Saturday 8 January 2011

ဖွဲမီး . . .

စိတ်ညစ်တယ်...
ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ်လည်းသာမန်လူသားပါ။ စိတ်ညစ်စရာ အနည်းအကျဉ်းကို ခံနိုင်ရည်ရှိတာမှန်ပေမယ့် တကယ့် စိတ်ညစ်စရာကြီးတွေလို့ ခံစားရတဲ့အရာမျိုးကိုတော့ ဘယ်လိုမှခံနိုင်ရည်မရှိပါ။ အထူးသဖြင့် ကိုယ်ကစေတနာအပြည့်နဲ့ လူရောငွေပါ အကုန်အကျခံလို့ လုပ်ကိုင်ပေးနေတဲ့ ကိစ္စကို တစ်ဖက်သားက အကောင်းမမြင်ဘူးဆိုရင် တော်တော်ကြီးကို စိတ်ညစ်၊ စိတ်ပျက်၊ စိတ်ဓာတ်ကျပါတယ်။ ကိုယ့်စေတနာကပဲ မမှန်လို့လားလို့ ပြန်တွေးမိပြီး ၀မ်းလည်းနည်းပါတယ်။ ဘာဖြစ်လို့ ကိုယ့်အပေါ်အမြင်မကြည်လင်ပါလိမ့်လို့ တွေးမိတိုင်းလည်း စိတ်ဆင်းရဲပါတယ်။

ကိုယ့်အပေါ် မယုံကြည်တဲ့သူဟာ အပြင်လူဖြစ်နေရင်တော့ ကိုယ့်အနေနဲ့ဘာမှ ခံစားစရာမလိုပါ။ ခံလည်းမခံစားသလို စိတ်မကောင်းလည်း ဖြစ်နေမှာမဟုတ်ပါ။ ခပ်ရှင်းရှင်းပြောရရင် မေးထူးခေါ်ပြောရသက်သာတာကြောင့် မင်္ဂလာရှိတယ်လို့တောင် ယူဆမိပါဦးမယ်။ ဒါပေမယ့် ကိုယ်နဲ့အနီးစပ်ဆုံး ကိုယ့်အတွင်းလူက ကိုယ့်အပေါ် အမြင်မကြည်တာကိုတော့ ခံနိုင်ရည်မရှိပါ။ စိတ်ပျက်သလို၊ စိတ်လည်းကုန်ပါတယ်။ ကြာလာတဲ့အခါ လောကကြီးကိုပါ စိတ်ကုန်လာပါတယ်။ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့ “ဇနိတံ ပါကံ၊ ဇနေတိ” တူသောအကျိုးပေး၏ ဆိုတဲ့တရားတော်ကိုပါ သံသယ၀င်ချင်လာပါတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်ရာကနေ ငရဲပါအဆစ်ရတဲ့ သဘောပါ။

ကိုယ်ဆိုတဲ့ လူက တစ်နေကုန်တစ်နေခမ်း ဘယ်လောက်ပဲပင်ပန်းပါစေ စိတ်သာကြည်လင်နေရင် နည်းနည်းမှမမှုပါ။ ပင်ပန်းတယ်လို့လည်း မထင်ပါ။ စိတ်လက်မကြည်မလင်ဖြစ်ပြီဆိုရင်တော့ ပင်ပန်းထားတာတွေ နှစ်ဆတိုးပြီး ဘာကိုမှမမြင်ချင်၊ မတွေ့ချင်၊ မကြားချင်တော့ဘဲ လူသူတစ်ယောက်မှမရှိတဲ့ တောထဲတောင်ထဲမှာ တစ်ယောက်ထဲ သွားနေချင်စိတ်ပဲ ပေါ်ပါတော့တယ်။ သင်ထားတဲ့ပညာတွေကြောင့် လုပ်ရမယ့် တာဝန်တွေကို ပြန်ပြန်တွေးမိနေတာကြောင့်ပဲ အခုထက်ထိ ကြံ့ကြံ့ခံနေမိတာပါ။ ကိုယ်တို့အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေမှာလည်း ၀မ်းနည်းတာ၊ စိတ်ညစ်တာကို လူမြင်အောင် ပြခွင့်မရှိတဲ့ လောကီကျင့်ဝတ်ကြီးတွေရဲ့ ဖိစီးမှုတွေကြောင့် စိတ်ပျက်၊ စိတ်ညစ်၊ ၀မ်းနည်းသမျှတွေဟာ ဖွဲမီးလိုပဲ ရင်ထဲမှာ တငွေ့ငွေ့လောင်တာ ခံရပါတော့တယ်။

တကယ်လို့များ သက်တန်းစေ့နေရလို့ မသေသေးဘူးဆိုရင်တော့ အသက်၅၀မှာ လူသူမရှိတဲ့ တောတောင်ထဲမှာ တစ်ယောက်တည်း နားအေးပါးအေးသွားနေပြီး ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို တစ်ယောက်တည်း တိတ်တိတ်လေး ကုန်ဆုံးချင်ပါရဲ့။

Let me live unseen, unknown
Unlamented let me die
Steal from the world and not a stone
Tell where I lie.

A. Pope

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger