Sunday 16 January 2011

ရာသီဖျား . . .

ရန်ကုန်ကအပြန်မှာ
ခရီးသွားလို့ ကျောင်းပိတ်ထားရတဲ့ ရက်တွေကို ကာမိအောင် အင်တိုက်အားတိုက် စာသင်မယ်လို့ မောင်းတင်ထားတဲ့ ဦးဟန်ကြည်တစ်ယောက် တုပ်ကွေးအပြင်းအထန်မိသွားတာကြောင့် ကျောင်းမပိတ်ချင်ပါဘဲနဲ့ လေးရက်လောက်ကျောင်းပိတ်လိုက်ရပါတယ်။

ကိုယ်တွေလက်တွေကိုက်ခဲပြီး ဖျားတော့မယ်ဆိုတာ သိတဲ့ညနေက
ဆေးတစ်ခွက်ကြိုတင်သောက်ထားပြီး ညဘက်အိမ်ပြန်ရောက်တာနဲ့ ဆေးအမြန်သောက်ပေမယ့် နောက်ရက်မနက်လင်းတော့ တစ်ကိုယ်လုံး တောင့်တင်းကိုက်ခဲပြီး မထနိုင်တော့ပါ။
တုပ်ကွေးဆိုတာ အမြင်သိပ်မဆိုးပေမယ့် အခံရခက်လွန်းတာမို့ ဘယ်လိုမှ စာသွားသင်လို့မဖြစ်နိုင်တော့တာကြောင့် မနက်ပိုင်းစာသင်ချိန်ကစလို့ နားရပါတော့တယ်။ အပူချိန်လည်း ၁၀၁ထိတက်လာပါတယ်။ ခေါင်းမူးနေပြီး နေလို့လုံးဝ မကောင်းတော့ပါ။ နေ့လည်ပိုင်းမှာ ကိုယ့်ကျောင်းသားတစ်အုပ် လူနာလာမေးကြပါတယ်။ ကျောင်းသားတွေကို စကားပြန်မပြောနိုင်အောင်ပဲ အားနည်းသွားပါတယ်။ ညနေပိုင်းမှာတော့ ချွေးနည်းနည်းပြန်စို့လာပြီး လူလည်းပေါ့သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဖျားကျပြီလို့ သတ်မှတ်လိုက်ပြီး ည၁၀နာရီလောက်မှာ အိမ်ရှင်မနဲ့ အပြင်ထွက်ပြီး တစ်ခုခု ထွက်စားဖြစ်လိုက်ပါသေးတယ်။ အဲဒီမှာ အအေးမိသွားပါတော့တယ်။

ညဘက်မှာတော့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူတက်လာပြီး တုန်နေအောင် အတွင်းကလှိုက်ချမ်းပါတော့တယ်။ ငှက်ဖျားမိသလို တဟင်းဟင်းနေအောင် ညည်းယူရတဲ့အထိ ချမ်းချက်က ကမ်းကုန်လွန်းပါတယ်။ တစ်ညလုံး အဖျားတက်ပြီး နောက်မနက်လင်းတော့ မနေ့ကထက် ပိုဖျားပါတော့တယ်။ ခက်တာက ကိုယ့်အကျင့်က ဖျားရင်ဘာမှမစားချင်၊ မသောက်ချင်၊ ဘယ်သူ့မှ မမြင်ချင်တာပါ။ အိမ်ရှင်မခမျာ ဘေးကနေပြုစုရတာက တစ်မျိုး ကိုယ်စိတ်တိုမှာစိုးရိမ်ရတာ တစ်မှုကြောင့် တော်တော်လေး သည်းခံရရှာပါတယ်။

အဲဒီပုံစံအတိုင်း သုံးရက်လောက်ဖျားပြီးတဲ့ညနေမှာတော့ ကိုယ့်ကိုယ်ကို ဆုံးမပြီး ဆေးခန်းသွားရပါတော့တယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ကုတတ်ပါတယ်ဆိုပေမယ့် ကိုယ့်တင်ပါးကို ဆေးထိုးဖို့တော့လည်း မဖြစ်နိုင်တာမို့ လက်လျှော့လိုက်ရခြင်းလည်း ဖြစ်ပါတယ်။ အထူးကုဆရာဝန်ကြီးက လေသံချိုချိုနဲ့မို့ အဆင်ပြေသွားပါတယ်။ တကယ်လို့သာ ပြောပေါက်ဆိုပေါက် ခပ်ဆိုးဆိုး ဆရာဝန်သာဆိုရင် ကိုယ့်ဒေါသနဲ့ တွေ့ဦးမှာ မလွဲပါ။ ဆေးတစ်လုံးထိုးခဲ့ပြီးနောက် စိတ်ထဲမှာတော့ တော်တော်လေးပေါ့သွားသလိုခံစားရတာကြောင့် ဒီညတော့အဖျားသက်သာပြီထင်ထားတဲ့အတိုင်း ညဘက်မှာ ကောင်းကောင်းအိပ်လိုက်ရပါတယ်။

နောက်ရက်မနက်လင်းတဲ့အခါ လည်ချောင်းတွေ ကွဲပြီး တစ်ကိုယ်လုံးနီရဲနေအောင် အပူတွေတက်ပါတော့တယ်။ မနှစ်ကလည်း ဒီလိုအဖျားမျိုးဖျားဖူးတာမို့ နာလန်ထရင် လည်ချောင်းကွဲပြီး တစ်ကိုယ်လုံး အနီစက်လေးတွေထတာ ကြုံဖူးထားတာမို့ သိပ်မစိုးရိမ်ပေမယ့် လူကတော့ ကော့နေအောင်ခံရပါတယ်။ မခံနိုင်တဲ့အဆုံး ရေချိုးပစ်မိတဲ့အထိပါ။ လည်ချောင်းကွဲတာကလည်း တံတွေးတောင် မျက်ရည်ထွက်အောင် မျိုယူရတဲ့အထိမို့ ဒုက္ခအင်မတန်ကြီးလှပါတယ်။ ဘာမှလည်း မစားနိုင်၊ မသောက်နိုင်တာကြောင့် ကိုယ့်ခြေထောက်ကိုယ်တောင် မသယ်နိုင်အောင် အားနည်းသွားပါတော့တယ်။ ညနေဆေးခန်းကိုသွားတော့ လည်ချောင်းနာတဲ့အကြောင်းပါ အားမနာနိုင်ဘဲ ထုတ်ပြောရပါတော့တယ်။ အဖျားမရှိတော့ပေမယ့် လည်ချောင်းနာတဲ့ နောက်ဆက်တွဲရောဂါကြီးကြောင့် ညတစ်ညလုံး ခံစားရပါတယ်။ ခံတွင်းနာသက်သာတဲ့ ငုံဆေးလည်း တစ်ကဒ်လုံးကုန်အောင် ငုံယူတာတောင် မသက်သာပါ။

နောက်ရက်မှာတော့ လည်ချောင်းနာတာကလွဲလို့ တုပ်ကွေးမရှိတော့တာမို့ ညနေပိုင်းစာသင်ချိန်ကစပြီး ကျောင်းပြန်ဖွင့်ပေးပါတယ်။ လည်ချောင်းက အက်ပြီးနာနေတာမို့ စာတစ်ပုဒ်ကို မျက်ရည်ကျမတတ် ရှင်းယူရပါတယ်။ ကိုယ့်ကျောင်းသားတွေက အလိုက်တသိနဲ့ တိတ်တိတ်ဆိတ်ဆိတ် အာရုံစိုက်ပေးကြလို့သာ ခံသာပါတော့တယ်။ ဒါတောင် အခါတိုင်းလို အချိန်ပြည့်မသင်နိုင်ဘဲ ည၈နာရီခွဲလောက်မှာ သင်တန်းဖြုတ်ပေးလိုက်ရပါတယ်။

ဖျားနေတဲ့ အတောအတွင်းမှာ ကိုယ့်ကျောင်းသားတွေအတွက် စိတ်အင်မတန်ပူပါတယ်။ ကိုယ်မရှိရင် စာမကြည့်ဖြစ်ကြတဲ့ ကျောင်းသားတွေအတွက် ပိုလို့ပူပါတယ်။ စာမေးပွဲရက်ကိုတွက်ကြည့်မိရင် ပိုလို့နေကောင်းချင်ပါသေးရဲ့။

အခုတော့ နှုတ်ခမ်းနည်းနည်းခြောက်တာကလွဲလို့ ကျန်းမာရေးအရင်ပုံစံနီးပါးပြန်ပြည့်လာပြီမို့ သင်တန်းချိန်တွေကို အာရုံစိုက်မှုအပြည့်နဲ့ အင်တိုက်အားတိုက် ပြန်စနေပါပြီ။ စာမေးပွဲကြီးစစ်ဖို့လည်း ၄၇ရက်ပဲ ကျန်ပါတော့တယ်။

ခါးတောင်းကြိုက်မဖြုတ်စတမ်း ဦးဟန်ကြည်လို့ပဲ ကိုယ့်ကိုယ်ကို အားတင်းရင်း . . .

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger