Tuesday 25 January 2011

၂၃နှစ် . . .

မနေ့က
မြို့ထဲသွားရင်း အသုဘတစ်ခုချလာတာနဲ့ ဆုံပါတယ်။

အသုဘကားတွေမှာကပ်ထားတဲ့ နံမည်နဲ့အသက်ကို ဖတ်ကြည့်တော့ အသက်၂၃နှစ်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာတွေ့ရပါတယ်။ အသက် ၂၃နှစ်ဆိုတာ တကယ်ဆိုရင် လူ့ဘ၀အကြောင်းကို ဘာမှတောင် စေ့စေ့စပ်စပ်မသိလိုက်ရသေးတဲ့ တကယ့်ကလေးသာသာ အရွယ်ပါ။

ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်ဆိုတဲ့ တရားသဘောကို နားလည်ပေမယ့် အခုလို အရွယ်ငယ်ငယ်နဲ့ သေမင်းနိုင်ငံရောက်ရတာကိုတော့ နည်းနည်းမှ လက်မခံနိုင်ပါ။ ကိုယ်တိုင်က လူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ပညာသင်လာခဲ့တဲ့သူဖြစ်တာကြောင့် အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကက စွန့်သွားကြရတာတွေမြင်ရင် အင်မတန်မှ ၀မ်းနည်းပါတယ်။ ကိုယ်နဲ့ အမျိုးမတော်ပေမယ့်လည်း စိတ်မကောင်းခြင်းကြီးစွာ ခံစားရပါတယ်။

ဘာကြောင့်များ ၂၄နှစ်နဲ့ လောကကို နှုတ်ဆက်သွားပါလိမ့်
ကျန်းမာရေးကပဲ ချို့တဲ့လွန်းလို့လား၊ အနေအထိုင်ပဲ မတတ်လို့ပဲလား၊ ဥပစ္ဆေဒကကံကြောင့်ပဲလား တွေးရခက်ကြီးပါ။ သူများတိုင်းပြည်မှာ ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို မြင်ရင်တော်တော်အားကျပါတယ်။ ကိုယ်တို့လူမျိုးတွေလည်း အဲဒီလို အသက်ရှည်စေချင်ပါတယ်။
အသက်ကလေးရယ်တဲ့ရှည်စေလို၊
မြနန္ဒာရေညိုသန်းတဲ့ ရွှေမန်းတောင်ရိပ်များ မခိုကြလို့လား မသိပါ။ အခုတလော အရွယ်တော် တဆိတ်မဟိုင်းခင် ၂၀ကျေုာ် အစိတ်ပိုင်းမှာပဲ အနိစ္စရောက်ကုန်ကြတာ တော်တော်များနေပါတယ်။

တိုင်းပြည်မှာ ကျန်းမာရေးမဏ္ဍိုင်တစ်ရပ်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါနေပါတယ်။ ကိုယ်တို့တွေ မကျန်းမမာဖြစ်ကြလို့ ဆေးထိုး၊ ဆေးစား လုပ်ကြရရင် ကိုယ်တို့ ပြည်တွင်းငွေတွေ ပြည်ပကို အလဟဿရောက်ကုန်ပြီး အလေအလွင့်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်လဲ ထိခိုက်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု အင်အားကျဆင်းပါလိမ့်မယ်။ ပညာရေးဘက်မှာလည်း အားနည်းကုန်ပါလိမ့်မယ်။ ပညာရေးအားနည်းလို့လည်း ကျန်းမာရေး အားနည်းရတာပါ။ ဒီနှစ်ခုကတော့ အပြန်အလှန် အမှီသဟဲပြုနေရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းကြခြင်းဟာ တိုင်းပြည်တစ်ခုကို အဖျက်သဘောဆောင်တဲ့ ရလာဒ်တွေပဲ ရစေပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက် စောင့်ရှောက်ပေးဖို့ အင်မတန်မှ လိုအပ်ပါတယ်။

တကယ်တော့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ရမှာပါ။ ရှေးလူကြီးတွေကလည်း အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်လို့ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်စောင့်ရှောက်ဖို့ဆိုတာကလည်း ပညာ အထိုက်အလျောက်တတ်နေဖို့ လိုသလို၊ အခြေခံကျန်းမာရေး အသိလောက်တော့ ရှိနေဦးမှ ဖြစ်မှာပါ။ ပညာမတတ်တဲ့ လူတွေကို အခြေခံ ကျန်းမာရေး အသိထည့်ပေးဖို့ အလုပ်ကတော့ ဆေးလောကသားတွေရဲ့ အဓိကတာဝန်ပဲ ဖြစ်ပါတယ်။ ဆရာဝန်ဆိုတာ လူတွေကို ရောဂါဖြစ်မှ ဆေးကုပေးရသူတွေ မဟုတ်ပါ။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးသူတွေ ဖြစ်ရမှာပါ။ လူတွေ အဖျားအနာ ထူပြောရင် ဆရာဝန်တွေ GP ကောင်းတာ မှန်ပေမယ့် ကိုယ်တော့ဝမ်းမသာဖူးပါ။ ၀မ်းလည်းမသာချင်ပါ။ ၀မ်းသာမိရင်လည်း ငရဲကြီးပါလိမ့်မယ်။ လူနာတွေ မရှိရင် ပိုလို့ကောင်းပါလိမ့်မယ်။ ကိုယ်တို့ဆေးလောကသားဆိုတာ လူတွေကိုယ်တို့ကို မလိုတော့အောင် လုပ်ပေးရမယ့် တာဝန်တွေ တနင့်တပိုးကြီး ရှိသူတွေဖြစ်ပါတယ်။ စာသင်တဲ့ဆရာတွေဟာ ကျောင်းသားတွေက သူတို့ကို မလိုတော့မှ တာဝန်ကျေသလို ဆရာဝန်တွေဟာလည်း လူတိုင်းလူတိုင်း သာမန်ရောဂါငယ်လေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်တတ်တဲ့ အဆင့်ကို ရောက်ပါမှ တာဝန်ကျေမှာပါ။

တကယ်တော့ အဲဒီလောက်ထိ လုပ်ပေးဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်အင်မတန်ခက်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေပြန်ရင်လည်း ဘာမှဖြစ်လာတော့မှာ မဟုတ်ပါ။ ကြီးတာ၊ ငယ်တာ အသာထား၊ နိုင်သလောက် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်သင်ယူထားတဲ့ ပညာ၊ ကိုယ်ပိုင် လုပ်ပိုင်ခွင့်ဘောင်ထဲကနေ တတ်နိုင်သလောက် လုပ်ရင် တဖြည်းဖြည်းတော့ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဘယ်အရာမဆို သူ့မို့၊ ငါ့မို့၊ သူ့ကြောင့်၊ ငါ့ကြောင့်လို့ လက်ညှိုးထိုးတတ်တဲ့ ကိုယ်တို့လူမျိုးရဲ့ မွေးရာပါ အကျင့်ဆိုးတွေကို ပြင်ကြပြီး အခုကတည်းကစလို့ ကိုယ်နိုင်တဲ့ နယ်ပယ်မှာ နိုင်သလောက် ကြိုးစားကြရင် အချိန်မီချုပ် အစုတ်သက်သာမှာ သေချာပါတယ်။

အားလုံး ကိုယ့်အလုပ်ကို ဂုဏ်ယူကြပြီး ကိုယ့်တာဝန်ကို ကျေပွန်အောင် ပျော်ပျော်ကြီး ထမ်းကြရင်ဖြင့် ကိုယ်တို့တိုင်းပြည်ဟာ ဘယ်သူ့ဘယ်သူမှ လက်ညှိုးထိုး နေစရာ မလိုတော့ဘဲ တိုးတက်ထွန်းကားလာရမှာ မလွဲဘူးလို့ ရင်ထဲမှာရော၊ နှလုံးသားထဲမှာပါ လေးလေးနက်နက် ယုံကြည်နေပါကြောင်း။ ။

2 comments:

ရွှေရတုမှတ်တမ်း said...

အိမ်း...သေချင်းတရားဆိုတာ အရွယ်၃ပါးမရွေးဘူးကွယ်တို့..
အဘ တောင်သိတ်မသေချာဘူး

Han Kyi said...

မပူပါနဲ့ အဘရယ်...ဆေးပညာ ဒီလောက်တောင် တိုးတက်နေတာ အသက်နှစ်ထောင် ရှည်ဦးမှာပါ...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger