Wednesday, 23 February 2011

ဂဠုန်ဆားချက်ခြင်း . . .

ဒီရက်ပတ်အတွင်း စာရေးဖို့စိတ်ကူးအပြည့်ရှိပေမယ့် 
အချိန်အားမရအောင် အလုပ်များလွန်းတာကြောင့် စာမရေးဖြစ်ပါ။ အတန်းတင်စာမေးပွဲကြီးဖြေဖို့ကလည်း ၁၀ရက်ပဲ လိုတော့တာမို့ ကျောင်းသားရော၊ ဆရာပါ မနားမနေ အာရုံစိုက်နေရချိန်ဖြစ်တာကြောင့်လည်း ပါပါတယ်။ ကိုယ်တို့တိုင်းပြည်ရဲ့ ပညာရေးစံနစ်အရ အခြေခံပညာအထက်တန်းအဆင့် အခုအခေါ် 
Grade 11 အဆင့်စာမေးပွဲဟာ ကျောင်းသားတစ်ယောက်ရဲ့ ဘ၀လမ်းကြောင်းကို အဆုံးအဖြတ်ပေးမယ့် အရေးအကြီးဆုံးအရာ ဖြစ်တာကြောင့်လည်း အနာဂတ်အတွက် ဒီကာလဟာ မပေါ့ဆသင့်တဲ့ ကာလဖြစ်တယ်လို့ဆိုရင်လည်း မမှားပါ။

http://www.irrawaddymedia.com/bur/images/stories/High%20School%20Exam%201.jpg 
ပြုံးပြုံးရွှင်ရွှင် ထွက်ခဲ့မှ၊ မိဘဆရာ ဘ၀င်ကျ...

ဒီလောက်အရေးကြီးတဲ့ကာလဖြစ်ပေမယ့် 
ကလေးတွေဆိုတာ မိဘနဲ့ဆရာက ကြပ်ကြပ်မတ်မတ် အုပ်ထိမ်းမှု၊ စီမံခန့်ခွဲမှုတွေ လုပ်မပေးရင် မမြင်ရသေးတဲ့ အနာဂတ်ကို ခေါင်းထဲကြာကြာသွင်းလေ့ မရှိကြတာကြောင့် ဆရာတွေခမျာ ဒီရပ်ပတ်တွေမှာ ကလေးတွေကို ပိုးမွေးသလို ဂရုတစိုက်နဲ့ မွေးကြရရှာပါတယ်။ ကိုယ်တို့ခေတ်ကတော့ ကျောင်းသားတစ်ယောက်အတွက် လေလွင့်ပျက်စီးစရာ နေရာနဲ့ အထောက်အကူပစ္စည်းသိပ်မရှိခဲ့တာမို့ ကျောင်းသားတစ်ယောက်အတွက် ပညာရေးကိုပဲ အပြည့်အ၀ အာရုံစိုက်ဖို့ဆိုတာ သိပ်မခဲယဉ်းတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် အပန်းဖြေစရာ၊ စိတ်ထွက်ပေါက်ပေးစရာတွေ မှိုလိုပေါက်နေတဲ့ ဒီဘက်ခေတ်မှာတော့ အပျော်အပါးမက်တဲ့ ကလေးတွေရဲ့ သဘာဝအတိုင်း ပညာရေးကို အာရုံစိုက်မှု ကျဆင်းလာသလို အပျော်အပါးနဲ့တွေ့ရင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့လည်း အင်မတန်မှ ခက်ခဲလာပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ခေတ်ဆိုတာ ရှေ့ကိုသာချီတက်ရမှာ သဘာဝမို့ တိုးတက်မှုကို အပြစ်တင်နေမယ့်အစား ကလေးတွေကို ခေတ်နဲ့အညီထိန်းသိမ်းနိုင်အောင်ပဲ အလေးထားပြီး ကြိုးစားရမှာပါ။ ဆရာမောင်မိုးသူပြောတဲ့စကားလို ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်မှပဲ ကလေးတွေရဲ့ဘ၀ လှပပါလိမ့်မယ်။

http://4.bp.blogspot.com/_A59OnwjMMGE/TSTJeQ6Q79I/AAAAAAAAIf8/o2_J6KROf8w/s1600/800px-mandalay_med_school1.jpg 
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်...

ကလေးတွေရဲ့ အနာဂတ်ဟာ ကိုယ့်လက်ထဲမှာဆိုတာကို ကောင်းကောင်းသဘောပေါက်တဲ့ ဦးဟန်ကြည်တစ်ယောက် ကျောင်းသားတွေအကြောင်းကိုပဲ အချိန်ပြည့်ခေါင်းထဲထည့်လို့ အကောင်းဆုံးကြိုးစားနေရင်း ဘယ်သကောင့်သားကမြန်မာမှုပြုပြီး မြန်မာဇာတ်သွင်းလိုက်မှန်းမသိတဲ့ ချစ်သူများနေ့ တစ်ဖြစ်လဲ St.Valentine's day ကိုပါမေ့သွားတာကြောင့် အိမ်သူသက်ထားဇနီးမယားရဲ့ အငြိုငြင်ကိုပါ ခံလိုက်ရတဲ့အထိပါ။ အိမ်ရှင်မဆိုတာ ဘ၀ခရီးကို နောက်ဆုံးအချိန်အထိ မခွဲမခွာသွားကြမယ့်သူတွေဖြစ်တာမို့ ခဏတာစိတ်ဆိုး၊ စိတ်ကောက်တာဟာ စိတ်ဆင်းရဲစရာကောင်းမှန်း ကောင်းကောင်းသိထားပေမယ့် တစ်နှစ်တာပဲတွေ့ကြုံရမယ့် ကျောင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် မထိခိုက်ရေးကိုပဲ ဦးစားပေးခဲ့ရပါရဲ့။ ကျောင်းသူ၊ ကျောင်းသားအတွက်နဲ့ အိမ်ရှင်မအတွက်တို့ ထိပ်တိုက်ဆုံရင် ကလေးတွေကိုပဲ ဦးစားပေးရင်း အိမ်ရှင်မကို မျက်နှာချို မကြာခဏသွေးရတာကို မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးများ သိတော်မူကြပြီး စွမ်းစွမ်းတမန်ကြိုးစားတော်မူကြရင်တော့လည်း အတိုင်းထက်အလွန်ပါ။

ဒါပေမယ့် လူငယ်ဆိုတာ လူငယ်ပဲဖြစ်တာမို့ 
နေမြဲတိုင်းနေ၊ လေမြဲတိုင်းလေနေကြတဲ့  သကောင့်သားလေးတွေက ရှိနေဆဲပါ။
ဘယ်လိုနေနေ၊ ဘာတွေပဲလုပ်လုပ် ကိုယ့်ကျောင်းသားတွေကို မြင့်နိုင်သမျှအမြင့်ဆုံးအထိ မြှင့်တင်ပေးဖို့ဆိုတာ ကိုယ်တို့ဆရာတွေရဲ့ အလုပ်ဖြစ်တာမို့ ကိုယ်ကတော့ သူတို့ကိုစာကျက်ခိုင်းမနေတော့ဘဲ ကိုယ်တိုင်ပဲ ရှေ့ကနေ ဦးဆောင်ပြီး ကျက်ပေးလိုက်ပါတယ်။ သူတို့စာဖတ်ဖို့ပျင်းနေရင် ကိုယ်ကပဲဝိုင်းဖတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် တွက်စာတွေကိုတော့ ကိုယ်တိုင်လုပ်မှရမှာဖြစ်တာကြောင့် မောင်ပျင်း၊ မပျင်းလေးတွေအတွက် သင်ပုန်းပေါ်မှာ တွက်ပြပြီးရင် ဖျက်ပစ်လိုက်ပြီး ပြန်တွက်ခိုင်းယူရပါတယ်။ ဒီနည်းလမ်းဟာ နိုင်ငံတကာပညာရေးစံချိန်အရ သင်ကြားမှုနည်းစံနစ်တွေထဲမှာ အညံ့ဖျင်းဆုံးဖြစ်တဲ့ Spoon feeding education, Parrot learning education ဖြစ်မှန်း သိပေမယ့် ကိုယ့်ကျောင်းသားတွေကို How ထက် Why ကို ပိုပြီးအလေးအနက်ထားအောင်၊ ဆက်စပ်တွေးခေါ်တတ်အောင်၊ ဖြန့်တွေးတတ်အောင် တစ်နှစ်ပတ်လုံး နည်းမျိုးစုံနဲ့ ကြိုးစားပေးခဲ့ပြီး အရေးအကြီးဆုံးဖြစ်တဲ့ ဒီကာလမှာတော့ စာအုပ်ဟောင်းကြီးကို ဖုန်ခါပြီးပြန်ကိုင်ရသလို နှစ်ပေါင်းများစွာကတည်းက ဆရာ့ဆရာများသုံးခဲ့ကြတဲ့ သင်ကြားမှုနည်းစံနစ်ဟောင်းကြီးကိုပဲ မချစ်သော်လည်းအောင့်ခါနမ်းရပေမယ့် ရင်ထဲမှာတော့ နည်းနည်းမှ ဘ၀င်မကျမိတာအမှန်ပါ။

ဒါပေမယ့် 
ဘ၀င်ကျခြင်းမကျခြင်းထက် ကိုယ့်ကျောင်းသူကျောင်းသားတွေ အောင်မြင်မှုကိုပဲ ရှေးရှုရမယ့် တာဝန်ရှိသူဖြစ်တာမို့ ဘာဘာညာညာမတွေးအားတော့ဘဲ ကျောင်းသားတွေ အရိုးစွဲနေတဲ့သင်ကြားမှု နည်းစံနစ်မှတပါး ဒီအချိန်မှာ ကျန်တာအားကိုးရာမရှိတော့ပါ။ ခေတ်မီသင်ကြားမှုနည်းစံနစ်တွေကို လေ့လာလိုက်စားပြီး လိုက်နာကျင့်သုံးခဲ့ပေမယ့် ဒီနည်းစံနစ်တွေဟာ ပင်ကိုခံယူလိုစိတ်ကောင်းရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက်ပဲ အဆင်ပြေတာကို အတွေ့အကြုံကပေးတဲ့ အသိကြောင့် သိပြီးဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်တော့ တစ်နေကုန်တစ်နေခမ်း အသံပြာအောင် စာဝိုင်းကျက်လိုက်၊ ခြေထောက်တွေ သွေးတောင့်မတတ် သင်ပုန်းရှေ့မှာ တွက်ပြလိုက်၊ ကျောင်းသားတွေကြားကို ကြွက်တတ်မတတ်လှည့်ပတ်ကြည့်ရင်း တစ်ယောက်ချင်းစီ ရှင်းပြလိုက်နဲ့ မကြာမီလာတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ကြိုဆိုဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အင်တိုက်အားတိုက်လုံးပန်းနေရပါကြောင်း။   ။

စာကြွင်း။     ။ 
ကျောင်းသူ၊ ကျောင်းသားတွေကို 
ထူးချွန်အောင်ပံ့ပိုးနိုင်ဖို့ ဆရာတစ်ယောက်ဟာ ပညာရေးနည်းစံနစ်၊ နည်းဗျူဟာနဲ့ ကျောင်းသားစိတ်ပညာကအစ နားလည်တတ်ကျွမ်းထားဖို့ လိုအပ်တာကို ကောင်းကောင်းသိပေမယ့် ကိုယ်တို့တိုင်းပြည်မှာ ပညာရေးဘာသာရပ်ကို လေ့လာဖို့ ရည်ညွှန်းစာအုပ်နည်းပါးတဲ့အပြင် လူတစ်ယေက်ကို ဘွဲ့တစ်ခုသာယူနိုင်တဲ့ စံနစ်ဖြစ်တာမို့ ပညာရေးတက္ကသိုလ်ကိုလည်း မသွားနိုင်တော့တာကြောင့် အွန်လိုင်းပေါ်က ပညာရေးဆိုဒ်တွေကိုပဲ ဦးဟန်ကြည် အားကိုးနေရပါတယ်။ ပညာရေးပါရဂူတွေရေးထားတဲ့ ဆောင်းပါးတွေဖတ်ရင်း ကိုယ့်ကိုယ်ကိုတိုးတက်အောင် ကြိုးစားနေပေမယ့် အားမရနိုင်တာကြောင့် အွန်လိုင်းကနေ ပညာရေးနဲ့ဆိုင်တဲ့ ဒီပလိုမာတစ်ခု ထပ်ယူဖို့ကြိုးစားတဲ့အခါမှာတော့ အခက်အခဲတွေ တစ်ပုံတပင်ရှိနေပါတော့တယ်။

မြို့မဟုတ်၊ တောမဟုတ်ဒေသက ဦးဟန်ကြည်မှာ သူများတကာတွေလို Credit Card တွေလည်းမရှိ၊ နိုင်ငံခြားဘဏ်မှာ အကောင့်လည်းမရှိတာကြောင့် အခပေးရတဲ့ ဒီပလိုမာတွေကို ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အခမဲ့အွန်လိုင်းဒီပလိုမာကိုသာ အားကိုးရတော့မှာမို့ မွှေနှောက်ရှာဖွေနေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပေမယ့် ဘယ်တက္ကသိုလ်မှာ ဘယ်လိုသင်ယူရမယ်ဆိုတာ အခုထိကောင်းကောင်း သဘောမပေါက်နိုင်ပါ။

နိုင်ငံတကာထွက်ပြီး အလုပ်လုပ်ဖို့အတွက်မဟုတ်ပဲ ကိုယ့်တိုင်းပြည်က ကျောင်းသူကျောင်းသားတွေကို
တိုးတက်တဲ့နည်းစံနစ်တွေနဲ့ သင်ကြားပေးနိုင်ဖို့ကိုသာ အဓိကရည်ရွယ်ချက်ထားတာမို့ ဒီပလိုမာဆိုတာထက် စံနစ်တကျ ပို့ချပေးမယ့် အွန်လိုင်းပညာရေးကို ဘယ်ကရနိုင်မယ်ဆိုတာ သိရရင်ကလေးတွေအတွက် အင်မတန်အကျိုးများမယ့် ကိစ္စဖြစ်တာမို့ နားလည်တတ်ကျွမ်းသူများက လမ်းညွှန်ပေးကြဖို့ မတတ်သာတဲ့အဆုံး ရှေ့မျက်နှာ နောက်ထားလို့ မေတ္တာရပ်ခံအပ်ပါတယ်။     ။
 

No comments:

ကြိုက်ရင်ပေါ့လေ . . .