Monday, 24 October 2011

အသားတစ်ပိဿာ၊ မစင်တစ်မတ်သား . . .

ဦးဟန်ကြည်တစ်ယောက်  
ဘောလုံးပွဲကို သည်းသည်းမည်းမည်းဝါသနာကြီးလှတာ အများသိတော်မူကြတဲ့အတိုင်းပါ။ ဒါပေမယ့် အားကစားကို လောင်းကစားအသွင်ပြောင်းရမှ ဘ၀င်ကျ၊ မနောခွေ့ကြတဲ့ ရွှေပြည်သားတွေနဲ့ လားလားမှမတူဘဲ အားကစားသက်သက်ကိုသာ တစိုက်မတ်မတ်အားပေးနေဖြစ်တော့တာမို့ လူအားရော၊ ငွေအားပါ စိုက်ထုတ်အားပေးကြတဲ့ အနှီပုဂ္ဂိုလ်တွေလို မံမံတူတူမပုန်းဘဲ ဒီနေ့ဒီအချိန်အထိ စားနိုင်သောက်နိုင် ပါးစပ်ကြီးနဲ့ ဖြစ်နေဆဲပါ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစသည်ဖြင့် အလုံးရောဂါသည်တွေ ပေါများလှပါတဲ့ ဦးဟန်ကြည်တို့ရဲ့ မျှော်တိုင်းမဝေးတဲ့ ရွှေပြည်တော်ကြီးမှာ ဘောလုံးမှန်လို့ တိုက်ပေါ်ကနေခွေးကျဝက်ကျကျပြီး တဲပေါ်မှာခွေနေရတဲ့ ကောင်းတာကို မစားချင်သူ အပေါင်းသဟာများကို သံဝေဂယူစောတာကြောင့် ဘောလုံးပွဲဟူသမျှကို အိပ်ရေးပျက်၊ မျက်ချေးထွက်ခံပြီး အားပေးသော်ငြားလည်း အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးကိုတော့ တစ်ပြားမှအထိမခံရဲတာလည်း အကြောင်းတစ်ခု ပါမယ်ထင်ပါရဲ့။

ဒါပေမယ့် ဦးဟန်ကြည်သည်လည်း အများတကာလို အမှားသတ္တ၀ါ လောကီသားဖြစ်နေတာကြောင့် မိဘပိုက်ဆံကို စိတ်ကြိုက်သုံးမှ ကုသိုလ်ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ အနှီဘောလုံးပွဲလောင်းကစားများနဲ့ မကင်းခဲ့တာကို ၀န်ခံရပါလိမ့်မယ်။ Beckham, Nicky Butt, Neville ညီနောင်, Scholes စတဲ့ Man U Academy 92 batch သင်တန်းသားတစ်အုပ် အသင်းကြီးမှာ စကစားခွင့်ရကြတဲ့ ၉၆ ခုနှစ်လောက်ကတည်းက ပရီးမီးယားဘောလုံးပွဲတွေကို မစားရ၀ခမန်း အားပေးသားကျနေခဲ့တဲ့အပြင် ထွက်သမျှဂျာနယ်တိုင်းကို မိဘပိုက်ဆံနဲ့ အင်တိုက်အားတိုက် ၀ယ်ဖတ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ကျောင်းသားဘ၀က ဘောလုံးဆရာကြီးအဖြစ်နဲ့ ဖွတ်တက်အောင် မွဲခဲ့ဖူးပါရဲ့။ မွဲရခြင်းအကြောင်းရင်းက မိဘအိမ်မှာနေ၊ မိဘအိမ်မှာစားလို့ မိဘပိုက်ဆံနဲ့ ကျောင်းတက်ပညာသင်ခွင့်ရတာတောင် အားမရနိုင်သေးဘဲ မိဘဆီက မုန့်ဖိုးပါတောင်းကြတဲ့ ရွှေပြည်သား ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထုံးဟောင်းကို အပြည့်အ၀လိုက်နာပြီး လကုန်ရက်တိုင်း မိဘဆီလက်ဖြန့်တောင်းလို့ ရသမျှ တစ်လစာ မုန့်ဖိုးကို နိုင်ငံတကာဘောလုံးအကျော်အမော်တွေရဲ့ ခြေတော်ဖျားမှာ ပုံအောထားပြီး တစ်ပတ်တစ်ခါ ပူဇော်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။

http://cdn.bleacherreport.net/images_root/slides/photos/000/990/864/92_display_image.jpg?1307272004
ဦးဟန်ကြည်ရဲ့ ဘော်ဒါအပေါင်း
တကယ်လို့များ လကုန်ရက်ဟာ တနင်္လာလိုနေ့မျိုးဖြစ်ခဲ့ရင်တော့ မုန့်ဖိုးငွေက လက်ထဲမှာ တစ်ပတ်လောက်တော့ မြဲတတ်ပါရဲ့။ သောကြာနေ့လိုနေ့မျိုးမှာ လကုန်ခဲ့ရင်တော့ စနေ၊ တနင်္ဂနွေနှစ်ရက်ကျော်တာနဲ့ ဘောလုံးမှန်လို့ ပိုက်ဆံအိတ်ပေါက်တဲ့ ရောဂါကြောင့် သူငယ်ချင်းအပေါင်းအသင်းများနဲ့ မနက်ခင်း လက်ဖက်ရည်ဆိုင်တောင် မထိုင်နိုင်တော့ဘဲ
“ အမေ့လက်ဖက်ရည်ပဲ သောက်လို့ကောင်းတယ် ” ဆိုတဲ့ ဆင်ခြေဆင်လက်ပေးပြီး အရိုးမရှိတဲ့ လျှာတစ်ချောင်းကို ကောင်းကောင်းအသုံးချလို့ မွေးသမိခင်ကို မြှောက်ပင့်ပြီး အိမ်ကလက်ဖက်ရည်ပဲ ကပ်သောက်ရတာလဲ လစဉ်နဲ့အမျှပါ။ လစဉ်လတိုင်းလိုလို ရသမျှမုန့်ဖိုးပြောင်အောင် လောင်းကစားနဲ့ အကျိုးပေးသန်လွန်းလှတဲ့ ကိုယ့်ကုသိုလ်ကံကို ကောင်းကောင်းကြီးသဘောပေါက်မိတဲ့နောက်မှာတော့ မုန့်ဖိုးလေး မြိုးမြိုးမြက်မြက်ရတဲ့အခါတိုင်းမှာ ၀ယ်စရာ၊ ခြမ်းစရာတွေကို အရင်ဆုံးပြေးဝယ်ပြီး ရှိစုမဲ့စု ကိုယ်ရောင်ကိုယ်ဝါကလေးတွေ မမှေးမှိန်ရလေအောင် ကြိုတင်ကာကွယ်ခဲ့ရရှာပါတယ်။ အဲဒီလိုမှ မကာကွယ်ရင်လည်း ၀တ်ကောင်းစားလှရယ်လို့ တစ်ထည်မှ ရှိတော့မှာမဟုတ်ဘဲ ဘောလုံးဘောင်းဘီတိုကလေးဝတ်လို့ နားကြပ်ကို လည်ပင်းမှာချိတ်ပြီး Ward ထဲမှာ မျက်နှာပြောင်ပြောင်နဲ့ round နေရမယ့်အရေးက သေချာလွန်းနေတယ် မဟုတ်ပါလား။

ဘောလုံးမှန်လို့ မုန့်ဖိုးပြောင်လေ့ရှိပေမယ့် မောင်ဟန်ကြည်ကလေးမှာ လောင်းကစားသွေးရယ်လို့ ဟုတ်ဟုတ်ငြားငြားမပါရှာဘဲ 
 “ တက္ကသိုလ်ကျောင်းသားတိုင်း လောင်းကစား တစ်မျိုးမျိုးတတ်မြောက်ကြသည် ” ဆိုတဲ့ ရှေးသူဟောင်း နောင်တော်ကြီးတို့ရဲ့ လမ်းရိုးကို အပြည့်အ၀လိုက်လျှောက်ပြီး ဘော်ဒါအပေါင်းနဲ့ ပျော်စရာကောင်းဖို့သာ ရည်ရွယ်ခဲ့ရိုးအမှန်ဖြစ်ပါတယ်။ ကိုယ်လောင်းထားတဲ့ အသင်းရှုံးရင်လည်း “ မုန့်ဖိုးတော့ပြောင်ပဟဲ့ ” ဆိုတဲ့ အတွေးမျိုးပေါ်ရုံလောက်သာရှိပြီး ငွေမျောရင်ငွေနဲ့လိုက်မယ်ဆိုတဲ့ အတွေးဆိုးမျိုးလည်း မပေါ်ခဲ့ဖူးပါ။ နိုင်ပြန်ရင်လည်း 
 “ မုန့်ဖိုးပွားလာပြီ ” ဆိုတဲ့ သာမန်ပီတိမျိုးထက်မပိုခဲ့ပါ။ ဘောလုံးမှန်တဲ့အခါမှာလည်း အပြုံးမပျက်ခဲ့သလို ဘောလုံးအောင်တဲ့အခါမျိုးမှာလည်း မြောက်ကြွကြွမဖြစ်ခဲ့ဖူးတာတော့ အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ဘောလုံးပွဲကို လောင်းရုံသာလောင်းထားခဲ့ပြီး မကြည့်ဖြစ်ဘဲ အိမ်ပြန်ပြီးအိပ်တဲ့အခါလည်း ရှိပါသေးတယ်။ မနက်မိုးလင်းမှ ဘောလုံးပွဲရုံရှေ့မှာထောင်ထားတဲ့ ဆိုင်းဘုတ်ကို သွားဖတ်ကြည့်ပြီး နိုင်တယ်ဆိုရင်လည်း ငွေကလေးအသာထုတ်၊ ရှုံးခဲ့ရင်လည်း လောင်းကြေးဖြတ်ပိုင်းလေးကို အသာဆုတ်ဖြဲလိုက်ရုံကလွဲလို့ ထူးထူးထွေထွေ မခံစားခဲ့ရဖူးပါ။ သူများယောင်တိုင်း လိုက်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိခဲ့ရှာဘဲ ၂၀ရာစု ကျောင်းသားကျင့်ဝတ်ကို တာဝန်ကျေအောင် လိုက်နာကျင့်သုံးခြင်းသာ ဖြစ်ခဲ့တာမို့ နဖူးကချွေး ခြေမပေါ်ကျရုံတောင်မကဘဲ အ၀ီစိက ငရဲမင်းရဲ့ ငယ်ထိပ်ပေါ်ကျတဲ့အထိ တပင်တပန်းကုန်းရုန်းရှာဖွေမှ ငွေမြင်ရတဲ့ ဒီနေ့ဒီအချိန်မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစတဲ့ ရောဂါဆိုးတွေနဲ့ ကင်းကင်းလွတ်လွတ်နေနိုင်ခဲ့တာ ဖြစ်လိမ့်မယ်လို့ မကြာမကြာ တွေးမိပါရဲ့။

ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ပဲ ဂုဏ်ယူရရင် ကောင်းမလား စဉ်းစားနေမိပါတယ်။ တစ်လုံးဆရာများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ ဘောလုံးအကြောင်းနားမလည်ခင်၊ ဘောလုံးမလောင်းတတ်ခင် သင်လောင်းလောင်းရင်တော့ နိုင်စမြဲပဲ၊ လောင်းတတ်သွားရင်တော့ ကုန်ပါလေရော ” တဲ့။ ဘောလုံးဂျပိုး မောင်ဟန်ကြည်ကတော့ အဲဒီခေတ်အဲဒီအခါက ဘောလုံးက၀ိ ပညာရှိဖြစ်ခဲ့တာမို့ လောင်းသမျှရှုံး၊ တောင်းသမျှဆုံးဖြစ်ရတယ်လို့ပဲ ဆိုရတော့မလား မသိတော့ပါ။ အဲဒီဆိုရိုးစကားရဲ့ မှန်ကန်ချက်ကို သူငယ်ချင်းတစ်ယောက်က သက်သေပြခဲ့ဖူးပါတယ်။ ပထမနှစ်ကျောင်းသားဘ၀က Test တွေနှိပ်စက်တိုင်းမှာ စာမေးပွဲဆိုရင် သေမတတ်ကြောက်ရှာတဲ့ မောင်ဟန်ကြည်တစ်သောက် သူငယ်ချင်းအဆောင်ကို သွားသွားအိပ်ပြီး စာအတူကျက်လေ့ရှိခဲ့ပါတယ်။ အဆောင်က သူငယ်ချင်းတစ်ယောက်က နဂိုကတည်းက လောင်းကစားဗီဇကလေး တကြွကြွ ရှိနေသူဖြစ်တာမို့  “ ကုလားကားကြည့်တဲ့လိုင်း ” ကနေ “ တစ်လုံးလိုင်း ” ကိုပြောင်းဖို့ စိတ်ကူးနေတဲ့အချိန်မှာ ဘောလုံးက၀ိ မောင်ဟန်ကြည် စာအတူလာကြည့်တိုင်း ဘောလုံးအသင်းတွေအကြောင်း တဖွဖွမေးပြီး ပညာယူလေ့ရှိပါတယ်။ ဘောလုံးသင်းတွေကို နည်းနည်းပါးပါးတီးမိခေါက်မိရှိလာချိန်မှာတော့ “ ဘောလုံးလောက ” ထဲကို အကြံပေးအရာရှိ မောင်ဟန်ကြည် အားကိုးနဲ့ ခြေစုံပစ်ဝင်ရုံတင်အားမရသေးဘဲ တစ်ကိုယ်လုံးပစ်ဝင်လိုက်ပါတော့တယ်။ ဘောလုံးအကြောင်းကို လုံးခြမ်းမကွဲခင်တုန်းက လောင်းသမျှနိုင်နေတာမို့ အားတွေရ၊ ဘ၀င်တွေကျပြီး ဂျာနယ်ပေါင်းစုံဝယ်ဖတ်၊ ဘောလုံးပွဲဟူသမျှ မလွတ်တမ်းကြည့်လို့ က၀ိလက်သစ်ဖြစ်သွားချိန်မှာတော့ လောင်းသမျှကွဲ၊ ထောင်းသမျှလဲပြီး တောင်းသမျှမွဲရှာပါတော့တယ်။

လောင်းကစားပါရမီအရင်းခံ ရင့်သန်လှပါတဲ့ အဲဒီသူငယ်ချင်းခမျာ ဘောလုံးကနေ လိုင်းပေါင်းစုံခုန်ကူးလို့ “ မ.ထ.သ ” အဖြစ်နဲ့ 
“ ဖဲဝိုင်း ” အစ၊ “ ဂျင်ဝိုင်း ” အလည်၊ “ ရွှေဘောလုံး ” အဆုံး လောင်းကစားနည်းမျိုးစုံအောင် စိတ်နောက်ငွေပါ မီးကုန်ယမ်းကုန်ကြဲပစ်လိုက်ရာမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုင်ကယ်ကို ခဏငှားပြီး ပေါင်လို့ရတဲ့ငွေကို ကစားဝိုင်းမှာ ဖြုန်းပစ်တဲ့အထိ အခြေအနေဆိုးသွားရှာပါတော့တယ်။ ဒါတင်အားမရသေးဘဲ ပေါင်ထားတဲ့ဆိုင်ကယ်ကို ပြန်ရွေးဖို့ ငွေရှာမယ့်စိတ်ကူးနဲ့ သူငယ်ချင်းလေးငါးယောက်ရဲ့ စက်ဘီးတွေကို ပေါင်ပစ်ပြီး ထပ်အောလိုက်ပါသေးတယ်။ အဲဒီခေတ်က သုံးသောင်းဝန်းကျင်ပေးရတဲ့ Littmann နားကြပ်ကိုလည်း ကစားဝိုင်းမှာ အရင်းလုပ်ဖို့ တစ်သောင်းဝန်းကျင်နဲ့ ရောင်းလိုရောင်း၊ ခြောက်သောင်းကျော်ပေးရတဲ့ GGO Anatomy စာအုပ်ကို ကျန်တဲ့သူငယ်ချင်းဆီမှာ ပေါင်လိုပေါင်နဲ့ ဖြစ်ချင်တိုင်းဖြစ်လို့၊ ပျက်ချင်တိုင်းပျက်သွားတာမြင်ရတော့ ဘောလုံးက၀ိ မောင်ဟန်ကြည်တစ်ယောက် ဆေးကျောင်းသားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုတောင် ခြစားအောင် တတ်နိုင်လှတဲ့ လောင်းကစားရဲ့ စွမ်းပကားကို ဖျားသွားရပါတော့တယ်။

http://www.conney.com/wcsstore/Conney/images/fullsize/z30245.gif
ဆေးလောကရဲ့ နံမည်အကြီးဆုံး Littmann Stetho
 
တစ်ညမှာတော့ နယ်ကကျောင်းလာတက်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်ဖြစ်ကြပါတယ်။ လောင်းကစားသွေးကြီးလှတဲ့ အဲဒီသူငယ်ချင်းက တစ်လစာ အသုံးစရိတ်ငွေ တစ်သောင်းလုံးကို ချဲလ်ဆီးအသင်းဘက်ကနေ ပုံအောပစ်လိုက်ပြီး ဘောလုံးပွဲကို ရင်တခုန်ခုန်နဲ့ အတူထိုင်ပြီး ကြည့်နေရရှာပါတယ်။ တစ်ဂိုးသွင်းရင်တောင် အပြည့်နိုင်မယ့် လောင်းကြေးဖြစ်ပေမယ့် Zola, Jimmy Floyd Hasselbaink တို့ရဲ့ ချဲလ်ဆီးတိုက်စစ်က ပွဲပြီးဖို့ ၁၅ မိနစ်လိုတဲ့အချိန်အထိ တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကို လောက်လောက်လားလား မခြိမ်းခြောက်နိုင်တာကြောင့် တစ်လလုံး ထမင်းငတ်မယ့်ကိန်းနဲ့ ကြုံနေတဲ့ သူငယ်ချင်းခမျာ ဖင်တကြွကြွနဲ့ ရင်မနေရတာကို ဘေးကကြည့်ရင်း မောင်ဟန်ကြည်ပါ ရင်မောနေမိပါတော့တယ်။ သူ့ပါးစပ်ကလည်း “ ငါတော့ ထမင်းငတ်ပြီ ” ဆိုတဲ့ မြည်တမ်းစကားကို ဆီမန်းမန်းသလို တဖွဖွရေရွတ်နေပြန်တာကို စိတ်မသက်မသာနားထောင်နေရင်း လောင်းကစားသမားရဲ့ ၀ဋ်ဆင်းရဲကြီးပုံကို မောင်ဟန်ကြည်တစ်ယောက် တွေးမိခဲ့ဖြစ်ပါတယ်။ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုရောက်မှ ဘယ်တောင်ပံကဖြတ်တင်ဘောကို မဖြစ်နိုင်တဲ့အနေအထားကနေ Hasselbaink ခေါင်းတိုက်သွင်းလိုက်မှ သူငယ်ချင်းဆီက “ ဟင်း ” ခနဲ သက်ပြင်းကြီးချသံ ထွက်လာပါတော့တယ်။ သူ့နဖူးမှာလည်း ဆီးကင်းလောက်ရှိတဲ့ ချွေးသီးချွေးပေါက်ကြီးတွေ ထွက်နေရှာပါပြီ။

http://i.dailymail.co.uk/i/pix/2008/09/11/article-0-002EA2BB00000258-367_468x509.jpg
ကျီစယ်ရက်ပါပေ့ မောင်မင်းကြီးသားရယ် . . .
 ကျန်တဲ့ဘောမိတ်ဆွေ သူငယ်ချင်းတွေမှာလည်း လောင်းကစားကြောင့် ကောင်းစားတယ်ဆိုတာ အင်မတန်ရှားလှပါတယ်။ သူငယ်ချင်းတစ်ယောက် စီးနေကျ စက်ဘီးမမြင်ရတာကြောင့် မေးမိတဲ့အခါ “ ရော်နယ်ဒို အိမ်ပြန်ဖို့ ငှားသွားတယ် ” လို့ ဖြေပါတယ်။ ဆိုလိုတာက ရော်နယ်ဒို နှိပ်စက်တာကြောင့် သူ့စက်ဘီး အပေါင်ဆိုင်ကို အလည်ရောက်သွားပါသတဲ့။ ဘောလုံးပွဲတွေပြီးသွားတဲ့ တနင်္လာနေ့ကတော့ ဈေးပေါင်ကျိုး၊ ဈေးနေ့လို့ ခေါ်နိုင်ပါတယ်။ ဘောလုံးပွဲကြောင့် ပိုက်ဆံအိပ်တွေပေါက်ကုန်ပြီး စားဖို့ပိုက်ဆံမကျန်တော့တာကြောင့် ပိုင်သမျှ ပစ္စည်း၊ ပစ္စယတွေကို သူငယ်ချင်းအချင်းချင်း ပေါင်လိုပေါင်၊ ရောင်းလိုရောင်း လုပ်ကြရလို့ပဲဖြစ်ပါတယ်။ ဘယ်ပစ္စည်းမဆို ဈေးပေါပေါနဲ့ ရနိုင်တာမို့ မောင်ဟန်ကြည်လည်း အဲဒီလိုရက်မျိုးမှာ လိုချင်တဲ့ဆေးပစ္စည်းတွေကို ၀ယ်လေ့ရှိပါတယ်။ ဒါပေမယ့် မိဘကို စာရင်းပြတဲ့အခါမှာတော့ ၀ယ်ဈေးကိုမပြောဘဲ ဈေးရင်းကိုပြောပြီး နှစ်ပေါက်တစ်ပေါက်ရိုက်လေ့ ရှိပါသတဲ့။ အတော်ကောင်းတဲ့ လောင်းကစားလောက မဟုတ်ပါလား။

ဘောပွဲလောင်းကြတဲ့ ဘောဆရာတွေကလည်း အယူအဆအမျိုးမျိုးနဲ့ပါ။ တစ်ချို့ကလည်း နက္ခတ်တွေ၊ ဇာတာခွင်တွေနဲ့ ဘယ်အသင်းနိုင်မယ်ဆိုတာကို တွက်ကြချက်ကြပါတယ်။ တစ်ချို့ဆရာများကလည်း အရင်တစ်ပွဲမှာကန်ခဲ့တဲ့ခြေစွမ်ချင်းနှိုင်းယှဉ် ကစားသမားအင်အား၊ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားအခြေအနေတွေကို သုံးသပ်ပြီး ကောက်ချက်ဆွဲကြပါတယ်။ တစ်ချို့ကျပြန်တော့ အသင်းနှစ်သင်းရဲ့ အချင်းချင်းတွေ့ဆုံမှု ရာဇ၀င်နဲ့ ဆုံးဖြတ်ကြတာလည်း ရှိပါရဲ့။ ဒါပေမယ့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာလာတက်တဲ့ ညီတစ်ဝမ်းကွဲတစ်ယောက်ရဲ့ ဘောလုံးပွဲလောင်းနည်း နိဿရည်းကတော့ အများနဲ့မတူဘဲ တမူကွဲပြားနေတာ မှတ်မှတ်သားသား ရှိခဲ့ဖူးပါတယ်။ သူစီးထားတဲ့ ဆင်ခြောက်ကောင်ဖိနပ်က သဲကြိုးတွေဖွာလန်ကြဲပြီး ရစရာမရှိအောင် ကျနေတာမြင်မိလို့ အမြင်မတော်တာကြောင့် ပါးစပ်ဆော့မိတဲ့ အစ်ကိုဖြစ်သူကို  
“ ဒီဖိနပ်ကို အသစ်လဲလို့မဖြစ်ဘူး အစ်ကိုရ၊ သူလုပ်ကျွေးထားတာများနေပြီမို့လို့ ကျေးဇူးရှင်အဖြစ် တရိုတသေ စီးထားတာ ” လို့ ပြန်ပြောပါတယ်။ သူ့စကားရဲ့ အနက်ကို သဘောမပေါက်တဲ့ မောင်ဟန်ကြည် နလပိန်းတုံးခမျာ သူ့ကို လူအ-လို့ အထင်ခံရမှာစိုးတာကြောင့် ဘာမှဆက်မပြောရဲဘဲ တစေ့တစောင်းက အကဲခတ်နေလိုက်တာမှာ တစ်ညသားမှာတော့ သူ့ဖိနပ်ရဲ့ကျေးဇူးပြုပုံကို မျက်ဝါးထင်ထင်မြင်ခွင့်ရပါတော့တယ်။ အဲဒီညက မှတ်မှတ်ရရ မန်ယူနဲ့ အာဆင်နယ်ပွဲကန်တော့ အကြံမရတာနဲ့ သူ့ကိုမေးမိတော့ ခဏနော်လို့ ခွင့်တောင်းပြီး လက်ဖက်ရည်ဆိုင်ဘေးက ကွင်းပြောင်ပြောင်ပေါ်မှာ သူ့ဖိနပ်ကို မိုးပေါ်မြှောက်ပြီးပစ်လိုက်ပါတော့တယ်။ သူ့လုပ်ရပ်ကို အထာမပေါက်ဘဲ ငေးရုံသာငေးနေတဲ့ မောင်ဟန်ကြည်ကို သကောင့်သားက ငသလောက်ပြုံး၊ ငသလဲထိုးပြုံး ပြုံးပြပြီး “ ဒီညတော့ မန်ယူကိုသာ ကိုင်ပေတော့ အစ်ကိုရေ ” လို့ အပိုင်ပြောချလိုက်ပါတော့တယ်။ “ ဘာဖြစ်လို့လဲကွ ” လို့ မအူမလည်နဲ့မေးမိတဲ့ မောင်ဟန်ကြည်ကို ညီတော်မောင်က “ ဖိနပ်ကပြောတာ ယုံစမ်းပါအစ်ကိုရာ။ ခုနက ဖိနပ်ကို သဲကြိုးဘက်က မန်ယူ၊ ခုံဘက်က အာကြီးလို့ပြောပြီး မြှောက်လိုက်တော့ သဲကြိုးဘက်က အပေါ်မှာကျတယ်ဆိုတော့ ဒီမှမှာ မန်ယူနိုင်မှာ သေချာပြီပေါ့ ” လို့ အပိုင်ပြောပါတယ်။ အ၀ိဥာဏ လူသားစစ်စစ်ကြီးက သ၀ိဥာဏ ဖိနပ်ပြောတဲ့စကားကိုယုံတဲ့ သူ့အဆိုကို စောဒက မတက်ရဲတော့ဘဲ ပူပူနွေးနွေးရထားတဲ့ မုန့်ဖိုးငွေ နှစ်သောင်းကို သူ့လက်ထဲထိုးအပ်ပြီး “ ကိုင်း---ဒါဖြင့်လည်း မန်ယူဘက်က အလံထူကြတာပေါ့ ငါ့ညီရာ ” ဆိုပြီး အပ်လိုက်ပါတော့တယ်။ အဲဒီညမှာ မန်ယူက အာဆင်နယ်ကို ဖွတ်ဖွတ်ညက်ညက်ကျေအောင် အမှုန့်ခြေပြီး ခြောက်ဂိုး- ဂိုးမရှိနဲ့ နိုင်သွားခဲ့တာမို့ ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။ ဒီမောင်မင်းကြီးသားတစ်ယောက် ဒီနေ့အထိ သူ့ကျေးဇူးရှင် ဆင်ခြောက်ကောင်ဖိနပ်ကို ညဘက်မှာ ရှိခိုးဦးတင်ပြီး အိပ်တော်မူသလားဆိုတာကိုတော့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တာကြောင့် သတင်းမရတော့ပါ။

ဘောလုံးဝါသနာအိုး မောင်ဟန်ကြည်တစ်ယောက် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ကြားရတဲ့ သတင်းကတော့ ဘောမိတ်ဆွေများအတွက် ၀မ်းသာဝမ်းနည်းဖြစ်လောက်တဲ့ သတင်းဖြစ်ပါတော့တယ်။ လေးနှစ်တစ်ခါ ကျင်းပတဲ့ အဲဒီကမ္ဘာ့ဖလားပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဆရာကြီးဖြစ်တဲ့ ဘရာဇီးနဲ့ ပြိုင်ဘက်တွေကို မညှာမတာ ဖြည်လေ့ရှိတဲ့ ဂျာမနီတို့ ဆုံကြပါတယ်။ အဲဒီနှစ်က ဂျာမနီ ၈ - ဆော်ဒီအားရေးဗီးယား ၀ ပွဲမှာ ဂျာမန်တိုက်စစ်မှူး ကလိုဆေးက ခေါင်းတိုက်ဂိုး သုံးဂိုးသွင်းလိုက်ပြီး ဂိုးသွင်းဘုရင်ဆိုကို ချိန်လိုက်ရာမှာ အနှီသကောင့်သားကို ဂိုးသွင်းဘုရင် “ ရွှေဖိနပ် ” ဆုအစား “ ရွှေဦးထုပ်ဆု ” ပေးရင်ကောင်းလိမ့်မယ်လို့ မောင်ဟန်ကြည်တို့ ဘောပရိသတ်က တွေးခဲ့မိပါသေးတယ်။

http://asianwavemag.com/wp-content/uploads/2010/06/13357156_101n.jpg
ခေါင်းတိုက်ကောင်းတဲ့ ကလိုဆေး

ပွဲတိုင်းနိုင်နေတဲ့အပြင် တူရကီနဲ့ပွဲမှာ ခြေထောက်ကို ဘောလုံးမှန်တာကို သေမတတ်အမူအယာနဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး အက်တင်ကောင်းကောင်းနဲ့ ထစ်ဘက်အသင်းသား အနီကဒ်ရအောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ ရီဗာလ်ဒိုနဲ့၊ စိတ်ပျက်စရာကောင်းလွန်းတဲ့ ရော်နယ်ဒိုရဲ့ ဦးစွန်းဖုတ်ဆံပင်ကေကို မြင်ပြင်းကပ်လှတဲ့ မောင်ဟန်ကြည်ကတော့ ထုံးစံကို ဗုံးမှန်လို့ အပျက်မခံဘဲ ရှုံးဖို့ ခုနစ်ဆယ့်ငါးရာနှုန်းသေချာပြီးသား ဂျာမနီဘက်က အပိုင်ထိုင်ထားပြီးသားပါ။ ထုံးစံအတိုင်း မုန့်ဖိုးမပြောင်မချင်း ဇာတ်လမ်းမဆုံးတဲ့ မောင်ဟန်ကြည်အတွက် အဲဒီညက ရလာဒ်က ဘရာဇီး ၂ ဂိုး - ဂျာမနီ ၀ ပါ။ ဒါပေမယ့် အိမ်ကမိန်းမ မသိအောင် အိမ်ကိုပေါင်ပြီး ဘရာဇီးဘက်ကနေ ပုံအောလိုက်တဲ့ ရွှေမန်းသား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကတော့ ဖရဏာပီတိ ဂွမ်းဆီထိအောင် အရသာရှိသွားပါတော့တယ်။ ဒါပေမယ့် ဂွမ်းဆီထိရာကနေ ဆီယစ်သွားတဲ့ အနှီပုဂ္ဂိုလ်ခမျာမှာ နဂိုက နှလုံးရောဂါအခံကို ရော်နယ်ဒိုရဲ့ မိနစ်ရှစ်ဆယ် နောက်ဆုံးပွဲသိမ်းဂိုးက ပါရမီဖြည့်ပေးလိုက်တာကြောင့် အပျော်လွန် ၀မ်းသာလုံးဆို့ပြီး ဘောလုံးပွဲရုံထဲမှာတင် အသက်ပါသွားရှာပါတော့တယ်။ ကျန်ရစ်တဲ့ မိန်းမ ကောင်းစားဖို့ ဘောလုံးလောင်းကစားအတွက် အသက်ပါပေးရစ်တဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ သတင်းကိုသာ အင်္ဂလန်က William Hill လောင်းကစားဒိုင်ကြီးသာကြားရရင် ဂုဏ်ထူးဆောင်ဘွဲ့များပေးမလား မသိတော့ပါ။ အဲဒီအချိန်က သွေးထဲသားထဲမှာ လောင်းကစားပိုး ၀င်နေတဲ့ မောင်ဟန်ကြည်ကတော့ ကျန်ရစ်တဲ့ သူ့မိန်းမကို မနာလို ဖြစ်နေခဲ့တာပဲ အမှတ်ထင်ထင်ရှိနေခဲ့ပါရဲ့။

http://champions-league-betting.com/images/hair/ronaldo.jpg
ဒီမျက်နှာပေး ဒီဆံပင်ကေ

http://sportige.com/wp-content/uploads/2010/07/Ronaldo-Rivaldo-2002-World-Cup-Final.jpg
နောက်ဆုံးတော့လည်း သူပါပဲ
 
လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေဖက်လာရင် ကိုယ့်သိက္ခာနဲ့ အရှက်တရားတွေ ဘေးဖယ်ထားကြလေ့ရှိတယ်ဆိုတာကိုလည်း ဘောလုံးပွဲကြည့်ရင်း မောင်ဟန်ကြည်တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ခဲ့မိပါတယ်။ အဲဒီအချက်ကိုတော့ သာမန်အချိန်တွေမှာ အနေအထိုင် အင်မတန်အေးဆေးပြီး စကားကို ဟဟမပြောဘဲ သိမ်မွေ့လွန်းတဲ့ MIT က ဘောလုံးလောင်းကစားဝါသနာရှင် သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်မိရင်း သံဝေဂရခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီညက အိမ်မှာ လူကြီးတွေမရှိတာကြောင့် အဲဒီသူငယ်ချင်းကို အိမ်မှာအဖော်ခေါ်ထားပြီး ဘောလုံးပွဲ အတူကြည့်မိရာမှာ သူလောင်းထားတဲ့ အသင်းက ကစားသမားညံ့ရင်ရော၊ တစ်ဖက်အသင်းသားက သူ့အသင်းသားကို လူချရင်ပါ မိုးမွှန်နေအောင်ဆဲတဲ့ သူငယ်ချင်းရဲ့အသံကို အခုထက်ထိ ပြန်ကြားယောင်နေဆဲပါ။ နိုင်လည်း ပြုံးပြုံး၊ ရှုံးလည်းပြောင်ပြောင်နေတတ်တဲ့ မောင်ဟန်ကြည်နဲ့ ကွာချင်တိုင်းကွာနေတဲ့ သူငယ်ချင်းရဲ့ ပြောင်းလဲသွားတဲ့ စရိုက်ကိုမြင်တဲ့အခါမှာ လောင်းကစားသွေးဝင်လာရင် တစ်ချို့လူတွေဟာ လူစိတ်ပျောက်သွားတတ်တာကို မှတ်မှတ်သားသား ရှိမိပါတော့တယ်။ အဲဒီအချက်တွေကြောင့်လည်း ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားချင်တဲ့ မောင်ဟန်ကြည်တစ်ယောက် ရင်ထဲမှာ ငွေ့ငွေ့ကလေး လောင်နေခဲ့တဲ့ လောင်းကစားမီး ငြိမ်းသွားခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အသက်အရွယ်ကလေးရလာတဲ့ အခုအချိန်မှာ ခပ်ငယ်ငယ်က လောင်းကစားကိစ္စကို ဦးဟန်ကြည် မကြာမကြာ ပြန်တွေးမိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီး လူကြီးဖြစ်တဲ့အထိ အရိုးမစွဲအောင် ထိန်းသိမ်းနိုင်ခဲ့တာပဲ ကြံဖန်တွေးရင်း ဂုဏ်ယူနေမိတာလည်း အခါခါပါ။ ဒီအရွယ်ရောက်လာတဲ့ အခါမှာတော့ လောင်းကစားသမားဟူသမျှကို ဦးဟန်ကြည် အယုံအကြည်မရှိသလို လေးစားမှုလည်း မရိတော့ပါ။ လူငယ်ဘသာဝ စူးစမ်းချင်တဲ့ဝါသနာ အရင်းခံကြောင့် လောင်းကစားကို စမ်းသပ်တာ လက်ခံနိုင်သေးပေမယ့် နားလည်ရင့်ကျက်တဲ့ အသက်အရွယ်မှာ လောင်းကစားလုပ်နေကြတာတွေမြင်ရင် အင်မတန် စိတ်ကုန်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က တစ်ဖက်သာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားသူ ဖြစ်နေပြန်တာကြောင့် လောင်းကစားသမားတွေကို စော်ကားတဲ့စကားမျိုးတွေ ပြောလေ့မရှိသလို အထင်သေးတဲ့ အကြည့်မျိုးနဲ့လည်း ကြည့်လေ့မရှိပါ။ ကိုယ့်တရားကို စီရင်ကြရမှာ လောကရဲ့ နိယာမပဲ မဟုတ်ပါလား။

တကယ်တော့ လောကကြီးမှာ တစ်ရာရင်းပြီး နှစ်ရာအမြတ်ထွက်ဖို့ဆိုတာ မသေချာမရေရာတဲ့ ကိစ္စဖြစ်သလို ခပ်ရှင်းရှင်းပြောရရင် အဲဒီလို လိုချင်လောဘရှိခြင်းဟာ သူတစ်ပါးရဲ့ငွေကြေးကို အချောင်လိုချင်တာပဲ ဖြစ်ပါတယ်။ လောင်းကစားသမားဟာ တစ်ရာရင်းပြီး တစ်ထောင်မြတ်ချင်သူတွေပါ။ လူတိုင်းမှာ လောဘနဲ့ မကင်းကြပေမယ့် အဲဒီလို မတရားသဖြင့် ရလိုမှုကိုတော့ ၀ိသမလောလို့ပဲ ယူဆမိပါတော့တယ်။ သူ့ကိုယ်သူတော့ ကံကြမ္မာကောင်းလို့ နိုင်တယ်၊ ငွေရတယ်လို့ ထင်ကောင်းထင်မှာဖြစ်ပေမယ့် အဲဒီငွေတွေဟာ သူတပါးရဲ့ မျက်ရည်စက်တွေ၊ မိသားစုတွေရဲ့ ဘ၀တွေ၊ အနာဂတ်တွေပါနေတာကြောင့် ငွေပူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လောင်းကစားကရတဲ့ငွေဟာ မမြဲသလို၊ လောင်းကစားကြောင့် ကြီးပွားတဲ့သူတွေရဲ့ဘ၀ဟာလည်း မငြိမ်းချမ်းကြတာ တွေ့နိုင်ပါတယ်။ အဆိုးတကာ့အဆိုးဆုံးကတော့ သံသရာအထိ ဒုက္ခရောက်ခြင်းပါ။ ဘာကြောင့်လဲဆိုရင် လောင်းကစားကရတဲ့ငွေနဲ့ အလှူဒါနလုပ်ဖို့ မသင့်တော့လို့ပဲ ဖြစ်ပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ သံသရာရဲ့ အထောက်အပံ့အဖြစ် အလှူအတန်းတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အလှူတစ်ခုဖြစ်မြောက်အောင်မြင်ဖို့ -
( ၁ ) အလှူပစ္စည်း
( ၂ ) အလှူခံပုဂ္ဂိုလ်
( ၃ ) အလှူပေးသူရဲ့ စိတ်စေတနာ
သုံးမျိုးလုံး သန့်စင်မွန်မြတ်ဖို့ အရေးကြီးလှပါရဲ့။ ဒီလိုအခြေခံအချက်သုံးချက်နဲ့ ပြည့်စုံညီညွတ်တဲ့ အလှူဒါနမျိုးကသာ တရားတော်နဲ့ ညီညွတ်ပြီး သံသရာအတွက် အထောက်အပံ့ကောင်းဖြစ်မယ့် ဒါနမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လောင်းကစားကရတဲ့ ငွေကြေးနဲ့ လှူမိရင် အလှူပစ္စည်းမသန့်စင်တာကြောင့် အလှူခံပုဂ္ဂိုလ်ပါ အာပတ်သင့်ဖို့ သေချာနေပါတော့တယ်။ ကိုယ့်ရဲ့ လောင်းကစားဗီဇကြောင့် ကိုယ်ကြည်ညိုမြတ်နိုးတဲ့ ဆရာတော်၊ သံဃာတော်တွေပါ အပြစ်သင့်ရတာ သံဝေဂရစရာ ကောင်းလှပါတယ်။

ဒါကြောင့် ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကလွန်မြောက်လို့ လက်တွေ့လောကထဲကို ရောက်လာပြီး အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်တဲ့ အချိန်ကစလို့ ဘာလောင်းကစားကိုမှ စိတ်မကူးတော့ပါ။ လောင်းကစားကရမယ့်ငွေကိုလည်း အင်မတန်ရွံပြီး ကြောက်ပါတယ်။ သမ္မာအာဇီဝကျကျနဲ့ တပင်တပန်းရှာထားရတဲ့ ကိုယ့်ရဲ့ချွေးနည်းစာထဲမှာ လောင်းကစားငွေ တစ်ကျပ်တစ်ပြားပါသွားရုံနဲ့ အလှူပစ္စည်းရဲ့တန်ဖိုးကျသွားမှာကို စိုးရိမ်မိတာကြောင့်ဖြစ်ပါတယ်။ ဥပမာပေးရရင် အဆီအနှစ် အရသာအပြည့်နဲ့ အကောင်းဆုံးချက်ထားတဲ့ အသားဟင်း တစ်ပိဿာအိုးထဲမှာ မစင် ( ချီး ) တစ်မတ်သားလောက်ကျသွားရုံနဲ့ စားလို့မရတော့တာမျိုး ဖြစ်သွားရင် ရင်နာစရာ အတော်ကောင်းမယ် မဟုတ်ပါလား။ ဒါကြောင့် ဦးဟန်ကြည်ကတော့ အသားဟင်းတစ်ပိဿာနဲ့တူတဲ့ သူ့ရဲ့ သမ္မာအာဇီ၀၀င်ငွေ ချွေးနည်းစာထဲမှာ မစင်တစ်မတ်သားနဲ့တူတဲ့ လောင်းကစားဝင်ငွေ တစ်ကျပ်တစ်ပြားမကျရလေအောင် ထိန်းသိမ်းရင်း ရသမျှနဲ့ ရောင့်ရဲတင်းတိမ်လို့ ဘ၀ကို ပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းလျှက်ရှိနေပါကြောင်း။                    ။

20 comments:

မေဓာဝီ said...

ဦးဟန်ကြည် ပို့စ်ကို ဖတ်နေရင်းနဲ့ တွေးမိတာ ... မနေ့ညက မန်ယူပွဲ လောင်းတာ ရှုံးသွားလို့များ ဒီပို့စ်ဖြစ်လာတာလားလို့။ :))

တော်သေးတာပေါ့။ အဆုံးသတ်စာပိုဒ်မှာ "ခုချိန်မှာ ဘာလောင်းကစားကိုမှ စိတ်မကူးတော့ဘူး" ဆိုလို့ ။ ကျမကတော့ လောင်းကစားဆို ထီတောင် မထိုဘူး။ ထီထိုးတာ တရားဝင်ခွင့်ပြုတယ်ပဲ ဆိုဆို လောင်းကစားပဲ သတ်မှတ်တယ်။ အဲဒီလိုရမယ့် ငွေမျိုးကို မလိုချင်တာ အမှန်ပဲ။

ဒါနဲ့ စကားမစပ် ရသစာပေပို့စ်လဲ ရေးပါအုံးရှင်။ မျှော်လိုက်ရတာ ကြာပေါ့။

ပစ်ပစ် said...

ပစ်ပစ်လည်းဘောလုံးဝါသနာပါသမို့
ဦးဟန်ကြည်ကြီးရဲ့ ဘောလုံးpost ကို
အိပ်ချင်စိတ်ခဏဘေးချိတ်လို့
မျက်စိအသကုန်ပြူးပြီး
ဖတ်ရှု့သွားကြောင်းပါ...

ဒါနဲ့စကားမစပ် ကလိုဆေး ကအချောသား
ဟီးးဟီးးးး

နေ၀သန် said...

သြော်.. ၀မ်းသာလွန်းလို့ အသက်တောင်ပါရသတဲ့လား.. အင်း.. တစ်လုံး.. နှစ်လုံး.. သုံးလုံး.. ဘာကျန်သေးလဲ..း))... အဲဒါတွေကို စောင့်စားနေလို့လည်း.. အင်း.. ရွှေပြည်ကြီးက.. အင်း... မပြောတော့ပါဘူး... နေ၀သန်က အလုံးတွေသာ မကိုင်တယ်.. အချပ်လိုက်တော့ တယ်သဘောကျသကိုး.. ကျောင်းတက်စဉ်က တောအုပ်ထဲမှာ ကားလေးထိုးထိုးပြီး... အချပ်တွေဝိုင်းကိုင်တာ... မကိုင်ရတဲ့နေ့ဆို နေမထိထိုင်မသာဖြစ်နေရော... အခုနေပြန်စဉ်းစားတော့.. သြော်.. တယ်လဲ မိုက်လုံးကြီးခဲ့ပါလားပေါ့.... အခုနေ တစ်ခါလောက် ပြန်စကိုင်ကြည့်ရင်လည်း ဒီလိုပဲ ဖြစ်ဦးမှာပဲ.. သြော်.. လောဘနောက်ကို လိုက်ရင် ဒီလိုပဲဖြစ်မှာမို့... မထိမကိုင်တော့တာသာ အကောင်းဆုံးလို့ မှတ်ယူမသဗျာ... ဆရာဦးဟန်ကြည်... ဒါနဲ့  အဲဒီနားကြပ်တွေကိုတောင် ပေါင်ပြီးလောင်းနိုင်တာတော့ သိပ်ကိုလေးစားလွန်းအားကြီးသွားပြီ... ဘာလို့လဲဆိုတော့ အဲဒီနားကြပ်မျိုးကို ၀ယ်ပေးနိုင်ဖို့ လွန်ခဲ့သော ၁၅ နှစ်ကြော်က ဆေးကျောင်းသူသမီးအတွက် အမေက ငွေအတိုးချေးပြီးဝယ်ပေးခဲ့ရတာကို မြင်ဖူးလို့.. :D... ဒါပဲဗျာ.. ကျွန်တော်လည်း ဖတ်ပြီး ဘာတွေရေးမိနေပြန်ပလဲမသိဘူး... :D

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

သာဓုပါတော် သာဓုပါ သာဓုပါ မောင်ဟန်ရယ် ..း)

ဟီးးဟီးး

လွင်ပြင်လှိုင်းငယ် said...
This comment has been removed by the author.
jasmine(တောင်ကြီး) said...

ဆရာရေ
ဂျက်တို့လဲကြည့်တာတော့ဝါသနာပါတယ်
အလောင်းအစားတော့
ကုလာကားကြည့်တာပဲရှိပါတယ်
သူငယ်ချင်းတွေနဲ့အပျင်းပြေပါပဲ
ဘော်လုံးအသင်းကလဲဆရာ့ကိုဆုချမယ်တဲ့
ရွှေလက်ချောင်းပိုင်ရှင် Mr Han Kyi
သူတို့အသင်းတွေကိုဒီလိုလေးတွေရေးထား
ပေးလို့ဂုဏ်ပြုတဲ့အနေနဲ့တဲ့
ခင်မင်တဲ့ မိဂျက်
ရွှင်လန်းချမ်းမြေ့ပါစေရှင်

မိုးငွေ့...... said...

ဆရာ့ရဲ့ ပို့စ်အရှည်ကြီးကိုလည်းမဖတ်နိုင် ဘောလုံးလဲ စိတ်မ၀င်စားတော့ ဟိုကြည့်ဒီကြည့်(ပုံတွေကို)ပဲလုပ်သွားပါတယ်..။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် ယူရိုဖလားကျရင် ဦးဟန်ကြည်နဲ့ လောင်းမလို့ပါဆို
ဒါဆို ဦးဟန်ကြည်က မလောင်းတော့ဘူးပေါ့
စိတ်တောင်မကောင်းဘူးဆရာဟန်ရယ်
ထမင်းတစ်ဝိုင်းကျွေးကြေးလောင်းပြီးမှ ဆရာဟန်နဲ့ မဟေသီဆီအလည်လာမလို့ဟာ
ခုတော့ လောင်းလို့မရတော့ဘူးပေါ့။။း)
လောင်းကစားနဲ့ပတ်သက်လို့ ဘဝရော အသက်ပါ ဆုံးရှုံးသွားရသူတွေ တွေ့ဖူးပါတယ်ဦးဟန်ကြည်ရေ.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ လောင်းကြေးထပ်ရဲတယ်ဆိုတာ စဉ်းစားလို့ မရပါဘူး။ ဘဝပျက်တဲ့အထိတော့ ဘယ်အရာကိုမှ မလောင်းရဲတာ အမှန်ပါ
ဒါပေမဲ့ ဘောလုံးဆိုတာကလည်း လောင်းကြေးကလေးနဲ့ ကြည့်တော့ ပိုအရသာရှိသဗျနော..း)

mstint said...

ဘောလုံးတော့ တီတင့်နဲ့ သားနှစ်ယောက်လည်း ဝါသနာပါတယ်။ သားတွေနဲ့ပဲ အပျော်လောင်းတယ်။ ဒီအတိုင်းချည်းထိုင်ကြည့်ရတာထက်စာရင် နိုင်ချင်တဲ့စိတ်ရှိတော့ အားပေးရတာပိုပျော်စရာကောင်းလို့း))
တန်ဘိုးကြီးကြီးနဲ့လောင်းတာမျိုး ဒါမှမဟုတ် တစ်ခြားသူနဲ့လောင်းတာမျိုးတော့ မရှိခဲ့ဘူး။
အလောင်းအစားကို ဘဝပျက်အောင်လုပ်တဲ့သူတွေ အများကြီးတွေ့ဘူးတယ်။ အကြိမ်ပေါင်းများစွာ ဘောလုံးပွဲတွေကို ကြည့်ခဲ့ပေမယ့် ၁၉၉၄ခုနှစ်က ဘက်ဂီယိုရဲ့ ဘက်ကစ်လေးကို ဒီကနေ့အထိ စွဲနေတုန်းပဲ ဦးဟန်ကြည်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကြည့်ရတာ ပြီးခဲ့တဲ့မန်ယူပွဲမှာအကွဲကြီး ကွဲသူတွေကို ကြည့်ပြီး ဆရာကြည် တရာကျနေပုံရတယ်....:)))
ကျွန်တော်လည်း ဘောပွဲတော့ အားပေးတယ်..ဒါပေမယ့်
လောင်းဖို့ကတော့လုံးးးးးးးးဝပဲဆရာရေ....ကျွန်တော်က
ဘာလောင်းကစားနဲ့မှကို အကျိုးမပေးတာ...။ကိုယ့်ဘာသာ
သိလို့ ရှောင်လေဝေးဝေးပဲ...။အဲတစ်ခါတစ်လေတော့
လောင်းတယ်..၊မန်ယူအသင်းရဲ့ပွဲကောင်းတွေရှိရင်...၊
မန်ယူဘက်ကတော့ဟုတ်ဘူး...ပြိုင်ဘက်အသင်းက...၊
ဒါမှ မန်ယူနိုင်မှာလေဂျာ..ဟုတ်ဘူးလား.....:P

ကိုရင် said...

ဘိုပဲဖြစ်ဖြစ် ၁-၆ ပဲကွ..ဟီးဟီး..
ဆရာရေ စနေ တနင်္ဂနွေတွေ အိမ်ကပဲ လန်းမယ် ဆိုရင် ဒီမှာ ဆုံကြစို့..ကြည့်ဖို့ သက်သက်ပဲ..

http://mrbarcelona.blogspot.com/

သတိုး said...

တပြုံးပြုံး ဖတ်မှတ်ခဲ့ပါတယ် ခင်ဗျာ။

နွေတေးရှင် (မင်းဧရာ) said...

ဆရာရေ....
အားကစားကိုတော့ ၀ါသနာအပါသား
အထူးသဖြင့်တော့ ဘောလုံးပွဲပေါ့ဗျာ
လောင်းလေ့လောင်းထတော့ မရှိပါဘူး
အားပေးယုံ အပန်းဖြေယုံပါပဲ
အခုက လောင်းကစား သမားတွေ တော်တော်လေးကိုများနေတာတွေ့နေရတယ်ဗျာ
အခြေခံ လူတန်းစားတွေ အဲဒီအထဲမှာပဲ ၀ဲနေကြတယ်
အတွေးအခေါ်တွေလွဲနေကြသလိုပါပဲ။

ဒါနဲ့ဆရာ...
ကျွန်တော် ဘလောက်ဒ် က၀င်ပြီးရေးလို့မရတော့လို့ ဘလောက်ဒ် တခုထပ်ပြီးဖွင့်လိုက်ရတယ်ဗျာ။

(မင်းဧရာ)

kokoseinygn said...

“ေ၇ာင်ရဲတင်းတိမ်လို့
ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းလျှက်ရှိနေ
ကြောင်း” နောက်ဆုံးပိတ်လေးမှာ
အခုလိုဖတ်လိုက်ရတော့ ဂုဏ်ယူမိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဦးဟန်ကြည် စာရေးတာ ဖတ်ရတာ ဖတ်လို့ကိုး မ၀ဘူး ...

san htun said...

ဖေနဲ့  မောင်မောင်က ဘောလုံးဝါသနာအိုးတွေဆိုတော့ စန်းထွန်းလည်း ဘောလုံးပွဲကြည့်တာ ဝါသနာပါတယ်..မန်ယူ ပရိသတ်..ဂျာနယ်တွေက အိမ်မှာ အထပ်လိုက်...မောင်မောင်က ကျောင်းစာသာ မရသာ ဘောလုံးအကြောင်းများ ဆိုရင်တော့ ဘယ်အသင်း၊ ဘယ်နေရာ၊ ဘယ်လိုကောင်းတာကိုတော့ ကောင်းကောင်းပြောပြနိုင်တယ်...ကမ္ဘာဖလားပွဲဆိုရင်တော့ အရင်ဆုံး အင်္ဂလန်အသင်းကို အားပေးတယ်...တသင်းလုံးက EPL ကြောင့် ဘော်ဘော်တွေ ဖြစ်နေလို့ လေ..ဆီမီးမရောက်ခင် အင်္ဂလန်ထွက်ရရော..အီတလီကို အားပေးတာ..တသင်းလုံး ချောလို့ ..လောင်းကစားနဲ့  အကျိုးမပေးမှန်းသိလို့  ဝှောင်ဝှောင်ရှေးတယ်...

ဒုတိယလူ said...

လောင်းကစားက ရတဲ့ငွေနဲ့ အလူမလုပ်သင့်ဘူးဆို
လို့ရွာကအကြောင်းလေး တစ်ခုသတိရမိတယ်ဆရာ..
(ကြက်ဝိုင်းတစ်ခုမှာ..အဖေလုပ်သူကရှုံးသွားတဲ့သူရဲ့
ကြက်ကိုကောက်ကိုင်ပြီးသားဖြစ်သူကိုလှမ်းပြော
တယ်“ငါ့သားဘုန်းကြီးကိုသွားလျှောက်စမ်းကွာ
အဖေမနက်ကဒီနေကြက်တိုက်တာ နိုင်မယ်လို့သေ
ချာပေါက်တွက်ပြီးမနက်ဖြန်အိမ်မှာစွမ်းစားဖို့ဘုန်းကြီးပင့်
ထားတာအခုရှုံးပြီးဆိုတော့ဘုန်းကြီးလည်းစွမ်းမကပ်နိုင်
တော့ဘူးအဲတာမနက်အိမ်ကိုကြွမလာဖို့သွားပြန်လျှောက်ခဲ့
စမ်းကွာ.”..)..း )း)ဘာရယ်မဟုတ်ပါဘူးဆရာရေ့.
ဆရာပိုစ့်ကိုဖတ်ရင်းအဲတာလေးသတိရလို့
ရေးချမိလိုက်တာ..

ခင်မင်လေးစားလျှက်
(ဒုတိယ)

မေသိမ့်သိမ့် ကျော် said...

ဦးဟန်ကြည်ရေ မန်ယူပွဲလဲ ခွက်ခွက်လန် ၊ ချယ်ဆီးပွဲလဲ ဝက်ဝက်ကွဲပဲ... ဟင့်...။ တော်သေးတယ်။ မလောင်းမိလို့....။ လောင်းလိုက်မိရင် ကွဲဦးမှာ။


ခင်တဲ့
မေသိမ့်

ကိုကိုမောင်(ပန်းရနံ့) said...

နောက်ဆုံးတော့ သံဝေဂလေးနဲ့ သိမ်းသွားတာဘဲ။ ကောင်းပါလေ့ ကောင်းပါလေ့ ဆရာဟန်။

သူကြီးမင်းကတော့ ၀ါသနာမပါတာ မရှိသလို ၀ါသနာပါတာလဲ မရှိတာမို့ အဆင်သင့်ရင် သင့်သလို ကြည့်လုပ်လိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ လောင်းကစားကိုတော့ အတော်လေး မုန်းမိလေရဲ့။
ဒါနဲ့ မနက်ဖန် မန်ယူဘက် ထိုင်ရင် သေချာမလား မသိဘူးနော် ဆရာ။ ဟာ ဟ။

ခင်မင်လျှက်

ဆူးသစ် said...

ကျောင်းသားဘ၀ကိုတောင်ပြန်လွမ်းမိသွားပါတယ်ဗျာ။ ကျွန်တော်ကအာကြီးကြိုက်ပေမယ့်တစ်ခါမှမလောင်းဖူးဘူး။ အဲ-ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့အပျော်သဘော Random တော့နှိပ်ဖူးတယ်။ ဒီနေ့အထိဘောလုံးကိုတစ်ခါမှမလောင်းခဲ့ဖူးဘူး။ ကျောင်းသားဘ၀ကတော့ ဒီလိုပါပဲဗျာ။ မင်းလူရေးတဲ့ ၀တ္ထုထဲကကျောင်းသားကိုတောင်သွားသတိရတယ်။လက်ကနာရီကိုလေးနေလို့ပို့နေကျဆိုင်ခဏပို့ထားတယ်ဆိုတာကိုလေ။ အပေါင်ဆိုင်ကိုပါ။

ကြိုက်ရင်ပေါ့လေ . . .