Wednesday 27 March 2013

ဘုရားများကို အားနာခြင်း . . .


   
ဦးဟန်ကြည်တို့တစ်တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်တော့ ထင်တစ်လုံးနဲ့ ဘ၀င်နှလုံးမှာ ရွှင်ပြုံးနေကြတဲ့ လူတွေချည်းပေါ့။ ငါမှငါ၊ ငါဟာ အတော်ဆုံး၊ ငါဟာ အတတ်ဆုံး၊ ငါပဲ စိတ်ကောင်းရှိတယ်၊ ငါပဲ ဘာသာရေးသမား၊ ငါလိုလူ ဇမ္ဗူရှား၊ အောင်မယ်မင်း ကိုယ့်ကောင်းကွက်တွေသာ ချရေးပြီး စာရင်းလုပ်ကြည့်ရင် ဘုရားစင်ပေါ်က ရုပ်ပွားတော်ဘေးမှာ ကိုယ့်ပုံကိုတောင် ရုပ်တုထုပြီး ကိုးကွယ်ချင်စရာတောင် မကောင်းပေဘူးလား။

ဝေးပါသေးရဲ့…

ကိုယ့်လုပ်ရပ်၊ ကိုယ့်စိတ်ဓာတ်တွေကို နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲမကြည့်ဘဲ သာမန် မံသစက္ခုနဲ့ တစ်ချက်လောက်ရှုလိုက်ရုံနဲ့တင် တလွဲဆံပင်ကောင်းနေတာတွေမှ တပုံတခေါင်း။ ကာတွန်းဦးဘဂျမ်းရဲ့ဇာတ်ကောင် ရသေ့ကြီးဦးဖျောက်ဆိတ်ရဲ့ စကားလုံးကို အငှားသုံးပြီး ပြောရရင်တော့ ဦးဟန်ကြည်တို့ရွှေပြည်သားတွေက “ ကိုယ့်ပေါင်ကိုလှန်ထောင်းတဲ့ ၀ါဒီ ” တွေကိုး။ ကိုယ့်ပေါင်ကိုတော့ ခပ်ဖွဖွလေးထောင်းပြီး သူများပေါင်ကိုတော့ မညှာမတာ စွတ်စွက်ထောင်းချင်တာကိုက သမိုင်းပေးအမွေ။ သူများကိုတရားချဖို့များဆိုရင်တော့ ရွှန်းရွှန်းကိုဝေလို့။ ကိုယ့်ကိုယ်ကိုများကျတော့ အသေးအဖွဲကလေးတောင်မှ ခွင့်မလွှတ်နိုင်၊ မဖြေနိုင်ကြတာတွေမှ ဒုနဲ့ဒေး။ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ဥဒါဟရုဏ်ဆောင်ရရင် တစ်ခါသားမှာ ဒကာမတစ်ယောက်ရဲ့ သမီးဆုံးတော့ ရွာဦးဘုန်းကြီးက တရားနဲ့ဖြေဖို့ ဖျောင်းဖျနားချတော်မူသတဲ့။ ဆရာတော်တရားပြကောင်းတော်မူတော့ ဒကာမလည်း စိတ်ပြေရှာတာပေါ့လေ။ တစ်ရက်သားတော့ ရွာဦးဘုန်းကြီးရဲ့ မယ်တော်ကြီး ပျံတော်မူပါလေရောလား။ အနှီမှာတင် ဆရာတော်ကြီးခမျာ ယူကြုံးမရ အပူလုံးကြွပြီး မဖြေနိုင်အောင် ဖြစ်တော်မူရှာပါလေရော။ သမီးဆုံးသွားတဲ့ ဒကာမကြီးက မနေနိုင်တော့တာကြောင့် ဆရာတော်ဆီလာပြီး “ ဘုန်းဘုန်းရယ် တပည့်တော် သမီးဆုံးတော့ ဘုန်းဘုန်းတရားပြသေးတာပဲ အခု ဘုန်းဘုန်းရဲ့ မယ်တော်ကြီး ပျံတော်မူတာလည်း တရားနဲ့ ဖြေမှပေါ့ဘုရား ” လို့ စေတနာကောင်းနဲ့ လာလျှောက်တော့ ၀မ်းနည်းစိတ်နဲ့ မျက်ရည်လည်ရွှဲဖြစ်နေတဲ့ ရွာဦးဘုန်းကြီးက “ ဟဲ့ ဒကာမကြီးရဲ့ နင်က သမီးပဲ ဆုံးတာ…ငါဆုံးတာက ငါ့အမေအရင်းကြီးဟဲ့ ” လို့ ၀မ်းနည်းပက်လက် ပြန်ပြောပါရောလား။ အင်း ဦးဟန်ကြည်တို့တတွေလည်း ထစ်ခနဲရှိရင် “ ငါ့အမေအရင်းကြီးဟဲ့ ” ဆိုတဲ့ ၀ါဒကြီးပဲ လက်ကိုင်ထားကြတာ မဟုတ်ပါလား အရပ်ကတို့ရေ။

ကမ်းလင့်သောလက် တွဲဆက်စေ . . .



ဒါတင်ဘယ်ကဦးမလဲ ဘာသာရေးမျက်စိနဲ့ကြည့်လိုက်ရင် ကိုယ်မှ ဘာသာရေးသမား ကျန်တဲ့လူတွေကတော့ ငရဲသွားရမယ့် သတ္တ၀ါတွေလို့ လိုရာဆွဲပြီး သတ်မှတ်ပစ်လိုက်ချင်တဲ့ သောက်ကျင့်ကလေးကလည်း သင်းပါဘိသနဲ့။ ဘုရားမသွား၊ ကျောင်းမတတ်၊ ဘုရားကျောင်းမရောက်တဲ့လူတစ်ယောက်ကိုများတွေ့လို့ကတော့ ငရဲသွားမယ့် ငရဲသားကလေးဟဲ့…ဘုရားသခင်ရဲ့ ဒဏ်ခတ်တာ ခံရမယ့် ငမိုက်သားကလေးဟဲ့လို့ နာမည်က တပ်လိုက်ချင်ကြသေးတာကလား။ ဘုရားသွားကျောင်းတက်လုပ်ရုံနဲ့သာ နိဗ္ဗာန်ရောက်၊ ကောင်းကင်နိုင်ငံတံခါးခေါက်နိုင်တယ်ဆိုရင်တော့ ဦးဟန်ကြည်ကတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ တဲထိုးနေပြီး ရုပ်ပွားတော်ကို ဖက်တောင်အိပ်လိုက်ချင်သေးရဲ့။ ဦးဟန်ကြည် သဘောကျတဲ့ ဓမ္မတေးတစ်ပုဒ်ထဲမှာ “ ဟိုမှာကြည့်ပါ လူတစ်ယောက်ဟာ အရက်မူးပြီးလဲတယ်…မမူးသူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ အရက်ထက်ဆိုးတာတွေ ” ဆိုတဲ့ စာသားကို စဉ်းစားသာကြည့်ပေရော့။ ဦးဟန်ကြည်တို့လူမျိုးက အပြင်ပန်းအမြင်နဲ့ အရေပြားတစ်ထောက်စာကို အင်မတန်ရှေ့တန်းတင်တဲ့လူစား။ အနှီ အာရှယဉ်ကျေးမှုကြီးကို ဦးဟန်ကြည် မြင်ပြင်းကတ်လိုက်သမှ ဟိုဘက်တောင်လွန်ပါလေရော။ Antonio Bandres ပါတဲ့ ဇာတ်ကားတစ်ကားမှာ “ ဘာသာရေးဆိုတာ တိုင်းတာရမယ့် ပေတံမဟုတ်ဘူး…လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် ” လို့ ပြောလိုက်တာများ ဘ၀င်ခိုက်လွန်းလို့ ဦးဟန်ကြည်နားထဲက အခုထိမထွက်ပေါင်ဗျာ။

ကိုင်း ဟုတ်ပါပြီဗျာ။ “ တရားဖက်တော့ အမျက်ပြေ၊ ဘုရားဖက်တော့ အသက်ရှည် ” ပါသတဲ့။ တွေ့ကရာရှစ်သောင်း ဂါထာပေါင်းတွေကို ထောင်းလမောင်းကျေအောင် ရွတ်ဖတ်သရစ္ဇျာယ်နေတဲ့ အဘယ်သို့သော သူတော်ကောင်း သူမြတ်လောင်းမှာများ ဒေါသနည်းတော်မူပါလိမ့်။ “ သြကာသ…သြကာသ…ဟဲ့ မသာမ အခုထိအိပ်ရာမထသေးဘူးလား ” မလုပ်ရုံတမည်။ အနှီကြားထဲမှာ ရလိုမှုအတွက်နဲ့ ဘာသာတရားကို ချည်းကပ်ပူဇော်တာကို ဦးဟန်ကြည် မုန်းလိုက်ပါဘိတော့။ ဈေးသည်များ မနက်ဖက် ဆိုင်ဖွင့်ရင် ဂါထာပေါင်း သောင်းခြောက်ထောင်ကို ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ ဟိုရေမန်း သည်ရေမန်းတွေ ရွှဲရွှဲစိုအောင်ဖြန်း၊ အမွေးတိုင်ပေါင်းများစွာကို ပန်းနာသည် အသက်ရှူကြပ်ပြီး သေလုနီးပါးထွန်းနေတာကို ဘာသာရေး လုပ်တယ်လို့များထင်နေကြရင်တော့ ပါစင်အောင် လွဲပေလိမ့်။ အနှီလိုလူမျိုးက သူကမှ ရှင်တော်ဘုရားကို တကယ်ကြည်ညိုတာလို့များ ဦးဟန်ကြည်ရှေ့မှာ ပါးစပ်က တစ်ခွန်းထွက်ကြည့်။ စိတ်ပေါက်ပေါက်နဲ့ ဖင်ပိတ်ကန်မိမှာ သေချာသပါ့။ တကယ်ဆိုရင် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ရလိုမှုတစ်ခုတောင် မပါရေးချမပါ။ တကယ်ဆိုရင် ဘုရားရှင်ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို လေးစားလို့ ချစ်မြတ်နိုးတာပဲ ဖြစ်သင့်တာကလား။ အနှီတော့လည်း လိုချင်လို့ ချည်းကပ်တာနဲ့ လေးစားမြတ်နိုးလို့ ကိုးကွယ်တာကြားမှာ အ၀ီစိတစ်ခုစာတောင် ခြားပါသဗျား။

ဦးဟန်ကြည်တို့က ပုထုဇဉ်တွေဆိုတော့ ဥမ္မတ္တကော ဖြစ်တာမဖြစ်တာ အသာဘေးချိတ်ပြီး ဘုရားတွေး မတွေးဘဲနဲ့ လူတွေးပဲ တွေးကြည့်ကြပါစို့ရဲ့။
 ဦးဟန်ကြည်က တွေ့တိုင်း လက်ဖက်ရည်တိုက်လို့ ခင်ပါတယ်ဆိုမှတော့ ဦးဟန်ကြည်ကို ခင်တာမှ မဟုတ်ပဲ။ လက်ဖက်ရည်ကို ခင်တာပဲ မဟုတ်လား။ အနှီလိုပဲ ဘုရားဆီက တစ်ခုခု ရချင်လို့၊ တစ်ခုခုရလို့ ဘုရားကို ချည်းကပ်တယ်ဆိုမှတော့ အနှီသကောင့်သားက ဘုရားကို ကြည်ညိုတာ ဘယ်ဟုတ်လိမ့်တုန်း။ ဘုရားဆီက ရမယ့် အကျိုးအမြတ်ကို ဈေးတွက်တွက်ပြီး ရှင်တော်ဘုရားကို စီးပွားရေးပေါင်းပေါင်းတဲ့ လူပေပဲ။ ဦးဟန်ကြည်ရဲ့ ဖေဖေ့စကားကို အလျဉ်းသင့်လို့ အငှားသုံးပြီး ပြောရရင်တော့ “ အားကိုးရလို့ ကပ်ပါ၏ ” ပေါ့လေ ဟုတ်ဘူးလား။ လူလိုပဲ ဆက်တွေးကြဦးစို့ရဲ့။ ဦးဟန်ကြည်ဆီက လက်ဖက်ရည်သောက်ရလို့ ခင်ပါတယ်ဆိုတဲ့ လူစားမျိုးကို ဦးဟန်ကြည်က ခင်ပါ့မလား။ ကိုယ့်ကိုခင်တာမဟုတ်ဘဲ၊ လက်ဖက်ရည်ကို မင်တဲ့သကောင့်သားကို ဖနောင့်နဲ့ ပေါက်မထုတ်တာ ကံကောင်း။ သို့ပေမင့် ဘာသာတိုင်းရဲ့ ဦးစီးအထွဋ်အထိပ် ဘုရားများကတော့ သဘောကောင်းတော်မူကြတာကိုး။ ခန္တီပါရမီများလည်း ပြည့်တော်မူကြပါရဲ့။ လိုချင်လို့လာတောင်းလည်း ဘေးမယ့်ပေးတော်မူလိုက်ကြတာချည်း။ အနှီအချက်တစ်ခုနဲ့တောင် ရှင်တော်ဘုရားတိုင်းကို ဦးဟန်ကြည် လေးစားလိုက်ပါဘိတော့။

ဒါတင်ဘယ်ကလိမ့်တုန်းဗျာ။ ကိုယ်မလုပ်ချင်တဲ့အလုပ်များရှိရင် ဘုရားကို ဆုတောင်းပြီး အလုပ်အပ်လိုက်ချင်ကြသေးတာရယ်။ အောင်မယ် သင်းတို့က ဘုရားကို အလုပ်သမားများ မှတ်နေရော့သလား မသိပေါင်ဗျာ။ ကိုယ်တောင်မှ မလုပ်ချင်တဲ့ အလုပ်ကို ဘုရားကို အငှားခိုင်းတဲ့လုပ်ရပ်ကတော့ ရက်စက်ရာ ကျလွန်းလှချေရဲ့။ ကိုယ်သွားမယ့်လမ်းမှာ ကျောက်တုံးတစ်တုံး ခံနေတာမြင်လို့ “ မြတ်စွာဘုရား ဘုရားတံခိုးတော်နဲ့ အနှီကျောက်တုံးကို ရွှေ့ပေးတော်မူပါဘုရား ” လို့ဆုတောင်းတာ တစ်နည်းအားဖြင့်တော့ “ ဘုရား ” လို့ခေါ်ပြီး ညာခိုင်းတာ မဟုတ်လို့ ကျန်တာဘာရှိသေးလို့တုန်း။ အောင်မယ် ဦးဟန်ကြည်က အနှီလိုပြောတော့ လာဦးမယ် “ အနှာက အားကိုးတာပါဆရာရယ် ” လို့။ အနှီလိုအားကိုးလို့ ရစတမ်းဆိုရင် ဦးဟန်ကြည်လည်း အစ်ကိုတော်၊ အစ်မတော်တို့ကို အားကိုးလိုက်ပါဦးမဗျား။ Land Cruiser ငါးစီးနဲ့ Marcedes တံခါးခြောက်ပေါက် သုံးစီးလောက်ရအောင် ကူညီတော်မူပါး) သေချာပြန်စဉ်းစားကြည်ရင် ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတော်မူတဲ့ ဘုရားရှင်က အမောင်တို့၊ အမယ်တို့ကို ခြေနှစ်ချောင်း၊ လက်နှစ်ဖက်နဲ့ မတ်တတ်သွားနိုင်အောင်၊ သတ္တ၀ါတွေထဲမှာ ဦးဏှောက်အကောင်းဆုံးဖြစ်အောင် ဖန်ဆင်းတော်မူပေးထားတာတောင်မှ မတင်းတိမ်နိုင်၊ ပေးသနားတော်မူထားတဲ့ စွမ်းအားတွေကိုလည်း အသုံးမချဘူးဆိုရင်ဖြင့် ဖန်ဆင်းတော်မူထားတဲ့ ဘုရားကို စော်ကားရာ ကျပေရော့မပေါ့။ ကိုင်း သည်ကန်ထဲကငါးတွေ စိတ်ကြိုက်သာ ဖမ်းယူပေရော့လို့ ခွင့်ပြုတာတင် အားမရသေးဘဲ တစ်ခါတည်း ဖမ်းပေးလိုက်ပါလားလို့ တောင်းတာနဲ့ မတူပေဘူးလားဗျာ။ အပါယ်မလားချင်ရင် အနှီဟာတွေရှောင်၊ နိဗ္ဗာန်ရောက်ချင်ရင် အနှီလိုကျင့်ရယ်လို့ နည်းလမ်းပေါင်းများစွာကို လေးဆယ့်ငါးဝါလုံးလုံး ညဥ့်သုံးယံမှာ တစ်ယံတည်းကျိန်းစက်တော်မူပြီး ဗုဒ္ဓမြတ်စွာ လမ်းညွှန်ပြတော်မူခဲ့တာကို မလိုက်နာ မကျင့်ကြံဘဲ ဘုရားဆီကပ်ပြီး နားပူနားဆာတိုက်နေရုံနဲ့သာ လိုတိုင်းတလို့ ရရိုးဆိုရင်ဖြင့် လူတိုင်း နိဗ္ဗာန်ချည်း ရောက်ကုန်ကြပေမပေါ့။ သြော…ဦးဟန်ကြည်တို့ လူများ ကျလည်း ကျလောက်ပါပေရဲ့။ ဘုရားက အနှီလို ထပ်မတောင်းရအောင် လိုသမျှ ဖန်ဆင်းဖြည့်ဆည်းပေးတော်မူလိုက်တာကိုတောင်မှ မသိသားဆိုးဝါး၊ အသိခေါက်ခက် အ၀င်နက်လှချေရဲ့။

ကိုယ်တိုင်က ဘာမှ ကြိုးစားအားထုတ်မှုမရှိ၊ လိုက်နာကျင့်သုံးမှုမရှိ၊ လိုက်လျှောက်မှုမရှိဘဲ အလကားရတဲ့ လေတစ်ခုကို အရင်းပြုပြီး ထိုင်တောင်းတိုင်းသာ ပေးနေရရင်ဖြင့် ရှင်တော်ဘုရားများလည်း လူပျင်းအားပေးတွေ ဖြစ်တော်မမူကြပေဘူးလား။ အနှီလိုဆိုရင်တော့ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့၊ ဂျနတ် တို့မှာ လူပျင်းတွေချည်း စုနေမှာ သေချာပါ့။ ဦးဟန်ကြည်ကတော့ အနှီလို လူပြိန်းကြိုက် သုခဘုံမျိုးကို ယောင်လို့တောင် မသွားရေးချမသွား။ ပြောရရင်တော့ ဘယ်ဘာသာဝင်မှ ဘာသာဝင်ဖြစ်ရုံသက်သက်နဲ့ သုခဘုံလက်မှတ် ထုတ်ပေးတာ မရှိပေါင်ဗျာ။ ဘာသာတိုင်းမှာ သူ့လုပ်ရပ်နဲ့ သူ့လားရာဂတိဆိုတာ သတ်မှတ်ထားပြီးသား။ ကိုယ့်ဘာသာ အပျင်းထူပြီး ချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်လျှောက်နိုင်ကြရင်တော့ ကိုယ့်ဘုရားကို လူမိုက်အားပေး မဖြစ်ရအောင် ချစ်ခြင်းအားဖြင့် ကိုယ့်လုပ်ရပ်က ချမှတ်မယ့် ကိုယ့်လားရာအတိုင်း ဖြောင့်ဖြောင့်သားသားသွားလိုက်ကြတာပဲ ကိုယ့်ဘုရားကို ပူဇော်ရာရောက်မယ် ထင်ပါရဲ့။

လာပါဦးမယ်။ အလှူအတန်းကိစ္စ။ ဘာသာတိုင်းမှာ အလှူအတန်းဆိုတာ ရှိသပါ့ဗျာ။ လှူသော်ရ၏လို့လည်း ဘာသာဝင်တိုင်းက အသိအမှတ်ပြုပြီး လှူကြပါသဗျား။ လှူတာက ဖရောင်းတိုင် ငါးဆယ်ဖိုး သကောင့်သားများ ပြန်တောင်းတာက သိန်းကိုထောင်နဲ့ချီရော။ အောင်မယ် ရှိသေးတယ်။ ဘာတဲ့။ “ ဘယ်ဘက်က တစ်ဆုပ်ကြဲတိုင်း ညာဘက်က တစ်လှည်းဝင်ပါရစေဘုရား ”တဲ့။ ကောင်းပါလေ့။ ဦးဟန်ကြည် ဥာဏ်မီသလောက်ကတော့ လှူတယ်ဆိုတာ ကိုယ့်ရဲ့အလိုလောဘကို ပယ်သတ်နိုင်ဖို့ လေ့ကျင့်ခိုင်းတာကိုး။ ကိုယ် တပင်တပန်း ချွေးနဲ့ရင်းပြီး ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာကို နှမြောတွန့်တိုမှုမရှိဘဲ လှူရဲတယ် လှူဝံ့တယ်ဆိုကတည်းက အနှီပုဂ္ဂိုလ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးရာ ရောက်တယ်မဟုတ်လား။ ရှိသမျှကိုတောင် အနှမြောမရှိဘဲ လှူတတ်တဲ့လူတစ်ယောက်အဖို့ စီးပွားပျက်သွားလည်း ဘယ်တုန်လှုပ်လိမ့်တုန်း။ ဦးဟန်ကြည် ဘုန်းကြီးကျောင်းသားဘ၀က နှုတ်တိုက်ကျက်ခဲ့တဲ့ သဂြိုဟ်ထဲကလို၊ ဆရာနန္ဒာသိန်းဇံရေးတဲ့ “ စိတ်အဆင့်ဆင့် မြင့်တက်ခြင်းသဘာဝ ”ဆိုတဲ့ စာတမ်းထဲကလို တဖြည်းဖြည်းချင်း မြင့်တက်လာတဲ့ စိတ်သဘာဝဟာ ကောင်းရာသုဂတိကို လမ်းပြမှာ ဧကန်။ ပြောရရင်တော့ ဘာသာရေးတိုင်းဟာ လူတွေရဲ့ စိတ်ရိုင်းတွေကို ချွန်းအုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လမ်းပြကြတာတွေချည်း။ ကိုင်း အနှီတော့ အထက်ကပုဂ္ဂိုလ်များလုပ်ကြတဲ့ အလှူမျိုးကတော့ ဘာသာရေးတိုင်းရဲ့ အခြေခံမူနဲ့ တက်တက်စင်အောင် လွဲနေပါရောလား။ လောဘကင်းအောင်၊ စိတ်ရိုင်းကို ချွန်းတင်နိုင်အောင် လှူခိုင်းပါတယ်ဆိုမှ အလှူပေးပြီး လောဘမီးအိုးကို လောင်စာထိုးနေမှဖြင့် လမ်းညွှန်တော်မူထားကြတဲ့ ဆိုင်ရာဆိုင်ရာ ဘုရားပေါင်းများစွာကို ထိုင်ပြီး ဆဲတာကမှ အပြစ်နည်းဦးမယ် ထင်ပါရဲ့

ဦးဟန်ကြည်လေးစားတဲ့ “ ဓမ္မပီယဆရာတော် ” ရဲ့ ဆောင်းပါးထဲက စာသားကို ကိုးကားရရင်တော့ “ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက်တော့ တစ်ပြားတစ်ချပ်မှ အကုန်မခံဘဲ ကိုယ့်နောင်ဘ၀ ကောင်းစားရေးအတွက်ပဲ လှူတန်းနေတယ်ဆိုတာ အတ္တကြီးတာပဲ ” တဲ့။ သမ္မာကျမ်းချက်ထဲက စာသားကို ကိုးကားရရင်တော့ “ မြင်နေရတဲ့ ညီအစ်ကို မောင်နှမအပေါ်မှာတောင် ချစ်ခြင်းမေတ္တာမထားနိုင်တဲ့လူဟာ မမြင်ရတဲ့ ဘုရားသခင်ကို ချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး ” ပါတဲ့ဗျား။ ကိုင်း စဉ်းစားသာကြည့်ကြပေရော့။ ဘာသာရေးအတွက်တော့ သိန်းပေါင်းထောင်ချီလှူပြီး လူနဲ့လူချင်းတော့ ကိုယ်ချင်းမစာနာ၊ ကိုယ့်အိမ်က အလုပ်သမားကိုတော့ လူနဲ့တန်းတူမထားတဲ့ ရွှေပြည်က ဘာသာရေးသမားများ ကြားတော်မူကြပါစ။ ဖတ်ဖူးတဲ့ သိုးဆောင်းအဆိုအမိန့်တစ်ခုထဲမှာတော့ စစ်မှန်တဲ့ စေတနာဆိုတာ ကိုယ့်ကိုဘာတစ်ခုမှ ပြန်ပြီးအကျိုးမပြုနိုင်တဲ့ လူတွေအပေါ်မှာ ထားတဲ့ စေတနာကို ခေါ်ပါသတဲ့။ ဘာသာတရားတွေကို အသာဘေးချိတ်။ စေတနာတောင် မှန်အောင်မထားနိုင်သေးဘဲများ တစ်ဘုရားတည်း ဘုရားနေတာ နားကို ကလောပါရော။ အနှီလို စိတ်မျိုးကြီး နှလုံးသားထဲမှာ သံမှိုစွဲပြီး ၀ိပဿနာတွေ၊ ပဋိစ္စသမုပ္ပတွေ ထိုင်လုပ်နေလို့ကတော့ဖြင့် နိဗ္ဗာန်နံ့ထွက်ဖို့ အသာထားဦး ငရဲနံ့တောင် မစင်ပေဘူး။ အနှာကြောင့်ပဲ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက “ စိတ်ကောင်းရှိဖို့သည် ပထမ ” လို့ စည်းကမ်းချက် သတ်မှတ်တော်မူခဲ့တာကိုး။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါရစေဦးတော့။ ဦးဟန်ကြည် ခွတိုက်တယ်လို့ ဆဲချင်လည်း ဆဲကြပေရော့။ မျက်စိ စပါးမွေးစူး၊ နားကြားပြင်း ကတ်နေတဲ့ စကားလုံး။ ဘာတဲ့ “ သာသနာပြုတယ် ” တဲ့။ သူရို့ပြောတဲ့ သာသနာပြုတယ်ဆိုတာ ဘုရားတည်တာ ကျောင်းဆောက်တာကို ဆိုသကိုး။ သိဖူးဖတ်ဖူးသမျှတော့ ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဆိုတဲ့ သာသနာသုံးရပ်ရှိပါရဲ့။ အနှီ ဘုရားတည် ကျောင်းဆောက်ကြီးတော့ ဦးဟန်ကြည်ပဲ စာဖတ်နည်းလေရော့သလား၊ ဥာဏ်ပဲ နုံနဲ့လေရော့သလားတော့ မပြောတတ်ပေါင်။ ဘာသာသနာရယ်လို့ ဘယ်ဒင်းမှာမှကို ရှာလို့ မတွေ့တာကလား။ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ပြီး အနှီအလုပ်ကို အင်တိုက်အားတိုက် လုပ်ခဲ့တဲ့ သီရိဓမ္မာသောက မင်းကြီးကိုတောင် သာသနာပြုမင်းလို့ မခေါ်ဘဲ “ သာသနာ့ဒါယကာ ” လို့ ခေါ်တာ စဉ်းစားကြည့်ပေရော့။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတစ်ပါးကတော့ “ အနှီအလုပ်တွေဟာ သာသနာပမှာပဲ သာသနာပြုတယ်လို့ ခေါ်သကွဲ့။ သာသနာတွင်းမှာတော့ သာသနာ သုံးရပ်ပဲ ရှိတာကလား ” လို့ မိန့်တော်မူပါရဲ့။ ဦးဟန်ကြည်တို့ကလည်း ခက်ခက်ရချေသေးရဲ့။ လူတွေရဲ့ နှလုံးသားမှာ မေတ္တာတရားတွေ ပွားစည်းစည်ပင်လာအောင် လုပ်ဖို့၊ ပြောရရင် နှလုံးသားမှာ ကိုယ့်ဘုရားတွေ တည်ဖို့တော့ ခေါင်းထဲမထည့်ဘဲ ဟိုဘုရားတည်၊ သည်ဘုရားကျောင်းဆောက်ဖို့လောက်ပဲ အားသန်နေတာ များပါရဲ့။ နှလုံးသားမဖြူစင်၊ မေတ္တာတရားမရှိဘဲ ဘုရားချည်း ဖင်ထောင်ကန်တော့နေကြရင်တော့ ရေမချိုးဘဲ ရေမွှေးချည်း ထိုင်ဆွတ်နေတာနဲ့ မတူပေဘူးလား။ အောင်မယ် သည်ကြားထဲမှာ ဘုရားဖူးလို့ ခေါင်းစဉ်တပ်ပြီး တစ်နှစ်တစ်ခေါက်ကတော့ တစ်ချီတစ်မောင်း ထွက်ကြသေးတာရယ်။ ကိုယ့်ဘာသာ တစ်နှစ်ပတ်လုံး အိမ်တွင်းအောင်းနေရတာ ကြိုးညောင်းလာလို့ အပန်းဖြေခရီးထွက်ရင်လည်း ထွက်တယ်ပေါ့။ ရှက်စရာမှ မဟုတ်ဘဲ။ ဘယ်ဒင်းကြောင့် ဘုရားနာမည် ဆွဲဆွဲထည့်နေကြတယ် မပြောတတ်ပေါင်။ ဘုရားဆိုတဲ့ ခေါင်းစဉ်လေးတပ်လိုက်ရင် လုပ်သမျှ တင့်တယ်တယ်၊ ကုသိုလ်ရတယ်များ ထင်နေကြရော့သလားမသိ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော် နွေရာသီတုန်းက ဦးဟန်ကြည် ပုဂံမှာ တစ်လနီးပါး သွားနေတာကို ဘုရားဖူးတယ်လို့ ခေါင်းစဉ်မတပ်ပေါင်။ ပုဂံဘုရားပေါင်းများစွာကို တစ်ဆူမှ မကျန်အောင် နေ့စဉ်နဲ့အမျှ သွားလေ့လာတာ ဘုရားကို ကြည်ညိုတာထက် ပုဂံခေတ် ဗိသုကာပညာတွေကို လေးစားစိတ်နဲ့ သွားလေ့လာတာကလား။ ဘုရားဆိုတာ ကိုယ့်နှလုံးသားထဲမှာ ရှိပြီးသား။ တကူးတက သွားဖူးစရာ လိုမှမလိုဘဲ။

ဦးဟန်ကြည်တို့ ရွှေပြည်သားများ ခက်ပုံက လိုက်နာရမယ့် ကျင့်ဝတ်ကို ပါးစပ်က တတွတ်တွတ်ရွတ်ရုံနဲ့တင် နိဗ္ဗာန်တံခါးကြီး ကောင်းကင်နိုင်ငံတံခါးကြီး ဂျိန်းခနဲပွင့်ရော ထင်နေကြတာကလား။ ကျန်တာ အပထား။ ရှင်တော်ဘုရား ဟောတော်မူတဲ့ မင်္ဂလသုတ်ကိုပဲ နမူနာကြည့်ကြစို့။ အများစုက အနှီမင်္ဂလသုတ်ကြီးကို ရွတ်ရုံ၊ မင်္ဂလသုတ် ပရိတ်တော်ကို ဒီဗီဒီတစ်ချပ်ထိုးထည့်ပြီး ဖွင့်လိုက်ရုံနဲ့တင် ကိုယ့်အိမ်ကိုယ့်ယာ ကိုယ်ပါမကျန် မင်္ဂလာရှိရော ထင်ကြတာများ အံ့သြပါရဲ့။ ကိုင်း…ဦးစိုးဝင်း ( စေတီယင်္ဂ ဓမ္မာစရိယ ) အနက်ပြန်ထားတဲ့ မင်္ဂလသုတ် ပရိတ်တော်ထဲက တစ်ပိုဒ်လောက်ကို နမူနာ နာကြည့်ကြစို့လား..
အာရတီ ၀ိရတီ ပါပါ
မဇ္ဇပါနာ စ သံယမော
အပ္ပမာဒေါ စ ဓမ္မေသု
ဧတံ မင်္ဂလ မုတ္တမံ။
( မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက်သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရားလေးပါးသည် မြတ်သောမင်္ဂလာမည်၏ဟူ၍ မှတ်လေလော့ )
အနှာနဲ့မှ အားမရသေးရင်လည်း ဒဂုန်ဦးထွန်းမြင့်ရဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ကဗျာလေးတွေကို နွေရာသီဗုဒ္ဓဘာသာ အခြေခံသင်တန်းတက်ကြမယ့် ကလေးတစ်ယောက်ဆီက အသာဆွဲယူပြီး ဖတ်ကြည့်ပေရော့။ ရှင်တော်ဘုရားက အနှာတွေကို လိုက်နာရင် မင်္ဂလာရှိမယ်လို့ ဟောထားတာကို လိုက်နာဖို့မကြံဘဲ ထိုင်ရွတ်နေရုံနဲ့ ရှိလိုက်ဦးမယ့် မင်္ဂလာတွေ။ ထားစရာတောင် နေရာမရှိပေဘူး။ ဥပမာပေးရရင် ကြက်ဥကြော်နည်းကို စာနဲ့ရေးပေးထားတာကို လိုက်မလုပ်ဘဲ ရေးပေးထားတဲ့ စာသားကို ထိုင်ရွတ်နေတာနဲ့တောင် တူသေးရဲ့။ ကြက်ဥကြော်တော့ ဝေလာဝေး ပါးစပ်ညောင်းတာတောင် အဖတ်တင်ဦးမှာကလား။ သမ္မာကျမ်းစာလည်း ထိုနည်းနှင်နှင်ပ။ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို စာနဲ့ရေးပြထားတယ်ဆိုကာမှ ရွတ်ပြီးဆုတောင်းနေတာကတော့ လိုရင်းကို ရောက်မယ်မထင်။

စာတွေရ၊ စာတွေရွတ်နေတိုင်းသာ နိဗ္ဗာန်ရောက်ရင်ဖြင့် နိဗ္ဗာန်ကို ကျန်တဲ့ရဟန်းတွေထက် အရင်ရောက်သင့်တဲ့ ပုဂ္ဂိုလ်ဟာ ညီတော်အာနန္ဒာထေရ်ထက် ဘယ်သူရှိလိမ့်တုန်း။ အာနန္ဒာမထေရ်ဟာ ဥာဏ်အရာမှာ ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အပြင် ဗုဒ္ဓဘုရားရဲ့ အပါးတော်မြဲလည်း ဖြစ်ပြန်တော့ ဘုရားရှင်ရဲ့ နှုတ်ထွက်တရားတော်ဟူသမျှ သူအကုန်ရတာချည်း။ ညီတော်အာနန္ဒာရဲ့ ဘုရားကို ချစ်ပုံကလည်း ပြိုင်စံရှား။ ရှင်တော်ဘုရားကို အရိပ်လို ထပ်ချပ်မကွာ စောင့်ရှောက်တော်မူတာကလား။ သို့ပေမင့် ဘုရားရှင် မရှိတော့တဲ့နောက်မှာ တရားတော်တွေကို ပထမသင်္ဂါယနာတင်ဖို့ အချိန်ကျလာတဲ့အချိန်မှာ သက်တော်ကြီးရင့်နေပြီဖြစ်တဲ့ အာနန္ဒာမထေရ်ကြီးခမျာ သောတ္တာပတ္တိဖိုလ်ကနေတောင် မတက်ရှာသေးဘူးကိုး။ ကိုယ်တိုင် ကျင့်ကြံအားထုတ်တော်မူမှပဲ သင်္ဂါယနာတင်ပွဲအမီ အရဟတ္တဖိုလ်ကို ဆိုက်ရောက်တော်မူရှာပါရဲ့။ အနှီတော့ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေ ကိုယ်တိုင် လိုက်လျှောက်မှုမရှိဘဲ ရွတ်ရုံဖတ်ရုံနဲ့တင် တင်းတိမ်နေကြတာ ဦးဟန်ကြည် အံ့သြလွန်းလို့ ပင့်သက်တောင် ရှူမိပါရဲ့။ ပြောရရင်တော့ ဦးဟန်ကြည်တို့တတွေဟာ နိဗ္ဗာန်ရောက်ဖို့ထက် ကြားကာလလေးမှာ ကောင်းကောင်းမွန်မွန်နေရရေးကိုပဲ ရှေ့တန်းတင်ကြတာကလား။ ရှင်တော်ဘုရားရဲ့ နှုတ်ထွက်ပါဠိတွေကို တတွတ်တွတ်ရွတ်သလို ရှင်တော်ဘုရားရဲ့ စရိယသုံးပါး၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဖြည့်ကျင့်တော်မူခဲ့တဲ့ ပါရမီသုံးဆယ်၊ စွန့်ခြင်းငါးရပ်၊ သတ္တ၀ါအများအပေါ် ထားတော်မူတဲ့ မေတ္တာတွေကို အောက်မေ့ဆင်ခြင်ခြင်းဟာလည်း ဗုဒ္ဓာနုဿတိ ကမဋ္ဌာန်းကို စီးဖြန်းရာရောက်တာမို့ လောကီသားများ ငမ်းငမ်းတက် လိုချင်နေတဲ့ ကုသိုလ်ရပါကြောင်းလေးလည်း ဦးဟန်ကြည်က ခပ်ရွတ်ရွတ်ကလေး ပြောလိုက်ချင်တော့တာပါပဲ။

သည်ကြားထဲမှာ ဦးဟန်ကြည်တို့လူမျိုးက ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လုပ်တဲ့လူတွေက တစ်ရာမှာ ကိုးဆယ့်ကိုးယောက်။ အနှာတောင် ကျန်တဲ့ကိုးယောက်က လက်ပြတ်နေလို့ မကားယားနိုင်တာကလား။ လက်မကားယားနိုင်ရင်တောင် ခြေကတော့ ကားယားဦးမှာ သေချာသပါ့။ ပြောတော့သာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အိမ်ခန်းထောင့်ကြည့်လိုက်ရင် နတ်အုန်းသီးလေးတွဲလောင်း၊ ရှံနီစလေး တန်းလန်းနဲ့။ တစ်ခါတစ်ခါ သိန်းလေးငါးဆယ် အကုန်ခံပြီး ဟိုမရောက်၊ သည်မရောက် အီကြာကွေးနတ်ကတော်တွေကို ပူဇော်ပသတဲ့ပွဲကြီးတွေ ၀ှဲချီးကျင်းပလိုက်ချေသေး။ ပါးစပ်ကရွတ်လိုက်ရင် “ သုရာမေရာယ မစ္ဆပမာဒဌာနာ ဝေရမဏိ ” စာနဲ့ရေးလိုက်ရင် “ သေရည် ” လို့ ပက်ပက်စက်စက် နာမည်ဆိုးတပ်ပေမယ့် အမောင်နတ်များကိုတော့ ဘီအီးတို့ တောအရက်တို့ မဟုတ်ဘဲ ဂျော်နီလမ်းလျှောက်တောင်မှ red label နဲ့ အားမရဘဲ တတ်နိုင်ရင် blue label, gold label လိုက်ကြသေးတာကလား။ အနှီနတ်တွေအကြောင်း စိတ်ဝင်တစားရှိလွန်းလို့ မင်းတုန်းမင်းလက်ထက်ကတည်းက မြန်မာပြည်ကိုလာပြီး သုံးဆယ့်ခုနစ်မင်းအကြောင်း စုံစမ်းသုတေသနလုပ်သွားတဲ့ အနောက်တိုင်းသုတေသီတစ်ယောက်ရဲ့ စာတမ်းကို ကျကျနနဖတ်တော့မှပဲ သူရို့နတ်တွေက တစ်နတ်မှကို မကောင်းပဲကိုး။ အရက်သမား၊ ကြက်သမား၊ ကြာကူလီ၊ ဥပစ္ဆေဒကကံနဲ့ သေခဲ့တဲ့လူတွေက ခပ်များများ၊ သည်ကြားထဲမှာ ကုဋ္ဌနူနာနဲ့ သေတဲ့လူတောင် ပါလိုက်ချေသေး။ သြော…ဦးဟန်ကြည်တို့ ရွှေပြည်သားများ တစ်ခုကိုးကွယ်ရတာ အားမရရှာကြပဲကိုး။ အလောင်းစည်သူမင်းကြီးက အနှီနတ်တွေကို မြင်ပြင်းကတ်လွန်းလို့ နတ်ရုပ်တွေအကုန် ရွှေစည်းခုံဘုရားထဲမှာ ပစ်ထားလိုက်တာတောင် ဘုရားသွားသယောင်နဲ့ နတ်ကိုးပြီး ပြန်လာကြသေးတာကလား။ တစ်ချို့စေတီတော်များ ခြေရင်းမှာ၊ တစ်ချို့နေရာမှာ ဘုရားနဲ့ တစ်တန်းတည်းမှာ ဘိုးတော်တွေရော၊ ဘာပိုင် ညာပိုင်ကြီးတွေရော ရုပ်တုတွေမှ အခန့်သား။ အောင်မယ်မင်း သကောင့်သားများက ဘုရားထက်တောင် ပါဝါကြီးတော်မူချက်။

ဦးဟန်ကြည်တို့ပြောလေ့ရှိပါရဲ့။ သရဏဂုံပျက်တယ်ဆိုတဲ့ စကား။ ကျန်တဲ့ဘာသာမှာလည်း ဘာသာပျက်တယ်ဆိုတဲ့ အသုံးအနှုန်း။ ဘာလုပ်ရင် သရဏဂုံပျက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာမှ မကြားချင့်အဆုံး။ ဦးဟန်ကြည် သိသလောက်ကတော့ ဗုဒ္ဓံ ( မြတ်စွာဘုရားကို ) သရဏံ ( ကိုးကွယ်ရာဟု ) ဂစ္ဆာမိ ( ဆည်းကပ်ပါ၏ ) လို့ အနက်ပြန်တာကလား။ ခပ်ငယ်ငယ်ကတော့ သရဏံဆိုတဲ့ စကားလုံးကို ပါးစပ်ပိတ်ပြီး ပီပီသသမရွတ်နိုင်ရင် သရဏဂုံမတည်ဘူးလို့လည်း မှတ်ဖူးပါရဲ့။ သို့ပေမင့် တစ်ချို့တိုင်းပြည်တွေမှာ “ ဂချာမိ ” လို့ သူရို့လူမျိုး လေယူလေသိမ်းနဲ့ ရွတ်နေကြတာကြားတော့ ဟယ် ငါ့ဟာက သောက်တလွဲချည်း ထင်ပါရဲ့လို့တော့ တွေးမိသား။ သူ့ဆိုလိုရင်းက ဘုရားမှတစ်ပါး ကျန်တဲ့အရာကို အားကိုးရင်၊ ကိုးကွယ်ပူဇော်ရင် ဗုဒ္ဓဘာသာဝင်အဖြစ်က လျှောကျတယ်လို့ ဆိုလိုတာကိုး။ အနှီလို ဆိုတော့ နတ်မှနတ် တစ်နတ်တည်းနတ်နေတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်သားများကို ဗုဒ္ဓဘာသာဝင်ရယ်လို့ ခေါ်ရမှာတောင် ခပ်ရွံ့ရွံ့။ သည်ကြားထဲမှာ ထစ်ခနဲရှိရင် ဗေဒင်ကလေးက မေးလိုက်ချင်သေးတာ။ ယတြာလေးက ချေလိုက်ချင်သေးတာ။ Sky net ကလွှင့်နေတဲ့ အစီအစဉ်တစ်ခုမှာတောင်မှ ဗေဒင်ပါသေး။ အနှီိလိုသာ မကောင်းတာလုပ်ပြီး မကောင်းတာဖြစ်မယ့်အရေးကို ယတြာနဲ့ ပျောက်စတမ်းဆိုရင် ရှင်တော်ဘုရားက ကံကံ၏အကျိုးတို့ ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီတို့ကို လေကုန်ခံပြီး ဘယ်ဟောတော်မူမလဲ။ ကိုင်း လုပ်ချင်ရာလုပ် ယကြာသာ ချေလိုက်ကြလို့ ဟောတော်မူပေမပေါ့။ အနှီလိုသာဆို မြေမြိုသွားတဲ့ ဘုရားရဲ့ ယောက္ခမ သုပ္ပဗုဒ္ဓမင်းကြီးတို့ ယောက်ဖတော် ဒေ၀ဒတ်တို့ကိုလည်း အင်တိုက်အားတိုက် ယတြာမချေကြပေဘူးလား။ ရှင်တော်ဘုရားရဲ့ လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ ယတြာမှ ယတြာလုပ်နေတဲ့ ရွှေပြည်သားများကိုလည်း ဗုဒ္ဓဘာသာစာရင်းသွင်းရမှာ ဦးဟန်ကြည် ကြောက်ပါရဲ့။

အနှာတင်ဘယ်ကလိမ့်တုန်းဗျာ။ အခုတလောမှာ “ အစွန်းရောက် ဗုဒ္ဓဘာသာဝင် ” ဆိုတဲ့ စကားလုံးကလည်း မမြင်ချင့်အဆုံး။ ဘယ့်နှာ ရှင်တော်ဘုရားရဲ့ တရားတော်က မဇ္ဇျိမပဋိပဒ္ဓါ “ အလယ်အလတ်လမ်းစဉ် ” မဟုတ်လား။ အလယ်မှာနေပါလို့ ရှင်တော်ဘုရားက မိန့်ကြားတော်မူတဲ့စကားကိုမှ နားမထောင်ဘဲ အစွန်းမှာ သွားနေလို့ကတော့ ဗုဒ္ဓဘာသာဝင် ဘယ်ဟုတ်လိမ့်တုန်း။ သူရို့အသုံးအနှုန်းကြီး ကြားရုံနဲ့တင် ဦးဟန်ကြည် ကြောစိမ့်ပါ့။

ဦးဟန်ကြည်တို့တတွေရဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရမယ့် အခြေခံမူငါးချက်ဖြစ်တဲ့ ငါးပါးသီလမှာ အဒိန္နာဒါနာ “ သူတပါးရဲ့ ပစ္စည်းဥစ္စာကို ခိုးယူခြင်း ” ကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ သိက္ခာပုဒ်တစ်ခု ပါပါ့ဗျာ။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံခြင်းသည် ဗုဒ္ဓဘာသာဝင်ကောင်းတို့ရဲ့ အမူအကျင့်လို့လည်း အမြတ်တနိုး သတ်မှတ်ကြပါရဲ့။ ကိုင်း ကျန်တဲ့အပါးလေးတွေ ဘေးချိတ်။ အဒိန္နာဒါနာကိုပဲ ဆန်းစစ်ကြည့်ကြဦးစို့ရဲ့။ ဦးဟန်ကြည်တို့ရဲ့ လူမျိုးက လမ်းကြိုလမ်းကြားဝင်ပြီး သူများထဘီရုပ်တဲ့လူတန်းစားကိုပဲ သူခိုးလို့ သတ်မှတ်ချင်ကြတယ် ထင်ပါရဲ့။ ပန်ကာအောက်ထိုင်ပြီး တိုင်းပြည်ဘဏ္ဍာကို သိန်းထောင်ချီဘုန်းတဲ့ သကောင့်သားများကျတော့ ဘယ်သူခိုးဟုတ်လိမ့်တုန်း။ အောင်မယ် “ အလွဲသုံးစားမှု ” တဲ့။ လုပ်ပုံက။ ဦးဟန်ကြည် ဥာဏ်မီသလောက်ကတော့ …
“ ယူသင့်တာထက် ပိုယူလိုက်တာဟာ ခိုးတာ . . .
ပေးသင့်တာထက် လျှော့ပေးတာဟာ ဓားပြတိုက်တာ ”
စဉ်းစားကြစို့။ ဈေးသည်တစ်ယောက်ဟာ ယူသင့်တဲ့အမြတ်အစွန်းထက် ၁၀၀ ပိုပြီး ယူလိုက်ရင် ဒါဟာ ၁၀၀ ခိုးတာမဟုတ်လို့ ဘာလို့ခေါ်ရပါလိမ့်။ ပိုက်ဆံ ၁၀၀ ယူပြီး ၁၀၀ ဖိုးအပြည့် ၀န်ဆောင်မှုမပေးဘဲ ၅၀ ဖိုးပဲ ၀န်ဆောင်မှုပေးတာကရော ၅၀ ခိုးလိုက်တာ မဟုတ်လို့ ဘာပါလိမ့်။ တရားဝင် ကုန်စည်ခွန်မဆောင်ဘဲ ဆိုင်ရာပိုင်ရာနဲ့ အပီကပ်ပြီး အခွန်မပေးရအောင်လုပ်တာဟာ တိုင်းပြည်ဘဏ္ဍာကို ခိုးတာလို့ မခေါ်ရဘူးလား။ ၁၀၀ တန်ပစ္စည်းလာရောင်းတာကို “ ဟာ သည်ကောင်တော့ ဗိုက်နာနေပြီ…ငါပေးသလောက် ယူရမှာပဲ ” ဆိုတဲ့ လူယုတ်မာစိတ်မွေးပြီး ၅၀ ပဲပေးလိုက်တာဟာ တစ်ဖက်သားရဲ့ပိုက်ဆံ ၅၀ ကို ဓားပြတိုက်လိုက်တာပဲ မဟုတ်လား။ အောင်မယ်မင်း လုံလိုက်တဲ့ ငါးပါးသီလ။ စိတ်လိုက်ပါတဲ့ သီလရေစစ်။ ဆင်တောင်အပေါက်ကျွံကျမယ့်ကိန်း။

သည်ကြားထဲမှာ ကာမေသုကလေးက စွက်လိုက်ချင်းသေးတာကလား။ အနှီလိုပြောတော့ “ ဆရာရယ် အနှီတစ်ခုတော့ သားတို့က လုံပါ့ ” လို့များ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာမယ် မကြံလေနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၀န်းကျင်က ဓမ္မဗျူဟာ စာစောင်မှာ ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီးကို မေးလျှောက်ထားတဲ့ ကာမေသု မေးခွန်းတစ်ခုကို မှတ်မိသလောက် ကိုးကားရရင် လူနှစ်ယောက် လက်မထပ်ဘဲ အတူနေရင် အနှီမိန်းကလေးရဲ့ ကာမကို သူ့မိဘက ပိုင်တာဖြစ်လို့ အမောင်သကောင့်သား ကာမေသုကံ ထိုက်ပါသတဲ့ဗျား။ I love you တစ်လုံး လက်စွဲသုံးပြီး ခြင်ထောင်ဇာတ်ချည်း စွတ်ခင်းနေတဲ့ ကိုကိုတို့ သတိသာထားကြပေရော့။ မမများကလည်း များတို့နဲ့ အနှီဟာနဲ့ မဆိုင်လို့များ ညာတာပါတေးနဲ့ ရှောင်မပြေးလေနဲ့။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြားမိရင် မယ်မင်းကြီးမတို့ရော ဘယ်ပြေးလို့ လွတ်လိမ့်တုန်း။

ဦးဟန်ကြည် သည်ရက်ပတ်အတွင်း မကြာမကြာစဉ်းစားမိပါရဲ့။ ငါရို့တွေ ရေလိုက်လွဲနေတယ်ထင်ပါရဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ဦးဟန်ကြည်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဘုရားရှေ့ရောက်တိုင်း သြကာသ ကန်တော့ချိုးနဲ့ ကန်တော့လေ့ရှိကြတာကိုး။ တကယ်တော့ အနှီသြကာသဆိုတာက ဆုတောင်းစာပေါ့လေ။ အနှီဆုတောင်းထဲမှာ “ ကပ်ကြီးသုံးပါး ” ကင်းပါရစေဆိုတဲ့ ဆုတောင်းလဲ ပြူးပြဲနေအောင် ပါပါရဲ့။ ကပ်ကြီးသုံးပါးဆိုတာကို အလျဉ်းသင့်တုန်း အနက်ဖွင့်ပြရရင်တော့
“ ရောဂန္ဓရကပ် - ရောဂါဆိုးတွေကျရောက်ပြီး လူအများ သေကျေခြင်း
ဒုဗ္ဘိခန္ဓရကပ် - အစာရေစာ ငတ်မွတ်ခေါင်းပါးပြီး လူအများ သေကျေခြင်း
သတ္ထန္ဓရကပ် - လူအချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်းကြောင့် လူအများ သေဆုံးခြင်း ”
-       လို့ဆိုသကိုး။
 ဦးဟန်ကြည်တို့တတွေ ကပ်ကြီးသုံးပါး ကင်းလွတ်ဖို့ ကိုယ့်ဘုရားဆီမှာ တဖွဖွတောင်းဆိုပြီး ကိုယ်တိုင်ကတော့
 ကပ်ကြီးတွေ မဆိုက်ဆိုက်အောင် နည်းမျိုးစုံနဲ့ လုပ်နေကြတာဟာ တပည့်တော်တို့ အရှင်ဘုရားဆီမှာ တောင်းနေပေမယ့် တကယ်လိုချင်လို့တောင်းတာ မဟုတ်ပါဘူးလို့များ သက်သေပြရာ ရောက်မလားလို့ တွေးမိတာကိုး။ အင်း အားမနာတမ်း ပြောရရင်တော့ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေဟာ လူမျိုးတို့ ဘာသာတို့ကို သာမန်အချိန်တွေမှာ စောင့်ရှောက်ဖို့ စည်ပင်ပွားများအောင် ကြိုးစားပံ့ပိုးကြဖို့ ယောင်လို့တောင် စိတ်မကူးဘဲ ရန်ဖြစ်တဲ့အခါမှပဲ လူစုရတာလွယ်အောင် ပါးစပ်ကနေ တဖွဖွ ပြောကြတယ်ထင်ပါရဲ့။ ဦးဟန်ကြည်ကတော့ ကမ္ဘာ့လူသားတွေ ငြိမ်းချမ်းကြစေဖို့ စေတနာကောင်းနဲ့ ဘာသာတရားတွေကို ပြုစုပျိုးထောင်တော်မူခဲ့ကြတဲ့ ဘာသာတိုင်းရဲ့ အထွဋ်အမြတ် ပုဂ္ဂိုလ်တိုင်းကို ကြားထဲကနေ အားနာမိတာလည်း အကြိမ်ကြိမ် အခါခါ။ သူရို့တွေ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ဆိုင်ရာဆိုင်ရာ လိုက်နာကြသူချင်း မငြိမ်းနိုင် မချမ်းနိုင် သတ်ဖြတ်နေကြတာတွေကို ကမ္ဘာ့သတင်း မြန်မာ့သတင်းတွေမှာ မြင်ရကြားရတိုင်း သက်ဆိုင်ရာ ဘုရားတွေကို ဘယ်လိုတောင်းပန်ရပါ့လို့လည်း အကြိမ်ကြိမ်အခါခါ စဉ်းစားမိပါရဲ့။ 


ကိုင်း…အထက်ကနေ ဖတ်လာလိုက်တာ သည်အထိရောက်လာပြီဆိုရင်ဖြင့် ငါဟာ ငါ့ဘာသာဝင် စစ်စစ် ဖြစ်ပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြစို့ရဲ့။ ငါဟာ ဘုရားကိုစော်ကားတဲ့ blasphemy များဖြစ်ပြီလားလို့လဲ အားမနာတမ်း မေးကြဦးစို့။ ဦးဟန်ကြည်ကတော့ ကိုယ့်ကိုယ်ကို အန္ဓဗုဒ္ဓဘာသာ ( ဗုဒ္ဓဘာသာဝင်လူညံ့ ) များဖြစ်နေပြီလားလို့ မကြာမကြာ မေးစမ်းကြည့်မိပါရဲ့။ မရှက်တန်းဝန်ခံရရင်တော့ သမ္ပဖလာပ၀ါစာ ဆိုတဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းစကားတွေ ပြောမိပြောထမရှိပေမယ့် တစ်ခါတစ်လေ ဒေါသအလျှောက် ခပ်မာမာခပ်ကြမ်းကြမ်း ဖရုဿဝါစာတွေ သုံးမိတတ်တဲ့၊ ရှောင်ကြဉ်ခြင်းဆိုတဲ့ စာရိတ္တသီလကိုပဲ ဖြည့်ကျင့်ဖို့ အားသန်ပြီး ဖြည့်ဆည်းခြင်း ၀ါရိတ္တသီလကို အချိန်တော်တော်များမေ့လျော့နေတတ်တဲ့၊ အခါအားလျော်စွာ ဘီယာလေး၊ ၀ီစကီကလေး နှိပ်လေ့ရှိတဲ့၊ ကိုယ့်ကူညီမှုကို တစ်ဖက်သားက အသိအမှတ်မပြုရင် ဒေါကန်တတ်တာမို့ စေတနာကိုတောင် ဖြူစင်အောင် မထားနိုင်သေးတဲ့၊ သူတော်ကောင်းဥစ္စာ ခုနစ်ပါးမှာ အပါးတော်တော်များများ ကွက်လပ်ဖြစ်နေတဲ့ ဦးဟန်ကြည်ခမျာ ကိုယ့်ကိုယ်ကို လူကောင်း၊ သူကောင်းစာရင်းထဲတောင် ထည့်ဖို့ မရဲပေါင်ဗျာ။ သို့ပေမင့် ဘာသာတရားတိုင်းရဲ့ အခြေခံမူဖြစ်တဲ့ ကိုယ်ချင်းစာတရားကိုတော့ ဦးဟန်ကြည် ရှင်သန်ဖြတ်သန်းခဲ့တဲ့ ဘ၀တလျှောက်လုံး ဖြည့်ကျင့်ခဲ့တာမို့ သတ္တ၀ါအများကို မစာနာ မသနားတဲ့ လူယုတ်မာ စာရင်းမ၀င်သေးတာကိုပဲ ဂုဏ်ယူနေရပါသေးရဲ့။

ပြောခဲ့သမျှကို အနှစ်ချုပ်လိုက်ရင်တော့ ဘာသာဝင်စစ်စစ်ဖြစ်ခြင်း မဖြစ်ခြင်းဟာ ဆိုင်ရာဆိုင်ရာ ဘာသာတရားတွေရဲ့ အဆုံးအမတွေကို အပြည့်အ၀ လေးစားလိုက်နာမှု ရှိခြင်းမရှိခြင်းအပေါ်မှာမူတည်ပြီး သတ္တ၀ါအများ ငြိမ်းချမ်းရေးကို ရှေးရှုကြတဲ့ ကမ္ဘာပေါ်က ဘာသာတရားတိုင်းရဲ့ အခြေခံမူဖြစ်တဲ့ “ ကိုယ်ချင်းစာတရား ” ကိုသာ ဘာသာဝင်တိုင်း လက်ကိုင်ထားကြရင်ပဲ ကိုယ့်ဘာသာအသီးသီးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ထာဝရအေးငြိမ်းချမ်းသာခြင်းကို မရမီစပ်ကြားမှာ မတူကွဲပြားမှုတွေများစွာကြားမှာ ရှင်သန်နေရတဲ့ အသက်တာအတွင်း လုံခြုံချမ်းမြေ့ခြင်းနှင့် စိတ်အေးချမ်းသာခြင်းတွေကို ရကြမှာ မြေကြီးလက်ခတ်မလွဲတဲ့အကြောင်းကို ဒီနေ့လူသားတွေ ယုံကြည်ကိုးကွယ်နေကြတဲ့ ဘာသာရေးတိုင်းရဲ့ အထွဋ်အမြတ် မဟာကရုဏာတော်ရှင်တွေကို ကြည်ညိုလေးစားစွာနဲ့ ဦးဟန်ကြည် ရဲရဲကြီး အာမခံလိုက်ပါကြောင်းဗျား။

စာကြွင်း။            
အနှီပို့စ်ကို တစ်လမ်းကျော်က နတ်ကန္နားပွဲမှာ ၀ါကာ ၀ါကာ သီချင်းကို မိုင်ကုန်တင်ဖွင့်ထားတာကို မကြားချင်ယောင်ဆောင်၊ အမဲခြောက်ဖုတ်အက တွန့်လိန်ကောက်ကွေးနေအောင်ကနေတဲ့ မာမီခြောက်ကို စိတ်ကူးထဲမှာ ပုံဖော်ပြီး ဖင်ပိတ်မကန်မိအောင် ဒေါသစိတ်ကို ချွန်းအလီလီအုပ်ပြီး ခန္တီပါရမီကို မနိုင့်တနိုင် ဖြည့်ကျင့်ရင်း အင်တိုက်အားလိုက် ရေးထုတ်လိုက်ရပါကြောင်း . . .


11 comments:

အန်တီတင့် said...


အရှိုက်ကိုတည့်တည့်ထိတယ်ဆိုတာ ဒါမျိုးဖြစ်မယ် ဟိဟိ တီတင့်အခုနကမှ တင်လိုက်တဲ့ ပို့စ်မှာ ဘုရားတည်မိသွားပြီ ဦးဟန်ကြည်ရယ် ... :P

ဒီကနေ့အတွက်တော့ အသက်ရှည်ဆေးသောက်သွားပြီ နည်းနည်းလျှော့ရေးပါအုံး ဖတ်ရတာကြောက်လာပြီ:)

စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ဆရာပိုစ့် လမင်းဘလော့မှာ မတက်ဘူးဖြစ်နေတာ အဲ့ဒါကြောင့် မရောက်ဖြစ်တာ အခုတောင်ဖေ့ဘုတ်ကနေလာဖတ်ရတယ်။။ :)

ချစ်သူမောင် said...

ဟိဟိ ဦးဟန်ကြည်တွေးချက်တွေကတော့
ထိထိမိမိ ပါ
ဒီတစ်ခါတော့ဘာသာရေးပေါ့

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Anonymous said...

ကောင်းလွန်းလို့ မှန်လွန်းလို့ FB ကို မ သွားပါပြီ ဒီလို စာမျိုး ဖတ်ရလို့ ကျေးဇူး အထူးတင်ပါတယ်။

ဒေါ်စိုး said...

ကြိုက်လွန်းလို့ ကျမ blog ကောင်းနိုးရာရာ မှာဖေါ်ပြဖို့ကူးယူသွားပါတယ်။ ကျေးဇူးတင်ပါတယ်။

TunTun said...

Speechless.. Very very true.. 100% agree with you.

သူကြီးမင်း (တုံးဖလား) said...

စပ်ပနာရယ်တဲ့မှ ပေါင်းပုံပါဘဲလား ဆရာဟန်။ စွယ်စုံကျော်ထင်ကျမ်းများ ဖတ်နေရလား မှတ်တယ်။

ဘုရားများကိုတော့ သူကြီးမင်းလဲ ခပ်အားနာနာရယ်။ တစ်ခါတစ်ခါ ဘုရားရှိခိုးရင် ဘုရားမျက်နှာကို မော့ကြည့်ဖြစ်တယ်။ ပြုံးနေသလိုလိုကြီး။ သူကြီး.. မင်းလုပ်တာ ငါ အကုန်သိတယ် ဆိုတဲ့ သဘောမျိုးလား မှတ်ရတယ်။း)

နတ်အကြောင်းဆိုလို့ ပြောရဦးမယ် ဆရာဟန်။
သူကြီးမင်းတို့ဘက်မှာတော့ နတ်ကိုးကွယ်တာတွေ မရှိဘူး။ ဘယ်အိမ်မှာမှ ဘာနတ်မှ မရှိကြဘူး။ ဘုရားစင်ဘဲ ရှိကြတယ်။ သူကြီးမင်းမမွေးခင်တုန်းကတော့ အိမ်မှာ နတ်စင်လေးတစ်ခု တင်ပစားထားဖူးတယ်တဲ့။ အဲဒီနတ်က ကလေးတွေကို အလွန် ကျီစားတယ်ဆိုဘဲ။ ကလေးတွေ ခဏခဏ ညည ထငိုတဲ့အတွက် အဘိုးက စိတ်တိုကြီး နတ်စင်ကို ဓါးနဲ့ ခုတ်ဖျက်ပြီး နတ်ကိုလဲ တစ်ခါထဲ မောင်းထုတ်ပစ်လိုက်တယ်တဲ့။ အခုဆို တစ်ရွာလုံး ဘာနတ်မှကို မရှိတော့တာ။ တစ်နှစ်တစ်ခါလောက်တော့ ရွာစောင့်ဦးရှင်ကြီးဆိုလားဘဲ။ အဲဒီနတ်ကိုတော့ တောထဲသွားပြီး ပူဇော်ပသကြတယ်။

အောက်အကျေက နတ်တွေ အထက်ဖက် ဆန်မတက်လာတာ တော်သေးတယ်။ နို့မို့ဆို သူတို့ကလဲ တမှောင့်ရယ်။

စုံစုံစေ့စေ့ ပြုံးပြုံးကြီး ဖတ်သွားတယ် ဆရာဟန်။

နွေလ said...

ကြောင် ပုဇွန်စား ကြွပ်ကြပ်ဝါး ဆိုတာ ဒါမျိုး ဖြစ်မယ်
အကိုးအကား အထောက်အပံ့တွေနဲ့ ရေးသားတင်ပြထားတာ
စာရှည်ကြီးမှန်းမသိ ပြီးဆုံးအောင် ဖတ်မိသွားတယ်
ကျနော်ကတော့ ဘာဘာသာဝင်မှ ခွဲခြားမနေဘူး
ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်လို့ နှလုံးသွင်းထားတယ် အခုလည်း ဖွဘုတ်ပေါ်မှာ အစွန်းရောက်သမားတွေ ကြည့်ပြီး မျက်လုံးမချမ်းသာ ဖြစ်နေရတယ်ဗျာ
မနက်ခင်းစီးစီးလည်း ကျက်သရောမရှိဘူး
တက်တက်လာတဲ့ သတင်းတွေ
ဖြစ်နိုင်ရင် အကုန်လုံး ဘလော့ပစ်လိုက်ချင်တယ်
ဒါပေမဲ့ လက်ညောင်းမှာစိုးလို့
မချစ်လည်း အောင့်ကာ နမ်းနေရတယ်

ဘုန်းတောက် said...

ဆရာပြောတဲ့ ဒါနပြုသင့်ပုံလေး ဒါနပြုရင် ထားရမည့်စိတ်ထားလေးကို သဘောကျတယ်။

ဒါနဲ့ ဆရာရေ ဘုရားခေတ်တုန်းကတော့ စာအုပ်တွေ မရှိသေးပါဘူး။ အသံနဲ့ပဲ သယ်ဆောင်လာခဲ့ကြတယ်။ ဆဋ္ဌသံဂါယနာရောက်မှ စာအုပ်နဲ့ဘာနဲ့ ဖြစ်သွားတာ။ ပြောချင်တာက ဘာလဲဆိုတော့ ပဋိဝေဓသာသနာလို့ ရေးထားကြတယ်။ ပြီးတော့ ကပ်သုံးပါးကိုလည်း ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်လို့ ရေးကြတယ်။ ဆရာက စိတ်မဆိုးဘူးဆိုရင် ဘာပြောချင်သေးလဲဆိုတော့ "ကိုယ်လုပ်မှကိုယ်ရ"ဆိုသလို ပြင်ပကပြဿနာတွေကို ခေါင်းရှုပ်မခံဘဲနဲ့ မြင်ရင်မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ သိရင်သိတယ်မှတ်ပြီး ကိုယ့်ဘာသာကိုယ် ငြိမ်းချမ်းအောင် အားထုတ်ဖို့ပဲ အရေးကြီးပါတယ်။ အနှီလိုပြောတော့ ဆရာပြောသလို ဖြစ်နေပြီလားတော့ မသိဘူး။ ဘာတဲ့ သူများသေတုန်းက တရားနဲ့ဖြေဖို့ ကိုယ့်မယ်တော်ကြီးလည်း ဆုံးရော ယူကြုံးမရတဲ့ အဖြစ်မျိုး ဖြစ်နေပြီလား မသိဘူး။ ဟိ။ လှစ်မှ...ဘိုင်နော်

နွေတေးရှင် (မင်းဧရာ) said...

စုံလှတယ်ဆရာရေ................
သည်လိုစာမူးမျိုးတွေ အပြင်မှာဖြန့်ဝေစေချင်တယ် ဆရာ
ဖတ်စေ မှတ်စေ ချင်လို့ပါ.........။

လှူတာတောင် အလှူမတတ်သေးတဲ့ သတ္တ၀ါတွေ ပေါ့ဆရာ။

kokoseinygn said...

ဖတ်စရာကတော့များ ဖတ်လို့ကလည်းကောင်း
တစ်ယောက်တည်းဖတ်ပြီးအသိတွေရှိနေတာထက်
အများတကာ သိစေချင်တယ်ဆရာ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger