Tuesday 27 December 2011

ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ . . .

မသေချာ၊ မရေရာတဲ့ မြေကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်လိုက်ကြတာ။
 ဟိုတိုင်းပြည်မှာလည်း တဒိုင်းဒိုင်း တဒက်ဒက်၊ ဒီလူမျိုးစုကြည့်ပြန်ရင်လည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပစ်လိုက်ကြ၊ ခတ်လိုက်ကြ၊ သတ်လိုက်ကြ၊ သေလိုက်ကြတာတွေ မကြားချင့်အဆုံး၊ မမြင်ချင့်အဆုံးပါ။ ခပ်စိပ်စိပ် ကြုံလာနေရတဲ့ သဘာဝဘေးအန္တရာယ်၊ ကပ်ဆိုးကြီးတွေကြားမှာ ကလိယုဂ်ဆုတ်ကပ်ဖြစ်လို့ တိုလာနေတဲ့ အသက်တန်းကိုတောင် မငဲ့ညှာနိုင်အောင် သေမျိုးအချင်းချင်း သတ်ဖို့ဖြတ်ဖို့ကိစ္စကို ဘာကြောင့်များ အင်တိုက်အားတိုက် လုပ်နေကြပါလိမ့်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးရန်စရှိဖို့အသာထား မြင်တောင်မမြင်ဖူးကြတဲ့ လူအချင်းချင်း အယူဝါဒမတူရုံ၊ လူမျိုးချင်းကွဲပြားရုံနဲ့တင် ဘာကြောင့်များ မညှာမတာ သတ်ကြဖြတ်ကြဖို့ အားတက်သရော ရှိနေကြပါလိမ့်။

ဆရာဝန်စာရေးဆရာမ “ ဂျူး ” ကတော့ “ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူတန်းစားတစ်လွှာနဲ့တစ်လွှာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး နာကြည်းမုန်းတီးမှုတွေကြောင့် ဆိုးရွားရက်စက်တဲ့ စစ်ပွဲကြီးတွေဖြစ်ကြရပါသတဲ့။ ဒီအချက်ဟာ စစ်ပွဲတွေဖြစ်စေတဲ့ အခြေခံအချက်ဖြစ်တယ်ဆိုတာ ငြင်းစရာမလိုအောင် သေချာလှပါတယ်။ ဒါပေမယ့် ဦးဟန်ကြည်ကတော့ ဂျူးရဲ့အဆိုကို အပြည့်အ၀ မထောက်ခံချင်ပါ။ ဘာကြောင့်လဲဆိုရင် တစ်ချို့တစ်ချို့သော စစ်ပွဲတွေဟာ -
“ ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ ” ဖြစ်နေလို့ပါ။

http://www.ww2incolor.com/d/29835-8/Abascalsa

နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် ကျူးကျော်သိမ်းပိုက်ရင် ကျူးကျော်ခံရတဲ့ တိုင်းပြည်က ရှိသမျှအင်အားနဲ့ စွမ်းနိုင်သလောက်တော့ ရေကုန်ရေခမ်း ပြန်တိုက်ပါလိမ့်မယ်။ ဒါဟာ ကျူးကျော်သူတွေကို မုန်းတီးစိတ်ကြောင့်ခံတိုက်တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းပြောရရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်အနေအထား ပျက်စီးမှာကို ကြောက်တဲ့စိတ်ကြောင့်ပဲ ပြန်တိုက်ကြတာပါ။ နားလည်လွယ်တဲ့ ဝေါဟာရနဲ့ ပြောရရင် “ ကြောက်ခံခံ ” ကြတာပါ။ လာတိုက်တဲ့နိုင်ငံကလည်း တိုက်ပွဲရှုံးလို့ သိက္ခာကျမှာ ကြောက်သလို၊ အကျိုးအမြတ်တွေ ရသင့်သလောက်မရမှာကိုလည်း ကြောက်ကြပြန်ပါတယ်။ အကြောက်တရားဟာ အချင်းချင်းကို စည်းလုံးစေပါတယ်။ ကြောက်တဲ့လူအချင်းချင်း ကျောချင်းကပ်ကြပါတယ်။ ရင်ချင်းအပ်ကြပါတယ်။ တစ်ခုခုကို အတူတကွကြောက်ကြတဲ့လူတွေ စုစည်းမိပြီး ဆန့်ကျင်ဘက်အရပ်နှစ်ခုမှာ ရပ်တည်မိကြတဲ့အခါမှာ စစ်ပွဲကြီးတွေ ဖြစ်ကြတော့တာပါပဲ။

တိုင်းရင်းသားလူမျိုးစုတစ်စုနဲ့တစ်စု တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေဟာလည်း အကြောက်တရားကို အရင်းခံပါတယ်။ လူမျိုးတစ်မျိုးကိုတစ်မျိုးက မယုံကြည်ခြင်းဆိုတာ ကြောက်ခြင်းရဲ့ ပုံသဏ္ဌာန်တစ်မျိုးပဲ မဟုတ်ပါလား။ သတ္တိရှိပြီး ရဲဝံ့တဲ့လူဟာ ယုံကြည်ချက်ခိုင်မာမြင့်မားပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်သလို တစ်ဖက်သားကိုလည်း စိတ်ချပါတယ်။ ဥပမာပြရရင် လွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဘယ်သူကမှ လုပ်ကြံမှာမဟုတ်ဘူးလို့ ယုံကြည်ချက်ထားသလိုပါ။ တစ်မျိုးကို တစ်မျိုး ကြောက်ကြလန့်ကြတာကြောင့် လက်နက်တွေ အသင့်ကိုင်ထားကြရပါတယ်။ တစ်ဖက်ကိုတစ်ဖက် မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်ကြရပါတယ်။ သူများက လက်ဦးသွားလို့ ကိုယ့်လူမျိုး ဒုက္ခရောက်ရတာမျိုးကို စိုးရိမ်ကြ၊ ကြောက်ကြတဲ့အတွက် ကိုယ်ကလက်ဦးမှုရအောင် တိုက်ဖို့ခိုက်ဖို့ စိုင်းပြင်းကြပါတယ်။ တစ်ဖက်ကနိုင်သွားရင် ကိုယ့်လူမျိုးကို အမှုန့်ခြေမှာ အနိုင်ကျင့်မှာ ကြောက်ရပြန်တာကြောင့်လည်း မနိုင့်နိုင်အောင် သူသေကိုယ်သေ တိုက်ကြပြန်ပါတယ်။ သံသရာလည်နေတဲ့ အကြောက်တရားကြောင့်ပဲ ဒီနေ့ကမ္ဘာပေါ်မှာ တိုက်ပွဲတွေ မပြီးနိုင်မစီးနိုင်ဖြစ်နေကြပါတော့တယ်။ တစ်ဖက်နဲ့တစ်ဖက်ကြားက အကြောက်တရားတွေ မပျောက်ကွက်သမျှကာလပတ်လုံး တိုက်ပွဲတွေ ဆက်ဖြစ်နေကြဦးမှာကတော့ သေချာနေပါရဲ့။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့တိုက်နေကြတာကိုပဲ ကြည့်ပါ။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမယ့် အကြောက်မပြေကြသေးတာကြောင့် ဒီနေ့အထိ တိုက်လို့ကောင်းနေကြတုန်း မဟုတ်ပါလား။

တစ်ချို့ကပြောကြပါတယ်။ သတ္တိရှိလို့ လက်နက်ကိုင်တာပါတဲ့။ မှားပါတယ်။ ကြောက်တတ်လို့ လက်နက်ကိုင်ကြတာပါ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို မယုံလို့ လက်နက်ကို အားကိုးရတာပါ။ ကိုယ့်စည်းလုံးမှုကို စိတ်မချလို့ လက်နက်ဆောင်ထားရတာပါ။ ဦးဟန်ကြည်ရဲ့တပည့်လေးတွေပြောသလို “ သိုင်းတတ်ရင် တုတ်ကိုင်စရာမလိုပါဘူး ” လို့ ပြောရပါလိမ့်မယ်။ ကိုယ့်ကို သူများရန်စမှာ အနိုင်ကျင့်မှာ စိတ်မချတဲ့အတွက်၊ ကြောက်ရတဲ့အတွက် သွားလေရာ၊ လာလေရာမှာ သေနတ်တွေ တကားကားနဲ့ သွားနေကြရတာ မဟုတ်ပါလား။ ချေးယို၊ သေးပေါက်တဲ့ အချိန်မှာတောင် သေနတ်ကို ခါးကြားကမချဘဲ ဆောင်ထားရတဲ့လူလောက် ကြောက်တတ်တာ ဘယ်မှာရှိပါ့မလဲ။ ကိုယ်က သူများကို သတ်မိတဲ့အတွက် ကိုယ့်ကိုပြန်သတ်ခံရမှာစိုးရိမ်တဲ့ အကြောက်တရားတွေကြောင့်ပဲ ကိုယ့်စိတ်ကို ကိုယ့်ဖာသာ ထောင်ချထားသလို ဖြစ်နေကြပါတော့တယ်။ မည်းမည်းမြင်သမျှကို ရန်သူထင်ပြီး သစ်ရွက်လှုပ်တာကလေးကိုတောင် ရန်သူလာဝိုင်းတယ်လို့ အမြင်မှားပြီး ကျီးလန့်စာစားဖြစ်နေရတဲ့ လူတွေရဲ့ပါးစပ်က သတ္တိစကားကြားရတာတော့ အင်မတန်ကောင်းတဲ့ ပျက်လုံးတစ်ပုဒ်လို့ပဲ ဆိုရပါလိမ့်မယ်။

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြောက်လွန်ကြတာကြောင့်ပဲ “ လက်နက်အသင့် ငြိမ်းချမ်းရေးကာလ ” ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အမေရိကန်က ဆိုဗီယက်ကို ကြောက်တာကြောင့် နြူကလီးယားတွေ ထုတ်ပါတယ်။ ဆိုဗီယက်ကလည်း အမေရိကန်ကို လန့်ပြီး နြူလက်နက်တွေ အသင့်ပြင်ထားပါတယ်။ တစ်ယောက်ရဲ့လက်နက်အင်အားကို တစ်ယောက်က မျက်ခြေပြတ်မခံရဲရှာကြပါ။ ထစ်ခနဲရှိရင် ကိုယ့်လက်နက်တွေကို အသင့်ပြင်ကြပါတော့တယ်။ တစ်ဖက်ကလှုပ်ရင် တစ်ဖက်က မျက်ကလဲဆန်ပြာ ဖြစ်ကြပါတယ်။ ဘယ်လောက်များဆိုးတဲ့ အကြောက်တရားတွေပါလဲ။

အဲဒီအကြောက်တရားတွေကြောင့်ပဲ အချင်းချင်းယှဉ်ပြိုင်တာတွေ၊ အနိုင်လုတာတွေ၊ မုန်းတီးကြတာတွေ ဖြစ်ရပါတယ်။ ဆိုဗီယက်နိုင်ငံက လူသားလိုက်ပါစီးနင်းတဲ့ အာကာသယဉ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲအရောက် ပထမဆုံးအဖြစ် လွှတ်တင်နိုင်တဲ့အခါမှာ ကမ္ဘာ့သမိုင်းမှာ အောက်ကျနောက်ကျဖြစ်ကျန်ရစ်မှာကြောက်တဲ့ အမေရိကန်ကြီးက လပေါ်ကို ပထမဆုံးခြေချနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ သူများထက် ညံ့သွားမှာကို ကြောက်စိတ်ကြောင့်ပဲ ကိုယ့်ထက်သာတဲ့လူတွေကို မနာလိုစိတ်၊ မုန်းတီးစိတ်တွေ ဖြစ်လာရတယ် မဟုတ်ပါလား။ အောက်ကျနောက်ကျဖြစ်မှာကို ကြောက်စိတ်ကြောင့်ပဲ တိုးတက်သင့်သလောက် တိုးတက်လာတာ မှန်ပေမယ့် ကြောက်လွန်းမကကြောက်လို့ ဖြစ်လာရတဲ့ စစ်ပွဲကြီးတွေကတော့ အင်မတန်မှ ရွံစရာ၊ မုန်းစရာ ကောင်းလှပါတယ်။

အကြောက်တရားကြောင့်ဖြစ်တဲ့စစ်ပွဲတွေ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလုပ်ရပါလိမ့်မလဲ . . .

အပြောလွယ်ပါတယ်။ အလုပ်မလွယ်ပါ။
တစ်ဖက်က တစ်ဖက်ကို အပြတ်အသတ်ခြေမှုန်းနိုင်လိုက်ရင် ဒီသံသရာကြီးရပ်သွားမယ်လို့ လူပြိန်းတွေး တွေးလို့ရနိုင်စကောင်းပါတယ်။ ဒါပေမယ့် အနိုင်ရသွားတဲ့ဘက်ကလည်း ရှုံးတဲ့လူက ပြန်ပြီးလက်စားချေမှာကိုတွေးပြီး တထိတ်ထိတ်တလန့်လန့် နေရဦးမှာပါ။ ကိုယ့်လုံခြုံရေးအတွက် တစ်ဖက်ကို စောင့်ကြည့်နေရဦးမယ် မဟုတ်ပါလား။ ဘယ်သူပဲနိုင်နိုင် အကြောက်တရားကိုတော့ အရှုံးပေးထားရပါဦးမယ်။ အကြောက်တရားမကင်းသရွေ့ ဘယ်မှာစစ်ပွဲကင်းနိုင်ပါဦးမလဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တိုက်ပွဲတွေ ပြန်ပေါ်လာပါဦးမယ်။

တစ်ဖက်ဖက်က သတ္တိရှိပြလိုက်မှဘဲ ဒီစစ်ပွဲတွေ ရပ်ပါလိမ့်မယ်။ အကြောက်တရားကြောင့် ရန်စောင်နေတဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ မကြောက်မရွံ့ဘဲ အေးအေးဆေးဆေးနေပြလိုက်ရင် ရန်ပွဲဆိုတာ ဖြစ်လာစရာ အကြောင်းမရှိတော့ပါ။ တစ်ဖက်သားကို လက်နက်တွေမကိုင်ဖို့ ကြောက်ကြောက်နဲ့ ကြုံးအော်နေမယ့်အစား ကိုယ့်လက်နက်ကို ဘေးပစ်ချပြီး သတ္တိရှိရှိ နေပြလိုက်ရင် အနှေးနဲ့အမြန်ဆိုသလို စစ်ပွဲတွေ ရပ်ကုန်ပါလိမ့်မယ်။ တစ်ဖက်ကို မကြောက်ရတော့ရင် ကိုင်ထားတဲ့လက်နက်တွေက ဘာများအဓိပ္ပာယ်ရှိပါဦးမလဲ။ ကြောက်လွန်းလို့ကိုင်ထားရတဲ့ လက်နက်တွေဟာ မကြောက်ရတော့တဲ့အချိန်၊ ကိုယ်သတ္တိရှိလာတဲ့ အချိန်မှာ အသုံးမလိုတော့ပါ။ စဉ်းစားကြည့်ရင် စားရမယ့်၊ သုံးရမယ့်၊ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးရမယ့် ငွေကြေးတွေကို လူသတ်လက်နက်တွေအတွက် ဘယ်သူကများ အကုန်ခံချင်ကြပါလိမ့်မလဲ။ လူသတ်လက်နက်ကြီးကို ဖက်တွယ်ပြီး ဘယ်သူကများ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါလိမ့်မလဲ။ တစ်ယောက်ကိုတစ်ယောက် မကြောက်ကြတော့တဲ့၊ မကြောက်ရတော့တဲ့ အချိန်ရောက်ရင် အဲဒီငွေတွေဟာ အားလုံးရဲ့ဘ၀တွေအတွက် အကောင်းဆုံးအထောက်အပံ့တွေဖြစ်လာမှာ သေချာနေတယ် မဟုတ်ပါလား။

အကြောက်တရားကနေ လွတ်ကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ဆိုနိုင်ပေမယ့် မဖြစ်နိုင်ဘူးလို့တော့ ကောက်ချက်ချလို့မရပါ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမှာ သေချာနေတဲ့ လောကကြီးဖြစ်တာမို့ တစ်ဖက်စီကသာ လုံလောက်တဲ့သတ္တိနဲ့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားရှိကြရင် ဒီနေ့ကမ္ဘာပေါ်မှာ ရှိသမျှ စစ်ပွဲတွေ အားလုံးနိဂုံးချုပ်ပြီး ငြိမ်းချမ်းရေးချိုးသိမ်းငှက်ရဲ့ တောင်ပံခတ်သံတွေကို နေရာတိုင်းမှာ ကြားလာရမှာဖြစ်ကြောင်း ထပ်လောင်းပြီး အသိပေးချင်ပါတော့တယ်။               ။

မကြာခင်ရောက်လာတော့မယ့် ၂၀၁၂ နှစ်သစ်မှာ လူအားလုံးရဲ့ အကြောက်တရားတွေ ကင်းစင်ပပျောက်ပြီး သာယာငြိမ်းချမ်းတဲ့ လောကလူ့ဘောင်သစ်ကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ကြဖို့ ၀ိုင်းဝန်းဆုမွန်ခြွေကြပါစို့ . . .

15 comments:

ကိုရင် said...

တရားသော စစ်ပဲဖြစ်ဖြစ် မတရာတဲ့စစ်ပဲဖြစ်ဖြစ် တစ်ခုမှ မကောင်းပါဘူး..စစ်ပြီးရင် သွေးညှီနံ့တွေ ကြားမှာ ဠင်းတတွေပဲ အောင်ပွဲခံကြ တယ်မဟုတ်လား..

by the way,,
သူကြီးမင်းကတော့ အများသုံးအိမ်သာတွေမှာ မပေါက်တော့ပဲ စိတ်ချရတဲ့ လမ်းဘေးမှာပဲ ဒဏ်ငွေဆောင်ပြီး ပန်းတော့တယ်လို့ အသံကြားတယ် ဆရာရေ..စားသတိ သောက်သတိ ပေါက်သတိ ရှိပါ.. :D

သူကြီးမင်း (တုံးဖလား) said...

ငတ်လို့သေ
ရောဂါကြောင့်သေ
သဘာဝဘေးဒဏ်ကြောင့်သေ။ တစ်သေထဲ သေနေရတဲ့အထဲ စစ်ပွဲတွေက ၀င်နှောင့်နေသေးတယ်။ ဟူးးးးးးးးးး။ လောကကြီးမှာ တယ်လဲ သေနည်းတွေ များလှသကိုးးးးး။

ဒါနဲ့ ဆရာ။
သတင်းကြားပြီးပြီလား ကိုရင့်ကို မဒမ်တီးလိုက်လို့ ဆေးရုံတက်လိုက်ရတယ်တဲ့။
အမူးလွန်ပြီး စားသောက်ခန်းကို အိမ်သာထင်ပြီး မှားသုံးမိလို့တဲ့။ ဒါကြောင့် သုံးလေးရက် ပျောက်နေတာ။း)


ရောဂါတွေ ရန်တွေ ဘေးဒဏ်တွေ စစ်ပွဲတွေ ကင်းပ ပျောက်ကင်းကြစေသော်။ ။

ဟန်ကြည် said...

အလိုလေး...
စစ်ဆန့်ကျင်ရေးပို့စ်မှာ ဒီကလေးကြီးနှစ်ယောက် စစ်လာဖြစ်နေကြပါပကောလား...းးး)))

San San Htun said...

အမှန်ပဲ ဆရာဟန်ရေ..ကြောက်လို့ တိုက်နေကြတာ...စစ်ပွဲမှာ ကုန်တဲ့စရိတ်တွေကို ပညာရေး၊ ကျန်းမာရေးမှာ သုံးရင် ဘယ်လောက်ကောင်းမလဲနော်..မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ

mstint said...

ပုထုဇဉ်လူသားတွေရဲ့ အတော်မသတ်နိုင်တဲ့
လောဘကြောင့် ဦးဟန်ကြည်ပြောတဲ့
အကြောက်တရားကို အရင်းခံတဲ့
လူသတ်ပွဲကြီးတွေ ဖြစ်နေတာပေါ့လေ။
အရင်ကဖြစ်ခဲ့သလို အခုလည်းဖြစ်နေကြဆဲ
နောင်လည်းဖြစ်နေအုံးမှာ မလွဲဘူး။
လက်ကျန်သာသနာနှစ်ထဲမှာ
လူသားအားလုံး စိုးရိမ်ကြောင့်ကြမှုများ ကင်းဝေးငြိမ်းချမ်းကြပါစေလို့ တောင်းဆုပြုမိပါတယ်။
လူသားအားလုံးစိတ်ဓာတ်အစဉ်ကြည်လင်အေးချမ်းပါစေ

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

စစ်ပွဲတွေအမြန်ရပ်ပြီး လူသားတွေအားလုံးဘေးရန်ကင်းကြပါစေတော့
အပေါ်ကနှစ်ယောက်ကလဲ ရောက်လေရာနပန်းသတ်နေတယ်း)

Anonymous said...

စစ်ပွဲတွေမဖြစ်စေချင်ဖူး
ဒါပေမယ့် စစ်တွေဖြစ်နေရတယ်
ကမ္ဘာကြီးပေါ်မှာ လူသားတွေရှိနေသရွေ့ စစ်ပွဲတွေ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နေမှာပါပဲ ဆြာရယ်......

မြန်မာပြည်တွင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်ကို အပြင်မှာလက်တွေ့ကျကျအကောင်ထည်မဖော်နိုင်သေးတာ အင်မတန်မှ စိတ်နှလုံးမသာမယာဖြစ်မိပါတယ်


မောင်ဘကြိုင်

စံပယ်ချို said...

ကြာခဲ့ပါပြီဆရာရေ
ဖတ်ခဲ့ဖူးတာလေ အမုန်းကြောင့်ဖြစ်တဲ့စစ်
အချစ်ကြောင့်ဖြစ်တဲ့စစ်
အခု ဗဟုသုတ တစ်ခုတိုးလာပြီးကြောက်လိုပတိုက်တဲ့စစ်
မြန်မာပြည်ငြိမ်းချမ်းပါစေတော့ ပြည်သူတွေ ရဲ့
ပညာရေး စီးပွါးရေး လူမှုရေး အသိပညာ အတတ်ပညာ အားလုံးတိုးတက်ပါစေလို့

Angelhlaing(May everybody be happy and healthy! said...

ထပ်တူ ထပ်မျှ ဆန္ဒပြုလျှက်ပါအကိုရေ.... ငြိမ်းချမ်းသော ကမ္ဘာမြေကြီးပေါ်မှာ လူသားအားလုံးလည်း အေးချမ်းစွာ အသက်ရှင်နေ ထိုင်နိုင်ပါစေလို့ ဆန္ဒပြုလျှက်ပါ..

SHWE ZIN U said...

ဆရာ ရေ

ရွှေစင်ဦး တို့ ကတော့ အားလုံး အေးချမ်းစေချင် ပါတယ် အထူးသဖြင့် ကိုယ့် နိုင်ငံတွင်းက ပြည်တွင်းစစ် ကို အရင်ဆုံး အမြန်ဆုံး ရပ်စေချင်ပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

ညိမ်းနိုင် said...

ဟုတ်ပါ့ဆရာ ရာ.....ကြောက်လို့သာ သေနပ်ကြီးတကား
ကားနဲ့...၊ကျွန်တော်လည်းသေနပ်ဆောင်ထားတယ်..။
ကြောက်လို့တော့ဟုတ်ပါဘူး..ကြိုက်လို့....၊သရက်သီး
သနပ် ပြောပါတယ်....:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာရေ
ကြောက်လို့တိုက်တဲ့ စစ်ဘဲဖြစ်ဖြစ်
မုန်းလို့တိုက်တဲ့ စစ်ဘဲဖြစ်ဖြစ်
ရာထူးအာဏာ ဂုဏ်သိက္ခာကို လိုချင်လို့ တိုက်တဲ့ စစ်ဘဲဖြစ်ဖြစ်
နေရာဒေသကို ပိုင်ဆိုင်လိုလို့ တိုက်တဲ့စစ်ဘဲဖြစ်ပါစေ
စစ်ဆိုတာနဲ့ လူအများတော့ ဒုက္ခရောက်ကြရတာမို့ ဘယ်လိုစစ်မျိုးမှ မဖြစ်စေချင်ပါဘူး
အသိဥာဏ်ရှိကြတဲ့ သူသားတွေပီပီ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခွင့်ကိုသာ ရစေချင်ပါတယ်
၂၀၁၂ မှာ စစ်ပွဲတွေ အားလုံး ရပ်ဆိုင်းသွားမယ်ဆိုရင် မင်္ဂလာနှစ်သစ် ဖြစ်မှာပါနော်။။

blackroze said...

ဆရာဟန်ရေ
စစ်ဆိုရင်..ကြောက်လို့တိုက်ရတဲ့
စစ်ကိုလည်းမလိုချင်ဘူး
ရဲရင့်လို့တိုက်ရတဲ့စစ်ကိုလည်းမလိုချင်ဘူး..

အလင်းသစ် said...

စစ်တဲ့...ဘာစစ်ဖြစ်ဖြစ် မကောင်းပါဘူးလေ..
စစ်ရဲ့အနိဌာရုံကို စစ်တိုက်နေတဲ့သူတွေ ပိုသိကြမှာပါ။။။

...အလင်းစက်များ said...

ကြောက်လွန်းလို့  သေနတ် ကိုင်ထားရတဲ့ လူတစ်စု လည်း မကြာခင် သေနတ် ချရတော့မှာလို့  ထင်ပါတယ်။

ကြောက်လို့  တိုက်ရတဲ့ စစ်ပွဲကတော့ တရုတ်နဲ့  တိုက်ရဦးမယ်လို့  မြင်မိပါကြောင်း ဆရာရေ။

Happy New Year ပါဗျာ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger