Thursday, 27 October 2011

လွမ်းတော်မူလို့ စာကိုစီတယ် . . .


“ သူငယ်ချင်းများစွာ…ဆုံဆည်းခဲ့ရာ…နောက်ဆုံးတစ်နေ့မှာ…ပြန်ပြီးခွဲခွာ… ”

တက္ကသိုလ်ကျောင်းသားဘ၀က ကြားဖူးနားဝရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ သူငယ်ချင်းများစွာ ” သီချင်းထဲက စာသားတစ်ပိုင်းတစ်စကို ဦးဟန်ကြည်တစ်ယောက် ခပ်တိုးတိုးညည်းမိပါတယ်။ သူငယ်ချင်းဆိုတာ ကြမ်းတမ်းတဲ့ဘ၀ခရီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်တွေဖြစ်တာမို့ လူတိုင်းတန်ဖိုးထားကြတဲ့ အနဂ္ဃရတနာတွေ မဟုတ်ပါလား။ ခင်မင်ရတဲ့ စိတ်တူသဘောတူ ၀ါသနာတူ သူငယ်ချင်းတစ်အုပ်နဲ့သာ အတူသွားရမယ်ဆိုရင်ဖြင့် ငရဲကိုတောင် ပျော်ပျော်ကြီးသွားကြမှာ ဦးဟန်ကြည်တို့ ပုထုဇဉ်လူသားတွေပဲ မဟုတ်ပါလားလေ။

ဦးဟန်ကြည်တို့ခမျာမှာ အလယ်တန်းကျောင်းသားဘ၀က အရေးအခင်းကြောင့် ကျောင်းနှစ်နှစ်လောက်ပိတ်တာ ခံလိုက်ရတဲ့အပြင် ဆယ်တန်းအောင်ပြီးပြန်တော့လည်း တက္ကသိုလ်တွေဖွင့်ဖို့ သုံးနှစ်နီးပါးထိုင်စောင့်ခဲ့ရသေးတာမို့ တက်ချင်လွန်းလှတဲ့ ဆေးတက္ကသိုလ်ကိုရောက်တဲ့အခါမှာတော့ အသက်တွေ နှစ်ဆယ်ဝန်းကျင်ဖြစ်ကုန်ကြပါပြီ။ ခေတ်ဆိုး၊ ခေတ်ကြပ်ကြီးထဲမှာ ရှင်သန်ရုန်းကန်ခဲ့ကြရသူတွေဖြစ်တာမို့လည်း အရွယ်တွေက ရှိသင့်တာထက်ပိုရင့်နေကြသလို အတွေးအခေါ်တွေကလည်း လူကြီးတစ်ပိုင်း ဖြစ်လို့နေပါပြီ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်လို့မရတဲ့ အနေအထားကို နှစ်ရှည်လများ ကြုံတွေ့ဖြတ်သန်းလာရသူတွေဖြစ်တာမို့လည်း ကျောင်းရောက်စမှာ အချင်းချင်း ရင်းနှီးပွင့်လင်းဖို့ ခင်ခင်မင်မင်ဖြစ်ဖို့ အတော်အားယူကြရပါတယ်။ ဒီကြားထဲမှာ ကျောင်းသားငယ်ဘ၀ကတည်းက အတန်းထဲမှာထိပ်၊ အမျိုးအဆွေတွေရဲ့ အညွှန့်အဖူးတွေဖြစ်ကြပြန်တာမို့ မာနလေးတွေကလည်း ငယ်ထိပ်တက်နေကြပြန်တာကြောင့် ကျောင်းစတက်လို့ လေးငါးဆယ်ရက်ကြာတဲ့အထိ သူတစ်လူ၊ ငါတစ်မင်းဖြစ်နေခဲ့ကြပါရဲ့။ ဒါပေမယ့် အတန်း Executive Committee ( E C ) အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပုဂံကို တစ်ညအိပ်နှစ်ရက် ပျော်ပွဲစားထွက်ပြီးကြတဲ့ နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ငယ်ပေါင်းကြီးဖော်၊ သောက်ဖော်စားဖက်တွေလို ပုလင်းတူဘူးဆို့ချင်း လည်ပင်းဖက်လျက်သား ဖြစ်ကုန်ကြပါတော့တယ်။

ခပ်ငယ်ငယ်အရွယ်ကတည်းက အပေါင်းအသင်းနည်းနည်းနဲ့ တစ်သီးပုဂ္ဂလနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်လည်း ဆရာဝန်လုပ်မယ့်လူဖြစ်လာတာမို့ ငယ်ကျင့်တွေဖျောက်ပြီး မည်းမည်းမြင်သမျှ ပြုံးပြမျက်နှာချိုသွေးပြီး အပေါင်းအသင်းလုပ်လိုက်ရာမှာတော့ အတန်းထဲက သူငယ်ချင်းပေါင်း ၁၆၀ လောက်မှာ ၁၅၀ ၀န်းကျင်လောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဆေးတက္ကသိုလ်မှာက ward ထဲဆင်းဖို့နဲ့ လက်တွေ့လုပ်ဖို့ အုပ်စုငယ်တွေခွဲပေးထားတာမို့ အုပ်စုတူချင်းက ပိုပြီးအကျွမ်းတ၀င်ရှိကြတာ သဘာဝဖြစ်ပါတယ်။ ဒီကြားထဲမှာ ရဲကျော်သူ၊ ရဲထွန်းကို၊ ရဲထွဋ်နောင် ဆိုတဲ့ “ ရဲသုံးဖော် ” က ရှိသေးသလို အောင်ခိုင်၊ အောင်နိုင်ဦး၊ အောင်ကျော်စိုး၊ အောင်ကျော်စိုးစံ၊ အောင်မြင့်ဦး၊ အောင်မြင့်အေး၊ အောင်ကိုဦး ဆိုတဲ့ “ အောင်ခြင်းရှစ်ပါး ” ကလည်း သီးသန့်တစ်ဂိုဏ်း ရှိပါသေးရဲ့။ ဒါတင်အားမရသေးဘဲ တောင်ကြီးသား စိုင်းဗညား ဦးစီးတဲ့ “ သေမင်းတမန်ဂိုဏ်း ” ၊ မုံရွာသား ပေါ်ဦးရဲ့ “ ကြာကူလီဂိုဏ်း ”၊ တန့်ဆည်သား ကျော်မင်းခေါင်းဆောင်တဲ့ “ ရာမဂိုဏ်း ” စတဲ့ မဒီကညာတစ်သိုက်ကို အကြည်အသာဝိုက်ရာက ဖြစ်ပေါ်လာတဲ့ ဂိုဏ်းကြီးတွေလည်း ရှိနေပြန်ပါသေးတယ်။

အဲဒီဂိုဏ်းတွေထဲမှာ သေမင်းတမန်းဂိုဏ်းဆိုတာက တကယ့်လူချောတွေ၊ ကင်းတွေ၊ မင်းသားတွေနဲ့ ဖွဲ့ထားပါတယ်။ အနှီသကောင့်သားတွေက ရူပါဖြူးကြတာမို့ မြင်သမျှ မဒီတွေအတွက် မကြိုက်ဘဲမနေနိုင်အောင် အန္တရာယ်ကြီးလှတာမို့ “ သေမင်းတမန်ဂိုဏ်း ” လို့ မည်ပါသတဲ့။ အမဆိုရင် ခြေမ၊ လက်မပါမကျန် ငမ်းတတ်တဲ့ သကောင့်သားတွေကတော့ “ ကြာကူလီဂိုဏ်း ”၊ သူတို့ကြံသမျှ၊ သူတို့ချိန်သမျှ၊ သူတို့လျာထားသမျှ သူများမ-မ သွားတာခံရလေ့ရှိတဲ့ ဂေါ်သမျှမစွံတဲ့ ဖိုးကျန်ရစ်တွေကတော့ “ ရာမဂိုဏ်း ” မှာ အသီးသီး အသက စုစည်းပါဝင်ကြပါတော့တယ်။ ဒါတင်မကသေးဘဲ ဆယ်တန်းတုန်းက သင်္ချာတစ်ရာမပြည့်ခဲ့တာကို စိတ်နာနာနဲ့ ဆေးကျောင်းရောက်မှ နေ့မီးညမီးဆက်ပြီး အပတ်တကုတ်ကြိုးစားပြီး ဂဏန်းပေါင်းကြတဲ့ “ ကုလားကားအုပ်စု ”၊ ချိုတမြမြခါးသက်ရီဝေပါတဲ့ ပယင်းရောင် ယစ်ရွှေရည်ကို တွယ်တာကြတဲ့ “ ရှပ်အုပ်စု ”၊ သူများတကာလုပ်တဲ့ အားကစားကို လောင်းကစားဖြစ်အောင် ကြံစည်ကြိုးကုတ် အားထုတ်ကြတဲ့ “ တစ်လုံးအုပ်စု ” စသည်၊ စသည်ဖြင့်လည်း အုပ်စုပေါင်းများစွာ ရှိနေပြန်ပါသေးတယ်။ ထုံးစံက ဆေးတက္ကသိုလ်ကဘွဲ့ရပြီးမှ ဆိုင်ရာဆိုင်ရာ၊ သန်ရာသန်ရာ အထူးပြုယူကြပြီး ပါရဂူလိုင်းတွေ ခွဲခြားကြရိုးဖြစ်ပေမယ့် ဦးဟန်ကြည်တို့တစ်တွေကတော့ ပထမနှစ်လောက်ကတည်းက ကိုယ့်စိတ်ကြိုက် အထူးပြုဘာသာရပ်တွေ ခွဲခြားပြီးသား ဖြစ်နေပါတော့တယ်။ ဤသည်လည်း တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံပင်မဟုတ်တုံချေလောလို့ပဲ စာသံပေသံနဲ့ ပြောရတော့မယ်ထင်ပါရဲ့။

အထက်ကပြောခဲ့သလို ဆိုင်ရာဂိုဏ်းတွေ၊ အုပ်စုတွေ၊ အဖွဲ့တွေမှာ ခင်ရမင်ရတဲ့ သူငယ်ချင်းတွေအပြင် ၀ါသနာတူ၊ စိတ်ကူကိုယ်တူတွေ စုစည်းပြီးဖွဲ့ကြပြန်တဲ့ စာပေအုပ်စုတွေရှိသေးသလို၊ ဘောလုံးသင်းကလည်း ရှိလိုက်ပြန်ပါသေးတယ်။ ဆေးကျောင်းရောက်လို့ သုံးလေးလလောက်မှာ ၀ါသနာတူ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်တွေ ထုတ်ဖြစ်ကြရာကနေ နောက်ထပ်သူငယ်ချင်းသစ်တွေထပ်ရလာပြန်ပါတော့တယ်။ ဖွတ်ကလိဒင်္ဂါးကို စစ်စစ်စီစီသုံးရတဲ့ ကျောင်းသားတွေဖြစ်တဲ့အပြင် ဒီဘက်ခေတ်လို ကွန်ပျူတာတွေလည်း ဈေးမပေါသေးတာမို့ ကဗျာစာအုပ်ကို တစ်ယောက်ထည်းမထုတ်နိုင်ဘဲ သူငယ်ချင်းတွေနဲ့ စုပေါင်းစပ်ပေါင်းထုတ်ပြီး၊ အခန်းတကာ၊ တက္ကသိုလ်တကာ လည်ရောင်းကြရပါတယ်။ ( အဲဒီတော့မှပဲ အနုပညာသမားဖြစ်ချင်ရင် မျက်နှာပြောင်ရဲရမယ်ဆိုတဲ့ ဥပဒေသ အသစ်ကိုရခဲ့ပါရဲ့…) ပထမနှစ်ကုန်ကာနီးလောက်မှာ ကိုအိမ့်၊ မင်းကြင်နာ၊ ကြည်ထွေးဟန်၊ ရီနေဆန်း၊ မြမှူးအိမ်နဲ့ ဦးဟန်ကြည်တို့က “ ရင်ကွဲကောင် ” အမည်နဲ့ ၀ထ္ထုတိုပေါင်းချုပ်တစ်အုပ် ထုတ်ဖြစ်တာကြောင့် ဦးဟန်ကြည်တို့ အုပ်စုက သူ့အလိုလို “ ရင်ကွဲကောင် အုပ်စု ” ဖြစ်ရပါတော့တယ်။

 စာပေ၀ါသနာအိုးတွေ ကဲင်တဲင်းမှာစုထိုင်ပြီး သူ့ကဗျာ၊ ကိုယ့်ကဗျာ လဲဖတ်ကြ၊ သူ့ဝထ္ထု ကိုယ့်ဝထ္ထု အပြန်အလှန်ဝေဖန်ကြနဲ့ အင်မတန် ပျော်ဖို့ကြည်နူးဖို့ ကောင်းလှပါရဲ့။ မော်ဒန်ကဗျာတွေ၊ မော်ဒန်ဝထ္ထုတွေ ခေတ်စားလှတဲ့ အဲဒီအချိန်မှာတောင် ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုထဲက စာသားတွေ၊ စကားပြေအရေးအသားတွေကို မက်မက်စက်စက်ရှိလွန်းပြီး၊ ရှေးရိုးကဗျာဖွဲ့နည်းတွေကို တမြတ်တနိုးဖက်တွယ်ထားတဲ့ ဦးဟန်ကြည်ပေါက်စလေးကို သူငယ်ချင်းအပေါင်းက Sir Realism လို့ အမြင်ကတ်ကတ်နဲ့ ၀ိုင်းသမုတ်ကြတာကိုလည်း ပြန်တွေးမိတိုင်း ဆွတ်ပျံ့လွမ်းမောနေမိပါသေးတယ်။ စလေဦးပုည၊ နတ်ရှင်နောင်၊ န၀ဒေး၊ မင်းကြီးကတော်ခင်ဆုံ၊ သတိုးပီယ အစရှိတဲ့ စာပေပညာရှင်တွေနဲ့သာ အကျွမ်းတ၀င်ရှိခဲ့တဲ့ ဦးဟန်ကြည်ခမျာမှာ မာယာကော့ဗ်စကီး၊ အန်တွန်ချက်ကော့၊ အီလျာအာရင်ဘတ်၊ မော်ရေးဗီးယား ဆိုတဲ့ နိုင်ငံတကာ စာပေပညာရှင်တွေကို နံမည်တောင်မကြားဖူးခဲ့ရှာတာကြောင့် သူငယ်ချင်းတွေရဲ့ စာပေစကားဝိုင်းမှာ မျက်စိသူငယ်နားသူငယ်နဲ့ မကြာခဏဆိုသလို ဒုက္ခရောက်ရတာကိုလည်း ပြန်တွေးတိုင်း လွမ်းမိပါတော့တယ်။ စာသမားချင်းအတူတူ၊ နှာတစ်ဖျားအသာယူခံရတာကို မခံချင်စိတ်နဲ့ အနှီစာရေးဆရာတွေရေးတဲ့ စာအုပ်တွေကို ဘာသာပြန်ရော၊ မူရင်းပါရအောင်ရှာပြီး ခေါင်းမူးအောင် ဖတ်ခဲ့ရတာတွေဟာလည်း ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့ အမှတ်တရတွေပဲ မဟုတ်ပါလား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀က စာကြမ်းပိုးဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ရောက်တဲ့အခါမှာ ၀ါသနာတူ စာပေမိတ်ဆွေတွေရဲ့ သိုင်းဝိုင်းပံ့ပိုးမှုတွေကြောင့် “ စာလိပ် ” ဖြစ်ခဲ့ရတာဟာလည်း ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ၊ သူငယ်ချင်းတွေဆီကရခဲ့တဲ့ မြတ်နိုးစရာအကောင်းဆုံး ဘ၀လက်ဆောင်ပဲ ဖြစ်ပါတော့တယ်။ မန္တလေးဆေးတက္ကသိုလ်ငွေရတုမဂ္ဂဇင်းမှာ ကုန်းဇောင်းရွာက ဆေးကျောင်းသူ မတင်တင်ဝင်းက ၀ထ္ထုတိုတစ်ပုဒ်ရေးပြီး နောင်တစ်ချိန်မှာ “ ဂျူး ” အဖြစ်နဲ့ နိုင်ငံကျော်ခဲ့ပေမယ့် ဆေးတက္ကသိုလ်ရွှေရတုခေတ်မှာ ဆေးကျောင်းရောက်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် ဘာတစ်ခုမှ ပေါက်ပေါက်မြောက်မြောက် လောက်လောက်လားလား မဖြစ်ခဲ့ရတာကတော့ ကိုယ့်ဘ၀ကံဇာတာရဲ့ ချွတ်ချော်မှုလို့ပဲ လူမဟန်၊ ကံကိုမဲရင်း သူငယ်ချင်းများကို လွမ်းတော်မူတာကြောင့် ဒီစာကို စီလိုက်ရပါကြောင်းလေ။                   

17 comments:

san htun said...

သူငယ်ချင်းတွေကို လွမ်းနေတာ ဦးဟန်ကြည်ကြီး ပို့ စ်ကို ဖတ်လိုက်တော့မှ ပိုလွမ်းသွားတယ်...

နေ၀သန် said...

သြော်.. အခုလည်း ဘလော့ခါဂါ ဇာတ်လိုက်ကြီး ဆြာဟန်ကြီ ဖြစ်ရသေးတာပဲ..တော်သေးတယ်မှတ်ပါ... :D.. စိုင်းစိုင်းခမ်းလှိုင်ရဲ့သူငယ်ချင်းများစွာထွက်တုန်းက ဆြာဟန်ကြီက ကျောင်းသားဆိုတော့ ငယ်သေးတာပဲ... ရန်ကုန်လာရင် လက်ဖက်ရည်တိုက်ဗျာ... ဟဲဟဲ


ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောင်းတုန်းက အဖြစ်တွေက ပြောရရင် လွမ်းစရာပါနော် ဆရာဟန်ရေ..
အားမလျော့ပါနဲ့ ဦးဟန်ကြည်ရေ..
မြန်မာစာကို အထုံဝါသနာပါတဲ့ ဦးဟန်ကြည်တစ်ယောက် တစ်နေ့နေ့မှာ ဘုတ်အုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ထုတ်ခွင့်မရဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီအချိန်ကျရင်သာ အဖော်အပေါင်း ဘလော်ဂါဟောင်းတွေကို မေ့မသွားပါနဲ့လို့....း)

jasmine(တောင်ကြီး) said...

တခါတလေ အလုပ်တွေများလို့စိတ်ရှုပ်နေရင်
ငယ်ငယ်က သူငယ်ချင်းတွေကိုလွမ်းမိတယ်
ဒီစာလေးဖတ်ပြီး ပိုပြီးလွမ်းလိုက်ရတယ်
ချမ်းမြေ့ပါစေရှင်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဆြာဟန်လည်းဇနဲ့ကိုးဗျာ့
အခုဆြာဟန်က ဘယ်မှာနေတာတုန်းဗျာ့
မောင်ဘကြိုင် မန်းလေးရောက်နေတယ်ဗျို့

ကြုံဆုံချင်လို့း)

မောင်ဘကြိုင်

AH said...

ဖတ်လိုက် လွမ်းလိုက်၊ လွမ်းလိုက် ဖတ်လိုက် လုံးခြာကိုလိုက်သွားတာပဲ ဆရာဟန်ရေ.... :)

ဒုတိယလူ said...

ဆရာရေ အနော် ကတော့ ဆရာလို့ သူငယ်ချင်း
များများစားစား မရှီလို့ ..ရွာဦးဘုန်းကြီးကျောင်း
နဲ့ ကိုယ်ကျောင်းခဲ့ရတဲ့ ကျွဲမကြီး အုပ်စုကိုပဲ
လွမ်းလိုက်ရမိတယ် ဗျာ...


ခင်မင်လေးစားလျှက်

(ဒုတိယ)

မောင်မျိုး said...

ဆရာ့ကျောင်းသား ဘ၀ကပျော်စရာကြီးပဲကော အကျယ်လေးချဲ့ရေးပါအုံးဗျ စိတ်ဝင်စားတယ် အဲ့အတွေ့ကြုံမျိုးက တက်ဖူးတဲ့သူမှသိကြတာလေ ဆရာဝန်ဆိုတာ နည်းတော့ အတွေ့ကြုံကောင်းလေးတွေ ဆန်းပြာတာလေးတွေရှိမယ်ထင်တယ် ရေးပါအုံးး

ဒါနဲ့ဆရာက ဘယ်ဂိုဏ်းကလည်း ကျနော်က ကြောင်ဂိုဏ်းဗျး)

blackroze said...

ဆရာအကိုဟန်ကြည်ရေ
ကျောင်းသားဘဝလေးကပျော်စရာ
အကောင်းဆုံးပါဘဲ...
စိတ်ဓါတ်မကျပါနဲ့ဆရာရယ်..
နောင်တချိန်မှာဆရာလည်း
ဘလော့ဂွါ ဆြာဟန်ကြည်
(တွေးတောဖန်တီးသည် ) ဆိုတဲ့
နာမည်နဲ့ကျော်ကြားနိုင်ပါတယ်ဆရာရဲ့
ပစ်ပစ်ပြောလိုက်၇င်လွဲခဲတယ်ဆရာရဲ့
ဟီးးဟီးး

သတိုး said...

မျှဝေလို့ ၀င်လွမ်းသွားပါတယ် ဆရာ။ ဒီ့ထက် အသေးစိတ်ကလေး လွမ်းပြစေချင်ပါတယ်။ ဆရာ့မူပိုင်ဟန်အတိုင်း 'အသောလွမ်း' ကလေးပေါ့။
ခင်မင်လေးစားသော...
သတိုး

မေသိမ့်သိမ့် ကျော် said...

သူငယ်ချင်းတွေကို သတိရ ၊ ကျောင်းသားဘဝကိုလွမ်းနဲ့ ဦးဟန်ကြည်တစ်ယောက် လူငယ်ဘဝကို ပြန်မြင်ယောင်တမ်းတနေတယ် ထင်ပါ့။း)

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

ဆရာကြည်တစ်ယောက် အလွမ်းတွေများပြီး ငြိမ်နေတာကိုး)

ညိမ်းနိုင် said...

ဟောဗျာ...ဒါဆို ဆြာကြည်က ကျွန်တော်နဲ့ ရွယ်တူလောက်ပဲရှိမယ်ထင်ရဲ့...၊ကျွန်တော်က ဆရာ့စာ
တွေဖတ်ပြီး ၄၀လောက်ထင်နေတာရယ်....၊ကိုယ့်ဆရာ
ကလည်း ဦးဟန်ကြည်...၊ဦးဟန်ကြည် လုပ်နေတာကိုး...၊

မအိမ်သူ said...

ငယ်ငယ်ကသူငယ်ချင်းတွေကိုလွမ်းရတာလည်း အရသာတစ်မျိုးပေါ့ဆရာရယ်။ ဆရာရေးတာဖတ်ပြီး မအိမ်သူလဲ မန္တလေးမှာကြီးပြင်းခဲ့ရတဲ့ ဆယ်ကျော်သက် ငယ်ဘ၀တွေကို လွမ်းသွားပြီ။ ဆရာဦးဟန်ကြည်လဲ ဘလော့ဂါလောကမှာတော့ အင်မတန်နာမည်ကြီးပါတယ်လေ...း))

မိုးငွေ့...... said...

အင်းလေ ဆရာကလဲ ခုဘလော့မှာ ဆရာကြီးပဲလေ ဘာလိုသေးလဲ....။ ငယ်ဘ၀အကြောင်းဟိုနေ့ကမှပို့စ်တင်ဖြစ်သေးတယ် ဦးထီးသီချင်းကို သတိရသွားသေးတယ်...။

ခင်တဲ့
မိုးငွေ့

ကိုကိုမောင်(ပန်းရနံ့) said...

ရင်ကွဲကောင်တဲ့လား။ နာမည်လေးက မိုက်တယ်။
မဒမ်ဟန်ကြည်မတိုင်ခင်က ဆရာဟန်ကြည်လဲ ရင်ကွဲကောင် ဖြစ်ခဲ့ဖူးတယ် ထင်ပါရဲ့။း)

ခင်မင်လျှက်

ဆူးသစ် said...

ကျောင်းသားဘ၀ကအုပ်စုတွေအကြောင်းဖတ်ရတာသ ဘောကျမိပါရဲ့ခင်ဗျာ။စာတွေလည်း တော်တော်ဖတ်ထားတာပဲ။ စာရေးကောင်းသူတစ်ဦးဖြစ်နေတာတော့အသေအချာပါပဲ ဗျာ။

ကြိုက်ရင်ပေါ့လေ . . .