Wednesday, 20 February 2013

ချစ်သောအညာ ( ၆ ) . . .



ညနေစောင်းရင်တော့ ကာလသမီးတွေ ရေခပ်ဆင်းကြပြီ။ အနှီအချိန်မျိုးကမှ တကယ့်ကို ကြယ်စုံည၊ လှတဲ့ညနေ။ တစ်ရွာလုံးက အပျိုတွေ သနပ်ခါးဘဲကြားရိုက်ပြီး ရေအိုးကိုယ်စီနဲ့ အလှူအတွက် ရေခပ်ဆင်းကြတဲ့ကာလလောက် အလှစုံတာ ဘယ်မှာရှိလိမ့်တုန်း။ အညာမှာတော့ ကာလသမီးတွေကို “ ကုမ္မာရီ ” လို့ သညာပေးကြပါရဲ့။ “ ကညာ ” တို့ “ ဂေါရီ ” တို့ “ ကုမ္မာရီ ” တို့ဆိုတာ ဘုရားရှင်လက်ထက်တော်ကတည်းက မိန်းကလေးတွေကို အရွယ်အရ ပိုင်းခြားပြီးခေါ်တဲ့စကားလုံး။ မောင်ဟန်ကြည်ခပ်ငယ်ငယ်ကတော့ “ ကုမ္မာရီ အမျိုးသမီးများခင်ဗျား ” လို့ လောက်စပီကာကနေ အော်ခေါ်တဲ့အသံကြားတိုင်း အမျိုးသမီးတွေ ဘာဖြစ်လို့ကုန်သွားပါလိမ့်လို့ ခေါင်းကုတ်မိသေး။ နားထဲမှာက “ ကုန်ပါပြီ ” လို့ချည်း စွတ်ကြားနေတာကိုး။ 

အခါတိုင်းညနေခင်းမျိုးမှာတော့ “ ပျိုလေးတွေ ရေခပ်ဆင်းကို ခြင်းခတ်လို့ချောင်း ” ခဲ့တဲ့ ကာလသားတွေခမျာ အနှီညနေမျိုးမှာတော့ ဘယ်ချောင်းအားလိမ့်တုန်း။ သူရို့မှာလည်း အလုပ်တွေမှပုံလို့။ အိုးသူကြီးအဖွဲ့ ချက်ဖို့ပြုတ်ဖို့အတွက် နေရာတွေပြင်ဆင်၊ ထမင်းချက်ဖို့ မီးဖိုကျင်းရှည်ကြီးတွေတူး၊ ထမင်းရည်ငှဲ့ဖို့ လိုက်ကျင်းတွေတူး၊ ထမင်းထည့်ဖို့ အညာလှေကြီးတွေကို မီးဖိုဘေးရွှေ့နဲ့ ချွေးသံတရွှဲရွှဲ။ သည်ကြားထဲမှာ ထင်းတွေက ခွဲရစိတ်ရ၊ ဖြတ်ရပေါက်ရသေးတာ။ မဏ္ဍပ်ထဲမှာ သာသနာ့အလံလေးတွေတပ်တာကအစ လစ်ဟင်းလို့ ဖြစ်တာမဟုတ်။ ရှင်လောင်းလှည့်တဲ့နေရာမှာသုံးမယ့် ထမ်းစင်တို့ ရွှေထီးတို့ကလည်း ရွာဦးကျောင်းကနေ ကြိုကြိုတင်တင် သယ်ထားပြုထားမှ။ ရွာဘုံ ပန်းကန်ခွက်ယောက်တွေ သယ်ဖို့ပြုဖို့ကလည်း သတိတရ ရှိကြရသေးတာ။ ကျွေးရုံထဲမှာ ခင်းမဲ့ စားပွဲတွေ၊ ထိုင်ခုံတွေကိုလည်း သည်ညနေခင်းကတည်းက ကြိုပြီးနေရာချထားမှ မဏ္ဍပ်ဝင်နေ့မှာ မကသီမှာ။ သည်ကြားထဲမှာ အလှူလှည့်အဖွဲ့နဲ့အတူ လိုက်ရမယ့် ရွာခံဗြောအဖွဲ့သားတွေကလည်း အားချင်းတီးဝိုင်းတိုက်။ ပြဇာတ်ခင်းမယ့် အဖွဲ့သားတွေကလည်း ကိုယ်ကျရာဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်နိုင်ဖို့အရေး ကျေညက်အောင် တိုက်ကြပြုကြနဲ့ တစ်ရွာလုံး အုံးအုံးကျွက်ကျွက်။

ညနေ နေ၀င်ရီတရောအချိန်ရောက်ပြီဆိုရင် အိုးသူကြီးအဖွဲ့ အလုပ်များရပြီ။ လူပေါင်းထောင်ချီပြီး ကျွေးမယ့်မွေးမယ့် အနှီအလှူပွဲကြီးအတွက် မဏ္ဍပ်မ၀င်ခင်ညကတည်းက ကြိုကြိုတင်တင် ချက်ပြုတ်ထားမှ အနေတော်။ အိုးသူကြီးအဖွဲ့မှာက ထမင်းချက်နဲ့ ဟင်းချက် နှစ်မျိုးခွဲထားသေးတာရယ်။ အရင့်အရင်တုန်းကတော့ တစ်အိမ်ကို ဆန်နို့ဆီဗူးဘယ်နှစ်လုံး ဝေငှပေးပြီး အလှူထမင်းကို တစ်ရွာလုံး ၀ိုင်းကူချက်ပေးခဲ့ကြရသပ။ သို့ပေမင့် ထမင်းပေါင်းတဲ့နည်းစနစ်ပေါ်လာတော့ အဆင်ပိုချောသွားရော။ အဆင့်တွေပါတဲ့ ထမင်းချက်စင်ကို ရေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီးထဲမှာထည့်။ အဆင့်တစ်ဆင့်စီမှာ ဆေးပြီးသားဆန်တွေကို သတ္တုလင်ပန်းတွေနဲ့ထည့်ပြီး အစီအရီတင်။ ပြီးရင် ဆန်တွေတင်ထားတဲ့စင်ကို သတ္တုပေါင်းချောင်ရှည်ကြီးနဲ့ ဒယ်အိုးနှုတ်ခမ်းတိုက် အုပ်ချလိုက်။ သတ်မှတ်ထားတဲ့ အချိန်စေ့ရင် ပေါင်းချောင်ကြီးဖွင့်ကြည့်။ ဆန်လင်ပန်းတွေအားလုံး ထမင်းလင်ပန်းတွေ ဖြစ်နေရော။ အနှီထမင်းတွေကို ငှက်ပျောဖက်ခံထားတဲ့ ထန်းခေါက်တောင်းကြီးတွေထဲ ထည့်ပြီးသိမ်းချင်သိမ်း။ ဒါမှမဟုတ်ရင် ပက်လက်လှန်ထားတဲ့ အညာလှေကြီးတွေရဲ့ လှေဝမ်းထဲမှာ ငှက်ပျောဖက်ခင်းပြီး ပုံချင်ပုံ။ အချိန်ကျရင် ကျွေးဖို့အဆင်သင့်။ ဒါတောင်မှ ထမင်းချက်အဖွဲ့ခမျာ တစ်ညလုံးပေါက်ချက်ကြရရှာတာ။

ဟင်းအိုးသူကြီးကတော့ အလှူတစ်ခုလုံးရဲ့ အခရာ။ သူစွမ်းရင်စွမ်းသလောက် အလှူနာမည်ရသလို သူချာရင်ချာသလောက် အလှူတစ်ခုလုံး သဲထဲရေသွန်ဖြစ်မှာ သေချာသပေါ့။ ဘာပဲဖြစ်ဖြစ် အညာရွာတွေမှာ တစ်ရွာကို အိုးသူကြီးကောင်းတစ်ယောက် ရှိစမြဲ။ အနှီအိုးသူကြီးတွေကလည်း ပွဲတိုးဖူးတဲ့ ၀ါရင့်အိုးသူကြီးတွေ။ ဟင်းချက်ရင်း ကြုံတတ်တဲ့ အခက်အခဲဟူသမျှကို ခေါင်းအေးအေးနဲ့  ဖြေရှင်းနိုင်တဲ့သူတွေချည်း။ အိုးသူကြီးတစ်ဖွဲ့မှာ အနည်းဆုံးကတော့ လူငါးယောက်လောက် ပါမှ။ လူပေါင်းများစွာအတွက် ဟင်းချက်ဖို့ အချိန်ရတဲ့ တစ်ညတာအတွင်းမှာ အထစ်အငေါ့မရှိ ချက်နိုင်ပြုတ်နိုင်ဖို့ အနှီ အိုးသူကြီးတွေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်က အခရာ။ ကျင်းမီးဖိုရှည်ကြီးတွေထဲမှာ ဒယ်အိုးကြီးတွေ တန်းစီပြီး တစ်လံသာသာ သစ်သားယောက်မကြီးတွေနဲ့ အားကြိုးသနွဲ ချက်နေပြုတ်နေကြတဲ့ ထောင်ထောင်မောင်းမောင်း အညာသားကြီးတွေက အညာအလှူရဲ့ ကန့်လန့်ကာနောက်ကွယ်က အလှတရား။ 

 သည်နေရာမှာ အညာသားတွေရဲ့ တီထွင်ဖန်တီးမှု ထိုးထွင်းဥာဏ်ကိုလည်း တွေ့နိုင်သေးရဲ့။ အနှီအရာကတော့ ကြက်သွန်လှီးတဲ့ ဓားစက်။ ပိဿာပေါင်းများစွာလိုမယ့် ကြက်သွန်နီတွေကို သည်အတိုင်းထိုင်လှီးနေရလို့ကတော့ ဘယ်ပြီးတော့မလဲ။ အနှီတော့ အခွံသင်ထားတဲ့ ရွှေဖလားကြက်သွန်နီ( ကြက်သွန်နီ ၀ိုင်းဝိုင်းပြားပြား ရွှေရောင်တောက်နေတဲ့ လက်ရွေးစင်ကြီးတွေကို အညာခေါ် ရွှေဖလားလို့ ခေါ်တာကိုး )အလုံးလိုက်တွေကို ခါးစောင်းလောက်မြင့်တဲ့ ဓားစက်ထဲထည့်ပြီး လက်ကိုင်ဒလက်ကို လှည့်ပေးနေရုံနဲ့ လှီးပြီးသား ကြက်သွန်လေးတွေ အကွင်းလိုက် အကွင်းလိုက် ဓားစက်ဘေးပေါက်မှာ အဆင်သင့်ချထားတဲ့ ထန်းခေါက်တောင်းထဲကို ဝေါခနဲ ဝေါခနဲကျ။ လိုတဲ့အချိန်မှာ လိုသလောက်ထည့်ပြီးလှည့်။ အချိန်မကုန်ဘဲ အဆင်ကိုချောလို့။ မောင်ဟန်ကြည်တို့ ငယ်ငယ်ကတော့ အနှီကြက်သွန်လှီးစက်ကထွက်လာတဲ့ ကြက်သွန်နီအကွင်းလေးတွေကို ကြည့်ရင်း ဘယ်လိုလုပ်လိုက်ပါလိမ့်ဆိုတာ တအံ့တသြ။ အရွယ်လေးရောက်လို့ စက်ကို သေချာကပ်ကြည့်မှ ကြက်သွန်နီဥတွေ ကျမယ့်လမ်းမှာ နွားစာစဉ်းဓားသုံးချောင်းလောက်ကို ကြားမှာ ကြက်သွန်ဥ၀င်သာရုံ နေရာချန်ထားပြီး ပတ်လည်တပ်ထားတာမြင်မှ သဘောပေါက်တော့တာရယ်။ စက်ဘေးက ဒလက်ကို လှည့်လိုက်ရင် ဓားတွေလည်ပြီး အပေါ်ကလိမ့်ကျလာတဲ့ ကြက်သွန်ဥတွေကို အကွင်းလိုက်လှီးပြီးသား။ အညာသားများ ပိုင်ချက်။

ငါးခြောက်ပြုတ်ထားတာက တစ်ဒယ်။ ပဲကြီးက တစ်ဒယ်။ ကြက်သွန်နီကြော်က တစ်ဒယ်။ ဒယ်အိုးတွေ နှုတ်ခမ်းတိုက်။ မွှေတဲ့လူကမွှေ။ မြည်းတဲ့ အိုးသူကြီးကမြည်း။ မီးထိုးတဲ့လူကထိုး။ အိုးသူကြီးအဖွဲ့ဘေးက ဖျာကြမ်းတစ်ချပ်ပေါ်မှာ ရေနွေးကြမ်းတစ်အိုးနဲ့ ဆေးလိပ်ခွက်တစ်ခွက်။ မြေပဲဆားလှော်က တစ်ပန်းကန်။ အဖန်ရည်လေး တစ်ကြိုက် ရှူးခနဲသောက်လိုက် မြေပဲဆားလှော်လေး ပါးစပ်ထဲပစ်ထည့်လိုက်နဲ့ စကားဝိုင်းဖွဲ့နေတဲ့ အိုးသူကြီးအဖွဲ့သားတွေက တစ်ညလုံး အိပ်ပျက်ခံပြီး ချက်ရပြုတ်ရမှာကို လားလားမှ မမှုတဲ့လူတွေ။ သူရို့အဖွဲ့က နှစ်ညလုံးလုံး ညလုံးပေါက်အောင် ချက်ကြရမှာ။ အလှူပွဲမတိုင်ခင် နောက်တစ်ညဆိုရင် သံဃာတော်တွေအတွက် “ ဘုန်းကြီးပွဲ ” ဆိုတာကလည်း မမေ့မလျော့ ချက်ပေးရစမြဲ။ အလှူပွဲလာ ရွာသားတွေနဲ့ မတူတဲ့ ဟင်းကောင်းကျွေးကောင်းကိုမှ သံဃာတော်တွေကို အမွန်တမြတ် ကပ်ချင်လှူချင်ကြတာကလည်း အညာထုံးစံ။ ဘုန်းကြီးပွဲလို့ သညာပေးထားပေမယ့် ပိုနိုင်သမျှပို၊ လျှံနိုင်သမျှလျှံအောင် ချက်ထားရသေးတာရယ်။ ဘာဖြစ်လို့လဲဆိုရင် မြို့ကနေ တကူးတကန့်လာပြီး ချီးမြှင့်ကြမယ့် ဧည့်သည်တွေကိုလည်း အနှီဟင်းတွေနဲ့ ၀တ်ပြုချင်ကြသေးတာကလား။ မြို့သားတွေဆိုတာ သူရို့တောသားတွေစားသလို စားနိုင်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတွေးလေ့ရှိတာကိုက အညာသားရဲ့ ရိုးဂုဏ်။ အောင်မယ် မြို့သားလည်းလူပဲ တို့များစားသလို စားပေါ့ ဆိုတဲ့ မလိုတမာအတွေးမျိုး မ၀င်ကြဘဲ ကိုယ့်ရွာကိုယ့်ရပ်မှာ ရတတ်သမျှထဲက ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေချည်း ဧည့်ခံတတ်ကြတဲ့ အညာအလှူထုံးစံကတော့ ပြောမယုံ ကြုံဖူးမှပဲ သိကြမှပါ့။

မနက်အရုဏ်တက်လို့ လောက်စပီကာက သုတိသာယာဖွယ်ကောင်းတဲ့ “ ရေကင်းသံ ” သီချင်းကို မိုင်ကုန်တင်ပြီး ဖွင့်လိုက်တာနဲ့ အလှူပွဲရဲ့ မဏ္ဍပ်ဝင်နေ့က စပြီ။ အလင်းရောင်ပျို့လာပြီဆိုရင် ဆိုင်ရာဆိုင်ရာ ကာလသား၊ ကာလသမီးတွေ ၀တ်ကောင်းစားလှတွေဝတ်ကြဆင်ကြပြီ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တတ်သလို မှတ်သလို ပြင်ထားဆင်ထားကြတဲ့ အညာရဲ့ လှပျိုဖြူတွေကို မြို့သူမရွှေချောတွေသာ မြင်ရင် “ တောသူ၊ ဒိုက်ဖတ် ” ဆိုပြီး ရယ်ကြပေလိမ့်။ ဗူးပြားပြား ၀ိုင်းဝိုင်းကြီးထဲက မိတ်ကပ်ကို ရေဆွတ်ထားတဲ့ တို့ဖတ်နဲ့ သုတ်ယူပြီး မျက်နှာမှာ လိမ်းရတဲ့ “ ရေစိုမိတ်ကပ် ” ဆိုတာ အညာမှာတော့ ရတနာတစ်ပါး။ ယိုးဒယားကလာတဲ့ “ အာချီ ” ( Arche ) တို့ “ ပရိုမီနာ ” ( Promia ) တို့ဆိုတာတွေကလည်း အပျိုအရွယ်ရှိတဲ့ အညာအိမ်ရဲ့ မှန်တင်ခုံတိုင်းမှာ ရှိစမြဲ။ သို့ပေမင့် ခါးလှဖို့ထက် ၀မ်းဝဖို့ကို အားစိုက်နေရတဲ့ အညာသူတွေဖြစ်ပြန်တော့ မိတ်ကပ်ကို ရွှေလောက်နီးနီးတန်ဖိုးထားပြီး ရွရွကလေး ကော်ယူပြီး၊ ဖွဖွကလေးပဲ လိမ်းကြရရှာတာကလား။ “ ဒိုရူး ” ( Doru ) တို့ “ ရှီရှဲဒိုး ” ( Shesido ) တို့ “ ရယ်ဗလွန် ” ( Revlon ) တို့ ကြော်ငြာတွေကို ဦးဟန်ကြည်မြင်တိုင်းမြင်တိုင်း အောက်ခံမိတ်ကပ်ခပ်ပါးပါးပေါ်မှာ သနပ်ခါး ထူထူအုပ်ထားတဲ့ အညာသူ ညိုပြာညက်တွေကို လွမ်းမိတော့တာချည်း။ ခမျာများမှာ မိတ်ကပ်ကို တန်ဖိုးထားကြရတဲ့ ဘ၀တွေမို့ မျက်နှာတစ်ခုတည်း အသားပေးလိမ်းပြီး လည်ပင်းကိုတော့ သနပ်ခါးကြမ်းလောက်ပဲ ပွတ်နိုင်ကြတာကိုး။ အနှီတော့လည်း လည်တိုင်ညိုစိမ့်စိမ့်ပေါ်က ဖြူဖြူပြာပြာ မိတ်ကပ်မျက်နှာလေးတွေနဲ့ ဂျပန်ပြဇာတ်မင်းသမီးလေးတွေနဲ့တောင် တူနေသေး။ ဘာပဲဖြစ်ဖြစ် အညာသား လူပျိုတွေရဲ့ မျက်လုံးထဲမှာတော့ အနှီကုမ္မာရီညိုပြာညက်ကလေးတွေဟာ စိုးမြတ်သူဇာလည်း ဟုတ်လောက်ရဲ့။ တင်တင်ညိုလည်း ဖြစ်လောက်ရဲ့။ နီနီဝင်းရွှေနဲ့လည်း မှားလောက်ရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ထင် ခုတင်ရွှေနန်းကိုးဗျာ။

မနက် ရှစ်နာရီလောက်ရှိရင် အလှူပွဲလာတွေ တဖွဲဖွဲ လာကုန်ကြပြီ။ “ အလှူပွဲသွားပြီး မကူဘဲစားမယ့် ” လူတွေလည်း ရောက်ကြပြီ။ တခြားအလှူကနေ ပွဲကူးလာတဲ့ ဆိုင်းဝိုင်းကြီးကလည်း မဏ္ဍပ်ထဲမှာ နေရာယူပြီးပြီ။ အညာနွေ ပူပူလောင်လောင်ကြီးမှာ ဆိုင်းနားထောင်ကြမယ့် ပရိတ်သတ်ကလည်း ဆိုင်းဆရာ ပတ်စာကပ်အပြီးကို နားစွင့်နေကြပြီ။ “ ညောင်ရွက်ပြာနဲ့ ထမင်းစေး ”ကို ရောပြီးနှယ်ထားတဲ့ ပတ်စာကို ပတ်လုံးတစ်လုံးစီမှာကပ်လိုက်။ လက်ဖျားကလေးနဲ့ တို့ရင်းခတ်ရင်း အသံစမ်းလိုက်။ အသံမကြိုက်သေးရင် လက်မကို တံတွေးလေး အသာဆွတ်ပြီး ပတ်စာဖြည့်လိုက် နှုတ်လိုက်လုပ်နေတဲ့ ရွာစားကလည်း မောင့်ကျက်သရေ ခေါင်းပေါင်းစကြီး တလူလူနဲ့။ တစ်တောင်လောက်ရှည်တဲ့ နှဲကြီးကို နှုတ်ခမ်းမှာတေ့ပြီး တပ်ထားတဲ့ “ နှဲခင် ” အဆင်ပြေမပြေ မှုတ်စမ်းနေတဲ့ နှဲဆရာကလည်း မင်မောင်းအပြည့်။ “ နှဲချောရင် တယော ” လို့ အဆိုထားကြလေတော့ သူကလည်း ဆိုင်းဝိုင်းထဲမှာ အခရာကိုး။ ဆိုင်းနောက်ကနေ ၀စနာလင်္ကာရနဲ့ ပရိသတ်ကို ဖျော်ဖြေကြမယ့် “ ဆိုင်းနောက်ထ ” နှစ်ယောက်ကလည်း ၀ိုင်းထဲမှာတင် ရေစိုမိတ်ကပ်အကူအညီနဲ့ လူယောင်ဖန်ဆင်းနေကြလေရဲ့။ ၀ိုင်းနောက်က မှန်စီရွှေချ ပဉ္စရူပရုပ်ကြီးနှစ်ခုကတော့ ၀င့်ဝင့်ကြွားကြွား။ ဆိုင်းမင်းသမီးကလေးကလည်း တတ်သလောက်မှတ်သလောက် အလှတွေပြင်လို့။ နှုတ်ခမ်းနီကလေးရဲရဲ၊ ရုပ်ရည်လေး သနရုပ္ပနဲ့ အသံချိုချို အနှီဆိုင်းမင်းသမီးလေးကို ထမင်းစားဖိတ်ချင်ကြတဲ့ ကာလသားတွေကလည်း မနည်း။ တစ်ဝိုင်းလုံး သူ့နေရာနဲ့သူ အဆင်ချောသွားရင် ရွာစားနှုတ်ကထွက်လာတဲ့ “ ဟိတ် ” ဆိုတဲ့ အချက်ပေးသံနဲ့အတူ မိုးထက်ဝဠာညံမယ့် ဆိုင်းတော်မင်္ဂလာရဲ့ လက်စွမ်းပြ တီးကွက်တွေက မဏ္ဍပ်ထဲမှာ ဟီးထွက်လာပါလေရော။ ဆိုင်းဝိုင်းထဲမှာ မိုက်ကရိုဖုန်း သုံးလေးလုံးတပ်ပေးထားပြီး လောက်စပီကာနဲ့ တစ်ခါတည်း ဆက်ပေးထားပြန်တော့ ရွာစားဆရာရဲ့လက်သံဟာ မန်ကျီးပင်ခွကြားမှာ လေးပွင့်ဆိုင်တပ်ထားတဲ့ လောက်စပီကာတွေကနေ ရွာနီးချုပ်စပ်တွေအထိ သောသောကို ညံလို့။     ။

ဆက်ပါဦးမယ် . . .

13 comments:

Ma Tint said...

ဦးဟန်ကြည်ရေ အညာရဲ့ သရုပ်ကို ပီပီပြင်ပြင် ဖော်ပြသွားတာလေးတွေ စိတ်ဝင်စားစရာမို့ 'ချစ်သောအညာ' ဆိုတဲ့ လုံးချင်းလေးထုတ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ် (တီတင့်သားကြီးကို ပုံနှိပ်စက်ရှိတယ်နော် :P)
ဆက်ရန်လေးဖတ်ဘို့ မျှော်နေတယ်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

အဲသည်လိုပွဲတွေနဲ့ လွဲနေခဲ့တာကြာလို့လားမသိဘူး
ပြန်ပြီးတော့ နွှဲလိုက်ချင်းသေးတာ...။

ဆရာပြောတဲ့ စိုးမြတ်သူဇာ တို့ နီနီဝင်းရွှေ တို့ ရှုံးရတဲ့ ရွာက ( ညိုပြာညက် )လေးတွေကတော့ ကျွန်တော်တို့အတွက် မကျန်တော့ဘူးဗျ
အော်သာ ငိုလိုက်ချင်တော့တယ်း))။

သည်ကွန်မင့်ကို ဟိုသူကြီးမင်း မမြင်ပါစေနဲ့ ဗျား))။

ညိမ်းနိုင် said...

ဆရာရေ.....ခုခေတ်မတော့ အဲ့လိုအလှူတွေ အတော်ရှား
ပါးသွားပြီထင်ရဲ့....၊လွန်ခဲ့တဲ့၁၀နှစ်လောက်ကထိတော့
တောအလှူ၊ရွာအလှူတွေကို ခုဆရာရေးထားသလိုမျိုး
ကြုံရသေးရဲ့....၊ကျွန်တော်တို့အောက်ပြည်မှာလည်း
အညာနဲ့ မနီးရိုးစွဲပါပဲဆရာရေ....၊အလှူအတန်းတွေမှာ
ပြောပါတယ်...။

ဟန်ကြည် said...

ကငြိမ်းနိုင်ရေ...

ကျွန်တော်လည်း အညာကခွာခဲ့ရတာ အခုဆို ဆယ်နှစ်ကျော်ပြီပေါ့...သည်ကြားထဲမှာ တစ်ခါမှ အညာကို ပြန်မရောက်ခဲ့လေတော့ အနှီပုံရိပ်ဟောင်းတွေပဲ အသည်းထဲမှာ စွဲကျန်နေတော့တာကိုးဗျ...သည်တစ်နွေတော့ အညာကို အလည်ပြန်သွားဦးမဗျာ...လုပ်နည်းလုပ်ဟန်တွေ ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ အညာသားရဲ့ ရိုးသားဖြူစင်တဲ့ နှလုံးသားကတော့ ဖြူစင်မြဲ ဖြူစင်နေလိမ့်ဦးမယ်လို့တော့ ယုံကြည်မိတာပါပဲ...

Anonymous said...

စာဖတ်လို့ ကောင်းပါတယ်ဆရာ ဒါမဲ့ ကြွက်မီးက အီးမေးလ်လိပ်စာက စာဖတ်သူကိုနဲနဲ နှောက်ယှက်စေသလိုပဲ...

Aung Htut said...

ကြက်သွန်လှီးတဲ့ ဓားစက်ကို တစ်ခါမှ မမြင်ဖူးသေးဘူး ဆြာ.... စိတ်ဝင်စားဖို့ ကောင်းလိုက်သပ။

Ashin Janaka said...

ကြက်သွန်လှီးတဲ့စက်ကို သဘောကျသွားပါသည်။ အညာအကြောင်း ခပ်သွက်သွက်ရေးထားတာမို့ ဖတ်လို့ အလွန်ကောင်းပါသည်။

San Htun said...

အညာအလှုကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်သွားအောင် ရေးသွားတယ်..နောက်အပိုင်းတွေ မျှော်နေပါကြောင်း...

ကူးကူးလှိုင် said...

ချစ်သောအညာဖတ်ပြီး အလှူထမင်းဟင်းတွေ မျက်စိထဲမြင်လာပြီး စားချင်လာပြီ ဆရာဟန်ရေ...

ကိုကိုမောင်(ပန်းရနံ့) said...

တီတင့်ကတော့ အော့ဖာတွေ ပေးနေပြီနော် ဆရာ။ အညာအကြောင်းလေးတွေ စာအုပ်အဖြစ် ပေါ်ပေါက်လာရင်တော့ အညာ့ရိုးရာ တပြည်လုံး သိရတာပေါ့။

အပျိုလေးတွေ ရေခတ်အဆင်းကို ခြင်းခတ်လို့ ချောင်း။

တော်သေးတယ် ရေခတ်အဆင်းမို့။ ရေချိုးအဆင်းဆို မည်သို့ရှိမည်မသိ။ ဟို.. ဆရာဟန်ကြည်တို့လဲ အညာသားပီပီ အဲဂလို လိုက်ချောင်းခဲ့ဖူးမလားဘဲ။ သိချင်လိုက်ပါဘိ။း)

အညာဒေသကလဲ ကြက်သွန်လှီးစက်တွေနဲ့ဆိုတော့ အခုမှမဟုတ် ဟိုးးး ရှေးပဝေသဏီကထဲက ခေတ်နောက်မကျခဲ့ဖူးဆိုတာ ထင်ရှားတယ်။

ကမောင်လေးရဲ့ လက်သုံးစကားနဲ့ သုံးရရင်တော့ အပိုင်း ၇ ကို မျော့ နေမယ်နော် ဆရာ။း)

Angelhlaing(May everybody be happy and healthy! said...

အညာသူလေးတွေရဲ့ အလှကို ဖွဲ့ပြထားတာများ မျက်လုံးထဲ မြင်ယောင်မိသည့်အထိပါပဲအကို..... ဒါနဲ့ စကားမစပ် စာအုပ်ထုတ်ဖြစ်ရင် ညီမလေးကို လက်တို့ပါဦးနော်အကို ...:)

ဟန်ကြည် said...

စာအုပ် မထုတ်ရဲပေါင်ဗျာ...ကိုယ့်ရှေ့က ဆရာတွေ ရေးသွားတဲ့စာတွေတောင် ဖတ်လို့ကုန်သေးတာ မဟုတ်ဘူးရယ်...ဦးဟန်ကြည်ဆိုတာက ကိုယ်ရေးတာလေး ကိုယ်ပြန်ဖတ်ပြီး ကျေနပ်နေရုံ သာမညောင်ည အဆင့်လေးပဲ ရှိတာကလား...

နောင်လေးငါးဆယ်နှစ်ကြာလို့ ရင့်ကျက်ပြည့်ဝလာရင်တော့လည်း တစ်မျိုးပေါ့း)

ဘုန်းတောက် said...

ချစ်စရာ အညာ့ဓလေ့လေးတွေပဲ ဆရာရေ။

ဖတ်ရင်းနဲ့ ကိုယ်ကိုယ်တိုင် အညာမရောက်ဖူးသေးတော့ မြန်မာဇာတ်ကားတွေထဲ မြင်ယောင်လိုက်၊ ဘုန်းတောက်တို့ဘက်က အလှူကို မြင်ယောင်လိုက်နဲ့။ ဘုန်းတောက်တို့ဘက်အလှူတွေမှာတော့ ၀က်သားနဲ့မျှစ်ချဉ်ကျွေးတာ များတယ်။ များတယ်ဆိုတာ အားလုံးနီးပါးပါပဲ။

ဒဂျင်းမီးက ဟာသညာဏ်ကောင်းတယ်နော်။ သူ့ Comment တိုင်း ရယ်စရာပါတယ်။

"ချစ်သောအညာ"ဆိုပြီး စာအုပ်အဖြစ်နဲ့ ဖန်တီးလိုက်မယ်ဆိုရင်...

အော် ဒါနဲ့ ကြက်သွန်နီလှီးစက်လေး မြင်ဖူးချင်တယ်။

ကြိုက်ရင်ပေါ့လေ . . .