Thursday 20 January 2011

လာမယ့်ရက် ၄၀ . . .

ရန်ကုန်ခရီးစဉ်အကြောင်း ရေးနေတာ
သုံးပုဒ်ပြီးတဲ့နောက်မှာ ခရီးသွားမှတ်တမ်းကို ခဏနားပြီး လုပ်ငန်းအကြောင်းဘက်လှည့်ဖို့ စိတ်ကူးရပါတယ်။ စာမေးပွဲကြီးဖြေဖို့လည်း ရက်ပေါင်း ၄၀ပဲ ကျန်တော့တာမို့ အာရုံတိုင်းကိုလည်း သင်ကြားရေးဘက်နဲ့၊ တပည့်တွေဆီမှာပဲ ထည့်ထားဖို့ ကြိုးစားရပါတော့တယ်။ ဒါတောင် ညဘက်တွေကွန်ပြူတာရှေ့မှာထိုင်တာများသွားရင် မနက်မနက်စာသင်ချိန်မီအောင် ကုန်းရုန်းထရပါသေးတယ်။

တကယ်တော့ဒီအချိန်၊ ဒီရက်ပိုင်းတွေဆိုတာ ကိုယ်တို့လုပ်ငန်းရဲ့ ရိပ်သိမ်းချိန်တွေပါ။ တစ်နှစ်ပတ်လုံး စိုက်ပျိုးထားရတဲ့ အသီးအပွင့်တွေကို ပြန်ပြီးဆွတ်ခူးရတဲ့ အချိန်ပိုင်းဆိုရင်လည်း မမှားပါဘူး။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်က ဘာသီးတွေသီးကုန်မလဲဆိုတာတွေးရင်း ရင်ခုန်စရာကောင်းသလို၊ ကြောက်မယ်ဆိုရင်လည်း ကြောက်စရာကောင်းတဲ့ကာလပါ။ ဘာကြောင့်လဲဆိုရင် ဒီအချိန်ရောက်တာတောင် ခေါင်းထဲမှာ စာမရှိတဲ့ ကျောင်းသားကတော့ အခြေအနေဆိုးဖို့ ရာနှုန်းများနေလို့ပါ။

တစ်နှစ်ပတ်လုံး ပုံမှန်ကြိုးစားခဲ့တဲ့ ကျောင်းသားတွေအတွက်ကတော့ ဒီကာလဆိုတာ ခေါင်းထဲမှာ ရှိနေပြီးသားစာတွေကို အေးအေးဆေးဆေး ဖုန်သုတ်ပြီး စာမေးပွဲကို ပျော်ပျော်ကြီးထိုင်စောင့်နေတဲ့ အချိန်ပါ။ တစ်နှစ်လုံး ဟေးလားဝါးလားနေခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီကာလဟာ မစားနိုင်၊ မအိပ်နိုင်နဲ့ တပင်တပန်းစာကြည့်နေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီရက်ပတ်မျိုးမှာ နေ့မီးညမီးဆက်အောင် စာကျက်နေတဲ့ ကျောင်းသားဆိုရင်တော့ ဦးဟန်ကြည် အထင်မကြီးပါ။ ဘောလုံးစကားနဲ့ပြောရင် မိနစ်၉၀လုံး အချိန်ရှိတုန်းမှာ ဖိဖိစီးစီးမကစားခဲ့လို့ ဂိုးမရတာကို နာကျင်အချိန်ပို ၅မိနစ်လောက်မှ တစ်သင်းလုံးအသည်းအသန် ဂိုးရဖို့ကြိုးစားနေတာကို ကြည့်ရသလို အင်မတန်မှ မြင်ပြင်းကတ်ပါတယ်။

တစ်နှစ်ပတ်လုံး ပုံမှန်ကြိုးစားခိုင်းထားတာကြောင့် ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်တော့ ဒီစာမေးပွဲကို သိပ်ကြောက်စရာမလိုပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး ပေါ့ပေါ့ဆဆမနေမိအောင်တော့ ထိန်းသိမ်းပေးနေရပါတယ်။ ကလေးတွေကို ခြော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ကို သူတို့လေးတွေ လိုလိုလားလားပါလာအောင် မျက်ခြေမပျက်စောင့်ကြည့်နေရပါတယ်။ ဒီကာလဟာ ပညာရေးသမားတွေအတွက် တကယ့်အနုပညာဆန်တဲ့ ကာလပါ။ ဒီကာလမှာ အကိုင်အတွယ်မတတ်ရင် ငါးပါးမှောက်နိုင်သလို၊ ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်ရင်လည်း ကျောင်းသားတွေရဲ့ ဘ၀လှပပါလိမ့်မယ်။

တစ်နှစ်ပတ်လုံး ၀ပ်ထားရတဲ့ ဥကလေးတွေကနေ ဘာကောင်ပေါက်မယ်ဆိုတာ နောက်ထပ်ရက်၄၀ကြာရင် သိရတော့မှာမို့ ဦးဟန်ကြည်တို့ အင်တိုက်အားတိုက် ကြိုးစားဆဲပါ..

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger