Monday, 3 January 2011

ရန်ကုန်သွား တောလား(၂) . . .

ရန်ကုန် ဒုတိယနေ့
ပထမနေ့က ခရီးပန်းသွားတာကြောင့် မနက်၇နာရီခွဲလောက်မှပဲ အိပ်ရာထဖြစ်ပါတော့တယ်။ မျက်နှာသစ်၊ မုန့်စားပြီး(ရောက်တုန်းရောက်ခိုက် လမ်းဘေးကမုန့်တီဆိုင်မှာ နန်းကြီးသုတ်စားလိုက်တာပါ) ရွှေတိဂုံစေတီတော်ဖူးဖို့ ထွက်ခဲ့ဖြစ်ပါတယ်။ ကိုယ့်အမျိုးသမီးနဲ့ သူ့မောင်တစ်ယောက်၊ အစ်ကိုတစ်ယောက်ပါအတူလိုက်ခဲ့ပေမယ့် ခရစ်ယာန်တွေမို့ ကိုယ်တစ်ယောက်ပဲ ဘုရားဖူးရမှာပါ။ သူတို့ကတော့ ရှုခင်းကြည့်ရုံပဲ လိုက်ခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် လိုက်ပေးဖော်ရတာပဲ ကျေးဇူးတင်ရမှာမို့ မနီးမဝေးမှာပဲရှိတဲ့ ရွှေတိဂုံစေတီတော်ဆီကို လေးယောက်သား လမ်းလျှောက်ပြီးတော့ သွားဖြစ်ပါတယ်။

http://hsarlawla.files.wordpress.com/2009/10/shwedagon-2.jpg?w=600&h=400

စေတီတော်ပေါ်တက်တဲ့ စောင်းတန်းလှေခါးအရောက်မှာ လုံခြုံရေးလားဘာလားမသိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ကိုခြေအိတ်ချွတ်ဖို့ပြောတာကြောင့် ဘုမသိ၊ ဘမသိ၊ ဘာအကြောင်းပြချက်မှန်းမသိဘဲနဲ့ ခြေအိတ်ပါချွတ်ရပါတော့တယ်။
(ဖိနပ်တင်မကဘဲ ခြေအိတ်ပါချွတ်ရတာဟာ ဘုရားဝတ္တကမြေမို့လားတော့ မသိပါ)

ဘ၀တစ်လျှောက်လုံးမှာ ရွှေတိဂုံကို နှစ်ခါပဲ ရောက်ဖူးခဲ့တာပါ။
ရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ရင်း လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ရွှေတိဂုံခရီးကို ပြန်သတိရမိပါသေးတယ်။ အဲဒီအချိန်ကတော့ မိဘအိမ်ကနေ ထွက်လာခါစ ဘ၀ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်၊ ငွေကြေးဆိုတာလည်း မပြည့်စုံသေးချိန်မို့ ရွှေတိဂုံစေတီတော်ကို ဖူးသာဖူးခဲ့ရပေမယ့် ရင်ထဲက အားငယ်စိတ်၊ စိုးရိမ်စိတ်တွေနဲ့မို့ ကြည်နူးမှု သန္တရသကို နည်းနည်းမှ မခံစားခဲ့ရပါ။ အခုတစ်ခေါက်မှာတော့ ကိုယ့်မှာလည်း ထိုက်သင့်တဲ့အနေအထားလေး ရှိနေပြီမို့ ကိုယ်ပိုင်ယုံကြည်မှု၊ ရဲဝံ့မှုတွေကြောင့် ဘုရားကို တကယ့်ကို ကြည်ကြည်နူးနူး ဖူးနိုင်ခဲ့ပါတယ်။
နေရာဒေသချင်းတူပေမယ့် အချိန်ကာလ၊ အနေအထားပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲလေ့ရှိတာကိုလည်း စိတ်ထဲမှာ အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ နေ့ပါ။

ရွှေတိဂုံက အဆင်းမှာ အနားက မဟာဝိဇယစေတီတော်ကိုပါ ဖူးဖြစ်ပါတယ်။ ထူးခြားတဲ့ပုံတော်နဲ့ ကျယ်ပြန့်တဲ့ရင်ပြင်တော် တောင်ကုန်းရဲ့ အနေအထားကြောင့် ရွှေတံဂုံစေတီတော်နည်းတူ ကြည်နူးမှုရခဲ့ပါတယ်။

ဘုရားဖူးအပြီးမှာတော့ နာမည်ပဲကြားဖူးခဲ့တဲ့ ဗိုလ်ချုပ်ဈေးကို ထုံးစံအတိုင်း တက်စီတစ်စီးငှားပြီး သွားဖြစ်ပါတယ်။ ဈေးရောက်တော့ ရောင်းတဲ့သူတွေသာများပြီး ၀ယ်မဲ့သူနည်းနေတဲ့ ဈေးကိုပဲ မြင်ရတော့တာပါ။ ၀ယ်စရာတွေ တော်တော်များများတွေ့ရပေမယ့် သယ်ရပြုရမယ့် အရေးကို တွေးကြောက်တာကြောင့် ကိုယ့်ဆီမှာ မရှိတာတွေပဲ ရွေးဝယ်ဖြစ်ပါတယ်။ ၀ယ်သူပါးနေတာမြင်လို့ ကိုယ်တို့က ကရုဏာသက်မိပေမယ့် ကိုယ်တို့မြို့နံမည်လည်းကြားရော သူဌေးမြို့က လာတဲ့သူတွေလို့ အထင်တွေကြီးပြီး ပစ္စည်းဈေးတွေကို ချက်ချင်းတင်ပစ်ပြီး ရောင်းတာတွေ့တော့ သနားချင်တဲ့စိတ်ကလေးကို ဘရိတ်အုပ်လိုက်မိပါတော့တယ်။
ဘယ်ကလာတယ်ဆိုတာ မပြောဘဲဝယ်မှ ဈေးမှန်နီးနီးရမှာလို့လည်း အသိတစ်ခုရခဲ့တာ အမြတ်ပါ။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgANtQDR1u5CIuY61esjrZ4Kz6Kqts05_pt-VycH3VoWmBbWKKUDzY-IuE937p_eQGx_K5qsYS7EQEBapc24CgUnFcQOcvtFCNIpB8hZo2Cvip7L4c6bxPzmW415HMCRfLQCUAgVDw4-rnX/s400/bogyoke+aung+saung+market+yangon.jpg

ဒီခရီးကို စလာကတည်းက
စိတ်ချမ်းသာဖို့ပဲ ဦးစားပေးမယ် ငွေကြေးကို ထည့်မစဉ်းစားဘူး၊ စာရင်းတောင်မတွက်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ(ချမ်းသာလွန်းလို့တော့ မဟုတ်ပါ၊ ရှစ်နှစ်ကျော်စုထားရတဲ့ ငွေယားလေးတွေ ပါလာလို့ပါ) ဗိုလ်ချုပ်ဈေးတခွင် စိတ်တိုင်းကျမွှေပြီး မျက်စိကျတာတော်တော်များများကို မစဉ်းစားဘဲ ၀ယ်လိုက်ပါတယ်။ ကြီးကျယ်တယ်ထင်ချင်လည်း ထင်ခံရနိုင်ပေမယ့် ရှစ်နှစ်တာကာလတစ်လျှောက်လုံး ခရီးရှည်တစ်ခုမှ မသွားဖြစ်သလို မြို့ထဲက စတိုးဆိုင်တွေ မှာပဲ ကြုံသလို စခန်းသွားနေခဲ့ရာက ပစ္စည်းစုံစုံလင်လင်ရှိတဲ့ ဈေးကြီးထဲကို ရောက်သွားရင် ကိုယ်ပြောတာကို သဘောပေါက်နိုင်မှာပါ။

ကိုယ်တို့ဆီမှာ ဈေးကြီးပေးဝယ်ရတဲ့ ပုဆိုး၊ တိုက်ပုံ၊ သိုးမွေးအကျိံစတာတွေ ၀ယ်ဖြစ်ခဲ့ပါတယ်။ တစ်ခုရယ်စရာကောင်းတာက ဒီမှာက ယိုးဒယားကပစ္စည်းကို အကောင်းစားလုပ်ရောင်းကြတာဖြစ်လို့ အဲဒီပစ္စည်းတွေကို မြင်ရပါများနေတဲ့ ကိုယ်တို့က တရုတ်ပစ္စည်းပဲပြပါလို့ပြောပြီး ၀ယ်ရတာကိုပါ။ ပထမတော့ ဈေးသည်တွေက အံ့သြကြပေမယ့် ကိုယ်တို့လာတဲ့ ဒေသကိုလည်းသိရော သဘောပေါက်သွားကြပါတယ်။ လူဆိုတာ ကောင်းမှန်းသိပေမယ့် ကြာရင်ရိုးတတ်တာ သဘာဝပဲ မဟုတ်ပါလား။

ဗိုလ်ချုပ်ဈေးထဲမှာ တစ်နေ့ခင်းလုံးကုန်အောင် မွှေနှောက်ပြီးတော့ ၀မ်းဟာလာတာမို့ ဈေးအောက်ထပ်က စားသောက်ဆိုင်မှာ စားစရာဝင်စားဖြစ်ပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တွေ သန့်သန့်ပြန့်ပြန့်ဖြစ်လာတာ တွေ့ရတော့ တော်တော်လေးကျေနပ်မိပါတယ်။ (ဆိုင်နောက်ဖေးကိုတော့လည်း ၀င်မကြည့်မိလို့ မပြောတတ်ပါ) ဒါ့အပြင် အစားအသောက်တစ်ခုစီကိုလည်း ဈေးနှုန်းတွေ ကပ်ပြီး ရောင်းတာလည်း သဘောကျပါတယ်။ ဒါမှလည်း ကိုယ့်မှာပါတဲ့ ငွေပမာဏနဲ့ ချင့်ချိန်နိုင်ပြီး စားပြီးမှ စိတ်ညစ်ရတဲ့ အဖြစ်တွေ မကြုံရမှာပါ။ ကိုယ်တို့ဒေသမှာလည်း ဒါမျိုးဆိုင်တွေရှိလာရင် ကောင်းမယ်လို့လည်း မတွေးရဲတွေးရဲ တွေးမိပါသေးတယ်။

စားသောက်ပြီးတော့ တက်စီတစ်စီးပေါ်တက်ပြီး တည်းတဲ့ နေရာကို ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြာကြာမနေဖြစ်ပါ။ ရေမိုးချိုး၊ ခဏနားရုံနားပြီးတော့ ရောက်တုန်းရောက်ခိုက် ရုပ်ရှင်ကြည့်ကြဖို့ မြို့ထဲကို ထွက်ခဲ့ဖြစ်ကြပြန်ပါတယ်။ တက်စီပေါ်ကဆင်းပြီး ရုပ်ရှင်ရုံတွေရှိရာကို ရောက်တော့ ရုံတော်တော်များများမှာ မြန်မာကား ခပ်ချာချာ၊ ခပ်ပေါပေါတွေပဲ တင်ထားတာတွေ့ရပါတယ်။ ကိုယ်တို့မင်းသားမင်းသမီးတွေလည်း ထုတ်လုပ်သူစိတ်ကြိုက်လိုက်ကြရင်း ငပေါ၊ ငကြောင်တွေဖြစ်နေကြတာ စိတ်မကောင်းခြင်းကြီးစွာ တွေ့ခဲ့ရပါသေးရဲ့။ သူတို့ဖာသာ ပေါချင်ပေါ၊ ပေါက်ချင်ပေါက် မြန်မာကားဆိုရင် တစ်ကားမှမကြည့်ဖို့ ၁၅နှစ်လောက် ဝေရာမဏိလုပ်ထားတဲ့ ကိုယ်တို့ကတော့ စိတ်မ၀င်စားပါ။ ရုပ်ရှင်ရုံတစ်ရုံ(ဘာရုံလဲမမှတ်မိပါ) မှာတော့ Denzal Washington ရဲ့ Unstoppable တင်နေတာတွေ့တော့ ကိုယ်အကြိုက်ဆုံးမင်းသားဖြစ်တာမို့ ရေငတ်တုန်းရေတွင်းထဲကျသလို ၀မ်းသာအားရပဲ လက်မှတ်ပြေးဝယ်ဖြစ်ပါတယ်။ ရုပ်ရှင်က ၆နာရီခွဲမှစမှာမို့ ၁နာရီကျော်ကျော်အားနေတဲ့ အချိန်ကို sight seeing လုပ်ဖြစ်ကြပါသေးတယ်။ လမ်းဘေးမှာ အကြော်ဆိုင်တွေ့လို့ မစားရတာကြာပြီဖြစ်တဲ့ ဗယာကြော်ကွင်းလေးတွေ ၀မ်းသာအားရ၀ယ်စားဖြစ်ပါသေးတယ်။ အကြော် ၅၀၀ဖိုးကို တစ်ပုံတစ်ခေါင်းကြီးရတာတွေ့တော့ တန်လိုက်တာလို့ တွေးလိုက်မိပါသေးတယ်။ ကိုယ်တို့ဆီမှာက အကြော်တစ်ခုကို ၁၀၀တောင် ပေးရတယ်လေ။ ကိုယ့်ကို ဘယ်သူမှမသိတဲ့ ဒေသရောက်နေတာမို့ လမ်းဘေးက အမဲအူသုတ်ရောင်းတဲ့ဆိုင်မှာ နှစ်ယောက်သား ထိုင်စားဖြစ်ပါသေးတယ်။ တစ်ပွဲမှ ၃၀၀ပါ။ မစားရတာကြာလို့ ထင်ပါရဲ့ စားလို့တော်တော်ကောင်းပါတယ်။

စားပြီးလို့ လမ်းဆက်လျှောက်ကြရင်း ဆိုင်တစ်ဆိုင်မှာ အားကစားအကျိံတွေ(ဘေထုပ်တွေထင်ပါရဲ့၊ ဒါပေမယ့် အသစ်တွေချည်းပါ) တစ်ထည်ကို ၁၀၀၀ဆိုတာကြောင့် ငါးထည်ရွေးဝယ်ဖြစ်ပါသေးတယ်။ ဒီကြားထဲမှာ အိမ်ရှင်မက လေ့ကျင့်ခန်းလုပ်ဖို့ အလေးဝယ်ချင်တယ်ဆိုတာကြောင့် ၀ယ်ရပါသေးတယ်။ ငါးပေါင်အလေးတစ်ခုဝယ်ပြီး အထုပ်အပိုးတွေ တနင့်တပိုးကြီးနဲ့ ၆နာရီကျော်ကျော်ရောက်မှ ရုပ်ရှင်ရုံဆီ ပြန်ရောက်ပါတော့တယ်။ ရုပ်ရှင်ကြည့်ရင် တစ်ခုခုတော့ ၀ါးနေရမှ ကျေနပ်ကြတာမို့ ရုံအောက်ထပ်မှာ စားစရာတွေထပ်ဝယ်ပြီးချိန်မှာတော့ အထုပ်တွေများသထက်များလို့ လာခဲ့ပါရောလား။

တစ်ခါမှမကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ(အမှန်က ရန်ကုန်မှာ တစ်ခါမှကို ရုပ်ရှင်မကြည့်ဖူးတာပါ) ဖြစ်တာကြောင့် ယောင်တောင်တောင်နဲ့ပဲ တစ်ထပ်ပြီးတစ်ထပ်တက်ရင်း ကိုယ်တို့ကြည့်ရမယ့် အထပ်ကို သွားရပါတယ်။ ရုံထဲရောက်တော့ ပရိသတ်က ၁၀ယောက်တောင်မပြည့်ပါ။ နိုင်ငံခြားကားမို့ ကြည့်မယ့်သူနည်းတာဖြစ်ပါလိမ့်မယ်။ ကားက တင်ထားတာကြာနေပြီဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူပြည့်မယ်ထင်လို့ လက်မှတ်ကို ဈေးကြီးကြီးပေးဝယ်မိတာတောင် မှားတယ်လို့ ထင်မိပါတော့တယ်။ (ရုံထဲရောက်တော့ ခုံနံပါတ်ကအရေးမကြီးတော့ဘဲ ထိုင်ချင်ရာ ထိုင်လို့ရနေတာ တွေ့ရလို့ပါ) ရုပ်ရှင်က ဇာတ်လမ်းအကောင်းကြီး မဟုတ်ပေမယ့် ရိုက်ချက်တွေကောင်းတာကြောင့် ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ ကိုယ်ကလည်း ရုပ်ရှင်နဲ့ဝေးတာ ရှစ်နှစ်ကျော်နေတာကြောင့်လားမသိပါ တော်တော်လေးတော့ ကြည့်ရတာ အရသာရှိပါတယ်။ ရုပ်ရှင်ပြီးတော့ ညရှစ်နာရီကျော်ကျော်ပဲ ရှိသေးတာမို့ တည်းခိုဆောင်ကို ခဏပြန်ကြပါတယ်။

ပစ္စည်းထုပ်တွေထားပြီးတော့ အိမ်ရှင်မရဲ့မောင်ကိုပါခေါ်ပြီး
မနီးမဝေးက shopping mall တစ်ခုဆီကို တက်စီခ ၁၀၀၀အကုန်ခံလို့ သွားဖြစ်ပါသေးတယ်။
ကုတ်အကျိံတစ်ထည်ဝယ်ဖို့ ကြည့်လိုက်မိတာ တစ်ထည်ကို တစ်သိန်းခွဲဖြစ်နေတာမို့ အသာလက်ပြန်ရုပ်လိုက်ရပါတယ်။ (ဘယ်သူတွေများ ၀တ်ကြသလဲဆိုတာတော့ သိချင်လိုက်တာ) သိပ်လည်း ပုံမလှတာကြောင့် ရှိစုမယ့်စုလေး မပြောင်တာပါ။ ဘောပင်တစ်ချောင်းဝယ်ဖို့ ကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက သုံးသောင်းပါ။
တစ်သိန်းခွဲတန်ပါ ရှိပါသေးတယ်။ တစ်သောင်းခွဲလောက်ဆိုရင်တော့ ဇွတ်မှိတ်ပြီး ၀ယ်ဖြစ်မှာဖြစ်ပေမယ့် အဲဒီလောက်ထိတော့လည်း မစွန့်ချင်ပါ။ နာရီကိုကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက ရှစ်သိန်းပါ။ တန်းမှာချိတ်ထားတဲ့ အကျိံ်တွေကို ကြည့်မိပြန်တော့လည်း ဈေးအပေါဆုံးက ခြောက်သောင်းပါတဲ့။ အဲဒီရောက်မှပဲ ကိုယ်တော်တော်ဆင်းရဲသေးတာ သိလိုက်ရသလိုပါ။
တော်တော်ကြိုးစားဖို့လည်း လိုသေးတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးမိပါသေးတယ်။

တန်းမှာချိတ်ထားတဲ့ Daniel Lewis ဘောင်းဘီတစ်ထည်ကို သဘောကျတာကြောင့် ကပ်ထားတဲ့ဈေးကို သာမန်ကာလျှံကာကြည့်ပြီး ကောင်တာမှာ ငွေသွားရှင်းတော့ သုံးသောင်းကျော်နေပါတယ်။ ဒီလောက်ဈေးရှိတဲ့ ဘောင်းဘီကိုတောင် ဖြစ်သလို ချိတ်ပြီးရောင်းနေတာ တော်တော်လေး ဖျားသွားပါသေးရဲ့။ Neck tie တစ်ချောင်း ၀ယ်ဖို့ ဈေးမေးလိုက်တော့ လေးသောင်းနှစ်ထောင်ပါတဲ့။ ဒါပေမယ့် မူရင်းဈေးကို ယိုးဒယားငွေနဲ့ ရေးထားတာက ဘတ်၈၀၀ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော်ကျော်ပဲ ရှိသင့်တာကို နှစ်ဆကျော်ဈေးတင်ထားတာတွေ့ရတော့ ငါတို့လူမျိုး သူခိုးရှိသည်ဆိုတာ သတိရခဲ့မိပါသေးတယ်။ ကိုယ့်ယောက်ဖအတွက် အ၀တ်အစားလေးတွေ ၀ယ်ပေးပြီး ပိုက်ဆံအိတ်မပြားခင်ဘဲ အမြန်ပြန်ခဲ့ရပါတယ်။ ဒီလိုဆိုင်မျိုးမှာ မြင်သမျှအကုန်သာ မျက်စိကျရရင်တော့ သိန်းရာချီပြီး ပြောင်ရလိမ့်မယ်ထင်ပါတယ်။

တက်စီတစ်စီငှားပြီး တည်းခိုရိပ်သာပြန်ရောက်တော့ ည၁၀နာရီခွဲနေပါပြီ။ လူလည်း ပင်ပန်းနေပြီမို့ ဘယ်မှထပ်မသွားဖြစ်ကြတော့ဘဲ မဟာရန်ကုန်ဒုတိယညကို အိပ်ပစ်လိုက်ပြီး ဖြတ်သန်းခဲ့ပါကြောင်း။ ။

2 comments:

ရွှေရတုမှတ်တမ်း said...

ဟင်...ရန်ကုန်ကလဲ ဈေးကြီးလှချည့်လား

Thet Oo said...

ဈေးနှုန်းတွေကလည်း လန့်စရာပဲ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger