Wednesday, 27 June 2012

သူကြီးသား ပေါက်ကြီး၏ စွန့်စားခန်းများ ( ၁ ) . . .


ကျုပ်က သူကြီးသားဗျ။

 သူကြီးသားဆိုလို့ တုံးဖလားရွာက သူကြီးမင်း ကိုကိုမောင်ကိုလည်း မျက်စိထဲမှာ သွားမမြင်နဲ့ဦး။ တုံးဖလားသူကြီးက သားရှိဖို့နေနေသာသာ သူ့ကိုယူရဲတဲ့မိန်းမတောင်မရှိရှာလို့ ငှက်ပျောပင်ကို မျက်စောင်းထိုးနေရတာရယ်။ ကျုပ်အဖေသူကြီးဆိုတာ အထက်အညာဆီက “ မန်ကျည်းတော ”ဆိုတဲ့ ရွာငယ်ဇနပုဒ်က သူကြီးပါဗျာ။ ရွာနံမည်က လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ဇာတိ
“ မန်ကျည်းတုံ ” နဲ့ဆင်ပေမယ့် ကျုပ်တို့ရွာကတော့ လက်ဝဲမပြောနဲ့ ခြေ၀ဲတောင်ထွက်တဲ့ရွာမဟုတ်ဘူး။ မထွက်ဆို တစ်ရွာလုံးလည်း စာတို့ပေတို့နဲ့ ဝေးကြသကိုး။ ကျုပ်တို့ရွာသူရွာသားတွေရဲ့ ကလေးတွေကို ရွာဦးကျောင်းက ဘကြီးဘုန်းကြီးကတော့ စာသင်ပေးပါရဲ့။ ခက်တာက ကျုပ်တို့ကလေးတွေဆိုတာကလည်း တွက်ရချက်ရတဲ့ဂဏန်းထက် ဖမ်းပြီးမီးဖုတ်စားရတဲ့ ဂဏန်းကို ပိုပြီးအာတွေ့ကြတာကလား။ ကျောက်သင်ပုန်းဆိုတာကိုလည်း စာရေးဖို့ထက် ရန်ဖြစ်တဲ့အခါ အချင်းချင်းခုတ်ရတဲ့ လက်နက်လို့ပဲ မှတ်ကြတဲ့ကောင်တွေဆိုတော့လည်း ကိုယ့်နာမည်ကိုယ် ရေးတတ်ဖတ်တတ်ရင် ကျောင်းထွက်ပြီး လယ်ထဲဆင်းကြတော့တာပဲ။ စာတတ်မှသာ ထမင်းစားရရိုးဆိုရင် ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ငတ်သေတာကြာလှရောပေါ့။

ကျုပ်ကတော့ ဘကြီးဘုန်းကြီးရဲ့အချစ်ဆုံးတူအရင်းဖြစ်လို့ ကျန်တဲ့ကောင်တွေထက်တော့ စာပိုတတ်တာပေါ့လေ။ မတတ်ပဲနေပါရိုးလား။ ငါးနှစ်သားလောက်ကတည်းက ရွာဦးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေပြီး ကျောင်းသားယောင်ယောင် ကပ္ပိယယောင်ယောင် လုပ်နေခဲ့တာ အခုအသက် ၂၀ လူပျိုကြီးဖားဖား ဖြစ်တဲ့အချိန်အထိကိုး။ သူများတွေလယ်ထဲဆင်းကြပေမယ့် ကျုပ်တစ်ယောက်တည်း ရွာဦးကျောင်းမှာ စာသင်နေတယ်ဆိုတော့ စာတွေအတော်တတ်မှာပဲလို့လဲ ကျုပ်ကိုအထင်မကြီးနဲ့ဦး။ ကျုပ်ကလည်း စာတတ်ချင်လွန်းလို့ ကျောင်းမှာနေတာ ဘယ်ဟုတ်လိမ့်တုန်း။ ကျုပ်အဖေသူကြီး ညနေတိုင်းမူးမူးပြီး သောင်းကျန်းတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ ရွာဦးကျောင်းမှာ မနေချင်ဘဲသွားနေရတာ။ လယ်ထဲကိုင်းထဲဆင်းဖို့ဆိုတာများကတော့ အိပ်မက်ထဲတောင် ထည့်မမက်ဘူး။ ဘယ့်နှယ်။ ဖင်ထဲကို ရွှံ့တစ်ပိဿာခွဲလောက်ဝင်အောင် တစ်နေကုန်တစ်နေခမ်း ကုန်းရုန်းလုပ်မှ ထမင်းစားရတဲ့ အလုပ်မျိုးကို ကျုပ်လား စိတ်ဝင်စားမှာ။ ဝေးပါသေးရဲ့။ ကျုပ်ဖာသာကျုပ် ဘကြီးဘုန်းကြီးရဲ့ ကျက်သရေခန်းကို မောင်ပိုင်စီးပြီး သူစိတ်ချမ်းသာအောင် စာလေးဘာလေးဖတ်ချင်ယောင်ဆောင်၊ ညနေရောက်ရင် မနက်ကလက်ကျန် ထမင်းကြမ်းခဲကလေးယပ်ခတ်စားပြီး ဇိမ်နဲ့နှပ်နေတာကမှ သက်သာသေးတယ်။

ကျုပ်အဖေသူကြီးကလည်း ကျုပ်ကိုချစ်ရှာပါတယ်။ ငါ့သားကြီးလူပျိုဖြစ်ပြီ ရွာထဲက ဘယ်ကောင်မကိုယူချင်သလဲ အဖေရအောင်ပြောပေးမယ်ဆိုတဲ့စကားက ကျုပ်အသက် ၁၆ နှစ်လောက်ကတည်းက မကြာမကြာပြောတဲ့စကား။ ကောင်မလေး လှတပတတစ်ယောက်ယောက်မြင်တိုင်း ကျုပ်ကို မျက်စပစ်ပစ်ပြချင်သေးတာ။ တုံးဖလားသူကြီးမင်းရဲ့အဖေနဲ့များကွာပါ့။ ခမျာမှာ စွံချင်ရှာလျှက်နဲ့ အဖေညံ့လို့ လူပျိုကြီးမဖြစ်ချင်ဘဲ ဖြစ်နေရတာကလား။ ကျုပ်အဖေကျပြန်တော့လည်း ကျုပ်ကိုစွံစေချင်လွန်းလိုက်တာမှ တစ်ပိုင်းတင်မကဘူး နှစ်ပိုင်းကိုသေနေပါရော။ ဒါတောင် ကျုပ်က ဘုန်းကြီးကျောင်းသွားနေလို့ သက်သာတာ။ အဖေနဲ့များအတူနေမိရင် သူလုပ်တာနဲ့ပဲ ကျုပ်မှာ အသက် ၂၀၊ ကလေး ၃ ယောက်ဆိုတဲ့ကိန်းဆိုက်မှာ သေချာတယ်။ ကျုပ်အမေကလည်း ကျုပ်ကိုမွေးတုန်းက မီးတွင်းထဲမှာ ဆုံးသွားလေတော့ ကျုပ်အဖေခမျာလည်း နောက်တစ်ပင်ထူချင်ရှာတယ်ထင်ပါ့။ ကြောင်ကခံတွင်းပျက်နေပေမယ့် ရွာထဲကဆက်ရက်တွေကလည်း တောင်ပံမကျိုးကြတာကြောင့် စိတ်နောက်ကို ကိုယ်မပါနိုင်ရှာဘဲ စိတ်နာနာနဲ့ ကျုပ်ကိုအတင်းမြှောက်ပေးနေတာထင်ပါရဲ့။

ကျုပ်ကလည်းကျုပ်။ ရွာနားမြက်၊ ရွာနွားမစားချင်ဘူးဆိုတာ ကျုပ်အတွက် အတော်မှန်တဲ့စကား။ ရွာထဲက ထွေးညိုတို့၊ ဗွေးတုတ်တို့ကို မိန်းမလို့တောင် ကျုပ်ကထင်တာမဟုတ်ဘူးရယ်။ သနပ်ခါးဘဲကြားနဲ့ ဒီဟာမတွေကို ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်လို့ကိုမရတာ။ ပြောပေါက်ဆိုပေါက်တွေကလည်း ရင်ခုန်ဖို့နေနေသာသာ၊ ခုန်နေတဲ့ နှလုံးတောင်ရပ်လောက်တယ်။ ထွေးညိုလို့များခေါ်ကြည့်လိုက်။ ထူးပါလိမ့်မယ် “ ဘာတုန်း ကိုရင်ပေါက် ” လို့။ ကျုပ်ဖတ်ဖူးတဲ့ ဘုတ်အုပ်တွေထဲကလို “ ရှင် ကိုကိုပေါက် ” ဆိုတာမျိုး ဝေလာဝေး။ သွားပုံလာပုံတွေကလည်း ဗြန်းဗြန်းကွဲ။ ကြားဖူးတဲ့ ဆင်မယဉ်သာတို့ သမင်လည်ပြန်တို့ ဘယ်ဟုတ်လိမ့်မတုန်း။ နာဠာဂီရိဆင်ကြီးကို အရက်ကိုးမောင်းတိုက်ထားသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဘာလုပ်လုပ် ဆိုးခနဲဆတ်ခနဲ။ မထင်ရင်မထင်သလို ထဘီစွန်တောင်ဆွဲပြီး အော်ဆဲချင် ဆဲသေးတာ။ ဒါမျိုးဟာမတွေနဲ့တော့ ကျုပ်မအိုချင်ပေါင်။ ကျုပ်အဖေသူကြီးကတော့ သူတွန်းသလောက်မရွေ့တဲ့ကျုပ်ကို မြင်ပြင်းကတ်လာဟန်တူတယ်။ တစ်ခါကတော့ “ အေး မင်းမယူလည်း ငါ့ဖာသာပဲ ယူတော့မယ် ” လို့ ဘုတောသွားလေရဲ့။ ယူပေါ့။ ကျုပ်မှမယူချင်တာ။ သူကြိုက်တာသူယူ။

----------------------------

အဲဒီလိုနဲ့ ကျုပ်သမိုင်းကျုပ်ရေးပြီး ရွာဦးကျောင်းမှာ အေးအေးလူလူ ဇိမ်တည်နေတုန်း အရေးထဲမှာ အရာပေါ်ပါလေရော။ ဖြစ်ပုံက တိုးတက်လာတဲ့ခေတ်ကြီးပေါ့။ ကျုပ်တို့ရွာမှာ ဟိုးပဝေသဏီကတည်းက နာရီဆိုတာ မြင်တောင်မြင်ဖူးကြတာ မဟုတ်ပဲကလား။ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်ရွာ၊ ကိုယ့်ကျောင်းဆိုတော့ ကိုယ်ကြိုက်တဲ့အချိန်လယ်ထဲကောက်ဆင်းလိုက်ရင် ပြီးရောမဟုတ်လား။ မြို့သားတွေလို ရုံးနောက်ကျလို့ အလုပ်ပြုတ်မှာလည်း ပူစရာမှမလိုဘဲ။ တစ်ရွာနဲ့တစ်ရွာ သွားချင်လာချင်ရင်လည်း အိမ်ကနွားနှစ်ကောင်ကို လှည်းမှာတပ်ပြီး ကြိုက်တဲ့အချိန် တက်မောင်းသွားရုံပဲ။ ဘုတ်အုပ်ထဲက မြို့သားတွေလို လိုင်းကားမမီတာတို့၊ ရုံးကားမမီတာတို့လည်း ဘယ်ရှိလိမ့်မတုန်း။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ၊ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိတာပ။

မနက်မိုးလင်းလို့ ရွာဦးကျောင်းက တုံးမောင်းခေါက်ရင် ကျုပ်တို့တစ်ရွာလုံး အိပ်ရာထလိုက်ရုံပဲလေ။ ကာလသားတွေ ဘွန္တောဟစ်သံကြားရင် ဆွမ်းချက်လိုက်ရုံပဲပေါ့။ ဝေလီဝေလင်းဆိုရင် ယာထဲ ကိုင်းထဲဆင်း၊ ဆွမ်းစားခေါင်းလောင်းထိုးရင် မနက်ခင်းလုပ်ငန်းသိမ်းပြီး ထမင်းစား၊ နွားကျောင်းသားတွေ စားကျက်ကပြန်လာကြရင် လယ်ထဲကတက်လိုက်ရုံနဲ့တင် တစ်နေ့တာပြီးတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အချိန်စကားပြောရင်လည်း “ ဆွမ်းခံပြန်ချိန်လောက် ပြန်ရောက်မယ် ” 
“ နေထန်းတစ်ဖျားလောက်ဆိုရင် လယ်ထဲကတက်မယ် ” “ အလွန်ဆုံးကြာရင် ထမင်းတစ်အိုးချက်ပေါ့ ” ဆိုတာနဲ့တင် နားလည်ကြပြီးသား။ ညဘက်ဆိုရင်လည်း “ သူငယ်အိပ်ဆိတ်ချိန်”  တို့ “ သက်ကြီးခေါင်းချချိန် ” တို့  “ ကြက်ဦးတွန်ချိန် ” ဆိုပြီး သူ့ဖာသာ အလိုက်သင့် အလျားသင့်ပိုင်းထားတဲ့အတိုင်း သတ်မှတ်လိုက်ရုံပေါ့။ ကျုပ်တို့ဘိုးဘေးများလက်ထက်ကတည်းက ဒီအတိုင်းပဲ သုံးလာကြတာ ဘာပြဿနာမှကို မပေါ်ခဲ့ပေါင်။ ခေတ်ကြီးပြောင်းလာတဲ့ ကျုပ်တို့လက်ထက်ရောက်မှ တိုင်ကပ်နာရီနဲ့ စားပွဲတင်နာရီနဲ့ လက်ပတ်နာရီနဲ့ ရှုပ်လာတော့တာ။

ကျုပ်တို့ရွာသားတွေကတော့ လေလာရာဖင်ပေး၊ အေးအေးပါပဲ။ အဲဒီနာရီဆိုတာကြီးကို ကိုယ်နဲ့မဆိုင်မှန်း သိကြပြီးသား။ ခက်တာက တစ်ရွာနဲ့ တစ်ရွာအကျောမခံကြတဲ့ ကျုပ်တို့အညာဓလေ့ပေါ့။ တောင်ဘက်ရွာက ဘုန်းကြီးကျောင်းမှာ အော်ဂင်နာရီတစ်လုံး တပ်လိုက်ရာကနေ ဒီဇာတ်လမ်းက စတော့တာပဲ။ အဲဒီအော်ဂင်နာရီက တကတည်း တစ်နာရီတစ်ခါ တဒင်ဒင်မြည်တော့တာကိုး။ နာရီသံကို တစ်ရွာလုံးကြားရအောင် လော်စပီကာနဲ့ တွဲထားပြန်သေးတာ။ လေများသင့်ရင် ကျုပ်တို့ရွာဘက်ကပါ အဲဒီနာရီသံတဒင်ဒင်ကို ကြားရတော့တာပဲ။ အဲဒီရွာက ရွာသားတွေဆိုရင် နာရီသံတစ်ချက်ကြားရင်ကို နွားပြာကြီးအောက်သွားမရှိသလို ပါးနှစ်ဖက်မေးတက်ချိတ်လောက်အောင် ဖြဲနေကြတာပ။ ဒါတင်မကသေးဘဲ ကျုပ်တို့နဲ့လမ်းမှာများဆုံရင် “ ဟေ့ မင်းတို့ရွာမှာ အော်ဂင်နာရီလေးများ မရှိကြသေးဘူးလား ” လို့ ခနဲ့သေးတာရယ်။

ကြာလာတော့လည်း ကျုပ်တို့တစ်ရွာလုံး နားကြားပြင်းကတ်လာကြဟန်တူပါ့။ ကျုပ်အဖေသူကြီးပါးစပ်ကပါ “ တောင်ရွာသားတွေ လူပါးဝချက်ကတော့ကွာ ” ဆိုတဲ့ အသံထွက်လာတော့တာပဲ။ ကျုပ်အဖေသူကြီးက ရွာထဲမှာ ဖြစ်ချင်တာဖြစ်၊ လုပ်ချင်တာလုပ်၊ လေကုန်ခံပြီး စကားထဲထည့်ပြောတဲ့လူမှ မဟုတ်ဘဲ။ သူ့မျက်စိနဲ့မတည့်ရင် လက်ညှိုးထိုးပြပြီး ထိပ်တုံးခတ်ခိုင်းလိုက်တာပဲ။ အခုဟာက တောင်ရွာသားတွေက ကြွားလုံးကြီးပုံက ကျုပ်အဖေလို အေးအေးလူလူနေတဲ့လူပါ ဒေါကန်လာလောက်အောင်ဖြစ်တယ်ဆိုတော့ ကျန်တဲ့ရွာသားတွေ စိတ်ထဲမှာ ဘယ်လောက် ကလိကလိဖြစ်မယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။ ဒါနဲ့ပဲ ကျုပ်တို့ရွာဦးကျောင်းမှာလည်း အော်ဂင်နာရီတစ်လုံးလောက်တော့ ရှိသင့်တယ်လို့ ဖြစ်လာပါရော။ ဘယ်တုန်းကမှ မညီညွတ်ခဲ့ဖူးဘဲ သူတစ်လူ ငါတစ်မင်းလုပ်နေခဲ့တဲ့ ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ညီချက်ကတော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ်မှာ ဒီတစ်ခါပဲ မြင်ဖူးတယ်လို့ပြောရင် လွန်တယ်ထင်ကြမယ်။ ကပ်စေးနှဲ၊ ကော်တရာ ဦးဂွတိုလိုလူမျိုးဆီကတောင် နာရီဝယ်ဖို့ရန်ပုံငွေထွက်လာတယ်ဆိုရင် ကျုပ်ပြောတာကို သဘောပေါက်ကောင်းရဲ့။

သူရို့ဖာသူတို့ နာရီဝယ်ကြတာ ကျုပ်နဲ့ဘာဆိုင်သလဲလို့တော့ မမေးလေနဲ့။ ငါးတကာယိုတဲ့ချေးက နောက်ဆုံးကျရင် ပုစွန်ဆိတ်ခေါင်းမှာ လာစုရိုးထုံးစံ ရှိရဲ့မဟုတ်လား။ အခုလည်း နာရီဝယ်ဖို့ ပိုက်ဆံလည်းပြည့်ရော ကျုပ်အဖေသူကြီး ကျုပ်ဆီကို ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာပါလေရော။ ကျုပ်ခမျာလည်း ကျောင်းဝန်းထဲကို သူဝင်လာကတည်းက မျက်ခုံးကခပ်လှုပ်လှုပ်ရယ်။ ဘယ်ကာလသမီးကိုများ မျက်စိကျပြန်ပြီလဲဆိုတာတွေးရင်း ဆင်ခြေပေးဖို့စကားလုံးတွေတောင် အဆင်သင့်စီနေမိသပေါ့။ ဒါပေမယ့် “ ဟေ့ ပေါက်ကြီး အော်ဂင်နာရီဝယ်ဖို့ မင်းမနက်ဖြန် မြို့ကိုသွားရမယ် ” လို့ ခရီးရောက်မဆိုက် တစ်ချက်လွှတ်ထုတ်လိုက်တဲ့ အမိန့်သံကြားမှပဲ ရင်ထဲကအလုံးကြီး ဂလုခနဲမြည်အောင် ပြန်ကျသွားလေရဲ့။ ရင်ထဲက အလုံးက ကျသွားပေမယ့် ခေါင်းကကြီးလာပြန်လေရောဗျို့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် ကျုပ်လိုရွာသိမ်ဇနပုဒ်က တောသားအတွက် မြို့ကြီးပြကြီးကို သွားရမယ့်အရေးဟာ သေးသေးဖွဲဖွဲကိစ္စမှ မဟုတ်ကပဲလားဗျာ။ ကျုပ်ကလည်း ကျုပ်ရွာမှာစာအတတ်ဆုံးဆိုပေမယ့် အနှီရန်ကုန်ဆိုတဲ့ မြို့ကြီးကို ဘုတ်အုတ်ထဲမှာပဲ ကြားဖူးတာကလား။ ဒါတောင် အဲဒီဘုတ်အုတ်တွေဆိုတာ ဘယ်ကမ္ဘာရှစ်ခုက ရေးထားတဲ့ ဘုတ်အုပ်တွေမှန်းလည်း မသိ။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရားကြီးကတော့ နေရာမပြောင်းတန်ဘူး အောက်မေ့ရတာပဲ။

ခပ်တိုတိုပြောရရင် ကျုပ်နဲ့အတူ အော်ဂင်နာရီစွန့်စားခန်းထွက်ဖို့ ဘကြီးဘုန်းကြီးက စိတ်ချလက်ချ ထည့်လွှတ်လိုက်တဲ့ အောင်ဘုဆိုတဲ့ ကျောင်းသားနဲ့အတူ နောက်တစ်ရက်မနက်မှာ ရွာကနေ ခွာရပါလေရောဗျို့။ အောင်မယ်။ ကျုပ်တို့ရဲ့စွန့်စားခန်းကြီးကို တစ်ရွာလုံးက သောင်းသောင်းဖျဖျ အားပေးကြသကိုး။ ကျုပ်တို့နှစ်ယောက်ကို ကားလမ်းမကိုလိုက်ပို့ဖို့ ရွာလုံးကျွတ်နီးပါး ပါလာကြပါလေရော။ ကျုပ်တို့ရွာနဲ့ ကားလမ်းကလည်း နှစ်မိုင်နီးပါးလောက်ဝေးပြန်တာမို့ လှည်းတွေတသီတတန်းကြီးနဲ့ အညာအလှူပွဲကြီးလို တပျော်တပါးကြီးပေါ့လေ။ ကလေးတွေက တအီအီ၊ ခွေးတွေက တစီစီနဲ့ ဘာမထီပေါက်ကြီးတို့ရဲ့ မဟာခရီးစဉ်ကြီးလို့ပဲ စာသံပေသံနဲ့ ပြောချင်တော့တာပါပဲ။

-----------------------------

အပိုင်း ( ၂ ) ကို ဆက်ပါဦးမယ် . . .

Monday, 18 June 2012

စာတတ်နဲ့ ပညာတတ် . . .

သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယမ်းမှုန့်ခေတ်၊ ဘာခေတ် ညာခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ဖြတ်သန်းလာလိုက်တာ လောလောဆယ် ဦးဟန်ကြည်တို့ ရပ်တည်ရှင်သန်နေတဲ့ ခေတ်ကြီးကိုတော့ ပညာခေတ် ( Knowledge age ) လို့ ပညာရှင်တွေက သတ်မှတ်ထားကြပါသတဲ့။ ကျောက်ခေတ်တုန်းကတော့ ကျောက်လက်နက်ကောင်းတွေ ပိုင်ဆိုင်တဲ့ လူစု၊ အားခွန်ဗလ ကောင်းတဲ့လူစုလက်မှာ ပါဝါရှိခဲ့ပေမယ့် ပညာခေတ်မှာ ပညာရှင်တွေလက်ထဲကို ပါဝါရွှေ့ပြောင်းလာတယ်ဆိုတာ ပို့စ်တစ်ခုမှာ ဦးဟန်ကြည် ရေးဖြစ်ခဲ့ပါသေးတယ်။

ပညာခေတ်ကြီးမှာ ရွှေပြည်သားတွေအားလုံးလိုလို ပညာနောက်ကို ကောက်ကောက်ပါအောင် လိုက်ချက်ကတော့ ပြောမယုံ၊ ကြုံဖူးမှပဲ သိကြတော့မှာပါပဲ။ ဘယ်ဂျာနယ်ကိုကောက်လှန်လှန် ပညာရေးဝန်ဆောင်မှုကြော်ငြာတွေမှ မမြင်ချင့်အဆုံး။ ဆယ်တန်းအောင်ရင် ဆေးကျောင်းတက်မယ်၊ စက်မှုတက္ကသိုလ်တက်မယ်လောက်ပဲ စိတ်ကူးခဲ့ပြီး ဆရာဝန်လုပ်ဖို့၊ အင်ဂျင်နီယာလုပ်ဖို့လောက်ပဲ ရည်မှန်းနိုင်ခဲ့တဲ့ ဦးဟန်ကြည်တို့ခေတ်နဲ့လည်း အကွာကြီးကွာခဲ့ပြီပေါ့လေ။ ကလေးပေါက်စအရွယ်ကတည်းက ILBC တို့ ELA တို့မှာ နိုင်ငံတကာအဆင့် ပညာတွေ အပြိုင်အဆိုင် သင်ယူကြပြီး GCE – O Level ပြီးတာနဲ့ နိုင်ငံခြားမှာ ပညာသင်ယူဖို့ဆိုတာ ဒီဘက်ခေတ်ကလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့ ဝေါဟာရသစ်တစ်ခု ဖြစ်နေပါရောလား။ ထို့နည်းတူပဲ မိဘတွေရဲ့ ပါးစပ်ဖျားမှာလည်း တို့သားကို ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်မှာ ထားတယ်ဆိုတာ မော်ဒန်ကြွားလုံးတစ်ခုဖြစ်လာပြန်ပါပေါ့။ ကိုယ့်တိုင်းပြည်က လူငယ်တွေ နိုင်ငံတကာပညာတွေ အပြိုင်အဆိုင် သင်ယူကြ၊ အားတက်သရောကြိုးစားကြတာတွေမြင်ရတော့ ဦးဟန်ကြည်ခမျာ ၀မ်းသာဝမ်းနည်းကို ဖြစ်လို့။

အနှီလိုပြောပြန်တော့ ဆရာ့နှယ် ကလေးတွေ နိုင်ငံတကာပညာကောင်းတွေ သင်ယူကြတာ ၀မ်းသာတယ်ဆိုဟုတ်သေးရဲ့ ဘယ့်နှာဖြစ်လို့ ၀မ်းနည်းတာကြီးက ပါလာရပြန်တာလည်းလို့ မေးပြန်ရင်လည်း မေးစရာပါ့လေ။ သြော် . . . ကိုယ့်တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ တကယ့်ပညာကောင်းတွေ သင်ယူခွင့်ရကြတာ ဘယ်ဝမ်းမသာဘဲ နေလိမ့်တုန်းဗျာ။ ဖြစ်နိုင်ရင် ကိုယ်တိုင်တောင် နိုင်ငံတကာပညာရေးကို မြည်းစမ်းခွင့်၊ နိုင်ငံတကာကလူတွေနဲ့ ရင်ဘောင်တမ်းပြီး ကြိုးစားပြခွင့် တစ်ပွဲတစ်လမ်းလောက်တော့ ရချင်သေးတာပဲ။ ၀မ်းနည်းရခြင်းကတော့ ကိုယ့်တိုင်းပြည်မှာ အဆင့်မီပညာရေးမျိုး မပေးနိုင်သေးတာကြောင့် ကိုယ့်ပြည်က ကလေးတွေ၊ လူကြီးတွေ ပြည်ပမှာ ငွေကြေးပေါင်းများစွာ သောက်သောက်လဲ အကုန်ခံပြီး ပညာသင်ယူနေကြတာ တွေးမိလို့ပါ့။ အနှီလို သွားသင်နေကြရတော့ ကိုယ့်တိုင်းပြည်က ရသင့်ရထိုက်တဲ့ ပညာရေးဝန်ဆောင်ခတွေကို ပြည်ပနိုင်ငံတွေက ရကုန်ကြတာတွေလည်း တွေးမိပြီး နှမြောမိတာကြောင့်လည်း ၀မ်းသာစိတ်ထဲမှာ ၀မ်းနည်းစိတ်ကလေး စွက်သွားရတယ် ဆိုကြပါစို့။

ဒီနေ့ခေတ်စားနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကလည်း ရောင်းလို့ရတာ အကုန်ရောင်းဆိုတဲ့ မူပေါ်မှာ အခြေခံပြန်တာကြောင့် ပညာရေးဆိုတာလည်း အရင်ခေတ်ကလို လူမှုရေးမဟုတ်တော့ဘဲ လူမှုစီးပွားရေးပုံစံဖြစ်လာပါလေရဲ့။ ၀ယ်သူရှိရာ ရောင်းသူလာဆိုတဲ့ ခေတ်သစ်ပုံစံအတိုင်း အင်တိုက်အားတိုက် ရောင်းလိုက်ကြတာ အခုဆိုရင် ရန်ကုန်တို့ မန္တလေးတို့မှာ နိုင်ငံခြားတက္ကသိုလ်တွေက ကျောင်းခွဲတွေတောင် အပြိုင်းအရိုင်း ဖွင့်ကုန်ကြပါရောလား။ ပြောရရင်တော့ ကိုယ့်ဆီကငွေတွေကို လာလာကြုံးသွားကြပေါ့ဗျာ။ ဒါတွေကို ကြည့်ရင်း ကိုယ့်ကလေးတွေ ပညာကောင်းတွေသင်ကြရတာကို မုဒိတာပွားရင်း၊ နိုင်ငံတကာတန်းဝင်ပညာရေးဝန်ဆောင်မှုတွေ ကိုယ့်ပြည်တွင်းမှာ ပြည်တွင်းကပညာရှင်တွေနဲ့ အကောင်အထည်ဖော်ပြီး နိုင်ငံခြားသားတွေ ကိုယ့်ဆီမှာ ပညာလာသင်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုတဲ့ ကြိတ်မနိုင်ခဲမရ အတွေးကြီးတွေနဲ့ ပျော်မောကြီးမောရပေါင်းလည်း မနည်းပေါင်။ လွန်ခဲ့တဲ့ခေတ်တွေတုန်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြားသားတွေတောင် လာပြီးပညာသင်ယူခဲ့ကြတဲ့ သာဓကတွေကလည်း ဦးဟန်ကြည်ကို မီးထိုးပေးပြန်သကိုး။

အနှီလို ပညာမှပညာ၊ ပညာသည်ငွေဆိုတဲ့ ရည်မှန်းချက်ကြီးတွေနဲ့ ပညာခေတ်မှာ ကြိုးစားပမ်းစား ပညာတွေသင်ယူလိုက်ကြတာ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်မှာ ပညာတတ်ဆိုတဲ့ လူတွေမှ ဒုနဲ့ဒေးဖြစ်လာပါရောလား။ ခက်တာက ကိုယ့်ဆီမှာက စာတတ်နဲ့ ပညာတတ်က ကွဲမှမကွဲကြဘဲကိုး။ လူတစ်ယောက် ဘွဲ့ရတယ်၊ အတန်းပညာရှိတယ်ဆိုရင်ပဲ ပညာတတ်စာရင်း ကောက်သွင်းလိုက်ကြတာချည်းပါ့။ ဦးဟန်ကြည်ကတော့ စာနဲ့ပညာကို တစ်ကဏ္ဍစီခွဲထားချင်တဲ့လူမို့ ပတ်ဝန်းကျင်မှာ ပညာတတ်တွေ ဒုနဲ့ဒေးလို့ မပြောဘဲ ပညာတတ်ဆိုတဲ့လူတွေလို့ပဲ ခပ်ဖုံးဖုံးလေး ပြောလိုက်တာပါ့ဗျာ။ အနှီလို ပြောလိုက်တော့ ဦးဟန်ကြည်တစ်ယောက် ဘွဲ့ရတွေကို တွယ်လှချေလားလို့လည်း မထင်လိုက်နဲ့ဦး။ မြင်နေ၊ တွေ့နေရတာတွေက ပြောစရာ ဖြစ်နေပြန်တော့လည်း မပြောဘဲဘယ်နေနိုင်လိမ့်တုန်း။

လွန်ခဲ့တဲ့လပိုင်းက မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိလို့ မကြားဝံ့မနာသာတစ်ခု ကြားခဲ့ရသဗျား။ အမေ့ဆီမှာ ရစရာရှိတဲ့ အကြွေးကို သမီးဖြစ်သူက သူ့ယောက်ျားကိုလွှတ်ပြီး အတောင်းခိုင်းပါသတဲ့။ အကြွေးမပေးနိုင်ရင် အဘွားကြီးကို ရိုက်ပစ်ခဲ့လို့လည်း သမီးဖြစ်သူက ယောက်ျားကို မှာလွှတ်လိုက်ပါသေးသတဲ့။ သားမက်လုပ်တဲ့လူရမ်းကားကလည်း ယောက္ခမကို ရိုက်ရုံနှက်ရုံတင်အားမရဘဲ ( နားနဲ့မနာ ဖ၀ါးနဲ့ နာကြပေရော့ ) မုဒိန်းပါ ကျင့်ခဲ့ပါလေရော။ အသက် ၅၀ ကျော်အမေဖြစ်သူခမျာ သားမက်ရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာအသိပေးပြီး တိုင်ချင်ပေမယ့် သားမက်ထောင်ကျသွားရင် သမီးဒုက္ခရောက်မှာ စိုးရှာလွန်းလို့ မတိုင်ရက်ပြန်ဘူး။ သားမက်ရဲ့လုပ်ရပ်ကို သမီးသိအောင် ပြောပြန်ရင်လည်း ပြဿနာတွေကြီးလာမှာ စိုးတာကြောင့် ပြောမထွက်ရှာဘဲ သူအင်မတန်မှ ယုံကြည်ရတဲ့ မိတ်ဆွေဆီမှာ သူ့ဒဏ်ရာတွေပြပြီး ငိုရှာတာကိုး။ မိတ်ဆွေဖြစ်သူကလည်း သမီးလုပ်တဲ့လူရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်လွန်းလို့ ဦးဟန်ကြည်ကို ဖောက်သည်ချရင်းက “ ဆရာရယ် သူ့သမီးက ရှေ့နေမဆရာရဲ့ . . . ကိုယ်တိုင် ပညာတတ်ဖြစ်နေပြီး ဒီလောက်ယုတ်မာတာ စဉ်းစားလို့တောင် မရဘူး ” ဆိုတဲ့ စကားထွက်လာပါလေရော။

အနှီမှာတင် စာတတ်နဲ့ ပညာတတ်ကိစ္စ ခေါင်းထဲမှာ အမြစ်တွယ်အောင် စဉ်းစားခန်းဝင်နေမိခဲ့တဲ့ ဦးဟန်ကြည်က “ ဟ . . . ရှေ့နေဖြစ်တာကို ပညာတတ်လို့ ယူဆရင် မှားတော့မပေါ့ . . . သူရှေ့နေဖြစ်တယ်ဆိုတာ စာကျက်နိုင်လို့ ဖြစ်တာပဲ . . .  ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ စွမ်းရည်ကို ခေါ်သဗျ . . . အမှန်ကိုသိပြီး မှန်တဲ့အတိုင်း ကျင့်နိုင်ကြံနိုင်မှ ပညာတတ်လို့ ခေါ်ရမှာပေါ့ . . .  ဆရာဝန်ဖြစ်တိုင်း၊ ရှေ့နေဖြစ်တိုင်း ပညာတတ်ဖြစ်ပြီလို့ချည်း ဇွတ်ဆွဲပြီး သတ်မှတ်လို့ ဘယ်ရမလဲ ” လို့ ခပ်စပ်စပ်ကလေး ပြောထည့်လိုက်မိပါရော။ အိမ်ပြန်ရောက်လို့ မဒမ်ကြည်ကို ဒီဖြစ်စဉ်အကြောင်း ဖောက်သည်ချမိပြန်တော့လည်း “ ပညာတတ်ဖြစ်ပြီးတော့ ” ဆိုတဲ့ စကားကို မဒမ်ကြည်ဆီမှာ ကြားရပြန်ပါရောဗျို့။ ကိုင်း . . . ဦးဟန်ကြည်တို့ဆီမှာ ပညာတတ်ဖြစ်ဖို့များ ဘယ်လောက်လွယ်လိုက်သလဲလို့။ စာအုပ်ကလေးရှေ့ချပြီး စာပုံမှန်ကျက်၊ တက္ကသိုလ်လေး မဖြစ်ညစ်ကျယ်တက်၊ အချိန်တန်ရင်ဘွဲ့ရ၊ ကိုင်း . . . ပညာတတ်ဖြစ်ပြီတဲ့ဗျာ။ ဘယ်လောက်နိပ်သလဲ။

ဦးဟန်ကြည်ဖတ်ဖူးတဲ့ မြန်မာအဘိဓာန်ထဲမှာတော့ ပညာဆိုတာ ပါဠိသက်စကားလုံးဖြစ်ပြီးတော့ “ ခွဲခြားသိမြင်နိုင်သော အသိဉာဏ် ” ကိုခေါ်ပါသတဲ့။ ခွဲခြားသိမြင်နိုင်သော အသိတရားနဲ့ယှဉ်တဲ့ အတတ်ပညာကိုလည်း ဆိုပါသတဲ့။ အမျိုးသားပညာဝန်ဦဖိုးကျား ရေးထားခဲ့တဲ့ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာရဲ့ စကားချီးမှာ “ ပညာဆိုသည်မှာ လိုအပ်သည့်အတိုင်းယူရသော် (က) လက်ရုံးရည် (ခ) ပညာရည် (ဂ) နှလုံးရည် ဤသုံးပါးပြည့်စုံခြင်းကို ဆိုရပေသည် ” လို့ ဆိုထားပါရောလား။ အနှီတော့ ဆိုခဲ့တဲ့ အချက်သုံးပါးလုံးနဲ့ ပြည့်စုံကုံလုံတဲ့လူကိုမှ ပညာတတ်လို့ ခေါင်းစဉ်တပ်ပေးရရင် မသင့်တော်ပေဘူးလားဗျာ။ အနှီအထဲမှာပဲ “ နှလုံးရည်ဆိုသည်မှာ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား ကောင်းမွန်မြင့်မြတ်ခြင်းကို ဆိုလိုသည်။ မတရားမှု၊ မကောင်းမှုမှန်သမျှကို မလိုလား ရွံရှာခြင်း၊ ကောင်းမှုမှန်သမျှကို လိုလားနှစ်သက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ၀တ္တရားကျေပွန်ခြင်း၊ မိမိနှင့်တကွ သူတပါးအကျိုးကျေးဇူးယုတ်မှုကို မပြုလိုမူ၍ အကျိုးကျေးဇူကိုသာ ပြုလိုခြင်း၊ နှလုံးသား ယဉ်ကျေး၍ မေတ္တာစိတ်များနှင့် ပြည့်စုံခြင်း၊ ရဲရင့်စိတ်၊ စွန့်စားစိတ်၊ ဇွဲကောင်းသော စိတ်များ ပြည့်စုံခြင်းတို့ကို ဆိုလိုသည် ” လို့လည်း အကျယ်ဖွင့်ထားပါသေးသဗျား။ ကိုင်း . . . အနှီတော့ အမေကိုဒုက္ခပေးတဲ့ အထက်မ ရှေ့နေမဆိုတာကို ဦးဟန်ကြည်တို့ ပညာတတ်စာရင်း သွင်းသင့်မသွင်းသင့် စဉ်းစားစရာတောင် မလိုတော့ဘူးထင်ရဲ့။

ဖတ်မိသမျှ စာပေအထောက်အထားတွေအတိုင်းဆိုရင် ပညာတတ်လို့ဆိုရင် စာပေရော၊ စာရိတ္တပါ ပြည့်စုံရမယ်လို့ ဆိုထားတာကိုး။ ဒါကြောင့် ပညာတတ်တွေများတဲ့တိုင်းပြည်ဟာ ကြီးပွားချမ်းသာတယ်ဆိုပေမယ့် တစ်နှစ်တစ်နှစ်ကို ဘွဲ့ရ၊ ဘွဲ့လွန်ပုဂ္ဂိုလ်ထူပေါင်း သောင်းသိန်းချီပြီး မွေးထုတ်ပေးနေတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်ကြီး ဘာကြောင့်များ ဖွတ်ကြောပြာစု ဖြစ်နေရတယ်ဆိုတာလည်း စဉ်းစားလို့ ရနိုင်ကောင်းပါရဲ့။ ကိုင်းဗျာ ပို့မယ့်ပို့လည်း ကူးတို့အထိ ပို့ကြစို့ရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အရာရှိ၊ အရာခံ၊ ၀န်ထမ်းတွေ အားလုံးနီးပါးဆိုတာ ဘွဲ့တစ်ခုခုတော့ ရပြီးသားတွေချည်းပါ့။ လယ်သမားတွေကို ပေးရမယ့် ဓာတ်မြေသြဇာကို ကိုယ်ကျိုးအတွက် ရောင်းစားတဲ့ စိုက်ပျိုးရေးဦးစီးမှူး၊ ယူနီဆက်ဖ်က လှူတဲ့သွေးလွန်တုပ်ကွေးကာကွယ်ရေး ဆေးခြင်ထောင်ကို ရောင်းစားတဲ့ မြို့နယ်ဆရာဝန်ကြီး၊ နိုင်ငံတော်က လမ်းခင်းဖို့ ချပေးလိုက်တဲ့ ဘတ်ဂျက်ကို သူ့အိမ်ဆောက်တဲ့နေရာမှာ သုံးလိုက်တဲ့ စည်ပင်ဦးစီးမှူး၊ ခရီးသည်တိုင်းကို မှတ်ပုံတင် မပါရင် ၁၀၀၀၊ ပါရင် ၅၀၀ တောင်း၊ တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ သူများသားပျိုသမီးပျိုလေးတွေကို စစ်ဆေးဖို့အကြောင်းပြချက်နဲ့ ဆွဲထားပြီး မတရားကျင့်လွှတ်တဲ့ လ၀က၊ ဟိုတစ်နေ့က ဘလော့တစ်ခုမှာ ဖတ်လိုက်ရတဲ့ ကျောင်းသားကို အခြောက်ဇာတ်သွင်းတဲ့ ကျူရှင်ဆရာတွေဆိုတာ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ ဘယ်လောက်များနေလဲ စဉ်းစားကြပါဦး။ ဒါတွေကို ပညာတတ်စာရင်းထဲသွင်းပြီး ကျုပ်တို့တိုင်းပြည်မှာ ပညာတတ်တွေများပါလျှက်နဲ့ ဘာဖြစ်လိုများ မွဲလို့ကောင်းနေဘာလိမ့်ဆိုတာ စေ့စေ့တွေးရင်း ရေးရေးတော့ ပေါ်နိုင်ကောင်းပါရဲ့။ ဒီလိုလူစားတွေကို ပညာတတ်စာရင်းထဲ ထည့်ချင်ကြရင်တော့လည်း ထည့်လိုက်ကြပေရော့။ အနှီလိုသာဖြင့် ဦးဟန်ကြည်ကတော့ ပညာတတ်မဖြစ်ဖို့ဘဲ ကြိုးစားရပေချိမ့်။

ရှေးပညာရှိတွေကတော့ ဆိုထားပါသဗျား။ “ ပညာတန်ဆောင်၊ ဉာဏ်အရောင်ကား၊ မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏ ” တဲ့။ အနှီတော့ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲ့တွေ တစ်သီတစ်တန်းကြီးရကြတဲ့ အမည်ခံပညာတတ်ပုဂ္ဂိုလ်ကြီးတွေ ပေါချင်တိုင်းပေါပြီး မှောင်ချင်တိုင်းမှောင်၊ မွဲချင်တိုင်းမွဲနေတဲ့ ဦးဟန်ကြည်တို့ရွှေပြည်ကြီး ဆင်းရဲတွင်းနက်နေရတာဟာ စာတတ်တွေများပြီး၊ ပညာတတ်စစ်စစ်တွေ နည်းနေသေးလို့လို့ပဲ ကောက်ချက်ချမိပါရဲ့။ ဒီပို့စ်ရေးဖို့ ကိုးကားစရာတွေ ဖတ်နေရင်းက ပညာတတ်တွေများနိုင်သမျှ များအောင်မွေးထုတ်ပေးဖို့လည်း အားသန်လိုက်မိပါသေးသဗျား။ ဒါပေမယ့် ပြောမယ့်သာပြောရတယ် ဦးဟန်ကြည်ကိုယ်တိုင်တောင် ပညာတတ်ဖြစ်ဖို့အရေး အကြိတ်အနယ်ကြိုးစားနေရတာကလား။        

Thursday, 14 June 2012

ချစ်သော ချီလီ . . .


ပါပီကလေး ပုတုတု . . .
သူ့စကားက ၀ုဝု၀ု . . .
သူ့စကား လူမသိ . . .
လူ့စကား သူမသိ . . .
သနားစရာ ကောင်းပါဘိ . . .။           ။

http://www.littlepuppy.org/wp-content/uploads/2011/10/puppies-2.jpg

ဘယ်သူရေးထားတဲ့ ကဗျာမှန်းတော့ မသိပေါင်။ ခပ်ငယ်ငယ်က ဖတ်ဖူးမှတ်ဖူးထားလို့ စိတ်ထဲစွဲနေတာပဲ ထင်ပါရဲ့။ တစ်ခါတစ်ခါများကျတော့လည်း ကဗျာတို၊ ကဗျာစတွေ ဟိုဟာကောက်ကျက်၊ သည်ဟာကောက်ကျက်နဲ့ ခေါင်းထဲမှာ ရောကုန်ပြီး အချိန်ကြာလာတော့ ကိုယ်ပဲရေးတာလိုလို၊ သူများရေးတာလိုလို ယောင်ဝါးဝါးဖြစ်တတ်တာကိုက ဦးဟန်ကြည်ရဲ့ မူပိုင်အကျင့်။ ကိုင်း . . . ထား။ ပြောချင်တာက ဦးဟန်ကြည်၏ ချစ်လှစွာသောဆိုတဲ့ ပါပီလေးချီလီကိစ္စ။

ကဏန်းမျိုး ဦးဟန်ကြည်က လူတွေနဲ့သာ ကီးသိပ်မကိုက်ချင်တာ အနှီချစ်လှစွာသော ပါပီကလေးတွေနဲ့ကတော့ သဟဇာတ ဖြစ်မှဖြစ်။ တယ်ရီယာ၊ ဒိုဘာမန်၊ ချီဝါ၀ါ၊ ဂရိတ်ဒိန်း၊ ရှိဇု၊ ဘူးလ်ဒေါ့၊ အယ်လ်ဇေးရှင်းတင်မကဘဲ အရပ်ထဲကခွေးဝဲစား အယ်လ်ချီးစားပါမကျန် ဦးဟန်ကြည်ရဲ့ ချစ်လှစွာသောချည်းပါ့။ ကိုယ်တော်များကလည်း လူရိပ်လူကဲက သိမှသိ။ ဦးဟန်ကြည်နဲ့ မဒမ်ကြည် အတူထိုင်နေရင်တောင် သူရို့ကိုပိုချစ်တဲ့ ဦးဟန်ကြည်ကိုမှ ရွေးပြီးခခယယလုပ်လေ့ရှိရဲ့။ အသန့်ကြိုက် မဒမ်ကြည်က ခွေးလှလှကလေးတွေကိုတော့ ချစ်ရှာသား။ အမွေးဖွားဖွားနဲ့ တယ်ရီယာလေးတွေကတော့ မဒမ်ကြည်ရဲ့ ဖေးဘရိတ်ပေါ့လေ။

ဦးဟန်ကြည်ကတော့ ခွေးဖြစ်ရင်ပြီးရော ဘယ်ခွေးမဆို ချစ်ပြီးသား၊ သဒ္ဓါပြီးသားချည့်။ ဒါပေမယ့် သူရို့ဘိုခွေးတွေထက်တော့ ကိုယ့်မြန်မာပြည်ခွေးမျိုးကိုတော့ စေတနာ နည်းနည်းပိုသပေါ့လေ။ ဘာကြောင့်လဲဆိုရင် သူရို့ခွေးမျိုးက အဆာအတော်ကျယ်သကိုး။ တချို့သော ပါပီများဆိုရင် လူထက်တောင် ကရိကထများသေးရဲ့။ တကတည်း ခွေးရေချိုးတဲ့ ဆပ်ပြာနဲ့၊ ခွေးရေမွှေးနဲ့၊ ခွေးစာဆိုလည်း သီးသန့်။ မိတ်ဆွေတစ်ယောက်အိမ်က အယ်လ်ဇေးရှင်းတစ်ကောင်ကို တစ်ရက်စာ အမဲသား ငါးဆယ်သားလောက်ကျွေးရတယ်ဆိုကိုး။ အနှီလောက် အသားပမာဏဆိုရင် ဦးဟန်ကြည်တို့ လင်ကိုယ်မယား ညမနက်စားလို့ရပါ့။ ကိုယ့်ထက်တောင် မြင့်ချင်နေတဲ့ အနှီကောင်တွေကိုတော့ ပါရမီထူးလွန်းလို့ မနာလိုတောင် ဖြစ်မိပါသေးဗျား။

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက တပည့်တစ်ယောက်က လက်ဆောင်ပေးလို့ တယ်ရီယာလေးတစ်ကောင် မွေးဖူးပါရဲ့။ တယ်ရီယာလေးကလည်း လမ်းလျှောက်တတ်ကာစအရွယ် တောက်တက်ပြေးဆိုတော့ မဒမ်ကြည်တစ်ယောက်က တုန်နေအောင် ချစ်တာပေါ့လေ။ သားသမီးမရှိသေးတဲ့ ဦးဟန်ကြည်လည်း အနှီပါပီပုပုလေးကို ကိုယ့်သမီးလို့တောင် သဘောထားတာကလား။ အံမယ် နာမည်ပေးတာတောင် ပစ္စလက္ခတ်ပေးတာ မဟုတ်ဘူးရယ်။ အွန်လိုင်းပေါ်တက်ပြီး ခွေးနာမည်ပေးတဲ့ဆိုဒ်တစ်ခုမှာ သုံးရက်လောက်နေအောင် မွှေနှောက်ရှာဖွေလိုက်သေးသဗျား။ နာမည်ပေါင်းစုံ ခေါင်းကိုက်အောင်စဉ်းစားပြီးမှ နောက်ဆုံးတော့ ဣတ္ထိလိင်လည်းဖြစ် ခေါ်ရလည်းလွယ်တဲ့ Chilly ချီလီလို့ ပေးလိုက်ပါလေရော။ အဆိုတော် ရန်ရန်ချန်းနဲ့ တွဲနေတဲ့ အဆိုတော်မ ချီလီသာသိရင်တော့ သူ့ကိုနာမည်ဖျက်ရပါ့မလားဆိုပြီး ဦးဟန်ကြည်ကို အ၀ှာများပြုလေမလား မပြောတတ်ဘူး။

မဒမ်ကြည်ကတော့ သူ့ချီလီကို ကျန်တဲ့ပါပီလေးတွေကို ကျွေးသလို dog food တွေ၊ အသားတွေ ပေါင်းလန်အောင် ကျွေးချင်ရှာတာပါ့။ ဒါပေမယ့် အစားတစ်လုပ်အတွက် ၀ိထ္ထာရချဲ့တာကို အင်မတန်မှ မြင်ပြင်းကပ်တဲ့ ဦးဟန်ကြည်ကတော့ ဘယ်လက်သင့်ခံလိမ့်တုန်းဗျာ။ ဟေ့ . . . သူ့ဖာသာ တယ်ရီယာမကလို့ ဘာရီယာပဲဖြစ်ဖြစ် ကိုယ့်ဆီရောက်လာရင် ကိုယ်စားတာပဲစားရမှာပဲ လို့ တစ်ချက်လွှတ်ရာဇသံထုတ်ပြီး ကိုယ်စားတဲ့ ပန်းကန်ထဲကပဲ ခွဲဝေကျွေးဖို့ ဆုံးဖြတ်ချက် ချပါလေရော။ ဟုတ်သလေ။ ကိုယ်နဲ့တန်းတူထားတာကိုက သင်္ဂဟော မဟုတ်လား။ ကိုယ့်ဆီက ခွေးများဆိုရင် ထမင်းရည်လောက်နဲ့တောင် အကျေနပ်ကြီးကျေနပ်ကြသေးတာကိုး။ ဒါပေမယ့် စိန်ချီလီတို့ကတော့ ဒီလိုဘယ်ဟုတ်လိမ့်တုန်း။ အကြောကလည်း ဘာမာသလည်း မမေးနဲ့။ အသီးအရွက်ဆိုတာ စားစရာလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ အသားဟင်းနဲ့ ထမင်းရောကျွေးရင်တောင် အသားဟင်းကိုပဲ ရွေးတုတ်ပြီး ထမင်းကို ယောင်လို့တောင်မှ ပါးစပ်ထဲ အ၀င်ခံတော်မမူဘူးဗျား။

စိန်ချီလီရဲ့ အကျင့်ကို တစ်ရက်ကနေ နှစ်ရက် သည်းညည်းခံနိုင်ပေမယ့် နှစ်ရက်ကနေ သုံးရက်ရောက်လာတော့ ဦးဟန်ကြည် ဒေါကန်လာပါလေရော။ အံမယ် ဒီငတိမလေးက သူ့ကိုယ်သူ ခွေးဖြစ်တာမသိသေးဘူးထင်ရဲ့ . . . ဟိုဟာကြေးများ သည်ဟာကြေးများနဲ့ အင်မတန်အဆာကျယ်လှတာ မှတ်လောက်သားလောက်အောင် ပညာပေးမှလို့ အကြံကလည်းပေါက်လာလေရဲ့။ ဦးဟန်ကြည်ဆိုတာကလည်း ကျောင်းသားဆိုး၊ ကျောင်းသားကပ်တွေကိုတောင် လူကောင်းလူမွန်ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပုံသွင်းပေးနိုင်ခဲ့သေးတာ အနှီလို သုနက္ခလေးလောက်ကတော့ သုံးလေးရက်လောက် ထရိန်နင်ပေးလိုက်ရင် အပိုးကျိုး၊ အချိုးကျသွားရမှာပါ့ဆိုတဲ့ အတွေးကလည်းဝင်လာတော့တာကိုး။ အနှီလိုနဲ့ပဲ စိန်ချီလီကို ထမင်းနဲ့ ဟင်းအနှစ်နဲ့ပဲ နယ်ဖတ်ကျွေးပြီး ထရိန်နင်ပေးပါလေရော။ အံမယ် . . . ငတိမကလည်း ခပ်တင်းတင်းဗျား။ ထမင်းကို တစ်ချက်နမ်းကြည့်ပြီးတော့ ခပ်တည်တည်ပဲ လှည့်ထွက်သွားပါလေရော။ ယောင်လို့တောင်မှ နှုတ်သီးလေးနဲ့ မွှေမသွားရှာဘူး။ သူ့အရိပ်အချည်ကို အသာစောင့်ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အင်း . . . လုပ်ထားဦးပေါ့လေ . . . သင်း ဗိုက်ဆာရင် မစားဘဲ ဘယ်နေနိုင်လိမ့်တုန်း ဆိုတဲ့ အတွေးနဲ့ ပြုံးတာပေါ့လေ။

ဒါပေမယ့် စိန်ချီလီကလည်း ထင်တာထက်တောင် အကြောမာသေးသဗျား။ တစ်နေသာကုန်သွားတယ် ထမင်းပန်းကန်နားကို ယောင်လို့တောင် မလာဘူး။ ဦးဟန်ကြည်ကလည်း မစားချင်နေပေါ့ဆိုပြီး အသာပစ်ထားလိုက်တာပဗျာ။ ဒီငတိမ နေနိုင်လှ တစ်ရက်ပါ့။ နောက်ရက်ဆိုရင်တော့ စားတော့မှာပဲလို့လည်း အပိုင်တွက်ထားပြီးသား။ နောက်တစ်ရက်ရောက်တော့လည်း ပထမနေ့ကအတိုင်းပဲ ထမင်းနဲ့ အနှစ်နဲ့နယ်ပြီး ကျွေးပြန်တာပဲ။ ဒါလည်း ဒေါ်ကြီးကျယ်လေးက မစားပြန်ဘူးဗျား။ နေနှင့်ဦးပေါ့လေဆိုပြီး ဦးဟန်ကြည်ကလည်း ခပ်မာမာပဲ ပစ်ထားလိုက်တာပါ့။ ညနေပိုင်းလောက်ရောက်တော့ ငတိမလေး ဗိုက်ဆာပါလေရော။ မဆာပဲနေရိုးလား။ နှစ်ရက်လုံးလုံး ရေသောက်ပြီး ဆန္ဒပြနေတော့ ဗိုက်ထဲမှာ အစာမှ မရှိတာကိုး။ ဒါနဲ့ပဲ ထမင်းပန်းကန်နားကို အသာကပ်ပြီး ထမင်းပန်းကန်ကို နှုတ်သီးနဲ့ မွှေပါလေရော။ ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အောင်မြင်ပဟဲ့ဆိုတဲ့ ထင်တစ်လုံးနဲ့ ပြုံးပြုံးကြီးပေါ့လေ။ ဒါပေမယ့် ထင်သလို ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်တော်မက ထမင်းထဲမှာ အသားပါနိုးနိုးနဲ့ မွှေကြည့်တာကိုး။ အသားဖတ်မပါတာလည်းသိရော ထုံးစံအတိုင်း ထမင်းပန်းကန်နားကခွာပြီး ချောင်မှာသွားခွေပြန်ပါရော။

ပြောရရင် တယ်ရီယာဆိုတဲ့ ခွေးမျိုးက ဉာဏ်ရည်ဉာဏ်သွေးလည်း အင်မတန်မြင့်တာကလား။ သူကြီးကျယ်နေတာကို ဒေါဖောင်းလာတဲ့ ဦးဟန်ကြည်က စိတ်ပေါက်ပေါက်နဲ့ ခပ်ငေါက်ငေါက်ကလေး ဆူလိုက်ပြောလိုက်မိတာ တစ်ခါတည်း စိတ်ကောက်ပြီး ဆက်တီအောက်မှာ သွားခွေနေလိုက်တာ ဘယ်လိုချော့ခေါ်ခေါ် ထွက်လာတော် မမူတော့ဘူးဗျား။ အခါတိုင်းဆိုရင် ညအိပ်ရင် ဦးဟန်ကြည်တို့ခေါင်းရင်းလာပြီး ခေါင်းအုံးအောက်တိုးအိပ်တတ်ပေမယ့် သူ့ကိုငေါက်လိုက်မိတဲ့ညက အိပ်ယာထဲမလာတော့ဘဲ ဆက်တီအောက်မှာပဲ ပေပြီးအိပ်နေလေရဲ့။ ၀ါးနုက ၀ါးရင့်ကို ပတ်တာ အင်မတန်ဒေါကန်တဲ့ ဦးဟန်ကြည်ကလည်း ကိုင်း . . . နင့်ဟာနင် နေချင်ရာနေဆိုပြီး လှည့်မကြည့်ဘဲ ပစ်ထားလိုက်ပါလေရော။

နောက်တစ်ရက်မနက်ခင်းရောက်ပြန်တော့လည်း ထုံးစံအတိုင်း ထမင်းနဲ့အနှစ် ကျွေးကြည့်ပြန်တာပေါ့လေ။ စိန်ချီလီကလည်း ထုံးစံအတိုင်း လာနမ်းကြည့်ပြီး ခွေမြဲပြန်ခွေတာပါပဲဗျား။ ဒါပေမယ့် နှစ်ရက်လုံးလုံး အစာမာမစားဘဲနေတဲ့ ငတိမလေးခမျာ လမ်းတောင် သန်သန်မလျှောက်နိုင်ရှာတော့ဘူးကိုး။ ကလေးကို သူ့စိတ်ကြိုက်ကျွေးချင်ပေမယ့် စည်းကမ်းပိုင်းနဲ့ပတ်သက်ရင် နည်းနည်းမှ အထိမခံချင်တဲ့ ဦးဟန်ကြည်ကို မပြောသာလို့ အသာကြည့်နေရတဲ့ မဒမ်ကြည်ခမျာလည်း ချီလီကိုကြည့်ရင်း မျက်ရည်စို့လာပါလေရော။ အနှီတော့မှ ဒီအတိုင်းသာ ဆက်လုပ်နေရင်ဖြင့် မြွေပါလည်းဆုံး၊ သားလည်းဆုံးမယ့်ကိန်းဆိုက်ဖို့ များနေတာ သဘောပေါက်လာတဲ့ ဦးဟန်ကြည်လည်း ကိုင်း . . . အိမ်ရှင်မရေ . . . မင့်သမီးကို ငါတော့လက်မြှောက်လိုက်ပြီဗျား . . . သူ့စိတ်ကြိုက်၊ မင့်စိတ်ကြိုက်သာကျွေးပေရော့လို့ အလံဖြူထောင်ပြလိုက်ရပါလေရဲ့။ ဘယ်အချိန်ကတည်းက ကျွေးချင်နေမှန်းမသိတဲ့ မဒမ်ကြည်လည်း ထိုင်ရာကနေ ထတဲ့ပြီး အသားတွေပန်းကန်ထဲထည့် ချကျွေးမှ ဒေါ်ကြီးကျယ်ချီလီတစ်ကောင် အားပါးတရ စားတော့တာကိုး။ အမြီးလေးနန့်လိုက်၊ စားလိုက်၊ ရေလေးပြေးသောက်လိုက်၊ နောက်တစ်ခါပြန်လာစားလိုက်လုပ်နေတဲ့ ချီလီကို ကြည့်ရင်း ဦးဟန်ကြည်ခမျာ ဆရာ၊ ဆရာမတွေ ဘာကြောင့် သူရို့သားသမီးကို ဆုံးမလို့ မနိုင်တာကို ခပ်ရေးရေး သဘောပေါက်လာပါလေရော။ ကျောင်းသားတွေကို ပုံသွင်းနိုင်ခဲ့ပေမယ့် ချီလီနဲ့တွေ့မှ သိက္ခာပလုံသွားရတဲ့ ကိုယ့်အဖြစ်ကိုလည်း ပြန်တွေးရင်း ရှက်ပြုံးလေးပြုံးမိပါပေါ့လား။

ချီလီတစ်ကောင် ဦးဟန်ကြည်တို့နှစ်ယောက်နဲ့ တစ်လနီးပါးလောက်နေလို့ အိမ်သားတစ်ပိုင်းဖြစ်ပြီး အသားကျသွားတဲ့ အချိန်မှာ တခြားမြို့က တပည့်မတစ်ယောက်  သူရို့အမျိုးအဆွေတွေဆီကို အလည်လာရင်း ဦးဟန်ကြည်တို့မြို့ကို ရောက်လာပါလေရော။ အနှီတပည့်မကလည်း ခွေးချစ်ချက်ကတော့ တုန်လို့ဆိုတဲ့ အစားထဲက။ သူရို့အမျိုးတွေဆီကို အလည်လာရတဲ့ ရည်ရွယ်ချက်ကလည်း တယ်ရီယာတစ်ကောင် ၀ယ်ချင်လို့တဲ့ဗျား။ သူရို့အမျိုးအဆွေတွေနဲ့ တစ်မြို့လုံး သုံးလေးရက်လောက် မွှေနှောက်ရှာဖွေလို့ တယ်ရီယာလည်း မရရော ထုံးစံအတိုင်း သူ့ဆရာကို သတိရပါလေရော။ ဆရာရေ . . . သမီးကို တယ်ရီယာတစ်ကောင်လောက် ၀ယ်ပေးပါလို့လည်း အပူကပ်ရော တပည့်တွေအတွက် အဲဗားရယ်ဒီ ဦးဟန်ကြည်ကလည်း ဒါလေးများပေါ့။ ဒါပေမယ့် မြို့ထဲက မိတ်ဆွေတွေဆီမှာ စုံစမ်းမှပဲ တယ်ရီယာက ရှားတော်မူလိုက်တာမှ တစ်ကောင်မှကို မတွေ့ဘဲဖြစ်နေပါလေရော။ မဲ့ဆောက်ကိုလှမ်းမေးပြန်တော့လည်း တယ်ရီယာကုန်နေပြန်သတဲ့။ တပည့်မကလည်း နောက်တစ်ရက်ဆို ပြန်ရတော့မှာမို့ အချိန်ကလည်း မရဖြစ်နေပြန်တော့ ဦးဟန်ကြည် ခေါင်းခြောက်ရပြီပေါ့လေ။ ဖြစ်ချင်တော့ တပည့်တကာ့ တပည့်ထဲမှာ အနှီတပည့်မက ဦးဟန်ကြည်တို့ ဇနီးမောင်နှံရဲ့ အသည်းကျော်။ မဒမ်ကြည်ကလည်း အနှီတပည့်မလေး မည်းမည်းတူးတူးကို သူ့ညီမအရင်းလောက် အောက်မေ့တာကလား။

တယ်ရီယာကို ဘယ်လိုမှ ရှာလို့မရတဲ့ အဆုံးမတော့ တပည့်တွေ တောင်းသမျှအကူအညီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ပေးပြီး ဆရာကောင်းဖြစ်ချင်လွန်းလှတဲ့ ဦးဟန်ကြည်နဲ့ သူ့အချစ်တော် တပည့်မကို ပျော်စေချင်တဲ့ မဒမ်ကြည်တို့နှစ်ယောက် ခေါင်းချင်းရိုက်ကြရပါလေရော။ နောက်ဆုံးတော့ မရ- ရသကချိုင်ဆိုတဲ့ စကားအတိုင်း သမီးတော်ချီလီကိုပဲ တပည့်မလက်ထဲ ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါရဲ့။ မဒမ်ကြည်ရဲ့ပါးစပ်က တယ်ရီယာရှာလို့မတွေ့ရင်လည်း ချီလီကိုပဲ ပေးလိုက်ကြတာပေါ့လေ ဆိုတဲ့ စကားသံလည်းထွက်လာရော ဦးဟန်ကြည်ခမျာ ကိုယ့်နားကိုတောင် မယုံနိုင်အောင်ကိုဖြစ်လို့။ သားသမီးမရှိသေးတာမို့ ဦးဟန်ကြည် အပြင်မှာ စာသင်ချိန်သွားနေတဲ့ အချိန်တိုင်းမှာ ချီလီတစ်ကောင်ကို သမီးအရင်းလို ပြုစုတွယ်တာနေတဲ့ မဒမ်ကြည်တစ်ယောက် သူ့မွေးစားသမီးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးဟန်ကြည် အသိဆုံးမဟုတ်လား။ မဒမ်ကြည်အသံတုန်နေတာကို မသင်္ကာလို့ မျက်နှာကို ကြည့်လိုက်တော့ မျက်ရည်တွေတောင် စို့နေပါရောလား။ ပြောရရင် ဦးဟန်ကြည်လည်း ရင်ထဲက ခပ်နာနာပေါ့လေ။ ကိုယ်တိုင်ကလည်း ခွေးချစ်ရတဲ့အထဲမှာ ချစ်လှစွာသော သမီးတော်လေး စိန်ချီလီကလည်း ပြောစမှတ်ဖြစ်စရာတွေ တစ်ပုံတစ်ခေါင်းကြီး လုပ်ထားခဲ့တာကိုး။

ဒီလိုနဲ့ပဲ ညနေစောင်းမှာပဲ ချစ်သောချီလီကို ချစ်သောတပည့်မဆီသွားပေးလိုက်ရပါလေရော။ ချီလီကိုပွေ့ရင်း အမြူးကြီးမြူးနေတဲ့ တပည့်မကိုကြည့်ရင်း ဦးဟန်ကြည်တို့နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေလိုက်မိကြပါသေး။ ကိုယ့်ထက်ပိုပြီး ပြုစုနိုင်၊ ကျွေးမွေးစောင့်ရှောက်နိုင်တဲ့လူလက်ထဲ ကိုယ့်ကလေးကို ထည့်ပေးလိုက်ရတာမို့ နည်းနည်းတော့ ဖြေသာပေမယ့် သံယောဇဉ်ဆိုတာကလည်း အခက်သားကလား။ မဒမ်ကြည်တစ်ယောက် တပည့်မရဲ့ မိဘတွေနဲ့ စကားပြောနေရင်း အသံမတုန်အောင် မနည်းထိန်းနေရရှာတာ ဦးဟန်ကြည် ဒီနေ့အထိ အမှတ်ထင်ထင်ရှိနေပါရဲ့။ ချီလီကိုပို့ပြီး အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးလည်း မဒမ်ကြည်တစ်ယောက် ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း မျက်ရည်တစို့စို့နဲ့။ ဒါကြောင့်လဲ ဦးဟန်ကြည်ရဲ့ မေမေက ခွေးမမွေးချင်တော့ဘူး သားရယ် . . . ကိုယ်ကလည်း သံယောဇဉ်ကြီးတာနဲ့ မွေးထားတဲ့ ခွေးကလေးတွေ တစ်ခုခုဖြစ်သွားရင် မခံစားနိုင်လွန်းလို့ လို့ ပြောခဲ့ရှာတာကိုး။

ချီလီလေးကို တပည့်မဆီပေးလိုက်ပြီး နှစ်နှစ်လောက်ကြာတော့ ပွဲတစ်ခုဖိတ်တာနဲ့ အနှီတပည့်မတို့မြို့ကို ဦးဟန်ကြည်တို့ သွားရပါလေရော။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ချီလီတစ်ကောင် အထွားကြီးထွားလာလိုက်တာ ဦးဟန်ကြည်ခမျာ ရုပ်တောင် အတော်ဖမ်းယူရပါရဲ့။ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ စိန်ချီလီကလည်း လာသမျှလူတိုင်းကို အသံလေးညောင်နာနာနဲ့ တ၀ုတ်ဝုတ်ထိုးဟောင်နေလေရဲ့။ သူရို့ခြံထဲကို ၀င်လာတဲ့ ဦးဟန်ကြည်တို့နှစ်ယောက်ဆီကို ဟောင်ရင်းပြေးလာတဲ့ ချီလီ ဦးဟန်ကြည်ခြေရင်းလည်းရောက်ရော ဟောင်တာရပ်ပြီး မျက်နှာကိုမော့ကြည့်လိုက်၊ ခြေထောက်ကို နမ်းကြည့်လိုက်လုပ်နေပြီး အတော်ကြာတော့ အမြီးနန့်ပြပါလေရော။ သူ့ခမျာ ကလေးပိစိဘ၀တုန်းက ပိုင်ရှင်ဟောင်းကို ခပ်ဝါးဝါးပဲ မှတ်မိရှာတော့တာကိုး။ တပည့်မက ချီလီနောက်ကနေ ပြေးလိုက်လာရင်း “ အံမယ် . . . အံမယ် အိန်ဂျယ်က ဆရာ့ကို မှတ်မိသေးတာကိုး ” လို့ ပြောလိုက်တော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပါလေရော။ နောက်ဆုံးမတော့ ဦးဟန်ကြည်ရဲ့ ချီလီလေးတစ်ကောင် အိန်ဂျယ်ဖြစ်နေပါရောလား။

သြော် . . . ချစ်သောချီလီ။               ။

Tuesday, 12 June 2012

ပန်းခဲ့သမျှ သုံးရာသီ . . .


ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမလဲ ကောလဟလတွေ သောက်သောက်လဲ ဖောင်းပွလွန်းတဲ့ အကျင့်က ထုံးစံကြီးတစ်ခု ဖြစ်နေခဲ့တာ ကြာပါပေါ့လား။

လွန်ခဲ့တဲ့ ၅ လပိုင်း ၂၇ ရက်နေ့တုန်းက ဆယ်တန်း ( အခုခေတ်အခေါ် Grade 11 ) တွေ အောင်စာရင်းထွက်မယ်ဆိုတဲ့ သတင်းထွက်လာပါလေရော။ အခါတိုင်းနှစ်တွေဆိုရင် ၆ လပိုင်းလောက်မှ အောင်စာရင်းထွက်တတ်မှန်း သတိထားမိပေမယ့် ဘာကိုမှ ပုံသေကားကျ သတ်မှတ်ထားလို့မရတဲ့ ရွှေပြည်ကြီးရဲ့ ထုံးစံကို နောကျေနေခဲ့ပြန်တာကြောင့် ဦးဟန်ကြည်တို့လည်း သူ့သတင်းကို ဟုတ်ကောင်း၏ဆိုတဲ့ အတွေးနဲ့ ၂၇ ရက်နေ့ မနက်စောစောမှာ ထွက်မဲ့ အောင်စာရင်းကို ရင်တခုန်ခုန်နဲ့ စောင့်တာပေါ့လေ။

အောင်စာရင်းထွက်မယ်လို့ သတင်းထွက်တဲ့ နေ့မရောက်ခင် တစ်ညသားမှာတော့ တပည့်မတစ်ယောက်က ဦးဟန်ကြည်ကို ပြူးပြူးပြာပြာနဲ့ ဖုန်းဆက်ပါလေရော။ ဘာဖြစ်လို့ဆက်သလဲဆိုတော့ ကြောက်လို့တဲ့။ ဟယ် . . . နင့်ဖာသာကြောက်တာ ဆရာက ဘာလုပ်ပေးရမှာလဲ လို့ ပြန်မေးမိတော့ ဘာမှမဟုတ်ပါဘူးဆရာတဲ့ ဆရာ့ဆီဖုန်းဆက်တော့ အကြောက်လေးမှ ပြေလိုပြေငြားပေါ့ လို့ ပြန်ဖြေပါလေရော။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဆယ်တန်းအောင်စာရင်းဆိုတဲ့ အရာကြီးက ကလေးတွေအတွက်တော့ အင်မတန်မှ ကြောက်စရာကောင်းတာကိုး။ တစ်နှစ်ပတ်လုံး ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ စာမေးပွဲမှာ ဘယ်လိုပဲဖြေခဲ့ဖြေခဲ့ အချိန်တန်လို့ အောင်စာရင်းထွက်ပဟေ့ဆိုရင် အောင်စာရင်းစာရွက်မှာ ကိုယ့်နာမည်လေးမြင်ချင်ကြတာကိုက သူရို့သဘာဝ။ ပြောမယ့်သာပြောရတယ် ကိုယ့်ကလေး ဘယ်လောက်ပဲ ဖွတ်ကြားကျကျ၊ အချိန်တန်လို့ အောင်စာရင်းထွက်ရင် ကိုယ့်ကလေးတွေ နာမည်ဟူသမျှကို အောင်စာရင်းစာရွက်မှာ တွေ့ချင်တာကလည်း ဦးဟန်ကြည်တို့ဆရာတွေနဲ့ ကျောင်းသားမိဘတွေရဲ့ မရိုးနိုင်တဲ့ အတ္တ။ အနှီတော့ အောင်စာရင်းမထွက်ခင် တစ်ညကတော့ ကလေးတွေကလည်း သူရို့သဘာဝအရ ရင်ခုန်၊ ဦးဟန်ကြည်တို့ကလည်း ကိုယ့်အတ္တနဲ့ကိုယ် နှလုံးတုန်။ ပြောရရင်တော့ နှလုံးတုန်၊ ပြောမရဆိုမရလို့ တစ်နှစ်ပတ်လုံး ကီးညှိလို့မရတဲ့ တပည့်တစ်ချို့နဲ့တောင် ဆရာနဲ့ ရင်ခုန်သံချင်းညီကုန်ကြတာ အနှီလိုညမျိုးပါ့။

ကိုယ်တိုင်ဆယ်တန်းဖြေခဲ့တုန်းက ရင်မခုန်၊ ဖင်မတုန်ဘဲ မနက်ခင်း ၈ နာရီထိုးမှ အောင်စာရင်းကို အေးအေးဆေးဆေးသွားကြည့်ခဲ့တဲ့ ဦးဟန်ကြည်ခမျာ ဆရာဖြစ်တော့မှပဲ အောင်စာရင်းဆိုတာ ရင်ခုန်ရကောင်းမှန်း သိရှာပါရောလား။ အောင်စာရင်းမထွက်ခင် တစ်ညသားကတော့ တကတည်း စားလည်း အရသာမတွေ့၊ အိပ်လည်း မပျော်၊ အင်မတန်မှ ဖွယ်တယ်တယ်နိုင်တဲ့ ညဆိုးကြီးကိုး။ ဆရာရော တပည့်ပါ ရင်တခုန်ခုန်နဲ့ စောင့်ခဲ့ကြတဲ့ မောင်မင်းကြီးသား အောင်စာရင်းက အနှီ ၂၇ ရက်နေ့မှာ မထွက်ပြန်ပါဘူးဗျား။ ကိုင်း စဉ်းစားသာကြည့်ပေရော။ ခုန်မိတဲ့ ရင်တွေပဲ တူနဲ့ထုပစ်ဖို့ မကောင်းပေဘူးလား။

ပထမနေ့မှာ မထွက်ခဲ့တဲ့ အောင်စာရင်းက ၆ လပိုင်း ၃ ရက်နေ့မှာ တကယ်ထွက်မယ်လို့ သတင်းတစ်ခါထွက်လာပြန်ပါရော။ ဒီတစ်ခါတော့ အရင်တစ်ခါလောက်တော့ ရင်မခုန်တော့ဘူးပါ့လေ။ ဒါပေမယ့် ရင်မခုန်ပေမယ့် နှလုံးတော့ သိပ်မငြိမ်ဘူးလို့ပဲ ဆိုရမယ်ထင်ပါ့။ အထိုက်အလျောက်တော့ နေမထိ ထိုင်မသာ ဖြစ်ကိုဖြစ်တာကလား။ မျက်စိထဲမှာ တစ်နှစ်ပတ်လုံး စာကောင်းကောင်းမကြိုးစား၊ ပြောစကား ကောင်းကောင်းနားမ၀င်ခဲ့တဲ့ ချစ်စွာသော တပည့်မိုက်များရဲ့ မျက်နှာတွေကို တန်းစီပြီး မြင်မြင်နေတော့ ဘယ်အိပ်လို့ ပျော်ပြန်လိမ့်မလဲ။ ပြောရရင် ဆပ်ကပ်ထဲမှာ ကြိုးတန်းလမ်းလျှောက်နေတာကို အောက်ကနေ မော့ကြည့်ပြီး အားပေးနေရတဲ့ ပရိသတ်နဲ့တောင် တူသေးရဲ့။ လျှောက်တဲ့လူကတော့ ကြောက်လို့ကြောက်ရမှန်းမသိဘဲ သူ့ဖာသာသူ ဟုတ်တိပတ်တိ လျှောက်နေပေမယ့် အောက်ကကြည့်ရတဲ့ ပရိသတ်ကတော့ ဒီပုဂ္ဂိုလ် ပြုတ်ကျမှာကို တွေးရင်းတွေးရင်း အင်မတန်ရင်မောရတာကလား။ ဦးဟန်ကြည်တို့ ဆရာတွေနဲ့ မိဘတွေရော ကိုယ့်တပည့်တွေ၊ သားသမီးတွေကို စောင့်ကြည့်ရင်း ရင်မောရတဲ့ အဖြစ်က အနှီပရိသတ်နဲ့ ဘာကွာလိမ့်လဲ။

ဒီတစ်ခေါက်လည်း အောင်စာရင်းက ထွက်မလာပြန်ဘဲ ၁၀ ရက်နေ့ကျမှ တကယ်ထွက်မယ် လုပ်လာပြန်တော့ ဦးဟန်ကြည်တို့တွေ ရင်ခုန်ရတာ ဟပ်ကော့ကြီး ဖြစ်ပြန်ပါလေရော။ တစ်ခါက နှစ်ခါ ရင်ခုန်ပေမယ့် နှစ်ခါကနေ သုံးခါဖြစ်လာတော့ ဦးဟန်ကြည်တို့လည်း သူ့အောင်စာရင်းကို အရေမထူဘဲ ဘယ်နေလိမ့်တုန်း။ ၉ ရက်နေ့ညမှာ ယူရို ၂၀၁၂ ကိုစောင့်ကြည့်ရင်း ပထမပွဲမပြီးခင်မှာတင် စက်တော်ခေါ်ပြီး ပျော်တော်မူသွားလိုက်တာ မနက်ခင်း စာသင်ချိန်သွားရမယ့် ၆ နာရီထိုးမှပဲ နိုးပါရောလား။ စာသင်ချိန်သွားဖို့ ပညာရေးမှူးရုံးရှေ့က ဖြတ်ရင်း အောင်စာရင်းစာရွက်လေးတွေကပ်ထားတာမြင်တော့မှ သြော် . . . တကယ်ထွက်ပဟဲ့လို့ မှတ်ချက်ချပြီး ကျောင်းသားသစ်တွေကို သင်မြဲအတိုင်းစာသင်နေလိုက်တာပါ့။ မရှက်တမ်းဝန်ခံရရင်တော့ စာသာသင်နေရတယ် စိတ်နဲ့စာနဲ့က ခပ်ကွာကွာ။ တစ်ယောက်ဆီကမှလည်း ဖုန်းဝင်မလာတော့ စိတ်ကလည်း ပူချင်ချင်။

စာသင်လို့ နာရီဝက်သာသာလောက်ကြာမှ ကိုယ့်ဖုန်းထဲမှာ ကလေးတွေသိတဲ့ ဖုန်းနံပါတ်မဟုတ်ဘဲ နံပါတ်သစ်ပြောင်းထားလိုက်မိတာ သတိရတော့တာကလား။ ဒါနဲ့ပဲ နံပါတ်သစ် sim card ကို ဖြုတ်ပြီး နံပါတ်ဟောင်းပြန်ထည့်လိုက်မှပဲ ဖုန်းတွေ တဂွမ်ဂွမ်ဝင်ပါလေရော။ လက်စသတ်တော့ ကလေးတွေက အောင်စာရင်းကြည့်ပြီးကတည်းက သူရို့ဆရာကို တစ်ချိန်လုံး ဖုန်းခေါ်နေကြပေမယ့် ဖုန်းနံပါတ်ကပြောင်းနေတော့ ခေါ်မကြား၊ အော်မကြား ဖြစ်နေကြတာကိုး။ တစ်ယောက်က ဖုန်းဆက်လိုက်၊ ဆရာ သမီးအောင်တယ် ပြောလိုက်၊ နောက်တစ်ယောက်က ဖုန်းဆက်ပြီး ဆရာ သားလည်းအောင်တယ် ပြောလိုက်နဲ့ အောင်မယ်မင်း ဖုန်းတစ်လုံးဝင်လာတိုင်း သူရို့ဆရာမျက်နှာကြီး ပြုံးပြုံးလိုက်လာတာကို ထိုင်ကြည့်နေကြတဲ့ တပည့်သစ်တွေတောင် အပျော်တွေကူးပြီး မြူးကုန်ကြတဲ့အထိ။

ကျန်တဲ့ဒေသတွေမှာတော့ ဆယ်တန်းအောင်တယ်ဆိုတာ ထမင်းစားရေသောက်ကိစ္စလောက်နီးနီး ဖြစ်နေတာမို့ အောင်တယ်ဆိုရုံလောက်ကတော့ ဘယ်ပျော်စရာကောင်းလိမ့်မလဲဗျာ။ ဒါပေမယ့် ဦးဟန်ကြည်တို့ ဒီဘက်ဒေသမှာက ဆယ်တန်းအောင်ဖို့ဆိုတာ အင်မတိ၊ အင်မတန် ခက်ခဲတဲ့ အလုပ်ကြီးတစ်ခု ဖြစ်နေတာကလား။ ဒီကြားထဲမှာ ဦးဟန်ကြည်ရဲ့ တပည့်တွေဆိုတာကလည်း သူရို့အစိုးရကျောင်းမှာ ဘိတ်လွတ်ရုံသာသာ အဆင့်လေးတွေလည်း ဖြစ်နေတဲ့အပြင် သက်ဆိုင်ရာ ဆရာတချို့ကတောင် မအောင်နိုင်ဘူးလို့ ထင်ကြေးပေးထားတဲ့ ကလေးတွေဖြစ်နေတော့ အောင်စာရင်းမှာ ကိုယ့်နာမည်လေးကို မြင်ရုံနဲ့တင် ဒီကလေးတွေ ဘယ်လောက်ဝမ်းသာကြမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပေရော့။ အနှီတော့လည်း ကိုယ့်ကလေးတွေအကြောင်း ကိုယ်ပဲအသိဆုံးဖြစ်တဲ့ ဆားပုလင်းဦးဟန်ကြည်တစ်ယောက် ဘယ်လောက်များ ဖရဏာပီတိကို ဂွမ်းဆီထိ၊ ရွှန်းပီတိဖြစ်မယ်ဆိုတာ မှန်းသာကြည့်ကြပေရော့။ ဒီကြားထဲမှာ ကလေးတစ်ယောက်က ဘောဂဗေဒတစ်ဘာသာ ဂုဏ်ထူးရပြန်တော့ ဘာပြောကောင်းမလဲ သင်နေတဲ့စာတောင် ဆက်မသင်နိုင်တော့အောင် ၀မ်းသာလုံးဆို့ပါလေရော။

စာသင်တဲ့ဆရာတင်ဘယ်ဟုတ်လိမ့်တုန်း၊ အိမ်မှာ ကျန်နေခဲ့တဲ့ မဒမ်ဟန်ကြည်ခမျာလည်း အောင်စာရင်းထွက်တဲ့ သတင်းကြားကတည်းက ဦးဟန်ကြည်ကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အောင်သတင်းကို တမေးတည်းမေးပါလေရော။ အနှီတော့လည်း ကျောင်းသားတစ်ယောက်ဆီက ဖုန်းဝင်ပြီး အောင်သတင်းလာတိုင်း မဒမ်ဟန်ကြည်ကို ဖုန်းပြန်ဆက်ပြီး အောင်သတင်းလက်ဆင့်ကမ်းရပြန်သေးရဲ့။ ဘယ်သူတော့ အောင်သဟေ့လို့ ပြောလိုက်ရတဲ့ စကားဟာ တစ်နှစ်တာလုံး ပြောရတဲ့ စကားထဲမှာ အရသာအရှိဆုံးနဲ့ ခံတွင်းအဆိမ့်ဆုံး၊ နားကြောအစိမ့်ရဆုံး စကားလုံးဖြစ်မှန်း ပြောမယုံ၊ ကြုံဖူးမှပဲ သိရမယ့် အရသာကိုး။

အရသာရှိလွန်း၊ ပျော်လွန်းလို့မြူးပြီး စာသင်တာတွေ ကပေါက်တိ ကပေါက်ချာဖြစ်ကုန်တဲ့ ဦးဟန်ကြည်လည်း သတ်မှတ်စာသင်ချိန်ထက် နာရီဝက်လောက်စောပြီး ကလေးတွေကို လွှတ်ပေးလိုက်ရပါလေရော။ သင်တန်းကနေ အိမ်ကိုပြန်လာတဲ့ လမ်းတလျှောက်မှာ ကိုယ့်တပည့်လေးတွေအတွက် ၀မ်းသာလွန်း၊ ကြည်နူးလွန်းလို့ ဦးဟန်ကြည်ဖြင့် ဖင်နဲ့ဆိုင်ကယ်ထိုင်ခုံနဲ့တောင် ထိမှထိခဲ့ရဲ့လားဆိုတာ ပြန်စဉ်းစားလို့တောင် မရပေါင်ဗျာ။ ကလေးတွေက ဆရာ့အိမ်ကို သားတို့၊ သမီးတို့လာမယ်လို့ တဖွဖွပြောနေကြပေမယ့် ဆရာဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်ကလေးတွေ ပျော်ကြ၊ ရွှင်ကြတာတွေကို မြင်ရဖို့ ဘယ်စောင့်နိုင်ပါတော့မလဲ။ အနှီတော့လည်း မဒမ်ဟန်ကြည်ကိုပါခေါ်ပြီး ကလေးတစ်ယောက်ချင်းစီအိမ်ကို ၀မ်းသာအားရချီတက်ဖို့ ထွက်လာကြပါလေရော။ ကလေး တချို့တ၀က်ကလည်း ဆရာ့အိမ်ကို အားရ၀မ်းသာ ထွက်အလာ၊ ဦးဟန်ကြည်နဲ့ လမ်းမမှာဆုံကြတော့ မြူးနေ ပြုံးနေကြတဲ့ ကလေးတွေမျက်နှာဟာ မြင်ရသမျှ မျက်နှာတွေထဲမှာ အလှဆုံးနဲ့ ကျက်သရေအရှိဆုံး မျက်နှာတွေလို့များ တင်စားလိုက်ရင် လွန်အံ့တောင် မထင်ဘူး။

လမ်းမှာတွေ့တဲ့ ကလေးတွေကို အအေးဆိုင်တစ်ဆိုင်ခေါ်သွားပြီး ကိုင်း . . . စားချင်တာစားဆိုပြီးကြွေးတော့ ကလေးတွေခမျာ ၀မ်းသာလုံးဆို့နေကြလို့ သိပ်တောင်မစားနိုင်တော့တဲ့အထိ။ စားသောက်ပြီးတော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံနဲ့ တပည့်တစ်အုပ် အောင်တဲ့ကျောင်းသားအိမ်တွေကို ပတ်ပြီးသွားကြပါလေရော။ အနှီမှာတင် ကိုယ့်ကလေးတွေ ဆယ်တန်းအောင်တာ မြင်ရတဲ့ မိဘတွေမျက်နှာဟာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမှန်း သိရတော့တာကိုး။ တပည့်မိုက်တစ်ယောက်ရဲ့ အမေခမျာ သူ့သားအောင်တာ ၀မ်းသာရှာလွန်းလို့ မျက်ရည်ပါကျတဲ့ အထိ။ ဦးဟန်ကြည် မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆယ်တန်းနှစ်ခါကျထားခဲ့တဲ့ တပည့်တစ်ယောက် အောင်သွားတော့ အမေဖြစ်သူမှာ ပျော်ရှာလွန်းလို့ ပညာရေးမှူးရုံးရှေ့မှာတင် ကွေးနေအောင် က ရုံတင်အားမရဘဲ အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက်ပါ က-ခုန်ပြီး ပြန်သွားပါလေရော။ ကနေတဲ့ ကျောင်းသားမိဘရဲ့ မျက်လုံးတွေမှာလည်း ပီတိမျက်ရည်တွေ ပြည့်နေရှာလေရဲ့။

 သားသမီးကို ချစ်ကြတဲ့ မိဘတိုင်းကို ပျော်ရွှင်ကြည်နူးစေချင်တဲ့ ဦးဟန်ကြည်လည်း သူရို့ပျော်တာမြင်တော့ ထပ်ဆင့်တိုးပြီး ကြည်နူးတာပါပဲ။ အပွင့်လင်းဆုံးပြောရရင် ဆိုဆုံးမရ အင်မတန်ခက်တဲ့ တပည့်မိုက်၊ တပည့်ဆိုးတွေကို တပင်တပန်းသင်ပေးနေတာကိုက မိဘတွေကို သနားလွန်း၊ မိဘချင်း ကိုယ်ချင်းစာလွန်းလို့ပဲ မဟုတ်ပါလား။ တပည့်မိုက်လေးတွေမှာ သူရို့ဘ၀တစ်လျှောက်လုံး မိဘရဲ့ စိတ်ဆင်းရဲမျက်ရည်ပေါက်ပေါင်းများစွာ ခြွေချနေခဲ့ကြတဲ့ အပြစ်ကြွေးတွေကလည်း နည်းမှမနည်းတာကလား။ အနှီတော့ ကလေးတွေရဲ့ မိုက်ပြစ်မိုက်ကြွေးတွေ လုံးဝကျေအောင် မဆပ်နိုင်သေးရင်တောင် မိဘဆီက ၀မ်းသာမျက်ရည် တစ်ပေါက်လောက်ကြွေအောင် ခြွေနိုင်ရင်ပဲ သူရို့အပြစ်လေးတွေ လျော့မှာလျော့ကြပါစေဆိုတဲ့ ဆန္ဒလည်း ပါပါရဲ့။ ကိုယ့်ဆီမှာ တစ်နှစ်ပတ်လုံး သွန်သင်ဆုံးမပြီးလို့ မိဘကို စိတ်ချမ်းသာစေမဲ့ သားကောင်းသမီးကောင်းလေးတွေအဖြစ် ဆိုင်ရာဆိုင်ရာ မိဘတွေလက်ထဲ အပ်လိုက်နိုင်ရင် ဦးဟန်ကြည်တို့ ၀မ်းသာလှပါပြီ။ ကိုယ့်ကလေးတွေနဲ့ သူရို့မိဘတွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်ရှိနေတာကို မြင်နေရရင် ဦးဟန်ကြည်တို့ သုံးရာသီလုံး ပင်ပန်းခဲ့သမျှတွေ ပျောက်ပါပြီလေ။

အောင်စာရင်းကို ကောက်ချက်ဆွဲလိုက်တဲ့အခါ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်မှာ ဦးဟန်ကြည်ရဲ့ လက်ရွေးစင်တပည့်တွေအနက် နှစ်ယောက်အပေါ်မှာတော့ တာဝန်မကျေနိုင်ခဲ့ပါ။ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်း၊ ဉာဏ်ရည်ပိုင်း အစစ အရာရာ အားနည်းလွန်းတဲ့ အနှီကလေးတွေဟာ အောင်မြင်မှုနဲ့ အတော့်ကိုဝေးမှန်း နှစ်လည်ပိုင်းလောက်ကတည်းက သိခဲ့ပေမယ့် ကိုယ်မျက်နှာလွှဲတာနဲ့ စင်ထွက်သွားမဲ့ အနှီကလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ လမ်းကြောင်းပေါ်တင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့တာကို ပြန်တွေးမိရင် ဦးဟန်ကြည် ကိုယ့်ကိုယ်ကို အားမရပါ။ ရှင်တော်ဘုရားတောင်မှ ကျွတ်ထိုက်တဲ့လူတွေကိုပဲ ကျွတ်တမ်းဝင်ဖို့ ၀ါယမစိုက်တော်မူတာကို ဦးဟန်ကြည်သိပေမယ့် တပည့်အားလုံးဟာ ကျွတ်ထိုက်တဲ့လူတွေချည်းပဲလို့ စာရင်းသွင်းထားတဲ့ ဦးဟန်ကြည်ကတော့ လာမယ့်နှစ်တွေ နှစ်တွေမှာ တပည့်တိုင်းကို အောင်မြင်မှုလမ်းစပေါ်ကို ဆွဲတင်ပေးပြီး သူရို့မိဘတွေ စိတ်ချမ်းသာစေဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဇွဲခတ်ပြီး ကြိုးစားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါရဲ့။

မနက်ဖြန်ရောက်ရင်တော့ အောင်မြင်ခဲ့ကြတဲ့ တပည့်တွေနဲ့ သူရို့မိဘတွေကို ဆိုင်တစ်ဆိုင်မှာ ဂုဏ်ပြုဧည့်ခံပွဲလေးတစ်ခု လုပ်ပေးပြီး ဂုဏ်ထူးထွက်ခဲ့တဲ့ တပည့်ကိုတော့ ဂုဏ်ထူးတစ်ဘာသာပါရင် တစ်သိန်းဆုချမယ်လို့ နှစ်စကတည်းက ထားခဲ့တဲ့ ဦးဟန်ကြည်ရဲ့ ကတိအတိုင်း ဆုပေးရပါဦးမယ်။ အစစအရာရာ ပေသီးခေါက်ပြီး ဆယ်လီကျေလွန်းတဲ့ ဦးဟန်ကြည်တစ်ယောက် ဒီတစ်ခါတော့ ဧည့်ခံပွဲအတွက် ကုန်မယ့်ငွေပမာဏကိုတွက်ရင်း နှမြောစိတ်တွန့်တိုစိတ်တွေ တစ်စိုးတစ်စေ့မှမရှိဘဲ ဂုဏ်ပြုခွင့်ရတာကိုပဲ ၀မ်းသာပီတိတွေ ဝေနေပါကြောင်းဗျား။

၁၀ . ၆ . ၂၀၁၂
( စနေနေ့ )

ကြိုက်ရင်ပေါ့လေ . . .