Tuesday 15 November 2011

မဝေခင်က ကြွေနှင့်သည် . . .

ဦးဟန်ကြည်ရဲ့ ကျောင်းသူတစ်ယောက်
ကျောင်းပျက်နေတာ နှစ်ရက်ရှိနေပြီမို့ ညနေက အဲဒီကျောင်းသူရဲ့ မိဘတွေအိမ်ဘက်ကို လမ်းကြုံတာနဲ့ပဲ ၀င်စုံစမ်းမိပါတယ်။ ကျောင်းသူဘယ်ပျောက်နေသလဲလို့ မေးမိတဲ့အခါ ကျောင်းသူရဲ့ အမေဖြစ်သူက မျက်ရည်လည်ရွှဲနဲ့ “ ကျွန်မတို့လည်း အဲဒါကိုပဲ လိုက်စုံစမ်းနေတာပါပဲ ဆရာရယ် ” လို့ ဆိုပါတော့တယ်။ သေချာပါပြီ။ ထုံးစံကို ဗုန်းမှန်လို့တောင် အပျက်မခံတဲ့ ဦးဟန်ကြည်တို့ရဲ့ တစ်နှစ်မှာ ကျောင်းသူတစ်ယောက် ယောက်ျားရလေ့ရှိတဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းသူတစ်ယောက် အတောင်ပေါက်သွားပါပြီ။

http://jollyenglish.edublogs.org/files/2010/04/YoungStudentInClass.jpg

သင်ကြားမှုသက်တန်းတစ်လျှောက်လုံး သတိထားမိသလောက် ဦးဟန်ကြည်တို့ရဲ့ ဒီဘက်ဒေသမှာ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေ အိမ်ထောင်စောစောကျတာ၊ မိန်းမခိုးပြေးကြတာ တစ်ခါမှ မကြုံဖူးပါ။ ဒါပေမယ့် ကျောင်းသူတွေကတော့ အထက်ကပြောခဲ့သလို တစ်နှစ်ကို တစ်ယောက်နှုန်းနဲ့ မှန်မှန်ကြီး ခိုးရာလိုက်ကြပါတယ်။ ခေတ်ကြီးကိုပဲ အပြစ်တင်ရမလို၊ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့ရမလိုလိုပါ။ ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ၊ စိတ်ဓာတ်ရေးရာ၊ ဘာသာရေးပါမကျန် အမြဲသွန်သင်ဆုံးမပေးနေတဲ့ကြားက ဗွေဖောက်ဖောက်နေကြတာတွေကို တွေ့နေရတာမို့ ဥပေက္ခာပါရမီကိုပဲ ပြောင်းပြီးဖြည့်ရကောင်းနိုးနိုး စဉ်းစားနေရပါပြီ။ လောကကို အလှဆင်ဖို့ စိတ်ကူးတွေ တသီတတန်းနဲ့ စိုက်ထား၊ ပျိုးထားတဲ့ ပန်းပင်လေးတွေ ဝေကာနီး၊ ပွင့်ကာနီးအချိန်ရောက်မှ ပိုးကိုက်ကုန်တာကို မြင်ရတဲ့ ဥယျာဉ်မှူးခမျာ အတော့်ကို ခံစားရပါတယ်။ ဆရာတပည့်ဆက်ဆံရေးဆိုတာကလည်း မြန်မာ့လူ့ဘောင်က သတ်မှတ်ထားလို့သာ နှီးနွယ်ပတ်သက်နေကြပေမယ့် တကယ်တန်းကျပြန်တော့ ဆိုင်သာဆိုင်၊ မပိုင်ကြသူတွေက ဆရာတွေပဲ မဟုတ်ပါလား။ နောက်ဆုံးမှာတော့ သူများသားသမီးလေးတွေကို မပိုင်ဝက်မွေးဘ၀နဲ့ သံယောဇဉ်တွယ်ပြီး အောင်မြင်စေချင်လွန်းတဲ့ ဆရာတွေပဲ စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ရုံပါပဲ။

တဖွဖွသွန်သင်ဆုံးမနေတဲ့ကြားက လမ်းကြောင်းမှားချင်တိုင်း မှားနေကြတဲ့ တပည့်မတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကို အိမ်ရှင်မကတော့ အားပေးရှာပါတယ်။
“ ရှင့်ကလေးတွေက ရှင်မဆုံးမခင်ကတည်းက ရည်းစားတွေရှိပြီးသားဆိုတော့ ဆုံးမစကားက ဘယ်တိုးတော့မလဲ ” လို့ ပြောတော့မှ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးဖြစ်နေတဲ့ ဦးဟန်ကြည်လည်း စိတ်ဖြေရာ ရပါလေရော။ ဟုတ်လည်းဟုတ်ပါရဲ့။ ရောဂါတွေကျွမ်းနေမှဖြင့် ဘယ်ဆေးက တိုးပါလိမ့်မလဲ။

ဒီဘက်ခေတ် ကာလသားသမီးများက ကျန်တဲ့နေရာမှာ ခေတ်မီမမီမပြောတတ်ပေမယ့် ရည်စားထားတဲ့နေရာမှာတော့ ခေတ်ကို လွန်ပါလေရော။ တစ်ခါတစ်ခါများ ဒီဘက်ကာလမှာ ကလေးဆိုတာ မရှိတော့ဘူးလို့တောင် တွေးမိပါရဲ့။ အရှင်မွေး နေ့ချင်းကြီးဆိုသလို ကိုယ့်အမြင်မှာ ကလေးလို့ သတ်မှတ်ထားတဲ့ တပည့်လေးတွေ မကြာမကြာဆိုသလို ကလေးတွေ တိုးလို့တွဲလောင်းနဲ့ ချီတက်နေကြတာကို မြင်နေရတာလည်း စိတ်မချမ်းမြေ့ပါ။ အသက်အရွယ်အရ တည်ငြိမ်မှုရှိပြီး ဘ၀ကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ အနေအထားမှာတောင် အိမ်ထောင်တစ်ခု သာယာဖို့ အင်မတန်ဝါယမစိုက်ထုတ်ရတာကို ကိုယ်တွေ့ကြုံနေတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီကလေးတွေ ဒန့်ကျွဲပင်ကို ပုခက်ဘယ်လိုဆင်ကြသလဲဆိုတာ သိချင်စမ်းပါဘိတော့တယ်။ အမေ့နို့နံ့တောင် မစင်သေးတဲ့ ဒီကလေးတွေကတော့ ဒီကိစ္စကို အိမ်ထောင်ပြုတမ်းကစားနေကြတယ်လို့များ ထင်နေကြရော့သလားမသိ။

ထုံးစံအရ မိန်းကလေးများက ယောက်ျားလေးများထက် ဖွံ့ဖြိုးမှုစောတာကို ဦးဟန်ကြည်သတိထားမိပြီးသား။ ယောက်ျားလေးတွေ ဂေါ်လီရိုက်လို့ကောင်းနေတုန်း ခုနစ်တန်း၊ ရှစ်တန်းအရွယ်မှာ တချို့မိန်းကလေးတွေ ရည်စားထားကုန်ကြတာလည်း ဦးဟန်ကြည်အသိ။ ဒါပေမယ့် အိမ်ထောင်တွေပြုကုန်ကြအောင်တော့လည်း မိုက်မဲကြလိမ့်မယ်လို့ မတွေးမိတာအမှန်။ မီးကိုတိုးကြတယ်လို့ သမုတ်ရအောင်လည်း အနှီသကောင့်သားမလေးတွေက ပိုးဖလံမဟုတ်ကြပြန်။ ဘာကိုမဆို မီးခိုးကြွက်လျှောက် တွေးရမှ ကျေနပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကလေးတွေ အိမ်ထောင်ပြုစောရခြင်းအကြောင်းကို တွေးဖြစ်ရပြန်ပါပြီ။

ဦးဟန်ကြည်တို့ ကလေးဘ၀တုန်းက ကျောင်းသားတွေကို အဖြူ၊ အစိမ်း ကျောင်းဝတ်စုံသတ်မှတ်ပေးထားပေမယ့် ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ စကတ် စသည်ဖြင့် ကိုယ်ကြိုက်သလို ၀တ်ခွင့်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်အထိ ကလေးစိတ်မကုန်သေးဘဲ ယောက်ျားမိန်းမ နပမ်းသတ်လို့ကောင်းတုန်း၊ ကျောစီးပြီး ထွေခင်းလို့ကောင်းတုန်း၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဒီတိုးတန်း ကစားလို့ကောင်းကြတုန်းပါ။ ဒီဘက်ခေတ်မှာတော့ မယောင်ရာကို ဆီလူးရမှ စားဝင်အိပ်ပျော်ပြီး အပေါ်ယံအလုပ်တွေကို ၀ါယမစိုက်ထုတ်လွန်းတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ရဲ့မူအတိုင်း လူကြီးတွေ မျက်စိပသာဒဖြစ်ဖို့ ရည်ရွယ်ချက်ကလေးတစ်ခုနဲ့ ငါးတန်းအရွယ်ကစပြီး ကျောင်းသားတွေက ပုဆိုးဝတ်ကြရပြီး၊ ကျောင်းသူတွေက လုံချည်နဲ့ ရင်ဖုံးဝတ်ကြရပါသတဲ့။ ကိုယ့်ကိုယ်ကို လူကြီးအ၀တ်အစားနဲ့ ပြန်မြင်နေကြရတဲ့ ဒီခေတ်ကျောင်းသားလေးတွေ အချိန်မတိုင်ခင် အရွယ်မရောက်ပဲ နေပါရိုးလား။ ဒီကြားထဲမှာ ခပ်ကဲကဲ မိဘများက သားသမီး ငချွတ်ကလေးတွေကို အလှပြင်ပစ္စည်းတွေ၊ အ၀တ်အစားတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးတဲ့နောက်တော့ ကလေးတွေ အလုပ်က အလှပြင်ပြီး ရည်စားထားဖို့ပဲ ရှိတော့တယ် မဟုတ်ပါလား။

ဒါတွေတင်အားမရသေးဘဲ မြ၀တီ၊ MRTV စတဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေကလည်း ကလေးတွေ လင်ယူစောစေဖို့ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့မအား၊ ညမနား အင်တိုက်အားတိုက် ထုတ်လွှင့်ပေးပြီး ပါရမီဖြည့်ကြပြန်ပါသေးရဲ့။ ဦးဟန်ကြည် သတိထားမိသလောက် ရွှေပြည်ကြီးမှာ ပြသမျှ၊ ခွေဆိုင်မှာ ရောင်းသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ထမင်းစားတာ၊ ဆေးရုံတတ်တာ၊ ရည်းစားထားတာကလွဲလို့ ဘာတစ်ကွက်မှ အတုယူစရာ၊ လေးစားအားကျစရာ မကောင်းပါ။ ဒီကြားထဲမှာ အနှီကိုရီးယားဇာတ်ကားတွေထဲက သရုပ်ဆောင်မတွေဟာ အားရင်အားသလို “ ဆိုဂျု ” လို့ခေါ်တဲ့ အရက်ကို သောက်ပြကြပါသေးတယ်။ ယောက်ျားလေးတွေကို မိန်းမတွေက ၀ိုင်းလိုက်၊ ၀ိုင်းကြိုက်ကြတာကိုလည်း မြိန်ရည်ရှက်ရည် ပြကြပါသေးတယ်။ မကောင်းတာဟူသမျှ အတုယူရမှ ခေတ်မီတယ်ထင်ကြလေတဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေပြည်သူများလည်း ကိုရီးယားစတိုင်ဝတ်၊ ကိုရီးယားလို ဆိုဂျုသောက်ပြီး ကိုရီးယားလို ရည်းစားထားကြပါတော့တယ်။ ခုနစ်အိုရှစ်ဆွေး အဘွားကြီး အမယ်ကြီးတွေတောင် သုံးဆစ်ချိုးဗိုက်ခေါက်ကို လူမြင်အောင် Body fit ၀တ်၊ အမာရွတ်တင်းကြမ်းနဲ့ တင်းပုတ်ခြေသလုံးကို မြင်သူမက်စေဖို့ Mini-skirt တို့ one-quarter short pant  တို့ကိုစစ်ကူတောင်း၊ ဆံပင်ကို နီကြောင်ကြားဆေးဆိုးလို့ ကိုရီးယားစတိုင်ဖမ်းပြီး ဘီယာဗူးကို လက်ကမချဘဲ Boy friend ရှာဖို့ လုံးပမ်းနေကြတာမို့ အမှားအမှန်မဆင်ခြင်နိုင်သေးတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးလေးတွေ ခပ်စောစော လင်ယူကြတာ ဆန်းတော့ဆန်းအံ့မထင်။

ဒီလောက် အတုယူမှားစရာတွေ တင်းကြမ်းပြည့်နေတဲ့ကြားထဲမှာ ခေတ်မီချင်လွန်းတဲ့ မိဘများက သားသမီးတွေကို လွတ်လပ်ရေးအပြည့်ပေးထားပြန်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သွန်သင်မှုက အားနည်း၊ ဘာသာရေးအဆုံးအမက မရှိ၊ ကျန်းမာရေးအသိက နတ္တိဖြစ်ကြပြန်တဲ့ မျိုးဆက်သစ်ကလေးတွေမှာ ဖြစ်ချင်သလိုဖြစ်ပြီး၊ ပျက်ချင်သလို ပျက်ကုန်ကြပါတော့တယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိင်ကိစ္စကိုလည်း အင်တာနက်ပေါ်မှာ၊ MP 4 player တွေထဲမှာ၊ မိုဘိုင်းဖုန်းတွေထဲမှာ၊ လမ်းဘေးဆိုင်တွေမှာအလွယ်တကူရနိုင်တဲ့ DVD ခွေတွေထဲမှာ ဖောချင်းသောချင်းတွေ့နေ၊ မြင်နေနိုင်တာကလည်း လူငယ်တွေကို အဆင်းဘီးတပ်ပေးသလို ဖြစ်နေပြန်ပါရဲ့။ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းရှိကြတဲ့ အနောက်နိုင်ငံတွေမှာ ဖိုနဲ့မ သံဝါသ အမှုကိစ္စဟာ မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ ခေါက်ရိုးကျိုးပြီးသား ဖြစ်နေပေမယ့် ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ အဆုံးအမအောက်မှာ ဟီရိ၊ သြတ္တပ္ပတရားနဲ့ နေခဲ့ရတဲ့အပြင် လိင်ကိစ္စမှာလည်း သိုသိုဝှက်ဝှက်ရှိခဲ့ရာက အခုလို ဖောဖောသီသီမြင်နိုင်တွေ့နိုင်တဲ့ အနေအထားကို နေ့ချင်းညချင်းရောက်လာပြန်တော့ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးတွေမှာ နွားငတ်ရေကျ ဖြစ်ရတာ ဆန်းတော့ မဆန်းလှပါ။ လူတိုင်းမှာရှိစမြဲဖြစ်တဲ့ တဏှာ၊ ရာဂစိတ်ရိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အသက်အရွယ်၊ အသိအမြင်၊ ကိုယ်ကျင့်တရားစတာတွေ လိုပြန်တာမို့ အဲဒီအချက်တွေ မပြည့်စုံနိုင်သေးတဲ့ ကျောင်းသားအရွယ်ကလေးငယ်တွေဟာ သမီးရည်းစားဘ၀ကို အိမ်ထောင်သည်အကြိုလေ့ကျင့်ခန်းကာလလို့ သဘောထားကြပါတော့တယ်။

ယောက်ျား၊ မိန်းမ နှစ်ဦးလုံး လိင်ကိစ္စပွင့်လင်းတဲ့ အနောက်နိုင်ငံတွေမှာတော့ သွေးသားဆန္ဒကို ဖြေဖျောက်ရုံအတွက်ပဲ အရေးထားပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေကို မိန်းကလေးကိုယ်တိုင်က သွေးအေးအေးနဲ့ ဖြေရှင်းလေ့ရှိတာမို့ ပြဿနာသိပ်မရှိလှပါ။ သူရို့လူမျိုးက ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်ကိုစ္စလို့ပဲ သဘောထားကြတာ မဟုတ်ပါလား။ ဒါပေမယ့်
အရှက်နဲ့ လူလုပ်ကြတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးငယ်လေးတွေခမျာမှာတော့ မလိမ္မာတစ်ခါမိုက်မိရုံနဲ့ ကိုယ့်ကိုယ်ကို ပန်းကောင်းအညွန့်ကျိုးသွားပြီလို့ ယူဆပြီး ပေါက်တဲ့နဖူးကို မထူးဇာတ်ခင်းကြရရှာပါတော့တယ်။ ဒီကြားထဲမှာ ယောက်ျားလေးဖြစ်သူက သန့်စင်မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ခုတုံးလုပ်ပြီး တဏှာရာဂ သွေးသားဆန္ဒဖြေဖျောက်ဖို့ကို ရှေ့တန်းတင်တဲ့လူစားမျိုးဖြစ်ခဲ့ရင်တော့ မိန်းကလေးဘ၀ဟာ နစ်သည်ထက် နစ်ရုံပဲ ရှိပါတော့တယ်။ နောက်ဆုံးမှာ မဖုံးနိုင် မဖိနိုင်ဘ၀နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ မိန်းကလေးတွေလည်း မနည်းလှပါ။ မိဘမောင်ဘွားတွေကို ရင်မဆိုင်ရဲတော့ဘဲ လေလွင့်ပျက်စီးပြီး ဘ၀ဇာတ်သိမ်းမလှကြတော့တဲ့ သမီးလေးတွေလည်း ဘယ်လောက်များ ရှိနေကြပြီလဲ မသိနိုင်တော့ပါ။ ဘ၀ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မျက်ရည်စက်လက်နဲ့ စွန့်လွှတ်ပြီး လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာပြေလည်ဖို့ မျက်စိစုံမှိတ်ပြီး အိမ်ထောင်ပြုလိုက်ကြရတဲ့ ကျောင်းသူအရွယ် သမီးလေးတွေရော ဘယ်လောက်များနေပါပြီလဲ။ ဦးဟန်ကြည်တစ်ယောက် ဆက်မတွေးရဲတော့ပါ။ မတွေးချင်တော့ပါ။

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးတွေပဲ ဖြစ်ပါတယ်။ ဦးဟန်ကြည်တို့တစ်တွေ အသက်အရွယ်ကြီးရင့်လာတဲ့တစ်နေ့မှာ သူတို့ကျွေးတာကို စားကြရမှာပါ။ သူတို့စီမံတဲ့အတိုင်း နာခံကြရမှာပါ။ သူတို့ဖန်တီးတဲ့ ပတ်ဝန်းကျင်မှာပဲ နေကြရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခမရောက်စေချင်တဲ့၊ ကိုယ့်ကိုယ်ကိုချစ်တဲ့ ဦးဟန်ကြည်တို့ ယနေ့လူကြီးတွေဟာ အနာဂတ်လူကြီးတွေဖြစ်တဲ့ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေကို ချစ်ကိုချစ်ရပါလိမ့်မယ်။ ဒီကလေးတွေကို စောင့်ရှောက်ခြင်းဟာ ကိုယ့်အနာဂတ်ကို တည်ဆောက်ခြင်းလို့ ခေါ်နိုင်တာမို့ ကျောင်းနေအရွယ်ကလေးတွေ အချိန်မတိုင်ခင် အိမ်ထောင်ကျပြီး လူမှုဒုက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံကြရတာမျိုး မဖြစ်ရလေအောင် ၀ိုင်းဝန်းပံ့ပိုးကြပါစို့လား။                 

21 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်တယ်ဆရာရေ...
ကျန်တာ မတတ်ချင်နေ။ ဒီကိစ်စမှာတော့ ဘယ်လိုက ဘယ်လို တတ်မြောက်လာကြမှန်းမသိဘူး။ မျက်စိရှေ့တင် ဟောတစ်ယောက် ဟောတစ်ယောက်ဘဲ။ ပါသွားကြတာလေ။

သူကြီးမင်းတို့ အရပ်ဘက်မှာလဲ လေးတန်းလောက် အောင်ပြီးရင် စာတတ်ပြီဆိုပြီး ကျောင်းရပ်နားကာ အလုပ်ခွင်ထဲ ၀င်ခိုင်း၊ အဲဒီနောက် အိမ်ထောင်ပြုဖို့လောက် စဉ်းစားကြတော့တာကလား။

စဉ်းစားမိတာ ရှိသေးတယ်။ ရွှေနိုင်ငံက ကလေးတွေ အဲဒီဘက်ကိုဘဲ စိတ်အလေးအနက်ထားနေလို့ ကျန်တဲ့ ဘက်မှာ မထူးချွန်တာများလားလို့။
ဒီဘက်မှာက အဲဒီကိစ်စ လွယ်လင့်တကူ ရတဲ့အတွက် ဘာမှ ကြောင့်ကြစိတ်မနေတော့ဘဲ တစ်ခြားပညာရပ်ကို အေးဆေး သင်နိုင်တယ်။ ဒါကြောင့် တိုးတက်တာလို့ စဉ်းစားမိတယ်။

အင်းးး
ဒီနှစ်အတွက် တစ်ယောက် ပြီးသွားပြီဆိုတော့ လာမဲ့နှစ်အတွက် အားမွေးထားပြန်ဦး ဆရာရေ....

ခင်မင်လျှက်

နေ၀သန် said...

ဆရာရေ... ပို့စ်ကောင်းလေးပါ... ဟုတ်တယ်..။ ကျွန်တော်တို့ ကိုးတန်းတုန်းကလည်း နှပ်ချေးတောင်မစင်သေးပဲ ဆော့လို့ကောင်းတုန်း.. ဖြုန်းဆို ကောင်မလေးတစ်ယောက် ခိုးရာလိုက်သွားတယ်... တပည့်တွေအပေါ် ရည်ရွယ်ချက်ကြီးကြီးနဲ့ ပြုစုပျိုးထောင်နေတဲ့ ဆရာတွေရင်ထဲမှာ ဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါရဲ့...

အဓိကက ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးကို မြေလှန်ပစ်မှရမယ်... အခုနေ ရန်ကုန်ကိုသွားကြည့်ရင် ဒူးမပေါ်တဲ့မိန်းကလေး အတော်ရှားတယ်လို့ ပြောသံကြားတယ်.. နိုင်ငံတကာကို အမှီလိုက်သင့်တဲ့နေရာမလိုက်ပဲ မဟုတ်တဲ့ဘက်က လိုက်နေတော့... အင်း... ရင်လေးစရာပါပဲဗျာ...

ခင်မင်လျက်
နေ၀သန်

သတိုး said...

ခေတ်ကြီးက အဲလိုဖြစ်နေတာ ဆရာ။ ဘယ်နှယ် လုပ်ကြမတုန်း။ ဆရာတွေကလည်း ကိုယ့်အာဏာစက်အောက်က လက်တစ်ဆုတ်စာ တပည့်တွေကိုသာ ပြောဆိုဆုံးမနိုင်ကြတာပါ။ ဒါလည်း ဆရာ ပြောသလို မပိုင်ဝက်မွေး ဘ၀တွေလေ။ အဓိကကတော့ လက်ဦးဆရာ မည်ထိုက်စွာသော မိဘတွေပါပဲ။ သူတို့ နှစ်ပါးထဲမှာမှ အမေပဲ အခရာ..။ သို့သော်လည်း အမေတွေက ကိုယ့် ငယ်ဘ၀က လိုချင်ဆန္ဒ မပြည့်ခဲ့သမျှ သားသမီးကို အသက်အရွယ် အသိအတွေးနဲ့ တန်တာရော၊ မတန်တာရော ချင့်တွက်မနေတော့ပဲ ဖြည့်တိုး မွမ်းမံပေးကြပြန်တာ မဟုတ်လား။
စကားစပ်လို့ star let's sky က ကလေးတွေကို သတိရမိတယ်။ သူတို့ ၀ါသနာထက် မိဘတွေရဲ့ အတ္တကို အရောင်တင်ပေးနေကြရသူလေးတွေလို့ ထင်မိတယ်။ ဟား... သတိရပြီ ။ ပို့စ်လေး တစ်ခုလောက် ရေးလိုက်ဦးမယ်။း)

Maung Myo said...

စိတ်မကောင်းစရာပဲ ဒီလိုနယ်ဘက်ကတော့ ပိုဆိုးတာပေါ့ဆရာရယ် မုန့်ဖိုးဆိုလည်း ပြည်မထဲက ကျောင်းသားတွေထပ် လွယ်လွယ်ပိုရ အသုံးဆောင်တွေဆိုလည်း ကောင်းကောင်းမြင်တွေ့နေရတော့ ခလေးတွေက ပျက်ဖို့လမ်းပိုမြန်လာသလိုပဲ ။ တကယ်ကို နှမြောဖို့ကောင်းပါတယ် ကျနော် အဲ့လို ခလေးတွေတွေ့ရင် စိတ်က အလိုလို တိုလာသလိုလိုနဲ့ တော်တော့ဟာတွေလို့ကို ဖြစ်မိကော ။

အစ်မပြောတဲ့ စကားနဲ့ပဲဖြေလိုက်ပေါ့ဆရာရယ် ဆရာ့စေတနာတွေကို မခံယူတတ်တဲ့ကျောင်းသူလေးတစ်ယောက်လို့ပဲတွေးဖြေလိုက်ပါ ။

ခုခေတ် ခလေးတွေက မလွယ်ဘူးလို့ဆိုရင် ကျနော်က တော်တော် လူကြီးကြီးကျနေတာပဲလို့ဖြစ်တော့မယ် အိမ်ကတု ရည်းစားရနေပြီးဆိုတော့ ဇက်ပိုးကို ၅ ချက်လောက် အုပ်ထည့်ပေးလိုက်တယ် အိမ်မှာကျ စားပြီးတဲ့ ပန်းကန်တောင်ပြောင်အောင်မစေးတတ်သေးဘူး အိမ်က အမေ၊ ဦးလေးတွေ တိုက်ပေးတဲ့ မီးပူကျကိုဝတ်ပြီး စေတနာစော်ကားရမလားဆိုပြီး တီးထည့်ပေးလိုက်တယ် ။

ဒီအချိန်မှာ အချစ်က ပြင်းထန်နေတော့ လေပြေအေးတရားတွေဟောလို့တော့ အဆင်မပြေဘူးရယ်း)

Anonymous said...

ဆြာရေ.... စနစ်ပေါ့လေ စနစ်တခုလုံးကိုပြုပြင်နိုင်ကာမှရမယ်ထင်တယ် လက်လှမ်းမှီသလောက်လေး ဝိုင်းဝန်းတည့်မတ် တာကတော့ ကောင်းတယ်ဆိုနိုင်ပေမယ့် ထိရောက်မှုမရှိပါဖူး နည်းတာပေါ့ဆြာရယ်
အတန်းပညာသင်ကြားရေးစနစ်ထဲမှာ ဘာသာရေးအဆုံးမတွေပါလာဖို့လိုလာပါပြီ မောင်ဘကြိုင်တို့ငယ်ငယ်ကဆို ကျောင်းပိတ်ပြီဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်းမှာ ယဉ်ကျေးမှုသင်တန်းရယ်လို့သွားတက်ကြတယ် အကျိုးရှိတဲ့သင်တန်းကိုနောက်ပိုင်းကျတော့ ကြံခိုင်ဖွံ့ဖြိုးကဆရာတွေသင်မယ်ဖြစ်လာတယ် ကွာတာပေါ့ဆြာရယ် ပါဋ္ဌိ (မှားရင်ပြင်ဖတ်ဆြာ လက်ကွက်ရဖူး) စာလုံးပေါင်းတောင်မှန်အောင်မရေးနိုင်သေးခင် နေရာယူသင်ကြတော့ စိတ်ဝင်စားမှုနည်းပြီး ကျွန်တော်တို့မတက်ချင်တော့ပါဖူး ဘုန်းတော်ကြီးကျောင်းမှာလည်း မသင်ရတော့ပါဖူး အဲဂလိုအလွဲတွေစလာရာကနေ လူငယ်တွေအသိတရား ဟိရိတရားနားလည်မှုတွေခေါင်းပါးရာကနေ၊ ထိုနောက်မှာတော့ အတုမြင်အတုခိုးမှားရာကနေ ဝတ်စားဆင်ယင်မှုတွေပြောင်း၊ ဆဲရေးတိုင်းထွာတာတွေကအစ လူကြားထဲလည်း အချင်းချင်းဆဲလိုဆဲနဲ့ ရိုင်းလာလိုက်ကြတာ ကျွန်တော်တို့ဆြာတို့အမြင်ပဲမဟုတ်လား ..... ပြောရရင်အများကြီးပေါ့ ဆြာာာ..... နောက် ရိုးရာယဉ်ကျေးမှုကိုမျက်ကွယ်ပြုလာတာလည်းတော်တော်ဆိုးရွားလာပါပြီ ...
မောာာာာလိုက်တာာာာဗျာာာာာာ



မောင်ဘကြိုင်

blackroze said...

ဆရာရေ
စိတ်မကောင်းမဖြစ်ပါနဲ့လို့ဘဲပြောပါရစေနော်..
လူဆိုတာပေးတဲ့သူကပေးနေပေမဲ့
ယူတဲ့သူကယူတတ်မှရတာပါ
ခေတ်ရေစီးကြောင်းဆိုတာကလည်း
ကောင်းတာတွေပါလာသလို
မကောင်းတာတွေလည်းပါလာတာဘဲ
ခေတ်မှီတယ်ဆိုတိုင်းပါလာသမျှကို
လက်ခံနေလို့မရပါဘူး..
မိမိကိုယ်တိုင်ကလည်းမှန်ကန်စွာ
ရွေးချယ်တတ်ဖို့တွေးခေါ်တတ်ဖို့
လိုပါသေးတယ်ဆရာ
အခုခေတ်ကလည်း ဆရာရေးထားသလိုဘဲ
ကိုးရီးယားကားတွေကစတာဘဲလေ
အဲလိုကိုးရီးယားကားထဲကမင်းသားမင်းသမီး
တွေကိုအတုယူပြီး..လူငယ်တွေပျက်စီးကုန်
ကြတာပါဘဲ..မိဘတွေဆရာတွေကဆိုဆုံးမတာ
မှန်ပေမဲ့....ဘယ်လိုပြောရမလဲဆရာ
ကြားဖူးတာလေးရှိပါတယ်..

ပေးကားပေး၏ ရကားမရ ...
ဆိုသလိုပါဘဲ...

ကိုယ်ကပေးနေပေမဲ့
ယူတဲ့သူရအောင်မယူဘူး..ဆရာ...

စံပယ်ချို said...

ဆရာရေ
စိတ်မကောင်းမဖြစ်ပါနဲ့ သူ့ခောတ်နဲ့ သူ့အထာလိုဖြစ်နေတာပါ
ကျွန်မတို့တုန်းကဆို၁၀တန်းထိအောင်
ဆော့လို့ကောင်းတုန်းလေ...ရန်ကုန်ကျောင်းတက်တော့လဲဆော့တာပါပဲ...ရီးစားဆိုတာဝေးရောလေ
ခုအဲလိုမဟုတ်တော့ဘူး ၅-၆တန်းတွေလဲရီးစားနဲ့တဲ့ဆရာရေ...
မသင်ပဲတတ်တဲ့ထဲ အဲဒီပညာအဆိုးဆုံးပါပဲ
ခင်ခင်မင်မင် jasmine

ချစ်သူမောင် said...
This comment has been removed by the author.
ချစ်သူမောင် said...

ဦးဟန်ကြည်စိတ်မကောင်းမဖြစ်ပါနံ့ဗျာ
မုဒိတာထားပါ လူသားအကျိုး(မျိုးဆက်ပြန့်ပွားရေး)
တာဝန်ကိုစောစောယူလိုက်တယ်လို့ပဲတွေးကြည့်လိုက်
ပါခင်ဗျာ။အင်မတန်မှစိတ်ချမ်းသာစရာကောင်းတာ
တွေ့ရပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံမှာအနောက်ကလိုပုံစံ
ဖြစ်ဖို့ ဆိုယင်တော့နှစ်အတော်များများအချိန်ယူရမယ်
ထင်တယ်ဗျာ။ကျွန်တော်တို့ခေတ်နောက်ကျနေခဲ့သလား
ဆိုတာတော့ပြန်လည်ပြီးသုံးသပ်သင့်ပြီထင်ပါရဲ့ဗျာ
အမြင်မတော်လို့ရေးမယ်လုပ်တယ် ဟိုနေ့ကပါဗျာ
fb ရဲ့ status မှာ တက်တူးထိုးထားတဲ့မြန်မာမိန်းကလေး
ပုံတင်ပြီးမေးမိပါတယ် ကြာပြီတဲ့ဗျာအဲဒီတော့မခက်လားဗျာ။
ယဉ်ကျေးမှုတော်လှန်ရေးစနေပြီလို့မြင်မိတယ်
ဦးဟန်ကြည်ရေ။စိတ်ဓါတ်တော့အတော်ကျနေပေါ့ဗျာ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ညိမ်းနိုင် said...

အင်း...ဆရာရေ...အရှေ့နဲ့အနောက် ထိပ်တိုက်တွေ့ကျတဲ့
အခါမှာ ကမောက်ကမတွေဖြစ်တယ်လို့ပဲပြောရမယ်...။
ဆရာပြောသလိုပါပဲ...၊အနောက်မှာက ဒါမျိုးကို အကဲ့ရဲ့
မခံ၇ပဲ ကာယကံရှင်ကိုယ်တိုင်ဖြေရှင်းတတ်တယ်၊ဒီမှာက
လူကဲ့ရဲ့ခံရတာကတစ်မျိုး၊မိဘမောင်ဖွားတွေ အရှက်ရစေ
တာကတစ်ဖုံ၊ကိုယ်တိုင်ကလည်းကောင်းစွာမဖြေရှင်းတတ်၊
ဒီတော့ အဲ့သလိုတွေဖြစ်ကုန်ထင်ရဲ့..၊ကျွန်တော်တော့
ဆရာမောင်စိန်ဝင်းရဲ့ မိုးမခပင်တွေ ကိုပဲ သတိရမိ....၊
ဆံပင်ဖားလျားလူငယ်များလေ....မြစ်နားကမ်းစပ်...
ရပ်နေသလိုမျိုး.....ဆိုတာလေး...၊ဟင်း.....၊ခေတ်ရေစီး
ကြောင်းထဲတိုက်စားခံလိုက်ရတဲ့ မိုးမခပင်လေးတစ်ပင်
လို့ပဲ တင်စားလိုက်ချင်ရဲ့....:(

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေတ်ကြောင့်လား စနစ်ကြောင့်လား..
ဘယ်လိုကြောင့်မှန်းမသိအောင် ကလေးတွေက တိုးတက်မြန်လွန်းပါတယ်.
ကောင်းတဲ့နေရာမှာ တိုးတက်ရင်တော့ ဟုတ်တာပေါ့ဆရာ
ခုတော့ မကောင်းတဲ့ နေရာမှာ တိုးတက်အတုခိုးအတတ်မြန်ကြတယ်..
ရန်ကုန်ပြန်ရောက်ရင်လည်း မြင်ရတွေ့ရ မသက်သာဘူး..
ကလေးတွေ ဖြစ်ချင်တိုင်းဖြစ် လွတ်ချင်တိုင်းလွတ်နေတာ..
အိမ်မှာလည်း ညီမအငယ်တွေရှိတော့ ထိန်းခဲ့ရတာပါဘဲ ဆရာဟန်ရေ..
မထိန်းဘဲ လွတ်ထားလို့မှ မဖြစ်တာ..
ငယ်သေးတဲ့အရွယ်က ကိုယ့်စိတ်ကို ထိန်းဖို့ခက်တယ်.. လမ်းညွှန်ပေးမဲ့သူ လိုအပ်တယ်..
သူတို့ကို လမ်းညွှန်မဲ့သူတွေက ကိုးရီးယားကား၊ တရုတ်ကားဖြစ်နေတာကတော့ နည်းနည်းဆိုးတယ်ထင်တာဘဲ

မေသိမ့်သိမ့် ကျော် said...

ဦးဟန်ကြည်ရေ

အတုမြင်အတတ်သင်ဆိုတဲ့ စကားပုံအတိုင်းပေါ့ရှင်။ ပယောဂကလဲရှိ ၊ အဲ့လိုဖြစ်ဖို့ အထောက်အပံ့ကလည်းကောင်းဆိုတော့ သွားတော့တာပါပဲ။ ဆရာက တပည့်ကို နှမျောတယ်ဆိုတာ တပည့်တွေအတွက်ပါ။ ဆရာကောင်းတပည့် ပန်းကောင်းပန်တာပဲမြင်ချင်ကြမှာပေါ့လေ။ ဆရာ့တပည့် ပန်းကောင်းအညွှန့်ကျိုးတာ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲလေ။ ရိုးရာဓလေ့ကို ဖော်ထုတ်ဖို့ ၊ စည်ပင်လာဖို့ ၊ ထိန်းသိမ်းဖို့က အားလုံးမှာ တာဝန်ရှိပါတယ်ရှင်။

mstint said...

တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းမှာ ဒွန်တွဲနေတဲ့ ကောင်းမွေ ဆိုးမွေတွေလို့ပဲ ပြောရမလား မသိဘူး ဦးဟန်ကြည်ရေ။ 'နပမ်းသတ်၊ ကျောစီးပြီး ထွေခင်း၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဒီတိုးတန်း ကစားတဲ့အကြောင်းလေး ဖတ်ရတော့ ငယ်ဘဝကို သတိရမိတယ်။ ကျင်းစိမ် ဒိုးပစ် ကျီးသားရိုက်တာလည်း မလွတ်ခဲ့ဘူးး))
အဖထက်သား တစ်လကြီးနေကြပြီ ဦးဟန်ကြည်ရေ ကိုယ်တိုင်လည်း အကောင်းဆုံး လုပ်နေတာပဲလေ။ ဖြစ်သမျှအကြောင်း အကောင်းဘက်က လှည့်တွေးကြရမှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘုန်းဘုန်းတောက် said...

အင့် သံဝေဂရစရာကောင်းလှပါတယ် ဆရာရယ်။ ဘုန်းဘုန်းတို့ဘက်မှာလည်း အဲဒီတိုင်းပဲ ဆရာရေ။ တစ်လင်တစ်မယားစနစ်ကနေ လေးလင်လေးမယားစနစ်ဆီကို ပြောင်းကုန်ကြပြီလား မသိ။ ယူလိုက်ကြ၊ ပြန်ကွဲလိုက်ကြတာတွေက ဒလဟောကြီးပဲ ရှိတယ်ဆရာရေ။ ရေးရင်းနဲ့တောင် ဘုန်းဘုန်းရဲ့တူမလေးတွေကိုတောင် စိုးရိမ်နေမိတယ်။

ကိုဇော် said...

ကျနော် ပြောချင်တာတွေ အားလုံးကို ပြောသွားသလိုပါပဲလား ဆရာဟန်ရာ။ ကျနော်က နည်းနည်းငယ်နေတော့ ပြောရတာ သိပ်မပေါက်ဘူး ဖြစ်နေတာ။ ကျေးဇူးပဲဗျာ။

Unknown said...

ဘာပြောရမှန်းမသိလို့ဘာမှမပြောတော့ဘူး
ဆရာရေ.. အင်း..
ရင်ဘက်တစ်ခုလုံးကတော့
ဖောင်းလိုက်ကြွလိုက်.အသက်ပြင်းပြင်း
ရှုလိုက်.လေပူတွေမှုတ်ထုပ်လိုက်
နဲ့ ပဲ..ဖတ်သွားတယ်ဆရာရေ...

ခင်မင်လေးစားလျှက်
(ဒုတိယ)

ဆူးသစ် said...

ကျွန်တော်ဟိုးတုန်းက အရွယ်မတိုင်မီဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်လူငယ်တွေ စောစောစီးစီးအရွယ်တွေရင့်ကုန်လို့စိတ်မကောင်းလို့ပါ။ကျွန်တော်တို့ခံယူချက်၊ဦး တည်ချက်ချင်းတူပါတယ်။သူတို့ကိုအဲဒီလိုမဖြစ်စေချင် ဘူး။ဒါပေမဲ့သူတို့မသိကြဘူး။ကျွန်တော်တို့ခေတ်ရဲ့ဖြတ်သန်းမှုကရုပ်ပိုင်း နောက်ကျခဲ့ပေမယ့်စိတ် ပိုင်းတော်တော်ရှေ့ရောက်ပါတယ်။သူတို့ခေတ်ရဲ့ဖြတ်သန်းမှုကတော့ရုပ်ပိုင်းရှေ့ရောက်ပေ မယ့်စိတ်ပိုင်းကတော့တော်တော်ချို့တဲ့ခဲ့ပြီဗျာ။
ကျွန်တော်လည်းအဲဒီအတွက်နောက်ပိုင်းလူငယ်တွေကို ကျွန်တော်သိတာလေးတွေဆောင်းပါးထဲမှာ ရှယ်နေပါတယ်။ကြီးကြီးကျယ်ကျယ်ပြောရရင်တော့
တိုင်းပြည်အတွက်ပေါ့ဗျာ။ လူငယ်တွေရဲ့လမ်းကြောင်းကို လိုက်ပြီးတည့်မတ်ပေးဖို့က ကျွန်တော်တို့အပိုင်းဖြစ်နေပြီကိုး။ ကိုဟန်ကြည်ရဲ့စာအတွက်စေတနာကို ကျေးဇူးပါ။

မဒမ်ကိုး said...

ဟားးးး ဆရာရေ ရွှေဒိုးတို့ပိုစ့်ကောင်းတွေလွတ်ပြီးရင် လွတ်နေပါပေါ့လား ..
ဆရာရယ် ပြောတာတွေများ ဒက်ထိကွက်တိနေလိုက်တာ
ဟုတ်ပ ဟုတ်ပ .
ခုခေတ်ကလေးတွေက ၁၂ လောက်ဆို လူပျိုအပျိုဂိုက်တွေဖမ်းကုန်ပြီဆရာရေ .
မြန်မာပြည်တော့မသိ စလုံးမှာတော့ ပီ ၄ ပီ၅ လောက်ဆိုရင် ရည်းစားတိုးလို့တွဲလောင်းတွေနဲ့
စိတ်ပျက်လိုက်တာ ..
ကလေးတွေတင်မဟုတ်ဘူး ဆရာကြည်ပြောသလိုပဲ
အဘွားကြီးတွေက ပါ ကိုးရီးယားနေကြတာတော့တော်တော်ဆိုးပါတယ် .
ဆရာရေ ဒါတွေအားလုံး ဘယ်ကစတယ်ပြောရမလဲ
ဘယ်သူတွေကိုအပြစ်တင်ရမလဲ .
သဘာဝကလား
ခေတ်ကပျက်လာတာလား
ဘာတွေလဲ မသိတော့ဘူးဆရာ
မကြားဝံ့မနာသာတွေလဲ ကြားရ
မဖြစ်သင့်တာတွေဖြစ်ကြနဲ့
လောကကြီး မှာဘာတွေဖြစ်နေလဲတောင်လိုက်မမှီတော့ဘူးဆရာ
ဆရာတို့လို့ အသိညဏ်ပညာနဲ့ပြည့်စုံသူတွေလက်အောက် ကလေးတွေများများရောက်ကြပါစေး
ခင်မင်လေးစားလျှက်

San San Htun said...

ပညာမစုံခင် ကြင်ယာရှာတော့ ဘယ်လိုများ အသက်မွေးဝမ်းကြောင်းမှာပါလိမ့်..မိဘခေါင်းပဲ ရောက်မှာပဲ..ရင်လေးတယ်..

ကိုရင် said...

ခေတ်ရေစီးကြောင်းကြီး ရေစီးအားကောင်းနေတာပေါ့ ဆရာရယ်.. အကုန် တိုက်စားပစ်ကြလိမ့်မယ်..

မအိမ်သူ said...

အဲဒီလိုမျိုးတွေကြားရရင် တကယ်စိတ်ဆင်းရဲတယ် ဆရာရေ။ ကိုယ့်ကလေးကြီးလာမှာကိုတောင် ကြောက်နေတယ်။ မိဘက ဘယ်လိုဆုံးမဆုံးမ ကလေးကနားဝင်ဖို့ မိဘ ဆရာတွေရဲ့ စေတနာကို သိနားလည်ပြီး လိုက်နာဖို့လဲ လိုသေးတာကိုး.. အခုခေတ်ကလေးတွေက ဆရာ မိဘစကားထက် ပတ်ဝန်းကျင်လွှမ်းမိုးမှုက ပိုများနေတော့ စဉ်းစားမိတိုင်း ရင်လေးတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မဖြစ်သင့်တာ ဖြစ်သွားကြတဲ့ ကလေးတွေကိုလဲ အရမ်းနှမြောတယ်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger