Tuesday 30 October 2012

ရတုဆက်ဆက် ချီတက်စေ . . .


( နိုဝင်ဘာလ ၂ ရက်နေ့မှာ မင်္ဂလာသက်တန်း ပုလဲရတုတိုင်မယ့် အန်တီတင့်တို့ ဇနီးမောင်နှံအတွက် အမှတ်တရ )


“ . . . အသွင်မတူတာတွေ ညှိကြရင်းနဲ့ . . .
. . . မပြင်နိုင်တာကို ခွင့်လွှတ်ခြင်းနဲ့ . . .
. . . မာနလေးများ လျှော့ချရင်းကွယ် . . .
. . .  ကြည်ဖြူခဲ့ကြတယ် . . . ”

ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်ကတည်းက အမှတ်ထင်ထင်ရှိနေခဲ့ဖူးတဲ့ စိုးလွင်လွင်ရဲ့ သီချင်းတစ်ပုဒ်ပါ။
ဒါပေမယ့် ဆန့်ကျင်ဘက်လိင်မြင်ရင် ပစ်ခတ်ပြီး ရင်ခုန်ပစ်လိုက်ချင်တဲ့ ကာလသားပေါက်အရွယ်ဆိုတော့လည်း သီချင်းစာသားရဲ့ အတိမ်အနက်ကို ဂဃနဏတော့ သဘောမပေါက်ခဲ့ရိုးအမှန်။ အရွယ်ကလေးရလာပြီး အိမ်ထောင်သည်ဘ၀ကို အရှင်လတ်လတ်ကြီးရောက်တော့မှပဲ အနှီသီချင်းရဲ့ အဓိပ္ပာယ်ကို အနုလုံ၊ ပဋိလုံ စဉ်းစားမိပါလေရော။ ရူးတုန်းမိုက်တုန်းအရွယ်၊ တစ်ချစ်တည်းချစ်နေချင်တဲ့ အရွယ်က အမှန်တရားတွေဆိုတာကလည်း ရင့်ကျက်လာတဲ့ အခုအရွယ်ရောက်လာတော့ ပြန်တွေးတိုင်း ရယ်စရာ၊ ပြန်ပြောတိုင်း ရှက်စရာကြီးတွေ ဖြစ်လို့။

ဦးဟန်ကြည်ခပ်ငယ်ငယ် လူပျိုတက်စအရွယ်တုန်းက မာတာမိခင်ကြီးက ” ငါ့သား…ချစ်တယ်ကြိုက်တယ်ဆိုတာ သမီးရည်းစားအရွယ်မှာပဲ နားထောင်လို့ကောင်းတာ…အိမ်ထောင်သည် ဘ၀ကိုရောက်လာရင် နားလည်မှုက ပိုအရေးကြီးတယ်…“ လို့ သြ၀ါဒပေးခဲ့ဖူးပေမယ့် အသိဥာဏ်ကို အရွယ်တိမ်သလ္လာဖုံးနေခဲ့တာမို့ အလေးအနက်မထားခဲ့မိရုံတင်မကဘဲ ” မေမေ့နှယ် ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားလေခြင်း ” လို့တောင် အထင်မှားခဲ့မိသေး။ ဒါပေမယ့် အိမ်ထောင်သက်ရလာတဲ့ သည်နေ့၊ သည်အချိန်ရောက်လာတော့ မာတာမိခင်ကြီး ပြောလေ့ရှိတဲ့ နားလည်မှုတရားကို မျိုးဆက်သစ်ကလေးတွေကို လက်ဆင့်ကမ်းနေရပြန်ရော။ အနှီလိုလက်ဆင့်ကမ်းနေရင်းက သည်ဘက်ခေတ် မြီးကောင်ပေါက်၊ ကျီးအတောင်ပေါက်ကလေးတွေက သူရို့ဆရာ ဦးဟန်ကြည်ကို မေတ္တာတရားကို နားမလည်တဲ့ ရုပ်ဝါဒသမားကြီးလို့ ကွယ်ရာမှာ ခေါင်းစဉ်တပ်ကြမှာလည်း ပြေးကြည့်မိသလို သဘောပေါက်ပါရဲ့။

ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တုန်းကတော့ ဝေါဟာရကြွယ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဘူးပါရဲ့။ “ ငါတော့ အိမ်ထောင်ရက်သား ကျချင်သကွာ… ” တဲ့။ သူ့စကားကို အထာမပေါက်တဲ့ ခပ်အူအူ ဦးဟန်ကြည်အလောင်းလျာက “ အသက်ငယ်ငယ်ပဲ ရှိသေးတာကွာ…အိမ်ထောင်ရေးစကား မပြောစမ်းပါနဲ့…” လို့ ဟန့်လိုက်မိတော့ မောင်မင်းကြီးသားက “ အေးလေ…အဲဒါကြောင့် ငါက အိမ်ထောင်အကြာကြီး မကျဘဲ ရက်သားပဲ ကျချင်တာပေါ့…” လို့ ပြန်ပြောပါလေရော။ ပြန်တွေးကြည့်တော့ နားလည်မှု၊ အနစ်နာခံမှုဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်ဖို့ အတွေးတိမ်နေသေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ပြုလိုက်ရင်လည်း အနှီအိမ်ထောင်က ရက်သားလောက်ပဲ အသက်ရှည်မှာ သေချာသကိုး။ စလယ်ဝင်အိုး ဖင်မမည်းခင်ထိမရောက်ဘဲ၊ နို့ဆီဗူး တစ်ဗူးဝင်အိုး ဖင်မည်းအောင်တောင် သက်ဇိုးရှည်ရင် ကံကောင်း။

တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းတစ်ခုကို အကြောင်းပြုပြီး တစ်အိုးတစ်အိမ် ( စကားလုံး လှလှသုံးရရင် နှစ်ယောက်တစ်ကမ္ဘာ ) ထူထောင်ကြတယ်ဆိုပေမယ့် တစ်ကယ်တော့ တစ်မိသားနဲ့ တစ်မိသား အကြောင်းဆက်၊ ပေါင်းဖက်ကြတာကလား။ ဘ၀တစ်လျှောက်လုံး ကိုယ့်မိဘ၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ ကိုယ့်ပုံစံနဲ့ကိုယ် သီးခြားစီ ရှင်သန်ကြီးပြင်းခဲ့ကြတဲ့ လူသားနှစ်ယောက် ကာလရှည် အတူလက်တွဲဖို့ဆိုတာ တော်ရုံတန်ရုံ နားလည်မှုရှိရုံနဲ့ ဘယ်ရလိမ့်တုန်း။ ဆွေမတော် မျိုးမစပ်တဲ့ လင်မယားကို အသာထား၊ တစ်အူထုံ့ဆင်း မောင်နှမ၊ ညီအစ်မချင်းတောင် တစ်အိမ်တည်း အတူနေဖို့ ထင်သလောက်လွယ်တာမှ မဟုတ်ဘဲကိုး။ နားလည်ခွင့်လွှတ်နိုင်မှုစွမ်းရည် အတော်အတန်မြင့်မားလို့ လင်ကိုယ်မယား အဆင်ပြေပြေ ပေါင်းဖက်နိုင်ဦးတောင် သူ့မိသားစုနဲ့ ကိုယ့်မိသားစု သဟဇာတဖြစ်ဖြစ် သင့်မြတ်ဖို့ကျပြန်တော့ စည်းရုံးရေးစွမ်းရည်နဲ့ ညှိနှိုင်းပေးနိုင်စွမ်း လိုလာပြန်ရော။

သူများအိမ်ထောင်တွေတော့ ဘယ်လိုနေမယ် မပြောတတ်ပေမယ့် ဦးဟန်ကြည်တို့ ဇနီးမောင်နှံကတော့ တစ်ယောက်နဲ့ တစ်ယောက် ကြီးပြင်းလာတဲ့ အခြေခံခြင်း၊ ကြီးပြင်းတဲ့ဒေသချင်း၊ အကြိုက်ချင်း လားလားမှကို မတူတာကလား။ အနှီလို မတူညီတာတွေထဲက ပြင်နိုင်တာတွေကို ညှိကြ၊ နှိုင်းကြ၊ မပြင်နိုင်ကြတာတွေကို ခွင့်လွှတ်နားလည်ကြနဲ့ လူးကာလှိမ့်ကာ ဖြတ်သန်းလိုက်ခဲ့ကြတာ အခုဆိုရင် ဘာရတုလို့ ခေါ်ရမှန်းမသိလို့ အွန်လိုင်းပေါ်တက်မွှေကြည့်တော့ သံဖြူရတု ( Tin anniversary ) လို့ခေါ်တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းကို ၀င်လာပါပကော။

 မောင်နှမနှစ်ယောက်တည်း ကြီးပြင်းလာခဲ့တဲ့ ဦးဟန်ကြည်က တစ်ယောက်ချင်းစီရဲ့ သီးသန့်လွတ်လပ်မှုကို တန်ဖိုးထားသလောက်၊ မောင်နှမတွေ တပြုံကြီးနဲ့ ကြီးပြင်းခဲ့တဲ့ မဒမ်ဟန်ကြည်ကျပြန်တော့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးဖော်ရွေမှုကို ပိုပြီးတန်ဖိုးထားပြန်ရော။ ဦးဟန်ကြည်က တစ်ယောက်တည်း အေးအေးလူလူ စာအုပ်ကလေးဖတ်၊ စာလေးရေး၊ သီချင်းလေး နားထောင်နေရုံနဲ့တင် လောကစည်းစိမ်တွေ့တတ်ပေမယ့် မဒမ်ဟန်ကြည်ကျတော့ လင်စုံမယားဖက် လက်ချင်းဆက်ပြီး ဟိုဟိုသည်သည် သွားသွားလာလာလုပ်တာမျိုးကိုပဲ အာသီသ ပိုရှိတတ်တာကိုး။ မဒမ်ဟန်ကြည်ရဲ့ အလိုကိုလိုက်တာ ဘေးကင်းသဟဲ့ဆိုပြီး ဖတ်လက်စ စာအုပ်ဘေးချ အပြင်သွားကြပြန်ရင်လည်း တစ်ရေးပြီး နောက်တစ်ရေး ပေါ်တတ်ပြန်သေးသဗျား။ မဒမ်ဟန်ကြည်က မိန်းမပီပီ လမ်းဘေးဆိုင်တွေမှာ ထိုင်ပြီး တွေ့ကရာ စားချင်ပေမယ့် ဆေးပညာလေး မတောက်တခေါက် တတ်နေတဲ့ ဦးဟန်ကြည်ကျတော့ ဆိုင်နဲ့ကန္နားနဲ့ ကျကျနန သန့်သန့်ပြန့်ပြန့် စားချင်ပြန်တာကိုး။ အနှီတော့လည်း တစ်ခါတစ်လေမှာ သူစားချင်တဲ့နေရာကို ကိုယ်လိုက်စား၊ နောက်တစ်ခါကျရင် ကိုယ်စားချင်တဲ့နေရာမျိုးမှာ သူလိုက်စားပြီး ပြေလည်အောင် ဖြေရှင်းရပြန်ရော။

အစားအသောက်ကျပြန်တော့လည်း ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသား ဦးဟန်ကြည်နဲ့ မြန်မာပြည်အောက်ပိုင်းသူ မဒမ်ဟန်ကြည်က ပြဒါးတစ်လမ်းသံတစ်လမ်း။ ပဲကြိုက်တဲ့ ဦးဟန်ကြည်နဲ့ ပဲကိုကြည့်လို့တောင်မရတဲ့ မဒမ်ဟန်ကြည်တို့ရဲ့ ထမင်းဝိုင်းကို စဉ်းစားသာကြည့်ပေရော။ ပဲနဲ့အာလူးချက်တဲ့ နေ့များဆိုရင် ဦးဟန်ကြည်က ထမင်းကို ၀က်ခေါင်းထိုးစားသလောက် မဒမ်ဟန်ကြည်က တို့ကနန်း၊ ဆိတ်ကနန်း။ သူ့အကြိုက်ငါးဟင်းချက်တဲ့ နေ့ဆိုရင်လည်း ဦးဟန်ကြည်က စားတယ်ဆိုရုံ မည်ကာမတ္တ။ မဒမ်ဟန်ကြည်က အစပ်ကြိုက်၊ ဦးဟန်ကြည်က အစပ်ပါရင် ထမင်းမစားနိုင်ပြန်။ မဒမ်ဟန်ကြည်က ကြက်ဟင်းခါးသီးကို ကြိုက်သလောက်၊ ဦးဟန်ကြည်က အနှီ ဘုတွေထစ်တွေ ထောင်းလမောင်းထနေတဲ့ အရုပ်ဆိုးဆိုး ကြက်ဟင်းခါးသီးမြင်ရင် လွှင့်ပစ်လိုက်ချင်တာမှ လက်ကိုယားလို့နေရော။ ကိုယ့်အိမ်ကိုယ့်ယာမှာ တစ်ယောက်စီနေကျရင်တော့ ကိုယ်စားချင်ရာပဲ စားဖြစ်မှာ သေချာပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးရတဲ့ အိမ်ထောင်သည် ဘ၀ဆိုပြန်တော့လည်း သူ့ဘက်၊ ကိုယ့်ဘက် ပြေလည်အောင် ကြားချယူရတာကလား။

အစားအသောက်ကိစ္စတင်ဘယ်ကလိမ့်တုန်း။ ခံစားကြတဲ့ ဂီတအမျိုးအစားချင်းကလည်း မတူရေးချမတူ။ နန်းတော်ရှေ့ဆရာတင်တို့၊ ဆရာမြို့မငြိမ်းတို့၊ ဆရာရွှေပြည်အေးတို့၊ သဟာယ ဆရာတင်တို့ကို တလေးတစားရှိတဲ့ ဦးဟန်ကြည်နဲ့ ချမ်းချမ်းတို့၊ နေနေတို့၊ N ကိုင်ရာတို့ရဲ့ သီချင်းတွေကိုမှ နားဝင်ပီယံရှိတဲ့ မဒမ်ဟန်ကြည် ဖြစ်နေကြပြန်တော့ တစ်ယောက်က သူအားသန်တဲ့ ဂီတကို ခံစားနေရင် ကျန်တဲ့တစ်ယောက်က မကြားချင်ယောင်ဆောင်နေရုံပ။ အနှီလိုမှ မဟုတ်ရင်လည်း ကိုယ်နားထောင်ချင်တဲ့ သီချင်းကို MP3 ပြောင်းပြီး ကိုယ့်ဖုန်းထဲမှာ ထည့်ထားလိုက်ရုံ။ ဦးဟန်ကြည်ကလည်း အနှီအဆိုတော်တွေဆိုတဲ့ သီချင်းကို တစ်လုံးမှ နားမလည်သလို၊ မဒမ်ဟန်ကြည်ကလည်း Beethoven တို့ Chopin တို့ကို ကြည့်လို့ကို မရတာကလား။ အနှီတော့လည်း ညှိလို့မရနိုင်တဲ့ အရာကို ခွင့်လွှတ်ပေးကြစတမ်းပေါ့လေ။ သို့ပေမင့် အနောက်တိုင်းက POP သီချင်းတွေကို ခံစားလို့ရတာချင်းတော့ ဘုံယူလို့ရသေးလို့ တော်ပေသေးရဲ့။ The Corrs အဖွဲ့ကိုတော့ နှစ်ယောက်စလုံး ခံစားလို့ရတာမို့ နှစ်ယောက်လုံး အိမ်ကပ်တဲ့နေ့ဆိုရင် The Corrs နဲ့ ငြိမ့်ကြရတာ ထုံးစံ။

ကျန်တဲ့အသေးအဖွဲကိစ္စတွေ မတူတာကို ဘေးဖယ်လို့ရတယ်ထား ဘာသာတရား ယုံကြည်မှုပိုင်းမှာလည်း တစ်လိုင်းစီ။ ဦးဟန်ကြည်က မိရိုးဖလာအဆင့်ထက်ပိုတဲ့ ဗုဒ္ဓဘာသာ။ နှစ်တန်းကျောင်းသားအရွယ်ကစပြီး ရှစ်တန်းကျောင်းသားအရွယ်အထိ နွေရာသီကျောင်းပိတ်တိုင်း ဘုန်းကြီးကျောင်းမှာ ပိဋကတ်စာတွေ သင်ခဲ့၊ တက်ခဲ့တဲ့လူ။ မဒမ်ဟန်ကြည်က ကျမ်းစာကျောင်းတက်ခဲ့တဲ့ ခရစ်ယာန်စစ်စစ်ကြီး။ အနှီတော့လည်း သူ့ဘက်ကိုယ့်ဘက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပေါ့လေ။ တစ်ယောက်ကိုချစ်လို့ တစ်ယောက်ရဲ့ဘာသာကို ပြောင်းလဲကိုးကွယ်ကြတာမျိုးကိုတော့ ဦးဟန်ကြည်တို့နှစ်ယောက်စလုံး စိတ်မ၀င်စားတာအမှန်။ ကိုယ်စွဲမြဲယုံကြည်တဲ့ ဘာသာရေးယုံကြည်ချက်ကို အချစ်အတွက်လို့ ခေါင်းစဉ်တပ်ပြီး ပြောင်းလဲပစ်တာမျိုးကိုလည်း နှစ်ယောက်စလုံးက အယုံအကြည်မရှိ။ စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကမှ ကိုယ့်ဘ၀ထဲရောက်လာတဲ့ လူတစ်ယောက်အတွက် ကိုယ့်မိဘဘိုးဘွား အစဉ်အဆက် ကိုးကွယ်အားထားခဲ့တဲ့ ဘာသာတရားဆိုင်ရာ ခံယူချက်ကို မြေလှန်ပစ်တယ်ဆိုတာ မရိုးသားမှု မဆန်ပေဘူးလား။ အနှီလောက်တောင် စွဲမြဲမှုမရှိတဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဦးဟန်ကြည်တို့ အထင်ကြီးလို့ကို မရတာကလား။

ဘယ်လိုမှ ညှိလို့မရနိုင်တဲ့ ညှိလို့လည်း မရကောင်းတဲ့ ဘာသာရေးကိစ္စမှာ ဦးဟန်ကြည်တို့နှစ်ယောက် အပြန်အလှန်နားလည်မှုပေးလိုက်ကြတော့ အဆင်ကိုချောလို့ဗျား။ မဒမ်ဟန်ကြည်ရဲ့ အကြိုက်ဆုံး စာအုပ်က ဆရာတော်ဦးဇောတိကရဲ့ စာအုပ်တွေဖြစ်နေပြီးတော့ ဦးဟန်ကြည်ပြောတဲ့ စကားတွေထဲမှာလည်း သမ္မာကျမ်းစာ ကိုးကားချက်တွေ ပါနေပြန်ရော။ မဒမ်ဟန်ကြည် ဘုရားကျောင်းသွားရင် ဦးဟန်ကြည်လိုက်ပို့၊ စိတ်ကူးပေါက်ရင် ၀င်ဆွေးနွေး၊ အိမ်မှာ အလှူခံလာရင် မဒမ်ဟန်ကြည်က အလှူငွေထည့်နဲ့ နားလည်မှုပေးလိုက်ကြတာ အခုဆိုရင် အိမ်ဝမှာ အလှူခံရပ်ရင် အလှူခံပုဂ္ဂိုလ်က ဦးဟန်ကြည်ကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် သဘောမထားဘဲ “ ဆရာမရေ…အလှူခံ…” လို့ တန်းအော်တော့တာကိုး။ သားသမီးတွေ ထွန်းကားလာရင်လည်း မိဘလွှမ်းမိုးမှုကြောင့် ဘာသာဝင်အလိုအလျောက်ဖြစ်တာကို သဘောမတွေ့တဲ့ လူနှစ်ယောက်ဖြစ်တာမို့ သူကြိုက်တဲ့ဘာသာတရားကို သူ့ဖာသာ ယုံကြည်ခွင့်ပေးကြဖို့ ဆုံးဖြတ်ထားပြီးသား။ ဟုတ်သလေ မိဘနဲ့ သားသမီးပဲဖြစ်ဖြစ်၊ လင်နဲ့မယားပဲဖြစ်ဖြစ် သံသရာတို့ လားရာဂတိတို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုး။

ဦးဟန်ကြည်တို့နှစ်ယောက် မတူပုံများတော့ စိတ်နေစိတ်ထားချင်းလည်း တခြားစီ။ မိဘတွေရဲ့ ပုံသွင်းပေးမှုနဲ့ ကြီးပြင်းခဲ့တဲ့ ဦးဟန်ကြည်က Independent type ဘယ်သူ့ကိုမှ မမှီတွယ်ချင် အားမကိုးချင်  ကိုယ့်အတွင်းစည်းထဲ သိပ်အ၀င်မခံချင်။ တစ်ယောက်နဲ့ တစ်ယောက်ဖေးဖေးမမနဲ့ ကြီးပြင်းခဲ့ရတဲ့  Dependent type မဒမ်ဟန်ကြည်က အစစအရာရာ ဦးဟန်ကြည်ကို အားထားချင်နေပြန်ရော။ ဘယ်လောက်အထိလဲဆိုရင် အ၀တ်အစားဝယ်ရင်တောင် ဦးဟန်ကြည်က လှတယ်ပြောမှ ၀ယ်တဲ့အထိ။ အပြင်ထွက်ဖို့ အ၀တ်လဲပြန်ရင်လည်း သူဝတ်ထားတာ လှရဲ့လား မေးရတာ အမော။ “ မိန်းမရယ် မင်းစိတ်ထဲမှာ လှတယ်ထင်ရင် ၀တ်သာဝတ်စမ်းပါ…အနှီလောက်တော့ လွတ်လပ်ခွင့်ရှိသင့်ပါတယ်” လို့ ပြောလိုက်မိတုန်းကများ စိတ်ကောက်လို့ကို မပြီးတော့တာရယ်။ အစစအရာရာ အရှိန်ပြင်းပြင်းနဲ့ ပြောင်းလဲနေတဲ့ သည်ဘက်ခေတ်ကြီးမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း တရားဟောဖန်များမှပဲ အနှီဒုက္ခကင်းတော့တာကလား။ သို့ပေမင့် မဒမ်ဟန်ကြည်ကို ဒုတိယ ဦးဟန်ကြည်ဖြစ်အောင် ပုံသွင်းတာ သဘာဝမကျသလို၊ ဦးဟန်ကြည်လည်း ဒုတိယ မဒမ်ဟန်ကြည်ဖြစ်သွားရင် ဘယ်နိပ်တော့မလဲ။ ကိုယ်စီရှိထားကြတဲ့ သီးခြားအလှတရားတွေ ပျက်စီးကုန်ပေမပေါ့။

ဒါတင်ဘယ်ကဦးမလဲ။ အစိုးရကျောင်းမှာ လူလားမြောက်ခဲ့တဲ့ ဦးဟန်ကြည်က အပြင်လောကမှာ ကြီးပြင်းခဲ့လေတော့ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စရိုက်ဆိုးတွေနဲ့ အသားတကျရှိနေခဲ့ပေမယ့် ဘာသာရေးကျောင်းမှာ လူလားမြောက်ပြီး ဘာသာရေးပတ်ဝန်းကျင်မှာ အသားကျခဲ့တဲ့ မဒမ်ဟန်ကြည်အတွက်တော့ အပြင်လောကရဲ့ သာမန်လူတွေဟာ စိတ်ညစ်စရာ ကောင်းနေပြန်ရော။ လူညစ်တစ်ယောက်၊ လူကောက်တစ်ယောက်နဲ့ ကြုံခဲ့ရင် ဦးဟန်ကြည်က အထိုက်အလျောက် သင့်တင့်အောင် နှလုံးသွင်းနိုင်ပေမယ့် မဒမ်ဟန်ကြည်ကျတော့ စိတ်မဖြေနိုင်အောင် ဖြစ်နေတတ်တာ သဘာဝ။ မဒမ်ဟန်ကြည် ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ဂရုမထားမိရင် အရေပါးလွန်းတယ်လို့ ဒေါမနဿပွားစရာ ဖြစ်နိုင်ပေမယ့် ဦးဟန်ကြည်ကတော့ အလိုက်သင့်အလျားသင့် အဆင်ပြေအောင် ညှိနှိုင်းပေးရပြန်ပါရဲ့။

မဒမ်နဲ့ ဦးဟန်ကြည်နဲ့က အနှီလိုကွာခြားချက်တွေများပေမယ့် သူများကို ကူညီချင်စိတ်ရှိတာကျတော့ တူသဗျား။ တစ်ဖက်သားကို အားနာတတ်တဲ့ အသုံးမကျတဲ့ အကျင့်ချင်းလည်း တူသဗျား။ ကိုယ့်ကြောင့် တစ်ဖက်သား အနှောင့်အယှက်ဖြစ်မှာကိုလည်း ကြောက်တတ်ကြသဗျား။ ကိုယ့်ကို အကူအညီလာတောင်းရင် နှစ်ယောက်လုံးက မရှိရှိတာ ရှာကြံပြီး အကူအညီပေးပုံချင်းကလည်း တူနေပြန်လွန်းလို့ အချင်းချင်း အပြန်အလှန်သတိပေးနေကြရသေးရဲ့။ ရှိစုမယ့်စုလေးတွေ သူများကို စိတ်တူကိုယ်တူ အကူအညီပေးလိုက်မိလို့ ရေသောက်နေရပေါင်းကလည်း မရေနိုင်ဘူးကိုး။ သူ့မိဘ၊ ဆွေမျိုးဘက်ကို ပံ့ပိုးဖို့ကိစ္စဆိုရင် ဦးဟန်ကြည်က တက်တက်ကြွကြွ ဦးဆောင်သလို၊ ဦးဟန်ကြည်ရဲ့ မိဘတွေကို ပံ့ပိုးဖို့ဆိုရင်လည်း မဒမ်ဟန်ကြည်က နိုးနိုးကြားကြား ရှိလွန်းပြန်ရော။

အနှီလောက် နားလည်မှုတွေ ပြည့်နေတော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံမှာ ကတောက်ကဆဖြစ်စရာ၊ စိတ်ဆိုး စိတ်ကောက်စရာတွေ မရှိတော့ဘူးရယ်လို့တော့ မထင်လေနဲ့။ တစ်ပါးစပ်တည်းမှာ အတူရှိနေတဲ့ လျှာနဲ့သွားပဲ မကိုက်မိကြဘဲ ဘယ်နေလိမ့်မတုန်း။ ကိုယ့်ဘက်ကမှန်တယ်ထင်တဲ့ ကိစ္စတွေဆိုတာလည်း သူ့ဘက်ကကြည့်ပြန်ရင် မှားချင်မှားနေတတ်တဲ့ ဒွန္တယာကြီးမှာ မထင်မှတ်တဲ့ အသေးအဖွဲလေးတွေကလည်း ပြဿနာဖြစ်တတ်သေးတာကိုး။ ဘာပဲဖြစ်ဖြစ် အမှိုက်ကစပြီး ပြသာဒ်မီးမလောင်ဖို့၊ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်ဖို့ကိုတော့ နှစ်ယောက်စလုံးက သတိထားရပါရဲ့။ အိမ်တွင်းရေးပြဿနာတွေကို အပြင်မထုတ်ဖို့ တစ်နည်းပြောရရင်တော့ အိမ်တွင်းမီးကို အိမ်ပြင်မသယ်ဖို့၊ အိမ်ပြင်က ပြဿနာတွေကို အိမ်သယ်မလာဖို့ နှစ်ယောက်လုံးက အလေးဂရုပြုကြလွန်းလို့သာ ဆယ်စုနှစ်တစ်ခုတိုင်လာခဲ့တာကလား။

ကိုယ့်နောက်ကို ပြန်လှည့်လိုက်တော့ ဆယ်နှစ်ဆိုတဲ့ ကာလက တကယ့်ကို တိုတိုလေးပဲကိုး။ သို့ပေမယ့် ရှေ့ကိုမျှော်ကြည့်လိုက်ရင် မဆုံးနိုင်တဲ့ ဘ၀ခရီးဆိုတာ မမြင်နိုင်အောင် ရှည်လွန်းနေပြန်ရော။ အနှီဘ၀ခရီးကြီး တလျှောက်လုံး လင်ကိုယ်မယား တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိရှိ၊ ဖေးဖေးမမနဲ့ အောင်အောက်မြင်မြင် ဖြတ်သန်းသွားနိုင်ဖို့ဆိုတာ ကြိုတွေးကြည့်လိုက်ရင် ရင်မောစရာကြီးပ။ ဘာပဲဖြစ်ဖြစ် အိမ်ထောင်သည်ဆိုတာမျိုးကလည်း သည်ကွေ့မှာ သည်တက်နဲ့လှော်၊ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်ပြီး မီးစင်ကြည့်ကကြရတာကို အသားကျနေပြီးသား မဟုတ်လား။ အိမ်ထောင်ရေးစကားပုံထဲမှာတော့ “ အိမ်ထောင်ရေးဟာ ရန်သူတွေ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့ တူတယ် ” လို့ ခပ်ပြောင်ပြောင် အနက်ပေးထားပါရဲ့။ ဘာကြောင့်လဲဆိုရင် အပြင်ကလူတွေက အထဲဝင်ချင်ပြီးတော့ အထဲကလူတွေက အပြင်ထွက်ချင်ကြလို့ ဆိုပဲ။ လူပြိုကြီး၊ အပြိုကြီးတွေဖြစ်တဲ့ သူကြီးမင်းတို့၊ မင်းဧရာတို့၊ ကိုဘကြိုင်တို့၊ ဒေါ်ချောတို့၊ ဂျယ်ရီပစ်ပစ်တို့၊ မိုးငွေ့တို့၊ စန်းထွန်းတို့ ကတော့ အထဲဝင်ချင်ကြပေမပေါ့။ ဘာပဲဖြစ်ဖြစ် ဦးဟန်ကြည်ကတော့ ဆယ်နှစ်တာအတွင်းမှာ အပြင်ထွက်ချင်စိတ်မပေါ်ခဲ့တာပဲ ဂုဏ်ယူရတာပါ့ဗျာ။

ကုန်လွန်ဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သက်တစ်လျှောက် ညှိခဲ့ရ နားလည်ပေးခဲ့ရ၊ လောလောဆယ်မှာ ညှိနေဆဲ နားလည်ပေးနေရဆဲ၊ နောင်လာမယ့် သက်တန်းတစ်လျှောက်လုံးမှာလည်း ညှိနေရဦး နားလည်ပေးနေရဦးမယ့် မတူညီမှုပေါင်းစုံကို ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့ ဦးဟန်ကြည်က အိမ်ထောင်သက် ရှည်ကြာလေးမြင့်အောင် စာနာနားလည်မှုတွေနဲ့ ထိန်းသိမ်းတည်ဆောက်နိုင်ခဲ့ကြတဲ့ မိတ်ဆွေစုံတွဲတွေကို အင်မတန်မှ လေးစားပြီး အထွတ်အမြတ်ထားမိပါရဲ့။ အပြင်လောကက အနှီလို မိတ်ဆွေတွေကိုတော့ စကားစပ်မိတိုင်း အိမ်ထောင်သက်အတွက် လေးစားကြောင်း ပြောဖြစ်စမြဲ။ ဘလော့ရွာပေါ်မှာတော့ ဂုဏ်ပြုပို့စ်ပေါ့လေ။ ဒါကြောင့်လည်း ဘလော့ရွာရဲ့ အရိုသေခံဖြစ်ပြီး လာမယ့်နိုဝင်ဘာ ၂ ရက်နေ့မှာ အိမ်ထောင်သက် ပုလဲရတုတိုင်မယ့် အန်တီတင့် တို့စုံတွဲကို အခုပို့စ်နဲ့ ဂုဏ်ပြုချင်ပါရဲ့။

ဘာကြောင့်လဲဆိုရင် ဦးဟန်ကြည်တို့ဇနီးမောင်နှံ ၁၀ နှစ်တာအတွင်းမှာ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ညှိယူရခြင်း၊ နားလည်မှုပေးရခြင်းဆိုတဲ့ အခက်အခဲတွေဟာ အန်တီတင့်တို့ ကြုံတွေ့ဖြတ်သန်းခဲ့သမျှရဲ့ သုံးပုံတစ်ပုံပဲ ရှိဦးမှာ သေချာသကိုး။ တစ်မိသားနဲ့ တစ်မိသား သဟဇာတဖြစ်အောင် အိမ်ထောင်သာယာစိုပြည်အောင် သည်လောက်နှစ်တွေကြာတဲ့အထိ မယိုင်မလဲ တည့်မတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဘလော့ဂါအန်တီတင့်တို့ ဇနီးမောင်နှံကို လှိုက်လှိုက်လှဲလှဲ အရိုအသေ အလေးအမြတ်ပြုရင်း နောင်လာမယ့်နှစ်ပေါင်းများစွာအထိ သာယာချစ်ကြည်လေးမြတ်စွာနဲ့ နွေးထွေးချမ်းမြသော မိသားစုဘ၀ကို ဆက်လက်တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။             

စာကြွင်း။                        
ပို့စ်ရေးဖို့ အွန်လိုင်းပေါ်တက်ကြည့်တော့ Tin anniversary အတွက် လက်ဆောင်ပေးရမယ့်ပန်းက Daffodil ဆိုပါလား။ Pearl anniversary အတွက်ကျတော့ Lily ပေးရမတဲ့။ အန်တီတင့်ရဲ့ အိမ်ဦးသခင်ကတော့ ဘယ်လိုနေမယ်မသိဘူး။ ပန်းဆိုရင် စပယ်ပန်းနဲ့ သပြေပန်းလောက်ပဲ သိတဲ့ ဦးဟန်ကြည်ကတော့ အနှီ anniversary ရောက်ရင် ကိုင်း မဒမ်ဟန်ကြည်ရေ မင့်ဖာသာ ကြိုက်တဲ့ပန်းပဲ ရှာဝယ်ချေတော့လို့ပဲ ပြောရင်ကောင်းမလား စဉ်းစားမိပါရဲ့။ ( ခေါင်းမှာ ဆိုင်ကယ်ဦးထုပ်ဆောင်း၊ ဗိုက်မှာ ခေါင်းအုံး ကပ်ပြီး ပြောရင် ပိုပြီးဘေးကင်းမယ် )

15 comments:

kokoseinygn said...

အေ၇းအသားကောင်းတာတွေကို
ဖတ်သွားတယ်ဆရာ....
တကယ်တော့အိမ်ထောင်ေ၇း ခိုင်မာတည်တံ
ဖို့ဆိုတာဆရာပြောတဲ့ အချက်တွေပေါ်မှာ
များစွာမူတည်နေပါကြောင်း

ဘုန်း ၂ တောက် said...

အင့် ကိုယ်တိုင်အတွေ့အကြုံမရှိပေမယ့် အိမ်ထောင်ရေးမှာ ဆရာပြောသလိုပဲ အသွင်မတူတာကို ညှိနိုင်ဖို့၊ မပြင်နိုင်တာကို ခွင့်လွတ်ဖို့၊ မာနတွေ လျှော့ချထားဖို့နဲ့ အပြန်အလှန်နားလည်မှုရှိဖို့က သိပ်အရေးကြီးတယ်လို့ မြင်ပါတယ်။
ခင်မင်တဲ့

ချော (အစိမ်းရောင်လွင်ပြင်) said...

အပြင်ထွက်ဖို့ အ၀တ်လဲပြန်ရင်လည်း သူဝတ်ထားတာ လှရဲ့လား မေးတယ်ဆိုတာ ဦးဟန်ကြည့်မျက်စိထဲမှာ လှနေစေချင်လို့ မေးတာပေါ့ .. သဘောမပေါက်လိုက်တာ
ဆရာကြည်တို့တော့ ဗိုက်ခေါက်ဆွဲလိမ်ခံရဖို့တော့ နီးပါပြီ။ :P
ဆယ်စုနှစ်တောင် ရှိလာပြီ ဆိုမှဖြင့် သံယောဇဉ်တွေ တိုးလို့ တိုးလို့ ချည်နှောင်မိပြီပေါ့နော
ပုလဲရတုမှသည် ရွှေရတု စိန်ရတု ရတုများစွာကို ချစ်ခင်ခြင်း ကြင်နာခြင်း နားလည်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ စာနာနွေးထွေးခြင်းတို့ဖြင့် တွဲလက်ခိုင်ခိုင် ကျော်ဖြတ်နိုင်ပါစေ လို့ ဆရာကြည်နဲ့ မဒမ်ကြည်တို့အတွက် ဆုတောင်းပေးလိုက်ပါကြောင်းရှင်..

အိမ်မက်စေရာ said...

ဆရာဦးဟန်ကြည်တို့ရဲ့ အိမ်ထောင်ရေးကို လေးစားဂုဏ်ပြုရင်း အန်တီတင့်တို့ စုံတွဲရဲ့ အိမ်ထောင်ရေး ပုလဲ ရတုမှ သည် နောင်ရတုအဆက်ဆက် တည်တံ့ သာယာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..
အိမ်မက်

စံပယ်ချို said...

အိမ်ထောင်ရက်သားလေးကျချင်တဲ့သူငယ်ချင်းကိုလဲ
ချီးကျုးမိပါတယ်
အိမ်ထောင်ရေးဟာ ရန်သူတွေ အ၀ိုင်းခံထားရတဲ့ ရဲတိုက်
ကြီးနဲ့တူတယ် ဆိုတဲ့စကားလေးကိုလဲသဘောကျမိတယ်ဆရာရေ
တီတင့်နဲ့အတူမိသားစုအားလုံး
ပုလဲ ရတုမှ သည် နောင်ရတုအဆက်ဆက် တည်တံ့ သာယာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်
ဆရာ့မိသားစုလဲ ပျော်ရွှင်စရာကောင်းတဲ့သီတင်းကျွတ်လေးဖြစ်ပါစေလို့ ဆုတောင်းနုတ်ဆက်ပါတယ်
ခင်မင်တဲ့ jasmine

နွေလ said...

ဆရာရေ ... ဆရာတို့ အိမ်ထောင်ရေးက မိုက်လိုက်တာ
စိန်ခေါ်မှုတွေ အပြည့်ပါပဲလားဗျာ
မတူတာတွေပြည့်တာကို ညှိယူရတာ
ကစားပွဲ ကစားရသလိုပဲ နေမှာပေါ့
ပျော်စရာကောင်းခဲ့မှာပဲ
ခံယူချက်တွေလည်း မိုက်တယ်
Independent Type ဆိုတဲ့ ၀ါဒကိုလေ

Cameron said...

ဟင်...ဆရာကလဲ တီတင့်အတွက်ရေးရင်းနဲ့ ဘယ်နှာ့ သာမီးတို့ကပါရပြန်သတုန်း...

Unknown said...

ဆရာဦးဟန်ကြည်ရှင်
အိမ်ထောင်တစ်ခုမှာအပြန်အလှန်နားလည်မှု.
တွေထားပြီးမတူတာလေးတွေညှိယူကြရင်
ဆရာတို.လိုပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်တစ်ခု
ရရှိကြရမှာပါ။အန်တီလေးတို့အိမ်ထောင်ရေးလည်းဒီလိုပဲ
နားလည်မှုလေးတွေနဲ့ပျော်ရွှင်စွာတည်ဆောက်နေကြ
ရတာပါ။အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

သူကြီးမင်း (တုံးဖလား) said...

တစ်ယောက်ထဲ နေရတာတောင် ကိုယ့်ဟာကိုယ် စိတ်အလိုမကျ ဖြစ်နေတတ်တဲ့ သူကြီးမင်း။ ဆရာဟန်တို့လို ဆယ်စုနှစ်တစ်ခု၊ တီတင့်တို့လို ဆယ်စုနှစ် သုံးခု၊ အဲဒိလို အိမ်ထောင်ဘက်နဲ့ အတူတူ ပျော်မြူးရွှင်ပြုံးပြီး အချိန်တွေကို ကုန်လွန်စေတာကို (အားမကျမိသည့်တိုင်း)) စိတ်ထဲကတော့ တကယ်ချီးကျူးမိပါတယ်။ တကယ့်အာဂစုံတွဲတွေပါလားလို့ ဆိုပြီးတော့ပေါ့။
ဆရာရေ.. ရပ်ကွက်ထဲမှာ လင်မယားအချင်းချင်း ဆော်ပလော်တီးကြတာတွေကို မြင်ရ ကြားရဖန်များတော့ ဒီလိုဘ၀လေးနဲ့ဘဲ အဆင်ပြေမယ်ထင်ပါရဲ့။း))

ဆရာဟန်လဲ ရာစုနှစ်တိုင်အောင် ချစ်မငြီးလေးနဲ့ ကြင်နာယုယစွာ ဖြတ်သန်းနိုင်ပါစေ။ တီတင့်လဲ ပုလဲရတုမှသည် နှစ်ပေါင်းရာစုတိုင်အောင် ခင်ပွန်းသည်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အလင်းသစ် said...

ဆရာရေးလိုက်ပြီဆိုရင် ဖတ်ရတာ တယ်ဈာန်ဝင်သဗျာ... တီတင့်တို့တင်မက ဆရာတို့စုံတွဲပါ ရတုဆက်ဆက် ပျော်ရွှင် စုံမက်နိုင်ကြပါစေ.... :)

ဆူးသစ် said...

ဂုဏ်ပြုပို့စ်ကိုဖတ်ချင်စရာကောင်းအောင်ရေးတာတော့ကိုဟန်ကြည်ပဲရှိမယ်ထင်ပါရဲ့။အိမ်ထောင်ရေးရဲ့နားလည်မှုဆိုတာလေးတွေကိုပြောသွားတာကျွန်တော်လည်းလေ့လာမိပါရဲ့။အိမ်ထောင်သည်တွေကတော့ဒီလိုချည်းပါပဲဗျာ။နားလည်မှုကိုပဲအခြေခံပြီးသွားကြရတာမဟုတ်လား။ကီးပက်ရပြီလားဗျို့။

San San Htun said...

ဆြာဟန်.တစ်ယောက်တည်းတောင် ညှိုလို့ မရနိုင်တာ..နှစ်ယောက်ညှိုဖို့ ကတော့...ဆြာဟန်တို့  ဇနီးမောင်နှံရော၊ တီတင့်တို့  ဇနီးမောင်နှံရော ကျန်းမာပျော်ရွှင်စွာနဲ့  ရတုအဆက်ဆက် ချီတက်နိုင်ပါစေ..း)

mstint said...

စာရေးကောင်းတဲ့ ဦးဟန်ကြည်ရဲ့ ပို့စ်လေးဖတ်ပြီး တစ်ဘဝစာအတွက် ဖြတ်သန်းကြရတဲ့ ဇနီးမောင်နှံ စုံတွဲများစွာထဲက ဦးဟန်ကြည်နဲ့ မဒမ်ဟန်ကြည်တို့ စုံတွဲလေးအကြောင်း ကြည်နူးစွာဖတ်သွားတယ်။ ၁၀နှစ်ဆိုတဲ့ အချိန်ကာလကို ကျော်ဖြတ်လာပြီးတဲ့ ဦးဟန်ကြည်တို့ဇနီးမောင်နှံအတွက် နောက်ထပ် အနှစ်နှစ်ဆယ်ဆိုတာလည်း အခက်အခဲမရှိ အေးချမ်းစွာ ဖြတ်ကျော်သွားနိုင်မယ်ဆိုတာ တီတင့် အကြွင်းမဲ့ ယုံကြည်ပါတယ်။ တည်တံ့ခိုင်မြဲပြီး ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်တစ်ခုအတွက် အဓိကကျတဲ့ အိမ်ထောင်ဦးစီးနဲ့ တွဲဖက်ညီတဲ့ ပါရမီဖြည့်ဖက်တို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု နားလည်မှုနဲ့ ချစ်ခင်ကြင်နာမှုတို့သာ အဓိကလို့ထင်မိတယ်။ အခုလို တီတင့်နဲ့ အိမ်ဦးသခင်တို့ရဲ့ အနှစ်(၃၀) နှစ်ပတ်လည်နေ့အတွက် အမှတ်တရ ပို့စ်လေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ခက်တယ် ဆရာရယ် ဘယ်နှယ်ကြောင့် သည်သစ်ပုတ်ပင်ကို ဆွဲထည့်နေရသတုန်း ကျွန်တော်ကတော့ ပြုံးပြုံးပေါ့ သိုပေသိ သူကြီးမင်းတို့ ကိုဘကြိုင်တို့ကတော့ နံရံနဲ့ခေါင်းနဲ့ ပြေးဆောင့်နေမလားဘဲး)။

ှဆရာ့ရဲ့ ပိုစ့်ကိုဖတ်လိုက်ရတော့ ကျွန်တော်နားလည်းခံယူထားတာတွေနဲ့ အတော်တိုက်ဆိုင်နေတာကို တွေ့နေရပြန်ရောဗျာ ဘယ်လောက်ဘဲ ရှိရှိ ဘယ်လောက်ဘဲ သိသိ နားလည်မှု့မရှိဘဲနဲ့တော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မလွယ်ပါဘူး ဆရာ နဲ့ ဆရာကတော်တို့ရဲ့ တစ်ယောက်ကို တစ်ယောက် နားလည်မှု့တွေကိုတော့ တကယ့်ကို လေးစားမိတယ် ဗျာ......။

ပုလဲရတုရှင် တီတင့်တို့ရယ် ဆယ်စုနှစ်ရှင် ဆရာတို့ ရယ် သည့်ထက်မက နားလည်းမှု့ရှိစွာ ဖြတ်သန်းနိုင်ကြပါစေဗျာ

အဖြူရောင်နတ်သမီး said...

သူများ ရတုတွေကို အားကျလိုက်တာ..
ကတောက်....
ဟင်း...
ဘဝ...ဘဝ.....

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger