Wednesday, 30 January 2013

ချစ်သောအညာ ( ၂ ) . . .




ဘာပဲဖြစ်ဖြစ် တိုင်းရင်းဆေးဆရာတွေဟာ ဦးဟန်ကြည်တို့ အညာကျေးတောသားတွေအတွက်တော့ အားကိုးအားထားပြုစရာ အစစ်အမှန်တွေပေါ့လေ။

သည်ကြားထဲမှာ စုန်းတို့ ပယောဂတို့ဆိုတာကလည်း အညာရွာတွေရဲ့ ဖက်ရှင်တစ်ခု။ နတ်ကတော်ဆိုတာကလည်း ရွာတိုင်းမှာ မရှိမဖြစ်။ ရှေးအဖိုးကြီး အမယ်ကြီးတွေပြောစကားအရ ရွာတစ်ရွာတည်ရင် ပညာသည်(စုန်း)က ဘယ်နှစ်ယောက်၊ အရပ်ပျက်က ဘယ်နှစ်ယောက်ဆိုတာ ရှိရတယ်ဆိုကိုး။ ဘယ်သူဘယ်ဝါက ပညာသည်လို့များပြောရင် မောင်ဟန်ကြည်တို့ခမျာ ညနေမိုးချုပ်ရင် အနှီအိမ်ရှေ့က မဖြတ်ရဲတော့တဲ့အထိ။ ဇော်ဂနီတို့ ဇော်ဂနက်တို့ ဆယ့်နှစ်ကြိုးတို့ဘာတို့နဲ့ ပညာသည်မျိုးကလည်း စုံတကာကိုစေ့လို့။ သည်ကြားထဲမှာ ချေးစားစုန်းဆိုတာက ရှိသေး။ မောင်ဟန်ကြည်တို့အဘွားအိမ်နဲ့ လမ်းခြားတဲ့ မျက်နှာချင်းဆိုင်အိမ်က အဒေါ်ကြီးက ချေးစားစုန်းဆိုလို့ မောင်ဟန်ကြည်တို့မှာ ညဘက်ဆို အနှီအိမ်ဘက်ကို ကြည့်တောင်မကြည့်ရဲတဲ့အထိ။ ညဘက်ညဘက်ဆို အနှီအိမ်ဘက်က စုန်းတောက်စားတဲ့ မီးလုံးတွေ မြင်ရတယ်လို့ အဘွားက ပြောပြန်တော့ ဘာပြောကောင်းမလဲ အနှီအိမ်ဘက်က မီးရောင်မြင်ရင်ကို မောင်ဟန်ကြည်တို့မှာ ဖင်ကိုသီနေရော။ တကယ်တော့လည်း အညာထုံးစံအတိုင်း ဆောင်းညတွေမှာ မီးဖိုထဲ မီးထည့်ပြီး လှုံတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သည်ကြားထဲမှာ ဘယ်သူဘယ်ဝါကို ပညာသည်ပြုစားလို့ ဆေးဆရာနဲ့ ပညာပြိုင်နေကြတယ်ဆိုရင် ကြောက်ကြောက်နဲ့ သွားသွားချောင်းရတာအမော။

အသက်လေးရလာလို့ ပညာသည်တွေနဲ့ ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကြားရမှပဲ ကိုယ်ငယ်ငယ်က အကြောက်သန်ခဲ့တာ တွေးပြီး ရယ်ပွဲဖွဲ့ဖြစ်ပါသေးရဲ့။ အနှီဟာသထဲမှာ ပညာသည်နဲ့ ဂိုဏ်းဆရာနဲ့ ပညာပြိုင်ကြသတဲ့။ ဆရာက အိတ်ထဲကနေ ဆေးတစ်လုံးထုတ်၊ ဂါထာစုတ်ပြီး ပညာသည်ရဲ့ မျက်နှာကို ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ အကောင်က ပိုကြီးလာသတဲ့။ တပည့်လုပ်တဲ့လူက ဟုတ်ပါ့မလားဆရာဆိုတော့ ဆရာက ရပါသကွာ နောက်ထပ်ဆေးတစ်လုံးရှိပါသေးတယ်လုပ်ရော။ အနှီလိုနဲ့ နောက်ထပ်တစ်လုံးနဲ့ ထပ်ပေါက်လိုက်ပြန်တော့ စောစောကလိုပဲ ၀ုန်းခနဲမြည်ပြီး အကောင်က ပိုကြီးလာပြန်ပါရော။ တပည့်ကတော့ ပြေးဖို့ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီပေါ့လေ။ ဆရာဖြစ်သူက အသာနေစမ်းပါကွာ ငါ့မှာ နောက်ဆုံးဆေးလုံးရှိပါသေးတယ်ဆိုပြီး လွယ်အိပ်ထဲက နောက်ဆုံးဆေးလုံးထုတ်ပြီး ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ နာနာရုပ်လည်း ပြာကျသွားပါလေရောတဲ့။ အနှီတော့မှ တပည့်လုပ်သူက ဆရာ့မျက်နှာကို တလေးတစားကြည့်ပြီး စွမ်းလိုက်တာ ဆရာရယ်…ဒါနဲ့ ဆရာ့နောက်ဆုံးဆေးက ဘာနဲ့စီရင်ထားသလဲလို့မေးတော့ ဆရာက ငါးသလဲထိုးပြုံးပြုံးပြီး “ ငါ့တပည့် ဘယ်သူ့မှတော့ မပြောလေနဲ့…အနှီနောက်ဆုံးဆေးလုံးက လက်ပစ်ဗုံးကွဲ့” လို့ မိန့်ပါသတဲ့။ အနှီတော့မှပဲ သည်သိပ္ပံခေတ်ကြီးမှာ လက်ပစ်ဗုံးထက်ပိုစွမ်းတဲ့ လက်နက်တွေ ပေါ်နေတာကို မစဉ်းစားမိဘဲ ပုဂံခေတ်လက်ကျန် ပညာသည်ကို အကြောက်ပိုခဲ့မိတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ရှက်နေမိသေး။

နတ်ကတော်ဆိုတာကလည်း အညာမှာတော့ အထင်ကရ။ တစ်ခုခုလုပ်မယ့်ကိုင်မယ့်ပြင်တိုင်း နယ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို ပသကြ၊ တင်မြှောက်ကြရတာကိုက အညာထုံးစံ။ စပါးအထွက်တိုးအောင်လို့ ပုန်းမကြည်ကို ပသရသလို၊ မိုးရွာစေချင်ရင် မိုးခေါင်ကျော်စွာကို ပူဇော်ကြဖို့လည်း ၀တ်မပျက်။ တစ်ချို့များ ထမင်းစားရင်တောင် ပထမဦးဆုံး ထမင်းဆုပ်ကို အပေါ်မြှောက်ပြီး နတ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို အရင်ပသလိုက်သေး။ နေမကောင်းထိုင်မသာဖြစ်ပြန်ရင်လည်း နတ်မကြိုက်တာ ဘာများလုပ်ထားလိုက်မိသလဲလို့ အရင်တွေးကြရသေးတာ။ ရွာထိပ်က နတ်စင်သွားပြီး ကွမ်းတစ်ရာ၊ ငွေတစ်မတ်နဲ့ နတ်ကိုးလိုက်ရင် ကိုးဆယ့်ခြောက်ပါးသော ရောဂါတွေကို ရှောင်နိုင်ကွင်းနိုင်မယ်လို့ အယူကရှိကြပြီးသား။ အလုပ်အကိုင်တွေ အဆင်မချောရင်လည်း ဆန်တစ်ပြည်၊ ငွေတစ်မတ်နဲ့ ရွာနတ်ကတော်ဆီသွားပြီး နတ်မေးကြတဲ့သူတွေချည်း။ ဒါတင်ဘယ်ကလိမ့်တုန်း။ တစ်နှစ်မှာတစ်ခါလောက်တော့ အိမ်မှာ နတ်ပွဲကလေးပွဲထိုးလိုက်ရမှ နေသာထိုင်သာ ရှိကြတဲ့လူတွေ။ မောင်ဟန်ကြည်တို့ အဘိုးကတော့ နတ်ကို အယုံအကြည်မရှိလေတော့ အိမ်မှာပွဲထိုးတယ်ဆိုရင် တဘက်ကလေး ပုခုံးတင်ပြီး တော်ရာကို ရှောင်ထွက်သွားတာချည်း။ မေမေနဲ့ အဘွားကတော့ မိန်းမတွေပီပီ နတ်ဆိုလည်း ယုံပြီးသား။ မောင်ဟန်ကြည်တို့ကတော့ ဘာပဲဖြစ်ဖြစ် နတ်ပွဲဆိုတာ စားစာရာတွေ အလျှံပယ်တွယ်ရတာမို့ ခပ်ကြိုက်ကြိုက်။

မေမေ့ရွာက နတ်ကတော်က အသက်၆၀၀န်းကျင်။ ဖြူဖြူသန့်သန့် ဥပဓိကောင်းကောင်း။ အနေအထိုင်ကလည်း ပိပိရိရိ ရှိပါဘိသနဲ့။ ဘာပဲဖြစ်ဖြစ် သူကလည်း ရွာမှာ လူကြည်ညိုခံပုဂ္ဂိုလ်စာရင်းဝင်ကိုး။ အဘွားတို့အိမ်မှာ နတ်ပွဲထိုးရင် နတ်ကတော်အဘွားရောက်လာပြီး တဘက်ကလေးပုခုံးတင်၊ ကျုံ့ကျုံ့ရုံ့ရုံ့ကလေးထိုင်ပြီး ဦးသုံးကြိမ်ချ။ တအောင့်လောက်ကြာလို့ တုန်တုန်ယင်ယင်ဖြစ်လာပြီဆိုရင် နတ်တစ်ပါးပါးတော့ ၀င်ပြီဆိုတဲ့သဘော။ အောင်မယ် နတ်ကလည်း သူ့စီနီယာနဲ့သူရယ်။ ဘယ်သူပြီးမှ ဘယ်သူဝင်ရမယ်ဆိုတာ သူ့အစီအစဉ်နဲ့သူ။ မှတ်မိသလောက်တော့ အနှီနတ်တွေ ပင့်လိုက်ပြီဆိုရင် မ၀င်ဘူး၊ မကြွဘူးဆိုတာ တစ်ခါမှကို မရှိတာ။ တာဝန်ကျေချက်ကတော့ လွန်သေး။ ဦးဟန်ကြည်တို့ အစိုးရ၀န်ထမ်းတွေနဲ့များ ကွာပါ့။ တခုတ်တရ ပင့်ရပြုရတာတောင် အနှီမောင်မင်းကြီးသားတွေက မကြွချင်ကြွချင် လုပ်ကြသေးတာ။ နတ်တစ်ပါးဝင်ပြီဆိုတာနဲ့ သူကြိုက်တတ်တာလေးဆက်ပြီး ဆန္ဒရှိတာလေးတွေ မေးကြမြန်းကြ။ နတ်များကလည်း သိသိနိုင်လွန်း။ ဘာမေးမေး အကုန်သိတာချည်း။ ထီးပျောက်၊ ဖိနပ်ပျောက်တာကအစ သူအကုန်သိသဗျား။ မောင်ဟန်ကြည်တို့ကတော့ ယောက်ျားသားပီပီ သူရို့နတ်တွေကို အယုံအကြည်ကို မရှိတာ။ သို့ပေမင့် နတ်ပင့်နေတဲ့အချိန်မှာတော့ မရိုမသေ မလုပ်ရဲပေါင်။ မိဘဘိုးဘွားရဲ့ ယုံကြည်မှုဆိုတာ ပျက်ရယ်မပြုကောင်းတဲ့ အရာကိုး။ ပြောမယ့်သာပြောရတယ် ခပ်ငယ်ငယ်ကတော့ အနှီလိုအတွေးမျိုး ဘယ်ဝင်လိမ့်တုန်း။ နတ်ကိုကြောက်တာထက် မေမေနဲ့ အဘွားကို လန့်လို့ အသာကုပ်နေရတာကလား။ နတ်ပွဲပေးနေတုန်း ဗလွတ်ရွှတ်တ ပြောလိုက်မိလို့ နတ်ကိုင်ဖို့က မသေချာဖူးထား မေမေနဲ့ အဘွားလက်ချက်နဲ့ ဗိုက်ခေါက်ပုပ်ဖို့ကတော့ ရာခိုင်နှုန်းများများ သေချာပြီးသား။

မောင်ဟန်ကြည်တို့ မိဘတွေ ပင့်ကြဖိတ်ကြတာ ဘာနတ်တွေရယ်လို့တော့ မသိပေါင်။ သူရို့နတ်တွေက ဟိုအသားမစားနဲ့ သည်အသားမစားနဲ့လို့ ပညတ်တာတွေတော့ မကြားချင့်အဆုံး။ ခြေတိုသားတွေ မစားနဲ့လို့ချည်း စွတ်မှာနေတာတော့ အခုထိ မှတ်မိပါရဲ့။ ခြေတိုသားဆိုတာက ၀က်သားကို ခေါ်တာကိုး။ ခက်တာက အညာမှာ တခုတ်တရစားကြတဲ့ ဟင်းကောင်းကျွေးကောင်းထဲမှာ ၀က်သားဆိုတာက ထိပ်တန်း။ တစ်ခုခုဖြစ်လို့များ နတ်ကတော်ကို မမေးလေနဲ့။ နင်တို့ခြေတိုသားတွေစားတာကိုးလို့ချည်း စွတ်နှိပ်တော့တာရယ်။ ဘယ်သူမဆို ၀က်သားစားဖူးတဲ့လူချည်းဆိုတော့ ဟုတ်နိုးနိုးနဲ့ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်လုပ်ရင်း ဇက်ကလေးတွေကို ပုလို့။ အညာသူအညာသားဆိုတာက အနှီလောက်ကို ရိုးကြ အကြရှာတာကလား။ အိမ်ထဲမှာ စိုက်ထားတဲ့ ဟိုအပင်က ခိုက်တယ်၊ သည်အပင်က စီးပွားမဖြစ်ထွန်းဘူးလို့ နတ်ကတော်က ပြောတာနဲ့ ခုတ်ပစ်ထစ်ပစ်လိုက်ကြဖို့ ၀န်မလေး။ ပြောရမယ်ဆိုရင် ရွာဦးကျောင်းက ဘုန်းကြီးထက်တောင် နတ်ကတော်က ပိုပြီး သြဇာကြီးသေး။ ဘုန်းကြီးက သဘောကောင်းတယ်တဲ့၊ နည်းနည်းပါးပါး ပြေပြေလည်လည် လျှောက်ရင် ခွင့်လွှတ်သတဲ့။ နတ်ကတော့ သူ့စိတ်နဲ့ မတည့်ရင် ဘယ်သူ့မှ ညှာတာမဟုတ်ဘူးတဲ့။ အနှာကြောင့် နတ်ကို မရိုမသေ မလုပ်ကြနဲ့ဆိုတာ အဘွားရဲ့ လက်သုံးစကား။ မောင်ဟန်ကြည်တို့ကတော့ ရုပ်သေလေးတွေနဲ့ နားထောင်ရင်း စိတ်ထဲက ကျိတ်ပြီးပြုံးကြတာပေါ့လေ။

ခပ်ငယ်ငယ်ကျောင်းသားဘတုန်းက အဘွားတို့အိမ်အလည်သွားလို့ ညဘက်မှာ စာကြည့်ရင် အခန်းထောင့်က နတ်စင်ကို အရင်ကြည့်ရသေးတာ။ နတ်စင်မှာကာထားတဲ့ အနီရောင်လိုက်ကာလေးကို အသာပိတ်လိုက်ပြီးမှ စာကျက်လို့ ဖြောင့်တာကလား။ အနှီလိုက်ကာမပိတ်ဘဲ ဖယောင်းတိုင်ထွန်းပြီး စာကြည့်နေတာကို အဘွားတွေ့လို့ကတော့ ခေါင်းမှာ အာလူးသီးထဖို့ သေချာနေသကိုး။ တစ်ခါတစ်ခါကျတော့ သူ့ဖာသာသူတောင် အနှီလောက် ကြောက်တတ်နေတဲ့နတ်ကို အဘွားတို့က ဘာကြောင့်များ ကြောက်နေသလဲဆိုတာ စဉ်းစားလို့ကို မရခဲ့ပေါင်။ မောင်ဟန်ကြည်ကတော့ နတ်ဆိုရင် ဒိုးနတ် Dough nut ကလွဲပြီး ကျန်တဲ့နတ် တစ်နတ်မှကို စိတ်မ၀င်စားတာ။ မှတ်မိသေးတယ်။ အိမ်တစ်အိမ်ကို မီးလောင်သွားတော့ အိမ်ရှင်မက  ဘာကြောင့်မီးလောင်ရသလဲဆိုတာကို နတ်ကတော်ဆီမှာ ပွဲတစ်ပွဲထိုးပြီး မေးသတဲ့။ အနှီမှာ နတ်က နင်တို့ငါ့ကို မရိုမသေလုပ်လို့ အိမ်ကိုမီးနဲ့တိုက်ပစ်တာလို့ သဟောက်သဟ လုပ်ပါလေရော။ တစ်ခွန်းပြီးတစ်ခွန်း အနှီစကားချည်း အပ်ကြောင်းထပ်လာတော့ ကြားပြင်းကတ်လာတဲ့ အိမ်ရှင်ယောက်ျားက “ ဟဲ့ ခွေးသူတောင်းစားရဲ့ ငါ့အိမ်ကို မီးနဲ့တိုက်တော့ နင်ပါ မီးထဲပါသွားရောမဟုတ်လား…ဒါများ စကားကြီးစကားကျယ်နဲ့ သဟောက်သဟလုပ်နေရသေးသလား ” လို့ ထဆဲမှပဲ နတ်လည်း အသာကုပ်သွားပါလေရော။ အံမယ် အနှီတစ်ယောက်ကိုကျတော့ နတ်ခမျာ မကိုင်ရဲရှာဘူး။ “ လူကြမ်းကို နတ်ကြမ်းမနိုင် ”ဆိုတဲ့ စကားပုံလေး ထုတ်သုံးပြီး ရှောင်လင်နတ် လုပ်ပစ်လိုက်ကြရော။ နတ်ကွက်ကလည်း မြင့်တော့ အမြင့်သား။           ။

ဆက်ပါဦးမယ် . . .

15 comments:

Ma Tint said...

နတ်ဆိုရင် ဒိုးနတ် Dough nut ကလွဲပြီး ကျန်တဲ့နတ် တစ်နတ်မှကို စိတ်မ၀င်စားဘူးဆိုတဲ့ အနှီဦးဟန်ကြည်ရေ တစ်ခစ်ခစ်ရယ်ရင်းနဲ့ အနှီဆက်ပါဦးမယ်ကိုရောက်သွားလေသတည်းလို့ ဆိုပါရစေတော့ အချိန်ရှိခိုက်လုံ့လလေးစိုက်ပြီး အဆက်လေးကိုရေးပါအုံးနော် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ယ်နေရတယ် ဆရာရေ စာလုံးပေါင်းမှားတာပြင်ပေးလို့ ကျေးဇူးပါတင်ပါတယ်ဆရာ

နေ၀သန် said...

ဆရာရေ.... ချစ်သောအညာကို သေသေချာချာဖတ်ဖို့ကြိုးစားပါတယ်... သို့ပေမယ့်.. စာလုံးအရောင်တွေကြောင့် မျက်လုံးကိုက်ကိုက်လာတာနဲ့ ရပ်လိုက်ရတာ ၂ ပုဒ်လုံးပဲ... အရောင်လေး ပြောင်းပေးပါဦးဗျာ...

ခင်မင်လျက်
နေ၀သန်

စံပယ်ချို said...

ဆရာရေ ဟိုအပင်ခိုက်တယ် ဒီအပင်ခိုက်တယ်ဆိုတာနဲ့အဖွားကို
လွမ်းမိတယ် ဂျက်ရဲ့အဖွားကလဲ အဲဒီလိုပါပဲ
နတ်ပြောတာမဟုတ်ဘူးနော် သူများပြောစကားနဲ့ပဲ
အကုန်ခုတ်တော့တာပဲ
ဖတ်ပြီးပြုံးမိပါသေးတယ်
ဆရာကဒိုးနတ်ကိုစိတ်ဝင်စားသေးတယ် ဂျက်ကကြိုက်ဘူး
တခါတလေမှသာ စားဖြစ်တယ် အဲတာလဲနည်းနည်းပါ
ဆက်ပါအုန်းဆရာရေ
စောင့်မျှော်နေပါတယ် ဒီလိုပိုစ့်တွေဖတ်ရတော့
ဘ၀အမောပြေစေတယ်လေ
လေးစားလျှက်
jasmine

san htun said...

နောက်ဆုံးပိုဒ် နတ်ကိုကြိမ်းတာကို အကြိုက်ဆုံးပဲ..း)

An Asian Tour Operator said...

နေ၀သန် ပြောသလိုပြောရမယ်။ အရောင်တွေကို ဟိုက်လိုက် လုပ်ပြီး ဖတ်ရတယ် ဗျို။

နတ်နဲ့ ပတ်သက်လို့ကတော့ ကျနော့်မိဘတွေက အမြော်အမြင်ရှိရှိ နတ်တွေနဲ့ ရိုးရာတွေ ကိုနယ်မှာ ထားခဲ့ ပေလို့သာပေါ့။

ဟန်ကြည် said...

ကောင်းပါပြီဗျာ...အခုပဲ အရောင်တွေကို အခြေခံအရောင် အနက်ပြန်ပြောင်းပေးလိုက်ပါ့မယ်...ငှက်ပျောညွန့်စိမ်းရောင်လေးက မျက်စိအေးတယ်မှတ်လို့ စွဲစွဲမြဲမြဲ သုံးဖြစ်နေတာ...လှတာမက်လို့ ဖတ်တာခက်ရင်တော့လည်း မနိပ်ပါကလားနော်း)

နွေတေးရှင် (မင်းဧရာ) said...

ဟုတ်ပါပေ့ ဆရာ.....
ရွာတွေမှာက ဘာတဲ့ဆို ဗေဒင်ဆရာတို့ နတ်ကတော်တို့ ဆီကိုအရင်ပြေးတော့တာ အထူးသဖြင့် အမျိုးသမီးတွေပေါ့။

ငယ်ငယ်ကတည်းက ဂွရှင်ကိုင်ထားလေတော့ နတ်တွေက ကျွန်တော့်ဆို အလိုလိုလန့်နေရှာတယ်း))။

ညိမ်းနိုင် said...

အစအဆုံးတစ်ပြုံးပြုံးနဲ့ဖတ်နေရာက ဆက်ပါဦးမယ်ဆိုပြီး
တန်းလန်းလုပ်ပြန်ပါရောလား....:)))) ကျွန်တော့်အမေ
လည်း အင်မတန်နတ်ယုံတာကလား...၊ကျွန်တော်နဲ့ နတ်
နဲ့ကတော့ ကမ္ဘာရန်ပဲ.....၊သို့ပေမယ့် နတ်ပွဲတော့ ကြိုက်
သားဗျ....ဟီးဟီး...။

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးသား ပေါက်ကြီးလဲ အပိုင်း ၂ မှာ တို့လို့တန်းလန်း။ အခုလဲ ချစ်သောအညာတဲ့။ အပိုင်း ၂ ရောက်လာပြန်ပြီ။ တန်းလန်းကြီး ဖြစ်ပြန်ဦးမလား မသိ။း)

သူကြီးမင်းတို့ ဒေသဘက်မှာတော့ နတ်ကတော် မရှိသလောက်ပါဘဲ။ ပြီးတော့ နတ်ကိုးကွယ်တာလဲ သိပ်မရှိကြဘူး။ အိမ်တွေမှာ ဘုရားစင်ဘဲ ရှိကြတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက ပြောတာတော့ ကြားဖူးခဲ့တယ်။ အိမ်မှာ နတ်စင်လေး တစ်ခု ဆောက်ပေးထားတယ်တဲ့။ အဲဒီနတ်က အိမ်က ကလေးတွေကို နေ့တိုင်း ငိုအောင်လုပ်တယ်တဲ့။ ဒါနဲ့ အဘိုးလဲ စိတ်မရှည်တာနဲ့ နတ်စင်ကို ဓါးနဲ့ ခုတ်ဖျက်ပြီး နတ်ကိုလဲ မောင်းထုတ်ပစ်လိုက်တယ်တဲ့။ ဘာနတ်မှန်းတော့ မသိဘူး။ ငယ်သေးတာကိုး။
အခုထက်ထိ ရွာကအိမ်တွေမှာ ဘာနတ်မှ မရှိကြဘူး။ ဒါပေမဲ့ တစ်နှစ်တစ်ခါတော့ ရွာစောင့်နတ်ဆိုလား ဘာဆိုလားဘဲ။ တောထဲသွားပြီး ပူဇော်ကြတာတော့ တွေ့ဖူးတယ်။

ဒါနဲ့..
နတ်ဆိုရင် ဆရာက ဒိုးနတ်ကိုသာ စိတ်ဝင်စားပေမဲ့
နတ်တစ်ပါးကတော့ ကိုကိုးနတ်ကို စိတ်ဝင်စားနေလေရဲ့။း)

များများဆက်ရေးနိုင်ပါစေကြောင်း။

မိုးငွေ့........ said...

သာမီးလဲ ဒိုးနတ်ကြိုက်တယ် ဆရာ...:)

ဟန်ကြည် said...

သူကြီးမင်း...

တိုးတက်လာပြီ...စွံတော့မယ်ထင်တယ်...အခါတိုင်းဆို လူပြိုကြီး အပျိုကြီးတွေရဲ့ ကွန်မန့်တွေကို စပမ်းထဲမှာ လိုက်ရှာယူရတယ်...သည်တစ်ခါတော့ သူကြီးမင်း လွတ်လပ်ရေးရသွားပါရောလား...ဒေါ်ချောတစ်ယောက်ပဲကျန်တော့တယ်...ဧကန္တတော့ ဧကန္တပဲး)

blackroze said...

လူကြမ်းကိုနတ်ကြမ်း
မခံနိုင်ဘူးဆိုတဲ့စကားလေးလည်း
ကြားဖုးပါရဲ့ဆရာရယ်...

ဆူးသစ် said...

ဆေးဆရာတွေရဲ့သဘာဝ၊ နတ်တွေရဲ့အကြောင်း၊ လူတွေရဲ့ယုံကြည်မှုတွေကိုဖတ်ရတာဗဟုသုတရတယ်ကိုဟန်ကြည်။ ဟာသလေးနဲ့စွက်ထားတော့လည်းစာကပိုသွက်သဗျ။ ကျွန်တော်စုပြုံရှင်းနေပါတယ်။

ဘုန်း ၂ တောက် said...

ဘုန်းတောက်တို့ဘက်မှာတော့ စုန်းတွေနဲ့ ပတ်သက်ရင် အယူအဆပြင်းထန်လှပေမယ့် နတ်နဲ့ပတ်သက်လျှင် အရမ်းကြီး မပြင်းထန်ပြန်ဘူး။

ဘုန်းတောက်ကတော့ ဒိုးနတ်ကိုလည်း ကြိုက်တယ်။ တဂျီးမင်ပြောတဲ့ ကိုကိုးနတ်ကိုလည်း နှစ်သက်တယ်။

ကြိုက်ရင်ပေါ့လေ . . .