Tuesday, 12 February 2013

ချစ်သောအညာ ( ၄ ) . . .



တာဝန်ကျေ စပါးသွင်း၊ စပါးပေးယူထားတဲ့ အကြွေးတွေဆပ်ပြီးရင်တော့ ကျီထဲမှာ ကျန်တဲ့စပါးဟာ လယ်သမားရဲ့ တစ်နှစ်တာ လုပ်အားခပေါ့လေ။ ဘာပဲဖြစ်ဖြစ် အနှီကာလကတော့ အညာရွာတွေမှာ ဆိုင်းသံဗုံသံတွေ ဆူဆူညံတဲ့ကာလ။ အလှူပွဲတွေ ခြိမ့်ခြိမ့်သဲပြီး ထမင်းရည်တွေ ချောင်းစီးတဲ့ ကာလကြီးပေါ့။ ဟိုရွာသည်ရွာ အလှူကြီးပြိုင်ကြတဲ့ ကာလကြီးဆိုရင်လည်း မမှားပေဘူးပေါ့။ အလှူပွဲတွေထဲမှာ အညာတောအလှူဟာ ပျော်စရာ အကောင်းဆုံးလို့ ဦးဟန်ကြည်ထင်ပါရဲ့။ အနှီလိုပြောလို့ ဒေသစွဲစိတ်နဲ့ လိုရာဆွဲပြောတယ်လို့လည်း မထင်လေနဲ့။ အညာသားရဲ့ အညာသွေး၊ အညာဗီဇက တောအလှူတွေမှာမှ အထင်းသားပေါ်တာ ပြောမယုံ ကြုံဖူးမှ သိကြမှာပ။

ရွာတစ်ရွာမှာ အလှူရှိတယ်ဆိုရင် အလှူမတိုင်ခင် တစ်လကိုးသီတင်းလောက်ကတည်းက တစ်ရွာလုံး အုံးအုံးကြွက်ကြွက် လှုပ်ရှားကြရော။ ကာလသား၊ ကာလသမီးတွေကလည်း မြို့တက်ပြီး အင်္ကျီအ၀တ်အစား ၀ယ်တဲ့လူဝယ်၊ စက်ဆိုင်မှာ အပ်တဲ့လူအပ်။ လူကြီးပိုင်းကလည်း လုပ်စရာကိုင်စရာရှိတာတွေကို ပြင်ကြဆင်ကြ။ ကလေးတွေကလည်း မြူးကြပျော်ကြ၊ တစ်ရွာသားနဲ့ တစ်ရွာသားဆုံရင် ငါတို့ရွာက သည်နွေမှာ ဘယ်နှစ်လှူ၊ မင်းတို့ရွာက ဘယ်နှစ်လှူဆိုတာ ပြိုင်ကြရတာ အမော။ အလှူဆိုတာက အညာအသုံးအနှုန်းနဲ့ ပြောရရင် အလှူလေးနဲ့ အလှူကြီးဆိုပြီး နှစ်မျိုးရှိသေးတာရယ်။ အလှူလေးဆိုတာကတော့ ထမင်းတစ်နပ်ကျွေးပြီး ဆိုင်းတွေဝိုင်းတွေမပါဘဲ လောက်စပီကာ ( အညာခေါ် လော်စပီကာ ) ဖွင့်ပြီး အကျဉ်းရုံး သင်္ကန်းစည်းပေးတဲ့ပွဲ။ အလှူကြီးကတော့ ထမင်းသုံးနပ်အနည်းဆုံးကျွေးပြီး ဆိုင်းတွေ၊ ဘိသိတ်တွေနဲ့ ကြီးကြီးကျယ်ကျယ် ၀ှဲချီးကျင်းပတဲ့ပွဲကြီး။ တော်ရုံတောင်သူ အနားမကပ်နိုင်ဘဲ လယ်ဧက လေးငါးခြောက်ဆယ်ပိုင်တဲ့ တောင်သူကြီးတွေ လုပ်လေ့ရှိတဲ့ အလှူကြီးမျိုး။ ရွာတစ်ရွာမှာ အလှူကြီးတစ်ခုရှိပဟေ့ဆိုရင် တစ်ရွာလုံးကို မြူးလို့ရွှင်လို့။ မလိုတမာစိတ်ရှိတယ်လို့လည်း မကြားဖူးပေါင်။ မုဒိတာပွားပြီး   ပီတိဖြစ်နေကြတာချည်း။

အလှူလေးမှာက ဗူးသီးနဲ့ဝက်သား သားပြွမ်းကျွေးတာကများတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အကုန်အကျ နည်းတာကိုး။ ဗူးသီးနဲ့ဝက်သားသာဆိုတယ် ပြောရရင် ဧက ၂၀ လောက်ကျယ်တဲ့ ဗူးခင်းကြီးထဲမှာ ငါးပိဿာလောက်ပဲ အချိန်စီးမယ့် ၀က်ပေါက်ကလေးတစ်ကောင် ဖြတ်ပြေးသလောက်ပဲ ရှိတာကလား။ လက်ဦးတဲ့လူက အမြန်နှိုက်ဆယ်နိုင်ပါမှ ပါလေကာ ၀က်သားဖတ်ကလေး ထမင်းပန်းကန်ထဲရောက်မယ်။ လက်နှေးတဲ့လူများကတော့ ဟင်းချိုပန်းကန်ထဲ ရေငုပ်ရှာမှ ၀က်သားဖတ် မြင်ရမယ့်ကိန်း။ အရံဟင်းကတော့ ပဲတီချဉ်သနပ်၊ ပဲကြီးနှပ်နဲ့ ငရုတ်သီးအတောင့်ကြော်တွေ အကျွေးများတာ သတိထားမိပါရဲ့။ အလှူကြီးမှာတော့ ငါးခြောက်ထောင်းကြော်၊ ပဲတီချဉ်သနပ်၊ မှန်ရောင်ဟင်းချို၊ ပဲကြီးနှပ်၊ ငရုတ်သီးတောင့်ကြော်တွေ အကျွေးများတာပါပဲ။ အနှီမှာ မှန်ရောင်ဟင်းချိုဆိုတာက ရေထဲမှာ ကြက်သွန်ဖြူ၊ နီနဲ့ ပုစွန်ခြောက်ကလေး ပါလေရုံခပ်ပြီး ပန်းကန်ပေါ်မှာ ဆီကလေးတွေ ဝေ့ရုံဝေ့နေတဲ့ ဟင်းချိုကို ခေါ်တာရယ်။ သူ့အရောင်က ကြည်ကြည်လင်လင်ဆိုတော့ အညာထုံးစံအတိုင်း မှန်ရောင်ဟင်းချိုလို့ နာမည်ပေးထည့်လိုက်တာ မပိုင်လားဗျာ။ အလှူတစ်ခုမှာတော့ ငါးခြောက်နဲ့ အုန်းနို့နှပ်ပြီးကျွေးတာ တုတ်ခဲ့ဖူးပါရဲ့။ အညာသားကတော့ ဘာစားစား မမြိန်ဘူးဆိုတာကို မရှိတာ။ ဗူးသီးဟင်းချိုဆိုလည်း တရှူးရှူးနဲ့ သောက်ထည့်လိုက်ကြတာ အညာလေနဲ့ ပြောရရင် “ လှေထိုးတဲ့အတိုင်း ” ပေါ့။

သည်ဘက်နယ်က မိတ်ဆွေတစ်ယောက်က သူအညာရောက်တုန်းက အလှူမှာ ငါးခြောက်ထောင်းကြော်ကျွေးတာကို တအံ့တသြနဲ့ လာပြောတော့ ဦးဟန်ကြည် ပြုံးမိသေးရဲ့။ သူ့အထင်က ကပ်စေးနှဲလို့ ငါးခြောက်ကျွေးတယ်ထင်တာကိုး။ ငါးခြောက်ထောင်းကြော်က သူဌေးမှ ကျွေးနိုင်တာ ကိုယ့်ဆရာလို့ ရှင်းပြလိုက်တော့မှ အနှီပုဂ္ဂိုလ် ပါးစပ်အဟောင်းသားကို ဖြစ်လို့။ ဘာကြောင့်လဲဆိုတော့ မိုးခေါင်ရေရှား အထက်အညာဒေသမှာ ငါးကြီးခြောက်ဆိုတာ ရွှေလောက်ရှားတာကိုး။ သည်ကြားထဲမှာ ငါးခြောက်ဆိုတာမျိုးက ဆီထည့်ရင် ထည့်သလောက် ၀င်သေးတာရယ်။ ဆီများလေ စားကောင်းလေဆိုတာမျိုး။ ငါးခြောက်အကောင်ကြီးတွေကို ပြုတ်၊ အသားနွှင်၊ ခုတ်စဉ်းပြီး ကြက်သွန်နီနဲ့ရောကြော်တဲ့ အညာစတိုင် ငါးခြောက်ကြော်မျိုးကို သတိရလွန်းလို့ ကိုယ့်ဖာသာ အိမ်မှာ ကြော်စားကြည့်ရင် အလှူမှာ စားရသလောက် မစွဲပေါင်ဗျာ။ အလှူငါးခြောက်ကြော်က ဒယ်အိုးကြီးတွေနဲ့ ကြော်တဲ့ “ ဒယ်ကြီးချက် ” ဆိုတော့ ပိုကောင်းတယ်လို့တော့ မေမေက ရှင်းပြဖူးပါရဲ့။ အနှီတော့ မောင်ဟန်ကြည်တို့မှာ ဒယ်ကြီးချက် စားရဖို့အရေး ငါးခြောက်ထောင်းကြော်ကျွေးမဲ့ အလှူကြီးကို နွေရောက်တိုင်း မျှော်ရတာမှ မောလို့။

အလှူတစ်ခုပေးတော့မယ်ဆိုရင် အလှူ့ရှင်၊ အလှူ့အမက သက်ကြီးဝါကြီး အတွေ့အကြုံများတဲ့လူတွေနဲ့ ကြိုတင်တိုင်ပင်ကြရတာရယ်။ သူရို့ကမှ ထောင့်စေ့ကို လမ်းညွှန်နိုင်တာကိုး။ အညာက သက်ကြီးဝါကြီးတွေဆိုတာ တကယ့်ကို အပူဇော်ခံ၊ အားကိုးအားထားရာတွေ။ မြို့ပြတွေမှာ သေခါနီး ဖွဲတစ်ဆုပ်တောင် မနည်းချီနေရတဲ့ အရွယ်တွေ အနှိပ်ခန်းသွား၊ ဘီယာချ၊ ကီပင်ထားနေကြတာတွေမြင်တိုင်းမြင်တိုင်း အညာက သက်ကြီးဝါကြီးတွေကို ဦးဟန်ကြည် စိတ်ကူးနဲ့မှန်းပြီး ဦးချမိတာ အခါခါ။ အလှူအစည်းအဝေးတွေမှာ ကာလသားခေါင်း၊ ကာလသမီးခေါင်းတွေပါ ပါပြီးသား။ အလှူအတွက် ထင်းခွေဖို့၊ ရေခပ်ဖို့ သူရို့ဖာသာ တာဝန်ခွဲသွားလိုက်ကြတာမှ ထောင့်ကိုစေ့လို့။ အလှူထင်းအတွက် လိုအပ်ရင် ကိုယ့်အိမ်ကိုယ့်ခြံထဲက သစ်ပင်ကြီးတွေကို စိတ်ကြိုက်ခုတ်ယူခွင့်ပြုပြီး ဒါနအကူပါကြတာကိုက ချစ်စရာ အညာဓလေ့။ အနှီလို ခုတ်လို့ထစ်လို့မှ မလောက်သေးရင် ကာလသားတစ်အုပ် လှည်းကိုယ်စီပြင်ပြီး တောခြေတက် ထင်းခုတ်ပေးကြသေးတာ။ အလှူအတွက် ငွေအားမတတ်နိုင်ကြရင်တောင် နိုင်တဲ့ဘက်က လူအားပါဝင်ခွင့်ရရင်ကို ပျော်ပျော်ကြီး ကျေနပ်ကြတာ ဘယ်မှာမှ မတွေ့နိုင်တဲ့ ချစ်စရာ အညာဓလေ့။ မြစ်နားချောင်းနားနီးတဲ့ ရွာတွေမှာတော့ အလှူမတိုင်ခင်ကတည်းက သဲသောင်ပြင်ထဲမှာ ပဲတီတွေ အပင်ဖောက်ဖို့ပျိုးထားတာက ရွာက သက်ကြီးဝါကြီးတွေရဲ့ တာဝန်။ ရွာဘုံပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ခွက်ယောက်တွေ၊ အိုးတွေ၊ ဒယ်တွေက ရွာဦးကျောင်းမှာ အဆင်သင့်။ ပွဲနီးလာတာနဲ့ ကာလသားတွေ သွားပြုသယ်ပြီး ဆေးလိုက်ကြောလိုက်ကြရုံနဲ့ အိုခေ။ အနှီလိုမှ မလောက်သေးရင် ရွာနီးချုပ်စပ်က ဘုန်းကြီးကျောင်းတွေမှာ သွားငှားလိုက်ရုံ။

သည်ကြားထဲမှာ ကွမ်းတောင်တွေထိုးဖို့ပြုဖို့ကိစ္စကို ကာလသမီးခေါင်းက စီစဉ်ထားပြီးသား။ အနှီဖက်ကွမ်းတောင်ထိုးတဲ့ အလုပ်ကလည်း သူ့ကျွမ်းကျင်မှုနဲ့သူ။ အလှူလှည့်ရာမှာ သုံးမယ့် တံခွန်တွေ ကုက္ကားတွေ ကိုက်ဖို့ညှပ်ဖို့က သက်ကြီးဝါကြီးတွေရဲ့ အခန်းကဏ္ဍ။ မဏ္ဍပ်ထဲမှာ ထိုင်ကြနားကြဦးမယ့် အလှူပွဲလာ ပရိသတ်ကို ဧည့်ခံဖို့ ငှက်ပျောသီးတွေ မှည့်အောင်အုပ်ဖို့ကလည်း ရှိသေး။ အနှီအလုပ်ကလည်း ကြိုကြိုတင်တင် လုပ်ထားရသေးတာ။ အလှူရက်နဲ့ကိုက်ပြီး ငှက်ပျောသီးမှည့်ဖို့ဆိုတာကလည်း နားလည်တဲ့လူက စီစဉ်ပေးရတဲ့ ကိစ္စ။ လက်ဖက်တို့ ဂျင်းတို့ကိုလည်း မေ့ထားလို့ မဖြစ်ပြန်။ မြင်းခြံနယ်ကထွက်တဲ့ သနပ်ဖက်ဆေးလိပ်တွေလည်း အစည်းပေါင်းရာချီပြီး မှာထားမှ။ ဘာကြောင့်လဲဆိုတော့ အလှူမှာ အကူငွေထည့်တဲ့ မိတ်ဆွေတွေကို ဆေးလိပ်ပြန်ကမ်းပေးရဦးမှာကိုး။ မောင်ဟန်ကြည်တို့ အလှူပေးတုန်းကတော့ ငွေငါးကျပ်အကူငွေထည့်ရင် ဆေးလိပ်တစ်လိပ် ပြန်ကမ်းတာ မှတ်မိပါရဲ့ ။ ဒါတင်မကသေးဘဲ အလှူယပ်တောင်ကိုလည်း မြို့ထဲက ယပ်တောင်လုပ်ငန်းမှာ ကြိုကြိုတင်တင် အပ်ထားရသေးတာ။ အညာကြိုက်ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေ လိပ်ထားဖို့ကိုလည်း မလစ်ဟင်းစေရ။ ဘာဖြစ်လို့လဲဆိုတော့ အလှူပွဲလာ အဘိုးကြီးအမယ်ကြီးတွေက ပြောင်းဖူးဖက်ဆေးလိပ် တစ်တောင်လောက်ကြီးတွေကို ခဲရမှ အာသာပြေကြတာကိုး။ အနှီတော့လည်း ခုတ်စဉ်းထားတဲ့ ဥနှဲသားကို ဗာဂျီးနီးယားဆေးနဲ့စပ်ပြီး ချိုပြင်းရှဖြစ်အောင် ပျားရည်ကလေးတောက်ထားတဲ့ ပြောင်းဖူးဖက်ဆေးစပ်ကောင်းကောင်းရဖို့ အညာသူ အမယ်ကြီးတွေ လုံးပမ်းကြရပြန်ရော။

ဒါတင်မကသေးပဲ မြို့ကဧည့်သည်တွေကို ဖိတ်ဖို့ကြားဖို့ အလှူဖိတ်စာရိုက်ရမယ့် ကိစ္စကလည်း ရှိသေး။ ဖိတ်စာမှာ ပါသင့်ပါထိုက်တဲ့ ဆွေမျိုးတွေလည်း စုံစုံလင်လင် ထည့်ဦးမှ။ ဟိုအမျိုးပါပြီး သည်အမျိုးမပါခဲ့ရင် အငြိုငြင်ခံရဖို့က သေချာပြီးသား။ အလှူဖိတ်စာတို့ မင်္ဂလာဖိတ်စာတို့ဆိုတာ အညာသားတွေအတွက် ဆွေမျိုးတောင့်ကြောင်း ကြွားစရာ၊ ၀ါစရာ နေရာတစ်ခု။ ထည့်ရမယ့် ဆွေမျိုးစာရင်းတွေ နေရာကျရင် ဖိတ်စာကောင်းကောင်းရေးတတ်တဲ့ ရွာက စာတတ်ပေတတ် ပညာရှိဆီကို ချဉ်းကပ်ပေရော့။ သူတို့ကမှ စာသံပေသံပေါက်အောင် တဖွဲ့တနွဲ့ ရေးတတ်ချွတ်တတ်ကြတာကိုး။ “ အသရေမညှိုးတဲ့ ပေတိုးရွာက၊ နောင်အကျိုးမြော်သည့် မောင်ဖိုးထော်၏ တူ …ဘာညာကွိကွ ” နဲ့ ရေးမှသားမှ သဘောကျကြတာကလား။ အနှီလိုမဟုတ်ဘဲ တုံးတိတိနဲ့ ရေးထားလို့ကတော့ မင်းတို့ရွာမှာ စာတတ်ပုဂ္ဂိုလ် အနှီလောက် ရှားရသလားလို့ စကားတင်းဆိုခံရဦးမှာကလည်း သေချာရဲ့။ သို့ပေမင့် သည်ဘက်ခေတ်ရောက်တော့လည်း ဆီလျော်တဲ့ စကားပြေနဲ့ပဲ ရေးကုန်ကြတာ များတာပါပဲ။

ဖိတ်စာကိစ္စစီစဉ်နေတုန်းမှာ လည်လည်ပတ်ပတ်ရှိတဲ့ ရွာသားတစ်ချို့နဲ့ အလှူ့ရှင်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ယောက်က မြို့တက်ပြီး ဆိုင်းတို့ ဘိသိတ်တို့က ငှားကြရသေးတာ။ အနှီကာလကတော့ ဆိုင်းဆရာတွေ ဘိသိတ်ဆရာတွေ တယ်ပဏ္ဍာစားတဲ့ ကာလ။ အူစိုတဲ့ ရာသီတွေပေါ့လေ။ ဆိုင်းကလည်း နာမည်ကြီးရင် ကြီးသလို ဈေးကခေါ်သေးတာရယ်။ ကိုယ်လိုချင်တဲ့ရက်နဲ့ ဆိုင်းဆရာပေးနိုင်တဲ့ရက် အဆင်ချောဖို့ တစ်ချို့များဆိုရင် သုံးလေးလလောက်ကတည်းက ကြိုပြုပြီး ဆိုင်းငှားကြရသေးတာ။ အလှူ့ရှင်ခမျာလည်း ငွေကုန်ကြေးကျခံပေမယ့် ကိုယ်ငှားတဲ့ဆိုင်းက ရွာကကြိုက်တဲ့ဆိုင်းဖြစ်ဖို့ အတော်ဦးစားပေးရသေးတာ။ များသောအားဖြင့်တော့ ရွာကလူကြီးတွေက ဘယ်ဆိုင်းဘယ်ဆိုင်းတော့ ကောင်းသကွာလို့ လမ်းညွှန်တာကိုပဲ လိုက်နာကြရတာ များပါရဲ့။ အလှူနားကပ်လို့ ဖုတ်ပူမီးတိုက် ဆိုင်းသွားငှားလို့ကတော့ ဆိုင်းဆရာလုပ်တဲ့လူက ဆိုင်းပွဲရှိတဲ့ရက်တွေကို ကြက်ခြေတွေ ခြစ်ထားတဲ့ သူ့ပြက္ခဒိန်ကြီး တလှန်လှန်လုပ်တာနဲ့တင် ဆိုင်းငှားတွေခမျာ မျက်စိပျက် မျက်နှာပျက်။ ဆိုင်းကိစ္စ ရင်အေးရရင် ဘိသိတ်ဆရာဆီပြေး။ ဘိသိတ်ကလည်း အာဝဇ္ဇန်းကောင်းကောင်းနဲ့ ကျအောင်ပြောနိုင်မှ အဆင်ပြေတာကလား။ ရိုးရိုးဘိသိတ်ဆရာမဟုတ်ဘဲ နာမည်နောက်မှာ BA တို့ B.Sc တို့ အမြီးငုတ်တုတ်ပါတဲ့ မြို့ကြီးပြကြီးက ဘိသိတ်ဆရာမျိုးသာဖြစ်ရင် အညာသားတွေ မနောကိုခွေ့လို့။

တစ်ချို့တတ်နိုင်တဲ့ အလှူ့ရှင်များကျတော့ အလှူလှည့်တာကိုတောင် ရိုးရိုးမလှည့်ဘဲ ၀င်းခင်းကြသေးတာ။ ၀င်းကလည်း မင်းညီမင်းသားတွေပုံစံ ၀တ်ဆင်ပြီး လှည့်တဲ့ “ ရာဇာဝင်း ” တို့ နတ်တွေသိကြားတွေပုံစံဝတ်ပြီးလှည့်တဲ့ “ ဒေ၀ါဝင်း ” တို့ဆိုပြီး ခွဲထားလိုက်သေး။ ရာဇာဝင်းမှာတောင်မှ “ ပုဂံဝင်း ” “ ကုန်းဘောင်ဝင်း ” ဘာဘာညာညာ ခေါင်းစဉ်ခွဲတွေက ရှိသေး။ အလှူ့ရှင်စိတ်ကြိုက်ဝင်းကို ရွေးပြီးရင် အ၀တ်အစားငှားတဲ့ လုပ်ငန်းမှာ စရံသတ်ထားမှ။ အနှီဝင်းခင်းတဲ့ ကိစ္စကျတော့ အ၀တ်အစားကို အလှူ့ရှင်က တာဝန်ယူပြီး မိတ်ကပ်ဘာညာကတော့ ရွာသူရွာသားတွေ ကိုယ့်တာဝန်ကိုယ်ယူကြပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရွာ၊ ကိုယ့်အလှူကို တတ်နိုင်သမျှ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်တယ်ဆိုရင်ကို အညာသားက ပျော်ပြီးသား။ မောင်ရှင်လောင်းတွေ ၀တ်မယ့်ဆင်မယ့် ဗောင်း၊ နားတောင်းတွေ လက်ကြပ်တွေပါတဲ့ မင်းဝတ်မင်းစားတွေနဲ့ နားသမယ့် သမီးတွေ ၀တ်ဖို့ မလိက္ကာတန်ဆာတွေကိုလည်း မေ့လို့မဖြစ်ပြန်။ အလှူ့ရှင်နဲ့ ရှင်လောင်းတွေအတွက် မြို့က မိတ်ကပ်ဆရာကိုလည်း ကြိုကြိုတင်တင် ငှားထားဦးမှ။ ဓာတ်ပုံဆရာကိုလည်း မကျန်စေနဲ့ဦး။ ဖြစ်နိုင်ရင် ဗီဒီယိုသမားလေးလည်း ပါမှ။     ။

ဆက်ပါဦးမယ် . . .

11 comments:

Aung Htut said...

ဆရာရေ... အညာအလှူကို ကိုယ်တိုင်ရောက်သွားသလိုပါပဲလား.... ဗိုက်တောင်ဆာလာပြီ... ၀က်သား ဗူးသီးဟင်းဆိုလို့...

သြော်... စကားမစပ် Mouse Pointer လေးက တွန့်သွားသနော်.... :P

ဟန်ကြည် said...

ကိုအောင်ထွဋ်ရယ်...
ပွိုင်တာလေး အနှီလို တွန့်ဖို့အရေးကို နှစ်နာရီလောက်ကြာအောင် ကြိုးစားထားရသဗျ...သေချာကြည့်ရင် လေတံခွန်လေးနဲ့ မတူဘူးလား...

Aung Htut said...

ဟုတ်ပ.. ဟုတ်ပ.. ဆြာ... ခုမှ သေချာကြည့်တော့ လေတံခွန်လေနဲ့ တူသပ။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်လဲ အညာပြန်ပြီး ရပ်မိရပ်ဖ လုပ်လို့ ရပြီ။း) ဒီလောက် အကွက်စေ့စေ့ မြင်တတ်တာကိုက လူကြီးဂုဏ်ရှိနေပြီလေ။ အလှူပွဲတစ်ခုအတွက် လမ်းညွန်နိုင်မဲ့ အရည်အချင်းမျိုး အပြည့်အ၀ မြင်နေရတယ်။ အင်း.. ဘိတ်သိက်ဆရာလုပ်လဲ မဆိုးလောက်ဘူး။ နောက်က ဘွဲ့တွေ ဘာတွေနဲ့ ဆိုတော့။း)

အညာအကြောင်း ကွင်းဆင်းလေ့လာစရာမလိုဘဲ ခူးပြီးသား ခပ်ပြီးသား အေးအေးဆေးဆေးဖတ်ခွင့်ရတာကိုမှ ကုသိုလ်တစ်မျိုး။း)

အားလုံးအဆင်ပြေပျော်ရွှင်ပါစေ ဆရာဟန်။

ညိမ်းနိုင် said...

ဆရာရေ......ကျွန်တော်တော့ဖြင့် အလှူက ငါးခြောက်
ထောင်းကြော်ကိုသိပ်ကြိုက်တာရယ်...၊အတော်အသင့်
ရင်းနှီးလို့ကတော့ အိမ်ကို ဂျိုင့်နဲ့ကို မ တာကလား....၊
ကိုယ့်ဘာသာအိမ်မှာကြော်စားတာနဲ့ တူဘူးဗျနော်....။
အင်းပြောရင်းဆိုရင် ငါးခြောက်ထောင်းကြော်လေးစား
ချင်ထှာဗျာ.......။

ကူးကူးလှိုင် said...

အညာအလှူထမင်းလေးတွေ စားချင်လိုက်တာ...

ဆူးသစ် said...

အားရစရာကောင်းလိုက်တဲ့အလှူတွေဗျာ။တကယ်ကိုကြုံချင်စမ်းပါဘိကိုဟန်ကြည်ရယ်။တစ်ခုလည်းစိတ်ပူမိသေးရဲ့။နိုင်ငံခြားထွက်အလုပ်လုပ်နေကြတဲ့ခေတ်မှာအလှူကိုကူမယ့်လူတွေရောရှိကြသေးရဲ့လားဗျာ။

blackroze said...

ဆ၇ာရေ
ရေးထားလိုက်တာ
ကောင်းပါ့တော်..
အကွက်ကိုစေ့နေတာဘဲ

မေဓာဝီ said...

ဦးဟန်ကြည်ရဲ့ အညာစီးရီးစ် ဖတ်ပြီး အညာသွားစရာမလိုအောင် မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်မိတယ်။
ကျမ ဘိုးဘွားတွေက အညာက ... အမေ့ဇာတိကလဲ အညာကဘဲ ... ။ ကျမကတော့ ရန်ကုန်က အညာသူ ဆိုပါတော့ :)
ငါးခြောက်ထောင်းကြော် (အဘိုးအခေါ် ငါးခြောက်ထိုး) ကို ကျမလဲ အလွန်ကြိုက်တယ် ဦးဟန်ကြည်ရေ ... ။

Ma Tint said...

ဖတ်တဲ့သူပဲ လောဘကြီးလို့လား ရေးတဲ့သူပဲ ကပ်စေးနည်းတာလား မသိဘူး ဖတ်ကောင်းတုန်း ဆက်ပါဦးမယ် ပေါ်လာတာမြန်နေသလိုပဲး)
ရေးထားတာလေးတွေ အကွက်ကိုစေ့နေတာပဲ အလှူအကြောင်းဖတ်ရင်း သတိရသွားပြန်ပေါ့း) တီတင့်ခင်ပွန်းက ရွာမှာပါ ဧည့်ခံပွဲလုပ်ချင်တယ်ဆိုလို့ တအံ့တသြအတွေ့အကြုံရခဲ့ဘူးတယ် နည်းတဲ့လူအုပ်ကြီး မဟုတ်ဘူး ၀က်သားဟင်း သရက်ချဉ်သုပ်နဲ့ ဒုံးကွေးကြော်ပေါ့ (ပုစွန်ခြောက်ကြော်ကိုခေါ်တယ် ဆိုတာ နောက်မှသိတား))ဦးဟန်ကြည်ပြောသလိုပဲ
အခြေခံလုပ်ကိုင်ပုံတွေကတော့ အားလုံးလိုလိုတူတယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ဆရာကတော့ လုပ်လေပြီ.....
ပြန်ချင်ပါပြီဆိုကာမှ စိတ်ကိုစွနေသလိုဘဲဗျာ။

ကျွန်တော်တို့ဆီမှာလည်း အဲသလိုပါဘဲဗျာ
အလှူဟေ့ဆိုရင် ၀ိုင်းကြ၀န်းကြ လုပ်အားနဲ့ ကုသိုလ်ယူကြတာပေါ့....ငါ့ကြောက်ကြော်ကျွေးတာလည်း တူပြန်ရောဗျာ...အတော်အတန်ပိုက်ဆံ ရှိယုံနဲ့တောင် အဲသည်လို အလှူကြီး လှူဖို့မလွယ်ဘူး ဆရာရေ....။

ကြိုက်ရင်ပေါ့လေ . . .