Tuesday 20 December 2011

ခရစ်စမတ်နဲ့ နှစ်ကူးမှာ . . . ( တက်ဂ်ပို့စ် )

ရာသီအေးအေးမှာ အသာတကြည်ကွေးရင်း
စာစီရေးဖို့ ပျင်းကြောဆွဲနေပါတဲ့ ဦးဟန်ကြည်တစ်ယောက်ဇိမ်တည်နေတာကို မမြင်ရက်၊ မကြည့်နိုင်ပါတဲ့ ရို့စ် က တဂ်စာတစ်ပုဒ်နဲ့ လှုပ်နှိုးလာပါတယ်။ တဂ်စာတွေဟာ ဘလော့ရွာမှာပဲ တွေ့ရတဲ့ ချစ်စရာမေတ္တာလက်ဆောင်တွေဖြစ်တာမို့ ဦးဟန်ကြည်ကတော့ ၀မ်းမြောက်ဝမ်းသာရေးလေ့ရှိပါရဲ့။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စာရေးဖြစ်ပေမယ့် ဘလော့ဂ်ပေါ်တင်ရမှာရွံ့နေတဲ့ ဦးဟန်ကြည်ကို “ သူတော်ကောင်း၊ နတ်ကောင်းစောင်မ ” ဆိုတဲ့ စကားအတိုင်း ( စတည်ကတည်းက အပြတ်ယူထားမှ ) ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အနှီတဂ်စာကို အောက်ပါအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ရေးချလိုက်ပါသတတ်။

ရို့စ်ရဲ့ တဂ်စာက တစ်မျိုးပါ။ ခေါင်းစဉ်တစ်ခုတည်ပေးပြီး ရေးခိုင်းတာမျိုးမဟုတ်ဘဲ မေးခွန်းတွေဖြေရပါမယ်တဲ့။  
( သူကိုယ်တိုင်ကျတော့ ဖြေမထားပါ။ အတော်တရားတဲ့ ကလေးမ ) ပွင့်ပွင့်လင်းလင်းပြောရရင် မေးခွန်းများများမြင်လိုက်ရင် ဦးဟန်ကြည်ခမျာ မျက်ခုံးခပ်လှုပ်လှုပ်ရယ်ပါ။ ဆေးကျောင်းကို စရောက်ကာစက စိတ်ပညာရေးဖြေမေးခွန်းပေါင်း ၃၂၀ ကို ၂ နာရီအတွင်း ဖြေရတဲ့စာမေးပွဲမှာ ဖုန်းခနဲမြည်အောင်ကျပြီးကတည်းက မေးခွန်းတွေ တသီတတန်းကြီးမြင်ရရင် ဖျားချင်သလိုလို ဖြစ်လာတတ်တာ ဒီနေ့အထိလို့ ဆိုရမယ်ထင်ပါရဲ့။ စိတ်ပညာရေးဖြေမှာက အမှတ်နည်းရင်လည်း ကျသလို၊ ဂုဏ်ထူးထွက်ရင်လည်း ကျတတ်ပါသတဲ့။ အဲဒီစာမေးပွဲမှာ ဂုဏ်ထူးနဲ့ကျခဲ့ပေမယ့် ( အမှတ်နည်းလို့ကျတာထက်တော့ ကြားလို့ကောင်းသပ ) အခုမေးခွန်းတွေမှာတော့ ပေးမှတ်၊ အောင်မှတ်၊ ဂုဏ်ထူးမှတ် သတ်မှတ်မထားတာကြောင့် မျက်စိစုံမှိတ်ပြီး ဖြေလိုက်ရမှာပါ။

ကိုင်း…တဂ်စာတစ်ဖြစ်လဲ တဂ်မေးခွန်းတွေကို အကြောင်းညီညွတ်အောင် နှာခေါင်းဆီဆွတ်ပြီး ဖြေလိုက်ပါပြီ။ ဘောင်းဘီဝတ်ပြီး ဖတ်ကြလေကုန် …

http://4.bp.blogspot.com/_FJ1ycxNG1gU/SVRNTIUdXYI/AAAAAAAAAAc/i81ILSkP9vw/s320/X-Mas19.gif

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဟုတ်ကဲ့။ စိတ်လှုပ်ရှားသပ။ စိတ်တင်မကဘဲ ပိုက်ဆံအိတ်ပါ လှုပ်ရှားပေသပေါ့ ဗျာတို့ရယ် ( ကဖိုးငွေ၏ လေသံကို အတုခိုးပြီးရေးသည် )။ အိမ်ရှင်မက ခရစ်ယာန်၊ ဦးဟန်ကြည်က ဗုဒ္ဓဘာသာဝင်ဖြစ်တာမို့ သူ့ပွဲကိုယ့်ပွဲကို အပြန်အလှန် အသိအမှတ်ပြုကြရတာကလား။ ဒီအချိန်၊ ဒီကာလ ရောက်ပြီဆိုမှဖြင့် ခရစ်စမတ်လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်ရှင်မအတွက် မျက်နှာလုပ်ဖို့ မဟာ့မဟာ အခွင့်အလမ်းကြီး ရတော့တာကိုး။ ကိုယ့်အိမ်ရှင်မကို ကိုယ်ပြန်ပြီး လက်ဆောင်ပေးရတာ ကိုယ့်အိတ်ထဲကိုပြန်ဖိတ်တဲ့ကိစ္စဖြစ်တာမို့ စိတ်မလှုပ်ရှားပဲ နေပါရိုးလား။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အိမ်ရှင်မကတော့ ခရစ်စမတ်သစ်ပင်တွေ၊ ကြယ်တွေ၊ မီးလုံးတွေနဲ့ အလှဆင်ချင်ဟန်တူရဲ့။ ထင်းရှူးပင်ပေါတဲ့ဒေသမှာ ခရစ်စမတ်သစ်ပင်ကို အလကားမတ်တင်းရနိုင်ပေမယ့် ဦးဟန်ကြည်တို့ဒေသမှာ ထင်းရှူးပင်အသာထားဦး လက်မောင်းလုံးလောက် သစ်ပင်ကိုတောင် ခွဲစိတ်ဖြတ်တောက်ပြီး ပရိဘောဂလုပ်ပစ်ကြတာမို့ ခရစ်စမတ်သစ်ပင် အတုကိုပဲ သုံးကြရပါရဲ့။ အတုဆိုတာ အစစ်ထက်ဈေးပိုကြီးရိုးထုံးစံရှိပြန်တာမို့ တစ်တောင်ထွာလောက်ပဲမြင့်တဲ့ အနှီပလတ်စတစ်ထင်းရှူးပင် ပိစိကွေးလေးတစ်ပင်ကိုတောင်မှ မြန်မာကျပ်ငွေ ၃ သောင်းလောက်ပေးရတဲ့အပြင် လက်ဆောင်တွေဘာတွေ ချိတ်ရဆွဲရ၊ မီးအလှတွေပါ ဆင်ရသရရင် ဖွတ်ကလိဒင်္ဂါးပေါင်းများစွာ ပလုံစွပ်ဖြစ်မှာမို့ ပေသီးခေါက်ပါရဂူ အိမ်ရှင်မခမျာ ဆိုင်မှာသွားသွားကြည့်ပြီး အာသာဖြေရှာပါသတဲ့။ ( ဒီနှစ်တော့ အိမ်ရှင်မကို မျက်နှာလုပ်ဖို့ သစ်ပင်ကြီးကြီးတစ်ပင်လောက် surprise ၀ယ်ပေးဖို့ ဦးဟန်ကြည် ကြံစည်နေပါကြောင်း )

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေခဲနေတဲ့နေရာကို သွားလည်ချင်သပေါ့ကွယ်။ ဒါပေမယ့် နေတော့မနေချင်ပေါင်။ မနက်စောစော ကိုယ့်အိမ်ရှေ့က နှင်းထုကို ဂေါ်ပြားနဲ့ကျုံးရမယ့် အရေးက အင်မတန်မှ စိတ်ညစ်စရာ ကောင်းတန်ရဲ့။ နှင်းတွေဗွက်ပေါက်ပြီး ညစ်ထပ်ထပ်အရောင်ဖြစ်သွားရင်လည်း အတော့်ကို စိတ်ပျက်ဖို့ကောင်းတာကလား။ ရေငန်သောက် မြက်ခြောက်စားတဲ့ အညာသား ဦးဟန်ကြည်ကတော့ နှင်းကျတာ၊ မကျတာအပထားလို့ ဖွတ်ကလိဒင်္ဂါးများများရတဲ့ ဒေသမျိုးကို ပိုပြီးအာသီသရှိပါသတဲ့။ ဖြစ်နိုင်ရင်တော့ snow flake တွေ ဖွေးဖွေးလှုပ်နေအောင်ကျပြီး မီးရောင်စုံတွေ ထိန်ထိန်ညီး၊ X’mas Carol သံတွေဝေစည်နေတဲ့ ငြိမ်းချမ်းသော ခရစ်စမတ်ညတစ်ညလောက်ကိုတော့ တစ်ခါဖူးလောက် ကြုံဖူးချင်သပ။ ( ပါရမီဖြည့်ချင်သူများထံမှ လေယာဉ်လက်မှတ်ခများနှင့် တည်းခိုစရိတ်များကို ပက်ပက်စက်စက် လက်ခံမည် ဖြစ်ပါကြောင်း )

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အနှီခရစ်စမတ်ဆိုတာ သူတကာတွေအတွက် မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ပိတ်ရက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဦးဟန်ကြည်အတွက်တော့ အစဉ်အလာမပြောင်းဘဲ ခါးညောင်းတဲ့ ဖွင့်ရက်တွေ ဖြစ်ပါရဲ့။ မနက် ၈ နာရီကနေကျောင်းသွား၊ နေ့လည် ၁၂ ကနေ ၁ အထိ ထမင်းစားနား၊ ညနေ ၄ နာရီမှ ကျောင်းလွှတ်၊ ညပိုင်းကို ၅ နာရီကနေ ၉ နာရီအထိ ညပိုင်းအချိန်ပို တက်နေရပြီး စာသင်ချိန်နဲ့ တတ်မြောက်မှု ပြောင်းပြန်အချိုးကျအောင် ပြောင်မြောက်လှတဲ့ ဒီဘက်ဒေသက ကလေးတွေ ခရစ်စမတ်နေ့ တစ်ရက်တော့ နေ့ရောညပါ နားရက်ရကြပါမတဲ့။
( ကျန်တဲ့ရက်တွေကတော့ မနက်တစ်ပိုင်းနဲ့ ညပိုင်းအချိန်ပိုတက်ရမယ်ဆိုပဲ ) အနှီလို နေ့တစ်ပိုင်း နားနေကြရတဲ့ ရတောင့်ရခဲ ပိတ်ရက်မှာ ဒုတိယနှစ်ဝက်စာ သင်ခန်းစာတွေကို ပြန်နွှေးပေးရမယ့် ဦးဟန်ကြည်ခမျာ ခရီးထွက်ဖို့ ဝေလာဝေး မနက် ၅ နာရီခွဲလောက်ကတည်းကစလို့ ညပိုင်း ၈ နာရီလောက်အထိ တစ်ချိန်ပြီးတစ်ချိန် အာပေါက်အောင် စာသင်ရပါကြောင်း။
( ခရစ်စမတ်အားလပ်ရက်မှာ ခရီးယာယီထွက်နိုင်ကြတဲ့ ဖိုးကံကောင်း၊ မယ်ကံကောင်းများကို မနာလိုရှိလှပါဘိတော့ )

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဒီနှစ်မှာတော့ ခရစ်စမတ်ပွဲတော်လာတဲ့ ချစ်မိတ်ဆွေတွေကို ရေတိုက်ပြီး၊ သွားကြားထိုးတံ ဝေလွှတ်ဖို့ စိတ်ကူးထားပါရဲ့။ ( အပြန်မှာ သွားကြားထိုးတံလေးတွေ ကိုက်ပြီးပြန်ကြတော့ အသားဟင်းနဲ့ကျွေးလွှတ်လိုက်လို့ သွားကြားညပ်ကုန်ကြတယ် ထင်စရာပေါ့။ ခရစ်စမတ်ပါတီပွဲကို ပျော်ပျော်ကြီးနွှဲချင်ကြကုန်သော ဘလော့ဂါ ဘလော့ဂီအပေါင်းတို့ ဦးဟန်ကြည်နဲ့ ဆက်သွယ်ကြကုန် )။ ခင်တဲ့သူတွေကိုတော့ လက်ဆောင်မပေးပါရစေနဲ့လား မရွှေရိုစ့်ရယ်။ ဒီလောက်မိတ်ဆွေတွေ များနေမင့်ဟာ။ ရှိစုမယ့်စု စည်းစိမ်လေးပါ ပြုတ်ပြုတ်ပြုန်းရချေရဲ့။ ချစ်တဲ့သူကိုတော့ လက်ဆောင်ပေးရပေသပေါ့။ ( မပေးလို့ ဘယ်ရလိမ့်တုန်း၊ နဂါးမျက်စောင်းထက် ပါဝါပိုများတဲ့ အိမ်ရှင်မမျက်စောင်းနဲ့တိုးရင် ဦးဟန်ကြည်ရဲ့ ဘော်ငွေရောင်ဆံကေသာတွေ ပြောင်တလင်းခါရချေရဲ့။ ) ဘယ်လိုလက်ဆောင်မျိုးပေးသလဲဆိုရရင်ဖြင့် ထုံးစံအတိုင်း မဒမ်ဟန်ကြည် အကြိုက်ဆုံးပစ္စည်းတွေကို တန်းစီစာရင်းပြုစုကြည့်ပြီး ဈေးအကြီးဆုံးအရာကို ရွေးပြီးဝယ်ပေးရပေသပေါ့။ ( ဒီရက်မျိုးမှ မျက်နှာမရရင် တစ်နှစ်ပတ်လုံး မျက်နှာရဖို့လမ်းမမြင်ဘူး မဟုတ်လား။ ဗယ်လင်တိုင်းမှာ အမြန်အစားထိုးရင်တောင် သုံးလေးရက်လောက်ကတော့ အကောက်တော်ဖြည်ရတာနဲ့တင် ဖတ်ဖတ်မောရချိမ့်။ )

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
မိဘအိမ်မှာနေတဲ့အချိန်ကတော့ ခရစ်စမတ်က ကိုယ်နဲ့ဘယ်ဆိုင်လိမ့်တုန်း။  အိမ်ရှင်မနဲ့ တွေ့မှပဲ ခရစ်စမတ်နဲ့ ဦးဟန်ကြည် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ရဲ့။ အိမ်ထောင်သက်ပဲ ကိုးနှစ်ထဲဝင်လာမင့်ဟာ ခရစ်စမတ်အမှတ်တရပေါင်းက တစ်ပြုံတစ်မကြီး ရှိပေသပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်က ခရစ်စမတ်ညမှာ တပည့်တွေနဲ့ ထမင်းချက်ပြီး စားဖြစ်ကြတာတော့ မှတ်မှတ်ရရ ရှိလှပါရဲ့။ ( ခရစ်စမတ် အမှတ်တရတွေကို ပို့စ်တစ်ခုရေးဖို့ စဉ်းစားမိတာကြောင့် မေးခွန်းထဲမှာ ထည့်မဖြေလိုက်တာ သည်းခံကြကုန် )


ရို့စ်ရဲ့မေးခွန်းတွေက နောက်ဆက်တွဲ ကျန်ပါသေးတယ်။
ဒီမေးခွန်းတွေကတော့ နှစ်သစ်ကူးမေးခွန်းတွေပဲ ဖြစ်ပါသတဲ့။ ကျောင်းသားတွေကို မေးခွန်းပေါင်းများစွာနဲ့ နှိပ်စက်လေ့ရှိတဲ့ ဦးဟန်ကြည်တစ်ယောက် အခုမှပဲ ကောင်းကောင်းကြီး ၀ဋ်လည်ပါရောလား။ မေးခွန်းတွေကလည်း လူကြီးတွေ အဖြေရကြပ်လှချေရဲ့။ ကိုင်း … ဖြစ်ချင်ရာဖြစ်…ချဲလက်စနဲ့ ဆက်ပြီးချဲကြဦးစို့ရဲ့ …

http://glittermagic.files.wordpress.com/2011/01/happy-new-year.gif

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
မေးရက်ပါပေ့ကွယ်။ မေးခွန်းသဘာဝကိုလေ့လာကြည့်ရင် အနှီမေးခွန်းက “ ခေါ်မေးခွန်း ” ဖြစ်နေသကိုး။ ဦးဟန်ကြည်ကတော့ “ ရှေးအထက်က၊ အသက်အသွင်၊ ငါချစ်ခင်တဲ့၊ ကြင်သည်းအူ ” အိမ်ရှင်မနဲ့အတူ မန်ယူပွဲလေးတစ်ပွဲလောက်ထိုင်ကြည့်နေချင်သပ။ တဂ်စာရေးရမယ့် ကျန်ပုဂ္ဂိုလ်များလည်း ကိုယ်သန်ရာသန်ရာ ဖြေကြလေကုန်။

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ဦးဟန်ကြည်သည် မည်သည့်အခါကမျှ  နှစ်သစ်ကူး countdown မလုပ်ခဲ့ဖူးခဲ့လေရာ အမှတ်တရလည်း မရှိခဲ့ပါလေ ( ဤကား သူကြီးမင်း ကိုကိုမောင်၏ လေသံ )။ များသောအားဖြင့် လဆန်းတစ်ရက်နေ့မှာ ဖြေလေ့ရှိတဲ့ လပတ်စာမေးပွဲအတွက် မေးခွန်းတွေထုတ်ရင်း၊ အဖြေလွှာတွေပြင်ဆင်ရင်း သူ့နှစ်သစ်က သူ့ဖာသာ ကူးသွားပါလေရဲ့။ နှစ်သစ်တစ်ခါကူးတိုင်း အသက်တစ်နှစ်ကြီးလာပြန်တာမို့ အနှီနှစ်သစ်ကို သူ့စရိတ်နဲ့သူ လွှတ်ထားလိုက်တာ ကောင်းရဲ့မဟုတ်ပါလား။ ( နှစ်သစ်မှာ အချစ်စစ်နဲ့ပျော်တဲ့အချိန်တွေကလည်း ကုန်လွန်ခဲ့ပြီကော )
 
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
 စာမသင်ရ၊ ကျောင်းသားတွေကို မမြင်ရရင် ဖျားချင်၊ နာချင်တဲ့ ဦးဟန်ကြည်ကတော့ အင်တိုက်အားတိုက်ကြိုးစားကြမယ့် ချစ်စရာတပည့်တွေရှိတဲ့ နေရာမျိုးမှာပဲ နှစ်သစ်ရော နှစ်ဟောင်းပါမကျန် ကုန်ဆုံးချင်သပ။ နှစ်သစ်ကူးတစ်ရက်နေ့မှာ ဖြေမယ့် လပတ်စာမေးပွဲမှာ တပည့်တွေ ရမှတ်ကောင်းကောင်းထွက်အောင် ဖြေနိုင်ကြရင်ပဲ စိတ်ကူးထဲမှာတင် သုခဘုံကို ရောက်နေမင့်ဟာ အလည်အပတ်ခရီးနဲ့ သီးသန့်နေရာ ဘယ်လိုလိမ့်မလဲ။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
သူ့ဖာသာကူးသွားတဲ့ နှစ်သစ်ကူးကို သတိတောင်မထားမိတတ်တာကြောင့် ဘာ resolution မှ မလုပ်ဖြစ်၊ ဘာဆုံးဖြတ်ချက်မှ မချဖြစ်တာတော့ သေချာပါရဲ့။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ “ ဒီနေ့ အကောင်းဆုံးကြိုးစားမယ်။ ကျောင်းသားတွေကို အကောင်းဆုံး သင်ကြားမှုပေးမယ် ” လို့ ဆုံးဖြတ်ချက်ချရိုးထုံးစံရှိတာကြောင့် အနှီနှစ်ကူးကျမှ တကူးတက ဆုံးဖြတ်ချက် မချတော့ပါ။ ရို့စ်မြှောက်ပေးလို့ ဆုံးဖြတ်ချက်ချရရင်ဖြင့် ဒီနှစ်အတွင်းမှာ Land Cruiser သုံးစင်းနဲ့ Marcedes ငါးစင်းလောက် ပိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချရုံပါပဲ။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
နှစ်သစ်ကူးမှာ ကိုယ့်အလုပ်နဲ့ကိုယ် ယားလို့တောင်မှ မကုတ်အားတာကြောင့် ကုန်သွားတာတွေကိုလည်း မနှမြောသလို မရောက်သေးတာကြီးကိုလည်း ရင်မခုန်မိရိုး အမှန်ပါ။ သူ့ဖာသာ သွားချင်သလိုသွား၊ ကုန်ချင်သလို ကုန်မယ့် အနှီအချိန်ယန္တယားကြီးကို ရပ်ထားလို့မှ မရတာကလား။ ရပ်လို့များရခဲ့ရင်ဖြင့်လည်း တက္ကသိုလ်ကျောင်းသားအရွယ် အသက် ၂၀ လောက်ကတည်းက တစ်ခါတည်း အပြီးရပ်ထားလိုက်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်တော့ ကုန်သွားပြီ၊ ဦးဟန်ကြည်လည်း အသက်တစ်နှစ်ကြီးပြန်ပြီ၊ ဒါပေမယ့် ဂိမ်းဘောမဆိုက်သေးဘူး၊ တစ်နှစ်တာ အတွေ့အကြုံတွေလည်း ရခဲ့ပြီ၊ လာမယ့်နှစ်မှာ ဆံပင်တွေပိုပြီး ငွေရောင်လက်လာဦးမယ်လို့တော့ တစ်ခါတစ်ခါ တွေးပြီးပျော်ပါကြောင်း။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အနှီလိုစိတ်ကူးမျိုး ယောင်လို့တောင်မှ မကူးရဲပါကြောင်း။ စာပို့ဌာနရဲ့ အလုပ်လေးစားမှုကြောင့် နိုဝင်ဘာလဆန်းလောက်က ကြိုတင်ပြီး နှစ်ကူးပို့စ်ကဒ်ပို့ထားမှ နှစ်ကူးလောက်မှာ လိုရာရောက်မှာ သေချာနေပါရဲ့။ ဒါပေမယ့် နိုဝင်ဘာမှာ နှစ်ကူးကဒ်တွေကလည်း ဆိုင်ပေါ်မှာ တင်မရောင်းတာကြောင့် ဆင်ခြေကောင်းကောင်းနဲ့ တစ်ခါမှ မပို့ဖြစ်တာ သေချာပါရဲ့။ e-card ပို့ဖို့ဆိုတာကလည်း အင်တာနက်မရှိတဲ့ တောနယ်တွေက ဆွေမျိုးတွေအတွက် ဘယ်လိုလုပ်ဖြစ်နိုင်လိမ့်တုန်း။ သေချာပေါက်ရောက်ချင်ရင်တော့ လူကိုယ်တိုင်သွားပို့ရမယ့်ကိန်း ဖြစ်တာမို့ အနှီအလုပ်မျိုးကို လူဖြစ်ကတည်းက တစ်ခါမှ မလုပ်ဖူးပါကြောင်း။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
၁၉၈၉ ခုနှစ်လောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို သက်ဆိုင်ရာက မေးခွန်း ၃၀ ကျော်ပါတဲ့ စာရွက်တွေထုတ်ပေးပြီး အဖြေခိုင်းပါတယ်။ အဲဒီမေးခွန်းတွေကလည်း အတော်ကိုပြောင်မြောက်တဲ့မေးခွန်းတွေဖြစ်တာမို့ မိတ်ဆွေအရာရှိ၊ အရာခံတွေ၊ စာရေး၊ စာချီတွေ တသီတတန်းကြီး တာဝန်ကနေ ရပ်စဲခံကြရပါရောလား။ ( အထုတ်ခံရတယ်လို့ပြောရင် ဘယ်ကောင်းမလဲ ) ဒီမေးခွန်းတွေမှာတော့ အဲဒီလို နည်းဗျူဟာဆင်ထားတာမျိုးမပါတာကြောင့်လည်း ကျောင်းသားတစ်သိုက် သူရို့သင်ခန်းစာတွေနဲ့ ခေါင်းချင်းဆိုင်ပြီး အလုပ်များနေတုန်းမှာ စိတ်အေးလက်အေး ဖြေလိုက်ပါကြောင်း။        

18 comments:

ခရစ္စတလ် said...

ကိုယ့်ဖာသာတော့ ရေးပြီးပြီ၊ သူများတွေ ဘာရေးလဲ စောင့်ကြည့်နေတာ အကြံနဲ့ အကြံနဲ့ :P

နှစ်သစ်မှာ ချစ်ဇနီးနဲ့ နွေးထွေးနိုင်ကြပါစေနော့။

rose said...

Hehe :)) Sayar, I laugh a lot and like the way of your writing. Thank you so much.

မဒမ်ကိုး said...

ဆရာကြည်ကအဖြေနပ်ပါ့တော့် ဆရာကတော်ဖတ်မိရင် သဘောကျအောင်ရေးတယ်ဗျိုးး
ရေးကြရေးကြ များတို့ကလာမယ်ကြာမယ်း)

mstint said...

စာရေးကောင်းတဲ့သူများကျတော့လည်း
ဖတ်ရတာချောမွေ့နေတာပဲ။
ဦးဟန်ကြည်ရဲ့ တပည့်ဖြစ်ရသူတွေ ကံကောင်းတယ်။
မဒမ်ဟန်ကြည်ကိုလည်း တီတင့်က Merry Christmas & Happy New Year wish လုပ်လိုက်
ပါတယ်လို့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ကိုအောင်(ပျူနိုင်ငံ) said...

မြန်မှမြန်တဲ့ ဦးဟန်ကြည်ပဲ ...း)

Angelhlaing(May everybody be happy and healthy! said...

အမေးနဲ့အဖြေကြားက သွက်လက်မျုလေးတွေကို တဝါးဝါး ရယ်မောရင်း...အားပေးသွားတယ်အကို...
ပျော်ရွင်ဖွယ် ခရစ်စမတ်ရက်လေးဖြစ်ပါစေလို့..:)

ကိုရင် said...

ပိတ်တဲ့သူတွေ ပြောထားကြ..သွားထာကြ..
စားထားကြ..လာထားကြ..အနော်တို့တော့
ဘောက်ဆင်ဒေးမှာ မအော့ဘူးဆိုလို့ တင်းတယ်..

...အလင်းစက်များ said...

ခရစ္စမတ်ဟာ ကျနော်နဲ့  လားလားမှ မဆိုင်ခဲ့ဖူးပါဘူး ဆရာ။ ၀မ်းမနည်းပေမယ့် နည်းနည်းတော့ ဖီလင်ဖြစ် တယ်။ သူငယ်ချင်းကောင်းများ “မ” စ ကြပါကုန် :(

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးဟန်ကြည်တို့ မဒမ်ကို ချစ်ပုံများနော်
နောင်လာနောက်သားညီငယ်တွေကို အားကျအောင် လုပ်နေပုံရတယ်
ဘာဘဲဖြစ်ဖြစ် ပျော်စရာကြီး
ဖတ်ရတာကိုက အလိုလို ပျော်လာတယ်
ဦးဟန်ကြည်က အရေးကောင်းပေတာကိုး
ဒီတစ်ခါ ခရစ္စမတ်လက်ဆောင်ကြီးကြီးကို မဒမ်ကလည်း ကြိုက်မှာ သေချာပါတယ်
ဒီပိုစ့်လည်း ခရစ္စမတ် လက်ဆောင်ဘဲ မဟုတ်လား နော်

blackroze said...

merry X' mass ပါဆရာရေ..

သူကြီးမင်း (တုံးဖလား) said...

ဆရာဟန်ကြည်တို့ ပိုင်ချက်။
ခရစ်စမတ်မှာ မဒမ်ကို လက်ဆောင်နဲ့ မျက်နှာလုပ်ခွင့်ရသွားသလို ပို့စ်လေးနဲ့လဲ မျက်နှာလုပ်ခွင့် ရသွားလေရဲ့။ သားရွှေအိုးထမ်း ကိန်း ဆိုက်သကိုးဗျ။

ဆရာဟန်ကြည်တို့ စုံတွဲ ဘောက်စင်ဒေးမှာ မန်ယူ-၀ီဂန်ထိုင်ကြည့်နေစဉ် သူကြီးမင်းကတော့ တစ်ကိုယ်တည်း အခန်းအောင်း ကွန်ပျူတာဖွင့်ပြီးသကာလ မန်ယူအောင်ပွဲလေးကို ရှုစားနေဖြစ်ဖို့ များပါကြောင်း။

အဖြူရောင်နတ်သမီး said...

ဦးဟန်ကြည်လူလည်ကျပြီ...
တဂ်ပို့စ်ရေးတာလား..
မိန်းမကိုချွဲတာလား...

San San Htun said...

Merry X-mas & Happy New Year !

Cameron said...

မဒမ်ဟန်ကြည်ကိုပေးမယ့်လက်ဆောင်တော့ စိတ်ဝင်စားတယ်...ဆရာ..။

မောင်မျိုး said...

ဆရာ.... နှစ်ကူးမှာ ကိုယ့်အိမ်လာလည်မယ့် ဧည့်လန် အယ်လေ ဧည့်သည်ကိုကော လက်ဆောင်ပေးချင်စိတ်မရှိဘူးလားဗျး))

ဆူးသစ် said...

ပြုံးမိပါကြောင်း......

မောင်သီဟ said...

ဆြာဟန်တို့ကတော့ ပျော်နေပြီး)း)

ပျော်စရာနေ့လေးပါပဲဗျာ
၂၀၁၂နှစ်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်းအတိပြီးစေဗျား

မဒမ်ကိုး said...

ဆရာရေ ပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေကြောင်းနော်
(စိဘောက်ရှာမရလို့ လာအော်သွားပါတယ်း)

ခင်မင်လျှက်

မဒိုးကန်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger