Saturday, 16 February 2013

ချစ်သောအညာ ( ၅ ) . . .



အလှူရက်မတိုင်ခင် တစ်ပတ်လောက်အလိုရောက်ရင် မောင်ရှင်လောင်းတွေကို ရွာဦးကျောင်းပို့ပြီး သင်္ကန်းတောင်းတွေဘာတွေ တက်ခိုင်းထားဖို့ကလည်း အရေးကြီးသေးရဲ့။ “ သကလ၊ ၀ဋ္ဋ…” ဘာဘာညာညာစတဲ့ သင်္ကန်းတောင်းကို ကြိုကြိုတင်တင်ရမထားရင် ရှင်လောင်းတာဝန်မကျေမှာ စိုးတဲ့အတွက် ရှင်လောင်းတွေခမျာလည်း ကြိုးကြိုးစားစား ကျက်ကြရှာတာပါပဲ။ သင်္ကန်းတောင်း ညက်သွားရင် “ ၀ိသုဒ္ဓာရုံ ရှင်ကျင့်ဝတ် ” တွေ ဘာတွေလည်း ကျက်ကြရတာပေါ့လေ။ အနှာတွေရမှ ကိုရင်ပီပီသသ ဖြစ်တော့မှာကိုး။ ရှင်ကျင့်ဝတ်တွေ ကျကျနန လိုက်နာနိုင်တဲ့ အနေအထားကို အညာမှာတော့ “ သင်္ကန်းနိုင်တယ် ” လို့ခေါ်ကြတာကိုး။ မောင်ဟန်ကြည်တို့ ရှင်လောင်းဘ၀တုန်းကတော့ သင်္ကန်းနိုင်သလားလို့မေးရင် သင်္ကန်းကို ကောက်မလိုက်ပြီး သင်္ကန်းနိုင်ပါ့. . .ဟောသည်မှာ ပေါ့ပေါ့လေးလို့ ခပ်ရွတ်ရွတ်ပြောမိတာ များပါရဲ့။ အလှူမပေးခင် ကာလစပ်ကြားကတော့ မောင်ရှင်လောင်းတွေကို တစ်ရွာလုံးက မျက်စိအောက်ကကို အပျောက်မခံတော့တာကလား။ သစ်ပင်လည်းမတက်ရ၊ မြစ်ထဲဆင်းပြီးလည်း ရေမချိုးရ၊ ယုတ်စွအဆုံး စက်ဘီးတောင် မစီးရတော့တဲ့အထိ။ ဘာဖြစ်လို့လဲဆိုတော့ သာသနာ့အမွေခံဖြစ်တော့မယ့် မောင်ရှင်လောင်းတွေကို မနာလိုမရှုစိမ့်တဲ့ မာရ်နတ်က သည်အချိန်သည်ကာလမျိုးမှာ ရှင်လောင်းတွေကို အနှောင့်အယှက်ပေးတတ်တယ်ဆိုကိုး။ ကလေးပီပီ မျောက်ရှုံးအောင် ဆော့ချင်တဲ့ ရှင်လောင်းတွေအတွက်တော့ အင်မတန်မှ ခြေချုပ်မိတဲ့ကာလပေါ့လေ။

အလှူပေးဖို့ သုံးလေးရက်အလိုလောက်ရောက်ရင် မြို့ပေါ်က မိတ်ဆွေတွေကို အလှူဖိတ်စာတွေ ဝေကြရပြီ။ ဖိတ်စာဝေတဲ့နေရာမှာလည်း မိတ်ရင်းဆွေရင်းတွေ မကျန်ရအောင် သတိထားရသေးတာ။ ဖိတ်စာရိုက်ကတည်းက လူ၂၀၀လောက်ဖိတ်မယ်မှန်းရင် ၂၅၀လောက် ပိုပိုလိုလို ရိုက်ထားပြီးသား။ ရွာနီးချုပ်စပ် လေးငါးရွာလောက်ကတော့ “ ဗျိုး ” ဟစ်လိုက်ရုံနဲ့ ရွာလုံးကျွတ်၊ မီးခိုးတိတ် အားပေးကြဖို့ သေချာပြီးသား။ ဗျိုးဟစ်တယ်ဆိုတာက အညာခေါ်။ ကျန်တဲ့ဒေသတွေမှာတော့ ဘယ်လိုခေါ်တယ် ဦးဟန်ကြည် မသိပေါင်။ ဦးဟန်ကြည်တို့ အညာရွာမှာတော့ ညနေ မှောင်စပျိုးလို့ တစ်ရွာလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာ ရွာဆော် ( အညာခေါ် “ ရဆော် ” ) လုပ်တဲ့လူက ရွာထဲက လမ်းဆုံလမ်းခွမှာ ရပ်ပြီး “ ကြားကြားသမျှဗျိုး…ဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာ အလှူ့ဒကာ ဦးဘယ်သူနဲ့ အလှူ့အမ ဒေါ်ဘယ်ဝါတို့ရဲ့ အလှူအိမ်သို့ ကြွရောက်ချီးမြှင့်တော်မူကြပါတဲ့ဗျိုး… ” လို့ အသံရှည်ရှည်ဆွဲပြီး ဟစ်လိုက်တာကို ဗျိုးဟစ်တယ်လို့ ခေါ်တာပါပဲ။ သို့ပေမင့် မောင်ရှင်လောင်းထမ်းစင်ထမ်းမယ့် ကာလသားတွေကိုတော့ စီးကရက်တစ်ဗူးစီနဲ့ ဖိတ်ရပါသဗျား။ မောင်ရှင်စောင်တို့၊ ခေါင်းအုံးတို့ ရွက်ကြမယ့် အမျိုးအဆွေတွေကိုတော့ စတီးပန်းကန်ပြားတို့ ကြွေပန်းကန်ပြားတို့နဲ့ တသီးတသန့် ဖိတ်ရသလို၊ ကွမ်းတောင်ကိုင် အပျိုချောတွေကိုလည်း ကျကျနန ဖိတ်မှဖြစ်တာ။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်တင်မကဘဲ ကျန်တဲ့ရွာက ကွမ်းတောင်ကိုင်တွေကိုလည်း တခုတ်တရ ဖိတ်ထားဖို့ကလည်း လိုသေးသပ။ ပြောရရင် အလှူကြီးဆိုတာက သူ့ရွာကိုယ့်ရွာ အလှပြိုင်ကြတဲ့ ပွဲတစ်မျိုး။

စကားစပ်လို့ ပြောရရင် ကွမ်းတောင်ကိုင်ဆိုတာက ရွာတစ်ရွာရဲ့ ပြယုဂ်။ သည်ရွာသူတွေ ဘယ်လောက်လှတယ်၊ ဘယ်လောက် ကျက်သရေရှိတယ်ဆိုတာကို ထင်ဟပ်ဖော်ပြမယ့် နိမိတ်ပုံ metaphor။ ကွမ်းတောင်ကိုင်ဖြစ်ဖို့ဆိုတာ အရွယ်ရောက်လာတဲ့ ကာလသမီးတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်။ သို့ပေမင့် ကွမ်းတောင်ကိုင်ဖြစ်ဖို့ဆိုတာက လွယ်မှတ်လို့။ မိစုံ၊ ဖစုံကရှိဦးမှ။ ငွေကြေးကလည်း တောင့်တောင့်တင်းတင်းရှိမှ။ ရုပ်ရည်ချောဖို့ ကျက်သရေရှိဖို့ဆိုတာကတော့ ပြောစရာမလိုတဲ့ အဓိက လိုအပ်ချက်။ အကျင့်စာရိတ္တကောင်းဖို့ကလည်း အခြေခံလိုအပ်ချက်ထဲမှာ ထည့်ထားဖို့ လိုသေးသပါ့။ မိဘတွေက ရွာနီးချုပ်စပ်အထိ နာမည်ကြီးတဲ့ မျိုးရိုးဖြစ်ရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒါတောင်မှ တစ်သက်လုံး ကွမ်းတောင်ကိုင်လုပ်ခွင့်ရတာ မဟုတ်ဘူးရယ်။ အိမ်ထောင်ကျပြီဆိုတာနဲ့ ကွမ်းတောင်ကိုင်ဘ၀က နားရပြီ။ တစ်ယောက်နားမှ နောက်ထပ်တစ်ယောက် ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရှိလေတော့ ကိုယ်အပျိုအရွယ်မှာ ရှိနေတုန်းမှာ ကွမ်းတောင်ကိုင်ဟောင်း အနားယူသွားမှ ကွမ်းတောင်ကိုင်ဖြစ်ဖို့ မျှော်လင့်ခွင့်ရှိတာကလား။ အနှီကွမ်းတောင်ကိုင်သစ်ရွေးတဲ့နေရာမှာတော့ ရွာက အပျိုခေါင်းရဲ့ တာဝန်။ အစိုးရဌာနတွေမှာသာ လာဘ်ပေးပြီး နားလည်မှုနဲ့ ရာထူးယူလို့ ရပေမယ့် အညာက ကွမ်းတောင်ကိုင်ရွေးတဲ့ နေရာမှာတော့ သမာသမတ်ကျသလားမမေးနဲ့။ ကိုယ့်ရွာ ကိုယ့်ရပ်ကို ကိုယ်စားပြုမယ့် ကွမ်းတောင်ကိုင်ကိုတော့ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်အောင် ဂရုတစိုက် ရွေးကြတာကလား။

အလှူပေးဖို့ နှစ်ရက်လောက်အလိုရောက်ရင် အလှူ့ရှင်အိမ်ဝိုင်းထဲမှာ ၀ါးလုံးတိုင်ထောင် ဖျာကြမ်းမိုးထားတဲ့ မဏ္ဍပ်ကြမ်းတစ်ခုထိုးပြီး ကာလသမီးတွေ ကြက်သွန်ခွာတာတို့ ဆန်ရွေးတာတို့ စလုပ်ကြရပြီ။ အလှူအိမ်ခေါင်းရင်းက မန်ကျီးပင်ခွကြားမှာတင်ထားတဲ့ လောက်စပီကာကလည်း တွံတေးသိန်းတန်တို့ ဟင်္သာတထွန်းရင်တို့ရဲ့ ကျေးလက်တေးသံတွေ ညံလို့စည်လို့ပေါ့။ သည်ကြားထဲမှာ ဘီအီးဒီအောင်သိုက်ရဲ့ ကက်ဆက်ဇာတ်လမ်းတွေကလည်း မပါမဖြစ်။ ရွှေမန်းတင်မောင်ရဲ့ ဇာတ်တော်ကြီးတွေကတော့ အဘိုးကြီး၊ အမယ်ကြီးတွေရဲ့ ဓာတ်စာ။ “ ဟုတ်ပါ့မလား မောင်ကာဠုရဲ့…သည့်ထက်တောင်ပိုသေးဘုရား ” ဆိုတဲ့ ဘုရားလောင်းတောထွက်တော်မူခန်းထဲကစာသားက အညာသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး စာသား။ နီနီဝင်းရွှေရဲ့ သီချင်းတွေကလည်း မြူးမြူးကြွကြွ လတ်လတ်ဆတ်ဆတ်။ “ တောသူဆိုတာ တကယ့်ကိုရိုးတယ် . . . ဘာဘာညာညာတွေလည်း နားမလည် . . . မြို့ကြီးသူ မယ်တို့လို မပြင်တတ်တယ်. . .  မဆင်တတ်တယ် . .  ” လို့ ဆိုပြန်တော့ ညိုပြာညက်တို့များ ပြုံးလို့ ရွှင်လို့။ ကက်ဆက်ဇာတ်လမ်းလေးတွေ နားထောင်ရင်း ကြက်သွန်ခွာလိုက်၊ ဆန်ရွေးလိုက်၊ စကားတသောသော ရယ်လိုက်မောလိုက်နဲ့ ကြည်နူးစရာ  အညာအလှူရဲ့မြင်ကွင်းကတော့ ကျေးလက်ရဲ့ ဟာမိုနီကိုး။ အနှီလို လုပ်ကြကိုင်ကြတဲ့နေရာမှာ အလှူ့ရှင်နဲ့ အလှူ့အမကို ကြက်သွန်နီအခွံလေးတောင် အနွှာမခံဘဲ ရွှေပေါ်မြတင် ထားကြသေးတာ။ ကိုယ့်ရွာကို မျက်နှာလှအောင် အလှူပေးတဲ့ ရွာ့ကျေးဇူးရှင်လို့ သတ်မှတ်ပြီး တခုတ်တရ တန်ဖိုးထားတာကလား။ အလှူထမင်းကတော့ သည်လိုနေ့တွေကတည်းက စပြီးကျွေးနေပြီ။ သို့ပေမင့် အလှူလာဝိုင်းတဲ့ လူတွေကိုချည်းကျွေးတာဆိုတော့ အိုးသူကြီးလည်း သက်တောင့်သက်သာပေါ့။

အနှီအချိန်မျိုးမှာ ကာလသားတစ်အုပ်ကတော့ အလှူ့အိမ်နဲ့ မနီးမဝေးမှာ ထမင်းကျွေးရုံဆောက်ဖို့ စိုင်းပြင်းနေကြရပြီ။ ခြံကျယ်ဝန်းကျယ်ပေါလှပါတယ်ဆိုတဲ့ အညာဒေသမှာတောင် ကျွေးရုံက တစ်ရုံတည်းဆောက်လို့ လောက်တာမဟုတ်ဘူးရယ်။ အနည်းဆုံး နှစ်ရုံလောက်တော့ ဆောက်ထားမှ။ ကျွေးရုံတစ်ရုံဆိုတာကလည်း ပေ၁၀၀ ပတ်လည်ရှိတဲ့ ခြံဝန်းတစ်ခုအပြည့် ဆောက်ချပစ်တာဆိုတော့ အလှူတစ်ခုမှာ လာကြစားကြမယ့် ပရိသတ် ဘယ်လောက်များမယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။ ၀ါးပေါတဲ့အညာဒေသပီပီ ၀ါးလုံးတိုင်ထောင်၊ ဖျာကြမ်းကာ၊ ဖျာကြမ်းမိုးတဲ့ ကျွေးရုံကြီးတစ်ရုံကို ကာလသားတွေ ဆောက်လိုက်တာ မျက်လှည့်ပြသလို တကယ့်တစ်ညနေခင်းကလေးပဲ ကြာတာကလား။ တိုင်ထူဖို့အတွက် ၀ါးနှစ်လုံးစာဆန့်တဲ့ ကျင်းတွေ တန်းစီပြီးတူး။ တစ်ကျင်း တစ်ကျင်းမှာ ၀ါးနှစ်လုံးစီ လျာထား။ အနှီဝါးနှစ်လုံးကို အောက်ပိုင်းတွေ လျှော်နဲ့တုပ်။ အပေါ်ပိုင်းက ၀ါးနှစ်လုံးကြားမှာ တန်းဝါးတွေညှပ်။ အားလုံးအဆင်သင့်ဖြစ်ရင် တိုင်တစ်လုံးကို ကာလသားတစ်ယောက်ကိုင်ပြီး “ တစ်၊ နှစ်၊ သုံး ” ဆိုတာနဲ့ ဆိုင်ရာဆိုင်ရာ ကျင်းထဲကို တပြိုင်တည်းစိုက်ထည့်လိုက်ရင် ကိစ္စပြတ်ပြီ။ အနိမ့်အမြင့်မညီသေးရင် တိုင်ရင်းမှာ သဲထည့်ပြီး ညှိလိုက်ပြုလိုက်တာနဲ့ အိုခေ။ တန်းဝါးတွေပေါ်မှာ ကန့်လန့်တန်းတွေတင်ပြီး လျှော်နဲ့တုပ်လိုက်ရင် ကျွေးရုံကိုယ်ထည်ပြီးပြီ။ အပေါ်မှာ ဖျာကြမ်းတွေတင် ပတ်လည်မှာ ဖျာကြမ်းတွေကာလိုက်တာနဲ့ ကျွေးရန်အသင့်။ ကျွေးရုံရှေ့မှာ အပေါ်ပိုင်းအဆစ်ကို ဓားနဲ့မွှာထားတဲ့ နှစ်တောင်သာသာ ၀ါးပိုးပိုင်းတွေ လေးငါးလုံး တန်းစီပြီး စိုက်ထားတာက သောက်ရေအိုးတင်ဖို့။ ကျွေးရုံဖွင့်ကာနီးရင် မွှာထားတဲ့ ၀ါးဆစ်ကြားထဲကို ရေအိုးတင်လိုက်ရုံနဲ့တင် အညာလက်ဖြစ် ရေအိုးစင်ကလေးတွေက သောက်ချင့်စဖွယ် လှနေရော။

အလှူပေးဖို့ တစ်ရက်အလိုလောက်ရောက်ရင်တော့ အလှူ့ရှင်ရဲ့ ခြံဝန်းထဲမှာ မဏ္ဍပ်ကြီးထိုးပြီ။ စက္ကူနဲ့လုပ်ပြီး ရွှေမင်သုတ်ထားတဲ့ မဏ္ဍပ်ကြီးတွေကလည်း ကြိုကြိုတင်တင် ငှားထားရတာ။ သုံးပင်လေးခန်း၊ ငါးခန်းပတ်လည် စသည်ဖြင့် အရွယ်အစားကိုလိုက်ပြီး ဈေးကအမျိုးမျိုး။ မဏ္ဍပ်ကြမ်းကတော့ ရွာသားတွေလက်ရာ ၀ါးဖရိန်။ ပွဲနီးလာရင် မြို့ကမဏ္ဍပ်ဆရာအိမ်က မဏ္ဍပ်အကာတွေကို လှည်းတွေလှည်းတွေနဲ့ တိုက်ပြီး ( အညာမှာက လှည်းနဲ့သွားသယ်တာကို လှည်းနဲ့တိုက်တယ်လို့ ခေါ်သဗျ ) မဏ္ဍပ်ကြမ်းရှေ့မှာပုံထား။ မဏ္ဍပ်ဆရာရောက်လာရင် သူ့ညွှန်ကြားချက်အတိုင်း ဟိုအပိုင်းကို ဟိုတိုင်မှာချည်။ ဟိုအကန့်ကို ဟိုတန်းမှာတုပ်။ မကြာခင်မှာပဲ နန်းတော်ပုံချိုးထားတဲ့ မဏ္ဍပ်ကြီး ရုပ်လုံးပေါ်ပါလေရော။ စုလစ်မွန်းချွန်တွေ၊ ခန်းဝင်ပန်းချီကားတွေ ထည်ထည်ဝါ၀ါ၊ ဘုံအဆင့်ဆင့်မှာ ရွှေရောင်လက်နေတဲ့ မဏ္ဍပ်ကြီးကို မြင်လိုက်တာနဲ့တင် တစ်ရွာလုံး မြူးလို့ပျော်လို့။ မဏ္ဍပ်ထဲမှာ တရားပေးမယ့် သံဃာတော်တွေထိုင်ဖို့ သံဃာစင်ကိုလည်း မမေ့စေရ။ မဏ္ဍပ်ထောင့်က ကန်တော့ပွဲကလေးက ရှင်ဥပဂုတ်မထေရ်မြတ်ကို ပူဇော်ထားတာ။ ဘာကြောင့်လဲဆိုရင် အလှူတွင်းမှာ မိုးရွာပြီး ပွဲမပျက်ရလေအောင် မထေရ်မြတ်ကြီးကို မိုးတားပေးတော်မူဖို့ မေတ္တာရပ်ခံထားမှ။ အနှီဓလေ့က ပထမသင်္ဂါယနာတင်တဲ့ အချိန်ကို ပြန်သတိရမိအောင် လုပ်နေသလို။ ဘာဖြစ်လို့လဲဆိုတော့ သီရိဓမ္မာသောကမင်းကြီးရဲ့ အလှူပွဲမှာ ပွဲဖျက်မယ့် မာရ်နတ်က မိုးတွေရွာ၊ လေတွေတိုက်အောင်လုပ်တော့ ရှင်ဥပဂုတ္တမထေရ်ကြီးက ကာကွယ်တားဆီးပေးတော်မူခဲ့တာကိုး။

မဏ္ဍပ်ထိုးပြီးတာနဲ့ တစ်ရွာလုံး အုတ်အော်သောင်းသည်း အလုပ်များကြပြီ။ နောက်တစ်ရက်ဆိုရင် အလှူရက်။ အနှီပထမရက်ကို အညာမှာတော့ “ မဏ္ဍပ်ဝင် ”လို့ ခေါ်ကြပါရဲ့။ အလှူကိုလာကြမယ့် ကိုယ့်မိတ်ဆွေတွေကို ဧည့်ခံဖို့ ကျွေးမွေးဖို့ အိမ်တိုင်းလိုလို အဆင်ပြေမယ့် မုန့်တွေလုပ်ကြရပြီ။ ဆီပေါ၊ ကောက်ညှင်းပေါတဲ့ အညာဒေသဖြစ်ပြန်တော့ ကောက်ညှင်းတို့ ဆန်ကြမ်းတို့ကို အခြေခံထားတဲ့ အညာမုန့်တွေက ဗိုက်တာမင် ပြည့်တာထက်တောင် လျှံနေသေး။ အများဆုံးလုပ်ကြတာက မုန့်ဆီကြော်။ ကောက်ညှင်းဆန်နှစ်မှုန့်ကို ထန်းလျက်ရည်နဲ့ရောပြီး အိုးကင်းပြန့်ပေါ်မှာ ဆီနဲ့ကြော်၊ သောင်သာတဲ့လူက ထောပတ်ထည့်ထားတဲ့ မုန့်ဆီကြော်တစ်ခုတစ်ခုဆိုတာ ခေါင်းပေါ်တင်လိုက်ရင် နားနှစ်ဖက်ကိုပါ အုပ်ကျသွားတဲ့အထိ အားပါးတရကြီးတွေ။ ငှက်ပျောပင်ဆိုတာကလည်း အလေ့ကျလောက်နီးနီး ပေါက်နေပြန်တာမို့ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်ဆိုတာကတော့ မမြင်ချင့်အဆုံး။ ကြံသကာတို့ မြေပဲယိုတို့ကလည်း စုံစုံလင်လင်။ ဟိုအိမ်သွားလည်း အညာမုန့်၊ သည်အိမ်သွားလည်း အညာမုန့်။ မြို့သားများကတော့ အနှီလောက်များလွန်းတဲ့ မုန့်တွေကို တစ်ခါလောက်မြင်ဖူးသွားရင် တစ်သက်မုန်းလောက်ပေမယ့် ကျေးတောက အညာသားတွေကတော့ ဘယ်အချိန်မှာ ဘယ်လောက်များများကို ဘယ်နှစ်ခါပဲစားစား မုန်းကိုမမုန်းနိုင်တာကလား။ ဧည့်သည်စောင်သည်လာရင် ကြည့်ပျော်ရှုပျော်ရှိအောင် အိမ်ကလေးတွေကို လှည်းကျင်းသုတ်သင်။ အိမ်မှာရှိသမျှ ပန်းကန်ခွက်ယောက်အသစ်တွေ ထုတ်ချ။ အကောင်းဆုံးထားတဲ့ စားပွဲခင်းတွေ ထုတ်ခင်း။ ညအိပ်နားမယ့် ဧည့်သည်တွေအတွက် မခြုံရက် မသုံးရက်ဘဲ ထန်းခေါက်ဖာထဲထည့်သိမ်းထားကြတဲ့ စောင်တွေ ခြင်ထောင်တွေထုတ်။ အညာသားဆိုတာ ဧည့်သည်ကို တကယ်ချစ်တဲ့ လူစားမျိုး။

ကာလသမီးတွေကလည်း သူရို့အပ်ထားတဲ့ အ၀တ်အစားတွေ အလှူရက်အမီရဖို့ စက်ဆိုင်တွေကို လောဆော်။ ခါတော်မီ ဆံပင်ပြေးကောက်တဲ့လူကကောက်။ သည်ပွဲမျိုးမှ အလှမပြင်ရင် ဘယ်ပွဲပြင်ရလိမ့်တုန်း။ ပြောမယ့်သာပြောရတယ် အညာကျေးတောသူဆိုတာ ဒီဇိုင်နာတွေ ဘာတွေ ဘာသိတာမှတ်လို့။ စက်ဆိုင်နံရံမှာ တော်သလိုလျော်သလို နှီးစနဲ့ထိုးပြီးညှပ်ထားတဲ့ ပြက္ခဒိန်တွေထဲက ကိုယ်ကြိုက်တဲ့ မင်းသမီးဝတ်ထားတဲ့ အင်္ကျီကိုလက်ညှိုးထိုးပြပြီး အဲသာမျိုးချုပ်ပေးတော်လို့ ပြောပစ်ခဲ့တဲ့သူတွေချည်း။ မောင်ဟန်ကြည်တို့ခပ်ငယ်ငယ်ကတော့ “ မောင့်ပက်လက်လန် ” တို့ ဘီဘဲတို့ ခေတ်စားတာမှတ်မိသေးရဲ့။ မောင့်ပက်လက်လန်ဆိုတဲ့ အင်္ကျီစက မှန်သားရောင် ခပ်ကြည်ကြည် အသားမှာ မန်ကျည်းရွက်ပုံစံ အဖတ်ကလေးတွေ အစီအရီ ကပ်နေတဲ့ ဒီဇိုင်း။ အိမ်ရှင်ထီးတွေ မျက်လုံးပြူးပြီး ပက်လက်လန်သွားအောင် ဈေးကြီးလွန်းလို့ အနှီနာမည်တွင်တယ် ထင်တာပါပဲ။ အထိုက်အလျောက် တတ်နိုင်ကြရင်တော့ ဇာလေးဘာလေးဝတ်တာပေါ့လေ။ အလှူ့အမကတော့ အနှီကာလမှာ စတားပေါ့။ သူရို့ကျတော့ တောမြို့လေးနဲ့တင် ဘယ်ကျေနပ်လိမ့်တုန်း။ မန္တလေးပြေးပြီး ပိုးချိတ်တွေဘာတွေ ၀ယ်ကြသပေါ့။ အလှူ့အမ၀တ်တဲ့ ဘယ်ချိတ်ကဘယ်လောက်ပေးရတာဆိုတဲ့ အသံက သည်ကာလမှာ အရေးကြီးပြန်သေးရဲ့။     ။

ဆက်ပါဦးမယ် . . .

( သကလ ၀ဋ္ဋ နဲ့ ရှင်ဥပဂုတ္တမထေရ်နဲ့ ပတ်သက်တဲ့ သတ်ပုံမှားနဲ့ အချက်အလက်အမှားတွေကို စေတနာရှေ့ထားပြီး ပြင်ဆင်ထောက်ပြပေးခဲ့တဲ့ အရှင်ဇနက ( အင်္ဂါမောင် ) ကို အထူးကျေးဇူးတင်ကြောင်း လျှောက်တင်ပါရစေ )

19 comments:

စံပယ်ချို said...

ဆရာရေးတဲ့ချစ်သောအညာ ဖတ်ပြီးမှ အညာရဲ့ ရိုးသားမှုလေးတွေကိုသေချာတွေ့လိုက်ရတယ်
အညာဓလေ့ကိုလဲ မြင်သာတယ်
မောင့်ပက်လက်လန်တော့ ဂျက်လဲမသိဘူးဆရာရေ
ခုမှပဲကြားဖူးတာ
ဆက်ရန်လေးကိုလေးစောင့်နေလျှက်ပါဆရာ

မေဓာဝီ said...

သင်္ကန်းတောင်း ကျက်တယ်ဆိုလို့ ... တခါတုန်းက ဘိလပ်ရှင်ပြုအလှူပွဲမှာ မောင်ရှင်လောင်းလေးတွေကို သင်္ကန်းတောင်းရပြီလားဆိုတော့ ရပြီ ... တဲ့။ ဘယ်လိုတောင်းမလဲ မေးတော့ "ပေး" တဲ့။ :))

အညာမုန့်ထဲမှာ မုန့်ဆီကြော်တော့ မကြိုက်ဖူး။ မုန့်ပေါင်းတော့ ကြိုက်တယ်။ အညာက အမျိုးတွေ လာရင် မုန့်ပေါင်းဝယ်ဝယ်လာတယ်။ ဖက်ကလေးနဲ့ ထုတ်ထားပြီး စားလို့သိပ်ကောင်းတာပဲ။

ဆရာဟန်ရဲ့ အညာမြေဌာနေဟောင်း လွမ်းချင်းကို ဖတ်ပြီး ကျမလဲ သေချာမရောက်ဖူးတဲ့ အညာကို လွမ်းသွားတယ်။
ဆက်လက်ဖတ်ရှုဖို့ စောင့်မျှော်နေပါတယ်။

မေဓာဝီ said...

သင်္ကန်းတောင်း ကျက်တယ်ဆိုလို့ ... တခါတုန်းက ဘိလပ်ရှင်ပြုအလှူပွဲမှာ မောင်ရှင်လောင်းလေးတွေကို သင်္ကန်းတောင်းရပြီလားဆိုတော့ ရပြီ ... တဲ့။ ဘယ်လိုတောင်းမလဲ မေးတော့ "ပေး" တဲ့။ :))

အညာမုန့်ထဲမှာ မုန့်ဆီကြော်တော့ မကြိုက်ဖူး။ မုန့်ပေါင်းတော့ ကြိုက်တယ်။ အညာက အမျိုးတွေ လာရင် မုန့်ပေါင်းဝယ်ဝယ်လာတယ်။ ဖက်ကလေးနဲ့ ထုတ်ထားပြီး စားလို့သိပ်ကောင်းတာပဲ။

ဆရာဟန်ရဲ့ အညာမြေဌာနေဟောင်း လွမ်းချင်းကို ဖတ်ပြီး ကျမလဲ သေချာမရောက်ဖူးတဲ့ အညာကို လွမ်းသွားတယ်။
ဆက်လက်ဖတ်ရှုဖို့ စောင့်မျှော်နေပါတယ်။

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးးးးးးးးးးးးး
ရယ်လိုက်ရတာဗျာ
ဘယ်လိုကြောင့်( မောင့်ပက်လက်လန် )ဖြစ်သတုန်းပေါ့
စက်ချုပ်ဆိုင်မှာ အပျိုတွေအင်္ကျီအပ်တဲ့အကြောင်းကိုဖတ်ရတော့
အိမ်မှာ စက်ချုပ်တဲ့ မမကြီးကို သတိရမိသွားရဲ့

ဆရာရေးထားသလိုပါဘဲ အင်္ကျီအပ်တဲ့သူက နန္ဒာလှိုင်ရဲ့ပုံကို လက်ညှိုးထိုးပြီး ဒီလိုပုံချုပ်ပေးပါ ပြောတာကိုးဗျ.....။

အေးဗျာ...အညာဒေသဆိုတာက အညာသားတွေအတွက်တော့ ရေးလို့ ပြောလို့ လွမ်းလို့ မကုန်နိုင်တဲ့အရပ် ချစ်လို့မ၀ နိုင်တဲ့အရပ်ပေါ့ဗျာ။

Anonymous said...

တော်တော်များများက ခင်ခင်ထူးရေးတဲ. “အညာသူအညာသား ကျမ ဆွေမျိုးများ” ဆိုတဲ. စာအုပ်ထဲကအတိုင်းဘဲနော်။

လွင်ပြင်လှိုင်းငယ် said...

ဆရာရေ အလုပ်တွေများနေလို့ ဒီနေ့မှပဲ
အညာမြေကို နောက်ပြန်လျှောက်ပြီး အေးအေးဆေးဆေး
အညာမြေအရသာကိုခံစားသွားပါတယ် ။

ညိမ်းနိုင် said...

ဆြာကြည်ရေ.....ဧည့်ချစ်တဲ့ အညာသားဆရာ့ဆီတစ်
ခေါက်လောက်တော့ ဧည့်လာလုပ်ဦးမယ်....၊မပျော်သုံး
နှစ်၊ပျော်သုံးနှစ်နော်.... :))))
ဆရာ့ပို့စ်ဖတ်ပြီး အညာမှာ ခြံဝိုင်းတစ်ဝိုင်းလောက်ဝယ်
ပြီးနေလိုက်ချင်စိတ်တောင်ပေါက်ရဲ့....၊အညာဓလေ့၊
အညာစရိုက်လေးတွေက တယ်ချစ်ဖို့ကောင်းတာက
လား......။

Ma Tint said...

အညာသားနဲ့မြေလတ်သားတို့ရဲ့ လုပ်ဟန်လုပ်ကွက်လေးတွေ ထပ်တူညီ နီးပါးပါလား။ ဦးဟန်ကြည်ရဲ့ ချစ်သောအညာ ဆောင်းပါးလေးကနေ ဗဟုသုတတွေအတော်ရသွားတယ် စာရေးကောင်းတော့ ဖတ်ရတာ စိတ်ဝင်စားဘို့ကောင်းတယ်။ တီတင့်ရဲ့ သားနှစ်ယောက်ကို သူတို့အဖေက ပထမဆုံး အကြိမ်ကို ရွာမှာ ရှင်ပြု ရဟန်းခံလုပ်ပေးခဲ့တာဆိုတော့ ဦးဟန်ကြည်ရေးတာတွေနဲ့ ကွက်တိပဲး)ထမင်းစားရုံကြီးတွေ ဆောက်တဲ့ ကာလသားအဖွဲ့ကို တီတင့်ခင်ပွန်းက အာမီရမ်နဲ့ ဧည့်ခံခဲ့တာမှတ်မိသေးတယ်။တစ်ခါက ရေးဘို့စိတ်ကူးသေးတယ် စာဖတ်သူတွေ အိပ်ငိုက်မှာစိုးလို့ မရေးဖြစ်ခဲ့ဘူး ဟိဟိ
ဆက်ရန်လေးကို မျှော်နေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aung Htut said...

ဆရာဟန် ရေးထားတာဖတ်တော့မှ သင်္ကန်းတောင်း ပြန်ဆိုနေမိတယ်... မေ့တေ့တေ့ ဖြစ်နေပြီ။ မုန့်ဆီကြော်ကိုတော့ သိပ်ကြိုက်....

Anonymous said...

ချစ်သောအညာတွေဆက်တိုက်အားပေးသွားပါတယ်ရှင်။
အရေးအသားကလည်းပီပြင်လို့ တကယ်ရောက်နေသလားလို့ ထင်မိတယ်။
အိုင်အိုရာ

ချစ်စံအိမ် said...

ဆရာပိုစ့်လေးဖတ်ပြီ ရွာကိုတောင်လွမ်းသွားတယ် အညာမဟုတ်ပေမဲ့ ရွာစလေ့ပေါ့ ဆရာရယ် တစ်ချို့လည်းမတူဘူးရယ် စောင့်မျှော်လျှက်ပါရှင်..

ဟန်ကြည် said...

ခင်ခင်ထူးရဲ့အညာနဲ့ ဦးဟန်ကြည်ရဲ့အညာက မိုင် ၁၀၀ ကျော်လောက်ဝေးပါသတဲ့ Anon ရေ...သို့ပေမင့် အညာဒေသတွေဆိုတာ ဘယ်လောက်ပဲဝေးဝေး ဓလေ့တွေ စရိုက်တွေကတော့ ကူးလူးဆက်ဆံနေတာကလား...

ဘာပဲဖြစ်ဖြစ် နေ၀င်းမြင့်ကို လေးစားသလောက် ခင်ခင်ထူးကို ဖီလင်မလာတဲ့ ဦးဟန်ကြည်တစ်ယောက် အညာသူအညာသားကျွန်မဆွေမျိုးများကို ရေးလက်စ ချစ်သောအညာ ဆီးရီးစ်တွေပြီးရင် ဖတ်ကြည့်ဖို့တော့ ထုံးတို့ထားလိုက်ပါသဗျား...

Ashin Janaka said...

ဒကာတော် ဆရာဟန်ကြည်ရေ..
ရေးတဲ့စာတွေ အတော်များများ ဖတ်ဖြစ်ပါတယ်။ ဖတ်လို့ ကောင်းသလို ဗဟုသုတလဲ အလွန်ရပါတယ်။ မကြာမကြာလဲ ဖတ်ရင်း ပြုံးမိပါတယ်။ ပြီးတော့ ကလေးတွေရဲ့ ပညာရေးကို အဓိကဦးတည်နေတာ သိရတဲ့အတွက်လဲ အလွန်ဂုဏ်ယူမိပါတယ်။

ဒကာတော်ရေ..
ဒီပို့စ်ထဲမှာတော့ နဲနဲ လွဲနေတာလေးတွေ ပြောပါရစေ။ လွဲနေတာ ဆိုတာထက် ဒကာတော် ပမာဒလေခဖြစ်ပြီး လျပ်တပြက်ရေးလိုက်မိလို့ လွဲနေတာလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ရေးပြီးသားကို ပြန်စစ်ရအောင် အချိန်က မပေးနိုင်ဘူး မဟုတ်လား။

အမှန်က...

သက္ကလ မဟုတ်ပါဘူး။ သကလ ပါ။ အလုံးစုံသောလို့ အဓိပ္ပါယ်ထွက်ပါတယ်။
သက္ကလဆိုတာ ရှေးခေတ် အိန္ဒိယပြည်ထဲက တိုင်းနိုင်ငံတစ်ခုရဲ့ နာမည်ပါ။
နောက်ပြီး
ဝတ္တမဟုတ်ပါဘူး။ ၀ဋ္ဋ (ဋနှစ်လုံးဆင့်)ပါ။ ၀ဋ်ဆင်းရဲလို့ အဓိပ္ပါယ် ရပါတယ်။
ဝတ္တဆိုတာ ကျင့်ဝတ်ကို ပြောတာပါ။ မိဘကျင့်ဝတ် ဆရာကျင့်ဝတ် စသဖြင့်ပေါ့။
(သကလ၀ဋ္ဋဒုက္ခနိဿရဏနိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ၊ အလုံးစုံသော သံသရာဝဋဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရစေခြင်းအကျိုးငှာ)။

နောက်ပြီး
ဝိသုဒ္ဓာရုံ ရှင့်ကျင့်ဝတ်လို့ ရေးမဲ့အစား ၀ိသုဒ္ဓါရုံ ရှင်ကျင့်ဝတ်လို့ ရေးရမယ်ထင်ပါတယ်။ ကြက်သွန်ခွာလိုက် ဆိုတဲ့ နေရာမှာလဲ ကြက်သွန်ခွါလို့ ရေးရမယ် ထင်ပါတယ်။ မြန်မာစာပေထဲမှာ ခင် ဂု ငေါ ဒေါ ပုံ ၀၊ ခြောက်လုံး မောက်ချ (-ါ)ချ။ ဆိုပြီး ဆိုရိုးရှိပါတယ်။ စာရေးမယ်ဆိုရင် ရေးချကို ရေးတဲ့အခါ ခ ဂ င ဒ ပ ၀ အက္ခရာတွေကို မောက်ချ(-ါ) ချရေးရမယ်။ ကျန်တဲ့ အက္ခရာတွေကို ၀ိုက်ချ (-ာ) ချရေးရမယ်လို့ ဆိုရိုးစကား ရှိတာ ကြားဖူးပါတယ်။
မောက်ချ (-ါ)နဲ့ ရေးရမဲ့ အက္ခရာတွေကို ၀ိုက်ချ (-ာ)နဲ့ ရေးမိရင် ကျန်တဲ့ စာလုံးအချို့နဲ့ ခပ်ဆင်ဆင် ရောထွေးတတ်လို့ပါတဲ့။ ဥပမာ။ ခာ (ဆ)။ ဂာ(က)။ ငာ (ထ)။ ဒာ(အ)။ ပာ (ဟ)။ ၀ာ (တ)။
ဒါကြောင့် အဲဒီစာလုံးတွေကို မောက်ချ (-ါ)နဲ့ ရေးရပါမယ်တဲ့။ ဥပမာ။ ခါ ဂါ ငါ ဒေါ ပါ ၀ါ။

မိချောင်းမင်း ရေးခင်းပြသလို ဖြစ်မှာလဲ စိုးရိမ်မိသေးတယ်။ အမှန်ဆို ဦးဇင်းကိုယ်တိုင်လဲ အမှားပေါင်း ထောင်သောင်းပါဘဲ။

နောက် ရှိသေးတယ်။

ရှင်ဥပဂုတ္တမထေရ်မြတ်က ပထမသံဂါယနာခေတ်မှာ ပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ တတိယသံဂါယနာခေတ်ရောက်မှ ပေါ်ပေါက်လာတာပါ။ ပထမသံဂါယနာနဲ့ တတိယသံဂါယနာက နှစ်ပေါင်း ၂၃၅ နှစ်တိတိ ကွာပါတယ်။ ပြီးတော့ သံဂါယနာတင်ပွဲမပျက်အောင် ရှင်ဥပဂုတ္တမထေရ်က ကာကွယ်ပေးခဲ့တာ မဟုတ်ပါဘူး။ အသောကမင်းကြီးရဲ့ ရေတွင်း ရေကန် ကျောင်း စေတီပေါင်း ရှစ်သောင်းလေးထောင်စီကို ရေစက်ချပွဲမှာ အဲဒီပွဲကို မပျက်စီးအောင် ကာကွယ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့လဲ အဲဒီ ရှင်ဥပဂုတ္တမထေရ်အကြောင်း ဦးဇင်းတို့ ထေရ၀ါဒစာပေမှာ မတွေ့ရပါဘူး။ မြောက်ပိုင်းဗုဒ္ဓဘာသာအယူအဆတစ်ခုလို့ ပညာရှင်တွေ သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းလေး ဖတ်ချင်ရင်တော့ ဒီလင့်ခ် http://www.lknt11.com/2009/01/blog-post_22.html ဖတ်နိုင်ပါတယ်။
..

ကဲ.. ဒကာတော်ရေ..
တော်တော်များများတော့ ရေးလိုက်မိပြီ။ ဒကာတော်က တပည့်တွေ အများကြီးရှိတဲ့ ဆရာမို့လို့ အခုလို ရေးလိုက်တာပါ။ ဦးဇင်းတို့လောကမှာ ရယ်စရာလိုလို ဘာလိုလိုနဲ့ ပြောရိုးတစ်ခု ရှိတယ် မဟုတ်လား။ ငရဲပြည်မှာ ဓမ္မကထိကဘုန်းကြီးတွေ တရားသူကြီးတွေ အများကြီးဘဲတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ တရားအမှားဟောမိပြီဆိုရင် တရားနာ ပရိသတ်တွေက အများကြီးမဟုတ်လား။ အားလုံးကို အယူမှားအောင် လုပ်လိုက်သလို ဖြစ်သွားတာကိုး။ နောက်ပြီးတော့ တရားသူကြီးဆိုတာကလဲ အမှုကို အကြောင်းအမျိုးမျိုးကြောင့် အမှားဆုံးဖြတ်လိုက်ရင် အပြစ်အရမ်းကြီးတယ် မဟုတ်လား။ အခု ဒကာတော်ကလဲ ကျောင်းဆရာဆိုတော့။

မဟုတ်မှလွဲရော။ တော်ကြာ ငရဲပြည်မှာ ဦးဇင်းတို့ ဓမ္မကထိကအုပ်စုတွေရယ် တရားသူကြီးအုပ်စုတွေရယ် ဒကာတော်တို့ရဲ့ ကျောင်းဆရာဆရာမ အုပ်စုတွေရယ် သွားဆုံကြရင် မကောင်းပေဘူး မဟုတ်လား။း)))

ကဲ ဒကာတော်ရေ.. ဦးဇင်းမှားရင်လဲ ပြင်ပေးပါ။ လူသားတိုင်း အမှားမကင်းနိုင်ကြဘူး မဟုတ်လား။ တစ်ယောက်မှားရင် တစ်ယောက်ကပြင်ပေး၊ တစ်ယောက် လွဲနေရင် တစ်ယောက်က တည့်မတ်ပေးနဲ့ အတူတူ ချီတက်ကြတာပေါ့။

ဒကာတော်.. ရွှင်လန်းချမ်းမြေ့ပြီး လောကကောင်းကျိုး များများ ဆောင်ရွက်နိုင်ပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်တို့ကတော့ အညာတစ်ခွင် ပြဲပြဲစင်.. အဲလေ.. ဖြစ်ကြောင်းကုန်စင် ဖွင့်ဟနေပါပေါ့လား။ တစ်ခါထဲနဲ့ အညာအကြောင်း အပြည့်အစုံသိခွင့်ရတာကိုက သူကြီးမင်းတို့ ကံကောင်းလှပြီ။ ဒေသကွဲတော့ အသုံးအနှုန်းလေးတွေ ကွဲလွဲနေတာလေးကိုက တစ်မျိုး ချစ်ချင်စရာလေး။
ဒါနဲ့.. ဟို မောင့်ပက်လက်လှန်ဆိုတာလေး သဘောကျပါ့။

အင်း ဆရာဟန်လဲ ဒီတစ်ခါတော့ အပိုင်း ၅ တောင် ရောက်လာပြီကော။ ပထမ သူကြီးသားပေါက်ကြီး လိုများ တစ်နေမလားလို့ စိုးတထိတ်ထိတ်ရယ်။ ချစ်သောအညာကတော့ အဆုံးအထိ အခုလို ဖီလင်လေးနဲ့ ဖြေးဖြေးမှန်မှန် သွားမယ်ထင်ပါရဲ့။ ဒါပေမဲ့ ပေါက်ကြီးသားကိုလဲ မမေ့နဲ့ဦးနော် ဆရာ။ အဲဒါလေးလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာပါ။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့... သည့်ထက်တောင် ပိုသေးဘုရား။း)

ကူးကူးလှိုင် said...

ဆရာဟန်ရေးတဲ့ ချစ်သောအညာကို ဖတ်ပြီး အရမ်းသဘောကျပါတယ် နောက်အပိုင်းလေးတွေလဲ မျှော်နေပါတယ်.. Ashin Janaka ရဲ့ ကွန်မန့်ကြောင့်လဲ ဗဟုသုတတွေများကြီး ရသွားပါတယ်ရှင်...

ဟန်ကြည် said...

အရှင်ဇနကဘုရား...

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကို ကျေးဇူးတင်တဲ့အကြောင်း ပထမဦးစွာ လျှောက်ပါရစေ...အကိုးအကားနဲ့တကွ ကျကျနန ထောက်ပြပေးတဲ့ ဘုန်းဘုန်းရဲ့ စေတနာကိုလည်း အတိုင်းအဆမရှိ လေးစားဦးတင်မိပါတယ်...

“ သကလ ၀ဋ္ဋ ”ကို အလွဲကြီးလွဲသွားတာ တပည့်တော်ရဲ့ နမော်နမဲ့နိုင်မှုပါဘုရား...မှားမယ်လို့ ထင်ပေမယ့် သေချာအောင် ပြန်မကြည့်မိတဲ့ အပြစ်လို့ပဲ ပြောရတော့မှာပဲ...နောက်တစ်ခါဆိုရင်တော့ အကိုးအကားကို သေချာကျနအောင် ကြည့်ရှုရှာဖွေပြီးမှ ရေးတော့မယ်လို့ ကတိပေးပါတယ်...

ဝိသုဒ္ဓာရုံ ကတော့မူရင်း စာအုပ်မှာ မောက်ချ (ါ ) နဲ့ ရေးထားပေမယ့် ဘ၀င်မကျတာကြောင့် ပြောင်းလိုက်တာပါ...ကြက်သွန်ခွာ မှာလည်း သည်အတိုင်းပါပဲဘုရား... မြန်မာစာဖွဲ့ထုံးအရ “ ခ၊ဂ၊င၊ဒ၊ပ၊၀ ” စတဲ့ စာလုံးတွေကို မောက်ချ ( ၀ိုက်ချ ) နဲ့ ရေးဖို့ သတ်မှတ်ထားတာ မှန်ပါတယ်ဘုရား...သို့ပေမင့် လုံးထပ်ရေးရာမှာတော့ မှားယွင်းပြီး ဖတ်မိစရာ အကြောင်းမရှိတဲ့အတွက် ရေးချ (ာ ) နဲ့ပဲ ရေးထုံး ရှိပါတယ်...အနှာကြောင့် ကြက်သွန်ခွာဆိုတဲ့ စာလုံးပေါင်းကို “ ခွါ ” လို့မပေါင်း တော့တာပါ...

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို အောက်မှာ ညွှန်းလိုက်ပါတယ် အရှင်ဘုရား...

http://myanmarwords.pikay.org/2008/12/kha-kway.html

ရှင်ဥပဂုတ္တမထေရ်နဲ့ ပတ်သက်ပြီးလည်း တပည့်တော် ပြန်ဖတ်လိုက်ပါပြီဘုရား...သီရိဓမ္မာ သောကမင်းကြီးကို ဘုရားခေတ်နဲ့ ရောထွေးသွားတဲ့ တပည့်တော်ရဲ့အမှားကိုလည်း မြင်မိပါတယ်...သာသနာရေးကိစ္စမှာ မလျော်မကန်ဖြစ်သွားတာကို အနူးအညွတ်တောင်းပန်လိုက်ပါတယ်...

ဓမ္မကထိကရယ်...တရားသူကြီးရယ်...ကျောင်းဆရာရယ် အနှီသုံးမျိုးမှာ တပည့်တော်တို့က ငရဲကို အရင်များ သွားကြရမလား မသိပေါင်ဘုရား...ဘာဖြစ်လို့လဲဆိုတော့ စိတ်အလိုမကျတာတွေ...ဒေါသတွေနဲ့ နေ့ရှိသရွေ့ နပမ်းလုံးနေရတာကိုးဘုရာ့...

အခုလို ကျကျနန ထောက်ပြဆွေးနွေးပေးတဲ့ ဘုန်းဘုန်းကို ကျေးဇူးတင်ပါတယ်...နောက်နောင်မှာ အများတွေရှိရင်လည်း အခုလိုမျိုး စိတ်ရှည်လက်ရှည် ထောက်ပြဆွေးနွေးပေးဖို့ တောင်းဆိုပါရစေ...

ဘုန်းဘုန်း အစစအရာရာ အဆင်ပြေပါစေ...

Angelhlaing(May everybody be happy and healthy! said...

အကိုရေ... ချစ်သော အညာကို အပိုင်းအလိုက် ဖတ်မိတော့ ဆရာမ ခင်ခင်ထူးရဲ့ သုံးလွန်းတင် စာအုပ်ကို သတိရသွားတယ်၊ အကိုလည်း အပိုင်းတွေနဲ့ဆိုတော့ စာအုပ်ထုတ်မယ်ဆို ထုတ်လို့ရနေပြီ...နော်အကို :)

Anonymous said...

ဒကာတော်။
အခုလို ထပ်ဆင့်ကွန်မင့်ပြန်ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ်လဲ အကျိုးရှိပါတယ်။ အမှတ်မထင်မှားခဲ့တဲ့ အမှားလေးတွေကို ထောက်ပြပေးတာကို ကျေနပ်ပျော်ရွှင်စွာ လက်ခံပေးတဲ့အတွက်လဲ အထူးလေးစားမိပါတယ်။

ဝိုက်ချ မောက်ချ ကိစ္စအတွက် ဒကာတော်ရှင်းပြပေးတာကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ဒကာတော်ပြောမှဘဲ လုံးထပ်ရေးတဲ့ အခါမှာ မောက်ချ ချရေးတဲ့ အလေ့အထကို ပြန်အမှတ်ရစေတယ်။ အခုလို အချင်းချင်း အသိဖလှယ်ရတာ အလွန်အကျိုးများပါတယ်။

ဒါနဲ့ ဒကာတော် ဘယ်လိုမှတော့ မထင်ပါနဲ့။ ဒကာတော် ရေးထားတဲ့...

အနှီဓလေ့က ပထမသင်္ဂါယနာတင်တဲ့ အချိန်ကို ပြန်သတိရမိအောင် လုပ်နေသလို။

ဆိုတဲ့ ၀ါကျကလေး အခုထက်ထိ ရှိနေသေးလေရဲ့။ အဲဒီဝါကျအစား အသောကမင်းကြီးရဲ့ ပွဲတော်ကို ညွန်းဆိုတဲ့ ၀ါကျဆို ပိုများ သင့်လျော်လေမလားလို့။
..

ဒကာတော်ကို ကျေးဇူးတင်ပါတယ်။ အခု ဒီဝိုက်ချ မောက်ချ အကြောင်းလေးကိုဘဲ ပို့စ်တစ်ခု တင်ဖြစ်လိုက်တယ်။ အားလပ်ရင် လာရောက်ဖတ်ရှုပြီး ပြင်ဆင် ထည့်သွင်း နှုတ်ပယ်ရမဲ့ အကြောင်းအရာလေးများတွေ့ရင် အသိပေးပြင်ပေးပါဦးလို့ တောင်ဆိုပါတယ်။

ဒကာတော် ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။

Ashin Janaka said...

ဒကာတော်ရေ...
အချိန်လုပြီး ကောန်မင့်တ်ကို အခုလို ထပ်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ ၀ိုက်ချ မောက်ချ ကိစ္စကိုလဲ ဒကာတော် အသိပေးမှဘဲ လုံးထပ်တွေမှာ မောက်ချအစား ၀ိုက်ချကိုသာ သုံးလေ့ရှိတာကို အမှတ်ပြုမိတော့တယ်။ အခုလို အချင်းချင်း ဖလှယ်ရတာ အတော်လေး အကျိုးများပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဇင်း ပို့စ်တစ်ပုဒ် တင်လိုက်ပါတယ်။ အမှတ်တရ အနေနဲ့ပေါ့။ ၀ါသနာပါတဲ့ သူတွေလဲ ဖတ်ရတာပေါ့။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ၀ိုက်ချနဲ့ မောက်ချအကြောင်းပါဘဲ။ ဒကာတော် အားလပ်ရင်တော့ ထပ်ဖြည့်စွက်စရာရှိတာကို အကြံလာပေးဦးပေါ့။ ကြိုဆိုပါတယ်။

ဒါနဲ့... စိတ်တော့ မရှိပါနဲ့။
ဒကာတော် ပို့စ်ထဲမှာ...

အနှီဓလေ့က ပထမသင်္ဂါယနာတင်တဲ့ အချိန်ကို ပြန်သတိရမိအောင် လုပ်နေသလို။

ဆိုတဲ့ ၀ါကျလေးက ဒီအတိုင်း ကျန်ရစ်နေလေသေးရဲ့။ အဲဒီဝါကျအစား အသောကမင်းကြီးရဲ့ အလှူပွဲနဲ့ သက်ဆိုင်မဲ့ ၀ါကျကလေးသာ ဆိုရင် ပိုပြီးများ လျော်ကန်လေမလားလို့။

ဗဟုသုတစာပေတွေ များများ ရေးနိုင်ပါစေ။

ကြိုက်ရင်ပေါ့လေ . . .