Sunday, 2 January 2011

ရန်ကုန်သွား တောလား . . .

၁၇ရက်နေ့ကစပြီး
အိမ်ရှင်မကို ကြိုဖို့ ရန်ကုန်ခရီးရှည်ကြီးကို သွားခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် နှစ်သစ်ကူး၁ရက်နေ့ကပဲ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်ခဲ့ပါပြီ။

ကားပေါ်မှာတင် အသွားနှစ်ရက်၊ အပြန်နှစ်ရက် ကုန်ခဲ့တာမို့ ခရီးစဉ်ရဲ့ တစ်ဝက်လောက်က ကားပေါ်မှာကုန်ခဲ့တယ်လို့ဆိုရင်လည်း မမှားနိုင်ပါ။ အသွားခရီးမှာ ၁၇ရက်နေ့ မနက်ဂနာရီခွဲကနေ စပြီးကားပေါ်မှာထိုင်လိုက်ရတာ လမ်းမှာမှတ်ပုံတင်စစ်ဆေးတာခံဖို့ ကားပေါ်ကဆင်းရတဲ့ ငါးခါကလွဲရင် ကျန်တဲ့အချိန်ဟူသမျှ ကိုယ့်ခုံပေါ်မှာပဲ ခွေခေါက်ထိုင်နေရတာမို့ ပျင်းစရာကောင်းသလို ကားစီးရင်းမအိပ်တတ်တဲ့ အကျင့်ကြောင့်လည်း သူများတွေထက် ပိုပင်ပန်းသလို ခံစားရပါတယ်။

ရန်ကုန်ကို မနက်၂နာရီခွဲလောက်မှာရောက်သွားတာဖြစ်လို့ ရန်ကုန်ကိုဖြတ်သွားဖြတ်လာနှစ်ခါပဲ ရောက်ဖူးတဲ့ ကိုယ်တစ်ယောက် ညကြီးမင်းကြီးမှာ ဘယ်မှာနားလို့နားရမှန်းမသိဘဲ ပြဿနာတက်ပါတော့တယ်။ ကံကောင်းချင်တော့ ကားပေါ်မှာပါလာတဲ့ ချင်းခရစ်ယာန်သားအမိက ကိုယ့်ကိုသူတို့အိမ်မှာ လိုက်နားဖို့ဖိတ်တာကြောင့် အဆင်သင့်သွားပါတော့တယ်။ အမှန်အတိုင်းပြောရရင် ရန်ကုန်သူ၊ ရန်ကုန်သားဆိုရင် သိပ်မယုံရဘူးလို့ မွေးကတည်းကစွဲနေတဲ့ အညာသားစိတ်ကြောင့် သူတို့သားအမိခေါ်တဲ့နောက်ကို လိုက်သာလိုက်ရတယ် စိတ်ထဲမှာတော့ စိုးရိမ်နေတာပါ။ ဒါပေမယ့် ရန်ကင်းမှာနေတဲ့သူတို့အိမ်ရောက်လို့ ကောင်းကောင်းမွန်မွန်ဖော်ဖော်ရွေရွေရှိတာတွေ့တော့မှာ ရင်ထဲက အလုံးကြီး ကျသွားပါတော့တယ်။ သူများအိမ်၊ သူများယာဖြစ်တာကြောင့် ဘယ်လောက်အိပ်ယာနေရာကောင်းကောင်းနဲ့ အိပ်ရပေမယ့် ကောင်းကောင်းအိပ်လို့ မပျော်ခဲ့ပါ။ မနက်၇နာရီထိုးမှာတော့ အိပ်ရာထ၊ မျက်နှာသစ်ပြီး အိမ်ရှင်ဆရာမကို နှုတ်ဆက်ပြီး ကိုယ်အသွားချင်ဆုံးနေရာဖြစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းကို ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်ပန်းဆိုးတန်းလမ်းဆိုတာကို ကြားသာကြားဖူးပြီး တစ်ခါမှမရောက်ဖူးခဲ့တဲ့ ကိုယ့်အတွက်ချင်းဆရာမက ၃၅၀၀နဲ့ဈေးဆစ်ပြီး တက်စီတစ်စီးငှားပေးလို့သာ ချောချောမောမောရောက်တာကိုလည်း ပြောရပါလိမ့်မယ်။

ပန်းဆိုးတန်းစာအုပ်တန်းရောက်တော့ စာအုပ်ဟောင်းတန်းမမြင်ရတာဆယ်စုနှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ကိုယ့်အတွက်တော့ ပိုင်ရှင်မရှိတဲ့ ရတနာသိုက်ကြီးတွေ့သလို ၀မ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်။ ဗဟိုတရားရုံးရှေ့ကနေ လမ်းဘေးစာအုပ်ဆိုင်တွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်မွှေလိုက်နှောက်လိုက် ၀ယ်လိုက်တာ မနိုင်မနင်းဖြစ်တဲ့အထိပါပဲ။ သူတို့မြို့က ဒီမနက်မှထွက်လာမယ့် အိမ်ရှင်မကိုလည်း ဖုန်းခေါ်လို့မရတာကြောင့် ရန်ကုန်မြို့လယ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ရင်း နေ့လည်၁၁ထိုးသွားပါတော့တယ်။ ပန်းဆိုးတန်းတစ်လျှောက်တွေ့သမျှ စာအုပ်ဟောင်းဆိုင်၊ စာပေတိုက်မှန်သမျှ အငမ်းမရ ၀င်ဝယ်ဖြစ်တာမို့ စာအုပ်တပုံတပင်နဲ့လူလည်း မနိုင်မနင်းဖြစ်လို့နေပြီမို့ ပန်းခြံတစ်ခုခုမှာ သွားပြီးနားဖို့ စိတ်ကူးမိပါတယ်။ ခက်တာက ရန်ကုန်မှာဘာပန်းခြံတွေရှိသလဲမသိတာကြောင့် တက်စီတစ်စီးခေါ်ပြီး ကားသမားကိုမေးရပါတော့တယ်။ ကားသမားက ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာနားဖို့ အကြံပေးတာကြောင့် မနီးမဝေးက J Doughnuts ကိုသွားဖို့ စိတ်ကူးရပါတယ်။ ဆိုင်ရှေ့ရောက်တော့ လူများလွန်းတာတွေ့ရလို့ ကားသမားက ခပ်လှမ်းလှမ်းက Ruby Mart ကိုပဲ မောင်းပို့တာကြောင့် တောသားမြို့ရောက် ဦးဟန်ကြည်တစ်ယောက် Shopping Mall ဆီကို မျက်စိသူငယ်နားသူငယ်နဲ့ အရှင်လတ်လတ်ရောက်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကိုယ့်ဖို့ဆိုတဲ့စကားလုံးကို စိတ်ထဲကရွတ်ရင်း ခပ်တည်တည်ပဲ ၀င်ချသွားလိုက်ပါတယ်။ ဆိုင်ထဲရောက်တော့ မသယ်နိုင်အောင် လေးလာပြီဖြစ်တဲ့ စာအုပ်ထုပ်ကြီးကို ကောင်တာမှာတင် အပ်ပစ်ခဲ့ပြီး အပေါ်ထပ်တက်လို့ Window Shopping လုပ်ငန်းစပါတော့တယ်။ ၀ယ်တာမ၀ယ်တာအပထား အထင်တော့အသေးမခံရစေဘူးဆိုတဲ့ ရည်မှန်းချက်နဲ့ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ ပစ္စည်းတွေကိုပဲ အားပါးတရကြည့်ခဲ့ပါတယ်။

http://perfectmagazineonline.com/journal/perfect_news/images/upload/dec2010/ygn/1.jpg

၁နာရီလောက်ကြာအောင် လှည့်ပတ်ကြည့်ပြီးချိန်မှာတော့ ဆိုင်ဝန်ထမ်းတွေလည်း ကိုယ့်ကိုမျက်စိစပါးမွေးစူးလောက်ပြီမို့ မြေညီထပ်ကိုဆင်းပြီး ကော်ဖီဆိုင်မှာနားဖြစ်ပါတယ်။ ကိုယ်တိုင်မှာရတ
ဲ့ ရန်ကုန်စံနစ်ကို အထာမကျသေးတာမို့ နာရီဝက်လောက်ကြာအောင် တငုတ်တုတ်တုတ်နဲ့ထိုင်ခဲ့ရပြီး သူများတွေကိုကြည့်မှ သဘောပေါက်တာကြောင့် ခပ်တည်တည်နဲ့ ကောင်တာကိုသွားပြီး espresso တစ်ခွက်မှာသောက်ဖြစ်ပါတယ်။ ရေနွေးကြမ်းခွက်သာသာခွက်လေးနဲ့ ထည့်ပေးတဲ့ အဲဒီ espresso ခါးခါးတူးတူးကြီးကို ကြိတ်မှိတ်မြိုချရင်း ဘုမသိဘမသိနဲ့ တွေ့ကရာမှာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့မိပါတော့တယ်။ ခဏကြာတော့ ကော်ဖီဆိုင်ဘေးက စီဒီဆိုင်မှာ သီချင်းခွေဝယ်ဖြစ်ခဲ့ပါတယ်။ ကိုယ်တို့ဆီမှာ ဘယ်လိုမှရှာလို့မရတဲ့ Black More's Night, Presley, Beetles ခွေတွေ အားရပါးရ၀ယ်ဖြစ်ခဲ့ပါတယ်။ ဒါတွေအပြင် online ပေါ်ကနေ မ၀ရေစာ download ချယူနေရလို့ စိတ်တိုင်းမကျခဲ့တဲ့ Beethoven, Mozart တို့ရဲ့ တီးလုံးခွေတွေလည်း ၀ယ်ဖြစ်ခဲ့ပါသေးတယ်။ ၀ယ်ထားတဲ့ခွေတွေအတွက်ငွေရှင်းမယ်လုပ်နေတုန်းမှာ မရှောင်လွဲနိုင်တဲ့ သဘာဝရဲ့ခေါ်သံကြောင့် ခွေဆိုင်ကို တောင်းပန်ပြီး အိမ်သာဆီကိုပြေးရပါသေးတယ်။ ဖြစ်ချင်တော့ မြေညီထပ်မှာ အမျိုးသားအိမ်သာက တစ်လုံးပဲရှိတာကြောင့် ကိုယ်ရောက်သွားချိန်မှာ မအားတာနဲ့ကြုံနေတာမို့ အန္တရာယ်ကို အသာလွယ်ရင်း ဒုတိယထပ်ထိရောက်အောင် စက်လှေခါးစီးလို့ ဗိုက်ပြဿနာကို ဖြေရှင်းခဲ့ရပါသေးတယ်။ တိုးတက်လှတဲ့ ကိုယ်တို့တိုင်းပြည်ဖြစ်တာနဲ့အညီ ကိစ္စ၀ိစ္စတွေပြီးလို့ ရေဆွဲချလိုက်တဲ့အခါ ဝေါခနဲမမြည်ဘဲ ပလုံခနဲမြည်သံသာကြားရတာမို့ မသင်္ကာတာကြောင့် အဖုံးဖွင့်ကြည့်တော့ အိမ်သာခွက်တစ်ခုလုံး ရေတွေပြည့်နေတာတွေ့ရပါတော့တယ်။ ကိုယ်လည်း ဘာမှမလုပ်တတ်တော့တာမို့ ခပ်တည်တည်နဲ့ အဖုံးအသာပြန်ဖုံးပြီး ခပ်မြန်မြန်ဘဲလစ်ခဲ့ရပါတော့တယ်။

ပြဿနာရှင်းပြီးတော့ ခွေဆိုင်ပြန်ဆင်းပြီး ငွေရှင်းပြီးတဲ့အခါ နေ့လည်၃နာရီလည်း ကျော်နေပြီမို့ အပြင်ထွက်ခဲ့ရပါတယ်။ တွေ့တဲ့ဆိုက်ကားတစ်စီးကိုငှားပြီး ပန်းဆိုးတန်းဘက်ပြန်သွားမယ်အလုပ်မှာ အိမ်ရှင်မဆီက ဖုန်းဝင်လာပြီး သူတို့ရန်ကုန်ကိုရောက်ပြီဆိုတာ အကြောင်းကြားတော့တာမို့ ပန်းဆိုးတန်းဘက်သွားမယ့်အစား တက်စီတစ်စီးပေါ်တက်ပြီး ကိုယ်တို့တည်းဖို့ စီစဉ်ထားတဲ့ သတ္တမနေ့ ဥပုသ်သင်းရှိရာ ဦးဝိစာရလမ်းဘက်ကို မြန်မာကျပ်ငွေ ၃၅၀၀အကုန်ခံပြီး အိမ်ရှင်မတို့မောင်နှမတွေကို သွားပြီး အကြိုထောက်ရပါတော့တယ်။

ဝယ်လာခဲ့တဲ့ စာအုပ်ထုပ်ကို ဖင်ခုထိုင်၊ စာအုပ်တစ်အုပ်ကိုထုတ်ဖတ်ရင်း အသင်းတော်ရှေ့က လမ်းမီးတိုင်အောက်မှာ အိမ်ရှင်မတို့တစ်အုပ်ကို ၁နာရီကျော်ကျော်စောင့်ပြီှးမှ တက်စီတစ်စီးနဲ့ မောင်နှမတွေ တစ်အုပ်တစ်မကြီးရောက်လာကြပြီး မွေးကတည်းက တစ်ခါမှမမြင်ဖူးတဲ့ ယောက်ဖတွေ၊ ခယ်မတွေကို အိမ်ရှင်မနဲ့အတူ တွေ့ရပါတော့တယ်။

ပစ္စည်းတွေနေရာချပြီးတော့ ခဏတောင်မနားရတော့ဘဲ နေပြည်တော်ကို ချက်ချင်းပြန်ရမယ့် ခယ်မဖြစ်သူအတွက် ကားလက်မှတ်ဝယ်ဖို့၊ မန္တလေးကို ပြန်ကြမယ့် ယောက်ဖရဲ့ မိန်းမကို ဘူတာကြီးလိုက်ပို့ဖို့ ပြန်ထွက်ရပါတော့တယ်။ အဲဒီတစ်ညနေလေးတင်ပဲ အောင်မင်္ဂလာကားကွင်းကို အသွားအပြန်နှစ်ခေါက်သွားရတာမို့ တက်စီခ ၁၆၀၀၀ကျသွားပြီး ဦးဟန်ကြည်ခမျာ
နှမြောစိတ်လေးအသာဖယ်လို့ မချိပြုံးလေးသာပြုံးရင်း ရန်ကုန်မှာ ပထမနေ့ ကုန်ခဲ့ရပါကြောင်း။ ။

2 comments:

ရွှေရတုမှတ်တမ်း said...

လူလည်ဖြစ်ပြီပေါ့လေ..

Thet Oo said...

ကားခတွေတော့ သိရပါပြီ။ espresso သောက်တော့ တခွက်ဘယ်လောက်ပေးရပါသလဲ။ ရန်ကုန်မရောက်တာကြာပြီမို့ပါ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger