Tuesday, 25 January 2011

ဦးဟန်ကြည်နဲ့ Domestic . . .

အိမ်ရှင်မက ဆိုင်ကယ်တစ်စီး လိုချင်နေတာကြာပါပြီ။

ကိုယ်က ယိုးဒယားလုပ် Fino ဆိုင်ကယ် တစ်စီး ၀ယ်ပေးဖို့ စိတ်ကူးထားပေမယ့် အစစအရာရာ စံနစ်ကျလွန်းတဲ့ အိမ်ရှင်မက ဆိုင်ကယ်တစ်စီး ၆သိန်းကျော်၊ ၇သိန်းနီးပါးကို နှမြောတာကြောင့် မ၀ယ်ဖြစ်ခဲ့ပါ။ ဒီဆိုင်ကယ်လေးတွေကို လိုင်စင်လုပ်လိုက်ရင် အပြီးအစီး ၈သိန်းကျော်ကျော်လောက်ပဲ ကျတယ်ဆိုပေမယ့် စိတ်ချမ်းသာ လက်ချမ်းသာ စီးလို့ရပါတယ်။

http://viriya.sru.ac.th/viriya61/content/e62/e119/e133/fino1.jpg

ကိုယ်က ဘာမဆို အကောင်းကြိုက်တဲ့သူမို့ ပစ္စည်းဆိုရင် ကောင်းကောင်းပဲ ၀ယ်ချင်ပေမယ့် အခုကိစ္စမှာတော့ ကာယကံရှင်ဖြစ်သူက ဈေးကြီးလို့ မလိုချင်တာကြောင့် အဲဒီဆိုင်ကယ်လေးတွေကို ကြိုက်ပါလျက်နဲ့ မ၀ယ်ဖြစ်ခဲ့ပါ။

လွန်ခဲ့တဲ့ သုံးရက်ကတော့ အိမ်ရှင်မက Keyboard လိုချင်တယ်ဆိုတာကြောင့် ဂျပန်Domestic တွေ ရောင်းတဲ့ ဆိုင်ကို သွားကြည့်ဖြစ်ပါတယ်။ (Domestic ဆိုတာ ဂျပန်ပြည်အမှိုက်ပုံထဲက ပစ္စည်းဟောင်းတွေပါ။ အဲဒီတိုင်းပြည်မှာက အဟောင်းပြင်ခက အသစ်တန်ဖိုးထက်ဈေးကြီးလို့ထင်ပါရဲ့။ ဟောင်းပြီ၊ ပျက်ပြီဆိုတာနဲ့ အမှိုက်ပုံမှာ ပစ်ကြပါလေရော။ အဲဒီအမှိုက်က ကိုယ်တို့ဆီမှာတော့ တကယ့်ရွှေတွေ ဖြစ်လို့နေပါတယ်။ အဲဒီ အမှိုက်ပုံကြီးကျေးဇူးကြောင့်ပဲ တိုက်ဆောက်၊ ကားစီးတဲ့သူတွေ စီးနေကြပြီမို့ ဂျပန်ငပုက အခုတော့လည်း ကိုယ်တို့တိုင်းပြည်ကို ကောင်းကျိုးတွေ ပေးလို့နေပါသေးရဲ့။) အဲဒီမှာတင် ဆိုင်ရှေ့မှာ ရောင်းဖို့ ရပ်ထားတဲ့
Domestic Auto Gear ဆိုင်ကယ်လေးတွေကို အိမ်ရှင်မက မျက်စိကျပါတော့တယ်။ ဆိုင်ကယ်လေးတွေက သေးသေးကွေးကွေးလေးတွေမို့ ကိုယ်တို့ ယောက်ျားလေးတွေနဲ့ မလိုက်ဖက်ပေမယ့် မိန်းကလေးတွေစီးရင်တော့ အဆင်ပြေပါတယ်။ ပြီးတော့ အဲဒီဆိုင်က
ယ်လေးတွေက စက်ဘီးစီးသလိုထိုင်ပြီး ခြေထောက်က ဘာမှလုပ်စရာမလိုတာကြောင့် သူတို့နဲ့တော့ ကိုက်ပါတယ်။ စကတ်ဝတ်ထားရင်လည်း ထိုင်ရပြုရအဆင်ပြေတာကြောင့် မျက်စိကျတာ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ပဲ သဘောကျကျ သူတို့လိုချင်ရင် ၀ယ်ပေးရမှာ အိမ်ထောင်ဦးစီးတို့ရဲ့ သမိုင်းပေးတာဝန်ဖြစ်ပေတာမို့ ကိုယ်လည်း ဘာမှထွေထွေထူးထူး မစဉ်းစားတော့ဘဲ အိမ်ပြန်ပိုက်ဆံယူပြီး ဆိုင်ကယ်စီးချင်လွန်းနေတဲ့ အိမ်ရှင်မရဲ့ ဆန္ဒကို ဖြည့်ရပါတော့တယ်။ ဆိုင်ကယ်တစ်စီးမှ ငွေနှစ်သိန်းကျော်ကျော်ပဲပေးရတာဆိုတော့လည်း ပျက်ရင်လည်း ပစ်လိုက်ရုံမို့ သိပ်နှမျောစရာမလိုတာကြောင့်လည်း ကောက်ခါငင်ခါ ၀ယ်ဖြစ်သွားတာပါ။ ဒီလိုနဲ့ Keyboard တစ်လုံးနဲ့ Domestic ဆိုင်ကယ်တစ်စီး အိမ်ရောက်လာပါတော့တယ်။

http://i186.photobucket.com/albums/x263/parawich/scooter/yamahaVino2.jpg

သူတို့ ဂျပန်ပြည်မှာက လျှပ်စစ်မီးအားကို 110V ပဲသုံးကြတာမို့ 22oV သုံးတဲ့ ကိုယ်တို့တိုင်းပြည်နဲ့ မကိုက်တာကြောင့် Keyboard အသံမြည်ဖို့အရေး လျှပ်စစ်အားကို 220V ကနေ 110V ကိုပြောင်းပေးမယ့် Adapter တစ်ခု ပြေးဝယ်ရပါတယ်။ အဲဒီပစ္စည်းလေးက ပေါက်ဖော်ကြီးတို့ လုပ်ထားတာဖြစ်ပေမယ့် တစ်သောင်းခွဲနီးပါးကျတာကြောင့် ဆင်ဖိုးနဲ့ ချွန်းဖိုးပေါင်းပြီး နှစ်မျိုးပေါင်း တစ်သိန်းနီးပါး ချောပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ၀ယ်လာမိမှတော့လည်း သုံးလို့ရအောင် ကြိုးစားရတော့မှာမို့ ဘာမှနှမြောမနေတော့ဘဲ အသံမြည်အောင် ကြံရဖန်ရပါတော့တယ်။ Keyboard socket နဲ့ Adapter ခေါင်းက ကြိုးပြောင်းပြန်ဖြစ်နေပြန်တာကြောင့် Adapter ၀ါယာနှစ်ချောင်းကို ဖြတ်ပြီး ပြောင်းပြန်ပြန်ဆက်ရပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသံထွက်လာတာကြောင့် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ ကိုယ်တို့ရွှေမြန်မာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကို စိတ်ထဲကပဲ ချီးကျူးမိပါသေးတယ်။

Keyboard က အဆင်ပြေသွားပေမယ့် ဆိုင်ကယ်က Domestic ရုပ်ပေါက်နေတာမို့ ဆိုင်သွားပြီး အလှပြင်ရပါသေးတယ်။ နောက်ကြည့်မှန်တွေတပ် လက်ကိုင်စွပ်စတဲ့ ပစ္စည်းလေးတွေထည့်ပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင် လုပ်လိုက်တော့လည်း ချစ်စရာလေး ဖြစ်သွားပါလေရော။ မောင်မင်းကြီးသားဆိုင်ကယ်က အကောင်သေးပေမယ့် ကိုယ်တို့ဆိုင်ကယ်တွေလို ဆီတစ်မျိုးထဲထည့်ရုံနဲ့ မရသေးဘဲ 2T ဆိုတဲ့ ဆီတစ်မျိုးပါထည့်ရပါသေးတယ်။ ဆီတိုင်ကီက အောက်ဆုံးခြေထောက်တင်တဲ့နေရာမှာ 2T တိုင်ကီက ထိုင်ခုံအောက်က Tool box ထဲမှာ သူ့နေရာလေးနဲ့သူ ချပ်ချပ်ရပ်ရပ်ထည့်ထားတာတွေ့တော့ အထားအသိုလှပုံကို သဘောမကျဘဲ မနေနိုင်ပါ။

ညဘက် စာသင်ချိန်ပြီးလို့ အိမ်ရှင်မနဲ့ အပြင်သွားကြဖို့ ဆိုင်ကယ်တစ်စီးစီနဲ့ ထွက်ကြတော့ Auto Gear ကို မောင်းကျင့်မရှိတဲ့ အိမ်ရှင်မ ဒုက္ခတွေ့ပါတော့တယ်။ ဒီဆိုင်ကယ်လေးတွေက ဂီယာနဲ့ လီဗာကို တစ်ခါထဲတွဲထားတာမို့ အထွက်တစ်ချက်မှာ ဆောင့်ထွက်တတ်တာကို သူတော်တော်လန့်ပါတယ်။ ပြီးတော့ ဆိုင်ကယ်လေးက အကောင်သေးပေမယ့် အပြေးမြန်လွန်းတာကိုလည်း စိတ်မလုံပြန်ပါ။ တုန်တုန်ယင်ယင်နဲ့ပဲ မြို့တစ်ပတ် မောင်းပြီး အိမ်ပြန်ရောက်ကြတာတောင် အိမ်ရှင်မမှာ လက်တုန်တာ မပျောက်သေးပါ။

နောက်ရက်ကျတော့
ဆိုင်ကယ်က 2T တွေ နည်းနည်းယိုနေတာကြောင့် ပြင်ဖို့ ကိုယ်ပဲ မောင်းယူသွားရပါတယ်။ ကိုယ့်ကျောင်းသားတွေကတော့ သူတို့ဆရာ ဆိုင်ကယ်ပေါက်စလေးနဲ့ ချီတက်လာတာမြင်တော့ ၀ိုင်းပြီးသြဘာပေးကြပါတယ်။ ကိုယ်စာသင်နေတုန်းမှာ
ဆိုင်ကယ်ကို Workshop အပ်ထားခဲ့ပြီး အိမ်ပြန်ချိန်ကျမှ မောင်းပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ကြလို့ ထုံးစံအတိုင်း မြို့ထဲထွက်မယ်လုပ်ကြတော့ ပြဿနာ စပါတော့တယ်။ အင်ဂျင်သော့က ဘယ်လိုမှ ဖွင့်လို့မရတော့တာပါ။ နာရီဝက်လောက်ကြာအောင် ကြိုးစားပြီးတဲ့နောက်မှာတော့ လက်နက်ချပြီး ဆိုင်ကယ်ကို အိမ်ထဲမှာပဲ သိမ်းထားလိုက်ရပါရောလား။

ဒီနေ့လည်ပိုင်းကတော့ ကိုယ့်ကလေးသုံးယောက်ခေါ်ပြီး မြို့ထဲကို ဆိုင်ကယ်သော့ပြင်ဖို့ ထွက်ရပါတော့တယ်။ ပထမဆုံးတွေ့တဲ့ ဆိုင်ကစက်ပြင်ဆရာကတော့ နာရီဝက်လောက်ကြာအောင် ချွေးတစ်လုံးလုံးနဲ့ ကြိုးစားကြည့်ပြီး အရှုံးပေးသွားပါတယ်။ အဲဒါ ဗမာစက်ပြင်ဆရာပါ။ ဒါနဲ့ နောက်တစ်ဆိုင်ရောက်တော့ သော့ကို တစ်ချက်နှစ်ချက်ကလိကြည့်ပြီး ပြင်လို့မရတော့ဘူးလို့ ပြောပါတော့တယ်။ အဲဒီဆရာလည်း ကိုယ်တို့ ရွှေမြန်မာပါ။ ခက်တာက အဲဒီသော့မျိုးက ဆိုင်မှာဝယ်လို့ရတာမဟုတ်ပဲ အဟောင်းဆိုင်မှာ ချွေးပြန်အောင်မွှေမှ ရတာမျိုးဖြစ်လို့ ကိုယ်လည်း တော်တော်လေး စိတ်ပျက်သွားမိတာ အမှန်ပါ။ အင်ဂျင်သော့ ဖွင့်လို့မရရင် ဆိုင်ကယ်ဆိုတာ စက်ဘီးလောက်တောင် အသုံးမ၀င်တာမို့ ကလေးတစ်ယောက်က ဆိုင်ကယ်ပေါ်ထိုင်ပြီး နောက်တစ်ယောက်က ဆိုင်ကယ်တစ်စီးမောင်းရင်း ကိုယ့်ဆိုင်ကယ်ကို တွန်းလို့ မြို့တစ်ဘက်က ဆိုင်တစ်ဆိုင်ကို တပင်တပန်းသွားကြရပြန်ပါတော့တယ်။

အဲဒီဆိုင်ရောက်တော့ ဆိုင်မှာထိုင်နေတဲ့ ကုလားလေးက အသက်၁၄၊ ၁၅သာသာ ချာတိတ်လေးပါ။ သူက ကိုယ့်ဆိုင်ကယ်သော့ကို တစ်ချက်ကြည့်ပြီးတာနဲ့ ဖြုတ်ပြီးကလိပါတော့တယ်။ ၅မိနစ်သာသာလောက်ကလိပြီး ပြန်တပ်လိုက်တော့ ဆိုင်ကယ်က အိုကေမှာ စိုပြေသွားပါပြီ။ လက်ခ ၂၀၀၀တောင်းတာကို ပျော်ပျော်ကြီးပေးလိုက်မိပါတယ်။ ဒီကလေးရဲ့ ပညာကို လေးစားလို့ပါ။

ဆိုင်ကယ်မောင်းလာရင် လမ်းမှာ စဉ်းစားမိပါတယ်။
ကိုယ်တို့လူမျိုးနဲ့ ကုလားနဲ့ ကွာတဲ့ အချက်ကိုပါ။ ကိုယ်တို့လူမျိုးက ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရမယ့် အရာဆိုရင် သိပ်အားမစိုက်ချင်ပါ။ ငွေကို ခပ်လွယ်လွယ်ရချင်တာပဲ များနေပါတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားဖို့လည်း စိတ်မကူးတာ များပါတယ်။ ခပ်ရှင်းရှင်းပြောရရင် တတ်လို့ဆိုတာထက် ငတ်တော့မှ လုပ်စားကြတာပါ။ ဒါကြောင့်လည်း ကိုယ်တို့လူမျိုးတွေနဲ့ လူမျိုးခြားတွေ အလုပ်ယှဉ်လုပ်ကြရင် ကိုယ်တို့လူမျိုးတွေ နောက်မှာကျန်ခဲ့တာများပါတယ်။ ခက်တာက ကိုယ်တို့လူမျိုးက ဒီအချက်ကိုတော့ မြင်အောင် မကြည့်ဘဲ သူများလူမျိုး ကြီးပွားချမ်းသာရင် မနာလိုစိတ်နဲ့ သွားပုတ်လေလွင့်ပြောချင်စိတ်ပဲ များနေပါတယ်။ ကိုယ်တို့တွေသာ သူတို့လူမျိုးတွေလို ကြိုးစားရင် ပင်ကိုက ဖြတ်ထိုးဥာဏ်ရှိပြီးသား လူမျိုးဖြစ်တာမို့ သူတို့လူမျိုးထက်တောင် ကြီးပွားချမ်းသာမှာ မလွဲပါ။

ဘာပဲဖြစ်ဖြစ် Domestic လေး ကျေးဇူးနဲ့ ကိုယ်တို့လူမျိုးတွေ ဆင်းရဲတာ ရှည်ရခြင်း အကြောင်းရင်း တစ်ချက်ကို သိခဲ့ရလို့ အိမ်ရှင်မရဲ့ Domestic လေးကိုတောင် ကြံကြံဖန်ဖန် ကျေးဇူးတင်ရမလိုလိုပါ။ ။

(ပုံတွေကိုတော့ ကျေးဇူးရှင်ကြီး ဦးGoogle ဆီကပဲ ရှာယူလိုက်ပါတယ်)

1 comment:

ရွှေရတုမှတ်တမ်း said...

ဒီမှာတော့ auto တွေများတယ်ဗျ..သူများစီးတာတွေ့တာပါ..ခုလိုဆောင်းတွင်းတော့ ဘယ်သူမှမစီးနိုင်ဘူး..

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger