Thursday, 24 February 2011

လမင်းကို ခွေးဟောင်ခံရခြင်း . . .

 စာမေးပွဲဖြေဖို့ ရက်နီးနေပါပြီ။
၉ရက်ပဲ ကျန်ပါတော့တယ်။
ကိုယ်စိတ်တိုင်းကျရတဲ့ ကျောင်းသားတွေ ရှိသလို၊ စိတ်တိုင်းမကျသေးတဲ့ ကျောင်းသားတွေလည်း ဒုနဲ့ဒေး ရှိနေဆဲပါ။

နှစ်ကျကျောင်းသားတွေ (ကိုယ်တို့အခေါ် နှစ်ဟောင်းတန်းကျောင်းသားတွေ) မှာတော့ အထက်တန်းကျောင်းကို သွားစရာမလိုတာကြောင့် စာသင်ချိန်ပိုရပါတယ်။ ဒါ့အပြင် သင်ခန်းစာတစ်မျိုးတည်းကိုပဲ ခေါင်းထဲည့်ထားရတာမို့ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ပညာသင်ယူခွင့်ရပါတယ်။ သင်ကြားရေးရော၊ စည်းကမ်းပိုင်း၊ စာသင်ချိန်ပိုင်းပါ ကိုယ်စီမံတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာနိုင်ဖို့ အခွင့်အရေးရတာကြောင့် အခုလို ကာလမှာ စိတ်အေးလက်အေးနဲ့ နေနိုင်ကြပါပြီ။ သူတို့အဖို့ကတော့ သင်ပြီး၊ ကျေညက်ပြီးတဲ့ သင်ခန်းစာတွေကို ပြန်နွှေးရင်း အမှတ်ကောင်းကောင်းရဖို့ အာရုံစိုက်ရုံပဲ လုပ်စရာလိုပါတော့တယ်။

နှစ်တက်ကျောင်းသားတွေ ခမျာမှာတော့
ဒီကာလဟာ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းဆင်းရဲလွန်းတဲ့ ကာလပဲ ဖြစ်ပါတယ်။ သူတို့ခမျာ ကျောင်းတစ်ဖက်၊ အပြင်သင်တန်းတစ်ဖက်နဲ့ စာသင်နှစ်တစ်နှစ်လုံး တစ်နေကုန် တစ်နေခမ်း နားချိန်ရယ်လို့ လုံးဝမရှိဘဲ တပင်တပန်း ပညာသင်ယူကြရရှာပါတယ်။ တခြားဒေသက အထက်တန်းကျောင်းတွေလို မဟုတ်ဘဲ ကိုယ်တို့ဒေသက အထက်တန်းကျောင်းက တက္ကသိုလ်ဝန်တမ်းကျောင်းသားတွေကို မနက်ခင်း၈နာရီကစပြီး ကျောင်းတက်ခိုင်းပါတယ်။ ညနေပိုင်းမှာ သုံးနာရီခွဲ ကျောင်းလွှတ်ပြီး ၆နာရီကနေ ၁၀နာရီအထိ ညတန်းအချိန်ပို ခေါ်သင်ပါတယ်။ စနေနေ့တိုင်း မနက်တစ်ပိုင်းလုံး အချိန်ပို ရှိပါသေးတယ်။ တနင်္ဂနွေနေ့တစ်ရက်ပဲ နားချိန်ရကြတာပါ။ နယ်မြေမအေးချမ်းတဲ့ ကာလရောက်ပြန်တော့ ညနေ၂နာရီခွဲကို ကျောင်းလွှတ်ပေးပြီး ၄နာရီကနေ ည၈နာရီအထိ ညတန်းဆိုပြီး သင်ပါသေးတယ်။ သင်လည်း သင်နိုင်တဲ့ ဆရာ၊ ဆရာမတွေကို ချီးကျူးရမလိုပါ။

တခြားဒေသတွေမှာ ခရစ်စမတ်ကျောင်းပိတ်ပြီးတာနဲ့ တက္ကသိုလ်ဝင်တန်းတွေကို ကိုယ်ပိုင်စာကြည့်ချိန် (Private Study) ပေးလေ့ရှိကြပေမယ့် ဒီမြို့မှာတော့ စာမေးပွဲကြီးမဖြေခင် ၁၄ရက်ပဲ ကိုယ်ပိုင်စာကြည့်ချိန်ပေးပါတယ်။ ကိုယ်ပိုင်စာကြည့်ရက် နည်းနည်းပဲ ရတာကြောင့် သူတို့လေးတွေခမျာ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမှန်း မသိတော့ဘဲ ပျာယာခတ်ကြရတာ များပါတယ်။ ဒီကာလလေးအတွင်းမှာ သူတို့ကို စာမေးပွဲအထောက်အကူပြုပေးနိုင်ဖို့ ကြိုးစားပေးရတဲ့ ကိုယ်တို့ Private Teacher တွေမှာလည်း အင်မတန် စိတ်ပင်ပန်းပါတယ်။ ကိုယ်ပင်ပန်းတာကို စာမဖွဲ့ပေမယ့် ကိုယ့်ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲမှာ အခြေမလှမှာ၊ သူတို့ဘ၀တွေ သူများထက် အောက်ကျနောက်ကျဖြစ်မှာ စိတ်ပူရတဲ့ စိတ်ပင်ပန်းမှုကတော့ ဘာနဲ့မှ နှိုင်းမရအောင် ဆိုးလှပါတယ်။ စာသင်ချိန်တွေသာ များလွန်းပြီး ကိုယ်ပိုင်စာကြည့်ချိန် ကောင်းကောင်း မရှိခဲ့ကြတာမို့ သင်ခန်းစာအများစုကို မြင်ဖူး၊ ကြားဖူးရုံသာသာကလွဲပြီး ဘာကိုမှ တိတိကျကျ မမှတ်မိကြသေးတဲ့ ဒီနှစ်တက်ကျောင်းသားလေးတွေကို အကောင်းဆုံးဖြစ်အောင် ကူညီပေးနေရင်းက မလိုအပ်ဘဲ ပင်ပန်းလွန်းနေတဲ့ ဒီကလေးတွေကို သနားမိပါတယ်။

http://cdn.learners.in.th/assets/media/files/000/211/044/original_Teacher_0.JPG?1285428682 
ဆရာရော တပည့်ပါ ရွှင်လန်းတက်ကြွ...

 နိုင်ငံတကာက ကျောင်းသားလေးတွေကို ကြည့်လိုက်မိရင် ကိုယ်တို့ ကျောင်းသားတွေလို မဟုတ်ဘဲ ကိုယ်ပိုင်ယုံကြည်မှု အပြည့်၊ ကျန်းမာရေး၊ ကြံ့ခိုင်မှု အပြည့်၊ ဗဟုသုတ အပြည့်၊ ရှိကြတဲ့ အပြင် လူမှုထောက်ကူပြု သင်ခန်းစာတွေဖြစ်တဲ့ ဂီတ၊ အားကစား စတဲ့ ဘာသာရပ်တွေမှာလည်း စွမ်းစွမ်းတမန် ရှိကြတာ အင်မတန် အားရစရာ ကောင်းလှပါတယ်။ သူတို့ ကျောင်းသားတွေကို ကြည့်ရင် အမြဲလိုလို ရွှင်လန်းတက်ကြွနေကြသလိုပါ။ ကိုယ်တို့ ကျောင်းသားတွေခမျာမှာတော့ တစ်နေကုန်တစ်နေခမ်း စာသင်ခန်းထဲမှာပါ အချိန်တွေကုန်နေပြီး အားကစားချိန်၊ ဂီတ၊ ပန်းချီချိန်တွေဆိုတာ အချိန်စာရင်းမှာပဲ ထည့်ဆွဲပြီး အဲဒီအချိန်တွေမှာပါ စာတွေ ဖိသင်တာခံနေရတာကြောင့် မရွှင်မပျမျက်နှာလေးတွေနဲ့ ရှူနာ၊ ရှိုက်ကုန်းလေးတွေပဲ များပါတယ်။ ကြည့်လိုက်ရင် ပညာကိုစွမ်းစွမ်းတမန်ကြိုးစားတဲ့ ရုပ်ပေါက်နေပေမယ့် တကယ်တန်းကြရင် မှန်းသလောက်မ၀င်၊ ထင်သလောက် မဟုတ်တာတွေပဲ များပါတယ်။ မလိုအပ်ပဲ ပုံကြီးချဲ့ပြီး ပင်ပန်းအောင် လုပ်တာခံနေရတယ်လို့ပဲ မထောက်မညှာပြောလိုက်ရင်လည်း ကိုယ့်ကို စိတ်ခုကြပါဦးမယ်။ ကိုယ့်တိုင်းပြည်အနာဂတ်၊ ကိုယ့်ကလေးတွေရဲ့ ပန်းတိုင်အတွက် အများမုန်းတာခံရလည်း ဦးဟန်ကြည်ကတော့ အပြုံးပျက်မယ့် လူစားမျိုးမဟုတ်ပါ။


http://www.sahavicha.com/UserFiles/Image/teacher_in_classroom(1).jpg 
ရွှင်မြူးကြည်သာ သင်ကြားပါ...

ကျောင်းသူကျောင်းသားတွေ အနာဂတ်အတွက် ပံ့ပိုးပေးနေတဲ့ ဦးဟန်ကြည်တို့ Private Teacher တွေမှာလည်း ဆူးကြားက ဘူးခါးတွေ သာသာပါ။ ကျောင်းတော်ကြီးက ချစ်စွာသော ဆရာဆရာမတွေရဲ့ တိုက်ခိုက်တာကို တစ်နှစ်ပတ်လုံး ခံကြရပါတယ်။ ၀ါသနာကြီးလွန်းလို့သာ ဒီအလုပ်ကို လုပ်နေတာမို့ ဘာမဆို ကလေးတွေမျက်နှာကိုကြည့်ပြီး သည်းခံရပေမယ့် ပါရမီမရင့်သေးတဲ့ သာမန်လူသားပေမို့ စိတ်ထဲမှာတော့ နည်းနည်းမှ မကျေနပ်တာ အမှန်ပါ။


http://www.unesco.org/education/efa/ed_for_all/img/teacher.jpg 
နေရာအရွယ် သာမည၊ သင်ယူခြင်းသည် အဓိက...
ကိုယ်လည်း ဆယ်တန်းအောင်ပြီးကာစ အသက်၁၇၊ ၁၈ အရွယ်က
အညာကမူလတန်းကျောင်းကလေးမှာ ကိုယ့်ထမင်းကိုယ်စားပြီး လုပ်အားပေး ကျောင်းဆရာ ၂နှစ်တိတိလုပ်ခဲ့ဖူးတာမို့ အစိုးရ၀န်ထမ်းဆရာတွေရဲ့ ခံစားချက်ကို နားလည်နိုင်ပါတယ်။ ခပ်ငယ်ငယ်အရွယ်ကတော့ ပညာမာနနဲ့မို့ ကိုယ့်ကလေးတွေ အပြင်ကျူရှင်ယူရင် ငါပဲညံ့လို့ဖြစ်မယ်လို့ယူဆပြီး တရားဝင်ဝန်ထမ်း မဟုတ်ပေမယ့် ဘာပဲလုပ်လုပ် ကောင်းကောင်းဖြစ်ချင်တဲ့ စိတ်ကြောင့် သင်ကြားရေးကို အပြည့်အ၀အာရုံစိုက်ပြီး ကလေးတွေ အပြင်ကျူရှင်ယူစရာမလိုအောင် အင်တိုက်အားတိုက်သင်ပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာကလွဲပြီး အပြင်ကျူရှင်ဆရာတွေအပေါ် ၀န်တိုစိတ်၊ မစ္ဆေရစိတ် တစ်စိုးတစ်စိမှ မပေါ်ခဲ့ဖူးပါ။ ဝေဖန်တိုက်ခိုက်တာတွေလဲ မလုပ်ခဲ့ပါ။ သူနဲ့ကိုယ် အပြိုင်သင်ရင် ကလေးတွေ ပညာရေး ပိုတိုးတက်တယ်လို့ပဲ အကောင်းမြင်ခဲ့ပါတယ်။ အပြင်ဆရာတွေနဲ့လဲ ခင်ခင်မင်မင် ရှိခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်ကိုယ်တိုင် အပြင်ဆရာဘ၀ရောက်တော့မှ ရည်မှန်းချက်တူသူချင်း မိတ်ဆွေမဖွဲ့နိုင်သူတွေနဲ့ ကြုံရပါတော့တယ်။ ဘယ်ဆရာကမှ ကျောင်းသားတွေ ဒုက္ခရောက်အောင် မလုပ်ကြပါ။ ဆရာဟူသမျှဟာ ကျောင်းသူကျောင်းသားရဲ့ အောင်မြင်မှုကို ရှေးရှုကြသူတွေချည်းပါ။ ဒီလို ပန်းတိုင်တူကြသူချင်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရင် ပိုပြီးတော့ အကျိုးရှိပြီး ကျောင်းသားတွေ ပိုအောင်မြင်ဖြစ်ထွန်းမှာ သေချာပါလျက်က ပူးပေါင်းမယ့်အစား မကြားဝံ့မနာသာ ဝေဖန်တိုက်ခိုက်နေတာ ကြုံရတော့ အံ့သြလို့မဆုံးနိုင်ပါ။ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကလေးတွေရဲ့ ဘ၀တွေအတွက် အင်မတန်မှ ရင်လေးမိပါတယ်။

ကျူရှင်ပပျောက်ရေးဆိုတဲ့ ရည်မှန်းချက်ကြီးကို 
တရားဝင်မဟုတ်ပါဘဲနဲ့ ပါးစပ်ကနေ တွင်တွင်ပြော(သူတို့ကိုယ်တိုင်လည်း အပြင်ကျူရှင်ပြစားကြပါတယ်)ပြီး ကလေးတွေ အပြင်ကျူရှင်ယူချိန်မရှိအောင် တစ်နေကုန်တစ်နေခမ်း ကျောင်းမှာပဲ ခေါ်ထားပြီး စာတွေဖိသင်တာမျိုးကတော့ အင်မတန်မှ စိတ်ပျက်စရာကောင်းလွန်းလှတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကြားထဲက မြေဇာပင်ဖြစ်ရရှာတဲ့ ကျောင်းသားတွေမှာ နားချိန်၊ ကိုယ်ပိုင်ချိန်ဆိုတာ လုံးဝမရှိလောက်အောင် ပင်ပန်းကြရပါတော့တယ်။ ဒါကို မမြင်တာလား၊ မမြင်ချင်ယောင်ဆောင်တာလားတော့ မပြောတတ်ပါ။ ဒီလိုသာလုပ်နေရင် ကိုယ်တို့ကလေးတွေရဲ့ ဘ၀၊ အနာဂတ်က ဘယ်လိုမှ လှပမှာမဟုတ်တော့တာ သေချာပါတယ်။ တကယ်ဆိုရင် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ကလေးတစ်ယောက်အောင်မြင်မှုရသွားရင် ဆရာစိတ်အပြည့်အ၀နဲ့ ကြည်နှုးဝမ်းသာရမှာဖြစ်သလို ကလေးတစ်ယောက် စာမေးပွဲကျသွားရင် ဘယ်မှာပဲကျကျ စိတ်မကောင်းဖြစ်ရမှာပါ။ အခုတော့ သူ့ကျောင်းသား၊ ကိုယ့်ကျောင်းသား အစွဲတွေထားပြီး ပညာရေး ၀န်ဆောင်မှုပေးတာ အနန္တဂိုဏ်းဝင်လို့ ခေါ်နိုင်ပါ့မလား စဉ်းစားစရာဖြစ်လာပါတယ်။

စာသင်ခန်းထဲမှာ အဖြူနဲ့အစိမ်းဆင်တူ ၀တ်ထားတဲ့ ကျောင်းသားဟူသမျှ ကိုယ့်တပည့်လို့ ယူဆရမယ့် နိုင်ငံဝန်ထမ်းက ကိုယ့်ဆီမှာ ကျူရှင်ယူတဲ့ကလေးကိုပဲ ကိုယ့်ကလေးလို့ သတ်မှတ်ပြီး အပြင်ကျူရှင် ယူတဲ့ကလေးကိုတော့ ကျောင်းသားလို့ မသတ်မှတ်ခြင်းဟာ နိုင်ငံတော်ကပေးတဲ့ လစာကိုယူပြီး နိုင်ငံတော်ကို သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံဝန်ထမ်းကျင့်ဝတ်ကို မလေးစား၊ မလိုက်နာခြင်းလဲ မည်ပါတယ်။ ဒီပြစ်မှုဟာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အတွက် အကြီးလေးဆုံး ပြစ်မှုမြောက်ပါတယ်။ ပြစ်မှုဆိုတာထက် ဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်သူလို့ ခေါ်နိုင်တာမို့ ပညာရေးလောက အများကြီးနစ်နာပါတယ်။ တိုင်းပြည်ကို တကယ်ချစ်ရင် ဒီအပြုအမူမျိုး လုံးဝမလုပ်သင့်ဘူးလို့လည်း ရင်ထဲ၊ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ယုံကြည်မိပါတယ်။

တိုင်းပြည်လို့ချီပြောပြန်ရင် ဦးဟန်ကြည်တစ်ယောက် စကားကြီး၊ စကားကြယ်ပြောတယ်လို့ စကားတင်းပြောကြမှာ သေချာပါတယ်။ တကယ်တော့ ဆရာတစ်ယောက်အတွက် အနာဂတ်တိုင်းပြည်ဆိုတာ ကိုယ့်လက်ထဲက ကျောင်းသူ၊ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို ချစ်မြတ်နိုးခြင်း၊ ကိုယ့်အလုပ်အပေါ်မှာ တာဝန်ယူခြင်းဟာ တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းသာ ဖြစ်ပါတယ်။ ဆရာတစ်ယောက်ဟာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ဘာကိုမဆို အမှန်အတိုင်းမြင်ပြီး အရာရာကို ရင်ဆိုင်ရဲဖို့ လိုပါတယ်။ လိုအပ်ရင် မိမိထက် ပညာ၊ ဂုဏ်သိက္ခာကြီးမားသူထံ ကိုယ့်ကလေးတွေကို အပ်နှံသင့်ရင် အပ်နှံပေးရပါလိမ့်မယ်။ မလိုအပ်ဘဲ တလွဲဆံပင်ကောင်းလို့ မရပါ။ ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ရင် ကိုယ်မကုသနိုင်တဲ့ လူနာကို ပိုတတ်ကျွမ်းတဲ့ သမားတော်ဆီပို့ပြီး ကုသမှုခံယူစေခြင်းဟာ လူနာကို တကယ်ချစ်ခြင်း၊ ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ငါ့လူနာ၊ ငါပဲဂရုစိုက်မယ်ဆိုတဲ့ မျက်ကန်းမာနနဲ့ လူမိုက်စေတနာကို လက်ကိုင်ထားပြီး မနိုင်မနင်း ကုသနေရင် ကြားထဲက လူနာအသက်ဆုံးရှုံးရမှာ မလွဲပါ။ ဒီအချက်ကို ကိုယ်တို့ရဲ့ ဆရာ၊ ဆရာမတွေ သိစေချင်ပါရဲ့။

အခုတော့ အဲဒီလို မဟုတ်ပါ။ တစ်ခါက ပြည်နယ်အထက်တန်းကျောင်းတစ်ခုမှာ စေတနာ့ဝန်ထမ်း အဖြစ် အင်္ဂလိပ်စာပြပေးဖို့ ကိုယ်volunteer လုပ်ဖူးပါတယ်။ ဘာပဲပြောပြော ဆယ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးထွက်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ခဲ့သူ၊ အင်္ဂလိပ်စာ လေ့လာမှု ၁၃နှစ်သက်တမ်း ရှိသူတစ်ယောက်ဟာ (အခုထိတော့ ထင်သလောက် မကျွမ်းကျင်တာမှန်ပေမယ့်) ဆယ်တန်းရိုးရိုးအောင်ပြီး ကျောင်းဆရာ လုပ်နေသူထက်တော့ ပိုပြီးကျွမ်းကျင်တတ်မြောက်တာ ကလေးကစ သိပါတယ်။ ကိုယ်က အဲဒီလို ကိုယ့်ထမင်းကိုယ်စားလို့ ဘကြီးနွားကို အလကားကျောင်းပေးဖို့ ကမ်းလှမ်းတာကို အဲဒီကျောင်းက ဆရာများက အဲဒီဆရာလာသင်ရအောင် ငါတို့က သူလောက်မတတ်လို့လား၊ ဘာလားဆိုပြီး စေတနာ့ဝန်ထမ်းရဲ့ စေတနာကို ဗုဒ္ဓဘာသာဝင်ပီသစွာနဲ့(ရှုင်တော်ဘုရားဟောတော်မူတဲ့ တရားတော်ကို ပြောင်းပြန်ကျင့်သုံးပြီး) စော်ကားကြပါတယ်။ စေတနာကနေ ဝေဒနာဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲပ ဦးဟန်ကြည်လည်း ကိုယ့်ကလေးတွေရဲ့ အနာဂတ်ကို ရင်လေးလေးနဲ့ ကိုယ့်ကမ်းလှမ်းချက်လေးကို ပြန်ရုပ်သိမ်းခဲ့ရဖူးပါတယ်။

ပညာရေးလောကမှာ စိတ်အနာဆုံးက ကလေးတွေရဲ့ အသိဥာဏ်ကို ဖွင့်လှစ်ပေးဖို့ မကြိုးစားဘဲ ဒါပေးရင် ဒါယူဆိုတဲ့ စံနစ်ကို ကျင့်သုံးပြီး တစ်ဖက်ပိတ်မူနဲ့ သင်ကြားမှုပေးတာပဲ ဖြစ်ပါတယ်။ ငါတွက်သလိုတွက်မှ အမှတ်ပေးမယ် ကျန်တဲ့နည်းနဲ့တွက်ရင် အမှတ်မပေးဘူးဆိုတာမျိုးကတော့ အင်မတန်မှ သေးသိမ်ညံ့ဖျင်းတဲ့ စိတ်ထားလို့ပဲ မထောက်မညှာပြောရပါလိမ့်မယ်။ သင်စားဖူးသော အသီးများကိုဖော်ပြပါ ဆိုတဲ့ မေးခွန်းကို ဆရာမက “ပန်းသီး၊ ကြက်မောက်သီး၊ စပျစ်သီး” လို့ ဖြေပေးထားတာကို ကျောင်းသားက သူစားဖူးတဲ့ အသီးအတိုင်း “ငှက်ပျောသီး၊ ဆီးသီး၊ သစ်တော်သီး” လို့ဖြေရင် အမှတ်မပေးတာ အင်မတန်မှ ရှက်ဖို့ကောင်းတဲ့ ဆရာမပီသတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကလေးရဲ့ ဖြန့်ထွက်တွေးလိုတဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပစ်ပြီး ကိုယ်တို့တိုင်းပြည်ကို အညွန့်ကျိုးအောင် လုပ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည်က အားကိုးရမယ့် ပညာတတ်လူငယ်တွေ မွေးထုတ်ဖို့ နိုင်ငံတော်က အားကိုးတကြီး လစာပေးထားတဲ့ ၀န်ထမ်းတစ်ယောက်အတွက် မလုပ်သင့်ဆုံးလုပ်ရပ်လည်း ဖြစ်ပါတယ်။ အသီးဆိုတာ မြင်သာအောင် ဥပမာပေးခြင်းပါ။ သင်္ချာလို ဘာသာရပ်မှာ ပိုလို့ဆိုးပါတယ်။ ဖွင့်တွေးရမယ့် ဘာသာရပ်ကို ဆရာဖြစ်သူက သူတတ်တဲ့ နည်းတစ်နည်းနဲ့ ချုပ်ပြီး အမှတ်ပေးစည်းမျဉ်းချလိုက်ခြင်းအားဖြင့် ကလေးမှ အများကြီးနစ်နာသွားပါတော့တယ်။ တက္ကသိုလ်ဝင်တန်း စာစစ်စည်းမျဉ်းမှာတော့ အဲဒီလို မဟုတ်ပါ။ ကလေးတွေရဲ့ ပင်ကိုညာဏ်ရည်ကို ဦးစားပေးထားတာ တွေ့ရပါတယ်။ နိုင်ငံတော်က မူဝါဒချမှတ်ထားပေမယ့် ဆရာဖြစ်သူက အကောင်အထည်မဖော်ဘဲ နိုင်ငံတော်ကို သစ္စာဖောက်ခြင်းအားဖြင့် ကိုယ်တို့တိုင်းပြည်မှာ ပညာတတ်တွေဟာ ညံ့သထက် ညံ့သွားဖို့ပဲ ရှိပါတော့တယ်။

ပညာရေးလောကမှာ တရားဝင်ရှစ်နှစ်(တကယ်ဆိုရင် ဆယ်တန်းဖြေပြီးကတည်းက ဆယ်တန်းစာ စသင်ခဲ့တာမို့ ၁၅နှစ်ထဲ ရောက်လာပါပြီ) ရှိလာပြီမို့ အမြင်မတော်တာတွေလည်း ဒုနဲ့ဒေး ရှိနေပါပြီ။ သင်ခဲ့တဲ့ ပညာနဲ့ တက်ခဲ့တဲ့တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာနေတာကြောင့် ပါးစပ်က ဘာမှ ထုတ်မပြောဖြစ်ပေမယ့် မြိုသိပ်ထားရတာတွေလည်း တနင့်တပိုးပါ။ 
အမနာပ ပြောခံရတိုင်းမှာ လယ်တီဆရာတော်ဘုရားရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့
“ပြစ်မရှိပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင်ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွှံလူးကာတိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာအရောင်ထွက်တယ်
ဖိုးလထက်ကဲ”
ဆိုတဲ့ ကဗျာကို အံကြိတ်ပြီး ရွတ်ရင်း ကိုယ့်ကိုယ်ကို ဖြေရပါတယ်။ စိတ်မပြေပေမယ့် နည်းနည်းတော့လည်း နေသာထိုင်သာတော့ ရှိသွားတာ သေချာပါရဲ့။ အကောင်းလုပ်နေတာကို အကောင်းမြင်မခံရဘူးဆိုတဲ့ အတွေးနဲ့ တစ်ခါတစ်လေလည်း စိတ်ပျက်သွားတတ်တာလည်း မညာချင်ပါ။

ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဒီလောကကို အင်မတန်မြတ်နိုးပြီး ကိုယ့်တိုင်းပြည်တိုးတက်ဖို့ နိုင်ငံ့သားကောင်းတွေ အများအပြားမွေးထုတ်ပေးရမယ်ဆိုတာ အမှန်အတိုင်းမြင်ပြီးဖြစ်တာာမို့ ဒီလောကကိုပဲ ဆက်ပြီးဖက်တွယ်နေဦးမှာပါ။ ဒါကြောင့် ရှေ့ဆက်ပြီးလည်း ဦးဟန်ကြည်တစ်ယောက် ဆရာမပီသသူတွေရဲ့တိုက်ခိုက်တာတွေကို ခံနေရဦးမှာပါ။ 

ဘာပဲဖြစ်ဖြစ် ခွေးဟောင်တိုင်း ထကြည့်နေရရင် အိပ်ရေးပျက်တာပဲ အဖတ်တင်ရုံရှိမှာမို့ ကိုယ်လောက်မှ ပညာမတတ်သူတွေ၊ ကိုယ်လောက်မှ တိုင်းပြည်အပေါ်တာဝန်မကျေသူတွေရဲ့ ပြောစကားတွေကို တစ်ခွန်းမှ လက်တုံ့မပြန်ဘဲ ကိုယ့်ကိုယ်ကို အထူးချွန်ဆုံးဖြစ်အောင်၊ ကိုယ်လက်လှမ်းမီသမျှ ကျောင်းသူကျောင်းသားတွေကို အတောက်ပဆုံးဖြစ်အောင် အရောင်တင်ပေးရင်း ဒီတိုင်းပြည်က သင်ပေးတဲ့ ပညာနဲ့ ဒီတိုင်းပြည်နဲ့ ဒီနိုင်ငံသားတွေ အပေါ် တာဝန်ကျေနိုင်သမျှကျေအောင် ဆက်ကြိုးစားပါဦးမယ်။

4 comments:

မေဓာဝီ said...

ဦးဟန်ကြည်ရေးထားတာ အင်မတန်ကောင်းပါတယ်။ ဦးဟန်ကြည်ရဲ့ စေတနာကိုလဲ သာဓုခေါ်မိပါတယ်။
ကျွန်မတို့လဲ ဒီပညာရေးစနစ် လက်အောက်က ထွက်ခဲ့ရတာမို့ တခြားနိုင်ငံမှာ စာသင်ရတော့မှ ဒုက္ခနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့တာပဲ။ ဒါပေမဲ့ မြန်မာတွေ မညံ့ကြပါဘူး။ အပိတ်ခံထားရတဲ့ ဦးနှောက်တွေက ဖွင့်ခွင့်ရလာတဲ့အခါ သူများထက် မသာတောင် တန်းတူတော့ လိုက်နိုင်ကြတာ တွေ့ရတယ်။

ဦးဟန်ကြည်ရေ ... ပို့စ်ထဲမှာ ဥပမာပေးထားတာလေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းစောဒက တက်ခွင့်ပြုပါနော်။ စိတ်တော့မရှိပါနဲ့လို့ ကြိုတောင်းပန်ပါရစေ။
သင်စားဖူးသော အသီး ၃ မျိုးကို မေးတာက သစ်သီး (fruit) ကို မေးတယ်လို့ ထင်ပါတယ်။ ငရုတ်သီးနဲ့ အာလူးသီးက fruit မဟုတ်ဘူး ဆိုတော့ ဒါကြောင့်များ အမှတ်မပေးတာလားလို့ ကျွန်မစိတ်ထဲ တွေးနေမိလို့ပါ။

နောက်တခုက ... လယ်တီဆရာတော်ရဲ့ ကဗျာ နောက်ဆုံးစာကြောင်းမှာ
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
ဖြစ်မယ်လို့ ထင်ပါတယ်။
ဖိုးလထက်ကဲ ဆိုတော့ လွဲနေသလားလို့ပါ။

ကြံဖန် အပြစ်ရှာတယ်လို့တော့ မထင်စေချင်ပါဘူး။ ကိုယ်မြင်တဲ့ အမြင်နဲ့ ကိုယ်သင်ခဲ့ မှတ်သားခဲ့ဖူးတာလေး ပြောပြတာပါရှင်။

Han Kyi said...

ခပ်လွယ်လွယ် ဥပမာပေးလိုက်မိတာကြောင့် နားလည်မှုလွဲသွားတယ်ထင်ပါတယ်...အခုလို ထောက်ပြတာကျေးဇူးပါ...ဥပမာထဲက အသီးတွေကို ချက်ချင်းပဲ ပြင်လိုက်ပါတယ်...သင်ထားတာနဲ့ တစ်ထပ်တည်း မကျရင် အမှတ်မပေးတာကို ဆိုလိုချင်တာပါ...ဥပမာပေးတာ အားနည်းသွားပါတယ်...လယ်တီဆရာတော်ရဲ့ ကဗျာကိုတော့ သေချာအောင်ပြန်ရှာဖတ်ပြီးတော့မှပဲ အမှားပြင်ပါတော့မယ်...စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေတာကြောင့်ပါ...ကျေးဇူးတင်ပါတယ်...

ကျောက်လမင်း said...

ကလေးတွေ ဦးနှောက်အနားရချိန်မရှိအောင် စာပြီးစာ သင်နေတဲ့ ခုခေတ်ကို ဘယ်လို နားလည်ရမှန်းတောင်မသိတော့ဘူးဗျာ...

Anonymous said...

ဆရာ့ စေတနာတွေ အတွက် ၀မ်းမြောက်မိပါတယ်။ ကိုယ်တိုင်လဲ ဆရာ့စာထဲကလို ဆရာမပီသတဲ့ ဆရာတွေနဲ့ကြုံခဲ့ဖူးပါတယ်။ အတန်းပိုင်ဆရာမ ရဲ့ ကျုရှင်မှာ မတက်ခဲ့လို့အတန်းထဲမှာ ဆရာမ ရဲ့ အကျဉ်ခံခဲ့ရဖူးပါတယ်။ တစ်တန်းလုံးကို စာမေးပြီး ကိုယ့် တစ်ယောက်ထဲကို ချန်ခဲ့တာ..အိမ်စာတွေတင်ရင်လဲ ကိုယ့် စာအုပ်တစ်အုပ်ထဲကို မစစ်ပေးတာ...စဉ်းစားမိရင်တော့ ရင်နာစရာပါ။ ဆရာ တွေ ဆရာ စိတ်ရှိကြပါစေ။

ကြိုက်ရင်ပေါ့လေ . . .