Sunday, 6 January 2013

လွဲလွဲလေးလည်း မှားပါတယ် . . .


“ စကား စကားပြောပါများ . . . စကားထဲက ဇာတိပြသတဲ့
အနှီလိုပဲ အမှားအမှား မှားပါများ . . . အမှားတွေက မှန်ကုန်ကြပါလေရော . . . ”

သည်ဘက်ခေတ်ကာလ ဒွန္တယာကြီးမှာ ခေတ်မီသူတိုင်း မှားကြသည်လို့တောင် ဆိုရိုးသစ်ထုတ်ရမယ်ထင်ပါရဲ့။ ဟိုနားကြည့်လည်းမှား သည်နားကြည့်လည်းမှားနဲ့။ အများပေါင်းများစွာနဲ့ ဗလချာရမ်းပြီး ဗလပွတ်ကို လည်နေပါရောလား။ အောင်မယ်…မှားချင်သလောက်မှား ဆောရီးဆိုပြီးစတမ်းဆိုတော့လည်း တယ်နိပ်တဲ့ ခေတ်ကြီးကိုး။ အနှီလိုမျိုးသာ ဆောရီးလုပ်တိုင်း အိုခေမှာစိုပြေကြေးဆိုရင်ဖြင့် လှည်းသားငါးရာနဲ့ တစ်ကြိမ်တစ်ခါတည်း ဖောက်ပြား၊ မှောက်မှားခဲ့တဲ့ ခင်ကညာတစ်ပါးကလည်း သဘောကြီးထားမယ့်သူကို ဆောရီးစကားဆိုလိုက်ရုံနဲ့တင် အဆင်ချောကြရုံပါ့။ မြင်ရ မြင်ရ ရင်ဝမချမ်းသာ၊ ကြားရ ကြားရ နားဝ မချမ်းသာတဲ့ ဦးဟန်ကြည်ကတော့ “ ဆောရီးတစ်လုံး ရေလဲသုံး အဆုံးနိဗ္ဗူတာ . . . ” ဆိုတဲ့ သံဝေဂ သံပေါက်တစ်ခုထုတ်ပြီး ငရဲချည်း လစ်ချင်စိတ်ပေါက်လာပါရောလား။

သို့ပေမင့် ငရဲကလည်း သည်ဘက်ခေတ်မှာ ဗီဇာကြိုလျှောက်စရာမလိုတော့ဘဲ ဆိုက်ရောက်ဗီဇာထုတ်ပေးပြီး လာသမျှလူဟူအားလုံး အဆင်ချောအောင် စီမံပေးလိုက်ပြန်တော့ ငရဲလားကြတဲ့ ပုဂ္ဂိုလ်တွေ သောက်သောက်လဲ ဖောင်းပွလွန်းနေလို့ အ၀ီစီအောက်မှာ အဏီဇိဆိုတဲ့ တိုးချဲ့ငရဲသစ်ဆောက်ယူရဆိုကိုး။ အနှီငရဲသစ်မပြီးမချင်း ဦးဟန်ကြည်တို့လို သကောင့်သားတွေကို ဒွန္တယာကြီးမှာ ပျော်သလောက် ငရဲရှာခွင့်ပေးထားတာမို့ မိုးလင်းမိုးချုပ် ငရဲအလုပ်တွေ ပျော်ပျော်ကြီးလုပ်ခွင့်ရနေပါရဲ့ဗျား။ စုထားတဲ့ ငရဲဘယ်လောက်များသလဲ မမေးလေနဲ့။ ဂိုထောင်သာတည်ထားလို့ရရင် အနှီဂိုထောင်တစ်ခုတည်းနဲ့တင် ရပ်ကွက်တစ်ကွက်စာ မြေနေရာ ကုန်ရချေရဲ့။ အနှီလောက်များတဲ့ ငရဲတွေ ဘယ်ကများရပါသလဲဆိုတာ သိချင်ပြန်ရင်လည်း အဖြေက အဆင်သင့်။ မျက်စိကျဉ်းပြီး ဖင်ခေါင်းကျယ်တော်မူကြတဲ့ သူတော်ကောင်း၊ သူမြတ်လောင်းတို့ ကိန်းအောင်းမွေ့လျော်ရာ ရွှေပြည်ကြီးကိုသာ အရောက်လှမ်းခဲ့ဖို့ ဖိတ်မန္တက ပြုလိုက်ရုံနဲ့တင် အဖြေကရှင်းပါလိမ့်မဗျား။

မျက်စိနှစ်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကတည်းက အပေါက်အလမ်းမတည့်တာတွေချည်း တွေ့နေရမင့်ဟာ ဘယ်ကုသိုလ်စိတ်က ဖြစ်နိုင်ပါလိမ့်တုန်း။ ဘယ်နားကြည့်ကြည့် ဘုရားကအောက် မျောက်ကအထက်၊ ဘုန်းကြီးရူးနဲ့ လှေလူးချည်း တွေ့နေရတော့ မြင်သမျှက ဒေါမနဿ ဖြစ်စရာတွေချည်း။ ဘုန်းကြီးကျောင်းတွေ ကြည့်လိုက်ပြန်ရင်လည်း အာဝါဒေး ခေါင်းစဉ်တပ်ပြီး လောင်းကစားဝိုင်းတွေမှ သောက်သောက်ကိုရိုက်လို့။ မနက်အရုဏ်တက်လို့ ဆွမ်းလောင်းဓမ္မာရုံက ဖွင့်လိုက်တဲ့သီချင်းကလည်း သားစိုးသီချင်းနဲ့ ဂျောက်ဂျက်သီချင်း၊ ပြီးရင် ဓမ္မာရုံက မိုက်ခဲလေဒီများက သူရို့ဓမ္မာရုံက ဘယ်လိုလှူကြောင်း၊ ဘယ်လောက် တက်ကြွကြောင်း၊ တစ်မြို့လုံးမှာ သူရို့ပဲ အတော်ဆုံး အကောင်းဆုံးဖြစ်ကြောင်း မဏ္ဍပ်တိုင် ဖက်တက်ပြနေကြတာ နားကြားပြင်းကို ကတ်ရော။ ပြီးရင် လုပ်ပါလိမ့်ဦးမယ်။ သားရှင်ပြုတဲ့ ပဗဇ္ဇမင်္ဂလာပွဲမှာ တဖွင့်တည်းဖွင့်တာက ပီပါဟိန်း ( ပီပါလောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးကို တရမ်းတည်းရမ်း၊ တစ်ခါတည်းခါပြီး ကြော်ငြာဝင်နေတဲ့ အနှီချာတိတ်မကို ဗီဗာဟိန်းလို့ ခေါ်နိုင်ပေါင်ဗျာ ) ရဲ့ နတ်သီချင်း၊ လုပ်တာက သာသနာပြုတဲ့အလှူပွဲ၊ ဖွင့်နေတာက “
အရက်သမားမှန်ရင် ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်၊ ကြက်သမားမှန်ရင် ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ် ” ဆိုတော့ ကိုင်း . . . ဦးဟန်ကြည် ငရဲပွားတာ လွန်အံ့မထင်။

ငရဲနဲ့ ခန္တီစဆိုတာကလည်း အလွှာပါးပါးလေးပဲ ခြားပြန်တာမို့ ကိုယ့်တရားနဲ့ကိုယ် နေရင်ရပါ့ဗျားလို့ တရားချချင် ချလို့ရနိုင်ပေမယ့်
လူသားဖြစ်တဲ့ ဦးဟန်ကြည်ခမျာမှာတော့ လူထဲကလူ မည်ကာမတ္တ၊ လူဖြစ်ဆန်းရုံသာသာမို့ ငရဲပြီးရင်း ငရဲချည်း ဖြစ်နေပါလေရော။ အနှီငရဲတွေ အသာဘေးချိတ်ပြီး သင်တန်းချိန်စဖို့ ထွက်လာပြန်ရင်လည်း ငရဲနဲ့ ဘယ်လွတ်လိမ့်တုန်း။ ဦးထုပ်မဆောင်းဘဲ မောင်းလာတဲ့ ဆိုင်ကယ်သမားကို မော်တော်ပီကယ်က ဆောင့်ကန်တာတွေ့လိုတွေ့၊ သုံးလေးတန်းအရွယ်ကျောင်းသားလေးတွေ လက်ထဲမှာ စီးကရက်ညှပ်ပြီး လမ်းလျှောက်လာတာ မြင်လို့မြင်၊ ဘုန်းကြီးတွေ ကားတ၀ီးဝီး၊ ဆိုင်ကယ်တဗျင်းဗျင်းမောင်းနေတာနဲ့ ကြုံလို့ကြုံနဲ့ အာရုံနောက်ချက်ကတော့ မြင်းတပ်တဲ့ ပါးချပ်မျက်မှန်ပဲ တပ်ထားရင်ကောင်းနိုးနိုး စဉ်းစားမိတာလဲ အခါခါ။ အနှီမြင်းမျက်မှန်ကလေး တပ်ထားလိုက်ရင်တော့ ဘေးဘီဘယ်ညာကို မမြင်တော့ဘဲ လမ်းတည့်တည့်ပဲ မြင်တော့မှာမို့ အထိုက်အလျောက် စိတ်သက်သာရာ ရကောင်းရဲ့လို့ ကြံမိတာကိုး။

မြင်သမျှ၊ တွေ့သမျှကို ဒေါမနဿမပွားဖို့ ကိုယ့်ကိုယ်ကို တရားချရင်းနဲ့ စာသင်ချိန်ကိုရောက်ပြန်ရင်လည်း နောက်ထပ်ငရဲတွေက တန်းကိုစီနေပြန်ပါရော။ အနှီတော့လည်း ကိုယ့်ကိုယ်ကို တရားထပ်ချရုံပါ့။ အနှီလို တရားချရပါများလွန်းတော့ ကိုယ့်တရားနဲ့ကိုယ် တရားသားတက်ပြီး တော်ရုံဘုန်းကြီးတရားများဆိုရင် ခေါင်းထဲကို မ၀င်တော့တာရယ်။ မ၀င်ဆို ကိုယ့်ရှိတဲ့ တရားနဲ့တင်ကို အတွင်းမှာ ပြည့်ကုန်ပြီကိုး။ ပတ်ဝန်းကျင်က ငရဲလေးတွေက ဦးဟန်ကြည်နဲ့ တိုက်ရိုက်မပတ်သက်လေတော့ အထက်က ပြောခဲ့သလို မြင်းတပ်တဲ့ ပါးချပ်မျက်မှန်လောက်နဲ့တင် အဆင်ချောနိုင်ပေမယ့် စာသင်ခန်းက ငရဲကိုတော့ ဘယ်မှာ ရှောင်လို့ရလိမ့်တုန်း။ အနှီငရဲက ဦးဟန်ကြည်ရဲ့ မံမံနဲ့ ဒါရိုက်ဟစ်ကြီးကို ပတ်သက်နေမင့်ကိုးဗျာ။

ဦးဟန်ကြည်ကလည်း ဆရာစစ်စစ်ဖြစ်ချင်စိတ် အားကြီးလွန်းတဲ့လူဖြစ်နေပြန်တော့ ငရဲက ပိုများတယ်ထင်ပါရဲ့။ ဆရာကောင်းဖြစ်ချင်လေ ကိုယ့်တပည့်တွေကို ပိုပြီးမှန်စေချင်လေကိုး။ ဖြစ်ချင်တော့ ခေတ်ကြီးကလည်း ခေတ်မီသူတိုင်း မှားကြသည်ဆိုတဲ့ ခေတ်ကြီး။ ကိုယ့်ကလေးတွေကလည်း အနှီနေရာမျိုးကျတော့ ခေတ်မီချက်က စံချိန်လွန်။ အနှီလိုဆိုတော့ ဦးဟန်ကြည်က နည်းနည်းပါးပါးမှားတာကိုတောင် ခွင့်မလွှတ်နိုင်ချင်တဲ့ ခေါင်းမာမာ ကျောင်းဆရာကြီးလို့ ထင်တော်မမူလေနဲ့။ ဦးဟန်ကြည်လောက် အမှားမကြောက်တဲ့ ဆရာ ရှိမယ်မထင်ဘူး။ ပုစ္ဆာတစ်ခုချပေးလိုက်တိုင်း “
ကိုင်း . . . တပည့်တို့ ပုစ္ဆာတစ်ပုဒ်မှာ အဖြေမှန်ဆိုတာ တစ်ခုတည်း . . . အမှားက သန်းနဲ့ချီပြီး ရှိမှာပဲ . . . မှားချင်သလောက်သာမှား. . .  အမှားရှိမှ အမှန်သိမှာ . . . ” လို့ကို ဖွင့်ပေးတဲ့ဆရာ။ အမှားကြောက်လို့ မလုပ်ရဲမကိုင်ရဲဖြစ်နေမယ့်အစား ရဲရဲဝံ့ဝံ့ရှိဖို့ကို အင်မတန် ရှေ့တန်းတင်တဲ့ ဆရာမျိုး။

သို့ပေမင့် အနှီဆရာကလည်း လူသားကြီးကိုး။ တစ်ခါမှား ပြင်ပေး၊ နှစ်ခါမှား မှန်အောင်သင်ပေး၊ အင်း  . . . ပုံစံတူ သုံးခါမှားရင်တော့ ကျွဲမြီးနဲနဲတိုချင်သပါ့။ သို့ပေမင့် အမှန်ရောက်အောင်တော့ ရှင်းပြလိုက်တာချည်း။ အနှာပေမယ့် ပုံစံတူ လေးခါမှားလာတာမျိုးကျတော့ ငရဲဖြစ်ပါလေရော။ တွက်စာမှားတာ အယူအဆမှားတာကတော့ ဘာအရေးလဲ။ မှားလေကောင်းလေ ဆရာပြင်ပေး၊ သင်ပေးခွင့်ရလေမို့ ၀မ်းတောင်သာသေးရဲ့။ မွေးကတည်းက မြန်မာစကားပြောပြီး မြန်မာစာရေးနေတဲ့ မြန်မာလူမျိုးစစ်စစ်ကြီးတွေ မြန်မာစာ စာလုံးပေါင်း သတ်ပုံမှားတာကျတော့ ဦးဟန်ကြည် ကျွဲမြီးရော နွားမြီးပါမကျန် တိုပါသဗျား။ ဆယ်တန်းကျောင်းသားတစ်ယောက်က စာလုံးတစ်လုံးမှာ ၀စ္စပေါက်ကလေးနှစ်လုံး ထည့်လိုက်ရင် အသံဘယ်လိုထွက်ရမယ်ဆိုတာတောင် မသိရှာလေတော့ ကိုင်း . . . စဉ်းစားသာကြည့်ပေတော့ အရပ်ကတို့။

ဖြစ်ပုံကို အနှစ်စုံအောင် ပြောရရင် ဦးဟန်ကြည် ပုံပြင်တွေ ပြောနေတယ်များ ထင်စရာ အကြောင်းရှိပါရဲ့။ ခေတ်ကျောင်းသားများခမျာ ဟထိုးနဲ့ တစ်ချောင်းငင်တောင် မကွဲတာကလား။ တစ်ခါတစ်ခါ စိတ်ကူးပေါက်လို့ “ မှ ” ၊ “ မု ” ၊ “ မူ ” ၊ “ မှု ” ၊ “ မူး ” ၊ “ မှူ ” ၊ “ မှူး ” ဆိုတဲ့ စာလုံးတွေ သင်ပုန်းပေါ်မှာ ရေးချပြီး အဖတ်ခိုင်းလိုက်လို့ကတော့ တစ်ခါတည်း ခွေးပေါက်ကလေးများ ကိုယ့်အမြီးကို ပြန်ကိုက်နေကြသလို ချာလပတ်ကို ရမ်းနေပါရော။ ဆရာဖြစ်တဲ့ ဦးဟန်ကြည်ခမျာလည်း ရယ်ရင်းနဲ့ ရင်တွေကို မောလို့။ “ ဋ ” “ ဌ ” “ ဍ ” “ ဠ ” များ မမေးလေနဲ့။ မေးမိတဲ့ ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ချင်စိတ်ပေါက်စေရစေ့မယ်။ မြန်မာစာမှာ ဗျည်းဘယ်နှစ်လုံး ရှိသလဲလို့ မေးလို့လည်း အဖြေမထွက်၊ သရဘယ်နှစ်လုံး ရှိသလဲ မေးပြန်ရင်လည်း တုဏှိဘာဝေ။ ကိုယ့်ကျောင်းသားတွေကို မြန်မာစကားပြောတဲ့ မြန်မာကျောင်းသားတွေမှ ဟုတ်ပါလေစလို့တောင် သံသယဖြစ်ယူရတဲ့အထိ။

တစ်ခါသားမှာ စလေဦးပုညရဲ့ ငယ်ဆရာက ဘယ်သူလဲ လို့ မေးလိုက်မိတော့ “
စလေမြို့ . . . မခင်ကြီးစ ” ဆိုပြီး လုပ်ထည့်လိုက်တာ ဦးဟန်ကြည်ခမျာ ပါးစပ်ကို အဟောင်းသား။ “ စလေမြို့မ . . . ခင်ကြီးစ ” လို့ ဖတ်ရမယ့် ပုဒ်ဖြတ်ပုဒ်ရပ်ကို ဖြတ်ချင်သလို ဖြတ်ချပစ်လိုက်တာ တစ်ခါတည်း “ ခင်ကြီးစ ” ဘ၀ကနေ “ မခင်ကြီးစ ” ဖြစ်ပြီး လုံးရာက ပြားရှာပါလေရော။ ဆယ်တန်းကဗျာပြဌာန်းချက်မှာပါတဲ့ ဆရာဇော်ဂျီရဲ့ “ သင်သေသွားသော် ” ကဗျာကို တပည့်မတစ်ယောက်က အဖြေလွှာထဲမှာ ရေးထည့်လိုက်တာ “ သင်သေးသွားသော် ” တဲ့။ ဆရာဖြစ်တဲ့ ဦးဟန်ကြည်ခမျာ သည်ကဗျာ ငါကြားဖူးသလိုလိုပါဆိုပြီး ခေါင်းအတော်ကုတ်ယူရတဲ့ အထိ။ ဒါတင်ဘယ်ကလိမ့်တုန်း။ ကလေးတစ်ယောက်က သူ့နာမည်ကို “ ခိုနှင်းဝေ ” လို့ စာအုပ်အဖုံးမှာ ရေးထားတော့ ဦးဟန်ကြည် မျက်စိလည်ပါလေရော။ “ ဟဲ့ နင့်နာမည်က ခိုင်နှင်းဝေ မဟုတ်လား ” လို့မေးတော့မှ ငသတ်ကျန်သွားလို့ဆရာလို့ ရယ်ဖြဲဖြဲနဲ့ ဖြေပါလေရော။ ဦးဟန်ကြည်ခမျာ ကိုယ့်နာမည်တောင် မှားအောင် ရေးတတ်လွန်းတဲ့ ကိုယ့်တပည့်မျက်နှာကြည့်ပြီး “ သြော် . . . ” တစ်လုံးပဲ အသံထွက်နိုင်ပါရောလား။

မြန်မာစာ ၀ါကျဖွဲ့ထုံးတွေ သင်ပေးပြီး ၀ါကျဖွဲ့ခိုင်းတဲ့အချိန်မှာ တပည့်တစ်ယောက်က သူရို့ဆရာကို အမွှမ်းတင်ချင်ဇောနဲ့
ဆရာသည် ကျွန်တော်တို့ကို အတက်ပညာများ သင်ကြားပေးသည် ” လို့ လုပ်ထည့်လိုက်တော့ ခေါင်းကြီးသွားတဲ့ ဦးဟန်ကြည်က “ ဆရာက မင်းတို့ကို ဘာတွေများ သင်ပေးမိပါလိမ့် ” လို့ မေးယူတော့မှ တပည့်ချစ်က “ အတတ်ပညာတွေ သင်ပေးတာလေ ” လို့ ဖြေသဗျား။ အနှီတော့မှ “ ငါ့တပည့်ရယ် မင့်ပါးစပ်ကတော့ တတ်ပေမယ့် ရေးချလိုက်တာက တက်ဖြစ်နေသကိုး။ မင်းလုပ်ပုံနဲ့ပဲ ဆရာက မင်းတို့ကို သစ်ပင်တက်တဲ့ပညာ သင်ပေးနေတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ် ” လို့ တောင်းပန်ယူရပါရဲ့။ ဟုတ်သလေ သူရို့လုပ်ပုံနဲ့ပဲ ဦးဟန်ကြည်ခမျာ သစ်ပင်တက်နည်း သင်တန်းပေးနေတဲ့ မျောက်ဆရာကို ဖြစ်ပါလေရော။ တစ်ခုခုကို ကျွမ်းကျင်သည်၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ဆိုတာကိုပြောချင်ရင် “ တ၀မ်းပူသတ် ” အပေါ်ကိုတက်တာ၊ ဂစ်ခနဲ ဂစ်ခနဲ တက်တာကို ပြောချင်ရင် “ ကကြီးသတ် ” လို့ ဘယ်လောက်ပဲသင်သင် ဦးဟန်ကြည်ခမျာ ဒီနေ့အထိ မျောက်ဆရာဘ၀ကကို မတက်သေးတာရယ်။

အမှားတကာ့အမှားထဲမှာ ဦးဟန်ကြည် ဒေါအဖောင်းဆုံးအမှားက
“ ယောင်္ကျား ” ဆိုတဲ့အမှား။ ဘယ့်နှာ အမျိုးသားထုကြီးတစ်ရပ်လုံးကို စော်ကားတဲ့ အမှားကြီးက သည်းခံစရာမှ မဟုတ်ဘဲ။ ရေးထုံးမှန်ဖြစ်တဲ့ “ ယောက်ျား ” ကို အကျယ်ဖွင့်ရင် “ ယောက်ကျား ” ၊ သူရို့မှားထားတဲ့ “ ယောင်္ကျား ” ကိုအကျယ်ဖွင့်ရင် “ ယောင်ကျား ”။ စဉ်းစားကြည့်ရင် “ ယောင်ဝါးဝါးဖြစ်နေသော ကျား ” ဆိုတဲ့ အဓိပ္ပာယ်ကြီးကိုး။ အနှီလောက် ဆိုးဝါးလွန်းတဲ့ အမှားကြီးကို တပည့်ထီးလေးများက ကိုယ့်ကိုယ်ကို ဘယ်ဘ၀ရောက်လို့ ရောက်မှန်းမသိဘဲ မှားကောင်းကောင်းနဲ့ စွတ်မှားနေတာ သနားစရာလည်းကောင်း၊ ရင်မောစရာလည်း ကောင်းသကိုး။ သူရို့ကမှားလိုက် ဦးဟန်ကြည်က မှားတဲ့စာလုံးတွေ စိတ်ရှည်လက်ရှည် မင်နီနဲ့ဝိုင်းပြီး ပြင်ပေးလိုက်နဲ့ တစ်နေ့တစ်နေ့ မင်နီဝိုင်းရပါများလွန်းလို့ လက်ရေးလှတောင် ကျင့်စရာမလိုအောင် လက်ရေးလေးတွေကို ၀ိုင်းစက်နေပါရောလား။

အရုဏ်ဦး ” ကို “ အာရုဏ်ဦး ” လို့မှားတာ “ မြင်းမိုရ” ကို “ မြင့်မိုရ် ” လို့မှားတာ “ ခေတ်မီ ” ကို “ ခေတ်မှီ ” လို့မှားတာတွေကတော့ ကလေးတွေကို ဦးဟန်ကြည် အပြစ်မတင်ရက်ပေါင်ဗျာ။ ပါရဂူတစ်ယောက်ဖွင့်ထားတဲ့ အထူးကုဆေးခန်းနာမည်ကို “ ခေတ်မှီ ” လို့ ပေးထားတာ မြင်ပြီးကတည်းက သဘောပေါက်ပြီးသား။ လက်ဖက်ရည်ဆိုင်တွေမှာ “ နွားနို့ရပြီး ” လို့ ရေးထားတဲ့ စာတန်းတွေမှ မမြင်ချင့်အဆုံး။ နိုင်ငံတော်က ထုတ်ပြန်ပါတယ်ဆိုတဲ့ နိုင်ငံတော်ပြန်တမ်းမှာတောင်မှ အမှားက သိပ်မကင်းချင်။ တပည့်တစ်ယောက် တက်နေတဲ့ တက္ကသိုလ်တစ်ခုက ထုတ်တဲ့ နှစ်ပတ်လည်မဂ္ဂဇင်းထဲမှာလည်း စာလုံးပေါင်းအမှားတွေမှ တင်းကြမ်း။ စာအုပ်ရဲ့ ရှေ့ပိုင်းစာမျက်နှာတွေမှာတော့ သက်ဆိုင်ရာ ပါမောက္ခတွေ၊ ဌာနမှူးတွေရဲ့ ပုံတွေက ပြူးတူးပြဲတဲ။ တစ်ဝက်နီးပါးလောက်က ဆိုင်ရာဆိုင်ရာပါရဂူနဲ့ ဒေါက်တာတွေချည်း။ ဦးဟန်ကြည် နှစ်နှစ်ခြိုက်ခြိုက် ဖတ်ဖြစ်တဲ့ ပညာရှင်အမျူားစုရဲ့ ဆောင်းပါးတွေ စုဝေးရာ “ အတွေးအမြင် ” လို စာစဉ်မျိုးမှာတောင် “ ယောင်္ကျား ” တွေမှ တင်းကြမ်း။ အနှီလို အကောင်ကြီးကြီးတွေတောင် ကိုယ့်အမြီးကို အားမနာဘဲ မှားချင်တိုင်းမှားနေမှတော့ အထက်တန်းကျောင်းသားလေးတွေမှားတာကို ဗွေယူနေရင် ဦးဟန်ကြည့် အမှားဖြစ်တော့မပေါ့။

လူရယ်လို့ ဖြစ်နေမှတော့ အမှားဆိုတာ လုံးလုံးမကင်းစင်နိုင်မှန်းတော့ ဦးဟန်ကြည်လည်း သဘောပေါက်ပါရဲ့။ ခပ်ရွတ်ရွတ်ပြောရရင် အဖေနဲ့ အမေမှားခဲ့ကြလို့ပဲ ဦးဟန်ကြည်တို့တတွေ လူဖြစ်ခွင့်ရခဲ့ကြတာပဲကိုး။ သို့ပေမင့် “
No man is perfect ” ဆိုတာက အမှားကြောက်ပြီး မလုပ်ရဲမကိုင်ရဲ မဖြစ်ရလေအောင် စိတ်ဓာတ်ခွန်အားရှိအောင် ပံ့ပိုးပေးတဲ့ စကားလုံးကိုး။ ခက်တာက အနှီစကားလုံးကို သောက်တလွဲ ကောက်ချက်ဆွဲပြီး “ လူပဲကွာ မှားချင်သလောက် မှားခွင့်ရှိတာပဲ ” လုပ်နေကျတာတွေက ခပ်များများ။ သည်ကြားထဲမှာ “ နည်းနည်းလေးလဲ လွဲနေမယ် . . . လွဲလွဲလေးလဲ ကောင်းပါတယ် . . . ” လို့ ကိုငှက်ကြီးက လုပ်ထည့်လိုက်ပြန်တော့ လူမိုက်အားပေးပြီးသားကို ဖြစ်ပါလေရော။ အများညီတိုင်းသာ “ ဤ ” ကို “ ကျွဲ ” လို့ဖတ်ကြစတမ်းဆိုရင်တော့ လောကပါလတရားဆိုတာ မြောင်းထဲလွှင့်ပစ်လိုက်ရုံပဲ ရှိတော့တာပါ့။ အနှီတော့ အထိုက်အလျောက်တော့ အမှားပျောက်ပြီး အမှန်ရောက်စေချင်တဲ့ ဦးဟန်ကြည်က မှားသမျှတွေကို ဆောရီးတစ်လုံးနဲ့တင် ကျေနပ်မနေဘဲ အမှားတစ်ရံကနေ အမှန်တရားတွေ ဖြစ်မကုန်ကြရလေအောင်  “ နည်းနည်းလေးလဲ လွဲပါတယ် . . . လွဲလွဲလေးလဲ မှားပါတယ် ” လို့ပဲ ဆော်သြလိုက်ချင်တော့တာပါပဲ။        ။

စာကြွင်း။    ။
ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေက အမျိုးသားဘာသာစကားဖြစ်တဲ့ မြန်မာစာမှာ အနှီလိုမျိုး အားနည်းပေမယ့် တိုင်းခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာမှာတော့ အားရစရာကို တစ်စက်ကလေးမရှိပေါင်ဗျာ ။ ဘာကြောင့်လဲဆိုတော့ ပညာရေးလောကထဲကို ခြေစုံပစ်ပြီး ၀င်လိုက်တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပထမဆုံး စာသင်ချိန်မှာ ပထမဆုံးမေးခွန်းအဖြစ် Bio တွဲယူထားတဲ့ ဆယ်တန်းကျောင်းသူလေးတစ်ယောက်ကို “ ကျွန်မတွင် ခွေးတစ်ကောင် ရှိသည် ” ဆိုတဲ့ စာကြောင်းကို အင်္ဂလိပ်လို ပြောပြဖို့ ဦးဟန်ကြည်က ခိုင်းလိုက်မိတော့ “ I am a dog ” လို့ အားပါးတရကြီးကို ဖြေချလိုက်ပါကြောင်း၊ ကျန်တဲ့ ကျောင်းသား တစ်အုပ်လုံးကလည်း အနှီလောက် မှားခြင်းကြီးမှားနေတာကိုတောင် အမှန်လို့ယူဆပြီး ခစ်ခနဲတစ်ချက်တောင် ရယ်ဖော်မရခဲ့ပါကြောင်း ဖောက်သည်ချလိုက်ပါရဲ့ဗျား။ ကလေးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို မကျေနပ်သေးရင် မြ၀တီရုပ်သံကလွှင့်နေတဲ့ အင်္ဂလိပ်စာ ပါမောက္ခကြီးနဲ့ သူ့တပည့် အီးမေဂျာကျောင်းသားကျောင်းသူတွေရဲ့ Functioning your English ဆိုတာကိုသာ နားထောင်ကြည့်ပေရော့လို့လည်း ငရဲလက်ဆောင်ပါးလိုက်ပါရစေဦး။     ။

12 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဟား ဟား ဟား။
ဆရာဟန်တစ်ယောက်တော့ ချာလပတ်ရမ်းနေပြီထင်ပါရဲ့။ ဖြစ်ရမယ်လေ။ ဂလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ခေတ်မီသူတိုင်း သတ်ပုံမှားလေ့ရှိကြသည်ပေါ့။ ဂလိုစာလေးတွေ မဖတ်ရတာ ကြာပါပေါ့လား။

သတ်ပုံမှားကြတာကတော့ ပြောမနေပါနဲ့တော့။
မျက်စိထဲ သိပ်အမြင်ဆိုးတာက စ နဲ့ ဆ မကွဲတာ။
ကသတ်နဲ့ တသတ် မခွဲတာဘဲ။ ဥပမာ။ တားဆီးပိတ်ပင်သည် ကို တားစီးပိတ်ပင်သည် လို့ ရေးတတ်ကြခြင်း။ ဆရာပြောတဲ့ အတတ်ပညာကို အတက်ပညာလို့ ရေးတတ်ကြခြင်းတွေဘဲပေါ့။

သို့ပေမဲ့.. ဘယ်သူမှားမှား ပြင်ပေးရဲဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်ကလဲ သတ်ပုံ အကျအပေါက်အပြောက်တွေ တယ်များသကိုးဆရာရဲ့။း))

ဒါနဲ့..
ဆရာဟန်ကြည်မှာကော ခွေးတစ်ကောင် မရှိဘူးလားဗျ။ ရှိရင်တော့ ဆရာ့ကျောင်းသားတွေကို အင်္ဂလိပ်လို ၀ါကျမစီခိုင်းလိုက်နဲ့ဦးနော။ သတိပေးရသေးတာ။း)

ပျော်ရွှင်ချမ်းမြေ့ပြီး စာတွေ များများ ရေးနိုင်ပါစေဗျား။

ဘုန်း ၂ တောက် said...

ဆရာရေ ဖတ်စက ခပ်တည်တည်နဲ့ ဖတ်နေတာ ဖတ်ရင်းဖတ်ရင်းနဲ့ ရယ်လိုက်ရတာ တခစ်ခစ်မြည်အောင်ပါပဲဗျာ။ ဘယ့်နှယ့် I am a dog တဲ့။ ခိုနှင်းဝေ၊ သင်သေးသွားသော်တဲ့။

သာသနာကိုစောင့်ထိန်းတာလည်း ဘုန်းဘုန်းတွေ၊ သာသနာကွယ်ချိန်တန်ရင်လည်း ဘုန်းဘုန်းတွေပဲ ဖျက်ဆီးကြမယ်တဲ့ သာသနာကွယ်ကြောင်းထဲမှာပါတယ်။

စာလုံးပေါင်းနှင့် ပတ်သက်ပြီး တက္ကသိုလ်မှာတုန်းက ခေတ်လေ့လာနည်းသင်ပေးတဲ့ဘုန်းကြီးလူထွက်ဆရာတစ်ယောက်က ဘုန်းဘုန်းတို့ကို ဘာပြောတယ်မှတ်လဲ "စာလုံးပေါင်းမှားရင် အားကြီးစိတ်ဆိုးတာပဲ"တဲ့။ ပြီးတော့ သူ့ပုစ္ဆာက ၁၆ မှတ်ပေးရမှာကိုး။ ၁၆ မှတ် ဘယ်တော့မှ အပြည့်မပေးဘူး။ အဲဒီအတွက် ဘာပြောတယ်မှတ်လဲ။ "တပည့်တော်ပုစ္ဆာ တပည့်တော်ဖြေလည်း အမှတ်ပြည့်မပေးဘူး"တဲ့။ ပြန်သတိရလို့ ရှယ်လိုက်တာပါ။

ချမ်းမြေ့ပါစေ ဆရာရေ...
ခင်မင်တဲ့

san htun said...

ဟား..ဟား အောင်မလေး ရယ်လိုက်ရတာ ဆြာဟန်..ခိုနှင်းဝေ..သင်သေးသွားသော်..ယောင်ကျားး)

သဒ္ဓါလှိုင်း said...

ဆရာရေ.
ကိုယ့်မြန်မာစာပေကို သတိထားရမယ့် အကြောင်းလေး..
အမှားအမှားတွေကို အမှန်မထင်ကြဖို့ မှတ်သားရပါတယ်..
နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေဆရာ..
ခင်မင်လေးစားစွာဖြင့်
သဒ္ဓါ

Ma Tint said...

စာကောင်းပေကောင်းလေးတွေ အခုလို ပြန်ဖတ်ခွင့်ရလို့ ကြည်နူးမိတယ် ဦးဟန်ကြည်ရေ။ တစ်ခါတစ်လေ စာတွေဖတ်တဲ့အခါ သတ်ပုံမှာလေးတွေမြင်ပေမယ့် မိမိကိုယ်တိုင်ဇဝေဇဝမတင်မကျဖြစ်တတ်တာမို့ကျာ်ဖတ်ခဲ့ဘူးတာတွေ ရှိခဲ့တယ်။
အကျင့်ပါသွားမှာစိုးလို့ အခုတော့ ဂိုဂယ်လ်ကနေ သတ်ပုံအမှန်ရှာတဲ့ အကျင့်လေးစလုပ်နေပါပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟဟဟဟဟ ရီလိုက်ရတာ ဦးဟန်ကြည်ရယ်.. အူတွေကို နာနေရောပဲ xD xD

ညိမ်းနိုင် said...

အစအဆုံးတစ်ပြုံးပြုံးနဲ့ကိုဖတ်သွားတယ် ဆြာကြည်ရေ၊
သတ်ပုံကတော့ ကိုယ်တိုင်လည်း တစ်ချို့ဟာတွေ ဝေခွဲ
မရဖြစ်နေသေးသဗျာ....၊စာလုံးပေါင်းသတ်ပုံကျမ်းကို ပြန်
ပြန်ကြည့်နေရတုန်းပဲ...၊ဒါတောင် အမှားကမကင်း....။

ချော (အစိမ်းရောင်လွင်ပြင်) said...

ညသန်းကောင်မှာ စာဖတ်ရင်း အသံထွက်အော်ရီမိတာ နည်းနည်းတော့ဆိုးတယ်း))
ဆရာရေးပြတဲ့ စာလုံးပေါင်းတွေက ကလေးတွေမပြောနဲ့ ခုစာရေးနေကြတဲ့ လူကြီး တစ်ချို့တောင် မှားနေကျဖြစ်နေတယ်ဆရာရေ
ကိုယ်တိုင်လည်းတစ်ချို့စာလုံးတွေဆို မသဲကွဲဘူး ဝေဝါးဝါး ဖြစ်နေတုန်းဘဲ..
စာလုံးပေါင်းသတ်ပုံကျမ်းလေးတော့ လက်စွဲထားရသပေါ့ဆရာ တစ်ခါတလေတော့လည်း ပျင်းပျင်းနဲ့ မှန်မယ်ထင်ပြီး တွယ်ထည့်လိုက်တာ နောက်တော့မှ မှားနေတာ သိရပြန်တယ်။
ဆရာ့လို စာလုံးပေါင်းသတ်ပုံတွေ သေချာသင်ပေးတဲ့ ဆရာတွေ အများကြီး ရှိလာပါစေ...

Anonymous said...

သည်လိုစာတွေ ဖတ်ခွင့်မရတာ အတော့်ကိုကြာပါပြီကော
ဆရာ........။

ပြောချင်တာတွေကလည်း များလှရောပေါ့
ကလေးတွေကိုတော့ နာနာလေးသင်ပေးစေ့ချင်တယ်ဗျာ
ပညာဆိုတာကို ဘာမှန်းမသိခင်ကတည်းက ခြေကလွတ်ချင်နေကြပြီ....

အဲသည်လိုသာ ပြောနေရတယ် ကိုယ်တိုင်က ဘာကောင်မှ မဟုတ်လေတော့ ဘာမှကိုမပြောဝံ့ပြန်ဘူး။

စာလုံးပေါင်းလေးတွေကိုတော့ ဆရာတို့ သူကြီးမင်းတို့ ကောင်းမှု့တွေကြောင့် အတော်အတန် ဖြောင့်အောင်ရေးနိုင်နေပါပြီ
ဆရာ့အနေနဲ့လည်း ဆက်လက်ပြီး မြင်သမျှ တွေ့သမျှ အမှားတွေကို ပြင်ပေးစေချင်ပါတယ် ။

လေးစားစွာဖြင့်

( မင်းဧရာ )

kokoseinygn said...

မေ၇းတာကြာလို့ မျှော်
ေ၇းလို့လာဖတ်တော့နောက်ကျမှ
ဆရာေ၇ ရယ်လည်းရယ်ရ
ဖတ်လို့လည်းကောင်း
ကျေးဇူးတင်ပါတယ်ဗျာ။

အိမ်မက်စေရာ said...

ဟုတ်တယ် ဆရာရေ.. အိမ်မက်တို့ ကျောင်းတုန်းက ဆရာလဲ ပြောဖူးတယ်..နင်တို့တွေ ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမ မှန်းမသိတဲ့..အဲ့ဒါအမှန်ပဲ အိမ်မက်တို့လဲ ဒီအတိုင်းပဲ ထင်ပါ့ တခါတလေများ စာရေး ရင်း မြန်မာစာလုံးပေါင်း ကို google ထဲ တောင် ရှာယူရတဲ့ အဖြစ် ..အော် တခြားဘာသာများတော်လား ဆိုတော့လဲ ရွာမရောက်ဘူး ဆရာရေ.. အဲ့လို အဲ့လို...ဟီး

Anonymous said...

ဆရာပိုစ့်တွေဖတ်ရတာရည်ရသလို စာလုံးပေါင်းတွေလည်းလေ့လာဖြစ်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ်..
ချစ်စံအိမ်

ကြိုက်ရင်ပေါ့လေ . . .