Sunday, 3 February 2013

ချစ်သောအညာ ( ၃ ) . . .


 ပညာသည်ပဲရှိရှိ၊ မြွေပါးကင်းပါးပဲထူထူ အညာသားကတော့ အညာကို တစ်ရက်မှ မမေ့ကြပေါင်ဗျာ။

တပင်တပန်းလုပ်ရကိုင်ရတာတွေကို ပြန်တွေးတိုင်းကို တသသဖြစ်နေကြတာ များပါရဲ့။ မောင်ဟန်ကြည်တို့လည်း ထို့နည်းလည်းကောင်းပါ့။ အညာကနေခွာခဲ့ကြရတာ နှစ်ပေါင်း ၂၀ကျော်လာပေမယ့် လယ်ထဲကိုင်းထဲမှာ တစ်ချီတစ်မောင်း ရုန်းခဲ့ကန်ခဲ့ရတာတွေကို ပြန်တွေးတိုင်း လွမ်းလို့ကောင်းတုန်း။ မြို့သား၊ မြို့သားနဲ့ မောင်ဟန်ကြည် အသားမည်းလေးကို ပတ္တမြားခဲလို ပစားပေးထားလို့ တောသားတွေနဲ့ ဒိုးတူပေါင်ဖက် လယ်ထဲမဆင်းခဲ့ရပေမင့် ကောက်လှိုင်းတိုက်တို့ ကောက်သင်းကောက်တို့ကို ဇွတ်အတင်းလိုက်လိုက်သွားရတာလေးတွေကိုပဲ ပြန်ပြန်တွေးနေမိပေါင်း ခပ်များများ။ နွားလှည်းပေါ်မှာ အပြည့်အမောက်တင်ထားတဲ့ ကောက်လှိုင်းပုံကြီးပေါ်တက်ထိုင်ပြီး တကျွီကျွီတအီအီမြည်နေတဲ့ လှည်းဝင်ရိုးသံကိုနားထောင်ရင်း အညာနေပူပူကြဲကြဲမှာ တအိအိသွားနေတဲ့ နွားလှည်းကို စီးရတာကလည်း အညာရဲ့ အရသာတစ်မျိုးပေါ့လေ။ စပါးစေ့တွေ ဟိုစူးသည်စူး၊ ကောက်ရိုးတွေ ဟိုရှသည်ရှနဲ့ ကုတ်လိုက်ဖဲ့လိုက်လုပ်ရင်း လှည်းပေါ်ထိုင်လိုက်ရတာ ဇိမ်တော့ အရှိသား။ ကောက်လှိုင်းလှည်းမောင်းတဲ့ ဘကြီးက သူ့ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးပွားမစဉ်အောင် နို့ဆီခွက်ကြီးစွပ်ပြီး အခိုးတွေ ထောင်းခနဲ၊ ထောင်းခနဲထအောင် ဖွာနေတာကို ဘေးကထိုင်ကြည့်ရင်း မီးပွားတစ်စလောက်သာ ကောက်လှိုင်းတွေပေါ်စဉ်သွားရင် တူဝရီးနှစ်ယောက်စလုံး မီးသဂြိုလ်ပြီးသားဖြစ်သွားမယ့်အရေးကို ထိုင်တွေးပြီး ကြောက်ရတာကလည်း အနောက်တိုင်းကောင်းဘွိုင်ကားတွေထဲက သေနတ်ချင်းယှဉ်ပစ်ကြတဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှု ဘယာနကရသနဲ့ နင်လားငါလား။

ကောက်လှိုင်းတွေ အဘွားတို့အိမ်ရှေ့တလင်းပြင်ထဲပုံပြုပြီးလို့ စပါးခြွေချိန်ရောက်ရင်တော့ မောင်ဟန်ကြည်တို့ တစ်စခန်းထပြီပေါ့လေ။ အညာမှာတော့ စပါးခြွေတယ်လို့ မခေါ်ဘဲ ကောက်လှိုင်းရိုက်တယ်လို့ သညာပေးကြတာကိုး။ အနှီလို သညာပေးဆို လုပ်ရတာကလည်း ကောက်လှိုင်းစည်းကို အားပါးတရလွှဲလွှဲပြီး မြင်းခုံတို့ စည်ပိုင်းပြတ်တို့နဲ့ တဖုန်းဖုန်းမြည်အောင် ရိုက်ပြီး စပါးစေ့တွေ ခါထုတ်ရတာကိုး။ အနှီခေတ်က ဂျပန်နင်းဂျားဇာတ်ကားတွေကလည်း ခေတ်စားနေတာမို့ အဘိုးရဲ့ ပုဆိုးဟောင်းတစ်ထည်ကို နင်းဂျားစတိုင် ခေါင်းစွပ်ပြီး ကောက်လှိုင်းထုံးကို မနိုင့်တနိုင်ကိုင်ကိုင်ပြီး ကောက်လှိုင်းဝင်ရိုက်နေတဲ့ မောင်ဟန်ကြည်ကို မေမေ့ဘက်က အဖိုးက တပြုံးပြုံးနဲ့ကြည့်ပြီး “ ငါ့မြေးကြီးက အားကိုးရသဟေ့ ” လို့ သြဘာပေးတဲ့ အသံကို အခုတောင် ပြန်ကြားယောင်တုန်း။ တကယ်တော့ မောင်ဟန်ကြည်က အလုပ်လုပ်တာမှ မဟုတ်ဘဲ၊ အရှုပ်ရှုပ်နေတာကိုး။ မောင်ဟန်ကြည် ပြောင်အောင်မရိုက်နိုင်လို့ ကောက်လှိုင်းထုံးမှာ ကျန်နေတဲ့ စပါးစေ့တွေကို အဘွားက တုတ်တစ်ချောင်းနဲ့ သပ်ချရင်း မျက်စောင်းကြီး တခဲခဲနဲ့ပေါ့။ သွေးနဲ့ ချွေးနဲ့ ရင်းထားရတဲ့ စပါးတစ်စေ့ကို တောသူတောင်သားတွေ ဘယ်လောက်တောင် တန်ဖိုးထားကြတယ်ဆိုတာ သဘောမပေါက်သေးတဲ့ မောင်ဟန်ကြည်ပုလုကွေးကတော့ အဘွားကို ပိုရန်ကောဆိုတဲ့ အတွေးနဲ့ စိတ်ထဲကနေ မေတ္တာတွေပို့လို့ပေါ့လေ။ တစ်နေကုန်တစ်နေခမ်း ကောက်လှိုင်းဝိုင်းရိုက်ပြီးရင် ညဘက်ရောက်တဲ့အခါ လက်မောင်းတွေကိုက်ခဲနေလို့ ပရုပ်ဆီလူးလူးပေးရတဲ့အခါကျရင်တော့ အဘိုးက “ ငါ့မြေးရာ မင့်ဟာက ၀ိုင်းကူတာကနည်းနည်း မင့်ပြန်ပြုစုရတာက များများဆိုတော့ မတန်ဘူးဟေ့ ” လို့ ပြောရှာတာပါပဲ။

ကောက်လှိုင်းတွေအားလုံးရိုက်ပြီးသွားလို့ တလင်းမှာ စပါးပုံကြီး ဟီးထနေတဲ့အချိန်ကတော့ အညာသားလယ်သမားတွေ ကွမ်းချိုးတက်နေတဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြုံးဖြဲဖြဲကြီးတွေ ဖြစ်နေတဲ့ အချိန်ပေါ့လေ။ သို့ပေမင့် စပါးလက်တစ်ဆုပ်ကို ယူပြီး လေနဲ့မှုတ်ကြည့်လို့ လေနဲ့လွင့်ပါသွားတဲ့ စပါးစေ့အရေအတွက် များနေရင်တော့ ခမျာများမှာ ပြုံးတမဲ့မဲ့ ဖြစ်ကြရှာပြန်ပါရော။ ဘာဖြစ်လို့လဲဆိုတော့ လေနဲ့လွင့်သွားတဲ့ စပါးစေ့ဆိုတာက အဖျင်းအမှော်တွေဖြစ်နေပြန်တော့ လက်ထဲကျန်တဲ့ စပါးစေ့အချိုးအဆနဲ့ အပုံထဲက စပါးစေ့ကို အချိုးချကြည့်ပြီး မှန်းချက်နဲ့ နှမ်းထွက်ကိုက်မကိုက် ချင့်ကြချိန်ကြရပြန်တာကိုး။ စပါးပေါ်ပေး ယူထားတဲ့ ကြွေးရှင်တွေကလည်း အိမ်ကိုချောင်းပေါက်မတတ် အလည်လာပြီးရင်းလာ၊ စပါးပွဲစားကလည်း ခြေချင်းလိမ်နေအောင် ခြေရှုပ်နေတဲ့ကာလဆိုရင်လည်း မမှားပေဘူးပေါ့။ ဘာပဲဖြစ်ဖြစ် မိုးလေသင့်တင့်တဲ့ တစ်ညနေခင်းမှာတော့ စပါးယပ်ပွဲကြီး ကျင်းပကြရတာချည်းပါပဲလေ။ စပါးယပ်တယ်ဆိုတာက စပါးထဲမှာပါနေတဲ့ ဖုန်တွေ အဖျင်းအမှော်တွေကို စကောနဲ့ ယပ်ခပ်ပစ်တာကို ခေါ်ပါသတဲ့။ စပါးလှေ့တယ်ဆိုတာကတော့ လေသာတဲ့တစ်နေရာသွားပြီး စပါးကို စကောထဲမှာထည့်ထားတဲ့ အမှော်နိုင်းချင်း၊ ဖုန်နိုင်းချင်းနဲ့ စပါးကို အမြင့်ကနေ တဖြည်းဖြည်းချင်း ကျဲချတာကို ခေါ်တာကိုး။ အနှီလို ကျဲလိုက်တော့ ရောနေတဲ့ ဖုန်တွေ စပါးဖျင်းတွေဟာ လေနဲ့အတူပါကုန်ကြတာပေါ့လေ။ အောက်တည့်တည့်မှာကျတဲ့ စပါးကတော့ တင်းပြည့်ကျပ်ပြည့် အရည်မီစပါးပေါ့။ သို့ပေမင့် လူအင်အားတောင့်တဲ့ အညာသားတွေကတော့ စပါးယပ်တာကိုပဲ အသုံးများကြပါရဲ့။

 စပါးယပ်မယ့်ရက်ဆိုရင် ဟိုဟိုသည်သည် ထူးထွေပြီး ဖိတ်နေကြားနေစရာမလိုဘဲ ဘယ်သူရေ၊ ဘယ်ဝါရေ စပါးယပ်ရအောင် လာကြပါဦးလို့ အော်လိုက်ဟစ်လိုက်ရုံနဲ့တင် တစ်အိမ်တစ်ယောက် စကောတစ်ချပ်စီကိုင်ပြီး ထွက်လာကြတာချည်း။ စပါးယပ်နေတာနဲ့ ဖြတ်သွားဖြတ်လာကြုံတဲ့လူကလည်း ၀င်ပြီးဝိုင်းကြ၀န်းကြတာကိုက အညာကျေးလက်ရဲ့ ချစ်စရာ ဓလေ့။ ပြောရရင်တော့ ချစ်စရာ မြန်မာ့ဓလေ့။ ဘာကြောင့်လဲဆိုရင် မြန်မာဆိုတာ အညာသားတွေ များတာကိုး။ အညာမှာ စပါးလှေ့တယ်ဆိုတာက နွားချေးကျံထားတဲ့ မြေတလင်းပြောင်ပြောင်မှာ လူတွေဝိုင်းထားပြီး ဖုန်တွေအမှော်တွေရောနေတဲ့ စပါးပုံထဲက စပါးတစ်စကောကို အနှီလူစည်းဝိုင်းကြီးအလည်ကို တစ်ယောက်က ခပ်ဖြန့်ဖြန့်ပက်ထည့်လိုက်ရင် ၀ိုင်းနေတဲ့လူတွေက စကောနဲ့ဝိုင်းပြီး ယပ်ခတ်သလို ခပ်ကြတာပါပဲ။ စကားတပြောပြောနဲ့ စပါးပုံကိုပတ်ပြီးလမ်းလျှောက်ရင်း စကောနဲ့ ယပ်ကြရင်းနဲ့ စပါးပုံဟောင်းက စပါးတွေအားလုံး စပါးပုံအသစ်မှာ စုသွားရင် စပါးယပ်တာပြီးပါလေရော။ အနှီလို ပြောတော့ အညာသားတွေ စပါးယပ်တာ တယ်လွယ်သကိုးလို့လည်း မမှတ်လေနဲ့။ စပါးထဲကထွက်လာတဲ့ ဖုန်တွေများလွန်းလို့ ပုဆိုးကို ခေါင်းမှာစည်းထားတာတောင် စပါးယပ်တဲ့လူတွေမှာ လူရုပ်ပျောက်ပြီး မျောက်ဖြူရုပ်တွေ ခပ်ပေါက်ပေါက်။ သည်ကြားထဲမှာ စပါးအမှော်ဆိုတာ အတော်ယားတဲ့အမျိုး။ ဘာပဲပြောပြော စပါးယပ်ပြီးရင်တော့ စားပွဲသောက်ပွဲပေါ့လေ။

စားပွဲသောက်ပွဲဆိုပေမယ့်လည်း မြို့မှာလို စားပွဲနဲ့ ကုလားထိုင်နဲ့ ကျကျနနဘယ်ဟုတ်လိမ့်တုန်း။ စပါးပုံဘေးက ဖုန်ထုတက်နေတဲ့ တလင်းမှာ အညာဖျာကြမ်းကြီး နှစ်ခုလောက်ဆက်ခင်းပြီး ထမင်းစားစားပွဲဝိုင်းနှစ်လုံးလောက်ချလိုက်ရင် ကိစ္စပြတ်ပြီ။ အကျွေးအမွေးကလည်း မြို့သားမျက်စိနဲ့ကြည့်ရင် မက်လောက်စရာမဟုတ်။ အထိုက်အလျောက် သောင်သာတဲ့ ( တတ်နိုင်တဲ့ ) အိမ်ဆိုရင်တော့ မုန့်ဟင်းခါးချက်ပေါ့။ အညာမုန့်ဟင်းခါးဆိုတာကလည်း ပဲမှုန့်နဲ့ချက်ပြီး ငါးကလေး တစ်ကောင်နှစ်ကောင်လောက် ဖြတ်ကူးသွားသလို အနံ့ပေးထားတဲ့ မည်ကာမတ္တဟင်းရည်ကို မက်မက်စက်စက် သောက်ကြတာပါပဲ။ သို့ပေမင့် ကောက်ညှင်းပေါင်းနဲ့ ငါးကြော် ကျွေးကြတာလည်း ရှိပါရဲ့။ နွမ်းနွမ်းဖပ်ဖပ်မိသားစုဆိုရင်တော့ ပဲခြမ်းကြော်သုပ်နဲ့ ရေနွေးကြမ်းလောက်ဆိုရင်လည်း ၀ိုင်းကြ၀န်းကြတဲ့လူတွေ ကျေနပ်ကြတာချည်းပါပဲ။ ဘယ်သူဘယ်ဝါအိမ်ကဖြင့် ဘာပဲကျွေးတယ်လို့ စိတ်ကွက်ကြတာ တစ်ခါမှကို မကြားဖူးတာရယ်။ အညာယဉ်ကျေးမှုမှာကိုက စေတနာကိုပဲ အဓိကထားတာကလား။ စေတနာမပါဘဲ ကြွားလိုမှုနဲ့ ကျွေးတဲ့အစားအသောက်ဆိုရင် အညာတောသားက ခံတွင်းမလိုက်ကြတာများတာကိုး။ ဖုန်တောသဲတောကြီးမှာ ဖျာကြမ်းခင်းပြီး စားပွဲဝိုင်းနဲ့ စလိုက်နောက်လိုက် စားရတဲ့ စပါးယပ်ဝိုင်းတွေကို ပြန်တွေးရင် အခုတောင် လွမ်းမိတုန်း။ စားရင်းသောက်ရင်း တစ်ယောက်နဲ့ တစ်ယောက် စလိုက်ကြ၊ နောက်လိုက်ကြ၊ ရယ်စရာရှိရင် တဟေးဟေး တဟားဟားနဲ့ အားပါးတရ ရယ်လိုက်ကြ၊ မောလိုက်ကြနဲ့ တကယ့်ကိုလွတ်လပ်ပွင့်လင်းကြတာကိုက အညာရဲ့ ပြယုဂ်။

ဦးဟန်ကြည်ဘ၀ရောက်လို့ စာတွေပေတွေဖတ်၊ စလောင်းကလာတဲ့ နိုင်ငံတကာအကြောင်းတွေ ဟိုကြည့်သည်ကြည့် ကြည့်ပြီး သူများနိုင်ငံက လယ်သမားတွေကို မြင်ရင် ကိုယ့်အညာကျေးလက်က လယ်သမားတွေရဲ့ မျက်နှာတွေ မြင်ယောင်နေမိပါရဲ့။ သူရို့ဆီမှာ ဘာလေးပဲလုပ်လုပ် စက်နဲ့။ လူလည်းသက်သာ အရည်အသွေးကလည်း တင်းပြည့်ကျပ်ပြည့်။ လယ်သမားသာဆိုတယ် ငွေကြေးကလည်း အချိန်တိုင်းလိုလို ချောင်လည်ကြပြီးသား။ ဦးဟန်ကြည်တို့အညာမှာတော့ သည်နေ့ သည်အချိန်အထိ နွားနဲ့ ဖက်ပြီးရုန်းရတုန်း။ စိုက်ချိန်ကစပြီး စပါးကျီထဲထည့်တဲ့အချိန်အထိ လူနဲ့ပဲ တပင်တပန်း လုပ်ကြရတုန်း။ အနှီလိုပြောတော့ စက်မှုလယ်ယာဌာနကြီး ဘယ်နားသွားထားမလဲလို့ မေးချင်ကြပေလိမ့်မယ်။ အနှီဌာနကြီးကို ဘယ်နားမှကိုမထားပေါင်ဗျာ။ ထားလို့ရရင်လည်း အမှိုက်ပုံထဲပဲ ပစ်ထားလိုက်ချင်သေးရဲ့။ ဘာကြောင့်လဲဆိုရင် သူ့ဟာကြီးက အသုံးမှ မကျဘဲ။ သူရို့ဌာနက လယ်ထွန်စက်တွေက အလကားထွန်ပေးတာမှ မဟုတ်ဘဲ။ ထွန်စက်ကို ဆီထည့်ရ ထွန်စက်မောင်းကို ဆီထည့်ရနဲ့ စာရင်းချုပ်ရင် နွားနဲ့ထွန်တာထက်တောင် ငွေပိုကုန်သေး။ သည်ကြားထဲမှာ ထွန်စက်မောင်းဆိုတဲ့ အောက်ဆွဲကလည်း အာဏာပါဝါလေးက ပြချင်ကြသေးတော့ သင်းတို့ကို မျက်နှာချိုသွေးရတာတောင် အဆစ်ပိုသေး။ ချက်ပြုတ်ကျွေးမွေးရပြန်ရင်လည်း ကိုယ့်ရွာက လယ်သမားချင်းကမှ ခရမ်းသီးခြောက်ချက်၊ ငပိ၊ တို့စရာဆိုရင် အ၀ကြုံးတုတ်ပေမယ့် သကောင့်သားတွေကို ခေါ်ပြီး အထွန်ခိုင်းရင် အိမ်က ကြက်တွေ မျက်ခုံးလှုပ်ကြရှာရော။ ဌာနဆိုင်ရာက ဘာကောင်ညာကောင်တွေ အညာတောပိုင်းရောက်လာတိုင်း ရွာကကြက်တွေ ချက်ချက်ကျွေးရပါများတော့ ကြက်တွေခမျာ လက်ဆွဲအိတ်ကိုင်ထားတဲ့လူတွေကိုမြင်ရင် ပြေးကြပုန်းကြရှာတာကိုး။ အနှာနဲ့တင် အနှီပုဂ္ဂိုလ်ကြီးတွေကိုင်လေ့ကိုင်ထရှိတဲ့ လက်ဆွဲအိတ်တွေခမျာ အညာသားရဲ့ ပါးစပ်ဖျားမှာ “ ကြက်ကြောက်အိတ် ” လို့ နာမည်သစ်တွင်တဲ့အထိ။ ဟုတ်သလေ…အနှီအိတ်ကိုမြင်တာနဲ့တင် ကြက်တွေ ကြောက်ကြပြီးသားမဟုတ်လား။

သည်ကြားထဲမှာ စိုက်ပျိုးရေးဌာနဆိုတာက ရှိသေး။ တစ်ခါတစ်ခါကျရင် ဘာဖြစ်လို့များ အနှီဌာနကြီးတွေ ဖွင့်ထားရပါလိမ့်ဆိုတာ စဉ်းစားလို့ကို ဥာဏ်မမီတာ။ သူ့ဌာနက ဘယ်နေရာမှာ ဘယ်လိုအသုံးဝင်မှန်းဆိုတာ သိမှမသိရတာကလား။ လယ်သမားတွေ သေရေးရှင်ရေးလိုအပ်တဲ့ မြေဆီ ( T super, Phosphate, Urea )တို့ဘာတို့ကျတော့ ထုတ်ပေးပါလိမ့်မယ် ဆင့်ပါးစပ်နှမ်းပက်။ အနှာတောင် အလကားရတာ မဟုတ်ဘူးရယ်။ သည်ကြားထဲမှာ ဘယ်မြေသြဇာက ဘယ်ဒင်းအတွက်ကောင်းတယ်ဆိုတာလည်း ပညာက မပေး။ အနှီတော့ ကိုယ့်လယ်သမားခမျာ ကြားဖူးနားဝနဲ့ ရမ်းသမ်းကြိတ်ကြရရှာတာ များပါရဲ့။ ပိုးသတ်ဆေးဆိုတာလည်း အဆင်ပြေသလို သုံးကြရရှာတာကိုး။ အံမယ် မောင်ဟန်ကြည်တို့ခေတ်တုန်းကတော့ ပိုးသတ်ဆေးကို အီလန် E Lan ဆပ်ပြာမှုန့်နဲ့ ရောဖျော်ပြီး ဖြန်းကြသတဲ့။ ကျန်တဲ့ဆပ်ပြာက အနှီလောက် မကောင်းဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ “ အီလန် ” ဆိုတဲ့ နာမည်က ပိုးတွေအကုန်လုံး အီပြီးလန်ကြကုန်တယ်ဆိုတဲ့ နိမိတ်ကိုဆောင်တယ် ဆိုကိုး။ သည်ကြားထဲမှာ စပါးပေါ်ချိန်ရောက်ရင် အစိုးရကို တာဝန်ကျေစပါးက မဖြစ်စလောက်ဈေးနဲ့ သွင်းကြရသေးတာရယ်။ အနှီအချိန်ကတော့ စပါးအ၀ယ်ဒိုင်က ၀န်ထမ်းတွေ ခွေးဘုရားပွဲတွေ့တဲ့ကာလကြီးပေါ့ဗျား။

သည်ဘက်ခေတ်မှာတော့ စပါးအ၀ယ်ဒိုင်တွေဘာတွေ မရှိတော့ဘူးလို့ ကြားရတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပိုင်းတုန်းက ယိုးဒယားဘက်သွားပြီး အလုပ်လုပ်ကြမယ့် ဓနုဖြူနယ်က လယ်သမားတွေ ဖျားကြနာကြတော့ ဆေးလာထိုးကြလို့ အနှီသတင်းရတာ။ ဘာပဲဖြစ်ဖြစ် ကြားကြားချင်းပဲ သာဓု တစ်ခွန်းခေါ်လိုက်မိပါရဲ့။ သို့ပေမင့် ဟိုလယ်သိမ်း၊ သည်လယ်သိမ်းလုပ်နေတာ မြင်နေကြားနေတော့ အနှီတစ်ခွန်းတောင် မခေါ်ချင့်ခေါ်ချင်နဲ့ ခေါ်လိုက်ရတာကလား။ မောင်ဟန်ကြည် အဘိုးတို့ဆီမှာ နေတုန်းကတော့ စပါးအ၀ယ်ဒိုင်မှာ စပါးသွားသွင်းရင် လိုက်သွားနေကျ။ လယ်တစ်ဧကအတွက် စပါးဘယ်နှစ်တင်းသွင်းရတယ်ဆိုတာကို မမှတ်မိတော့ပေမယ့် တင်း၂၀ သွင်းစရာရှိရင် တင်း၃၀ လောက်ယူသွားမှ ကွက်တိကျတာကိုတော့ အခုထိ သတိရတုန်း။ စပါးအ၀ယ်ဒိုင်ဆိုတာ တကယ့်သူခိုး၊ ဓားပြတွေ ကြီးစိုးတဲ့ ဒေသဆိုးကြီး။ စပါးလာသွင်းတဲ့ လယ်သမားခမျာ ဒိုင်မှူးကို အသာထား၊ ကတ္တားချိန်တဲ့ အလုပ်သမားကအစ၊ စပါးသယ်တဲ့ ကောင်မလေးတွေအထိကို ကြောက်နေကြရရှာတာ။ ဟိုလူက ငေါက်လိုက်၊ သည်လူက ဟောက်လိုက်နဲ့ ခမျာများမှာ နေစရာကို မရှိတာကလား။ သည်ကြားထဲမှာ စပါးမသန့်ဘူး၊ ဖုန်များတယ်၊ အမှော်များတယ်လို့ စွပ်စွဲခံရရင် စပါးဒိုင်ခြံဝန်းထဲမှာတင် စပါးတွေ အကုန်ပြန်လှေ့ပေဦးရော့။ အနှီလို လှေ့တယ်ဆိုတာကလည်း ကိုယ့်ဖာသာလှေ့လို့ ရတာမဟုတ်ဘူးရယ်။ သူ့ဒိုင်က ကောင်မလေးတွေကို ပိုက်ဆံပေးပြီး ခိုင်းရတာ။ ပြောရရင်တော့ ဒိုင်မှူးတို့ တာဝန်ခံတို့က သူတို့နှိုက်မြည်းနေကျ စပါးသယ်ကောင်မလေးတွေအတွက် စားခွင်ဖန်ပေးတဲ့သဘော။ အမောင်လယ်သမားကတော့ ခံဖက်ကျချည်း။

သူရို့စိတ်တိုင်းကျလို့ ကတ္တားပေါ်တင်ပြန်ရင်လည်း လယ်သမားဖက်က အနာချည်း။ သူရို့ကတ္တားဆိုတာက အောက်ဖက်မှာ မသမာတဲ့နည်းနဲ့ ပြုပြင်ထားပြီးသား။ စပါးတစ်တင်းမှာ ရှိသင့်တဲ့ ပေါင်အရေအတွက်က တစ်တင်းခွဲလောက် လောင်းထည့်မှ ပြည့်တဲ့အထိ။ လယ်သမားခမျာ သိပေမယ့်လည်း မပြောရဲရှာတာက ခပ်များများ။ မျက်နှာငယ်လေးတွေနဲ့ သင်းတို့လုပ်သမျှ အသာထိုင်ကြည့်နေရရှာတာကလား။ စပါးအ၀ယ်ဒိုင်က ဒိုင်မှူးဆိုတာ အနှီကာလမှာ ဘယ်သူ့မှကို လူမထင်တော့တာရယ်။ မှတ်မိပါသေးရဲ့။ မေမေတို့နဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမ ဒိုင်မှူးကတော်က တစ်ရက်သားမှာ လယ်သမားတွေရဲ့ လယ်ကွင်းတွေကို လက်ညှိုးထိုးပြီး “ မဆွေ…ဒါ ကျွန်မတို့ လယ်တွေပေါ့ ” လို့ ပြောတာကို မေမေအခုအချိန်အထိ ခံပြင်းလို့ကို မဆုံးတာ။ ဒါပေမယ့် ရိုးရိုးအအ လယ်သမားကတော့ ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်တာပဲ။ မိုးပြိုတော့လည်း အများပေါ့ဆိုတဲ့ ယောနိသောစိတ်ကလေးမွေးပြီး စပါးဒိုင်သွားတုန်း မြို့ရောက်ရတဲ့ အခွင့်ကောင်းလေးယူပြီး ခေါက်ဆွဲကြော်ဆိုင်ကလေးဝင်၊ အရက်ကလေးသောက်ပြီး လေကလေးတချွန်ချွန်နဲ့ အချိန်တန်ရင် အိမ်ပြန်လာကြတာချည်းပါပဲလေ။ အိမ်မှာကျန်ခဲ့တဲ့ လယ်သူမကို မျက်နှာလုပ်မယ့် ခေါက်ဆွဲကြော်ထုပ်ကလေးကတော့ လှည်းရံတိုင်မှာ ချိတ်လျက်သား။ ညနေညိုညို အိမ်ပြန်ချိန်ဖြစ်လို့ နွားနှစ်ကောင်က ရွာပြန်လမ်းအတိုင်း ဒုန်းစိုင်းပြေးတာကို နွားကန်ကြိုးတွေ မကိုင်ဘဲ လှည်းပေါ်ပုံချပြီး ပက်လက်ကြီးလှန်လိုက်လာတဲ့ အညာလယ်သမားအတွက်တော့ အနှီအချိန်ဟာ လောကကြီးကို ကျေနပ်နေတဲ့အချိန် ဖြစ်ကောင်းဖြစ်မယ် ထင်ပါရဲ့။            ။


ဆက်ပါဦးမယ် . . .

10 comments:

နေ၀သန် said...

အည်ာမှာ နေဖူးခင်ျတယ်..... :)

ခင်မင်လျက်
နေ၀သန်

ညိမ်းနိုင် said...

အရှေ့ပိုင်း စပါးယပ်ကြတာလေးက ဖတ်ရတာ ကြည်နူး
စရာကောင်းသလောက် နောက်ဆုံးပိုင်းမှာ စပါးဒိုင်တွေ
သောက်ကျင့်တန်တာဖတ်ရပြန်တော့ ဒေါသထွက်ရတယ်
ဆရာကြည်ရေ...၊

kokoseinygn said...

၇ွာဓလေ့ထုံးစံတွေဖတ်ရတာကောင်းပါတယ်
ဆရာေ၇...မကောင်းတာတွေကလဲမကောင်းသလိုတစ်နေ့
သွားကြမှာဘဲလို့ ယုံကြည်မိနေပါတယ်။

စံပယ်ချို said...

ဆရာရေးတဲ့ပိုစ့်လေးတွေဖတ်ပြီး အညာမှာနေချင်စိတ်ပေါက်လာပြီနော်
စပါးဒိုင်တွေအားလုံးအဲလိုတွေပဲလား----
စပါးလဲမစိုက်ခဲ့ဖူးတော့ဘာမှမသိဘူးဆရာ
ဗဟုသုတလဲရတယ်
ငယ်ငယ်ကထင်ခဲ့တာ အညာဆိုတာ ဘာမှမရှိဘူး
မြက်ချောက်တွေပဲရှိတယ်လို့
ခုဖတ်ကြည့်တော့လဲ ကြည်နူးစရာကောင်းလှပါတယ်
လင့်မတက်ပါ ဆရာရေးပေးခဲ့တဲ့အတိုင်းလိုက်လာလို့
ရောက်ခဲ့တာပါရှင်

ကိုကိုမောင်(ပန်းရနံ့) said...

အညာဒေသနှင့် သူကြီးမင်းတို့ဒေသ အခေါ်အဝေါ်လေးတွေ နဲနဲ ကွဲနေပေမဲ့ လုပ်ကြကိုင်ကြတာချင်း အတူတူ ဖြစ်နေပါပေါ့လား ဆရာဟန်။ သူကြီးမင်းတို့က အညာရဲ့အထက် ပြောရရင်တော့ အညာရဲ့ အညာပေါ့။

အဲဒီ စပါးဒိုင်တွေ အကြောင်းတော့ ပြောပြောချင်ဘူး။
စပါးသွားသွင်းရင် အလျော့တွက် အတွက်ပါ ပို ယူသွားရတယ်။ ဥပမာ စပါး ဆယ်တင်း သွင်းရမှာဆိုရင် စပါးအဖျဉ်းပါတာတို့ လှည်းနဲ့သယ်လာရင်း လမ်းမှာ ကျနိုင်တာတို့ သဲလုံးကျောက်လုံးပါနိုင်တာတို့အတွက်ပါ မှန်းဆပြီး ၁၂ တင်းလောက် ယူသွားရတာလေ။ ဒါမှ ကွက်တိကျတာ။ နို့မဟုတ်ရင် နောက်တစ်ခေါက် ထပ်သွားပေရော့။

အမြင်ကပ်တယ်လို့သာ ပြောရတယ်။ ရွာက မိန်းမပျိုလေးတွေကတော့ စပါးဒိုင်မှူးမပြောနဲ့ ဒိုင်စာရေးလောက်ဆိုရင်တော့ ပြုံးတုံ့တုံ့နဲ့ ရေလာမြောင်းပေး လုပ်တတ်ကြတာကလား။ ဒါကြောင့် ဆိုရိုးစကားတစ်ခုတောင် ပေါ်လာသေးတယ်။

မိန်းမရချင် ဒိုင်ထဲဝင်
ရလိုရငြား ပေကုန်းသွား
မရအဆုံး ၀ါးရုံးတုံး တဲ့။

ပေကုန်းရွာ၊ ၀ါးရုံးတုံးရွာဆိုတာကလဲ သူကြီးမင်းတို့ရွာနဲ့ သိပ်မှ မဝေးပေဘဲ။

သူကြီးမင်းတို့ ကောလင်းဝန်းသိုဘက်က အကြောင်းကို တုံးဖလားအကြောင်းရေးရင်းနဲ့ ဒီမှာ http://kokomaunguk.blogspot.co.uk/2011/03/blog-post_26.html ထည့်ရေးခဲ့ဖူးသေးတယ်။

ကောလင်းဝန်းသို၊
တစ်မိုးခို၊
မုဆိုးဖိုတောင် မိန်းမငါးယောက် ရနိုင်တယ်ဆိုလားဘဲ။း)

အညာအကြောင်း ဆက်မျှော်နေမယ်နော်ဆရာဟန်။
အင်း... ကွန်မင့်ပေးသလိုလိုနဲ့ ကိုယ်ရေးချင်တာတွေ ရေးသွားမိပါရောလား။း)

san htun said...

အညာဓလေ့လေးတွေက ချစ်စရာကောင်းတယ်..ဒိုင်က ဟာတွေကတော့ အမြင်ကပ်စရာကောင်းလှတယ်..

နွေတေးရှင် (မင်းဧရာ) said...

ဆရာလုပ်ကာမှ ရွာတောင်ပြန်ချင်လာပြီဗျာ...။

ဟုတ်ပါ့ ရွာမှာက ရှိရှိ မရှိရှိ ဘာတဲ့ဟဲ့ဆို
ဝိုင်းဝိုင်းဝန်းဝန်းနဲ့ ပျော်စရာဗျာ့
မြို့တွေများတော့ ယောင်လို့ကိုမနေချင်ပြန်ဘူး အသက်ရှူရတာ မ၀သလိုလို ။

စပါးဒိုင်တို့ ၀ါဒိုင်တို့များ ပြော ပြောချင်ပေါင်ဗျာ
ကျွန်တော်တို့ဆီမှာတော့ ဒိုင်တွေမရှိတာ ကြာပါပေါ့
အဲ...ချဲဒိုင်တို့ ဖဲဒိုင်တို့က လွဲရင်ပေါ့း)။

ဆက်ဦးမည်ဆို၍ မျှော်နေဦးမည်ဗျာ။

blackroze said...

အညာရဲ့အနံအသက်လေးတွေ ကိုပါ
တကယ်ခံစားလိုက်ရသလို
ဖြစ်သွားစေတဲ့ ပိုစ့်လေးပါဆရာ...

ဆူးသစ် said...

အညာဓလေ့ကိုယ်တွေ့တွေမို့ကျွန်တော်တော့တော်တော်သဘောကျမိတယ်ကိုဟန်ကြည်။ဒါမျိုးတွေကနေဖူးသူတွေမှပိုသိတာဗျ။ကျွန်တော်လည်းအဲဒီလိုဓလေ့တချို့တော့အဘိုးတွေ၊အဘွားတွေနဲ့ခံစားဖူးပါရဲ့။လွမ်းတယ်ဗျို့။ဆက်ရေးပါဦး။ဆက်ရန်တွေတကယ်မျှော်နေပါတယ်။နေရာတိုင်းမှာခံနေရတဲ့လယ်သမားတွေအတွက်တော့သနားမိသလိုစိတ်လည်းမကောင်းဘူး။ကျွန်တော့်အဘိုး၊အဘွားများကလယ်သမားတွေပါပဲ။အခုအထိလည်းအဒေါ်တွေ၊ဦးလေးတွေကလယ်ပဲလုပ်စားနေကြာတာလေ။သူတို့လည်းကြုံမှမေးကြည့်ရဦးမယ်ဗျာ။ထမင်းတစ်နပ်များလျှော့စားနေကြပြီလားလို့။

Ma Tint said...

ဦးဟန်ကြည်ရဲ့ ချစ်သောအညာ(၃)ကို ဖတ်ပြီး ယောက္ခမတွေကို သတိရလိုက်တာ။ သူတို့ရဲ့ လယ်တွေကတော့ ပဲ နှမ်းတွေစိုက်ကြပြီး ပဲပေါ်ချိန် နှမ်းပေါ်ချိန်ဆိုရင် အလှူတွေ အပြိုင်အဆိုင် လုပ်ကြလေ့ရှိတယ်။ ရွာအိမ်မှာရှိတဲ့ နွားပြာ နွားနီတို့ အုပ်စုကိုတောင် သတိရသွားပြီး)ယောက္ခတွေ သက်ရှိထင်ရှားရှိစဉ်က တစ်နှစ်တစ်ကြိမ် အမြဲရောက်လေ့ရှိခဲ့တော့ တောရွာရဲ့ သဘာဝနဲ့ ဓလေ့ကို ရင်းနှီးနေပါပြီ။ မနက်တိုင်းလိုလို 'အရှေ့ယာခင်းကနေ ဟင်းရွက်တွေ ဆွတ်ခဲ့ပါဝေ့ မြို့ကညီမကိုကျွေးချင်လို့'ဆိုတဲ့ ယောင်းမ အသံကိုလည်း လွမ်းနေဆဲပေါ့ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြိုက်ရင်ပေါ့လေ . . .