Sunday, 30 January 2011

အိမ်ထက်သာရမယ့် နေရာ . . .

 တောင်တွေး၊မြောက်တွေး 
စဉ်းစားရင်းနဲ့ အိမ်သာတွေ အကြောင်း စဉ်းစားမိပါတယ်။

http://i258.photobucket.com/albums/hh257/24demon24/t170188289.gif 
တလွဲမတွေးလိုက်ပါနဲ့ ပန်းကန်ထဲထည့်ထားတဲ့ ရေခဲမုန့်ပါ...

ခပ်ငယ်ငယ်က ကိုယ့်အဒေါ်တစ်ယောက်အိမ်မှာ နှစ်လ၊ သုံးလလောက် သွားနေဖူးပါတယ်။ အဒေါ့်အိမ်မှာ ထူးခြားတာတစ်ခုက အိမ်သာပါ။ တစ်ရက်ကို သုံးလေးခါလောက် သန့်ရှင်းရေးလုပ်ရုံသာမက မွှေးကြိုင်သန့်ပြန့်နေအောင် အင်မတန်မှ ဂရုစိုက်ပါတယ်။ ကိုယ်တို့ကို သူက“အိမ်သာဆိုတာ အိမ်ထက်သာရမယ်” လို့လဲ လက်ချာပေးပါသေးတယ်။ ခပ်ငယ်ငယ်ကဆိုတော့ သူ့လက်ချာလည်း သိပ်တော့ သဘောပေါက်လှတာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် အိမ်သာတက်ရတာတော့ အရသာရှိလှတာ အမှတ်ထင်ထင်ရှိခဲ့ပါရဲ့။

သေချာတာတစ်ခုကတော့ သူ့အိမ်သာ မွှေးမွှေးလေးကို ဇိမ်ခံတက်ရင်းက အိမ်သာကြာကြာတက်တတ်တဲ့ အကျင့်ရသွားတာပါပဲ။ ကိုယ့်ကိုယ်ကို အိမ်သာတက်တာကြာလှတယ်အောက်မေ့ထားပေမယ့် ဦးသုမောင်တို့အဖေ ဒါရိုက်တာ ဦးသာဓု အိမ်သာတက်ပုံကို ဖတ်ဖူးမှ ကိုယ့်ထက်သာတဲ့သူရှိတာ သိရပါတော့တယ်။ ဦးသာဓုအိမ်သာတက်ရင် တစ်နေ့တာထွက်သမျှ သတင်းစာအကုန်အိမ်သာထဲယူသွားပြီး ဖတ်လိုက်တာ ရေနွေးခွက်ပါ အိမ်သာထဲယူသွားပါသတဲ့။ ရေနွေးကုန်ရင် တံခါးခေါက်ပြီး ရေနွေးပြန်ဖြည့်ခိုင်းပေမယ့် သတင်းစာဖတ်မပြီးမချင်းတော့ အိမ်သာထဲက မထွက်ပါဘူးတဲ့။ ဘယ်လောက် အရေးကြီးတဲ့ ဧည့်သည်လာပါစေ ဦးသာဓုအိမ်သာတက်နေလို့ကတော့ အနည်းဆုံးနှစ်နာရီလောက်ကတော့ တမေ့တမော စောင့်ရပါလေရောတဲ့။ အဲဒါကိုဖတ်မိမှ ကိုယ့်ကိုယ်ကို ဖြေသာပါတော့တယ်။

[wired-toilet.jpg]  
ဒါမျိုးအိမ်သာဆို ဦးသာဓုကြီးတော့ အပြင်ထွက်တော့မယ်တောင်မထင်...
 
ကိုယ်ခပ်ငယ်ငယ်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်တော့ ပါသွားမှ ကျေနပ်တာပါ။ အဲဒီအကျင့်ကတော့ ကိုယ့်မေမေဆီကရတဲ့ အမွေပဲဖြစ်ပါလိမ့်မယ်။ မှတ်မှတ်ရရ ကိုယ်ဆေးကျောင်းသားဘ၀က ကိုယ့်အမေ အပြင်ကနေ အမောတကောပြန်လာပြီး အိမ်သာတက်ဖို့ စိုင်းပြင်းပါတော့တယ်။ အဲဒီမှာဖြစ်ချင်တော့ ဖတ်စရာစာအုပ်က တစ်အုပ်မှ ရှာမရပဲ ဖြစ်နေပါရောလား။ အဲဒီမှာပဲ ကိုယ့်ကိုလှမ်းအော်ပြီး စာအုပ်တစ်အုပ်လောက်ရှာပေးဖို့ စစ်ကူတောင်းပါတော့တယ်။ ကိုယ်ကလည်း မေမေ့ကို စချင်တာကြောင့် ဆေးစာအုပ်တွေပဲရှိတယ်လို့ ပြန်ပြောတော့ “အေး...အဲဒီဆေးစာအုပ်ပဲပေး”ဆိုပြီး တစ်ခါတည်း ကိုယ့်ဆေးစာအုပ်ထူထူကြီးကို ယူသွားပြီး အိမ်သာဝင်ပါတော့တယ်။ မေမေပြန်ထွက်လာတော့ ကိုယ်က ဆေးစာအုပ်ကို မေမေဖတ်တတ်လို့လားမေးတော့ “ဖတ်တော့ဘယ်ဖတ်နိုင်မလဲ၊ စာအုပ်တစ်ခုခုဖတ်စရာရှိတော့ အိမ်သာဖြောင့်ဖြောင့် တက်လို့ရတာပေါ့” တဲ့။ ကိုယ့်မှာ မေမေ့အကျင့်ကို သဘောကျလို့ မဆုံးပါ။ တစ်လုံးမှ နားမလည်တဲ့ ဆေးစာအုပ်ကြီးကိုင်ဖတ်ပြီး အိမ်သာတက်တဲ့ ကိုယ့်မေမေအကြောင်းကို ပြန်တွေးမိတိုင်းလဲ ပြုံးမိပါတယ်။

ကိုယ်တို့အိမ်မှာလည်း ကျန်တာတွေထက် အိမ်သာကို သန့်သန့်ပြန့်ပြန့်ဖြစ်အောင် ဂရုတစိုက်ထားလေ့ရှိပါတယ်။ ခပ်ငယ်ငယ်ကတော့ ကျန်းမာရေး အသိဆိုတာထက် မိဘစိတ်ကြိုက်
လုပ်ခဲ့ရတာပါ။ ခေတ်မီတဲ့ မိဘတွေက ကျင်းအိမ်သာတွေ သုံးတဲ့ခေတ်မှာတောင် ရေလောင်းအိမ်သာ(ယင်လုံအိမ်သာ)ကို စံနစ်တကျဆောက်ပြီး သုံးပါတယ်။ သေချာတာကတော့ ကိုယ်တို့ငယ်ငယ်ကတည်းက အိမ်သာ သန့်သန့်ပြန့်ပြန့်လေးနဲ့မှ ၀မ်းဖြောင့်ဖြောင့် သွားတတ်တဲ့ အကျင့်ရခဲ့တာပါပဲ။

[Gold_Toilet.jpg]  
ဒါမျိုးနဲ့တော့လည်း မပါရက်ပါဘူး...အရည်ကျိုပြီး ရောင်းစားလိုက်တာ ပိုကောင်းမယ်...

မှတ်မိပါသေးတယ်။
အိမ်မှာ ဘိုထိုင်အိမ်သာ စတပ်တဲ့ အချိန်ကပါ။ 
ဝမ်းသွားချင်လို့ အိမ်သာပြေးပြီး ဘိုထိုင်အိမ်သာပေါ်တက်လိုက်တာနဲ့ ဘယ်လိုမှ ၀မ်းသွားလို့ မရတော့ပါ။ ဗိုက်တွေရစ်ပြီး ဘယ်လောက် ၀မ်းသွားချင်နေပေမယ့် ၀မ်းသွားလို့မရတဲ့ ခံစားချက်ကြီးက 
ပြောမယုံကြုံမှ သိလောက်အောင် အင်မတန် ခံရခက်ပါတယ်။ ဘိုထိုင်ပေါ်မှာ ၁၀မိနစ်လောက်ကြာအောင် ဒုက္ခခံပြီး ဘယ်လိုမှမဖြစ်တော့တဲ့ အဆုံးမှာ အရှူံးပေးပြီး နောက်ဖေးက ရိုးရိုးအိမ်သာဆီပြေးတက်မှ ချောချောမောမောနဲ့ ကိစ္စပြီးပါတော့တယ်။ အိမ်သာပေါ်ထိုင်လိုက် ၀မ်းမသွားနိုင်ဖြစ်လိုက်နဲ့ ဘိုထိုင်အိမ်သာနဲ့ ပြဿနာတက်လိုက်တာ ၅ရက်လောက်ကြာမှ နည်းနည်းအဆင်ပြေပါတော့တယ်။ ဒါတောင် ပြည့်ပြည့်၀၀ စိတ်တိုင်းမကျလို့ ကျန်တဲ့တစ်ပိုင်းကို ရိုးရိုးအိမ်သာပြေးပြီး ဖြေရှင်းရပါသေးရဲ့။ ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသားလေး မောင်ဟန်ကြည်တစ်ယောက် ဘိုထိုင်အိမ်သာအတက်ကျင့်လိုက်ရတာ တစ်ပတ်လောက်ကြာမှပဲ အိမ်သာနဲ့ပဏာစားပါတော့တယ်။ ဒီတော့မှ မွှေးမွှေးကြိုင်ကြိုင် ဘိုထိုင်ပေါ်ထိုင်ရင် စာစောင်လေးဖတ်လို့ ဇိမ်ခံခွင့် ရတော့တာပါ။


 
http://2.bp.blogspot.com/__v0ZbDH0ksM/S0Sd9LPXt2I/AAAAAAAAAaM/i9Cqzn7nsg0/s320/a8.jpg 
သူတောင် ကောင်းကောင်းပါရသေးတာပဲ...

ကျောင်းသားဘ၀တစ်လျှောက် အိမ်သာလေးသန့်သန့်နဲ့ စတိုင်ကျခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် မိဘအရိပ်ကထွက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ကြိုးစားကတည်းက အိမ်သာပေါင်းစုံနဲ့ ပြဿနာစပါတော့တယ်။ အိမ်ကထွက်ပြီး ရန်ကုန်ကို သွားကတည်းက ရထားအိမ်သာနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ပါရော။ ရထားမစီးဖူုးတဲ့သူဆိုတဲ့ ရထားအိမ်သာအကြောင်းလဲ ဘာမှသိမထားခဲ့ရိုး အမှန်ပါ။ ခပ်ငယ်ငယ်ကကြားဖူးတာက ရထားအိမ်သာဆိုတာ အပေါက်တစ်ခုပဲ ဖောက်ထားပြီး စွန့်လိုက်တဲ့ အညစ်အကြေးတွေအားလုံး ရထားလမ်းပေါ်ကျကုန်တယ် လို့ပါ။ ဒါပေမယ့် ကိုယ်မြင်ရတဲ့ ရထားအိမ်သာကတော့ ရေလောင်းအိမ်သာပါ။ စွန့်လိုက်သမျှ အညစ်အကြေးကတော့ ဘယ်ရောက်လို့ဘယ်ပေါက်ကုန်သလဲဆိုတာတော့ မစဉ်းစားမိပါ။ ရေလောင်းအိမ်သာပေါ်မှာ ကျကျနနထိုင်ပြီး ဗိုက်ပြဿနာရှင်းမယ် အလုပ်မှာ ဇာတ်လမ်းစပါတော့တယ်။ ရထားက ပုခက်လွှဲသလို ရမ်းနေတဲ့ကြားထဲမှာ အိမ်သာခွက်ပေါ်ကနေ အောက်ကို ပြုတ်ကျမသွားအောင် ကိုယ့်ကိုယ်ကို ထိန်းနေရတာနဲ့ပဲ ၀မ်းသွားလို့မရတော့ပါ။ ဘေးဘီကို မျက်စိကစားလိုက်တော့ လက်ကိုင်ကွင်းကလေးတစ်ခုစီ ဘယ်ညာတစ်ဖက်တစ်ချက်မှာ တွေ့တာကြောင့် သဘောပေါက်သွားပြီး လက်ကိုင်ကွင်းနှစ်ခုကို တစ်ဖက်စီကိုင်ပြီး ဟန်ချက်ထိန်းနိုင်ပါတော့တယ်။ လူကိုငြိမ်အောင် ထားနိုင်ပြီမို့ ပါတော်မူတော့မယ်အလုပ်မှာ အိမ်သာတံခါးကို ကြည့်မိတော့ တံခါးချက်ကလေးက တဲတဲကလေးပါ။ တကယ်လို့များ တစ်ယောက်ယောက်က တံခါးဆွဲဖွင့်လိုက်ရင် ငါးပါးမှောက်နိုင်တာမို့ လက်ကိုင်ကွင်းကိုင်ထားတဲ့ ဘယ်လက်နဲ့ တံခါးလက်ကိုင်ကွင်းကို ပြောင်းကိုင်လိုက်ပြီး မသက်မသာအနေအထားနဲ့ သဘာဝရဲ့ခေါ်သံကို အကြောင်းပြန်ခဲ့ရပါတယ်။ တဂျုန်းဂျုန်း၊ တဂျိုင်းဂျိုင်းနဲ့ ဘယ်ညာရမ်းနေတဲ့ မီးရထားကြီးပေါ်မှာ မသက်မသာ အနေအထားကြီးနဲ့ တက်ခဲ့ရတဲ့ ရထားအိမ်သာကတော့ တစ်သက်စာ အမှတ်တရအဖြစ် အခုထိ မှတ်မှတ်ရရ ရှိနေဆဲပါ။
[scooter-mbk-nitro-1106497234.jpg] 
အိမ်သာတက်ရင်း ခရီးသွားတာပေါ့...

ခရီးတွေသွားရင်း တောင်ငူက ဘုရားကျောင်းတစ်ကျောင်းကို ရောက်တဲ့အခါကလည်း အိမ်သာဒုက္ခရောက်ခဲ့ဖူးပါတယ်။ ကျောင်းကြီးကလည်း ကြီးကြီးမားမားမို့ အိမ်သာတွေဘာတွေကလည်း သန့်သန့်ပြန့်ပြန့်ပါ။ ၀မ်းနာလာတာကြောင့် အိမ်သာတက်မယ်လို့စိတ်ကူးနဲ့ အိမ်သာထဲကို အပြေးအလွှားသွားပြီး ထိုင်နေကျပုံစံအတိုင်း တံခါးဘက်ကို မျက်နှာမူပြီး ထိုင်ချလိုက်တော့မှ ထူးခြားဆန်းပြားတွေ့ရပါတော့တယ်။ အိမ်သာခွက်က အညစ်အကြေးစွန့်တဲ့ အပေါက်က ခါတိုင်းလိုမဟုတ်ပဲ မျက်စိအောက်မှာရောက်နေတာပါ။ မျက်စိလည်သွားတာကြောင့် အပေါက်ရှိရမယ့် ပုံမှန်နေရာကို လှည့်ကြည့်တော့ အပေါက်မရှိပါ။ ခဏလောက် အူကြောင်ကြောင်ဖြစ်သွားပြီးမှ အိမ်သာခွက်ကို ပြောင်းပြန်လှည့်တပ်ထားတာကို သဘောပေါက်ပြီး နာနေတဲ့ဝမ်းကို အသာအောင့်ပြီး လူကိုတစ်ပတ်ပြန်လှည့်လို့ ပြဿနာဖြေရှင်းခဲ့ရပါတယ်။
ဒါပေမယ့် တံခါးပေါက်ကို ကျောပေးပြီး ထိုင်နေရတာဖြစ်လို့ စိတ်က ဘယ်လိုမှမလုံတော့ဘဲ နောက်ကို မကြာမကြာ လှည့်ကြည့်နေရတာနဲ့တင် မအီမလည်နဲ့ ကိစ္စပြီးခဲ့ရတာလည်း အမှတ်တရပါ။

http://1.bp.blogspot.com/_cc8HzyKAaXU/S2mBA3lGnmI/AAAAAAAAA9I/4HoohFSRvp8/s320/s-P4100026.jpg 
ဒီလိုလေးပြထားရင်တော့လည်း အဆင်ပြေတာပေါ့...

ပြည်နယ်ကို ရောက်လို့ ကိုယ့်ခံယူချက်အတိုင်း တောကြိုအုံကြားတွေသွားပြီး ဆေးကုတဲ့အချိန်မှာတော့ အိမ်သာအတွေ့အကြုံသစ်တွေ တနင့်တပိုးကြီး ထပ်ရပြန်ပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ လူနာကြည့်နေရင်း ဗိုက်ရစ်လာတာကြောင့် လူနာရှင်တွေကို အိမ်သာဘယ်မှာလဲလို့မေးမိတော့ ကောက်ရိုးပုံကို လက်ညှိုးထိုးပြတာကြောင့် ဘာဘာညာညာမစဉ်းစားဘဲ ကောက်ရိုးပုံနောက်မှာ အိမ်သာရှိတန်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးနဲ့ ကောက်ရိုးပုံနောက်ကိုသွားတော့ အိမ်သာတစ်လုံးမှမတွေ့ရပါ။ နောက်ဆုံးစိတ်ပေါက်ပေါက်နဲ့ ကောက်ရိုးပုံတစ်ပတ်ပြည့်အောင် ပတ်ကြည့်ပြီး ဘာအိမ်သာမှမတွေ့တော့မှဘဲ ဆရာဝန်ရင့်မကြီးကို သူတို့ထုံးစံအတိုင်း ကောက်ရိုးပုံနောက်မှာ အီအီးထိုင်ပါခိုင်းမှန်း သဘောပေါက်ပြီး စိတ်ညစ်ညစ်နဲ့ပဲ (မပါခဲ့ပါ) ကိုယ့်ပြဿနာကို အံကြိတ်အောင့်အည်းပြီး ကြည့်စရာရှိတဲ့လူနာတွေကို ကုန်အောင်ကြည့်ပြီးတော့မှ တစ်ခြားရွာက အသိအိမ်ကို ဒုန်းစိုင်းပြေးပြီး အိမ်သာတက်ခဲ့ရပါတယ်။ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ဇီးကင်းလောက်သီးလာအောင် ဒုက္ခခံခဲ့ရတာမို့ အဲဒီရွာနံမည်ကြားမိတိုင်း အခုထိ ဇောချွေးတွေ ပြန်လာမြဲပါ။

http://4.bp.blogspot.com/_nBnqYnYkFUI/TPjfErabcAI/AAAAAAAAJgQ/UGlfyJzyDfc/s1600/4.jpg 
ဒါလည်း အိမ်သာလို့ ခေါ်ပါသတဲ့။ တော်သေးတာပေါ့ ဒါမျိုးမတက်ခဲ့ရလို့...

တစ်ခါကလည်း ရွာတစ်ရွာမှာ လူနာကြည့်ရင်း အိမ်သာသွားမယ်လုပ်တော့ လူနာရှင်က ထီးတစ်လက်ယူပေးပါတယ်။ ကိုယ်လည်း အတွေ့အကြုံရင့်နေပြီမို့ အိမ်သာကို အရင်ကြည့်ထားတာမို့ ဒီထီးနဲ့ကွယ်ပြီး နောက်ဖေးသွားခိုင်းတာ မဟုတ်မှန်းသိတာကြောင့် သိပ်တော့လည်း မတုန်လှုပ်ပါ။ အပြင်မှာလည်း မိုးလေးတဖွဲဖွဲကျနေတာမို့ မိုးစိုမှာစိုးလို့ ထီးပေးလိုက်တယ်လို့ပဲ ယူဆပါတယ်။ ဒါပေမယ့် သူပေးတဲ့ထီးက ကိုယ်တို့အရွယ်ဆောင်းတဲ့ လူကြီးဆောင်းထီးမဟုတ်ဘဲ ကလေးတွေဆောင်းတဲ့ ထီးခပ်သေးသေးလေးဖြစ်နေတာက နည်းနည်းစဉ်းစားစရာဖြစ်လာပါတယ်။ မရှိရှိရာ ရှာပေးလိုက်တယ်လို့ပဲ ယူဆပြီး အိမ်သာသွားတက်တော့ အိမ်သာထဲရောက်မှပဲ ထီးသေးသေးလေး ပေးလိုက်ခြင်းရဲ့ ရည်ရွယ်ချက်ကို သဘောကောင်းကောင်းပေါက်ပါရောလား။ သူတို့အိမ်သာက အကာပဲ ရှိပြီး အမိုးမှ မရှိတာကလား။ မိုးရွာထဲမှာ အိမ်သာတက်ရင် ထီးဆောင်းပြီး တက်ရတာဖြစ်လို့ အိမ်သာတံခါးနဲ့ ဆန့်တဲ့ ထီးသေးသေးလေး ပေးလိုက်မှန်း ကွက်ကွက်ကွင်းကွင်း သိရပြီး ဘ၀တစ်သက်တာမှာ ပထမဆုံးအဖြစ် အိမ်သာထဲမှာ ထီးကလေးဆောင်းပြီး ပါတော်မူခဲ့ရပါကြောင်း။

ရွာတွေရွာတွေအနှံ့ပြဲပြဲစင်အောင် ဆေးအိတ်တစ်လုံးနဲ့ လူထုဆရာဝန်လုပ်လာခဲ့တဲ့ ဥိးဟန်ကြည်တစ်ယောက် ကိုယ့်ကိုယ်ကို အတွေ့အကြုံတွေ စုံလှပြီလို့ထင်ထားခဲ့သမျှ တပည့်တစ်ယေက် အလည်ခေါ်တာကြောင့် သူနေတဲ့ရွာကို နှစ်ရက်လောက် အလည်သွားမိမှဘဲ အတွေ့အကြုံတွေ ကျန်သေးတာ ၀န်ခံရပါတော့တယ်။ သူတို့ရွာက တကယ့်ရွာကြီးပါ။ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ကျကျနနပါ။ အပြင်ပန်းကြည့်ရင်တော့ အားရစရာဖြစ်ပေမယ့် အိမ်သာတက်မယ်ကြံတော့မှ သရုပ်မှန်ကို မြင်ရပါတော့တယ်။ တပည့်အိမ်တင်မကပါ တစ်ခြားအိမ်တွေလည်း အိမ်သာရယ်လို့ သတ်သတ်မှတ်မှတ် ကျကျနနဆောက်ထားတာ တစ်လုံးမှမရှိပါ။ အိမ်တွေက ခြေတံရှည်အိမ်တွေများပြီး အပေါ်မှာ လူနေ၊ အောက်ထပ်မှာ ၀က်တွေ၊ ဆိတ်တွေ မွေးကြပါတယ်။ အဲဒီအပေါ်ထပ်ထောင့်တစ်ထောင့်မှာ ကြမ်းပြင်ကို အပေါက်ကလေးဖောက်ထားတာက ဘုရားစူးအိမ်သာ စစ်စစ်ပါ။ အဲဒီအပေါက်ကလေးကို ထန်းရွက်လေးငါးခြောက်ရွက်ကို ထောင်ပြီး ၀ိုင်းပတ်ကာလိုက်တော့ သူတို့ရိုးရာ အိမ်သာဖြစ်လာပါရော။ ကိုယ်တို့ဥရောပ အိမ်သာတွေမှာက အိမ်သာတက်ရင် ခေါင်းပိုင်းလုံပြီး ခြေထောက်ကလေးတွေထွက်နေတာ ရိုးနေလို့ဖြစ်ပါလိမ့်မယ်။ သူတို့အိမ်သာက ထန်းရွက်တစ်လျားစာပဲ ကာထားတာမို့ ထိုင်လိုက်ရင် ပခုံးအထက် ခေါင်းပိုင်းတစ်ခုလုံး ပေါ်နေပါတော့တယ်။ သူတို့ထမင်း စားကြတော့လည်း အဲဒီကြမ်းတစ်ပြေးထဲမှာ အိမ်သာနဲ့ သိပ်မဝေးပါ။ တစ်ယောက်က အိမ်သာတက်၊ တစ်ယောက်က ထမင်းစားရင် တစ်ယောက်ကို တစ်ယောက် မြင်မြင်ထင်ထင် စကားလှမ်းပြောလို့ရအောင် ရည်ရွယ်ချက်နဲ့များ လုပ်ထားသလားထင်ရပါတယ်။ စွန့်လိုက်တဲ့ အညစ်အကြေးကို ကျင်းတွေဘာတွေနဲ့ စွန့်စရာမလိုပါ။ အောက်ထပ်မှာ မွေးထားတဲ့ ၀က်တစ်အုပ်က ၀ိုင်းအားပေးကြပါတယ်။ ဘာမှကို အလေအလွင့်မရှိအောင် စံနစ်ကျလှတဲ့ သူတို့ အိမ်သာကိုကြည့်ရင်း ကျောချမ်းသွားတဲ့ ဦးဟန်ကြည်မှာ အဲဒီမှာ နေတဲ့နှစ်ရက်လုံးလုံး အိမ်သာတက်ချင်စိတ်ကို အတင်းချိုးနှိမ်ပြီး အံကြိတ်နေခဲ့ပါတယ်။ ၀က်သားစားချင်စိတ်လည်း တစ်နှစ်နီးပါးကြာအောင် ကုန်သွားပါတော့တယ်။

[public-toilet-installation-3651.jpg]  
သဘောတရားချင်းတော့ ခပ်ဆင်ဆင်...

http://www.mezaligone.org/jwallpapers_files/2011/1/big_thumb_e854bb061115b7fd6ac2f30ad68d83e5.jpg 
ဒီလောက်ဆိုရင်ကို သည်းခံပြီး တက်ပါသေးတယ်...

အိမ်သာအတွေ့အကြုံက ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ အဲဒီရွာမှာ အိမ်အများစုက အိမ်သာမရှိကြပါဘူးတဲ့။ ညနေဆိုရင် တောစပ်ကိုသွားပြီး ကိုယ့်ကိစ္စကို ဖြေရှင်းကြပါသတဲ့။ ဟုတ်ပါတယ်။ ညနေစောင်းတာနဲ့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ လက်ထဲမှာ တုတ်ချောင်းလေးတွေ ကိုယ်စီကိုင်လို့ တောစပ်ဘက်ကို သွားကြတာတွေ့မှပဲ တောစပ်လေးမှာ ညနေခင်း လေညင်းခံမယ့်စိတ်ကူးလေးကို ရင်နာနာနဲ့ ဘေးချိတ်ထားလိုက်ရပါတယ်။ တော်ကြာ လေညင်းမရဘဲ ဆွဲမိုင်းတွေ၊ နင်းမိုင်းတွေနဲ့ တွေ့နေမှဖြင့် လေညင်းခံ အပြန်ခရီးမှာ အံစော်နီးနေမှာ ကြောက်လွန်းလို့ပါ။
ကိုယ့်တပည့်လေးက ပြောပါသေးတယ်။ ရွာနားတောစပ်မှာ တစ်ယောက်တည်း အခင်းကြီး သွားမယ်ဆိုရင် တုတ်ရှည်ရှည်တစ်ချောင်းဆောင်သွားရပါသတဲ့။ ကိုယ်ကတော့ မြွေပါးကင်းပါးကြောက်ရလို့ ယူသွားရတာလား လို့မေးတော့ မဟုတ်ပါဘူးတဲ့ ရွာထဲက ၀က်တွေက မစင်နံ့ရရင် ပြေးလာပြီး လုစားကြတာ ကိုယ့်ကိစ္စ မပြီးခင် ၀ိုင်းလုကြလွန်းလို့ နောက်ပိုင်းကို ၀က်မကိုက်မိအောင် တုတ်နဲ့ကာကွယ်ဖို့ပါတဲ့။ တုတ်ရှည်ကြီး တရမ်းရမ်းနဲ့ တောထိုင်နေတဲ့ပုံကို မျက်စိထဲမှာ မြင်ယောင်မိရင်း ကျောစိမ့်ရုံသာမက ကြက်သီးများပါ ထမိတာကြောင့် နောက်ဖေးနောက်ဖီမသွားမိအောင် တပည့်ကျွေးတဲ့ထမင်းတောင် ဗိုက်ပြည့်အောင် မစားရဲခဲ့ပါ။

[w5.jpg] 
လေကောင်းလေသန့်ရှူရင်းပေါ့...

[Mexico-%20Multiperson%20very%20public%20toilet.jpg]  မက္ကဆီကိုမှာတော့ အနံ့သက်သာအောင် တံခါးဖွင့်ပြီး တက်မှ ပြေလည်တယ်ဆိုပဲ...

ညနေခင်းမှာ ရေချိုးကြစို့ဆိုတော့လည်း ချောင်းထဲဆင်းချိုးကြရပါတယ်။ တစ်ရွာလုံးမှာလည်း ရေတွင်းဆိုလို့ တစ်တွင်းမှမရှိပါ။ ဒီချောင်းရေကိုပဲ အားထားကြဟန်တူပါတယ်။ ရေချိုးဆိပ်ကိုတော့ အုတ်၊ အင်္ဂတေတွေနဲ့ အကျအန လုပ်ထားတာတွေ့ရပါတယ်။ ရေမကူးတတ်တဲ့ အညာသားဦးဟန်ကြည်တစ်ယောက် ရေချိုးဆိပ်က တိုင်တစ်တိုင်ကို ကိုင်ပြီးရေချိုးရင်းက ရေငုပ်လိုက်တဲ့အခါ တပည့်က ဆရာတဲ့ ရေငုပ်ပြီးလို့ ခေါင်းပြန်ဖော်ရင် သတိထားနော်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းအထက်က ပါလိုက်လို့ ရေထဲမှာ မျောပါလာတဲ့ အော့အော့တုံးနဲ့ မျက်နှာအပ်မိမှာ စိုးလို့ပါတဲ့။ တွေးမိတာနဲ့တင် ကြောက်စရာ အဖြစ်ကြီးမို့ ရေထဲက အမြန်တက်ပြီး ရေမကူးတတ်တဲ့ မိန်းကလေးများလို ချောင်းစပ်ကနေပဲ ချောင်းရေကို ခွက်နဲ့ခပ်ချိုးပြီး မရှက်နိုင်မကြောက်နိုင် ရေမျောမိုင်း အန္တရာယ်ကို ကြိုတင်ကာကွယ်ခဲ့ရပါသေးတယ်။

[Roman_Public_Toilets_Ostia.jpg]  
ရှေးခေတ်ရောမသားတွေကတော့ အဲဒီလို ဘုံအိမ်သာပဲ သုံးကြတယ်တဲ့...

[public-toilet.jpg]  
အိမ်သာတက်တာပဲ ပွဲဖြစ်အောင် လုပ်ရတယ်လို့...

အဲဒီလောက် နောက်ဖေးပြဿနာများလှတဲ့ ရွာမှာနှစ်ညအိပ်ပြီးတာနဲ့ အန္တရာယ်ကို လွယ်မထားနိုင်တဲ့ အချိန်မရောက်ခင် ဦးဟန်ကြည်တစ်ယောက် မိုးလင်းပြီဆိုတာနဲ့ ကိုယ့်ဒေသကို အတင်းဒုန်းစိုင်းပြေးရင်း လမ်းမှာတွေ့တဲ့ ဆိုင်တစ်ဆိုင်မှာ အိမ်သာကောင်းသောမကောင်းသော၊ သန့်သောမသန့်သော မစဉ်းစားနိုင်တော့ဘဲ နှစ်ရက်လောက် အောင့်ထားခဲ့ရသမျှ အတိုးချလို့ ထုတ်အပြီးမှာတော့ လေပြည်လေညင်းလေးတွေတိုက်လာသလို ခံစားရပြီး လောကကြီးလဲ သာယာလာပါတော့တယ်။ အရင်က မဖြူတဲ့ အသားလည်း နှစ်ရက်လောက် ၀မ်းမသွားရတာကြောင့် မည်းသည်းသွားပါတော့တယ်။ တပည့်ကျော်က အလည်လာဖို့ အတန်တန်မှာပေမယ့် ကိုယ့်အကြောင်းကိုယ်သိတဲ့ ဦးဟန်ကြည်ကတော့ အဲဒီရွာဆိုရင်တော့ ဝေါနဲ့ထမ်းခေါ်တောင် ထပ်မသွားတော့ဖို့ ဆုံးဖြတ်ပြီးသားမို့ စကားမပြော တုဏှိဘောနဲ့ ပြုံးပြရုံလောက်ပဲ လုပ်ရဲပါတော့တယ်။

ပြည်နယ်တစ်ခွင် အိမ်သာပေါင်းစုံနဲ့ ဖြစ်သလို စခမ်းသွားခဲ့ရလို့ နောကျေနေတဲ့ ဦးဟန်ကြည်ခမျာ မဟာရန်ကုန် ရွှေမြို့တော်ကြီးကို ရှစ်နှစ်တာအတွင်း တစ်ခေါက်ရောက်ချိန်မှာတော့ မပြေနိုင်တဲ့ ၀ဋ်ကြွေးကြောင့် ရန်ကုန်နောက်ဆုံးရက်မှာမှ တိရစ္ဆာန်ရုံမှာ အိမ်သာပြဿနာ တက်ခဲ့ပါသေးတယ်။ တိရစ္ဆာန်ရုံမှာ အကောင်ပလောင်ပေါင်းစုံကို လှည့်ပတ်ကြည့်ရင်း ဗိုက်ပြဿနာပေါ်လာတာကြောင့် တွေ့တဲ့ တိရစ္ဆာန်ရုံထဲက အိမ်သာကို ပိုက်ဆံပေးပြီး ပြဿနာဖြေရှင်းဖို့ ၀င်သွားမိပါတယ်။ အိမ်သာလေးလုံးတန်းထားပေမယ့် သုံးလုံးစလုံးမှာ ရေမရှိပါ။ ဒီကြားထဲမှာ နိုင်ငံကြီးသားတွေစွန့်ထားခဲ့ကြတဲ့ လက်ကျန်ပစ္စည်းတွေကလည်း အိမ်သာခွက်တွေထဲမှာ အဆင်သင့်စောင့်နေလိုက်ပါသေးတယ်။ အိမ်သာမတက်တော့ဘဲ ထွက်လာရအောင်ကလည်း ပြဿနာက တော်တော်ကြီးနေပြီမို့ ဆက်ပြီးမလွယ်နိုင်တော့ပါ။ ဒါနဲ့ပဲ တွေ့တဲ့အိမ်သာတစ်ခုထဲကို လက်ကိုင်ပုဝါလေးနဲ့ နှာခေါင်းကိုအုပ်ပြီး ကိစ္စလေးဖြေရှင်းဖို့ အိမ်သာတံခါးကို ဆွဲအပိတ်မှာ တံခါးချက်မပါတဲ့ ကိုရွှေအိမ်သာနဲ့မှ ကောင်းကောင်းကြီးရေစက်ဆုံပါတော့တယ်။ အခြေအနေကလည်း တိုးလို့တန်းလန်းအနေအထားဖြစ်နေတာကြောင့် ဘာဘာညာညာမစဉ်းစားအားတော့ဘဲ မမီမကမ်းဖြစ်နေတဲ့ အိမ်သာတံခါးလက်ကိုင်ကွင်းမှာ လက်ကိုင်ပုဝါလေးချည်ပြီး လက်အံသေအောင်ဆွဲရင်း 
မသက်မသာအနေအထားနဲ့ပဲ ဖြေရှင်းခဲ့ရပါတယ်။ ကိစ္စပြီးရင် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာကိုလည်း တွေးရင်းချွေးတွေပြန်နေပါသေးရဲ့။ ကိုယ်ဖတ်ဖူးတဲ့ ကိုမောင်မောင်ရဲ့ ဘလော့ပို့စ်ထဲကလို Giordano underwear လေးနဲ့များ ဖြေရှင်းလိုက်ရမလားလို့တွေးရင်း ကိုင်ထားတဲ့ လက်ကိုင်ပုဝါလေးကိုပဲ မျက်စောင်းထိုးနေမိပါတယ်။ အဲဒီလို ဒုက္ခရောက်နေချိန်မှာ လူရှိနေတဲ့ အိမ်သာက ရေလောင်းချသံဟာ တကယ့်မင်္ဂလာတေးသံပါ။ အိမ်သာခန်းထဲမှာလဲ လူရှင်းနေတာမို့ လွတ်သွားတဲ့ ဘေးအိမ်သာဆီကို အမြန်ပြေးရင်း ကျန်နေတဲ့ ပြဿနာတစ်ဝက်ကို စိတ်အေးလက်အေး ဖြေရှင်းခဲ့ရပါတယ်။ အိမ်သာကအထွက် အိမ်သာခန်းအ၀မှာ ထားတဲ့ရေစည်ပိုင်းကြီးကို မြင်တော့မှ ရန်ကုန်အိမ်သာရဲ့ အထာကို သဘောမပေါက်မိတဲ့ တောသားအဖြစ်ကို ကောင်းကောင်းနားလည်တော့တာမို့ နိုင်ငံကြီးသားပီသစွာနဲ့ ရေခပ်ပြီး ကျန်နေရစ်တဲ့ ကိုယ့်လက်ကျန်ပစ္စည်းလေးတွေကို ရေလောင်းချပြီး ကုသိုလ်ယူခဲ့ရပါတယ်။

[Jinghong%20public%20toilet%201630.jpg]  
ပေါက်ဖော်ကြီးတို့ကတော့ ရေတောင်မလိုဘူး...ပွင့်ပွင့်လင်းလင်းပေါ့...

တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဘယ်လောက်ပဲရှိရှိ တိုက်ကြီးတွေ ဘယ်လောက်ပဲ ကြီးကြီး စွန့်ပစ်ပစ္စည်းထိန်းသိမ်းတဲ့နေရာတွေ မသန့်ရှင်းရင် ဘယ်လိုမှ လူနေမှု အဆင့်အတန်းမမြင့်နိုင်ပါ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ အခြေခံအကျဆုံး အိမ်သာကစ မပြင်နိုင်ကြရင် ရင်ပေါင်မတန်းနိုင်ဘဲ ဖင်ထောင်ပန်းရုံပဲ တတ်နိုင်ပါလိမ့်မယ်။ (အသုံးအနှုန်း ရိုင်းချင်ရိုင်းသွားနိုင်ပေမယ့် ကာရန်ကိုငဲ့လိုက်ရလို့ပါ။)


http://lh6.ggpht.com/_4hMXHF6gcVs/SEvL9GbmXxI/AAAAAAAAAGM/DplUhzg1ozQ/IMG_7823.JPG
ကောင်းလိုက်တဲ့ အိမ်သာတံခါး...
http://1.bp.blogspot.com/_7rBMcTsv7OY/TOa3nneWI_I/AAAAAAAAAOE/_NlvSqItwCs/s1600/latrine.jpg
 တံခါးမလို ဂုန်နီအိတ်ရှိရင် အဆင်ပြေပြီ...
 
အထက်မှာ ပြောခဲ့သလို အိမ်သာအတွေ့အကြုံပေါင်းများစွာ (ဂုန်နီအိတ်ပါးလေးနဲ့ကာရုံကာထားတဲ့ အိမ်သာ၊ အိမ်သာတွင်းထဲမှာ ရေတွေပြည့်နေပြီး ကိုယ့်ကိုပါ ရေပြန်စင်တဲ့ အိမ်သာတွေအကြောင်းတောင် ထည့်မရေးဖြစ်တော့ပါ) ကြုံရပြီးတဲ့ နောက်မှာတော့ ကိုယ်ငယ်ငယ်က အဒေါ်ပြောခဲ့ဖူးတဲ့ 
“အိမ်ထက်သာရမှာ အိမ်သာ” ဆိုတဲ့ဆောင်ပုဒ်ကို နှစ်နှစ်ကာကာ သဘောပေါက် ထောက်ခံမိရင်း ခေတ်မီလှတဲ့ အဒေါ်ကို ဦးညွှတ်အလေးပြုလျက်ပါ။     ။


( အိမ်သာတွေ အကြောင်းရေးလိုက်မိတာ ပို့စ်တစ်ခုလုံး အော့အော့နံ့သင်းသွားတာမို့ ထမင်းစားရင်း ဖတ်မိတဲ့ မိတ်ဆွေများ၊ ရွံတတ်တဲ့ မိတ်ဆွေများအတွက် မဖွယ်မရာဖြစ်သွားခဲ့ရင် လွန်တာရှိက ၀န္ဒာမိပါ )
 
p.s: ပုံတွေကိုတော့ အင်တာနက်ပေါ်ကပဲ ရှာယူထားပါတယ်



12 comments:

အဖြူရောင်နတ်သမီး said...

အောင်မြတ်လေး...
ထမင်းစားရင်းနဲ့ ဒီအိမ်ကို လာလည်မိပါတယ်...
ရက်စက်ပါပေ့ ကိုဟန်ကြည်ရယ်...

း)

ရွှေရတုမှတ်တမ်း said...

အမယ်...မြိတ်ဖက်ကကျွန်းကရွာတွေမှာ..ကပြင်စွန်းမှာ ထိုင်ပါရတာ..ရှေ့ဖက်ပဲ ပလပ်စတစ်လေးကာပေးတာ.. ကိုယ့်နောက်က စက်လှေတွေ ဥဒဟိုသွားလို့

ko 9 said...

၇ယ်၇င်နဲ့....ဘယ်တော့များမှတိုးတက်ပါ့မလဲလို့..
မောသွားပါကြောင်း

အိမ့်ချမ်းမြေ့ said...

"ကျမလည်း ကိုဟန်ကြည့်ဆိုက်ကို တွေ့လို့ ၀မ်းသာအားရလာလည်တာ.. အိမ်သာနဲ့တိုးနေတယ်လေ :D

မက္ကဆီကန်တွေကို မြင်လိုက်ရတော့ အသံထွက်အောင်ကို ရယ်လိုက်မိပါတယ်ရှင်။

မေဓာဝီ said...

ကိုဟန်ကြည် အိမ်သာဋီကာဖွင့်ထားတာ တော်တော်ကို စုံနေတာပဲ။ ဖတ်လို့လဲ ကောင်း၊ နိုင်ငံတကာ အိမ်သာ ဗဟုသုတတွေလဲရပါရဲ့။
ကျမလဲ အိမ်သာတက်ရင် စာဖတ်တဲ့အကျင့်ရှိတယ်။
တခါတုန်းက တွေ့တဲ့စာအုပ်ယူသွားတာ အိတ်ဆောင် ဓမ္မပဒ စာအုပ်လေး။ ကိစ္စပြီးတော့ အိမ်သာထဲမေ့ကျန်ခဲ့တာ ဦးရီးတော် တွေ့သွားပြီး အိမ်သာထဲဘုရားစာအုပ်ယူဖတ်လို့ဆိုပြီး ဆူခံရတယ်။

မြစ်ကျိုးအင်း said...

ပထမဆုံးလာဖတ်ဖြစ်တာပါ။ အိမ်သာနဲ့တိုးနေပေမယ့် စရိုက်တော်တော် များများတူလို့ ဒီပို့စ်လေး သဘောကျမိတယ်။ ကျနော်လည်း ဖတ်စရာ စာအုပ် ဂျာနယ် တခုခုမရှိရင် အိမ်သာမတက် တတ်သလောက်ပဲ။ အဲဒီလိုနဲ့ အိမ်သာထဲမှာ စာအုပ်စင် အသေးစားလေးတောင် ဖြစ်နေပြီ။ ဘယ်လောက်ခံရခက်ခက် အနံ့အသက်မကောင်းတဲ့ အိမ်သာနဲ့ တိုးနေရင် တက်ချင်စိတ်ပျောက်သွားရော။
မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျိုက်ထီးရိုးဘုရားသွားဖူးတာ။ အဲဒီမှာ အများသုံးအိမ်သာတွေက တအားညစ်ပတ်တာဗျာ။ တက်မလို့ ဝင်သွားလိုက် အန်ပြီးပြန်ထွက်လာလိုက်နဲ့ ၃ ရက်လုံးလုံး အိမ်သာမတက်ဘဲ ပြန်လာခဲ့ဖူးတယ်။

ကိုဟန်ကြည်ရေ အခုမှ ဆုံမိလို့ အခုပဲလင့်ထားလိုက်မယ်ဗျာ။

SHWE ZIN U said...

ကိုဟန်ကြည် ရေ

ရက်စက်ပ.. အင်း ရွှေစင်ဦး လည် ရောက်တဲ့ နေရာသောက် ရောက်တဲ့ နေရာပေါက် တဲ့ အတွက် အိမ်သာ ပြသာနာ ကိုအမြဲရင်ဆိုင် ခဲ့ရပါကြောင်း

ဆန္ဒတခုကိုပြောရမယ်ဆိုရင် စာထဲမှာ ပါသလို အိမ်သာ အားလုံးဟာ အိမ်ထက်သာစေခြင်ပါကြောင်း

ဒုတိယလူ said...

ဆရာရေ့ ကျွန်တော် မြန်မာပြည်မှာ တုန်းက
အိမ်သာတက်ရင် ဆေးလိပ့် တိုအရင်ရှာတယ်
အခုတော့.. အိပ်သာတက်ရင် ကွန်ပြုတာလေး နဲ့ဗျ
ဟီးးး.. ဆရာအရေးအသားနဲ့ ဗဟုသုတ ကတော့
ဖတ်ရတာ ရယ်ရလွန်းလို့ အူတွေတောင် နာလာတယ်
လေးစားစွာဖြင့် .

(ဒုတိယ)

စန္ဒာ said...

အရမ်းရယ်ရပါတယ် .. ကျေးဇူးတင်ပါတယ်ရှင် .... လေးစားစွာဖြင့် ...
(စန္ဒာဝင်း)

စန္ဒာ said...

အရမ်းရယ်ရပါတယ် .. ကျေးဇူးတင်ပါတယ်ရှင် .... လေးစားစွာဖြင့် ...
(စန္ဒာဝင်း)

Anonymous said...

အိမ်သာအကြောင်းလေ့လာသွားပါတယ်..ခုလိုစုံလင်စွာဖတ်ရှုခွင့်ရလို့ ကျေးဇူးပါ...

သူကြီးမင်း said...

အတော်သဘောကျသွားတယ်။ အိမ်သာပေါင်းစုံအကြောင်း တဟားဟားနဲ့ ဖတ်နေရတယ်။ ဒီပို့စ်ကို ဟိုတုန်းက မဖတ်မိဘဲ ကျော်သွားခဲ့တယ်ထင်ပါရဲ့။ သူကြီးမင်းရဲ့ အိမ်သာတက်ဖြတ်ထုံးထက် အကြောင်းအရာ အများကြီးစုံတယ်။

ကြိုက်ရင်ပေါ့လေ . . .