Saturday, 24 September 2011

လူလျှောက်ကန် . . .

လုံးဝန်းတဲ့အရာတစ်ခုကို လူဆယ့်တစ်ယောက်စီပါတဲ့ အုပ်စုနှစ်ခုက အပြင်းအထန်ဝိုင်းလုကြပြီး တစ်ဖက်အုပ်စုရဲ့ တိုင်နှစ်တိုင်ကြားက ပိုက်ထဲကို အဲဒီအလုံးဝင်အောင် ၀ိုင်းကန်ကြရတဲ့ football ခေါ် soccer ခေါ် ဘောလုံးအားကစားကို ဦးဟန်ကြည်တစ်ယောက် အင်မတန်မှ ၀ါသနာကြီးရှာပါတယ်။ ဦးဟန်ကြည်ဘ၀မရောက်ခင် မောင်ဟန်ကြည်ကလေးဘ၀ကတည်းက ဘောလုံးတစ်လုံးကို နံရံမှာ တဒိုင်းဒိုင်းကန်ရင်း ပါရမီရှင်ခြေစွမ်းတွေ တစ်ယောက်တည်း အပြင်းအထန်ပြလို့ ဘောလုံးဗီဇတွေ တောက်ပခဲ့ပေသပေါ့။ ဒါပေမယ့် ဆယ်တန်းကျောင်းသားအရွယ်ရောက်တဲ့အထိ ဘောလုံးကို လိုရာရောက်အောင် မကန်တတ်ခဲ့တာတော့ မရှက်တမ်းဝန်ခံရမှာပေါ့လေ။ တစ်ခါတစ်ခါများ အားကုန်အင်ကုန်ထုတ်ပြီး ကန်လိုက်ပေမယ့် အနှီသကောင့်သားဘောလုံးက မြေပေါ်ကကြွတော်မမူဘဲ မြေလိမ့်ဘောဘ၀နဲ့ ရောက်ချင်ရာရောက်သွားတတ်ပါသေးရဲ့။

ကိုယ်တစ်ယောက်တည်း ဘောလုံးတစ်လုံးနဲ့ အရူးထချင်တိုင်းထလို့ အားမရတတ်သေးဘဲ သူများတကာကန်တဲ့ ဘောလုံးပွဲတွေကိုလည်း မစားရ၀ခမန်း ထမင်းမေ့ဟင်းမေ့ ထိုင်ကြည့်တတ်ပါသေးတယ်။ ရပ်ကွက်ဘောလုံးပွဲ၊ ကလပ်သင်းဘောလုံးပွဲ၊ နိုင်ငံတကာဘောလုံးပွဲတွေသာမက နောက်ဆုံးပေါ် သဲသောင်ပြင်ဘောလုံးပွဲလဲ အလွတ်မပေးထမ်းကြည့်ဖြစ်သလို ရေထဲမှာ ဘောလုံးကို လက်နဲ့ကန်ကြတဲ့ water polo ကိုပါ ကြုံရင်ကြုံသလို အားပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲမှာ ပလတ်စတစ်ဘောလုံးစုတ်ကို ကလေးတစ်အုပ် တပျော်တပါးကြီးဝိုင်းကန်နေကြတဲ့ ကမ္ဘာ့ဖလားရှုံးမယ့် မြန်မာ့အုန်းမှုတ်ခွက် ဘောလုံးပွဲတွေကိုတောင် တမေ့တမောထိုင်ငေးနေတတ်တာကြောင့် ကိုယ့်ဖေဖေက ကိုယ့်ကို အမြဲပြောလေ့ရှိပါတယ်။

“ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘောလုံးမကန်တတ်တဲ့သူတွေ ကြည့်တာပါကွာ” တဲ့....

အင်း...ဖေဖေ့အတွေးကလည်း ဟုတ်နေတော့ ကိုယ့်ခမျာ အသာကုပ်နေခဲ့ရရှာတယ်။
ငယ်ငယ်က မြို့နယ်လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တဲ့ ဖေဖေက ဘောလုံးပွဲကို တစ်ခါမှ ဟုတ်တိပတ်တိ ကြည့်တာမတွေ့ခဲ့ဖူးဘူးလေ။ ဘောလုံးကို မြေကြီးပေါ်ကကြွအောင်တောင် ဆယ်တန်းအောင်ပြီးချိန်ထိ ကောင်းကောင်းမကန်တတ်ခဲ့တဲ့ ကိုယ်ကပဲ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာကိုး။ အဲဒါကျတော့ မေမေ့ဘက်က အဖိုးနဲ့သွားတူတယ်ဖြစ်မယ်။ ကိုယ့်အဖိုးက လူဖလံလေးဆိုတော့ ဘောလုံးကန်ဖို့နေနေသာသာ ဘောလုံးမှန်ရင်တောင် တော်တော်ခံစားရမယ့်ဗလနဲ့လေ။ ဒါပေမယ့် သူကလည်း ဘောလုံးပွဲဆိုရင် မကျန်းမမာဖြစ်နေတဲ့ကြားထဲကတောင် ထကြည့်တဲ့အထိ စွဲလန်းတာ။ အဲဒီတော့လည်း လက်ရွေးစင်ဖေဖေက ပြောပြီပေါ့။

ကိုယ်တို့ ဘောလုံးကို ဘယ်လောက်များရူးသလဲဆိုရင် အထက်တန်းကျောင်းသားဘ၀ကစပြီး ၀ယ်ဖတ်လိုက်တဲ့ ဘောလုံးစာစောင်တွေသာ အခုအချိန်အထိစုထားရင် အိမ်တစ်အိမ်လုံးမှာ လူတောင်နေစရာရှိတော့မယ်မထင်ဘူး။ အဲဒီခေတ်က စာစောင်ကလည်း
အင်အား နဲ့ တံခွနပဲရှိခဲ့တာဆိုတော့ တစ်ပတ်တစ်ပတ် ဂျာနယ်မရလိုက်မှာစိုးလို့ ဂျာနယ်ရောင်းတဲ့ဆိုင်ကို မကြာမကြာသွားသွားကြည့်ခဲ့ရတာ သတိရသေးတယ်။

ဆယ်တန်းဖြေပြီးကတည်းက ၀ါသနာအရ ဆယ်တန်းကျောင်းသားတွေကို ညပိုင်းနဲ့ မနက်ပိုင်းမှာစာသင်၊ နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်နဲ့ မအားတဲ့ကြားက ညနေညနေဆိုရင် ဘောလုံးကွင်းထဲသွားပြီး Training အပြေးအလွှားဆင်းခဲ့သေးတယ်။ Training ဆင်းတယ်ဆိုလို့လည်း အထင်တော့မကြီးလိုက်ပါနဲ့ဦး။ ကိုယ်လို ဘောလုံးဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တဲ့ စာကြမ်းပိုး လူပျော့လေးကို ဘယ်အသင်းကမှလည်း မရွေးပါဘူးလေ။ ကိုယ့်ဖာသာ အရူးထပြီး သူတို့တွေနဲ့သွားသွား Training ဆင်းတာပါ။ မရွေးမှန်းလည်းသိသားပဲ။ ကန်ချင်လွန်းလို့ကို အရူးကျခံပြီး သွားကန်ခဲ့တာလေ။ Training မှာ ကိုယ်နဲ့အသင့်တော်ဆုံးကတော့ opening play လို့ခေါ်တဲ့ ဘောလုံးလုရတဲ့ ကစားနည်းပေါ့။ ဘောလုံးကို တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်တာကို ခွေးရူးလုပ်ရတဲ့ကစားသမားက လိုက်လုပြီး အလုခံလိုက်ရတဲ့ ကစားသမားက ခွေးရူးဖြစ်သွားတဲ့ အဲဒီကစားနည်းကစားကြရင်ဖြင့် ကိုယ့်မှာသက်လုံကောင်းအောင် ကျင့်ပြီးသားကို ဖြစ်ရော။ ဘာဖြစ်လို့လဲဆိုတော့ ကန်ရတဲ့အချိန်ထက် လိုက်လုရတဲ့အချိန်က များနေတာကိုး။ တစ်ချိန်လုံးခွေးရူးဖြစ်နေပေမယ့် နည်းနည်းမှကို မရှက်ထာပါ။ ကန်တတ်တာ မကန်တတ်တာအသာထား ဘောလုံးဝတ်စုံဝတ်ပြီး ကွင်းထဲမှာရောက်နေတာလေးတစ်ခုနဲ့တင် ကိုယ့်ကိုယ်ကို အကျေနပ်ကြီးကျေနပ်လို့။ အဲဒီလောက် တချိန်လုံး ခွေးရူးလုပ်ပြီး ဘောလုံးလုတာတောင် အားမရသေးဘဲ Training ပြီးရင် ဘောလုံးကွင်း နှစ်ပတ်ပတ်ပြေးပြီးမှ အိမ်ပြန်တော့တာ။ ဒါပေမယ့် ဘယ်သူကမှ ဇွဲဆုလေးတောင် မပေးတာမို့ လူတကာဝင်ကန်နေကြတဲ့ ရပ်ကွက်ပွဲတွေမှာ အရံလူအဖြစ်တောင် တစ်ခါမှ အရွေးမခံခဲ့ရတာ အခံရခက်လှချေရဲ့။

နယ်ကျောင်းလေးတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာ သွားလုပ်ဖြစ်တုန်းကဆိုရင် သုံးလေးတန်းအရွယ် ကျောင်းသားလေးတွေကို အားကစားလေ့ကျင့်ပေးတယ်လို့ ခေါင်းစဉ်လှလှတတ်ပြီး ကလေးဗိုလ်လုပ်ရင်းက ဘောလုံးကန်လို့ ကောင်းခဲ့ပေသပေါ့။ ကလေးများကလည်း သူတို့ဆရာလေးဆီက ဘောလုံးကို သိပ်မလုရဲကြပြန်တော့ ကိုယ့်ရဲ့နိုင်ငံကျော်သင့်တဲ့ ခြေစွမ်းတွေကို တစ်ကိုယ်တော် စွတ်ပြခဲ့ဖူးပါရဲ့။ ဒါပေမယ့် ကိုယ့်ဘက်အသင်းမှာပါတဲ့ ကလေးတွေခမျာမှာတော့ တစ်ဖက်သင်းက ကလေးတွေရဲ့ခြေထောက်ထဲကဘောလုံးကို လိုက်လုပြီး သူတို့ဆရာလေးရဲ့ ခြေထဲထည့်ပေးတဲ့အလုပ်ကိုလုပ်နေရတာနဲ့တင် ဘောလုံးကောင်းကောင်းမကန်ကြရရှာပဲ ဘောလုံးကန်တဲ့အချိန် ကုန်ကြရတာများတာပါပဲ။

မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့
“သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ” လို့ပြောရှာတာ အခုထိမမေ့ပါဘူး။ အင်း...အဲဒီလောက်ထိ ဘောလုံးရူးရူးခဲ့တာပါလို့ပဲ ၀န်ခံရတော့မှာပါပဲ။

ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးအသင်းမဟုတ်လား။ “နိုင်ပွဲမရသေးတဲ့အသင်း နိုင်ပွဲရချင်ရင် ၅ / ၂၀၀၀ အသင်းနဲ့ကန်” တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။ အဲဒီလို နံမည်ကြီးခဲ့တာ။ နံမည်ကြီးမယ်ဆိုလည်း ကြီးလောက်စရာပါပဲ...

နံမည်ကြီးတဲ့ ကိုယ်တို့အသင်း...( ရှေ့ကဖလားက ကိုယ့်ဖာသာပေးထားကြတာ )

ကိုယ်တို့ ၅/၂၀၀၀ဘောလုံးသင်းတစ်သင်းလုံးမှာ ဘောလုံးကန်တတ်တာဆိုလို့ ကျော်စွာအောင်ရယ်၊ ရာဇာကိုကိုအောင်ရယ်၊ နေအောင်ဝင်းရယ်၊ ကျော်စွာအောင်ရယ်၊ နေမျိုးလှိုင် (တောက်ထိန်)ရယ်ပဲရှိတာလေ။ ကျန်တာတွေကတော့ ကိုယ်တို့လို
လူလျှောက်ကန် တွေချည်းပဲ။ ရှေ့တန်းတိုက်စစ်မှူး စိုင်းခွန်မျိုးနောင်(ရှမ်းကြီး) ဆိုတာ ခြေသလုံးလေးတွေက ဂီတာတစ်ကြိုးကို နန်းဆွဲထားသလို သေးသေးလေး။ ပြီးတော့ မျက်မှန်မပါရင် ဘောလုံးနဲ့လူတောင် သိပ်ကွဲတာမဟုတ်ဘူး။ ဂိုးဖမ်းတဲ့ ကျော်ရှိန်ဆိုတာက ဖက်တီးကြီး။ ကိုယ့်ထက်ခေါင်းတစ်လုံးကျော် အရပ်မြင့်သေးတယ်။တစ်ခါ သူ့ဗိုက်ကြီးကို ကိုယ်ဖက်ကြည့်တာ လက်တစ်ဖက်တောင်မကဘူး။ အဲဒီပုဂ္ဂိုလ်ကြီးက သူ့ဘော်ဒီဝိတ်ကျအောင်ဆိုတဲ့ ရည်ရွယ်ချက် ဧရာမကြီးနဲ့ ဘောလုံးကစားလိုက်တာ ပင်ပန်းသလောက် အစားနဲ့ပြန်ဖြည့်ရင်းနဲ့ပဲ ရှိရင်းစွဲ ဘော်ဒီဝိတ်က ပိုပိုတိုးလာပါလေရော။ သူကများ ဘောလုံးကို ဒိုင်ဗင်ထိုးပြီးဖမ်းရင် သူ့ဗိုက်ကြီးလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ကျန်ရစ်တာ ခုပြန်တွေးရင် ခုရယ်ချင်မိတုန်း။ အလယ်တန်းက ကစားတဲ့ လားရှိုးသား နေအောင်ဝင်းကတော့ ဘောလုံးအလိမ်အခေါက် အင်မတန်ကောင်းရှာပါရဲ့။ သုံးလေးယောက်လောက်ကို လိမ်သွားခေါက်သွားတာများ ကြည့်လို့တောင်မ၀ဘူး။ တစ်ခုခက်တာက အဲဒီသကောင့်သားက လိမ်တာတစ်ခုပဲ အင်တိုက်အားတိုက် လေ့ကျင့်ထားရှာတာကိုး။ တစ်ခါသားမှာ သူ့ဆီကို နောက်တန်းကနေ ကိုယ်ချပေးလိုက်တဲ့ဘောလုံးကို ကွင်းလယ်လောက်ကတည်းက လိမ်ခေါက်ပြီးသယ်သွားလိုက်တာ တစ်ဖက်ဂိုးရှေ့ရောက်တဲ့အထိဆိုပါတော့။ ဂိုးထဲကို ကန်သွင်းခဲ့မယ်အထင်နဲ့ ကိုယ်တို့မှာတော့ ရင်တခုန်ခုန်နဲ့ နောက်ကနေ ၀ိုင်းကြည့်နေလိုက်တာ ကိုယ်တော်မြတ်က ဘောလုံးကို နောက်တန်းထိအောင် ပြန်ဆွဲယူလာခဲ့ပါရောလား။  စိတ်ပေါက်ပေါက်နဲ့ သူ့ကိုမီအောင်ပြေးလိုက်ရင်း“ ဘာဖြစ်လို့ ဂိုးထဲကို ကန်မထည့်ခဲ့သလဲ ” လို့မေးတော့ “ ဟ..ဂိုးထဲမှာ လူရှုပ်နေလို့ကွ ” လို့ ပြန်ဖြေတော့ ဘာပြောကောင်းမလဲ ဆဲချင်လိုက်တာလေ ပါးစပ်ကို ယားနေတာပဲ။ စိတ်တိုတိုနဲ့ “ နောက်တစ်ခါ ငါ့ဆီကယူသွားတဲ့ဘောလုံးကို ငါ့ရှေ့ရောက်အောင် ပြန်သယ်လာရင် မင်းကိုပဲ ကန်လွှတ်မယ် ” လို့ ပြောမိတဲ့အထိ။

အောင်မယ်...
ကိုယ်တို့အသင်းက စွံသာမစွံတာ နည်းပြတွေဘာတွေတောင် ငှားလိုက်သေးတယ်။ အင်္ဂလန်မှာဆိုရင်တော့လည်း ဆာဘွဲ့ရတဲ့ Sir Alex Fergusan တို့ Sir Bobby Robson တို့ကို ငှားဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဆာဘွဲ့မရှိတဲ့ ရွှေပြည်သားတွေဖြစ်နေတော့ သူများတွေလို ဆာဘွဲ့ရတော့မတတ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် ကိုယ်တို့နည်းပြကိုလည်း လျှော့တွက်လို့တော့ ရမယ်မထင်နဲ့။ Fergie တို့လို  Sir မဟုတ်ပေမယ့် သူလည်း  “ဆာ” တော့ “ ဆာ ” ပါပဲ။ နံမည်ကိုက ဦးဆာမိတဲ့။ အဲဒီခေတ်ကတောင် တစ်လကို နှစ်သောင်းပေးပြီးငှားရတာ။ ထမင်းဆိုင်မှာ လပေးစားရင်တောင် တစ်လကိုမှ လေးထောင့်ငါးရာပဲ ပေးရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ သူ့တန်ဖိုးကို။ ပြီးတော့ မန်နေဂျာပါရှိသေးတယ်...ကိုမင်းလေ။ သူ့မိဘတွေက မန္တလေးမှာနံမည်ကြီး မြဘုရင်နို့ဆီချက်စက်ရုံပိုင်တယ်။ သူ့ခမျာ အဲဒီခေတ်ကတောင် တစ်ရက်ကိုမုန့်ဖိုး တစ်သောင်းရတာဆိုတော့ သုံးလို့မကုန်ရှာလို့ ကိုယ်တို့က ကူညီတဲ့အနေနဲ့ ၀ိုင်းသုံးပေးရတယ်။ သူ့ကို မန်နေဂျာခန့်တာ ဘောလုံးအကြောင်းနားလည်လို့တော့ မထင်လေနဲ့။ သူလည်း ကိုယ်တို့လို
လူလျှောက်ကန် သာသာ အဆင့်ပဲရှိတာ။ ဒါပေမယ့် သူက အသင်းစားရိတ်စိုက်တာဆိုတော့ ကလေးပျော်အောင် အားလုံးက ရာထူးတပ်ပေးပြီး ၀ိုင်းမြှောက်ပေးထားတာ။

ကိုယ်တို့အသင်းက နိုင်ပွဲသာမရတာ စရိတ်ကတော့ ဘာကုန်သလဲမမေးနဲ့။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကွင်းကြေး၊ ဒိုင်လူကြီးငှားခတွေပေးရသေးတာ။ ပြီးတော့ ကိုယ်တို့ကလည်း နိုင်နိုင်ရှူုံးရူံး ပွဲပြီးရင် စားသောက်ဆိုင်သွားပြီး စားရသောက်ရမှ ကျေနပ်ကြတာလေ။ ဒီတော့ ဒကာတော်ကိုမင်းကို မန်နေဂျာကြီးပေါ့။ မမိုက်ဘူးလား။

ကိုယ်တို့ အသင်းကောင်းပုံကတော့ ကျောင်းရောက်စက ကိုယ့်အထက်က စီနီယာအတန်းသင်းနဲ့ကန်တာ သူတို့က ကိုယ်တို့အသင်းကို ခုနစ်ဂိုးတောင်အကြောပေးယူရတယ်။ ဘယ်ရမလဲ ဒီလိုအကြောမျိုးကတော့။ ကိုယ်တို့ ကန်ပြလိုက်တာ
ဆယ့်နှစ်ဂိုး၊ နှစ်ဂိုးတောင်မှပဲ။ ကိုယ်တို့ရှူံးတာပေါ့။ ဒါနဲ့ အတန်းကြီးတွေနဲ့ မကန်တော့ဘူးလို့ဆုံးဖြတ်ပြီး နောက်ထပ် ဂျူနီယာအတန်းတစ်တန်းရောက်တော့ ထပ်ကန်ကြတယ်။ ကလေးတွေကို ခြောက်ဂိုးပြတ်ရှူံးပါရောလား။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး မန်းစည်ပင်အမျိုးသမီးသင်းနဲ့ကန်ကြတယ်။ အောင်မယ်လေး...ဒါတောင် နှစ်ဂိုးစီ သရေကျတယ်။ အဲဒီဘောလုံးပွဲ ရလာဒ်ကို အတန်းထဲက သင်ပုန်းပေါ်မှာ ရေးပေးပြီး ကြော်ငြာထားလိုက်တော့ ဘယ်သကောင့်သားက အလစ်မှာ ၀င်ရေးသွားတယ်မသိဘူး။  “ ဆေးကျောင်းသား ယောက်ျားလေးတွေမို့ သနားလို့ အလျှော့ပေးလွှတ်လိုက်တာ ” တဲ့။ အဲဒီတော့မှပဲ ကိုယ့်အဆင့်ကိုယ်သိလို့ အချင်းချင်းပဲ နှစ်သင်းခွဲပြီးကန်ကြရတယ်။ ဒါပေမယ့်လည်း တစ်နေကုန်တစ်နေခမ်း စာသင်ရ၊ ဆေးရုံသွားရနဲ့ မအားကြတဲ့အတွက် သူများတွေလို ညနေခင်းမှ ဘောလုံးမကန်နိုင်ကြဘဲ မနက် ၆ နာရီထိုးလောက်မှာ ထထကန်ကြရရှာတယ်။ ပါသမျှ အသင်းသားအားလုံးကလည်း ဘောလုံးရူးတွေချည်းဆိုတော့ အသင်းစွံတာ မစွံတာအပထားလို့  နံမည်ပေးကတော့ ဘာကောင်းသလဲ မမေးနဲ့ City နဲ့ United တဲ့။ ကိုယ်ကတော့ အရံသင်း စီးတီးရဲ့နောက်တန်းသမားလေ။ အဲဒီအချိန်တုန်းက ကိုယ့်ဘော်ဒီဝိတ်က ပေါင် ၁၀၀ စွန်းတယ်ဆိုရုံလေး။ သူများတကာလို ကြွက်သားအဖုအဖုနဲ့ ထုထုပြီးခရာချင်စရာရယ်တော့ မဟုတ်ဘူး။ နံရိုးအချောင်းအချောင်းနဲ့ ချောင်းချောင်းပြီး တွယ်ချင်စရာရယ်ဆိုတဲ့ ဖရိန်မျိုးနဲ့ပေါ့။ နောက်တန်းမှာ ကိုယ်လိုဗလမျိုးတွေချည်းပဲ။ အကောင်သေးလို့ အထင်တော့ မသေးလိုက်လေနဲ့သက်လုံကတော့ ဘာကောင်းသလဲမမေးနဲ့ ဆယ့်ငါးမိနစ်လောက်ကန်ပြီးရင် အားလုံးဖားဖိုထိုးကုန်ကြပြီ။

သွင်းထားဦးပေါ့လေ...သွင်းနိုင်လှ ဆယ်ဂိုးပေါ့...

သူများအသင်းမှာဆိုရင် ရှေ့တန်းသမားက ပင်ပန်းလာရင် နောက်တန်းဆင်းပြီး နားကြတယ်။ ကိုယ်တို့ကျတော့ နောက်တန်းသမားတွေပင်ပန်းလာရင် ရှေ့တန်းတက်ပြီးနားရတယ်။ ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ်။ ပွဲသာပြီးသွားရော ရှေ့တန်းကို ဘောလုံးနှစ်လုံး၊ သုံးလုံးထက်တောင်ပိုမရောက်ဘူး။ တစ်ခါတစ်လေမှာများ ရှေ့တန်းတိုက်စစ်မှူး ရာဇာကိုကိုအောင်ခမျာ ပွဲသာပြီးသွားတယ် ဘောလုံးတောင် ကောင်းကောင်းမထိလိုက်ရတဲ့ အခါတွေလည်း ရှိသေးတယ်။ တစ်ခါတစ်ခါကျရင် သူ့ခမျာ ဘောလုံးမထိရလွန်းလို့ စိတ်ပျက်လက်ပျက်နဲ့ “ ဟေ့ကောင်တွေ ငါ…ဘောလုံးကန်နည်း မေ့ကုန်ပြီဟေ့ ” လို့ ကိုယ်တို့နောက်တန်းတွေဆီကို လှမ်းလှမ်းအော်ရှာတယ်။ ကိုယ်တို့တွေကလည်း ခပ်တည်တည်ပဲ။ နောက်တန်းက ဘောလုံးကို ရှေ့ရောက်အောင် ကန်ပို့နိုင်ပြီဆိုရင် ကျန်တာ ဂရုကိုမစိုက်တော့တာ။ သူတို့ရှေ့တန်းကကောင်တွေ တစ်အုပ်နဲ့တစ်ယောက် အရိုးပဲကျိုးကျိုး၊ တစ်ဖက်နောက်တန်းက ၀ိုင်းသမလို့ နှစ်ပိုင်းပဲပြတ်ပြတ် ရအောင်သာ ဂိုးသွင်းပေတော့။ သူများတွေက တစ်ယောက်ဘောလုံးရသွားရင် ကျန်တဲ့လူတွေက ဘောလုံးပေးလို့ရမယ့်နေရာတွေမှာ အဆင်သင့်နေရာယူပြီး
opening ကစားကြတယ်။ ကိုယ်တို့ကတော့ အပင်ပန်းမခံနိုင်ကြလွန်းလို့ ကိုယ့်ဆီကို ဘောလုံးမရောက်အောင် ကွယ်ပြီး closing ကစားတယ်လေ။ ဒီလောက်ကောင်းတဲ့ နည်းစံနစ်မျိုး ကမ္ဘာပေါ်မှာတောင်ရှိမယ်မထင်ဘူး။

အဲဒီလောက်ကောင်းတဲ့ အသင်းဆိုတော့ ပါမောက္ခချုပ်က ဖလားပွဲလုပ်ပေးဖို့စီစဉ်တော့ အသင်းနံမည်ပေးဖို့ရွေးကြတယ်။ အဲဒီအချိန်က
Russel Crowe ပါတဲ့ Gladiator ဇာတ်ကားကလည်း အတော်ကြီးကို နံမည်ကြီးတော့ ကိုယ်တို့အသင်းကို Gladiator လို့ နံမည်ပေးလိုက်ကြသေးတယ်။ ဘောလုံးကန်ဝတ်စုံကိုတောင် အကောင်းတကာ့အကောင်းဆုံးကို ကျကျနန ရွေးဝယ်ထားသေးတာ။ ဘောလုံးဝတ်စုံရဲ့ ရင်ပတ်မှာလည်း မြင်းစီးထားတဲ့ ရောမသူရဲကောင်းပုံကို စတစ်ကာနဲ့ ကပ်ထားလိုက်သေး။ ဒကာတော်ကတော့ ထုံးစံအတိုင်း ကိုယ်တို့အသင်းရဲ့ မန်နေဂျာကြီးပေါ့။ ဒါတင်မကသေးဘဲ အားပေးကြမယ့် သူငယ်ချင်းတွေအတွက် T shirt တွေ ခေါင်းစည်းကြိုးတွေပါထုတ်လိုက်သေးတယ်။ အောင်မယ်... T shirt ရင်ပတ်မှာ စာတမ်းတောင်ပါသေးတယ်။

Lose or win my team.
ရှူံးရှူံးနိုင်နိုင် တို့အသင်းပဲ တဲ့။

ဟုတ်တယ်လေ။ ကိုယ်တို့အသင်းက သေချာပေါက်ရူံးဖိုး ၉၀%လောက်ရှိတာဆိုတော့ အဲဒီလိုကြိုတင်ကာကွယ်ထာ
းရတာပေါ့။ ဒါပေမယ့် ဖလားပွဲက မကန်ဖြစ်လိုက်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတွေကြောင့် ပျက်သွားတယ်။ အဲဒီအကြောင်းကြောင်းတွေထဲက အထင်ရှားဆုံးအကြောင်းတစ်ခုကတော့ ကိုယ်တို့ထက် စီနီယာကျတဲ့ အတန်းက ဘောလုံးသင်း ရပ်ကွက်သင်းတစ်ခုနဲ့ ချစ်ကြည်ရေးကစားကြရင်း ရိုက်ပွဲဖြစ်ကြလို့လေ။ ပါချုပ်ခမျာ ငါးတကာယိုတဲ့ချေး၊ ပုစွန်ခေါင်းပေါ် ရောက်မယ့်အရေးကို ပညာရှိပီပီ ကြိုမြင်သွားတာကြောင့် သူ့ရဲ့ဖလားပွဲအစီအစဉ်ကို ဖျက်လိုက်ရပါရောလား။ တကယ်လို့ ပျက်သာမပျက်ရင် ကိုယ်တို့လည်း အခုကစားနေကြတဲ့ MNL ကလပ်တွေဆီများရောက်ပြီး တစ်လကို သိန်း၂၀လောက်ရတဲ့ ကြေးစားဘောလုံးသမားကြီးတွေများဖြစ်ကုန်မလား မပြောတတ်ဘူးနော...

အင်း...
ဘောလုံးဝါသနာအကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း…။            ။


( ဒီပို့စ်ကို လွန်ခဲ့တဲ့ ကမ္ဘာ့ဖလားအတွင်းက ရေးပြီးတင်ခဲ့တာပါ။ ဒီရက်ပတ်အတွင်း သူငယ်ချင်းတစ်ယောက်က facebook မှာ Gladiator ဓာတ်ပုံတွေ တင်ပေးလိုက်လို့ အရင်ပို့စ်ဟောင်းကို ပြန်မွမ်းမံပြီး ပြန်တင်လိုက်ပါတယ်။ ကိုယ့်ဖာသာကို ပြန်ဖတ်ပြန်ရေးရင်း ငယ်ဘ၀ကို ပြန်သတိရ၊ သူငယ်ချင်းတွေကို လွမ်းမိပါရဲ့... )

27 comments:

ညိမ်းနိုင် said...

အဟား......တခွိခွိနဲ့ တစ်ယောက်တည်းရီလိုက်ရတာ....
ဆရာလည်း ဇမသေးပါလားဗျ....၊အတော်ပဲ....တစ်ပွဲတစ်
လမ်းတော့အကဲစမ်းဦးမှ...အရှုံးပြိုင်ကြမယ်လေ....:))))

blackroze said...

ခွိခွိခွိ..ဆရာအကိုရေ
ဖတ်ရင်းရီနေတာ..ဟီးးဟီးးဟီးးး
ငယ်ကကျောင်းသားဘဝလေးက
လွမ်းစရာလေးနော်...
ဆရာအကိုရေးတဲ့player တွေကို
မျက်စိထဲမြင်ယောင်၇င်း၇ီသွားကြောင်းပါ..

ခင်တဲ့ ပစ်ပစ်

san htun said...

"မနေ့ကပဲ ရှေ့ကမောင်မင်းကြီးသားတစ်ယောက်က ဆစ်ဂနယ် ဘယ်ပြပြီး ညာဘက်ကို ခပ်တည်တည်နဲ့ကွေ့ချသွားတာ ဘောလုံးသမားများ ဘယ်ဘက်ကိုအယောင်ပြပြီး ညာဘက်ကို ဆွဲသွားတာနဲ့တောင် တူသေးတော့..."
ဦးဟန်ကြည်ကြီးရဲ့  ကွန့် မန့် ကို ဖတ်ရကတည်းက ထင်တော့ထင်သား..ခု ပို့ စ်ကို ဖတ်ရတော့မှ ...ကွက်ကွက်ကင်းကင်း မြင်အောင် ရေးတတ်ပါပေတယ်...

ကိုရင်သာပျော့ said...

အား..ဇကတော့ မသေးပါလား..
ဒီပလေယာတွေသာ စုလိုက်ရလို့ကတော့.. :D

PhyoPhyo said...

ရှုံးတာ နိုင်တာထက် ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း ဆရာရေ ..
ပွဲတစ်ပွဲလောက်စီစဉ်ပါလား။ ပြီးတော့ ဆရာ့ ဘလောဂ့်ကနေ Live ပြ ပေး :D ပျော်စရာကြီးရယ်

jasmine(တောင်ကြီး) said...

ဆရာကတော့ အလာကြီးပဲ
တော်တော့်ကိုပျော်စရာကောင်းမယ့်ပုံပါပဲ
ဒီစာဖတ်ရမှ ဆရာကိုပုံဖော်ကြည့်လို့
ကွက်ကွက်ကွင်းကွင်းရပြီထင်တယ်။

ခင်မင်တဲ့ jasmine

ဟန်ကြည် said...

ဒီပို့စ်ကိုဖတ်ပြီး ဘောလုံးကန်ဖို့တော့ မချိန်းကြပါနဲ့ ဘလော့ဂါ၊ ဘလော့ဂီတို့ရယ်...ဦးဟန်ကြည်ခမျာ ၀မရှိလို့ ၀ိမလုပ်ရဲရှာပါဘူးတဲ့...ဇမရှိလို့လည်း ဇိမပြုတ်ပါကြောင်းဗျား...း)))

ကိုကိုမောင်(ပန်းရနံ့) said...

အိပ်ခါနီး ဖတ်မိလို့ မျက်စိ အတော်လေး ကျယ်သွားတယ်။ တစ်ယောက်ထဲ တခွီးခွီးနဲ့။ တစ်ယောက်ယောက်ကများ လှမ်းမြင်သွားရင် သူကြီးမင်း ယဉ်ယဉ်လေး ရူးနေပြီ ထင်နေမှာ သေချာတယ်။

ဆရာဟန်ကြည်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဘောလုံးပွဲတွေထဲက အမှတ်တွေ ရေတွက်ကြည့်နေမိတယ်။ ဆရာဟန်ကြည်တို့က စုစုပေါင်း တစ်မှတ်ကြီးများတောင်။း))

ဒါတောင်မှ ဟိုဘက်က မိန်းမရင့်မာကြီးတွေက ဒီဘက်က ယောက်ျားနုနုနယ်နယ်လေးမို့ တစ်မှတ်ပေးသွားတာ ဆိုပါလား။

သူကြီးမင်းလဲ ကလေးတုန်းကတော့ ဘောလုံး အတော်ကန်သား။ ဒါပေမဲ့ ကစားဖော်ကန်လိုက်တဲ့ ဘောလုံး ရင်ဆို့တည့်တည့်ထိပြီး အင့် အင့် အင့် နဲ့ မြေကြီးပေါ် လှဲကျပြီးကထဲက အခုထက်ထိ မကန်တော့သလောက်ပါဘဲ။

သူကြီးမင်း ကိုယ်ကာယလေးကလဲ ပိစိလေးရယ်။ ဒါပေမဲ့ ၀ါသနာထုံတာက ဘောလုံးနှင့် လက်ဝှေ့။ ကိုယ်တိုင်တော့ မကစားရဲပါဘူးဗျာ။ ကြည့်ချင်တာ ကြည့်ချင်တာ။

ရွာဦးကျောင်းနဘေး ဖြတ်သွားရင်တောင် ကိုရင်ကျောင်းသားတွေ သင်္ကန်းစုပ်ကလေး လုံးကျစ်ပြီး ဘောလုံးခိုးကန်တာကစ ထိုင်ကြည့်တတ်တဲ့ သူကြီးမင်းပါ။။

အခုတော့..
နိုင်ငံတဲ့ အသင်းကို အားပေးရင်း မန်ယူအသဲစွဲ ဖြစ်သွားပါရောလား။ မန်ယူပွဲဆို အင်တာနက်ကနေ မရရတောင် ကြည့်ဖြစ်တယ်။

တောက်.. ဒီနေ့မှ stoke နဲ့ ၁-၁ သရေကျသွားတယ်။ အနိုင်ကန်တာ မဟုတ်ဘူး။ အောက်ကကောင်တွေ မြှောက်ကြွမြောက်ကြွ ဖြစ်ကုန်ဦးမယ်။ အထူးသဖြင့် ချက်ကြီးပေါ့။ မေတ်တာကို နဲနဲလေးမှ မရှိတာ။ ပြောရင်း ဘယ်ရောက်ကုန်ပြီမသိ ဟာဟ။

ခင်မင်လျှက်

ကိုကိုမောင်(ပန်းရနံ့) said...

အဲ...
ဒါနဲ့..စကားမစပ်။ ဆရာဟန်ကြည့် အသင်းမှာ ကျော်စွာအောင်က နှစ်ယောက်ရှိတာလား မသိ။

new.theory said...

ဆရာရေ အနော်တို့လည်းဘောလုံကို မျိုးနဲ့ရိုးနဲ့
အားပေးတာ..မှက်မီသေးတယ်..
ဟိုးအရင် မြန်မာနဲ့ထိုင်း ပွဲတီဗိကလာတော့ ..
အဲ့ဒီနေ့က အနော်အမေကြီး ဈာပနချရက်နဲ့တိုက်ဆိုင်
နေတာ.ဘောပွဲလာတဲအချိန်နဲ့.ဈာပန ချမယ့်အချိန်နဲက
တိုက်ဆိုင်နေတော့..နာရေးလာတဲ့သူတွေ ဘောပွဲလာတဲ့တိဗိ
ရှေ့ပဲပြေးကုန်ကျတော့ အမေကြီး ဈပန ကို
ညမှောင်မှောင် ..မှန်အိမ်ထွန်းပြီး..ချခဲ့ရတယ်..လေ..


ခင်မင်လေးစားလျှက်(ဒုတိယ)

မအိမ်သူ said...

တောက်.. ဆရာဦးဟန်ကြည်တို့အသင်း ဖလားပွဲ မကစားလိုက်ရတာ နာတယ်..ပြိုင်ဖက်မရှိ ချန်ပီယံဖြစ်မဲ့အသင်းတသင်း တိမ်မြုပ်သွားရတာပေါ့နော..မြန်မာ့ဘောလုံးလောကကြီး နစ်နာသွားရတာ ဒါ့ကြောင့်ကိုး...း)))

SHWE ZIN U said...

ကစားနည်း တွေ မှာတော့ ဘောလုံး ကစားနည်း လောက် ရင်ခုန်တာမရှိ
(အလုံးလေး မလားလို့တော့ မသိ)

ခင်မင်စွာဖြင့်
ဆရာ့ အသင်းလေး ကို အားပေးသွားပါတယ် ရေသန့် ဗူးနဲ့ပါ

ရွှေစင်ဦး

ဟန်ကြည် said...

ဟုတ်ပ...သူကြီးပြောမှ ပြန်ကြည့်မိတယ်...ရှိစုမယ့်စုလူလေးတွေ ရေကြည့်ရင်း ကျော်စွာအောင်ကို နှစ်ခါပြန်ရေမိသွားတယ်....း))) လူများတယ် ထင်ရတာပေါ့...ဟား ဟား

တောက်ပကြယ်စင် said...

ဆရာရေ စိုင်းခွန်မျိုးနောင်ရဲ့ ခြေသလုံးက ဂစ်တာကြိုးလောက်ရှိတယ်ပေါ့။ ဒါဆို အကြီးကြီးနေမှာနော်။ ကိုမင်းလို သူငယ်ချင်းမျိုးလိုချင်တယ်။ ရှာပေးဦးလေ။ ဟီး။

မင်းဧရာ said...

ဟား ဟားးးးးးး
အတော်လေးကို ကောင်းတဲ့အသင်းပဲ အရမ်းရယ်ရတယ်ဗျာ။

ဆရာ တို့သူငယ်ချင်းတွေ ပြန်စုပြီး
မြန်မာ ဘေားလုံး အသင်း ကို နည်ပြသင့်တယ် ဆရာ
အဲဒါ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဖာဂီ ကြီးတောင်
ထိုင်ငိုသွားလောက်တယ်။

ချောအစိမ်းရောင်လွင်ပြင်) said...

ဆရာဟန်ငယ်ဘဝရဲ့ ဘောလုံးအကြောင်းဖတ်တော့ ဒေါ်ချောတို့လည်း ဘောလုံးကန်ခဲ့တာ သတိရပါ့ရဲ့ရှင်။ ကျွန်မကလည်း ဘောလုံးပွဲ သိပ်ကြိုက်တာ ။ ကိုယ်တိုင်တောင် ဝင်ကန်ခဲ့တာ။ နောက်တာမထင်နဲ့ တကယ်ကန်ခဲ့တာနော်။း) ကညာပျိုနဲ့ ဇရာအို ဆိုပြီး ကန်တာ ။ ပွဲပြီးသည်ထိ ဘောလုံးကို တစ်ချက်မှ ထိအောင် မကန်နိုင်ဘဲ လူလိုက်ဆွဲနေတာနဲ့ ပြီးသွားတာ ပြန်သတိရတယ်။ ဟိဟိ

မဒမ်ကိုး said...

လူလျှောက်ကန်တဲ့လူတွေ ..စိတ်နာတယ် ကလေးဘ၀က ကွင်းဘေးထိုင်ကြည့်နေတာ .
အဲလိုကန်ကြလို့ မျက်နှာကိုလာမှန်ပြီး လူတောင်မြောင်းထဲပြုတ်ကျတယ်
စိတ်နာတယ် စိတ်နာတယ် လူလျှောက်ကန်ကြီးတွေး)

An Asian Tour Operator said...

ဆရာဟန် တို့ အသင်းက တော့သူခေတ်နဲ့ သူနာမည် ကြီးပဲ ဖြစ်ရမယ်။ :)

sosegado said...

ဘာပဲဖြစ်ဖြစ် ဓါတ်ပုံထဲမှာ ရွှေဖလားလေးနဲ့
ရှုံးရှုံးနိုင်နိုင် ငါတို့အသင်းကွ ဆောင်ပုဒ်လေးကြိုက်တယ်။

မေသိမ့်သိမ့် ကျော် said...

ဟားဟား။ ဘောလုံးခရေဇီပေါ့။ ပို့စ်လေးဖတ်ပြီး တော်တော်လေးကို ရယ်မောပျော်ရွှင်သွားတယ်ရှင်။

ခင်တဲ့
မေသိမ့်

Anonymous said...

ဘောကိုချစ်တယ်
ဘောကိုမြတ်နိုးတယ်
ဘောကိုအားပေးတယ်
ဘောကိုမပြတ်ကြည့်တယ်
ဘော= ဘောလုံး

ဆရာတို့အသင်းကိုအားပါးတရအားပေးသွားပါတယ်ဗျာ
မောင်ဘကြိုင်လည်းဘောဝါသနာရှင်တစ်ဦးပါ ကိုယ်တိုင်လည်းကန်ပါတယ် ဒါပေမယ့် ခုများတော့ သက်လုံသိပ်ကောင်းဖူးရယ်


ဘောချစ်သူ
မောင်ဘကြိုင်

ကိုဇော် said...

ဝါသနာကတော့ အတော် တူတာပဲဗျို့။
ကျနော်ကတော့ ကြည့်လည်း ကြည့်တယ် ၊ ကန်လည်း ကန်ပါတယ်။ အခု ဒီမှာတောင်မှ အလုပ်က ညဆိုင်းမို့လို့။ ဒါတောင်မှ သွားကန်ကန်ဖြစ်နေသေး။ အမေကတော့ ပြောတယ် " ငါ့သားက ကလေးကန် ခွေးကန် အကုန်ကြည့်တာပဲကိုး " တဲ့။ တကယ်လည်း ကျနော်က ကန်စရာ မရှိရင် ခွေးနဲ့ပါ ဘောလုံး လုကန်တတ်တဲ့ ကောင်ဗျ။

ဆူးသစ် said...

တစ်ခေါက်ရေးတင်လိုက်တာဘယ်ရောက်သွားမှန်းမသိတာနဲ့ နောက်တစ်ခေါက်လာရေးတာပါ။ ကျွန်တော်တို့တုန်းကတော့ W လို့ခေါ်တဲ့လမ်းပေါ်ကန်ရတဲ့ကော်ဘောလုံးခေတ်။ ကျွန်တော်လည်းကိုဟန်ကြည်လိုဝါသနာပါပေမယ့်မကန်နိုင်တော့ပါဘူး။ ဒါနဲ့မန်ယူပရိသတ်လား။ ကျွန်တော်ကအာဆင်နယ်ပရိသတ်ပါ။ ဘာပဲဖြစ်ဖြစ်ရေးဖော်တစ်ယောက်ဘောလုံးဝါသနာပါလို့ဝမ်းသာပါတယ်။ ဟာသဥာဏ်လည်းတော်တော်ရွှင်ပုံရတယ်။
ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ် ဆိုတဲ့စာကိုဖတ်ပြီးတော်တော်ရယ်မိသေးတယ်။ ရေး အားကောင်းပုံရတယ်။ အားပေးပါတယ်။

ဆူးသစ် said...

ကျွန်တော်လင့်ချိတ်ထားလိုက်ပါပြီခင်ဗျာ......

ဟန်ကြည် said...

ကိုဆူးသစ်ရေးလိုက်တဲ့ ကွန်မန့်ကို စပမ်းထဲမှာ ရှာတာလည်း မတွေ့တော့ပါ...တစ်ခုခု မှားသွားလို့ ပျောက်သွားတာ ဖြစ်ပါလိမ့်မယ်...လင်ခ့်ချိတ်ပေးတာ ကျေးဇူးတင်ကြောင်း ပြောပါရစေ...

မဒမ်ကိုး said...

ီစီဘောက်ပျောက်နေလို့ လာအော်သွားတယ်နံမည်ဗျိုးးး ဆရာဦးဟန်ကြည် နံမည်း)

မြစ်ကျိုးအင်း said...

အရေးအသား ပြောင်မြောက်လွန်းလို့ ဖတ်ရင်းနဲ့ ရီလိုက်ရတာ။ ဒီလို ပေါ့ပေါ့ပါးပါး ငယ်ဘဝ ပို့စ်လေးတွေလည်း သဘောကျတယ်။

ကြိုက်ရင်ပေါ့လေ . . .