နောက်ထပ် ၈ရက်ပြီးရင်
ကိုယ့်ကျောင်းသားလေးတွေ စာမေးပွဲဖြေရပါတော့မယ်။ ပိတ်ရက်ပါပေါင်းရင်တော့ စာမေးပွဲကာလဟာ ၁၀ရက်ကြာပါလိမ့်မယ်။
စာမေးပွဲပြီးရင် ခရီးသွားမယ်လို့ စိတ်ကူးထားပါတယ်။
ကြည့်ရင်းရှုရင်း အားတွေကျ၊ မုဒိတာကြောင့် ကုသိုလ်ရ...
တစ်နေ့တစ်နေ့ စိတ်ပမ်းလူပမ်းနဲ့ နေထွက်နေ၀င် ကျောင်းသားအရေး၊ စာမေးပွဲကိစ္စ၊ သင်ကြားမှုပိုင်းဆိုင်ရာတွေနဲ့ နပန်းလုံးရတဲ့ကြားမှာ ဝေဖန်တာတွေ၊ တိုက်ခိုက်တာတွေနဲ့ နပန်းလုံးနေရတာမို့ ကြာရင်ကိုယ်ပါ လုံးပါးပါးသွားနိုင်ပါတယ်။ စာသင်နှစ်တစ်နှစ်လုံး လူမှုရေးမရှိ၊ ဘုရားသွားကျောင်းတက်ဖို့ အချိန်မပေးနိုင်၊ ပတ်ဝန်းကျင်နဲ့ အထိအတွေ့မရှိဘဲ ကျောင်းသားတွေသာ ကိုယ့်ကမ္ဘာဖြစ်နေတာမို့ ၀ါသနာအရင်းခံကြောင့်သာမဟုတ်ရင် အင်မတန်ငြီးငွေ့ပင်ပန်းစရာ အလုပ်ပဲဖြစ်မှာ သေချာပါတယ်။
အလုပ်တွေက တောင်လိုပုံ၊ တာဝန်တွေလည်း ထမ်းမကုန်...
ဝါသနာအရင်းခံနဲ့မို့သာ ပင်ပန်းသမျှခံနိုင်ရည်ရှိပေမယ့် တစ်နေ့ကုန်လို့ အိမ်ပြန်ရောက်ရင် ခြေကုန်လက်ပန်းကျစမြဲပါ။ အိမ်မှာ တစ်ယောက်တည်းနေရစ်ခဲ့ရှာတဲ့ အိမ်ရှင်မခမျာလည်း စိတ်ရောကိုယ်ပါ ငြီးငွေ့မယ်ဆိုတာ ဖွင့်မပြောပေမယ့် ခံစားလို့ရနေပါတယ်။ ကိုယ်က အိမ်ပြန်ရောက်ရင်လည်း နောက်တစ်နေ့အတွက် သင်ခန်းစာတွေပြင်ဆင်ရ၊ စာတွေဖတ်ရ၊ ကိုယ့်သင်ကြားမှု တိုးတက်လာအောင် လေ့လာရနဲ့ ပျော်ပျော်ကြီးမနားမနေ လုပ်နေရတော့ ကိုယ်ဝါသနာ၊ ကိုယ့်ဘ၀နဲ့ကိုယ် ကျေနပ်ပေမယ့် သူ့မှာတော့ သူများလင်ကိုယ်မယားတွေလို ပျော်ပျော်ပါးပါး သွားသွားလာလာနေချိန်နည်းတာကြောင့် စိတ်ညစ်မယ်ဆိုလည်း ညစ်ချင်စရာပါ။
ကိုယ်ကိုယ်တိုင်လည်း သင်ကြားရေးကို ဘယ်လောက်ပဲ ၀ါသနာပါတယ်လို့ဆိုပေမယ့် တစ်ခါတစ်လေတော့လည်း အာရုံတွေငြီးငွေ့လာတတ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မ၀င်ခင် အိမ်မှာရှိနေချိန်မှာပဲ အဲဒီလို စိတ်မျိုးတစ်ခါတစ်ရံ ၀င်တတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်ရင်တော့
ခဏနဲ့ပဲ အလုပ်ထဲမှာ အလွယ်တကူ စီးမြောပျော်ဝင်ပြီး ကျောင်းသားတွေနဲ့ တသားတည်းဖြစ်သွားတတ်တာ အင်မတန်မှ ကံကောင်းတယ်လို့ဆိုရမှာပါ။ ဒါကလည်း သင်ကြားမှုမှာ ၀ါသနာကြီးလွန်းတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ရမယ်ဆိုတဲ့ ကိုယ့်အယူအဆတစ်ခုကလည်း ကိုယ့်ကို ကြာကြာမငြီးငွေ့အောင် ပံ့ပိုးတယ်လို့ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာသင်နှစ်တစ်ခုပြီးရင်တော့ အနောက်တိုင်းသားတွေလို အားလပ်ရက်ရှည်တစ်ခုယူပြီး ခရီးရှည်ထွက်ဦးမှလို့ စိတ်ကူးရပါတယ်။
သွားချင်လှတဲ့ အင်းလေးကန်၊ ရေပတ်လည်ကို တောင်ဝန်းရံ...
ခရီးထွက်ဖို့ စိတ်ကူးပြန်တော့လည်း ကိုယ်နေတဲ့ဒေသနဲ့ အလွန်အလှမ်းကွာလွန်းတဲ့ နေရာတွေကို စိတ်ကူးလို့ မဖြစ်နိုင်ပြန်ပါ။ ခရီးပမ်းမယ့် ဒဏ်နဲ့ ရမယ့်အပန်းဖြေ စိတ်ကြည်နှုးမှုမမျှမတ ဖြစ်သွားရင် ရှိစုမယ့်စု ဖွတ်ကလိဒင်္ဂါးလေးတွေ နှမြောစရာ ကောင်းလွန်တာကြောင့်ပါ။ ဒါကြောင့် မြန်မာပြည် အလယ်ပိုင်းက ပုဂံကိုပဲ သွားဖြစ်ဖို့များပါတယ်။ ပုဂံကို ခပ်ငယ်ငယ်အထက်တန်းကျောင်းသားဘ၀က ဘော်ဒါကျောင်းသားတွေနဲ့တစ်ခါ၊ ဆေးကျောင်းသားဘ၀က ပျော်ပွဲစားခရီးတစ်ခါ စုစုပေါင်းနှစ်ခါတော့ ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူများစိတ်နဲ့ ကိုယ့်ကိုသွားရတဲ့ ခရီးဖြစ်တာကြောင့် ရင်ထဲမှာ ထိုက်သင့်တဲ့ ကြည်နှုးမှုမျိုး မရခဲ့ရိုးအမှန်ပါ။
အင်းရေပြင်မှာ ရေတွေရှား၊ သွားချင်စိတ်ကို ချိုးနှိမ်ထား...
ကိုယ်က ခရီးတစ်ခုသွားရင်
ရောက်ချင်ရာရောက်၊ နားချင်ရာနား၊ စားချင်ရာစားလို့ စိတ်ရောကိုယ်ပါ အနားယူချင်တဲ့လူမျိုးပါ။ ခပ်ငယ်ငယ်အရွယ်ကတော့ ခရီးသွားရင် အစီအစဉ်တွေချ၊ ခရီးစဉ်တွေဆွဲနဲ့
( တက္ကသိုလ်မှာ Family အတွင်းရေးမှူးလုပ်ပြီး ပျော်ပွဲစားခရီးပေါင်းများစွာ စီစဉ်ပေးခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျင့်ပဲ ဖြစ်မယ်ထင်ပါရဲ့) စံနစ်တကျ ခရီးထွက်တာမို့ ခရီးစဉ်ချောမွေ့ပေမယ့် စိတ်ထဲမှာတော့ ထင်သလောက် အပမ်းမပြေလှပါ။ နေရာတကာ ကိုယ့်ခရီးစဉ် အဆင်ချောဖို့ စိတ်ထဲမှာရှိနေမိတာကြောင့် ကိုယ့်စီမံကိန်းနဲ့ ကိုယ် ပိတ်မိနေပြီး ဒေသန္တရ ဗဟုသုတ ရတာကလွဲလို့ စိတ်အပမ်းပြေမှု ရသင့်သလောက် မရတာပဲ ဖြစ်မယ်လို့ တွေးမိပါတယ်။ ဒါကြောင့် ဒီတစ်ခါ ခရီးသွားရင်တော့ ဘာမှကြိုတင်မစီစဉ်တော့ဘဲ ရောက်ရာပေါက်ရာကို စိတ်ထင်သလို သွားလိုက်ဖို့ အားသန်မိပါတယ်။
ဒါမျိုးဖြစ်မှာ ကြောက်ပါတယ်၊ လေယာဉ်လက်မှတ် တို့မ၀ယ်...
ရိုးရာကိုပဲ အားပေးမယ်၊ မြင်းလှည်းလေးနဲ့ လျှောက်လို့လည်...
ဒီလို ခရီးသွားဖို့ စိတ်ကူးယဉ်ထားမိတဲ့ အတွက် အလုပ်လုပ်ရာမှာ အရင်ကလို ငြီးငွေ့တာတွေ၊ ပင်ပန်းတာတွေ သိပ်မရှိတော့ဘဲ လုပ်ငန်းခွင်မှာ ပိုပြီးပျော်ရွှင်တက်ကြွလာတာ ခံစားမိပါတယ်။ ဒါကြောင့်လဲ အစစအရာရာ စံနစ်တကျရှိလှတဲ့ အနောက်တိုင်းသားတွေက Vacation trip တွေကို တန်ဖိုးထားကြတာ ဖြစ်ဟန်တူပါတယ်။ ဒါ့အပြင် ရင်ထဲကပါ အမြတ်တနိုးရှိလှတဲ့ မြန်မာ့သမိုင်းရဲ့ အမွေ၊ မြန်မာလူမျိုးတို့ရဲ့ ရာဇ၀င်အစဖြစ်တဲ့ ပုဂံဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် ရှေးမြို့တော်ဟောင်းကို ရောက်ရတော့မယ်ဆိုတဲ့ ဆွဲဆောင်မှု ကြောင့်လည်း ပါသင့်သလောက်ပါမယ်ထင်ပါတယ်။ ကျောင်းသားဘ၀က ပုဂံမြို့အ၀င် သရပါတံခါးကို ရောက်တိုင်း ခံစားရတဲ့ ဇာတိပုည၊ ဂုဏ်မာနကို ရင်ထဲမှာ ပူပူနွေးနွေး ပြန်ခံစားလာရသလိုပါ။
သရပါကို လှမ်းအမြင်၊ ဇာတိမာန်တို့ ခေါင်းထောင်ချင်...
တစ်ရက်တစ်ရက် ပင်ပန်းလွန်းလို့ အိမ်ပြန်ရောက်ရင် ပုဂံကို ခရီးထွက်ဖို့ တစ်ရက်နီးလာပြီဆိုတဲ့ အသိက ပင်ပမ်းသမျှကို တစ်ဝက်မက သက်သာစေပါတယ်။ မသွားရသေးတဲ့ ဒီခရီးစဉ်အတွက် အိမ်ရှင်မနဲ့အတူ ကြိုတင်ပြီး တွေးရပြောရတာလည်း အရသာ တစ်မျိုးပါ။ ပုဂံကို စိတ်စွဲလွန်းတာကြောင့်ပဲ ဖြစ်မယ်ထင်ပါရဲ့။ ညဘက်အိပ်မက်ထဲမှာတောင် ဘူးဘုရားရင်ပြင်တော်မှာရပ်ရင်း တသွင်သွင်စီးပြီး လှချင်တိုင်းလှနေတဲ့ ဧရာဝတီမြစ်ပေါ်မှာကျနေတဲ့ နေလုံးနီနီကြီးကို ကြည့်နေတယ်လို့ အိပ်မက်မက်မိပါတယ်။
ဘူးဘုရားနဲ့ မြစ်ဧရာ၊ အိပ်မက်မှာလည်း ကြည်မွေ့စွာ...
ဘာပဲပြောပြော ဒီခရီးကို သွားဖို့စီစဉ်ခြင်းဟာ တစ်ကိုယ်ရည် စိတ်အပမ်းဖြေခြင်းဆိုတာထက် လာမယ့်စာသင်နှစ်မှာ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်တွေနဲ့ တပည့်သစ်တွေကို အင်တိုက်အားတိုက် သင်ကြားပို့ချပေးနိုင်အောင် ရည်ရွယ်ရင်းက အဓိကမို့ အတ္တကို အရောင်တင်ရုံမဟုတ်ပဲ ပရဟိတ စိတ်ကလေးပါ ပါနေသေးတာကြောင့် သွားကိုသွားသင့်တဲ့ ခရီးဖြစ်တယ်လို့ ကိုယ့်တရားကိုယ် စီရင်ပြီး အကျေနပ်ကြီးကျေနပ်နေမိသလို ကျန်နေသေးတဲ့ စာသင်ချိန်တွေကိုလည်း ကြည်နှုးပျော်ရွှင်စွာနဲ့ တက်တက်ကြွကြွ ပို့ချနိုင်အောင် ပံ့ပိုးပေးလိုက်တာကြောင့် အင်မတန် အကျိုးရှိတာတော့ မငြင်းသာအောင် သေချာနေပါကြောင်း။ ။
No comments:
Post a Comment