လုံးဝန်းတဲ့အရာတစ်ခုကို လူဆယ့်တစ်ယောက်စီပါတဲ့ အုပ်စုနှစ်ခုက အပြင်းအထန်ဝိုင်းလုကြပြီး တစ်ဖက်အုပ်စုရဲ့ တိုင်နှစ်တိုင်ကြားက ပိုက်ထဲကို အဲဒီအလုံးဝင်အောင် ၀ိုင်းကန်ကြရတဲ့ football ခေါ် soccer ခေါ် ဘောလုံးအားကစားကို ဦးဟန်ကြည်တစ်ယောက် အင်မတန်မှ ၀ါသနာကြီးရှာပါတယ်။ ဦးဟန်ကြည်ဘ၀မရောက်ခင် မောင်ဟန်ကြည်ကလေးဘ၀ကတည်းက ဘောလုံးတစ်လုံးကို နံရံမှာ တဒိုင်းဒိုင်းကန်ရင်း ပါရမီရှင်ခြေစွမ်းတွေ တစ်ယောက်တည်း အပြင်းအထန်ပြလို့ ဘောလုံးဗီဇတွေ တောက်ပခဲ့ပေသပေါ့။ ဒါပေမယ့် ဆယ်တန်းကျောင်းသားအရွယ်ရောက်တဲ့အထိ ဘောလုံးကို လိုရာရောက်အောင် မကန်တတ်ခဲ့တာတော့ မရှက်တမ်းဝန်ခံရမှာပေါ့လေ။ တစ်ခါတစ်ခါများ အားကုန်အင်ကုန်ထုတ်ပြီး ကန်လိုက်ပေမယ့် အနှီသကောင့်သားဘောလုံးက မြေပေါ်ကကြွတော်မမူဘဲ မြေလိမ့်ဘောဘ၀နဲ့ ရောက်ချင်ရာရောက်သွားတတ်ပါသေးရဲ့။
ကိုယ်တစ်ယောက်တည်း ဘောလုံးတစ်လုံးနဲ့ အရူးထချင်တိုင်းထလို့ အားမရတတ်သေးဘဲ သူများတကာကန်တဲ့ ဘောလုံးပွဲတွေကိုလည်း မစားရ၀ခမန်း ထမင်းမေ့ဟင်းမေ့ ထိုင်ကြည့်တတ်ပါသေးတယ်။ ရပ်ကွက်ဘောလုံးပွဲ၊ ကလပ်သင်းဘောလုံးပွဲ၊ နိုင်ငံတကာဘောလုံးပွဲတွေသာမက နောက်ဆုံးပေါ် သဲသောင်ပြင်ဘောလုံးပွဲလဲ အလွတ်မပေးထမ်းကြည့်ဖြစ်သလို ရေထဲမှာ ဘောလုံးကို လက်နဲ့ကန်ကြတဲ့ water polo ကိုပါ ကြုံရင်ကြုံသလို အားပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲမှာ ပလတ်စတစ်ဘောလုံးစုတ်ကို ကလေးတစ်အုပ် တပျော်တပါးကြီးဝိုင်းကန်နေကြတဲ့ ကမ္ဘာ့ဖလားရှုံးမယ့် မြန်မာ့အုန်းမှုတ်ခွက် ဘောလုံးပွဲတွေကိုတောင် တမေ့တမောထိုင်ငေးနေတတ်တာကြောင့် ကိုယ့်ဖေဖေက ကိုယ့်ကို အမြဲပြောလေ့ရှိပါတယ်။
“ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘောလုံးမကန်တတ်တဲ့သူတွေ ကြည့်တာပါကွာ” တဲ့....
အင်း...ဖေဖေ့အတွေးကလည်း ဟုတ်နေတော့ ကိုယ့်ခမျာ အသာကုပ်နေခဲ့ရရှာတယ်။
ငယ်ငယ်က မြို့နယ်လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တဲ့ ဖေဖေက ဘောလုံးပွဲကို တစ်ခါမှ ဟုတ်တိပတ်တိ ကြည့်တာမတွေ့ခဲ့ဖူးဘူးလေ။ ဘောလုံးကို မြေကြီးပေါ်ကကြွအောင်တောင် ဆယ်တန်းအောင်ပြီးချိန်ထိ ကောင်းကောင်းမကန်တတ်ခဲ့တဲ့ ကိုယ်ကပဲ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာကိုး။ အဲဒါကျတော့ မေမေ့ဘက်က အဖိုးနဲ့သွားတူတယ်ဖြစ်မယ်။ ကိုယ့်အဖိုးက လူဖလံလေးဆိုတော့ ဘောလုံးကန်ဖို့နေနေသာသာ ဘောလုံးမှန်ရင်တောင် တော်တော်ခံစားရမယ့်ဗလနဲ့လေ။ ဒါပေမယ့် သူကလည်း ဘောလုံးပွဲဆိုရင် မကျန်းမမာဖြစ်နေတဲ့ကြားထဲကတောင် ထကြည့်တဲ့အထိ စွဲလန်းတာ။ အဲဒီတော့လည်း လက်ရွေးစင်ဖေဖေက ပြောပြီပေါ့။
ကိုယ်တို့ ဘောလုံးကို ဘယ်လောက်များရူးသလဲဆိုရင် အထက်တန်းကျောင်းသားဘ၀ကစပြီး ၀ယ်ဖတ်လိုက်တဲ့ ဘောလုံးစာစောင်တွေသာ အခုအချိန်အထိစုထားရင် အိမ်တစ်အိမ်လုံးမှာ လူတောင်နေစရာရှိတော့မယ်မထင်ဘူး။ အဲဒီခေတ်က စာစောင်ကလည်း အင်အား နဲ့ တံခွန် ပဲရှိခဲ့တာဆိုတော့ တစ်ပတ်တစ်ပတ် ဂျာနယ်မရလိုက်မှာစိုးလို့ ဂျာနယ်ရောင်းတဲ့ဆိုင်ကို မကြာမကြာသွားသွားကြည့်ခဲ့ရတာ သတိရသေးတယ်။
ဆယ်တန်းဖြေပြီးကတည်းက ၀ါသနာအရ ဆယ်တန်းကျောင်းသားတွေကို ညပိုင်းနဲ့ မနက်ပိုင်းမှာစာသင်၊ နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်နဲ့ မအားတဲ့ကြားက ညနေညနေဆိုရင် ဘောလုံးကွင်းထဲသွားပြီး Training အပြေးအလွှားဆင်းခဲ့သေးတယ်။ Training ဆင်းတယ်ဆိုလို့လည်း အထင်တော့မကြီးလိုက်ပါနဲ့ဦး။ ကိုယ်လို ဘောလုံးဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တဲ့ စာကြမ်းပိုး လူပျော့လေးကို ဘယ်အသင်းကမှလည်း မရွေးပါဘူးလေ။ ကိုယ့်ဖာသာ အရူးထပြီး သူတို့တွေနဲ့သွားသွား Training ဆင်းတာပါ။ မရွေးမှန်းလည်းသိသားပဲ။ ကန်ချင်လွန်းလို့ကို အရူးကျခံပြီး သွားကန်ခဲ့တာလေ။ Training မှာ ကိုယ်နဲ့အသင့်တော်ဆုံးကတော့ opening play လို့ခေါ်တဲ့ ဘောလုံးလုရတဲ့ ကစားနည်းပေါ့။ ဘောလုံးကို တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်တာကို ခွေးရူးလုပ်ရတဲ့ကစားသမားက လိုက်လုပြီး အလုခံလိုက်ရတဲ့ ကစားသမားက ခွေးရူးဖြစ်သွားတဲ့ အဲဒီကစားနည်းကစားကြရင်ဖြင့် ကိုယ့်မှာသက်လုံကောင်းအောင် ကျင့်ပြီးသားကို ဖြစ်ရော။ ဘာဖြစ်လို့လဲဆိုတော့ ကန်ရတဲ့အချိန်ထက် လိုက်လုရတဲ့အချိန်က များနေတာကိုး။ တစ်ချိန်လုံးခွေးရူးဖြစ်နေပေမယ့် နည်းနည်းမှကို မရှက်ထာပါ။ ကန်တတ်တာ မကန်တတ်တာအသာထား ဘောလုံးဝတ်စုံဝတ်ပြီး ကွင်းထဲမှာရောက်နေတာလေးတစ်ခုနဲ့တင် ကိုယ့်ကိုယ်ကို အကျေနပ်ကြီးကျေနပ်လို့။ အဲဒီလောက် တချိန်လုံး ခွေးရူးလုပ်ပြီး ဘောလုံးလုတာတောင် အားမရသေးဘဲ Training ပြီးရင် ဘောလုံးကွင်း နှစ်ပတ်ပတ်ပြေးပြီးမှ အိမ်ပြန်တော့တာ။ ဒါပေမယ့် ဘယ်သူကမှ ဇွဲဆုလေးတောင် မပေးတာမို့ လူတကာဝင်ကန်နေကြတဲ့ ရပ်ကွက်ပွဲတွေမှာ အရံလူအဖြစ်တောင် တစ်ခါမှ အရွေးမခံခဲ့ရတာ အခံရခက်လှချေရဲ့။
နယ်ကျောင်းလေးတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာ သွားလုပ်ဖြစ်တုန်းကဆိုရင် သုံးလေးတန်းအရွယ် ကျောင်းသားလေးတွေကို အားကစားလေ့ကျင့်ပေးတယ်လို့ ခေါင်းစဉ်လှလှတတ်ပြီး ကလေးဗိုလ်လုပ်ရင်းက ဘောလုံးကန်လို့ ကောင်းခဲ့ပေသပေါ့။ ကလေးများကလည်း သူတို့ဆရာလေးဆီက ဘောလုံးကို သိပ်မလုရဲကြပြန်တော့ ကိုယ့်ရဲ့နိုင်ငံကျော်သင့်တဲ့ ခြေစွမ်းတွေကို တစ်ကိုယ်တော် စွတ်ပြခဲ့ဖူးပါရဲ့။ ဒါပေမယ့် ကိုယ့်ဘက်အသင်းမှာပါတဲ့ ကလေးတွေခမျာမှာတော့ တစ်ဖက်သင်းက ကလေးတွေရဲ့ခြေထောက်ထဲကဘောလုံးကို လိုက်လုပြီး သူတို့ဆရာလေးရဲ့ ခြေထဲထည့်ပေးတဲ့အလုပ်ကိုလုပ်နေရတာနဲ့တင် ဘောလုံးကောင်းကောင်းမကန်ကြရရှာပဲ ဘောလုံးကန်တဲ့အချိန် ကုန်ကြရတာများတာပါပဲ။
မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့ “သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ” လို့ပြောရှာတာ အခုထိမမေ့ပါဘူး။ အင်း...အဲဒီလောက်ထိ ဘောလုံးရူးရူးခဲ့တာပါလို့ပဲ ၀န်ခံရတော့မှာပါပဲ။
ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးအသင်းမဟုတ်လား။ “နိုင်ပွဲမရသေးတဲ့အသင်း နိုင်ပွဲရချင်ရင် ၅ / ၂၀၀၀ အသင်းနဲ့ကန်” တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။ အဲဒီလို နံမည်ကြီးခဲ့တာ။ နံမည်ကြီးမယ်ဆိုလည်း ကြီးလောက်စရာပါပဲ...
မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့ “သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ” လို့ပြောရှာတာ အခုထိမမေ့ပါဘူး။ အင်း...အဲဒီလောက်ထိ ဘောလုံးရူးရူးခဲ့တာပါလို့ပဲ ၀န်ခံရတော့မှာပါပဲ။
ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးအသင်းမဟုတ်လား။ “နိုင်ပွဲမရသေးတဲ့အသင်း နိုင်ပွဲရချင်ရင် ၅ / ၂၀၀၀ အသင်းနဲ့ကန်” တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။ အဲဒီလို နံမည်ကြီးခဲ့တာ။ နံမည်ကြီးမယ်ဆိုလည်း ကြီးလောက်စရာပါပဲ...
နံမည်ကြီးတဲ့ ကိုယ်တို့အသင်း...( ရှေ့ကဖလားက ကိုယ့်ဖာသာပေးထားကြတာ ) |
ကိုယ်တို့ ၅/၂၀၀၀ဘောလုံးသင်းတစ်သင်းလုံးမှာ ဘောလုံးကန်တတ်တာဆိုလို့ ကျော်စွာအောင်ရယ်၊ ရာဇာကိုကိုအောင်ရယ်၊ နေအောင်ဝင်းရယ်၊ ကျော်စွာအောင်ရယ်၊ နေမျိုးလှိုင် (တောက်ထိန်)ရယ်ပဲရှိတာလေ။ ကျန်တာတွေကတော့ ကိုယ်တို့လို လူလျှောက်ကန် တွေချည်းပဲ။ ရှေ့တန်းတိုက်စစ်မှူး စိုင်းခွန်မျိုးနောင်(ရှမ်းကြီး) ဆိုတာ ခြေသလုံးလေးတွေက ဂီတာတစ်ကြိုးကို နန်းဆွဲထားသလို သေးသေးလေး။ ပြီးတော့ မျက်မှန်မပါရင် ဘောလုံးနဲ့လူတောင် သိပ်ကွဲတာမဟုတ်ဘူး။ ဂိုးဖမ်းတဲ့ ကျော်ရှိန်ဆိုတာက ဖက်တီးကြီး။ ကိုယ့်ထက်ခေါင်းတစ်လုံးကျော် အရပ်မြင့်သေးတယ်။တစ်ခါ သူ့ဗိုက်ကြီးကို ကိုယ်ဖက်ကြည့်တာ လက်တစ်ဖက်တောင်မကဘူး။ အဲဒီပုဂ္ဂိုလ်ကြီးက သူ့ဘော်ဒီဝိတ်ကျအောင်ဆိုတဲ့ ရည်ရွယ်ချက် ဧရာမကြီးနဲ့ ဘောလုံးကစားလိုက်တာ ပင်ပန်းသလောက် အစားနဲ့ပြန်ဖြည့်ရင်းနဲ့ပဲ ရှိရင်းစွဲ ဘော်ဒီဝိတ်က ပိုပိုတိုးလာပါလေရော။ သူကများ ဘောလုံးကို ဒိုင်ဗင်ထိုးပြီးဖမ်းရင် သူ့ဗိုက်ကြီးလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ကျန်ရစ်တာ ခုပြန်တွေးရင် ခုရယ်ချင်မိတုန်း။ အလယ်တန်းက ကစားတဲ့ လားရှိုးသား နေအောင်ဝင်းကတော့ ဘောလုံးအလိမ်အခေါက် အင်မတန်ကောင်းရှာပါရဲ့။ သုံးလေးယောက်လောက်ကို လိမ်သွားခေါက်သွားတာများ ကြည့်လို့တောင်မ၀ဘူး။ တစ်ခုခက်တာက အဲဒီသကောင့်သားက လိမ်တာတစ်ခုပဲ အင်တိုက်အားတိုက် လေ့ကျင့်ထားရှာတာကိုး။ တစ်ခါသားမှာ သူ့ဆီကို နောက်တန်းကနေ ကိုယ်ချပေးလိုက်တဲ့ဘောလုံးကို ကွင်းလယ်လောက်ကတည်းက လိမ်ခေါက်ပြီးသယ်သွားလိုက်တာ တစ်ဖက်ဂိုးရှေ့ရောက်တဲ့အထိဆိုပါတော့။ ဂိုးထဲကို ကန်သွင်းခဲ့မယ်အထင်နဲ့ ကိုယ်တို့မှာတော့ ရင်တခုန်ခုန်နဲ့ နောက်ကနေ ၀ိုင်းကြည့်နေလိုက်တာ ကိုယ်တော်မြတ်က ဘောလုံးကို နောက်တန်းထိအောင် ပြန်ဆွဲယူလာခဲ့ပါရောလား။ စိတ်ပေါက်ပေါက်နဲ့ သူ့ကိုမီအောင်ပြေးလိုက်ရင်း“ ဘာဖြစ်လို့ ဂိုးထဲကို ကန်မထည့်ခဲ့သလဲ ” လို့မေးတော့ “ ဟ..ဂိုးထဲမှာ လူရှုပ်နေလို့ကွ ” လို့ ပြန်ဖြေတော့ ဘာပြောကောင်းမလဲ ဆဲချင်လိုက်တာလေ ပါးစပ်ကို ယားနေတာပဲ။ စိတ်တိုတိုနဲ့ “ နောက်တစ်ခါ ငါ့ဆီကယူသွားတဲ့ဘောလုံးကို ငါ့ရှေ့ရောက်အောင် ပြန်သယ်လာရင် မင်းကိုပဲ ကန်လွှတ်မယ် ” လို့ ပြောမိတဲ့အထိ။
အောင်မယ်...
ကိုယ်တို့အသင်းက စွံသာမစွံတာ နည်းပြတွေဘာတွေတောင် ငှားလိုက်သေးတယ်။ အင်္ဂလန်မှာဆိုရင်တော့လည်း ဆာဘွဲ့ရတဲ့ Sir Alex Fergusan တို့ Sir Bobby Robson တို့ကို ငှားဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဆာဘွဲ့မရှိတဲ့ ရွှေပြည်သားတွေဖြစ်နေတော့ သူများတွေလို ဆာဘွဲ့ရတော့မတတ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် ကိုယ်တို့နည်းပြကိုလည်း လျှော့တွက်လို့တော့ ရမယ်မထင်နဲ့။ Fergie တို့လို Sir မဟုတ်ပေမယ့် သူလည်း “ဆာ” တော့ “ ဆာ ” ပါပဲ။ နံမည်ကိုက ဦးဆာမိတဲ့။ အဲဒီခေတ်ကတောင် တစ်လကို နှစ်သောင်းပေးပြီးငှားရတာ။ ထမင်းဆိုင်မှာ လပေးစားရင်တောင် တစ်လကိုမှ လေးထောင့်ငါးရာပဲ ပေးရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ သူ့တန်ဖိုးကို။ ပြီးတော့ မန်နေဂျာပါရှိသေးတယ်...ကိုမင်းလေ။ သူ့မိဘတွေက မန္တလေးမှာနံမည်ကြီး မြဘုရင်နို့ဆီချက်စက်ရုံပိုင်တယ်။ သူ့ခမျာ အဲဒီခေတ်ကတောင် တစ်ရက်ကိုမုန့်ဖိုး တစ်သောင်းရတာဆိုတော့ သုံးလို့မကုန်ရှာလို့ ကိုယ်တို့က ကူညီတဲ့အနေနဲ့ ၀ိုင်းသုံးပေးရတယ်။ သူ့ကို မန်နေဂျာခန့်တာ ဘောလုံးအကြောင်းနားလည်လို့တော့ မထင်လေနဲ့။ သူလည်း ကိုယ်တို့လို လူလျှောက်ကန် သာသာ အဆင့်ပဲရှိတာ။ ဒါပေမယ့် သူက အသင်းစားရိတ်စိုက်တာဆိုတော့ ကလေးပျော်အောင် အားလုံးက ရာထူးတပ်ပေးပြီး ၀ိုင်းမြှောက်ပေးထားတာ။
ကိုယ်တို့အသင်းက နိုင်ပွဲသာမရတာ စရိတ်ကတော့ ဘာကုန်သလဲမမေးနဲ့။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကွင်းကြေး၊ ဒိုင်လူကြီးငှားခတွေပေးရသေးတာ။ ပြီးတော့ ကိုယ်တို့ကလည်း နိုင်နိုင်ရှူုံးရူံး ပွဲပြီးရင် စားသောက်ဆိုင်သွားပြီး စားရသောက်ရမှ ကျေနပ်ကြတာလေ။ ဒီတော့ ဒကာတော်ကိုမင်းကို မန်နေဂျာကြီးပေါ့။ မမိုက်ဘူးလား။
ကိုယ်တို့ အသင်းကောင်းပုံကတော့ ကျောင်းရောက်စက ကိုယ့်အထက်က စီနီယာအတန်းသင်းနဲ့ကန်တာ သူတို့က ကိုယ်တို့အသင်းကို ခုနစ်ဂိုးတောင်အကြောပေးယူရတယ်။ ဘယ်ရမလဲ ဒီလိုအကြောမျိုးကတော့။ ကိုယ်တို့ ကန်ပြလိုက်တာ ဆယ့်နှစ်ဂိုး၊ နှစ်ဂိုးတောင်မှပဲ။ ကိုယ်တို့ရှူံးတာပေါ့။ ဒါနဲ့ အတန်းကြီးတွေနဲ့ မကန်တော့ဘူးလို့ဆုံးဖြတ်ပြီး နောက်ထပ် ဂျူနီယာအတန်းတစ်တန်းရောက်တော့ ထပ်ကန်ကြတယ်။ ကလေးတွေကို ခြောက်ဂိုးပြတ်ရှူံးပါရောလား။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး မန်းစည်ပင်အမျိုးသမီးသင်းနဲ့ကန်ကြတယ်။ အောင်မယ်လေး...ဒါတောင် နှစ်ဂိုးစီ သရေကျတယ်။ အဲဒီဘောလုံးပွဲ ရလာဒ်ကို အတန်းထဲက သင်ပုန်းပေါ်မှာ ရေးပေးပြီး ကြော်ငြာထားလိုက်တော့ ဘယ်သကောင့်သားက အလစ်မှာ ၀င်ရေးသွားတယ်မသိဘူး။ “ ဆေးကျောင်းသား ယောက်ျားလေးတွေမို့ သနားလို့ အလျှော့ပေးလွှတ်လိုက်တာ ” တဲ့။ အဲဒီတော့မှပဲ ကိုယ့်အဆင့်ကိုယ်သိလို့ အချင်းချင်းပဲ နှစ်သင်းခွဲပြီးကန်ကြရတယ်။ ဒါပေမယ့်လည်း တစ်နေကုန်တစ်နေခမ်း စာသင်ရ၊ ဆေးရုံသွားရနဲ့ မအားကြတဲ့အတွက် သူများတွေလို ညနေခင်းမှ ဘောလုံးမကန်နိုင်ကြဘဲ မနက် ၆ နာရီထိုးလောက်မှာ ထထကန်ကြရရှာတယ်။ ပါသမျှ အသင်းသားအားလုံးကလည်း ဘောလုံးရူးတွေချည်းဆိုတော့ အသင်းစွံတာ မစွံတာအပထားလို့ နံမည်ပေးကတော့ ဘာကောင်းသလဲ မမေးနဲ့ City နဲ့ United တဲ့။ ကိုယ်ကတော့ အရံသင်း စီးတီးရဲ့နောက်တန်းသမားလေ။ အဲဒီအချိန်တုန်းက ကိုယ့်ဘော်ဒီဝိတ်က ပေါင် ၁၀၀ စွန်းတယ်ဆိုရုံလေး။ သူများတကာလို ကြွက်သားအဖုအဖုနဲ့ ထုထုပြီးခရာချင်စရာရယ်တော့ မဟုတ်ဘူး။ နံရိုးအချောင်းအချောင်းနဲ့ ချောင်းချောင်းပြီး တွယ်ချင်စရာရယ်ဆိုတဲ့ ဖရိန်မျိုးနဲ့ပေါ့။ နောက်တန်းမှာ ကိုယ်လိုဗလမျိုးတွေချည်းပဲ။ အကောင်သေးလို့ အထင်တော့ မသေးလိုက်လေနဲ့သက်လုံကတော့ ဘာကောင်းသလဲမမေးနဲ့ ဆယ့်ငါးမိနစ်လောက်ကန်ပြီးရင် အားလုံးဖားဖိုထိုးကုန်ကြပြီ။
သွင်းထားဦးပေါ့လေ...သွင်းနိုင်လှ ဆယ်ဂိုးပေါ့... |
သူများအသင်းမှာဆိုရင် ရှေ့တန်းသမားက ပင်ပန်းလာရင် နောက်တန်းဆင်းပြီး နားကြတယ်။ ကိုယ်တို့ကျတော့ နောက်တန်းသမားတွေပင်ပန်းလာရင် ရှေ့တန်းတက်ပြီးနားရတယ်။ ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ်။ ပွဲသာပြီးသွားရော ရှေ့တန်းကို ဘောလုံးနှစ်လုံး၊ သုံးလုံးထက်တောင်ပိုမရောက်ဘူး။ တစ်ခါတစ်လေမှာများ ရှေ့တန်းတိုက်စစ်မှူး ရာဇာကိုကိုအောင်ခမျာ ပွဲသာပြီးသွားတယ် ဘောလုံးတောင် ကောင်းကောင်းမထိလိုက်ရတဲ့ အခါတွေလည်း ရှိသေးတယ်။ တစ်ခါတစ်ခါကျရင် သူ့ခမျာ ဘောလုံးမထိရလွန်းလို့ စိတ်ပျက်လက်ပျက်နဲ့ “ ဟေ့ကောင်တွေ ငါ…ဘောလုံးကန်နည်း မေ့ကုန်ပြီဟေ့ ” လို့ ကိုယ်တို့နောက်တန်းတွေဆီကို လှမ်းလှမ်းအော်ရှာတယ်။ ကိုယ်တို့တွေကလည်း ခပ်တည်တည်ပဲ။ နောက်တန်းက ဘောလုံးကို ရှေ့ရောက်အောင် ကန်ပို့နိုင်ပြီဆိုရင် ကျန်တာ ဂရုကိုမစိုက်တော့တာ။ သူတို့ရှေ့တန်းကကောင်တွေ တစ်အုပ်နဲ့တစ်ယောက် အရိုးပဲကျိုးကျိုး၊ တစ်ဖက်နောက်တန်းက ၀ိုင်းသမလို့ နှစ်ပိုင်းပဲပြတ်ပြတ် ရအောင်သာ ဂိုးသွင်းပေတော့။ သူများတွေက တစ်ယောက်ဘောလုံးရသွားရင် ကျန်တဲ့လူတွေက ဘောလုံးပေးလို့ရမယ့်နေရာတွေမှာ အဆင်သင့်နေရာယူပြီး opening ကစားကြတယ်။ ကိုယ်တို့ကတော့ အပင်ပန်းမခံနိုင်ကြလွန်းလို့ ကိုယ့်ဆီကို ဘောလုံးမရောက်အောင် ကွယ်ပြီး closing ကစားတယ်လေ။ ဒီလောက်ကောင်းတဲ့ နည်းစံနစ်မျိုး ကမ္ဘာပေါ်မှာတောင်ရှိမယ်မထင်ဘူး။
အဲဒီလောက်ကောင်းတဲ့ အသင်းဆိုတော့ ပါမောက္ခချုပ်က ဖလားပွဲလုပ်ပေးဖို့စီစဉ်တော့ အသင်းနံမည်ပေးဖို့ရွေးကြတယ်။ အဲဒီအချိန်က Russel Crowe ပါတဲ့ Gladiator ဇာတ်ကားကလည်း အတော်ကြီးကို နံမည်ကြီးတော့ ကိုယ်တို့အသင်းကို Gladiator လို့ နံမည်ပေးလိုက်ကြသေးတယ်။ ဘောလုံးကန်ဝတ်စုံကိုတောင် အကောင်းတကာ့အကောင်းဆုံးကို ကျကျနန ရွေးဝယ်ထားသေးတာ။ ဘောလုံးဝတ်စုံရဲ့ ရင်ပတ်မှာလည်း မြင်းစီးထားတဲ့ ရောမသူရဲကောင်းပုံကို စတစ်ကာနဲ့ ကပ်ထားလိုက်သေး။ ဒကာတော်ကတော့ ထုံးစံအတိုင်း ကိုယ်တို့အသင်းရဲ့ မန်နေဂျာကြီးပေါ့။ ဒါတင်မကသေးဘဲ အားပေးကြမယ့် သူငယ်ချင်းတွေအတွက် T shirt တွေ ခေါင်းစည်းကြိုးတွေပါထုတ်လိုက်သေးတယ်။ အောင်မယ်... T shirt ရင်ပတ်မှာ စာတမ်းတောင်ပါသေးတယ်။
Lose or win my team.
ရှူံးရှူံးနိုင်နိုင် တို့အသင်းပဲ တဲ့။
ဟုတ်တယ်လေ။ ကိုယ်တို့အသင်းက သေချာပေါက်ရူံးဖိုး ၉၀%လောက်ရှိတာဆိုတော့ အဲဒီလိုကြိုတင်ကာကွယ်ထာ
းရတာပေါ့။ ဒါပေမယ့် ဖလားပွဲက မကန်ဖြစ်လိုက်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတွေကြောင့် ပျက်သွားတယ်။ အဲဒီအကြောင်းကြောင်းတွေထဲက အထင်ရှားဆုံးအကြောင်းတစ်ခုကတော့ ကိုယ်တို့ထက် စီနီယာကျတဲ့ အတန်းက ဘောလုံးသင်း ရပ်ကွက်သင်းတစ်ခုနဲ့ ချစ်ကြည်ရေးကစားကြရင်း ရိုက်ပွဲဖြစ်ကြလို့လေ။ ပါချုပ်ခမျာ ငါးတကာယိုတဲ့ချေး၊ ပုစွန်ခေါင်းပေါ် ရောက်မယ့်အရေးကို ပညာရှိပီပီ ကြိုမြင်သွားတာကြောင့် သူ့ရဲ့ဖလားပွဲအစီအစဉ်ကို ဖျက်လိုက်ရပါရောလား။ တကယ်လို့ ပျက်သာမပျက်ရင် ကိုယ်တို့လည်း အခုကစားနေကြတဲ့ MNL ကလပ်တွေဆီများရောက်ပြီး တစ်လကို သိန်း၂၀လောက်ရတဲ့ ကြေးစားဘောလုံးသမားကြီးတွေများဖြစ်ကုန်မလား မပြောတတ်ဘူးနော...
အင်း...
ဘောလုံးဝါသနာအကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း…။ ။
အင်း...
ဘောလုံးဝါသနာအကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း…။ ။
( ဒီပို့စ်ကို လွန်ခဲ့တဲ့ ကမ္ဘာ့ဖလားအတွင်းက ရေးပြီးတင်ခဲ့တာပါ။ ဒီရက်ပတ်အတွင်း သူငယ်ချင်းတစ်ယောက်က facebook မှာ Gladiator ဓာတ်ပုံတွေ တင်ပေးလိုက်လို့ အရင်ပို့စ်ဟောင်းကို ပြန်မွမ်းမံပြီး ပြန်တင်လိုက်ပါတယ်။ ကိုယ့်ဖာသာကို ပြန်ဖတ်ပြန်ရေးရင်း ငယ်ဘ၀ကို ပြန်သတိရ၊ သူငယ်ချင်းတွေကို လွမ်းမိပါရဲ့... )