယ်ဆရာဟန်..း)
ဘာပဲဖြစ်ဖြစ်ကျောင်းသားဘ၀ကခင်မင်စရာ တကယ်ကောင်းတဲ့သူငယ်ချင်းတွေရှိခဲ့တာဘ၀ထဲမှာအမှတ်ရစရာပါ။ ပျော်ဖို့ကောင်းသလိုလွမ်းဖို့လည်းကောင်းတယ်။ဆက်ရေးပါဦးခင်ဗျာ။
ဆရာ့ရဲ့ ငယ်မူပြန် သူငယ်ချင်းအလွမ်းလေးတွေကို စိတ်ဝင်တစားဖတ်သွားပါတယ်။ သူငယ်ချင်းတွေနဲ့ ငယ်ဘ၀ဆိုတာတွေကတော့ ကောင်းကောင်းဆိုးဆိုး ပြန်တွေးလိုက်ရင် တမ်းတစရာလေးတွေတော့ ရှိတတ်ကြတာချည့်ပါပဲဆရာရေ။
Post a Comment