Monday 4 March 2013

ချဉ်ပေါင်ခြံကို ကြိုဆိုခြင်း . . .

အချစ်နဲ့ ဟင်းချိုဟာ ပူနေတုန်းပဲ အရသာရှိသတဲ့ . . .

အဘယ်သို့သော ပညာရှိသူတော်ကောင်းက မြွက်ကြားထားခဲ့တဲ့ အဆိုအမိန့်မှန်းတော့ မသိပေါင်ဗျာ။ သို့ပေမင့် စာတစ်တန်ပေတစ်ဖွဲ့နဲ့ မှတ်တမ်းတင်ကျန်ရစ်နေတယ်ဆိုကတည်းက ဦးဟန်ကြည် သာမညောင်ညထက်တော့ ပိုပြီးစွမ်းမှန်း သေချာပြီးသားမို့ ဆရာတင်ပြီး မှတ်ထားလိုက်တာ ခေါင်းထဲမှာလည်း အဆိုအမိန့်ပေါင်း သောင်းခြောက်ထောင်နဲ့ ဗလပွတ်လည်ပြီး ဗလချာကို ရမ်းနေပါရောလား။ ဘာပဲဖြစ်ဖြစ် မရှိတာထက် ရှိတာပိုကောင်းတာမို့ အခုလို အလျဉ်းသင့်တဲ့အချိန်မျိုးကျတော့ အလိုက်သင့် ထုတ်သုံးလိုက်ရုံပ။ အနှီအဆိုအမိန့် မှန်မမှန်ကိုတော့ သည်နေ့ပဲ ပူပူနွေးနွေး အိမ်ထောင်ပြုလိုက်တဲ့ ချဉ်ပေါင်သူဌေး ကိုဘကြိုင်ကို မေးကြည့်ရင် ပိုပြီးအဆင်ပြေမယ်ထင်ရဲ့။ မေးရင်လည်း လူမသိသူမသိ တိုးတိုးတိတ်တိတ် ကြိတ်မေးမှ။ သည်လူကြီးက ကြီးကောင်ကြီးမှ ၀က်သက်ပေါက်ထားတာဆိုပြန်တော့ အနှာမျိုးဆို ဇွတ်ရောအတင်းပါ မဏ္ဍပ်တိုင်တက်ပြနေမှာ သေချာသကိုး။ ရိုးရိုးတန်းတန်းမဖြေဘဲ ကြော်ငြာမင်းသားစတိုင်ဖမ်းပြီး “ ပူပူလေးနဲ့ ကောင်းသဗျ . . . ပူပူလေးနဲ့ ကောင်းသဗျ ” လို့ချည်း စွတ်အော်နေမှ ခက်ခက်ရချေသေး။ ( ယိုသူမရှက် မြင်သူရှက်ဗျနော ကိုချဉ်ပေါင်ခြံကြီး ဟဲ ဟဲ . . .း)

ဦးဟန်ကြည်တို့ ကိုဘကြိုင်ကြီးက ဘလော့ပေါ်မှာတော့ လူချစ်လူခင် အတော်များတာကလား။
 မများနေရိုးလား။ လူပြိုကြီး…လူပြိုကြီးနဲ့ လိုင်စင်ရပုဂ္ဂိုလ်ကြီးကိုး။ သည်ကြားထဲမှာ ခရီးကလည်း ဘာသွားသလဲမမေးနဲ့။ အခုသည်နားမှာ ရှိပေမယ့် ခဏကြာရင် ဟိုနားရောက်ချင် ရောက်နေတတ်တဲ့ ပုဂ္ဂိုလ်ကြီး။ ခပ်ငယ်ငယ်က ကျောင်းစာမှာ သင်ခဲ့ရတဲ့ ဆိုရိုးအတိုင်း “ တစ်ရွာတစ်ကျီဆောက် ” ရရင်တော့ တစ်ပြည်လုံး ချဉ်ပေါင်ခင်းတွေတောင် ဖုံးရချေရဲ့။ မှတ်မှတ်ရရ ချဉ်ပေါင်ခြံကြီး ရွှေမန်းမြို့ရောက်တုန်းရောက်ခိုက် သံယောဇဉ်လွန်းတင်တဲ့ကြိုးတွေဘာတွေ ဖွဲ့မယ်ကြံဟန်တူပါရဲ့။ ပို့စ်တစ်ပုဒ်တောင် မစားရညှော်ခံတင်လိုက်ချေသေးတာကလား။ ဦးဟန်ကြည်တို့ကလည်း အိုဂိုဏ်းဝင်တစ်ယောက် အူလည်လည်နဲ့ တိုးကာမှတိုးရောဆိုတဲ့သဘောနဲ့ အဆင်းမှာ ဘီးဝိုင်းတပ်ပြီး ချောဆီဝိုင်းထိုးပေးလိုက်တာတောင် အနှီပုဂ္ဂိုလ်ကြီးက တုတ်တုတ်မှ ရွေ့တော်မမူတော့ စိတ်ပေါက်ပေါက်နဲ့ နေဟဲ့ဆိုပြီး အချွန်နဲ့မမဘဲ ပစ်ထားလိုက်တာ ကြာပါပေါ့လား။


ချဉ်ပေါင်ခြံကြီးနဲ့ မဒမ်ချဉ်ပေါင်ခြံ အသစ်စက်စက် . . .



အောင်မယ်…လူမစွမ်း နတ်မဆိုတာ တယ်မှန်တာကလား။ ချဉ်ပေါင်ခြံကြီး စွံမယ့်စွံတော့လည်း ဗြုန်းစားဗြင်းစားကြီးဗျား။ ချဉ်ပေါင်ခြံကြီးကို မ-လိုက်တဲ့ နတ်ကတော့ အတော့်ကို စွမ်းဟန်တူရဲ့။ သတင်းသဲ့သဲ့ကြားရတာတော့ ဘိလပ်က သူကြီးမင်း ကိုကိုမောင်နဲ့ မလေးက မင်းဧရာတို့ အနှီနတ်ကြီးဆီသွားပြီး အပူကပ်ဖို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ တိုင်ပင်နေကြတယ်ဆိုကိုး။ ဘုန်းဘုန်းတောက် မလေးရောက်နေတုန်းမှာ မင်းဧရာတစ်ယောက် ဘုန်းဘုန်းတောက်ကိုပဲ သွားဖူးသယောင်ယောင်နဲ့ နတ်ကြီးသတင်းကို အချိန်ရတိုင်း ဇွတ်အတင်းစုံစမ်းလွန်းလို့ ဘုန်းဘုန်းတောက်ခမျာ ဗီဇာမကုန်ခင် ကုလားပြည် ပြန်ကြွပြေးပါရောလား။ အနှီမှာပဲ သူကြီးမင်းကိုကိုမောင်လည်း အံမယ် ငှက်ပျောတုံးချင်းအတူတူ သင်းက တစ်ခိုင်ပိုထွက်ချင်ရမလားဆိုတဲ့ ဒေါသတွေ အတုံးလိုက်အတစ်လိုက်ထွက်ပြီး ဘုန်းဘုန်းတောက်ဆီကို သူ့အစ်ကိုတော်ကို အရောက်ကြွခိုင်းပြီး သတင်းနှိုက်ခိုင်းပါလေရော။ လူ့လောကီကို ငြီးငွေ့တော်မူလို့ ဘုရားရိပ်၊ တရားရိပ်မှာ အေးအေးလူလူ သီတင်းသုံးနေတဲ့ အစ်ကိုတော်ဦးပဉ္ဇင်းခမျာ ညီတော်မောင် လူပြိုကြီး နားပူနားဆာတိုက်တာကို ကြားပြင်းကတ်ရှာလို့ ရွှေပြည်ပြန်ကြွမယ် တကဲကဲ လုပ်ပါလေရောတဲ့ အရပ်ကတို့ရေ။ သူရို့က လိုရင်းကို ဒါရိုက်မသွားရဲဘဲ သိုင်းဝိုင်းချဲ့ထွင်ပြီး အပီကြံချင်တဲ့ ထုံးစံကို ဗုန်းမှန်လို့ မပျက်ရအောင် ဖြေးဖြေးလေးလေးကြံစည်နေတုန်းမှာ ရှင်ကြားပူကျွန်းက ကငြိမ်းနိုင်ကတော့ ရွှေပြည်ကြီးမှာ ကျန်ခဲ့တဲ့ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတွေကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ချဉ်ပေါင်ခြံကြီးရဲ့ ကျေးဇူးရှင်နတ်ကြီးဆီမှာ အပူကပ်ခိုင်းလိုက်တာ ဘာပြောကောင်းမလဲ စွံချက်ကတော့ ၀က်ဝက်ကိုကွဲရောဆိုပဲ။ သူ့ခမျာ စွံမယ့်စွံပြန်တော့လည်း သူများလို ချောင်းကြည့်ပြုံးပြန်၊ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် လုပ်စရာမလိုဘဲ အလိမ်မာအိမ်ပါကလေးတစ်ယောက်ကို သူ့အလုပ်ထဲတင်မကဘဲ၊ သူ့အခန်းထဲအထိ အရောက်ပို့ပေးလိုက်တာ ခမျာမှာ ချီးကလူရ သေးကလူရနဲ့ ကံကောင်းလွန်းလို့ ဗိုက်တစ်လုံးနဲ့ ဖိုးကျန်ရစ်မဖြစ်ရှာတာကလား။ မဲ့ဆောက်က ဘလော့ဂါ မောင်မျိုးတစ်ယောက်ကတော့ မဲ့ဆောက်မှာ ဂေါ်ရေးမလွယ်လို့ ဘန်ကောက်ပြောင်းပြီး ဂေါ်ရေးထွင်မယ်ဆိုပဲ။ ဗယ်လင်တိုင်းပြီးကတည်းက လူပြိုကြီးတစ်သိုက် ယောက်ယက်ခတ် လှုပ်ရှားလိုက်ကြတာ ခြေသွက်လက်သွက် ချဉ်ပေါင်ခြံကြီးပဲ စွံခြင်းကြီးဆိုက်သွားတော့ ခမျာများမှာ နေမထိ ထိုင်မသာ ဖြစ်ကြရှာပေမပေါ့လေး)။

သည်တစ်ပတ်အတွင်းမှာတင် ဘလော့ဂါ ချဉ်ပေါင်ခြံကြီးနဲ့ ဘလော့ဂါညီရဲသစ်တို့ တစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို အိုဂိုဏ်းဝင်ဖြစ်သွားပြန်တော့ အသက်အစိတ်မှာ ပုခက်မချိတ်ရသေးတာကို တစ်သက်မနိပ်ဘူးရယ်လို့ အကျယ့်အကျယ် မငြိမ်းဖွယ်သောကတွေနဲ့ ဘလော့ဂါအပြိုကြီးတစ်အုပ်ဖြစ်တဲ့ ဒေါ်ချော ( အစိမ်းရောင်လွင်ပြင် )တို့ မိုးငွေတို့ အိုဘားမားတို့တိုင်းပြည်က စန်းထွန်းတို့တစ်သိုက်ခမျာ နေမထိ ထိုင်မသာ ဖြစ်ပြန်ပါလေရော။ အနှီသုံးယောက်ထဲမှာ အပြိုကြီးမိုးငွေ့တစ်ယောက်ကတော့ အိမ်ဂျယ်ခေါင်းစဉ်တပ် ပို့စ်ပေါင်းများစွာနဲ့ ရသေ့စိတ်ဖြေလုပ်နေရာက အနှီလိုပို့စ်တွေရေးနေလို့ပဲ ကျိန်းကျေဟန်တူရဲ့ဆိုတဲ့ စိတ်ကူးနဲ့ အိန်တောင်ဆက်မဂျယ်တော့ဖို့ အကြံဖြစ်သွားတယ်ဆိုလား။ စန်းထွန်းတစ်ယောက်ကတော့ လွန်ခဲ့တဲ့လထဲမှာပဲ ချစ်သူရဲ့မြို့တွေဘာတွေနဲ့ ကဗျာဆန်ဆန်ပို့စ်တွေရေးပြီး ကျွတ်တန်းဝင်ဖို့ စိတ်ကူးဟန်တူရဲ့။ သို့ပေမင့် ဂျိုးဂျိုးဂျိမ်းဂျိမ်း ခြိမ်းချင်တိုင်း ခြိမ်းပေမင့် တစ်ပေါက်နှစ်ပေါက် စိတ်ကူးပေါက်မှ ရွာတတ်တဲ့ မိုးသဘာဝကို နောကျေပြီးသား ဦးဟန်ကြည်ကတော့ အနှီပို့စ်ကိုဖတ်ပြီး ချဉ်ပေါင်ခြံကြီးတုန်းကလို ဘီးတပ်ပေးဖို့တောင် ယောင်လို့ စိတ်မကူးခဲ့ပေါင်ဗျာ။ သည်အပြိုကြီးနှစ်ယောက်ကမှ စိတ်ကူးဖဲရိုက်စရာ ရှိသေးရဲ့။ တစ်ပို့စ်မှာမှ အိုနံ့မရတဲ့ အစိမ်းရောင်လွင်ပြင်ကြီးကျမှ ခက်ပါလေရော။ ဦးဟန်ကြည်တို့ရဲ့ အိုဂိုဏ်းတော်မြတ်ကြီးထဲကို ၀င်ခွင့်ရဖို့ဆိုတာ တော်ရုံသတ္တိနဲ့ ဘယ်ရလိမ့်တုန်းး)။ ဖဘပေါ်က မခိုင်လုံ အတင်းရပ်ကွက်ကရလာတဲ့ အတည်မပြုရသေးတဲ့ အတင်းတစ်ပုဒ်မှာတော့ အနှီအပြိုကြီးတွေကလည်း ချဉ်ပေါင်ခြံကြီးရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာဆုတောင်းရေးသယောင်ယောင်နဲ့ ချဉ်ပေါင်ခြံကြီးကို မ-လွှတ်လိုက်တဲ့ နတ်ကြီးအကြောင်း စုံစမ်းကြရှာတယ် ဆိုပဲ။

ဘိလပ်မှာ ဦးရီးတော်ဆီက ပြိုတရားချည်းလှိမ့်နာနေရတဲ့ မေဓာဝီကတော့ တရားပေါက် တစ်ယောက်ပါးပြီး ချဉ်ပေါင်ခြံကြီး စွံတဲ့သတင်းလည်းရရော တစ်ယောက်မှ ဈေးဦးမပေါက်သေးတဲ့ ပြိုဂိုဏ်းဝင်ဖြစ်ရတာ စိတ်နာလွန်းရှာလို့ ယောဂီဝတ်မယ်ချည်း တကဲကဲလုပ်နေပါရောလား။ ရှိစုမယ့်စု တူမလေးတစ်ယောက်ကို အားကိုးရအောင် ပြိုတရားစွတ်ဟောမိတဲ့ ဦးရီးတော်ခမျာ တူမဖြစ်သူကို အိုတရားပြောင်းဟောဖို့ စိုင်းပြင်းနေတယ်ဆိုလား။ ဆိုက်ပရပ်စ်က အဖြူရောင်နတ်သမီးကတော့ သည်လကုန်ရင် ရွှေပြည်ကြီးပြန်ရမယ်ဆိုတော့ ချဉ်ပေါင်ခြံကြီးဆီမှာ ဆေးနည်းသွားတောင်းဖို့ အဆင်သင့်လိုက်လေဆိုတဲ့ စိတ်ကူးနဲ့ ဖရဏာပီတိ ဂွမ်းဆီထိပြီး အချစ်တော် ဘေဘီကြောင်ကို လွှင့်ပစ်မယ် တကဲကဲလုပ်နေလို့ ဘေဘီမခမျာ အတင်းဖက်ထားရရှာတယ်ဆိုလား အရပ်ကတို့ရေ။

ချဉ်ပေါင်ခြံကြီးကမှ ပူတုန်းလေး ရှလူးစရာ လက်ငင်းရှိသွားပေမင့် မူးလို့တောင် ရှူစရာမရှိရှာတဲ့ ဘလော့ဂါ၊ ဘလော့ဂီ အပြိုကြီး၊ လူပြိုကြီးတွေကို သနားကရုဏာသက်ပြီး စွံဆေးကြီးဖော်ပေးချင်ပေမယ့်လည်း ခမျာများမှာ တစ်သက်လုံး ထိန်းလာတဲ့ ဣနြေ္ဒသိက္ခာကြီးတွေ တစ်ပိဿာခွဲလောက်နဲ့ အိုက်တင်ခံလွန်းနေပြန်တော့လည်း အခက်သားကလား။ အနှီအုပ်စုထဲမှာ ဟိုဆေးလုံး သည်ဆေးလုံးတွေ အဖော်အစပ်ကျွမ်းတဲ့ သူကြီးမင်းကတော့ သူစုထားတဲ့ ဆေးကျမ်းတွေထဲမှာ အိုဆေးမပါလို့ အတော်ဒေါဖောင်းနေတယ်ဆိုပဲ။ ခက်တာက ဆေးဘယ်လောက်စွမ်းစွမ်း လူကလည်း ရဲရဲဝံ့ဝံ့ ရှိဦးမှ။ ဘာကြောင့်လဲဆိုတော့ ကုန်းဘောင်ခေတ်လောက်မှာ ရည်းစားကို “ ရဲဇား ” လို့ ခေါ်ကြသကိုး။ ရဲတဲ့လူမှပဲ အဆင်ပြေမယ်လို့ ဆိုလိုတာကြောင့် ဘလော့ဂါ လူပြိုကြီးများကတော့ ရွှေပြည်ကြီးကို အားချင်းပြန်လာပြီး ရဲထဲဝင်ကြမယ်ဆိုလား။ ဘလော့ဂီ အပြိုကြီးတစ်သိုက်ကတော့ စတိုင်ထွား၊ စတားဖြစ်ပြီး မလိုင်ပွား၊ သကြားဖြစ်စေဖို့ ဂျာရစ်ဒိုးကန်ဆီမှာ မော်ဒယ်လျှောက်နည်း သင်တန်းတက်ဖို့ စာရင်းပေးကြတယ်ဆိုလား အရပ်ကတို့ရေ။ သို့ပေမင့် စိန်ဂျာရစ်က အခုတလော ရွှေပြည်ကြီးရဲ့ ပထမဆုံးသော မော်ဒယ်လျှောက်ပွဲကြီးကို ကြည့်မိပြီး မော်ဒယ်လောကကို စိတ်ကုန်နေတာကြောင့် သင်တန်းပေးဖို့ ကိစ္စကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့ ကြားရတာပါပဲ။

ပြိုဂိုဏ်းဝင်တစ်အုပ် အနှီလို အုံးအုံးကျွက်ကျွက်နဲ့ ခြေပုန်းရော၊ လေပုန်းပါခုတ်နေကြတုန်းမှာ ချဉ်ပေါင်ခြံကြီးက သွားပါများ ခရီးရောက်ဆိုတဲ့ ပို့စ်ကြီးတစ်ပုဒ်ကို ပြိုဂိုဏ်းဝင်တွေကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ တင်လိုက်ပြန်တော့ ရောဂါက ပိုသည်းပြန်ပါလေရော။ ချဉ်ပေါင်ခြံကြီး လုပ်ပုံကလည်းကြည့် “ သွားပါများ ခရီးရောက် ” ဆိုတဲ့ သူ့ခေါင်းစဉ်ကြီးကို အနက်ဖွင့်ရင် သူသွားလိုက်တာ ယောက္ခမအိမ်တန်းရောက်တယ်ဆိုတဲ့ အထာကြီးနဲ့ကိုး။ အနှီမှာတင် ပြိုဂိုဏ်းဝင်တစ်အုပ် ပေါက်ကွဲပြီး “ ဘာသွားပါများ ခရီးရောက်လဲ … ချဉ်ပေါင်ခြံကြီးပဲ ခရီးရောက်ပြီိး တို့များကျတော့ သွားပါများ ခြေထောက်ညောင်း ဖြစ်ကျန်ရစ်တာ ဘာသဘောလဲ … ညာသဘောလဲ ” နဲ့ ၀ိုင်းပြီးကောလိုက်ကြတာ မဒမ်ချဉ်ပေါင်ခြံ အသစ်စက်စက်ကလေးက တောင်းပန်ယူရတယ် ဆိုသကိုး။ မဒမ်ချဉ်ပေါင်ခြံက တောင်းပန်ပေးလို့ ကြေအေးမယ်မကြံသေးဘူး ချဉ်ပေါင်ခြံကြီးက “ တွေ့လား တို့များက အနှီလို ပိုင်တာ ” ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ခပ်ဖိန့်ဖိန့်ကြီး လုပ်နေလိုက်တာမှာ အိုဂိုဏ်းဝင်လက်သစ်ဖြစ်ကာရှိသေး ပြိုဂိုဏ်းကို ခြေစုံကန်ရသလားဆိုတဲ့ ပုဒ်မတပ်ပြီး ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်လို့ ၀ိုင်းလာလိုက်ကြတာ မင်္ဂလာဆောင် အားပေးရအောင် အသင့်ရောက်နေတဲ့ အန်တီတင့်က တရားချမှပဲ ပြိုဂိုဏ်းဝင်တစ်အုပ် ခပ်ကုပ်ကုပ် တပ်ဆုပ်ခဲ့ရပါလေရောတဲ့။

အနှီလို တပ်ဆုပ်လာတဲ့ ပြိုဂိုဏ်းဝင်တစ်သိုက်ထဲမှာ ဘိလပ်က သူကြီးမင်း ကိုကိုမောင်က ချဉ်ပေါင်ခြံကြီး သူရို့ပြိုဂိုဏ်းကို အခုလို ခြေစုံကန်တာ အိုဂိုဏ်းသား ဦးဟန်ကြည် ချွန်တွန်းလုပ်တာပဲ ဖြစ်ရမယ်လို့ အစထောင်လိုက်တော့ နဂိုကတည်းကမှ ငှက်ပျောတုန်းကို မျက်စောင်းထိုးနေရတဲ့ သူရို့ဘ၀ကို စိတ်အနာကြီးနာပြီး မည်းမည်းမြင်ရာကို တရားခံလုပ်ချင်နေတဲ့ ဂိုဏ်းသားတစ်အုပ် ဦးဟန်ကြည် မည်းမည်းကြုတ်ကြုတ်ကို အလဲအကွဲအုပ်ဖို့ ချီတက်လာကြပါလေရောလား။ ( အမှန်ကတော့ သူကြီးမင်းက လူလည်ကျလွှတ်လိုက်တာကလား…တောသားချင်းအတူတူ ရိုင်းရိုင်းပင်းပင်းမရှိဘဲ သူ့ကိုတော့ ဘေးဖယ်ပြီး ချဉ်ပေါင်ခြံကြီးကိုပဲ အိုဂိုဏ်းထဲဆွဲသွင်းရပါ့မလားလို့ မကျေမချမ်းဖြစ်နေတာနဲ့ ရောပြီးနှိပ်ထည့်တာရယ်း)


ဟော…ပြောရင်းဆိုရင်း ပြိုဂိုဏ်းဝင်တစ်အုပ် ဦးဟန်ကြည်တောခိုနေတဲ့ ဖုန်ပဒေသာမြို့ကို အရောက်လာဖို့ ဗီဇာလျှောက်နေကြပြီမို့ အန်တီတင့်ရေ…တစ်ပြည်တစ်ရွာရောက်နေပေမယ့် ညီလာရင်ကြောက်စရာကောင်းတဲ့ အနှီပြိုဂိုဏ်းသားတွေကို အပီသာဟောက်လွှတ်ပေးတော်မူပါဦးဗျားး)။     ။


ရည်ညွှန်းလွှာ . . .

၂ . .၃. ၂၀၁၃ ( စနေနေ့ ) မှာ မဒမ်ချဉ်ပေါင်ခြံအသစ်စက်စက် မသန်းထွဋ်စိုးကို လက်ချင်းတွဲပြီး ဦးဟန်ကြည်တို့ရဲ့ အိုဂိုဏ်းတော်ကြီးထဲကို ဆိုင်းမဆင့်ဗုံမပါ ဇွတ်အတင်းဝင်လာပါတဲ့ ကိုဘကြိုင် ( ချဉ်ပေါင်ခြံ ) ရဲ့ မင်္ဂလာဆောင်အတွက် ဘလော့ဂါ၊ ဘလော့ဂီ ပြိုဂိုဏ်းဝင်များကို ပိန္နဲပင်ခလုတ်တိုက်ထားတဲ့ တောင်မလွတ်မြောက်မလွတ်ပို့စ်နဲ့ လက်ဖွဲ့လိုက်ပါသဗျား…ကလောင်သွားမှာ အချောင်ကားသွားတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ကလည်း ဆန်စဉ်ရာ ကျည်ပွေ့လိုက်သွားတဲ့ ဦးဟန်ကြည်ကို ခွင့်လွှတ်တော်မူကြပါဦး…
 သည်လင်သည်မယား
 စိတ်ထားညီတူ၊ ဖေးကူလက်တွဲ
ချစ်ခြင်းမြဲမြံ၊ သစ္စာရံပြီး
သမီးအစိတ်၊ မြေးတစ်ကျိတ်ကျော် ရစေသော်ဝ်း)



ပို့စ်ခေါင်းစဉ်ကို “ ချဉ်ပေါင်ခြံထဲ သန်းဝင်ခြင်း ” လို့ တပ်ရင်ကောင်းမလား စဉ်းစားလိုက်မိပါသေးရဲ့…အနှီလိုသာ တပ်လိုက်မိရင် ချဉ်ပေါင်ခြံကြီးရဲ့ ချစ်စွာသော သန်း ( မသန်းထွဋ်စိုး ) က ဦးဟန်ကြည်ကို ဒေါသတွေ အချောင်းလိုက်ထွက်ပြီး ကလေးကင်ပွန်းတပ်ကျရင် လာအားပေးမယ့် ဦးဟန်ကြည်ကို ကျည်ပွေ့နဲ့ဆော်လွှတ်လိုက်မှာ တွေးကြောက်မိတာကြောင့် “ ချဉ်ပေါင်ခြံကို ကြိုဆိုခြင်း ” လို့ စားကောင်း၊ သောက်ကောင်းတဲ့ ခေါင်းစဉ်တပ်ပေးလိုက်ပါကြောင်း…း)

21 comments:

ဟန်ကြည် said...

၂ ရက်နေ့က မင်္ဂလာဆောင်လက်ဖွဲ့အဖြစ် တင်လိုက်တဲ့ ပို့စ်က ဘာတွေဘယ်လိုဖြစ်မှန်းမသိဘဲ ဘလော့ခ်လင့်ခ်တွေမှာ မပေါ်ဘဲ ကိုယ်ပျောက်ပို့စ်ဖြစ်သွားတာကြောင့် ပို့စ်ဟောင်းကို ဖြုတ်ချပြီး အသစ်ပြန်တင်လိုက်ရပါရဲ့...

ပို့စ်ဟောင်းက ကွန်မန့်တွေကိုလည်း ကော်ပီပြန်ယူပြီး ပို့်စ်သစ်မှာ ပြန်ထည့်လိုက်ပါတယ်...

စံပယ်ချို said...

ဆရာရေးတဲ့လက်ဖွဲ့ပိုစ့်လေးဖတ် တကယ်ကိုပြုံးမိပါတယ်
လူပျိုကြီး အပျိုကြီးတွေတော့အကုန်ပါကုန်ပြီဆရာရေ
တီတင့်အလဲ သတို့သီးနဲ့အပြိုင်ကိုလှနေတယ်
မောင်ဘကြိုင်ကိုကြည့်ရတာ အတော်လေးပျော်နေတတယ်
ဒါတွေကြည့်ပြီး ခင်မင်ရင်းနှီးတဲ့ ဘာလော့ဂါမိတ်ဆွေ
(လူပျိုကြီး)တယောက်ကိုသနားမိတယ်ဆရာရေ
ဆရာဆုတောင်းလေးလိုပါပဲ ဆုတောင်းလိုက်မယ်
မောင်ဘကြိုင်တို့ ဇနီးမောင်နှံ သမီးအစိတ်.မြေးတစ်ကျိတ် ကျော်ရစေသော်

ခုတလော နေကောင်းနေတယ်ဆရာ
၃ လပိုင်းတော့အလုပ်ပါးတော့ အနားယူလို့ရတယ်

လွင်ပြင်လှိုင်းငယ် said...

ဆရာပို့ဖတ်ရင်း ရီရလွန်းလို့ စိတ်တွေတော်တော်ကြည်လင်သွားတယ်။အိုဂိုဏ်ဝင်အသစ်လေးကို ကြိုဆိုပါတယ် ။ဒါနဲ့ဆရာ အိုဂိုဏ်ကတော့ဟုတ်ပါပြီ ဂိုဏ်ချူပ်က ဘယ်သူတုန်း ။

မောင်ဘကြိုင် ( ချဉ်ပေါင်ခြံ ) said...

စောင့်လေမျိုးနွယ်ဆိုသကိုးဆြာရဲ့ အချိန်အခါလည်းရှိသေးသကိုးဗျာ့ ကောက်ရောသားရောမနှောင်းချင်ဖူး ဆြာရေ လွတ်ပြီဟဲ့ က္ဈတ်ပြီဟဲ့ လို့ ပျော်ချင်ပေမယ့်လည်း အပြိုကြီးလူပြိုကြီးဂိုဏ်းထဲကျန်ရစ်ခဲ့တဲ့ အပေါင်းသင်းရောင်းရင်းတွေကို တယ်လည်း အားနာစိတ်မကောင်းဖြစ်သဗျာ ဟိဟိ လှစ်မှ
ပုံ
အိုဂိုဏ်းသား မောင်ဘကြိုင်
(၂.၃.၂၀၁၃)

ကူးကူးလှိုင် said...

အစအဆုံး ဖတ်ပြီး ရယ်နေရပါတယ် .( ပြိုဂိုဏ်သူ ဂိုဏ်သားတွေရဲ့ သြဘာသံတွေကိုလဲ နောက်ထပ် လာဖတ်အုံးမယ်နော် ပိုရီရအောင်လို့... )

(၂.၃.၂၀၁၃)

အောင်ထွဋ် said...

ဤတွင် သတင်းများကို တင်ပြလို့ ပြီးပါဘီ.... ဟ ဟ ဟ... အစုံပဲ အစုံပဲ... ကြိုက်သဗျာ... မည်သို့ပင်ဆိုစေ.... မဒမ် ချဉ်ပေါင်ခြံ နှင့် ကိုဘကြိုင်တို့ အိုအောင်မင်းအောင် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းကြပါစေဗျား...

(၂.၃.၂၀၁၃)

ဟန်ကြည် said...

ဂိုဏ်းချုပ်ကတော့ အန်တီတင့်ကိုပဲ ခန့်လိုက်တာပေါ့ ကိုလွင်ပြင်ရယ်...

မနေ့တစ်နေ့ကပဲ ပုလဲရတုတိုင်သွားတဲ့ အန်တီတင့်တို့ စုံတွဲလောက် ၀ါရင့်တာ ဘယ်သူရှိလိမ့်တုန်း...

လွင်ပြင်နဲ့ ဂျုက်တို့စုံတွဲကတော့ အတွင်းရေးမှူးလုပ်ကြပေါ့...ဦးဟန်ကြည်တို့ကတော့ စားကောင်းသောက်ကောင်း ဘဏ္ဍာရေးမှူးပဲလုပ်တော့မယ်း)

ညိမ်းနိုင် said...

ဟွမ်း....ဟွမ်း......ဒီမှာ ဆြာကြည်...မစ္စတာဘကြိုင်တို့
ညီရဲသစ်တို့နောက် မှီရာကားနဲ့ အမှီလိုက်မယ်မှတ်....၊
သိတယ်မဟုတ်လား....အစင်လေးကလည်း အနားမှာ
အသင့်ရယ်....ခိခိခိ

Aunty Tint said...

လူပျိုကြီး အပျိုကြီး လူပျိုလေး အပျိုလေးများ ဒီစက်ကွင်းကလွတ်အောင်ရှောင်သင့်ပြီထင် ဟိဟိ။
ဆရာလို့ ပြောစရာမလိုအောင် ရာထူးခွဲဝေမှုမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပါဘိ စားကောင်းသောက်ကောင်း ဘဏ္ဍာရေးမှူး ဦးဟန်ကြည်ရယ် တီတင့်အေးအေးဆေးဆေး နေပါရစေး)))
ဒီကနေ့အတွက် အသက်တစ်ရက်တော့ရှည်သွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

ပူပူလေးနဲ့ ကောင်းသဗျ ဆိုတာ ဘာတုန်းဗျ ဆရာဟန်။ ကော်ဖီကို ပြောတာလား။ သူကြီးမင်းက ကော်ဖီဆို ပူပူမှ ကြိုက်။

ဆရာဟန်ုလုပ်လိုက်မှ ကုန်ပါပြီ အပျိုကြီး လူပျိုကြီးတွေ။ စာရင်းတွေကို အသေအချာပြုစုထားတယ် ထင်ပါရဲ့။ တိကျလွန်းတယ်။
အင်း... အဟင်းးးး အိုဂိုဏ်းသားတွေက ပျိုဂိုဏ်းသားတွေကို သနားကြသတဲ့။ ဒီဘက်က ပျိုဂိုဏ်းသားတွေကလဲ အိုဂိုဏ်းသားတွေရဲ့ ဒုက္ခတွေကို တွေးတွေးပြီး အလွန်းသနားနေတာကလား။း)
အိုချင်ရင် လွယ်လွယ်လေး။
ပျိုချင်ရင်သာ မရနိုင်တော့တာ မဟုတ်လား။

ဒါနဲ့..
မောင်ဘကြိုင်တို့ စုံတွဲက တယ်လဲ လိုက်ဖက်သကိုး။ ခပ်ရိုးရိုးအေးအေး သတို့သမီးလေး ထင်ပါရဲ့။ မောင်ဘကြိုင်တော့ ရွေးတတ်ပါ့။

အစစအရာရာ အဆင်ပြေ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်တွေ ဖြစ်နိုင်ကြပါစေဆိုတဲ့ အကြောင်း။

San San Htun said...

အယ်မလေး ဒီက အပူမရှာချင်လို့ ပါနော်..တယောက်တည်းတောင် ပတ်ချာလည် ရိုက်နေတာ...

blackroze said...

ဟူးးးးးးးးးးး
တော်ပါသေးရဲ့
ပစ်ပစ်နာမည်မတွေ့မှ
သက်ပြင်း ဟင်းခနဲချလိုက်ရတော့မယ်..

ဟန်ကြည် said...

စိန်ပစ်ပစ်...

လောလောဆယ်တော့ ကလေးလို့ပဲ သဘောထားခံလိုက်ရတာ ကံကောင်းတယ်မှတ်...လာမယ့်နှစ်ရောက်လို့မှ မစွံသေးရင်တော့ ပြိုဂိုဏ်းထဲကို ဒါရိုက်ဟစ်ဆွဲသွင်းပစ်လိုက်မဗျားး)

Thandar Lwin said...

အောင်မငီး ဆရာဟန် တို့ ဂိုဏ်းသားတွေ တထောကြီးဘဲဗျား ..:D

ချဉ်ပေါင်ခြံထဲ သန်းဝင်တာဖြင့် သမီးတကျိပ် မြေးအစိတ်သာမက သားတစ်ရာပါ ရပါစေကြောင်း ဆုတောင်းလိုက်ရပါသဗျိုးး။

Cameron said...

အလုပ်များနေတာနဲ့ ဟိုတလောက ဒယ်ဒီယောက္ခထီး လွင်ပြင်လှိုင်းငယ်က ဦးဟန်ကြည်ပို့စ်သွားဖတ်ပြီးပလားလို့ မေးသေးတယ်...ခုမှလာဖတ်ဖြစ်တာ လက်စသတ်တော့ သများတို့အပျိုကြီးကို ဆရာက ကလောင်ထက်ထက်နဲ့လက်စွမ်းပြထားတဲ့ လူပျိုကြီး ကျွတ်တန်းဝင် လက်ဖွဲ့စာကိုးးး...

An Asian Tour Operator said...

ဘယ်သူမှ ကို မကျန်ပါ့လား ကိုဟန်ကြည်ရေ.. မော်နီတာကြီး ကြည့် ပြီးပြုံးဖြီးဖြီး ဖြစ်နေတဲ့ ကျနော့် ကိုလုပ်ဖော်ကိုင်ဖက် တွေမြင်ပြီး ဘာ ပေါက်သွားတာ လဲ မသိဘူး ထင်နေဦးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဘကြိုင် မင်္ဂလာပွဲကနေ အစပြုလိုက်တာ ဘလော်ဂါတွေ ကုန်လုပါလား ဆရာဟန်း)
လူကိုများ အထင်သေးချက် တစ်ပိုစ့်မှာမှ အိုနံ့မရဘူးဆိုပါလား။ ဟွန်း
မချောတို့က မစွံချင်လို့ပါနော်။ တော်ကြာမှ ကိုဘကြိုင်ဆို ဆိုင်းမဆင့် ဗုံမဆင့်လုပ်တယ် မပြောနဲ့ဦး :P
ကိုယ့်ထက် အငယ်တွေကို လမ်းဖယ်ပေးထားတဲ့သဘောပါ ဆရာရေ။
လ္ဘက်ကောင်းစားချင်လို့ ပလောင်တောင်တက်နှေးနေရတာပါလို့ :)

နွေလ said...

လက်ဖွဲ့တာက မိုက်လှချည်သား ဆြာဟန်ကြည်ရေ
ပို့စ်တစ်ပုဒ်နဲ့ လက်ဖွဲ့ရတယ်လို့
အင်းပေါ့လေ ... အမှတ်တရဖြစ်တာပေါ့
အနှီမောင်နွေလလေး အလှည့်ကျရင်လည်း
ပို့စ်တစ်ပုဒ် လက်ဖွဲ့ပေးဖို့ မမေ့ပါနဲ့လို့ တောင်းဆိုရင်း မမြင်ရသေးတဲ့ အနာဂတ်ကို စဉ်းစားကြည့်ရင်း
ဟူး ... မောပလေးဒယ်

အိမ်မက်စေရာ said...

သဘောကျလိုက်တာ ဆရာဟန်ကြည်.. ဘလော်ဂါ ဘလော်ဂီတွေနဲ့ အနေဝေးတဲ့ အိမ်မက်တို့လို ဘလော်ကြားညပ်လေးတွေ ဒီလိုပို့စ်လေးတွေ ဖတ်ပြီး ကိုယ့်နဲ့ မနီးပေမယ့် အကြောင်းလေး သိရ တာ တယ်မိုက်သကိုး..( ဆြာရီး လေသံဖြင့်)..မိုးငွေ့ပို့စ် ဖတ်ပြီး ဘယ်သူများ မင်ဂါဆောင်တာလဲ လို့ တွေးတောတုန်း ဆရာဟန်ကြည်ပို့စ် ဖတ်လိုက်မှပဲ ရှင်းသွားတော့တယ်..ဘလော်ဂါ ရပ်ကွက်အကြောင်းလေး နောက်ကြုံလဲ လက်တို့ပါဦး..။း))

အလင်းသစ် said...

အိုဗျာ... ကိုယ်တွေက ကလေးပဲရှိသေး... ဟေးဟေး ... ရှက်ရှက်နဲ့ ကလေးလုပ်သွားတယ် ဆရာရေ ... မောင်လင်းသစ်တို့ မစွံသေးတာက ပညာမစုံသေးလို့ပါဗျ... :D ... အကြောင်းပြချက်လေး ပေးစရာရှိနေသေးလို့ တော်သေး..... ဆရာ့စာလေး ဖတ်ပြီး ရယ်သွားပါတယ်ဗျာ .... ကိုညီလင်းသစ်တို့ ကိုဘကြိုင်တို့လည်း ... ဦးမိုးဒီကြီး ပြက်လုံးထဲကလို အရိုးအသားဂျင်ဂျင်မာလို့ ... ကြင်သူနဲ့ အချစ်ပွားပြီး.... တစ်နှစ် ... အဲ.... အမွှာပူးလေးတွေ မွေးကြပါစေဗျာ.... :D :D

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးးးးးးးး
ရယ်လိုက်ရတာဗျာ အူတွေတောင် နာတယ် ။
အမှန်တော့ တိုင်နဲ့ ခေါင်းနဲ့ကို စောင့်ပြီး သေသင့်ချင်နေတား))
ကိုဘကြိုင် ခြေတစ်လှမ်းသာသွားလို့ ။

ကျန်းမာရေး မကောင်းလို့ ဆရာ ရေ....
ဘယ်မှလည်း စာတွေ လည်မဖတ်နိုင်ဘူး အခုမှ အဆင်ပြေတယ်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger