Wednesday, 30 January 2013

ချစ်သောအညာ ( ၂ ) . . .




ဘာပဲဖြစ်ဖြစ် တိုင်းရင်းဆေးဆရာတွေဟာ ဦးဟန်ကြည်တို့ အညာကျေးတောသားတွေအတွက်တော့ အားကိုးအားထားပြုစရာ အစစ်အမှန်တွေပေါ့လေ။

သည်ကြားထဲမှာ စုန်းတို့ ပယောဂတို့ဆိုတာကလည်း အညာရွာတွေရဲ့ ဖက်ရှင်တစ်ခု။ နတ်ကတော်ဆိုတာကလည်း ရွာတိုင်းမှာ မရှိမဖြစ်။ ရှေးအဖိုးကြီး အမယ်ကြီးတွေပြောစကားအရ ရွာတစ်ရွာတည်ရင် ပညာသည်(စုန်း)က ဘယ်နှစ်ယောက်၊ အရပ်ပျက်က ဘယ်နှစ်ယောက်ဆိုတာ ရှိရတယ်ဆိုကိုး။ ဘယ်သူဘယ်ဝါက ပညာသည်လို့များပြောရင် မောင်ဟန်ကြည်တို့ခမျာ ညနေမိုးချုပ်ရင် အနှီအိမ်ရှေ့က မဖြတ်ရဲတော့တဲ့အထိ။ ဇော်ဂနီတို့ ဇော်ဂနက်တို့ ဆယ့်နှစ်ကြိုးတို့ဘာတို့နဲ့ ပညာသည်မျိုးကလည်း စုံတကာကိုစေ့လို့။ သည်ကြားထဲမှာ ချေးစားစုန်းဆိုတာက ရှိသေး။ မောင်ဟန်ကြည်တို့အဘွားအိမ်နဲ့ လမ်းခြားတဲ့ မျက်နှာချင်းဆိုင်အိမ်က အဒေါ်ကြီးက ချေးစားစုန်းဆိုလို့ မောင်ဟန်ကြည်တို့မှာ ညဘက်ဆို အနှီအိမ်ဘက်ကို ကြည့်တောင်မကြည့်ရဲတဲ့အထိ။ ညဘက်ညဘက်ဆို အနှီအိမ်ဘက်က စုန်းတောက်စားတဲ့ မီးလုံးတွေ မြင်ရတယ်လို့ အဘွားက ပြောပြန်တော့ ဘာပြောကောင်းမလဲ အနှီအိမ်ဘက်က မီးရောင်မြင်ရင်ကို မောင်ဟန်ကြည်တို့မှာ ဖင်ကိုသီနေရော။ တကယ်တော့လည်း အညာထုံးစံအတိုင်း ဆောင်းညတွေမှာ မီးဖိုထဲ မီးထည့်ပြီး လှုံတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သည်ကြားထဲမှာ ဘယ်သူဘယ်ဝါကို ပညာသည်ပြုစားလို့ ဆေးဆရာနဲ့ ပညာပြိုင်နေကြတယ်ဆိုရင် ကြောက်ကြောက်နဲ့ သွားသွားချောင်းရတာအမော။

အသက်လေးရလာလို့ ပညာသည်တွေနဲ့ ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကြားရမှပဲ ကိုယ်ငယ်ငယ်က အကြောက်သန်ခဲ့တာ တွေးပြီး ရယ်ပွဲဖွဲ့ဖြစ်ပါသေးရဲ့။ အနှီဟာသထဲမှာ ပညာသည်နဲ့ ဂိုဏ်းဆရာနဲ့ ပညာပြိုင်ကြသတဲ့။ ဆရာက အိတ်ထဲကနေ ဆေးတစ်လုံးထုတ်၊ ဂါထာစုတ်ပြီး ပညာသည်ရဲ့ မျက်နှာကို ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ အကောင်က ပိုကြီးလာသတဲ့။ တပည့်လုပ်တဲ့လူက ဟုတ်ပါ့မလားဆရာဆိုတော့ ဆရာက ရပါသကွာ နောက်ထပ်ဆေးတစ်လုံးရှိပါသေးတယ်လုပ်ရော။ အနှီလိုနဲ့ နောက်ထပ်တစ်လုံးနဲ့ ထပ်ပေါက်လိုက်ပြန်တော့ စောစောကလိုပဲ ၀ုန်းခနဲမြည်ပြီး အကောင်က ပိုကြီးလာပြန်ပါရော။ တပည့်ကတော့ ပြေးဖို့ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီပေါ့လေ။ ဆရာဖြစ်သူက အသာနေစမ်းပါကွာ ငါ့မှာ နောက်ဆုံးဆေးလုံးရှိပါသေးတယ်ဆိုပြီး လွယ်အိပ်ထဲက နောက်ဆုံးဆေးလုံးထုတ်ပြီး ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ နာနာရုပ်လည်း ပြာကျသွားပါလေရောတဲ့။ အနှီတော့မှ တပည့်လုပ်သူက ဆရာ့မျက်နှာကို တလေးတစားကြည့်ပြီး စွမ်းလိုက်တာ ဆရာရယ်…ဒါနဲ့ ဆရာ့နောက်ဆုံးဆေးက ဘာနဲ့စီရင်ထားသလဲလို့မေးတော့ ဆရာက ငါးသလဲထိုးပြုံးပြုံးပြီး “ ငါ့တပည့် ဘယ်သူ့မှတော့ မပြောလေနဲ့…အနှီနောက်ဆုံးဆေးလုံးက လက်ပစ်ဗုံးကွဲ့” လို့ မိန့်ပါသတဲ့။ အနှီတော့မှပဲ သည်သိပ္ပံခေတ်ကြီးမှာ လက်ပစ်ဗုံးထက်ပိုစွမ်းတဲ့ လက်နက်တွေ ပေါ်နေတာကို မစဉ်းစားမိဘဲ ပုဂံခေတ်လက်ကျန် ပညာသည်ကို အကြောက်ပိုခဲ့မိတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ရှက်နေမိသေး။

နတ်ကတော်ဆိုတာကလည်း အညာမှာတော့ အထင်ကရ။ တစ်ခုခုလုပ်မယ့်ကိုင်မယ့်ပြင်တိုင်း နယ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို ပသကြ၊ တင်မြှောက်ကြရတာကိုက အညာထုံးစံ။ စပါးအထွက်တိုးအောင်လို့ ပုန်းမကြည်ကို ပသရသလို၊ မိုးရွာစေချင်ရင် မိုးခေါင်ကျော်စွာကို ပူဇော်ကြဖို့လည်း ၀တ်မပျက်။ တစ်ချို့များ ထမင်းစားရင်တောင် ပထမဦးဆုံး ထမင်းဆုပ်ကို အပေါ်မြှောက်ပြီး နတ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို အရင်ပသလိုက်သေး။ နေမကောင်းထိုင်မသာဖြစ်ပြန်ရင်လည်း နတ်မကြိုက်တာ ဘာများလုပ်ထားလိုက်မိသလဲလို့ အရင်တွေးကြရသေးတာ။ ရွာထိပ်က နတ်စင်သွားပြီး ကွမ်းတစ်ရာ၊ ငွေတစ်မတ်နဲ့ နတ်ကိုးလိုက်ရင် ကိုးဆယ့်ခြောက်ပါးသော ရောဂါတွေကို ရှောင်နိုင်ကွင်းနိုင်မယ်လို့ အယူကရှိကြပြီးသား။ အလုပ်အကိုင်တွေ အဆင်မချောရင်လည်း ဆန်တစ်ပြည်၊ ငွေတစ်မတ်နဲ့ ရွာနတ်ကတော်ဆီသွားပြီး နတ်မေးကြတဲ့သူတွေချည်း။ ဒါတင်ဘယ်ကလိမ့်တုန်း။ တစ်နှစ်မှာတစ်ခါလောက်တော့ အိမ်မှာ နတ်ပွဲကလေးပွဲထိုးလိုက်ရမှ နေသာထိုင်သာ ရှိကြတဲ့လူတွေ။ မောင်ဟန်ကြည်တို့ အဘိုးကတော့ နတ်ကို အယုံအကြည်မရှိလေတော့ အိမ်မှာပွဲထိုးတယ်ဆိုရင် တဘက်ကလေး ပုခုံးတင်ပြီး တော်ရာကို ရှောင်ထွက်သွားတာချည်း။ မေမေနဲ့ အဘွားကတော့ မိန်းမတွေပီပီ နတ်ဆိုလည်း ယုံပြီးသား။ မောင်ဟန်ကြည်တို့ကတော့ ဘာပဲဖြစ်ဖြစ် နတ်ပွဲဆိုတာ စားစာရာတွေ အလျှံပယ်တွယ်ရတာမို့ ခပ်ကြိုက်ကြိုက်။

မေမေ့ရွာက နတ်ကတော်က အသက်၆၀၀န်းကျင်။ ဖြူဖြူသန့်သန့် ဥပဓိကောင်းကောင်း။ အနေအထိုင်ကလည်း ပိပိရိရိ ရှိပါဘိသနဲ့။ ဘာပဲဖြစ်ဖြစ် သူကလည်း ရွာမှာ လူကြည်ညိုခံပုဂ္ဂိုလ်စာရင်းဝင်ကိုး။ အဘွားတို့အိမ်မှာ နတ်ပွဲထိုးရင် နတ်ကတော်အဘွားရောက်လာပြီး တဘက်ကလေးပုခုံးတင်၊ ကျုံ့ကျုံ့ရုံ့ရုံ့ကလေးထိုင်ပြီး ဦးသုံးကြိမ်ချ။ တအောင့်လောက်ကြာလို့ တုန်တုန်ယင်ယင်ဖြစ်လာပြီဆိုရင် နတ်တစ်ပါးပါးတော့ ၀င်ပြီဆိုတဲ့သဘော။ အောင်မယ် နတ်ကလည်း သူ့စီနီယာနဲ့သူရယ်။ ဘယ်သူပြီးမှ ဘယ်သူဝင်ရမယ်ဆိုတာ သူ့အစီအစဉ်နဲ့သူ။ မှတ်မိသလောက်တော့ အနှီနတ်တွေ ပင့်လိုက်ပြီဆိုရင် မ၀င်ဘူး၊ မကြွဘူးဆိုတာ တစ်ခါမှကို မရှိတာ။ တာဝန်ကျေချက်ကတော့ လွန်သေး။ ဦးဟန်ကြည်တို့ အစိုးရ၀န်ထမ်းတွေနဲ့များ ကွာပါ့။ တခုတ်တရ ပင့်ရပြုရတာတောင် အနှီမောင်မင်းကြီးသားတွေက မကြွချင်ကြွချင် လုပ်ကြသေးတာ။ နတ်တစ်ပါးဝင်ပြီဆိုတာနဲ့ သူကြိုက်တတ်တာလေးဆက်ပြီး ဆန္ဒရှိတာလေးတွေ မေးကြမြန်းကြ။ နတ်များကလည်း သိသိနိုင်လွန်း။ ဘာမေးမေး အကုန်သိတာချည်း။ ထီးပျောက်၊ ဖိနပ်ပျောက်တာကအစ သူအကုန်သိသဗျား။ မောင်ဟန်ကြည်တို့ကတော့ ယောက်ျားသားပီပီ သူရို့နတ်တွေကို အယုံအကြည်ကို မရှိတာ။ သို့ပေမင့် နတ်ပင့်နေတဲ့အချိန်မှာတော့ မရိုမသေ မလုပ်ရဲပေါင်။ မိဘဘိုးဘွားရဲ့ ယုံကြည်မှုဆိုတာ ပျက်ရယ်မပြုကောင်းတဲ့ အရာကိုး။ ပြောမယ့်သာပြောရတယ် ခပ်ငယ်ငယ်ကတော့ အနှီလိုအတွေးမျိုး ဘယ်ဝင်လိမ့်တုန်း။ နတ်ကိုကြောက်တာထက် မေမေနဲ့ အဘွားကို လန့်လို့ အသာကုပ်နေရတာကလား။ နတ်ပွဲပေးနေတုန်း ဗလွတ်ရွှတ်တ ပြောလိုက်မိလို့ နတ်ကိုင်ဖို့က မသေချာဖူးထား မေမေနဲ့ အဘွားလက်ချက်နဲ့ ဗိုက်ခေါက်ပုပ်ဖို့ကတော့ ရာခိုင်နှုန်းများများ သေချာပြီးသား။

မောင်ဟန်ကြည်တို့ မိဘတွေ ပင့်ကြဖိတ်ကြတာ ဘာနတ်တွေရယ်လို့တော့ မသိပေါင်။ သူရို့နတ်တွေက ဟိုအသားမစားနဲ့ သည်အသားမစားနဲ့လို့ ပညတ်တာတွေတော့ မကြားချင့်အဆုံး။ ခြေတိုသားတွေ မစားနဲ့လို့ချည်း စွတ်မှာနေတာတော့ အခုထိ မှတ်မိပါရဲ့။ ခြေတိုသားဆိုတာက ၀က်သားကို ခေါ်တာကိုး။ ခက်တာက အညာမှာ တခုတ်တရစားကြတဲ့ ဟင်းကောင်းကျွေးကောင်းထဲမှာ ၀က်သားဆိုတာက ထိပ်တန်း။ တစ်ခုခုဖြစ်လို့များ နတ်ကတော်ကို မမေးလေနဲ့။ နင်တို့ခြေတိုသားတွေစားတာကိုးလို့ချည်း စွတ်နှိပ်တော့တာရယ်။ ဘယ်သူမဆို ၀က်သားစားဖူးတဲ့လူချည်းဆိုတော့ ဟုတ်နိုးနိုးနဲ့ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်လုပ်ရင်း ဇက်ကလေးတွေကို ပုလို့။ အညာသူအညာသားဆိုတာက အနှီလောက်ကို ရိုးကြ အကြရှာတာကလား။ အိမ်ထဲမှာ စိုက်ထားတဲ့ ဟိုအပင်က ခိုက်တယ်၊ သည်အပင်က စီးပွားမဖြစ်ထွန်းဘူးလို့ နတ်ကတော်က ပြောတာနဲ့ ခုတ်ပစ်ထစ်ပစ်လိုက်ကြဖို့ ၀န်မလေး။ ပြောရမယ်ဆိုရင် ရွာဦးကျောင်းက ဘုန်းကြီးထက်တောင် နတ်ကတော်က ပိုပြီး သြဇာကြီးသေး။ ဘုန်းကြီးက သဘောကောင်းတယ်တဲ့၊ နည်းနည်းပါးပါး ပြေပြေလည်လည် လျှောက်ရင် ခွင့်လွှတ်သတဲ့။ နတ်ကတော့ သူ့စိတ်နဲ့ မတည့်ရင် ဘယ်သူ့မှ ညှာတာမဟုတ်ဘူးတဲ့။ အနှာကြောင့် နတ်ကို မရိုမသေ မလုပ်ကြနဲ့ဆိုတာ အဘွားရဲ့ လက်သုံးစကား။ မောင်ဟန်ကြည်တို့ကတော့ ရုပ်သေလေးတွေနဲ့ နားထောင်ရင်း စိတ်ထဲက ကျိတ်ပြီးပြုံးကြတာပေါ့လေ။

ခပ်ငယ်ငယ်ကျောင်းသားဘတုန်းက အဘွားတို့အိမ်အလည်သွားလို့ ညဘက်မှာ စာကြည့်ရင် အခန်းထောင့်က နတ်စင်ကို အရင်ကြည့်ရသေးတာ။ နတ်စင်မှာကာထားတဲ့ အနီရောင်လိုက်ကာလေးကို အသာပိတ်လိုက်ပြီးမှ စာကျက်လို့ ဖြောင့်တာကလား။ အနှီလိုက်ကာမပိတ်ဘဲ ဖယောင်းတိုင်ထွန်းပြီး စာကြည့်နေတာကို အဘွားတွေ့လို့ကတော့ ခေါင်းမှာ အာလူးသီးထဖို့ သေချာနေသကိုး။ တစ်ခါတစ်ခါကျတော့ သူ့ဖာသာသူတောင် အနှီလောက် ကြောက်တတ်နေတဲ့နတ်ကို အဘွားတို့က ဘာကြောင့်များ ကြောက်နေသလဲဆိုတာ စဉ်းစားလို့ကို မရခဲ့ပေါင်။ မောင်ဟန်ကြည်ကတော့ နတ်ဆိုရင် ဒိုးနတ် Dough nut ကလွဲပြီး ကျန်တဲ့နတ် တစ်နတ်မှကို စိတ်မ၀င်စားတာ။ မှတ်မိသေးတယ်။ အိမ်တစ်အိမ်ကို မီးလောင်သွားတော့ အိမ်ရှင်မက  ဘာကြောင့်မီးလောင်ရသလဲဆိုတာကို နတ်ကတော်ဆီမှာ ပွဲတစ်ပွဲထိုးပြီး မေးသတဲ့။ အနှီမှာ နတ်က နင်တို့ငါ့ကို မရိုမသေလုပ်လို့ အိမ်ကိုမီးနဲ့တိုက်ပစ်တာလို့ သဟောက်သဟ လုပ်ပါလေရော။ တစ်ခွန်းပြီးတစ်ခွန်း အနှီစကားချည်း အပ်ကြောင်းထပ်လာတော့ ကြားပြင်းကတ်လာတဲ့ အိမ်ရှင်ယောက်ျားက “ ဟဲ့ ခွေးသူတောင်းစားရဲ့ ငါ့အိမ်ကို မီးနဲ့တိုက်တော့ နင်ပါ မီးထဲပါသွားရောမဟုတ်လား…ဒါများ စကားကြီးစကားကျယ်နဲ့ သဟောက်သဟလုပ်နေရသေးသလား ” လို့ ထဆဲမှပဲ နတ်လည်း အသာကုပ်သွားပါလေရော။ အံမယ် အနှီတစ်ယောက်ကိုကျတော့ နတ်ခမျာ မကိုင်ရဲရှာဘူး။ “ လူကြမ်းကို နတ်ကြမ်းမနိုင် ”ဆိုတဲ့ စကားပုံလေး ထုတ်သုံးပြီး ရှောင်လင်နတ် လုပ်ပစ်လိုက်ကြရော။ နတ်ကွက်ကလည်း မြင့်တော့ အမြင့်သား။           ။

ဆက်ပါဦးမယ် . . .

Saturday, 26 January 2013

ချစ်သောအညာ ( ၁ ) . . .

ဦးဟန်ကြည်က အညာသား စစ်စစ်ကြီး . . .

 အညာသားစစ်လိုက်သမှ ရေငန်သောက် မြက်ခြောက်စားတဲ့ ကျေးတောသားသာသာ။ လူဖြစ်လာခဲ့တဲ့ ဒေသကိုက တကယ့်ချောင်ကလောင်က တောမြို့။ မြို့ကလည်း မြို့မည်ကာမတ္တ။ အနှီတော့ မောင်ဟန်ကြည်ကလေးလည်း လူမည်ကာမတ္တဘ၀နဲ့ လူဖြစ်လာခဲ့လေသတည်းပေါ့။ သည်ကြားထဲမှာ ဦးဟန်ကြည်ရဲ့ မေမေက မြို့ဆင်ဖြေဖုံးရွာက ဇနုပုဒ်သူဖြစ်နေပြန်တော့ တောသားသွေးကလေးက စွက်လိုက်သေး။ မေမေ့ဘက်က အဘိုး၊ အဘွားတွေက အနှီဇနပုဒ်မှာပဲ ခေါင်းချတဲ့အထိ နေသွားကြပြန်တော့ မောင်ဟန်ကြည်ပေါက်စဘ၀တုန်းက နွေရာသီ ကျောင်းပိတ်ရက်တိုင်း အဘိုးအဘွားအရိပ်ကို ခိုလှုံရင်း တင်းပြည့်ကျပ်ပြည့် ရွာသားဖြစ်ကရော။ အောင်မယ်…အနှီလို ရွာသားသွားလုပ်တော့လည်း ရွာခံတွေက မောင်ဟန်ကြည် ပုလုကွေးကို မြို့သားလို့ သတ်မှတ်ကြသဗျ။ တောင်စပ်စပ် မြောက်စပ်စပ်နဲ့ အဘိုး၊ အဘွားတွေရဲ့ လယ်တွေ၊ ကိုင်းတွေထဲကို အလည်အပတ်လိုက်သွားရင် လယ်သမားတွေ၊ လယ်သူမတွေက “ မြို့သား…အသားတွေ မည်းကုန်တော့မှာပဲ…လယ်ထဲ မဆင်းနဲ့လေ… ” လို့ ကရုဏာသက်တဲ့လေသံနဲ့ တားကြ ဆီးကြသေးတာရယ်။ ပြောမယ့်သာပြောရတယ် မောင်ဟန်ကြည်ရဲ့ အသားအရည်ကလည်း အနှီအရွယ်ကတည်းက ချောကလက်ရောင်ပေါက်ပြီးသား။

ဦးဟန်ကြည်တို့ အညာဆိုတာ တကယ့်မိုးခေါင်ရေရှားဒေသကြီး။ နေပူ၊ ဖုန်ထူဆိုတော့ သန်းထွန်းလေးရဲ့ “ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ”ဆိုတဲ့ သီချင်းစာသားနဲ့ အံကိုက်။ တောသူတောင်သားအများစုက မိရိုးဖလာ ဓားမဦးချ လယ်သမား၊ ယာသမားတွေချည်း။ ဘိုးဘေးစဉ်ဆက်က နွားနဲ့ဖက်ပြီး လယ်ထဲမှာပျော်ခဲ့ကြတဲ့လူတွေဆိုတော့ သည်အလုပ်ကလွဲပြီး ကျန်တဲ့အလုပ်ကို မလုပ်တတ်တဲ့လူတွေ။ လယ်သမားဆိုတဲ့ ဘ၀ကလည်း တကယ့် နှဲသမားပါးလို ဖောင်းလိုက်ပိန်လိုက်။ စပါးလေးပေါ်လို့ ငွေကလေးရွှင်ကြရင် ရွှေလေးတွေဝယ်၊ အလှူတွေပေးကြ။ စိုက်ချိန်ပျိုးချိန်ရောက်လာရင် ရွှေလေးတွေပြန်ရောင်းကြ၊ ဟိုကသည်က ချေးကြငှားကြနဲ့ တစ်နှစ်တာ စာရင်းချုပ်လိုက်ရင် ဇယဇယပဲကိုး။ ( အနှီ ဇယဇယဆိုတာက ဦးဟန်ကြည်တို့ ဒေသသုံးစကား၊ အနက်ပြန်ရရင် ဒုံရင်းအစ်စ် ဒုံရင်းလို့ အဓိပ္ပာယ်ရသဗျား ) ပြောရရင် အညာက လယ်သမားခမျာ ဖင်ထဲကို ရွှံ့ဝင်တာကလွဲပြီး ကျန်တာကတော့ ဘာမှကို မက်လောက်စက်လောက်စရာ မရှိတဲ့ဘ၀။ လည်လည်ပတ်ပတ်ရှိတဲ့ တောသားတစ်ချို့ကတော့ လယ်တွေကိုင်းတွေ နားတဲ့အချိန်ရောက်ရင် ရှမ်းပြည်ဘက်သွားပြီး လက်ဖက်ခူးတဲ့လူကခူး၊ ကချင်ပြည်က ဖားကန့်ဘက်တက်ပြီး ကျောက်တူးတဲ့လူက တူးကြသပေါ့။ သို့ပေမင့် သူတို့ခမျာလည်း ထူးထွေပြီး ကြီးပွားသွားကြတာမဟုတ်။ ကံကောင်းထောက်မလို့ ကျောက်ကလေးဘာလေး ပွင့်ရင်တော့လည်း တိုက်ကလေးဘာလေးတည်ပြီး တောသူဌေးဘွဲ့ခံကြတာပေါ့လေ။ သို့ပေမင့် အနှီလိုလူဆိုတာကလည်း တစ်သိန်းမှ တစ်ယောက်။ ဘယ်ရွာ ဘယ်အရပ်က ဘယ်သူဘယ်ဝါကတော့ ကျောက်ပွင့်သတဲ့ဆိုတာ အညာသားတွေရဲ့ ပါးစပ်ဖျားမှာ မစားရ၀ခမန်း ပြောကြတဲ့ စကား။ သေချာတာကတော့ အညာသားဆိုတာ မသေရုံစား၊ နွားနဲ့ဖက်ရုန်းပြီး မရေရာတဲ့ အိပ်မက်တွေနဲ့ အသက်ဆက်နေကြတဲ့ လူတွေချည်းပါ့။

လယ်သမားအလုပ်ဆိုတာကလည်း အမြင်မသက်သာသလို တကယ်လုပ်ကြည့်ရင်လည်း တကယ်ပမ်းတဲ့အလုပ်မျိုး။ ထယ်ထိုး၊ လယ်ထွန်၊ ပျိုးထောင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ် တစ်ခုမှ သက်သာတဲ့အလုပ်ကို မပါတာ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဆိုတဲ့ ဆောင်ပုဒ်ကြီးပေါ်နေခဲ့တာသာ နှစ်ပေါင်း ၄၀ ၀န်းကျင်ရှိသွားတယ်။ လယ်သမားကတော့ နွားနဲ့ဖက်ပြီး ရုန်းကောင်းတုန်း။ သည်ကြားထဲမှာ စပါးရိတ်ရင်း ပိုးထိ ( အညာခေါ်ပေါ့လေ အမှန်တော့ မြွေကိုက်တာပါပဲ…အညာသားထုံးစံက မြွေကို မြွေလို့ မခေါ်ဝံ့ဘူးကိုး..အနှီတော့လည်း မြွေဆိုတဲ့ စကားလုံးအစား အကောင်ရှည်တို့၊ ပိုးတို့ အစားထိုးပြီး ခေါ်ကြသပေါ့…ပဲလင်းမြွေသီးကိုတောင် ဗုံလုံသီးလို့ နာမည်ပြောင်းထားရတာကိုပဲကြည့် ) ပြန်ရင်လည်း မာလကီးယားဖို့က ခပ်များများ။ စကားစပ်လို့ပြောရရင် မြွေဆိုတဲ့အကောင်မျိုးက ပူပြင်းစိုစွတ်တဲ့ အနေအထားကို အင်မတန်ကြိုက်တဲ့ သတ္တ၀ါ။ စပါးပင်ဆိုတာကလည်း ဖုံးတုံးလုံးတုံး အရွယ်ရောက်လာရင် အပေါ်မှာသာ ကိုင်းချင်းယှက်၊ ခက်ချင်းနွှယ်နေပေမယ့် အပင်ခြေရင်းမှာတော့ မြွေနေသာအောင် ရှင်းနေတာကိုး။ အနှီတော့လည်း လည်ရှည်တွတ်ပီဖိနပ်တောင် မ၀ယ်နိုင်တဲ့ ကျောမွဲလယ်သမား ပိုးထိတာ ဘယ်ဆန်းလိမ့်တုန်း။ စပါးရိတ်ပဟေ့ဆိုရင် ဘယ်သူပိုးထိလို့၊ ဘယ်ဝါပိုးထိလို့ဆိုတာ မကြားချင့်အဆုံး။ စပါးပင်ကို လက်နဲ့ဆုပ်ပြီး တံစဉ်နဲ့ ရိပ်မယ်လုပ်ရင်း စပါးဆုပ်နဲ့အတူ ပိုးကောင်ပါ ထည့်ဆုပ်လိုက်မိတဲ့အနေအထားမှာ ဘယ်လောက်ကိုက်သားကောင်းမယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။

ဦးဟန်ကြည်တို့ အညာမှာတော့ ကျန်တဲ့မြွေထက် မြွေပွေးပိုများတာ အမှတ်ထင်ထင်ရှိပါရဲ့။ မြွေစိမ်းတို့၊ ငန်းစောင်းတို့ရှိပေမင့် အညာသားက အနှီအကောင်တွေကို မြွေလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ လင်းမြွေလိုအကောင်မျိုးကတော့ ဟင်းအိုးထဲရောက်တာ ခပ်များများ။ မြွေအကြောင်းပြောရင်း ဦးဟန်ကြည်တို့ အမျိုးမကင်းတဲ့ အညာသားတစ်ယောက် မြွေဖမ်းတာ သတိရမိပါရဲ့။ တစ်ရက်သားတော့ အနှီအညာသားက လယ်ထဲဆင်းဖို့သွားရင်း လမ်းမှာမြွေတစ်ကောင်တွေ့တော့ ဟင်းစားရပဟဲ့ဆိုပြီး အမြီးကို အတင်းဆွဲတာကိုး။ မြွေဆိုတဲ့ သတ္တ၀ါကလည်း ခြေထောက်သာမရှိတာ အနှီလို ဆွဲလို့ကတော့ ဘယ်ဟာနဲ့ ဘယ်လို ကုပ်ကပ်တွယ်ထားတယ်မသိဘူး နည်းနည်းမှကို ဆွဲလို့မရတဲ့အမျိုး။ အညာသားကလည်း သွားရည်တမြားမြားနဲ့ ခြေစုံကန်ပြီးဆွဲ မြွေကလည်း အသက်လုပြီး ရုန်းရင်းနဲ့ တရွေ့ရွေ့နဲ့ သွားလိုက်တာ တွင်းဝကို ရောက်ပါလေရော။ မြွေက တွင်းထဲကို တရွေ့ရွေ့နဲ့ ၀င်သွားလိုက်တာ တစ်ဝက်လောက်လဲရောက်ရော အခြေအနေမှန်ကို သဘောပေါက်သွားတဲ့ အညာသားက ခါးကြားမှာ ထိုးထားတဲ့ ဓားမတိုကို အသာထုတ်၊ တွင်းပြင်မှာတန်းလန်းကျန်နေသေးတဲ့ မြွေရဲ့ကိုယ်လုံးပိုင်းကို ဖြတ်ယူခဲ့ပြီး “ ကိုင်း…နင့်ဟာနင် ပူစပ်ပူလောင် ဘယ်လိုနေရစ်နေရစ်…ငါကတော့ တစ်နပ်ချက်ရပြီဗျား ” လို့ ကြွေးကြော်ပြီး အိမ်ပြန်လာခဲ့ပါလေရောတဲ့။ အထဲက မြွေခမျာ အတော်အခံရခက်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် အနှီမြွေက သဘောကောင်းတဲ့ လင်းမြွေဖြစ်ပေလို့သာပေါ့။ မြွေပွေးသာဆိုရင် ဘယ်လွယ်လိမ့်တုန်း။

မြွေပွေးဆိုတဲ့ အကောင်မျိုးက တုတ်တုတ်တိုတိုနဲ့ အရုပ်က ခပ်ဆိုးဆိုး။ သွားပြန်ရင်လည်း တရွေ့ရွေ့နဲ့ လေးလေးလံလံ။ များသောအားဖြင့် ဟိုချောင်သည်ချောင်မှာ ခွေနေတာက ခပ်များများရယ်။ လူလာရင်လည်း ထမပြေးဘဲ အရိပ်အခြေကြည့်ပြီး ချောင်းနေတဲ့အကောင်ဆိုတော့ မမြင်မစမ်းနဲ့ တို့မိထိမိရင် အတွယ်ခံရဖို့ များသကိုး။ မြွေပွေးများ ဘယ်လောက်မြန်သလဲဆိုရင် ခေါင်းနားဖြတ်ပျံတဲ့ ယင်ကောင်ကိုတောင် မလွတ်တန်း ပေါက်ချနိုင်တယ်ဆိုကိုး။ လည်ပင်းကို တံဇဉ်နဲ့ ဖြတ်မိလို့ ခေါင်းပြတ်သွားရင်တောင် အနှီခေါင်းပြတ်က ကိုက်နိုင်သေးတာရယ်။ အနှီလောက် မြန်ရတဲ့ကြားထဲမှာ အဆိပ်ကလည်း ပြင်းသေးတာဆိုတော့ လယ်ထဲမှာ နေကုန်တဲ့ အညာသားနဲ့ လယ်ထဲမှာပျော်တဲ့ မြွေပွေးဆိုတာ ပဏာကို စားလို့။ ပိုးထိပဟဲ့ဆိုရင် မြွေပွေးဖြစ်ဖို့က ၇၅ရာခိုင်နှုန်းအထက် သေချာပြီးသား။

မြို့ကြီးပြကြီးမှာဆိုရင်တော့ မြွေကိုက်ရင် အထူးကုဆေးခန်းကြီးတွေ ပြေးကြမှာပေါ့။ သို့ပေမင့် ဦးဟန်ကြည်တို့ အညာမှာတော့ တိုက်နယ်ဆေးရုံလေး ပိစိကွေးမှာ ဆေးကမစုံ၊ ၀ါးကမစုံ။ သည်ကြားထဲမှာ ဆရာဝန်ဆိုတဲ့ ကိုယ်တော်မြတ်တွေကလည်း မြို့ပေါ်မှာပဲ ကျက်စားကြလေတော့ အညာသားလယ်သမားရဲ့ အားကိုးရာဟာ မြန်မာတိုင်းရင်းဆေးဆရာတွေချည်းပါ့။ ဗိန္ဓောဆရာဆိုပေမင့် အထင်မသေးလေနဲ့။ မြွေကိုက်ကုမှာတော့ အနှီဆရာတွေကို ယှဉ်နိုင်တဲ့လူ ခပ်ရှားရှား။ ဦးဟန်ကြည်တို့ မေမေရဲ့ ဇာတိရွာက ဆရာနက်ကျော်ဆိုတာ မြွေနဲ့ပတ်သက်ရင် ထန်းလုံးလောက်ကြီးတဲ့ မြွေကိုက်ရင်တောင် အဖတ်တင်အောင် ကုနိုင်သဗျား။ တစ်ခါသားမှာ လယ်သမားတစ်ယောက်ကို ပိုးထိလိုက်တာ ဖနောင့်ကြော ( ပထမကြော )ကို အားပါးတရ တွယ်ထည့်လိုက်တာမို့ သွေးချင်းချင်းနီအောင် စီးကျနေပေမင့် ဆရာနက်ကျော်ကုလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မှာ လူကောင်းပကတိ ဖြစ်ပါလေရော။ သူ့နည်းက ဆန်းတော့ ခပ်ဆန်းဆန်းရယ်။ မြွေကိုက်တဲ့လူနာကို ရေမသောက်ခိုင်းဘဲ ရင်ပူတိုင်း အုန်းရည်ချည်း လှိမ့်တိုက်တာကိုး။ သူ့ဆေးကလည်း အတော်ပူဟန်တူပါရဲ့။ သူ့စကားနားထောင်ပြီး တစ်ရက်နဲ့ တစ်ည ရေမသောက်ဘဲ နေရင်တော့ ကိုက်သမျှ အကုန်ရှင်တာချည့်။ အနှီလောက် ကျေးဇူးကြီးပေမင့် ဆေးဖိုးဝါးခရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေါင်။ အညာထုံးစံ ပြောင်းဖူးဖက်ဆေးလိပ်ကလေး တစ်တွဲလောက်နဲ့ ကန်တော့လိုက်ရင်ကို ကျေနပ်ပြီးသား။ ဦးဟန်ကြည်တို့ M.B,B.S ကြီးတွေနဲ့များ ကွာချက်။

 တိုင်းရင်းဆေးဆရာတွေနဲ့ ပတ်သက်ပြီး စကားစပ်မိလို့ ပြောရရင် ဦးဟန်ကြည်တို့ အနောက်တိုင်းဆေးပညာပေတံနဲ့ တိုင်းကြည့်လို့ မရတာတွေချည့် တွေ့ရမယ် ထင်ရဲ့။ မောင်ဟန်ကြည် နှစ်တန်းကျောင်းသားလောက်အရွယ်က နွေရာသီကျောင်းပိတ်ရက်မှာ ထုံးစံမပျက် အဘွားတို့ရွာက ဘုန်းကြီးကျောင်းမှာ သင်္ကန်းစည်းပြီး စာဝါလေးဘာလေး လိုက်ရတာကိုး။ အနှီရွာမှာက ကဆုန်ညောင်ရေသွန်းပွဲဆိုတာက တကယ့်အထင်ကရ။ ရဟန်းရောလူပါ အမျှော်ကြီးမျှော်ကြရတဲ့ ပွဲကြီး။ ဖြစ်ချင်တော့ ညောင်ရေသွန်းပွဲမတိုင်ခင် တစ်ပတ်လောက်မှာ ကိုရင်ဟန်ကြည်ခမျာ ပလောင်ရုပ်ပေါက်ပြီး ပါးလုပ်ရောင်ပါလေရော။ ပါးနှစ်ဖက်လုံး ဖိုးဝရုပ်လိုဖောင်းကားပြီး မျက်လုံးပါပိတ်လုပိတ်ခင်ဖြစ်လာတော့ ဖိုးလှချင် ကိုရင်ဟန်ကြည် မျက်လုံးပြူးပြီပေါ့လေ။ အနှီတော့ မြို့ပေါ်က ဟိုဆေးခန်းပြေး၊ သည်ဆေးခန်းပြေးနဲ့ လေးငါးရက်လည်းကြာရော ဖင်ကျိန်းတာကလွဲပြီး ပလောင်ရုပ်က မပျောက်။ ရေသွန်းပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ ကိုင်းမဖြစ်ဘူးဆိုပြီး ရွာထဲက ဓားမန်းဆရာတစ်ယောက်ဆီကို ဆေးလိပ်လေးတစ်တွဲနဲ့ ကယ်ပါယူပါ သွားလုပ်ရတော့တာကိုး။ အနှီဆရာကတစ်မျိုး။ ကျန်တဲ့ရောဂါတွေ ဘာတစ်ခုမှ မကုနိုင်ပေမယ့် ပလောင်ရုပ်ကိုတော့ အပီနိုင်သဗျား။ ကိုရင်ဟန်ကြည်ရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်ကို သင်တုန်းဓားနဲ့ စတိသဘောခြစ်ခြစ်ပြီး ဥုံတွေ သြောင်းတွေစုံတောင် မန်းမှုတ်ပေးလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မနက်လည်းလင်းရော ပါးနှစ်ဖက်စလုံး အရေခွံခွာချလိုက်သလို အကောင်းပကတိဖြစ်နေပါလေရော။

ပြောရရင်တော့ ဦးဟန်ကြည်တို့ အညာသားဆိုတာ အနှီတိုင်းရင်းဆေးဆရာတွေ အားကိုးနဲ့ မြွေမကြောက် ကင်းမကြောက် နေကြထိုင်ကြသူတွေချည်းပေါ့။ ဇက်ကြောထိုး၊ ခေါင်းအုံပြီး ကိုယ်လက် မအီမသာဖြစ်ရင် ဆေးဆရာအိမ်သွားပြီး နှာကလေးတစ်တို့လောက် ရှူလိုက်ရုံနဲ့တင် အိုခေမှာ စိုပြေနေရော။ “ နှာ ” လို့ ပြီးလွယ်ပိုင်လွယ်ခေါ်ကြတဲ့ နှာရှူဆေးကလည်း အမျိုးမျိုး ရှိသေးတာရယ်။ တစ်ခါသားမှာ မောင်ဟန်ကြည်ကလေး ခေါင်းကိုက်နေလို့ ဆေးဆရာအိမ်ချီတက်သွားတော့ ဆေးဆရာက သူ့သားတော်မောင်ကို အိမ်အပေါ်ထပ်ကနေ နှာတစ်မျိုးယူလာဖို့ လှမ်းမှာပါလေရော။ သူ့သားတော်မောင် ယူလာတဲ့ နှာရှူဆေးအမှုန့်တွေကို မောင်ဟန်ကြည်လက်ဝါးထဲ ထည့်ပေးပြီး အဘထကြော်ငြာထဲကလို ခပ်ပြင်းပြင်းသာ ရှူထည့်လိုက်လို့ ညွှန်ကြားချက်ပေးတော့ မောင်ဟန်ကြည်လည်း ရှူးခနဲမြည်အောင် တစ်ချက်တည်း အသားကုန်ရှူထည့်လိုက်တာ “ အောင်မလေးဗျ ” လို့ တစ်ချက်ပဲ အော်နိုင်ပြီး ထိုင်နေတဲ့ မြင်းခုံ ( အကာမပါ၊ လက်တန်းမရှိတဲ့ ခြေလေးချောင်းတပ် ခုံတန်းရှည် )ပေါ်ကနေ နောက်ကိုပက်လက်လန်ကျသွားပါလေရော။ သောက်ကျိုးနည်း ပြင်းလိုက်တဲ့ နှာ။ နှာခေါင်းထဲမှာ အပ်နဲ့ဆွနေသလားအောက်မေ့ရသကိုး။ နှာရည်တွေ တတွေတွေစီးကျပြီး မသက်မသာခံစားနေရတဲ့ မောင်ဟန်ကြည် မြေကြီးပေါ်မှာ လေးဘက်ထောက်နေတာကိုမြင်မှ ဆေးဆရာလည်း မျက်လုံးပြူးမျက်ဆံပြုးနဲ့ သူ့နှာဗူးကို ပြန်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားပါလေရော။ မပြူးနေရိုးလား။ သားတော်မောင်ယူလာတဲ့ နှာက အပြင်းတကာ့ အပြင်းဆုံးနှာဖြစ်နေတာကိုး။ အနှီတော့မှ မောင်ဟန်ကြည်လည်း နှာဆိုသည်မှာ အမျိုးမျိုးရှိပေ၏ ဆိုတဲ့ နီတိကို နှာခေါင်းနဲ့ ရင်းပြီး ရင်ထဲအထိရောက်သွားတာ သည်နေ့အထိ။

ဆေးဆရာတွေနဲ့ ပတ်သက်တဲ့ အညာသားတွေရဲ့ အဖြစ်သနစ်တွေကလည်း စုံပါ့ဗျား။ ကြုံတုန်း ဆက်ပြောလိုက်ဦးမှ။ တစ်ညသားမှာ မေမေ့ရွာက မိန်းမတစ်ယောက် သူ့အခါလည်သားကလေးက ညကြီးသန်းခေါင်မှာ တဗြဲဗြဲထငိုတယ်ဆိုကိုး။ အမေလုပ်တဲ့လူက မှောင်ကြီးမည်းမည်းမှာ အနှီးထုပ်ကို ဆွဲယူပြီး ကလေးကို နို့တိုက်တော့ ကလေးက မစို့ဘူးတဲ့ဗျား။ အနှီမှာတင် ပျာယာခတ်သွားတဲ့ ကလေးအမေလည်း အိပ်ရာကနေ ရုပ်ခနဲထပြီး ဆေးဆရာအိမ်ဘက်ကို သုတ်ချေတင်ပါလေရော။ ဆေးဆရာအိမ်ရောက်တော့ ဆေးဆရာ ဆရာကျားကို ငိုကြီးချက်မနဲ့ နှိုးပြီး သူ့ကလေးက တစ်ငိုတည်းငိုနေပေမယ့် နို့မစို့တဲ့အကြောင်းပြောသတဲ့။ စဉ်းစားရကြပ်သွားတဲ့ ဆရာကျားလည်း အနှီးထုပ်ကို အသာလှပ်ကြည့်လိုက်ပြီး “ ဟဲ့ မသာမရယ် နင့်ကလေးကို ခေါင်းကနေနို့မတိုက်ဘဲ ဖင်ကနေ နို့တိုက်မှတော့ ကလေးက ဘယ်လိုလုပ်စို့မလဲဟဲ့ ” လို့ ငေါက်တော့မှ ကလေးအမေလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြေးပါလေရောတဲ့။ ဦးဟန်ကြည်တို့ အညာသားများ တစ်ခုခု ဖြစ်လိုက်ပဟဲ့ဆိုရင် ရာဇ၀င်ကိုတွင်ရော။      ။

ဒုတိယပိုင်း ဆက်ပါဦးမယ် . . .


တောင်းပန်ခြင်း . . .
စာမေးပွဲရက် နီးလာတာနဲ့အမျှ တပည့်တွေအတွက် ပြင်ဆင်ပေးစရာတွေနဲ့ အလုပ်များနေရတဲ့ကြားမှာ ရှိစုမဲ့စု ကွန်ပျူတာတွေအကုန် အင်တာနက်ပြဿနာပေါ်နေတာမို့ သည်ရက်ပတ်တွေအတွင်းမှာ မိတ်ဆွေတွေရဲ့ ဘလော့တွေဆီကို အရောက်အပေါက်နည်းနေတာကို အနူးအညွတ်တောင်းပန်ပါရစေ။ အချိန်ရရင်ရသလို စာကြွေးတွေ လိုက်ဆပ်ဖို့လည်း ဆုံးဖြတ်ချက်ချထားပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးတာကိုလည်း ၀န္ဒာမိပါ။ “ ပေါက်ကြီး ” အခန်းဆက်တွေကို ရေးထားပြီးပေမယ့် စိတ်တိုင်းမကျသေးတာကြောင့် ဆက်မတင်ဖြစ်သေးတာကိုလည်း ခွင့်လွှတ်ကြပါဦး။ ဘလော့ဂါတွေရဲ့ ဘလော့ပို့စ်တွေဆီ အရင်ကလောက် မရောက်နိုင်၊ မရောက်အားပေမယ့် စိတ်ကတော့ အမြဲရောက်ဖြစ်နေသလို ဘလော့ဂါတွေအားလုံးကိုလည်း လေးလေးစားစား၊ ခင်ခင်မင်မင်နဲ့ ထာဝစဉ် သတိတရရှိနေပါကြောင်း ထပ်လောင်းပြီး ပြောပါရစေဗျား . . . ။             ။

ကြိုက်ရင်ပေါ့လေ . . .