Thursday, 9 May 2013

ဓလေ့မပြောင်းသေးတဲ့အခါ . . . မမေ့ကောင်းသေးတဲ့အညာ . . .

အညာတွင်မွေး အညာသွေးနှင့်လူဖြစ်ခဲ့ပြီး ကြီးကောင်ကြီးမှ လူညစ်တွေအကြားတွင် ထမင်းရှာစားနေရသော ဦးဟန်ကြည်တစ်ယောက် ဆယ်စုနှစ်တစ်ခုတိုင်အောင် မပြန်ဖြစ်ခဲ့သော မွေးရပ်အညာသို့ လွန်ခဲ့သော ဧပြီလဆန်းပိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြည်တော်ဝင်ခဲ့လေသည်။ မည်သည့်အရပ်တွင်နေ၍ မည်သည့်ရေကိုပင်သောက်သောက် မိမိကိုယ်ကို ရေငန်သောက် မြက်ခြောက်စားသည့် အညာသားစစ်စစ်ဟု သတ်မှတ်ထားသည့် ယောက်ျားဇာနည် ဦးဟန်ကြည်ပင်ဖြစ်စေကာမူ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော အညာမြေပေါ်သို့ ပြန်လည်ခြေချရမည့်အရေးကို တွေးရင်း ငေးရင်း ရင်လေးမိကြောင်းလည်း မညာတမ်းဝန်ခံရပေမည်။ လူယဉ်ကျေးဘ၀ဖြင့် မွေးဖွားကြီးပြင်းခဲ့လင့်ကစား လူသရမ်းတို့အကြားတွင် ရုန်းကန်လှုပ်ရှားရင်း လူကြမ်းကြီးတဖြစ်လဲခဲ့လေသော ဦးဟန်ကြည်တစ်ယောက် သူ၏မွေးရပ်အညာကိုမူ အလှမပျက်စေချင်ရှာပေ။ အညာသူညိုပြာညက်တို့၏ ဆံကေသာ မင်ပိတုန်းရောင်တို့ သံချေးများတက်ကုန်ကြပြီလော၊ သမန်းဆီတက်နေသော ခြေသလုံးညိုညိုတုတ်တုတ်တို့ပေါ်အောင် စကတ်တို၊ စကတ်ကွဲတို့ ၀တ်ဆင်ကုန်ကြလေပြီလော၊ ငွေသာလျှင်အမိ ငွေရှိလျှင် လူမြင်လှသည်ဟူသော ၂၁ရာစု ရွှေပြည်ရောဂါဆိုးကြီးကူးစက်ပြီး အဇျွတ္တကို အရောင်ဆိုးရင်း ရိုးသားဖြူစင်သည့် အညာဓလေ့တို့ ညှိုးနွမ်းခြောက်သွေ့ကုန်ကြလေပြီလောဟူသည့် မဆုံးနိုင်သော လောပေါင်းများစွာက အညာတွင်ဖြစ်ထွန်းပေါက်ဖွားရင့်သန်ခဲ့ရသည့် နှလုံးအိမ်ကို ပြင်းထန်စွာ ထိုးနှက်ကြပြန်လေသည်။ တတ်စွမ်းနိုင်သမျှ အစွဲကင်းကင်းနှင့် စိတ်ရှင်းရှင်းနေထိုင်ရန် မိမိကိုယ်ကို မည်မျှပင် ပြုပြင်မွမ်းမံခဲ့စေကာမူ အညာသား၏ အညာစွဲကား သေရာမှပင် ပျောက်တော့မည်ထင်၏။ ချစ်သောအညာကို စိတ်ကူးနှင့်ပင် အလှမပျက်စေလိုသော အညာသား၏ ဖြူစင်သော အတ္တကို အများနားလည်နိုင်မည်မထင်။


ပူပြင်းခြောက်သွေ့ပြီး လောဘ၊ မောဟ၊ ဒေါသတို့ဖြင့် လောင်မြိုက်ကျွမ်းမြေ့လွန်းလှသော မဟာရန်ကုန်မှ ညကားဖြင့် စီးလာရင်း နံနက်လင်းရောင် မပြူ့တပြူ အချိန်ရောက်သည်နှင့်တပြိုင်နက် ထန်းပင်များကျိုးတိုးကျဲတဲ၊ ခြုံပင်နွယ်ပင်များ ဖရိုဖရဲကြားမှ တမျှော်တခေါ် လယ်ကွင်းများကို လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင် ၀ိုးတ၀ါးလှမ်းမြင်ရလျှင် ဦးဟန်ကြည် ကြည်နူးမဆုံးတော့ပြီ။ အညာမြေဌာနေဟောင်းသည် နှစ်ပေါင်းများစွာ ခွဲခွာစွန့်ထွက် ထားရက်သူကို ငြိုငြင်ဟန်မတူ။ နဂိုယဉ်ဟန်မူဖြင့် လွမ်းသူကို ကမ်းယူနေဆဲရှိလေ၏။ စိမ်းမြဆဲ ပျိုးခင်းများ၊ ရှင်သန်ကြီးထွားဆဲ ထနောင်းပင်များကား ပြည်တော်ဝင် အညာသားကြီးကို လက်ကမ်းကြိုနေသယောင်ယောင်။ ထဘီတိုတို ရေစိုစိုနှင့် လယ်ကွင်းထဲတွင် လုပ်ငန်းခွင်ဝင်စပြုနေကြသော အညာသူ ကောက်စိုက်မများကို ကားပြတင်းမှ လှမ်းမြင်ရလျှင်ပင် မိမိ၏ ဆွေမျိုးညာတိများနှင့် ပြန်လည်ဆုံတွေ့ရသည့်နှယ် နှလုံးသွေးတို့ ညံ့သက်နွေးထွေးလာကြသည်ကို အမှတ်ထင်ထင် ရှိနေပြန်၏။ ချစ်သောအညာသည် သဘာဝအလှတို့ကို တမြတ်တနိုး တန်ဖိုးထားဆဲ၊ လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးဆဲပင် ရှိတကား။ အဝေးပြေးကားပေါ်မှ အညာသားကြီး၏ အညာသောကတို့ တချို့တ၀က် သက်သာရာရရှာလေပြီ။ ဆယ်စုနှစ်တစ်ခုတိုင်အောင် နှလုံးသည်းပွတ်အတွင်း တမြတ်တနိုးထိန်းသိမ်းထားခဲ့သော အညာပုံရိပ်သည် ယခင်အတိုင်းပင် စိမ်းမြလတ်ဆတ်ဆဲ။ နုနယ်ပျိုမြစ်ဆဲ။

ထန်းပင်ကြီးတွေ မိုးတိုးမတ်တပ် . . . တို့များ အညာရပ် . . .

ဇာတိမြေအရောက်တွင် ကားပေါ်မှဆင်းပြီး ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သော ဦးဟန်ကြည်၏ အကြည့်တွင် သင်္ကာယနံ့မကင်းသော အငွေ့အသက်များ အချိုးအစား မည့်ရွေ့မည့်မျှ ပါဝင်နေမည်ကို ဖြူစင်သော အညာသားတို့ သိနိုင်မည်မထင်။ ဆယ်စုနှစ်တစ်ခုကြာအောင် အခြေချနေထိုင်ခဲ့သော နယ်မြေသစ်၏ ပတ်ဝန်းကျင်ကို မသင်္ကာစိတ်၊ မည်သူ့ကိုမျှ ကိုယ်နှင့်ထပ်တူ ယုံကြည်၍မရသော ဓလေ့တို့က တစ်ချိန်က ဖြူစင်ခဲ့သော ဦးဟန်ကြည်၏ နှလုံးအိမ်ကို ညစ်နွမ်းစေခဲ့လေပြီ။ ဟန်ဆောင်မှုကင်းကင်းနှင့် အရိုးရှင်းဆုံး ၀တ်ဆင်ထားကြသော အညာသူ အညာသားတို့၏ ရိုးသားပွင့်လင်းသော စကားပြောသံကျယ်ကျယ်၊ တဟားဟား ရယ်မောသံတို့ကြားဝယ် တစ်ခါက အညာသား ဦးဟန်ကြည်တစ်ယောက် ဧည့်သည်မြင်လျှင် ညစ်ချင်ညာချင်သော ဒေသသစ်၏ အတွေ့အကြုံဆိုးများကြောင့် ဆောက်တည်ရာမရချင်။ ဆယ်စုနှစ်တစ်ခုကြာသည့်တိုင် အပြောင်းအလဲ သိပ်မရှိလှသော အညာမြေသည် ဦးဟန်ကြည်အတွက် သူစိမ်းတစ်ရံဆန်လွန်းနေပြန်လေသည်။ ဆရာကြီးတို့က ဘယ်ကိုသွားကြမှာလဲခင်ဗျာဟူသည့် ဆိုက်ကားသမားကလေး၏ မွန်ရည်သော မေးခွန်းကိုပင် ချက်ချင်းအဖြေမပေးလိုက်မိ။ ချိုချိုပြော၍ နာနာနှက်တတ်သော ဒေသဆိုးကြီးတွင် ဆယ်စုနှစ်တစ်ခုတိုင်ခဲ့သော ဦးဟန်ကြည်သည်ကား ပင်ကိုချိုနှင့် အသပြာချိုကိုပင် မခွဲနိုင်ရှာတော့ပေ။ ငွေမှလွဲ၍ မည်သည့်အရာမှ မရနိုင်သော ဒေသသစ်တွင် အနေကြာခဲ့သော ဦးဟန်ကြည်တစ်ယောက် ဖြူစင်နွေးထွေးသော အညာနှလုံးသားနှင့် ဧည့်သည်ကို ချစ်တတ်သော အညာသွေးစစ်စစ်တို့ ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့ပြီကော။

ဆယ်စုနှစ်တစ်ခုတိုင်အောင် စွန့်ခွာရက်ခဲ့သော သားဖြစ်သူကို ငြူစူခြင်းမရှိ အပြစ်မ၀င် အချစ်မြင်ဆဲ မိဘနှစ်ပါးနှင့် အောင်မြင်သော ဆေးကုခန်းတစ်ခုကို ထူထောင်ထားနိုင်ပြီးဖြစ်သော ညီမဖြစ်သူ၏ ဖက်လှဲတကင်းရှိလှသော သွေးကပြောသည့် မေတ္တာစကားတို့ဖြင့် သုံးလေးရက်တိုင်အောင် ရွှေပေါ်မြတင် နေရသော်လည်း လူစိမ်းမြင်လျှင် မသင်္ကာချင်သော ဒေသညစ်ကပေးခဲ့သည့် စရိုက်ဆိုးကြီးကား ဦးဟန်ကြည်တွင် အမြစ်တွယ်ဆဲ။ ပိတုန်းရောင် ဆံကေသာနှင့် ပေါင် ၁၀၀ စွန်းစွန်း တွင် အညာမြေမှထွက်ခွာပြီး ပေါင် ၁၅၀ ၀န်းကျင်နှင့် ဘော်ငွေရောင်ကေသာလွလွဖြင့် ပြည်တော်ပြန်ဝင်လာသော ဦးဟန်ကြည်ကို ရုတ်တရက်မမှတ်မိဘဲ မိတ်ဆက်ပေးမှ ငယ်ရုပ်ဖမ်းမိကြသော ငယ်ကျွမ်းပေါင်းဖော်များ၏ ဟာ မင့်ဆံပင်တွေကလည်း တစ်ခေါင်းလုံးဖြူလို့ဖွေးလို့ပါလားဟ ဟူသည့် ဆွေမျိုးရင်းချာဆန်ဆန် ပွင့်လင်းလှသည့် နှုတ်ဆက်စကားသံကိုပင် မိမိကို စော်ကားရန်စသည်ဟု ထင်မှတ်နေမိခဲ့သော ဦးဟန်ကြည်ကား ချစ်သောမွေးရပ်အညာ၏ ဖြူစင်ပွင့်လင်းသော ဓလေ့ဟောင်းကို မထီမဲ့မြင်ပြုရာ ရောက်နေလေပြီ။ လူသရမ်းများကြားတွင် လူကြမ်းဖြစ်ခဲ့ရသည့် စရိုက်ဆိုးကား ခေါင်းထောင်လုဆဲဆဲ။ လူရေးလူမှု ပါးနပ်လိမ္မာလှသော ညီမငယ်၏ ဆက်ဆံရေးပြေလည်မှုသည်သာ လူကြမ်းကြီး ဦးဟန်ကြည်အတွက် မွေးရပ်မြေနှင့် ဒုတိယမ္ပိအောင်သွယ်တော်။

သာသနာ့အမွေခံမယ့်သား . . .

မည်သို့ပင်ဆိုစေကာမူ မိမိကိုယ်ကို အညာ၏ဧည့်သည်ဟု လိုရာဆွဲ၍ သတ်မှတ်ထားမိသော ဦးဟန်ကြည်သည်ကား တစ်ပတ်ဝန်းကျင်ကြာသည့်အချိန်အထိ မည်သည့်အညာသားနှင့်မျှ စကားဟဟ မပြောဖြစ်။ သို့သော် အိမ်နှင့်မနီးမဝေးတွင် ၀ှဲချီးကျင်းပသော ရှင်တစ်ရာပြုအလှူပွဲကြီး၏ ရှင်လောင်းယူ အလှူလှည့်လူတန်းကြီး အိမ်ရှေ့အရောက်တွင်မူ လူကြမ်းကြီးဦးဟန်ကြည်၏ နှလုံးအိမ်ပေါ်မှ ဆူးခက်တို့ ကြွေစပြုရချေပြီ။ အလှူပွဲတွင် ပါဝင်လှည့်လည်ရန်အတွက် မိဘနှစ်ပါးခြံရံကာ အလှူအိမ်သို့ လမ်းလျှောက်လာနေသော မောင်ရှင်လောင်းငယ်ကို အမှတ်မထင်အမြင်လိုက်တွင် ရင်သည်သိမ့်ခနဲတစ်ချက်ခုန်၏။ ရှိသမျှနှင့် လှအောင်ပြင်လာသော မောင်ရှင်လောင်းငယ်ကို ဦးဟန်ကြည် ဓာတ်ပုံတစ်ချက်ရိုက်သည်။ ကင်မရာမီးရောင်အလက်တွင် မောင်ရှင်လောင်းငယ်ထံမှ ရှက်ပြုံးတစ်ချက် ပွင့်လာသည်။ ရှင်လောင်းငယ်၏ အ၀တ်အစားအပြင်အဆင်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၀န်းကျင်က မောင်ရှင်လောင်းပေါက်စ မောင်ဟန်ကြည်၏ ၀တ်စားဆင်ယင်ပုံနှင့် ထူးမခြားနား။ အညာသည် အညာဆန်ဆဲပါတကား။ ရိုးရာယဉ်ကျေးမှု အမျိုးသားအမွေအနှစ်ကို ခါးဝတ်ပုဆိုးနှယ် မြဲမြံစွာ ထိန်းသိမ်းထားဆဲပင် ရှိပါတကား။ အညာသည် အညာဆန်ဆဲပါတကား။ ရိုးရာယဉ်ကျေးမှု အမျိုးသားအမွေအနှစ်ကို ခါးဝတ်ပုဆိုးနှယ် မြဲမြံစွာ ထိန်းသိမ်းထားဆဲပင် ရှိပါတကား။

 အလှူလှည့်လူတန်း၏ ရှေ့ဆုံးမှ သိုရင်းဝတ်စုံတဖားဖား ဖော့လုံးဗောင်းထုပ်တကားကားနှင့် အညာသားကြီးများ၏ ဗြောသံသည် ဆယ်စုနှစ်တစ်ခုကြာအောင် အေးခဲနေခဲ့သော ဦးဟန်ကြည်၏ နှလုံးသွေးတို့ကို ပြန်လည်လည်ပတ်လာစေနိုင်ရန် စွမ်းနိုင်လွန်းပေစွ။

သောင်းတိုက်ကကြား . . .

မမြင်ရသည်မှာ ကြာခဲ့ပြီဖြစ်သော မင်္ဂလာဗြောညွန့်အဖွဲ့ကို  ကြည်နူးဆွတ်ပျံ့သောစိတ် နွေးထွေးညံ့သက်သော နှလုံးအိမ်တို့ဖြင့် မှတ်တမ်းဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ယူနေသော ဦးဟန်ကြည်၏ ကင်မရာမီးရောင် တလက်လက်အောက်တွင် ဗြောသံသည် ယခင်ကထည် မြည်ဟီးလာသလို၊ ၀ိုင်းသားများ၏ လှုပ်ရှားကခုန်မှုကလည်း ပိုမိုသွက်လက်လာလေ၏။ ဗြောမင်းသား၏ သိုရင်းဝတ်စုံကား လေထဲတွင် တဝေ့ဝေ့၀ဲလျှက်။ ချစ်သောအညာသည် ယခင်ကအတိုင်း ရိုးသားမြဲ၊ ဖြူစင်မြဲ၊ နည်းပညာပစ္စည်းများနှင့် စိမ်းဆဲပါတကား။ တစ်စုံတစ်ယောက်က မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းသည် မိမိတို့ကို ချစ်မြတ်နိုးခြင်းဖြစ်သည်ဟူသည့် ရှေးဆန်သော အညာတွေးတို့ ရှင်သန်ဆဲပင် ရှိနေပါတကား။

ရာဇာဝင်း . . .

ထွက်တော်မူကြီး ထွက်သည့်နှယ် . . .

 ကင်မရာမီးရောင်တစ်ချက်လက်သွားတိုင်း မိမိပုံကို ဓာတ်ပုံထဲတွင် မလှမပ ပါသွားမည်ကို စိုးရိမ်တတ်သည့် မိမိ၏ ငယ်ဘ၀ကို ဦးဟန်ကြည် အမှတ်ရသွားမိရပြန်လေပြီ။ ဘုရားပွဲ၊ ကျောင်းပွဲရှိတိုင်း ဓာတ်ပုံရိုက်ပေးရန် ပူဆာလေ့ရှိသည့် ဖိုးလှချင် မောင်ဟန်ကြည် မဲမဲသည်းသည်းလေးဘ၀ကို ပြန်လည်မြင်ယောင်မိသော ဦးဟန်ကြည်၏ မျက်ဝန်းအစုံတွင် ရှက်ပြုံးတစ်စက မပီ့တပီ။ ဆယ်စုနှစ်နှစ်ခုနီးပါး ပြန်လည်နုပျိုသွားသယောင် ခံစားလာရသည့် ခေါင်းဖြူဖြူ လူ့ခွစာကြီး ဦးဟန်ကြည်ကား အလှဆုံးပြင်ထားကြသည့် အညာသမီးပျိုကလေးများကို မျက်လုံးဝေ့ရင်း လေ့လာလိုက်မိသည်။

မေမေသင်္ကန်းရွက်လို့ကွယ် . . . ဖေဖေ သပိတ်လွယ် . . .





မမလေးက ကွမ်းတောင်ကိုင် . . .

ထန်းစင်စီးလို့ ထီးရိပ်ခို . . .

မြန်မာလိုလှတာ ဂုဏ်ယူဖို့ကောင်းတယ် . . .

အလှူပွဲအတွက် လှနိုင်သမျှ လှအောင် သူ့ထက်ငါ အစွမ်းကုန်ပြင်ဆင်ထားကြသည့် ခပ်ငယ်ငယ် အကလေးအရွယ်မှအစ ခပ်ရွယ်ရွယ်အပျိုဖြစ်ကြသော အညာသမီးပျိုတို့၏ ဆံကေသာတို့သည် ပိတုန်းရောင်တမျှ နက်မှောင်စိုပြည်လျှက်။ ကြီးငယ်မဟူ ပုပုရွရွ မြင်သမျှသော အမျိုးသမီးတို့၏ ပိတုန်းရောင်ကေသာတို့ သံချေးရောင်ပေါက်နေခဲ့သည်ကို မြင်ရ တွေ့ရတိုင်း သက်ပြင်းအလီလီချခဲ့ရသော ဦးဟန်ကြည်၏ စိုးရိမ်သောကတို့ ပါးလျားကုန်ကြလေပြီ။ အရှိန်အဟုန်ပြင်းထန်လှသော ကိုရီးယားအဖေခေါ်ယဉ်ကျေးမှုကြီးသည် အင်အားကြီးမားခိုင်မြဲလှသော အညာယဉ်ကျေးမှုကို ထိုးဖောက်ခြင်းငှာ မစွမ်းနိုင်သေးပါတကား။ တောကျသည်ဟု ဆိုချင်ဆို၊ အညာသား ဒိုက်ဖတ်ဟု သမုတ်ချင် သမုတ်ကြစေတော့။ ဦးဟန်ကြည်ကတော့ မြန်မာဆန်သော၊ ယဉ်ကျေးသိမ်မွေ့သော အညာတောသူတို့ကိုသာ မြတ်နိုးချစ်ခင်စွာဖြင့် ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ရင်း မှတ်တမ်းတင်မိလေပြီ။ အညာလေပူပူသည် မြန်မာ့ယဉ်ကျေးမှုကို ငတ်မွတ်မှုဖြင့် ဆယ်စုနှစ်တစ်ခုကျော်အောင် ပူလောင်နေခဲ့သော အညာသားကြီးဦးဟန်ကြည်၏ရင်ကို အေးမြစေခဲ့ပြီမဟုတ်ပါလား။

ထီးတန်းကြီးရယ်နဲ့ မောင်သာချို ရှင်လောင်းလှည့်လို့လာ . . .
ဒုတိယမျိုးဆက် သံထမ်းစင် . . .

နောက်ဆုံးမျိုးဆက် စတီးထမ်းစင် . . .
ဓာတ်ပုံရိုက်ရင် ပြုံးရမှ . . .
ဆင်စီးလို့ မြင်းရံ . . .

အပျိုတန်းအဆုံးတွင် ရွှေထီးများ တ၀င်းဝင်းတလက်လက်ဖြင့် မောင်ရှင်လောင်းတန်းကြီးကို ဦးဟန်ကြည်မြင်ရပြန်လျှင် ကြည်နူး၍ မဆုံးနိုင်ပြန်။ မောင်ရှင်လောင်းအချို့ကား မြင်းစီးလျှက်၊ အချို့ကား ထန်းစင်ထက်တွင်။ ထန်းစင်များကို ဦးဟန်ကြည် စေ့စေ့စပ်စပ် ကြည့်လိုက်မိပြန်သည်။ မောင်ဟန်ကြည်ဘ၀ အလှူပေးစဉ်ကတည်းက စီးခဲ့သော မှန်စီရွှေချ သစ်သားထန်းစင်လည်း အချို့ပါ၏။ သံထမ်းစင်အချို့လည်း ပါလေသည်။ စတီးထန်းစင်အချို့ကား ၀င့်ဝင့်ထည်ထည်။ ခေတ်သည် ပြောင်းခဲ့ပြီ မဟုတ်ပါလော။ သစ်သားထမ်းစင်သည် ခန့်ထည်သော်လည်း ထမ်းရသည့် လေးလံလွန်းလှသဖြင့် ထမ်းစင်သားများ ပင်ပန်းလွန်းလှ၏။ စတီးထမ်းစင်များကား ပေါ့ပေါ့ပါးပါးဖြင့် သက်တောင့်သက်သာ ထမ်းနိုင်သည်။ ခေတ်နှင့်လည်း လိုက်လျောညီထွေရှိ၊ ရိုးရာကိုလည်း ထိန်းသိမ်းထားသော တီထွင်ဆန်းသစ်မှုပေတည်း။ နည်းပညာတွေတိုးတက်လို့ ယဉ်ကျေးမှုတွေ ပျက်စီးရတာပါဟု တွင်တွင်ပြောလေ့ရှိသော မိတ်ဆွေကြီးတစ်ယောက်ကို ဦးဟန်ကြည် အမှတ်ထင်ထင် သတိရမိပြီး ပြုံးလိုက်မိပြန်သည်။ ထန်းစင်ထမ်း ကာလသားများထံမှ “ ထန်းစင်စီးလို့ ထီးရိပ်ခို . . . ရှေ့က အပျို ကျုပ်တို့ရည်းစား . . . ” “ သျှိုး . . . ” ဟူသော သျှိုးလိုက်သံကိုကြားရလျှင် ဦးဟန်ကြည် ကြက်သီးထမိပြန်သည်။ အညာသည် အညာပင်တည်း။


နွားညီနောင် လှည်းယဉ်ကြော့နဲ့ . . . ပွဲဝင်တော့မယ် . . .

သူ့ခေတ်နဲ့ သူ့အခါ . . .

မမြင်ရသည်မှာ ကြာခဲ့ပြီဖြစ်သော ကကြိုးတန်ဆာအစုံအလင် ဆင်ယင်ထားသည့် ပွဲလမ်းသဘင်သုံး လှည်းယဉ်ကြော့ကို မြင်လိုက်ရသည်တွင် ဦးဟန်ကြည်၏ ရင်တို့ ခုန်လာကြပြန်၏။ လှည်းယဉ်ကြော့သည် ဦးဟန်ကြည် ငယ်စဉ်ကလို ခြောက်စမထောင်တော့။ နားသမင်္ဂလာဝင် မလ္လိကာတန်ဆာဝတ်ထားသည့် သူငယ်မကလေးတို့သည်လည်း လှည်းယဉ်ကြော့ကို မစီးကြတော့။ တိုးတက်သော ခေတ်ရေစီးကြောင်းတွင် လိုက်ပါစီးမြောရင်း အလှူလှည့်ကားပေါ်သို့ တက်လိုက်ကြလေပြီ။ မည်သို့ပင်ဆိုစေ အညာနှင့်ဝေးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော ဦးဟန်ကြည်ကမူ လှည်းယဉ်ကြော့ကို မြင်ရသည်နှင့်ပင် ကြည်နူးလှပေပြီ။ လှည်းယဉ်ကြော့ နောက်မြီးတွင် ကျားခေါင်းရွှေခြေကျင်းကို ၀တ်ဆင်ပြီး ကတ္တီပါ ပုံတော်ဖိနပ်စီးထားသည့် ခြေအစုံကို တွဲလျားချကာ ထိုင်လိုက်လေ့ရှိသည့် ပုသိမ်ထီးဆောင်း အညာပျိုဖြူ၏ ပုံရိပ်ကို စိတ်အာရုံတွင်းတွင် ပုံဖော်ကြည့်ရင်း ဦးဟန်ကြည် ကြည်နူးမဆုံးတော့ပြီ။ ခြူသံတလွင်လွင်ဖြင့် တငြိမ့်ငြိမ့်သွားနေသည့် လှည်းယဉ်ကြော့သည် ဦးဟန်ကြည်၏ ဟဒယနှလုံးအိမ်အတွင်းသို့ “ ဟဲ့ဆိုကာ ကြိမ်တံမြှောက်ရင်ဖြင့်…လှည့်လိုရာ တိမ်ယံရောက်ပေလိမ့်…အိမ်ခြံပေါက်ပါတဲ့ နွားညီနောင် ” ဟူသော သတိုးပီယ၏ သံချိုတစ်ပိုင်းတစ်စကို ညင်းညင်းသွဲ့သွဲ့ဆောင်ယူလာလေသည်။ အညာသည် ယခင်ကအတိုင်း လှနေဆဲ။

မြန်မာလိုကတာ ဂုဏ်ယူပါနှမငယ် . . .

လှည်းယဉ်ကြော့၏ နောက်ပါးတွင် ဖျော်ဖြေရေးယဉ်ကို မြင်ရပြန်သည်။ ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်ကမူ နွားလှည်းပေါ်မှ ဖျော်ဖြေလေ့ရှိ၏။ ခေတ်ကား တိုးတက်ခဲ့ပြီ မဟုတ်ပါလား။ ယဉ်အစီးအနင်း မည်သို့ပင်ပြောင်းသော်လည်း ထိုင်မသိမ်းဝတ်ပြီး မြန်မာအကဖြင့် ဖျော်ဖြေနေသော မင်းသမီးလေး၏ ဟန်မူကား မပြောင်းလဲ။ မြန်မာသီချင်းကိုဆို၍ မြန်မာလို ကမြဲကလျှက်ပင်။ ခပ်ငယ်ငယ် မောင်ဟန်ကြည်ဘ၀က အလှူပွဲဖျော်ဖြေရေးလှည်းတန်းနောက် တကောက်ကောက်လိုက်ရင်း အကကြည့်၊ တေးသရုပ်ဖော်ကြည့်ခဲ့သော အဖြစ်ကို ဦးဟန်ကြည် ပြန်လည်သတိရမိသွားပြန်သည်။ ရှက်ပြုံးသည် မပီတတ်။


မဏ္ဍပ်ကြီးက ဟီးဟီးထ . . .
မဏ္ဍပ်တွင်းမှာ မွမ်းမံသ . . .
ဧည့်သည်တွေတွက် ဖျာခင်းမှ . . .
ဆိုင်းဝိုင်းကြီးက ခန့်ထည်လှ . . .
ရိုးရာအမွေ ထိန်းသိမ်းကြ . . .

အလှူ၊ မင်္ဂလာ၊ နာရေးပါမကျန် တာလပတ်မဏ္ဍပ်တစ်ခုသာ ရေလဲသုံးတတ်သော ဒေသသစ်၏ ပွဲလမ်းသဘင်များကို ဘ၀င်မကျခဲ့လေသော ဦးဟန်ကြည်တစ်ယောက် စုလစ်မွန်းချွန်များဖြင့် ရွှေရောင်ဟီးထနေသော နန်းတော်ပုံစံ စက္ကူမဏ္ဍပ်ကြီးရှေ့အရောက်တွင်ကား အညာသား၏ အညာသွေးတို့ ပွက်ပွက်ဆူလျှက်ရှိနေချေပြီ။ ချစ်သောအညာ၊ ဦးဟန်ကြည်တို့အညာ၊ ရိုးရာမပျက်တဲ့အညာဟူသည့် အသံတိတ်ကြွေးကြော်သံတို့သည် ရင်ဝယ်ပဲ့တင်ဟီးထလျှက်။ 

သောက်ရေအေးနဲ့ ကုသိုလ်ယူ . . .

ကျွေးရုံတွင်းက များဗိုလ်လူ. . .

အလှူဟင်းက သွားရည်ချူ . . .

အယုတ်၊ အလတ်၊ အမြတ်မရွေး၊ ထမင်းရည်ချောင်းစီး ကျွေးမွေးပြုစုနေသည့် ထမင်းကျွေးရုံသို့ဝင်ပြီး ရိုးရာမပျက်သည့် ငါးခြောက်ထောင်းကြော်၊ မှန်ရောင်ဟင်းချိုနှင့် ပဲကြီးနှပ်ကို ပဲတီချဉ်သနပ်ဖြင့် အားပါးတရ စားလိုက်ရချိန်တွင်မူ ဦးဟန်ကြည်တစ်ယောက် အညာသားစစ်စစ် ပြန်ဖြစ်လာချေပြီ။ အညာသွေးသည် စွေးစွေးနီလာလေ၏။ ရှူသွင်းလိုက်သော ၀င်သက်တိုင်းတွင် အညာရနံ့တို့က သင်းပျံ့လာလေ၏။ ရိုးရိုးကုပ်ကုပ် ၀တ်ဆင်ပြီး ကျယ်ကျယ်လောင်လောင် စကားပြောတတ်ကြသော ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းသည့် အညာသားများသည် ဦးဟန်ကြည်၏ ဆွေမျိုးများ ပြန်ဖြစ်လာကြလေ၏။ အဲ ဟုတ်သာပတော်…ဟု ခပ်လေးလေး ပြောကြသော အညာလေယူလေသိမ်းသည် ဦးဟန်ကြည်ကို ပြန်လည်ရွှင်ပြလာစေရန် စွမ်းချေပြီ။

ဓလေ့အပျက်သောအညာသည် လူကြမ်းကြီး ဦးဟန်ကြည်ကို မမေ့ရက်ပါဟု ခွန်းချိုနှုတ်ဆက်လိုက်ချေပြီတကား…။  

7 comments:

Shwezinu said...

ဆရာရေ

အညာသားကြီး ရဲ့ ပိုစ့် ကို အညာသူကြီး ဖတ်သွားတာ အားရလိုက်တာ ... အားအရဆုံးကတော့ ငါးခြောက်ထောင်းကြော် .. မှန်ရောင်ဟင်းချို ... ပဲတီးချဉ်သုတ် ဘဲ ဟိ ဟိ...

ခင်မင်တဲ့
ရွှေစင်ဦး

Thandar Lwin said...

ဆရာဟန်ရေ
ကျမလဲ အညာသူပဲတော့ ။
ချင်ကျားပူမှာ ဘယ်ကလောက်ကြာပေမယ့် ပိတုန်းရောင်ကေသာပါပဲတော် ။
ဓါတ်ပုံတွေကြည့်ရတော့ ဒေသချင်းသိပ်မကွာသလိုပဲ ။ မှန်ရောင်ဟင်းချို ငါးခြောက်ထောင်းကြော် ပဲကြီးနှပ်နဲ့ ပဲတီချဉ်သုပ်လေးကို ရပ်ဆွေရပ်မျိုး တစ်လှေကြီးနဲ့ အားပါးတရ လွေးချင်စမ်းပါဘိ ။

နွေတေးရှင် (မင်းဧရာ) said...

ဒီလို မြင်းကွင်းမျိုး မြင်ရခဲပါဘိ ဆရာ ရယ်.....
လွမ်း လွမ်းလှပါပေါ့ ။

ဆရာ့ ပိုစ့်ကိုဖတ်ပြီးတော့ အညာဓလေ့ အညာစရိုက်များ ဟိုအရင် အတိုင်းရှိနေကြသေးသမို့ ကျေးဇူးတင်ရသေးတယ် ။

ဖုန်ထူထူ နေပူပူ ဘယ်လိုလူတွေ ရှုံ့ချ ရှုံ့ချ အညာသားဖြစ်ရတာတော့ ဂုဏ်ယူတယ် ဆရာ ရေ့...။

မဒမ်ကိုး said...

ရွာအလှုကြီးကိုမြင်လိုက်ရတဲ့တာ ရောက်ဖူးချင်လိုက်တာ ဆြာကြည်ရာ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အညာသူ ကျွန်မအတွက် မစိမ်းတဲ့မြင်ကွင်းတွေပါပဲ။ ပုံကလေးတွေကို ကြည့်ရင်း ဟိုတုန်းကနေ့ရက်ကလေးတွေပါ ပြန်ပြောင်းအောက်မေ့မိပါရဲ့။

Anonymous said...

ရှားရှားပါးပါး..ဓါတ်ပုံလေးတွေ စာလေးတွေ ကြည့်လိုက် ဖတ်လိုက် ရတာ အရသာ ရှိလိုက်တာ..အညာဆိုတာ တခါမှ မရောက်ဖူးဘူး..လေ။
အိမ်မက်စေရာ

Anonymous said...

မိဘနဲ့ နှမအကြောင်းပဲပါတယ်။မိန်းမကိုတော့ အညာသူတွေတွေ့ပြီးမေ့သွားပြီလားဆရာ...

ကြိုက်ရင်ပေါ့လေ . . .