Thursday, 20 June 2013

ထိုမနက်ခင်း . . .


မနေ့ညက မိုးရွာသည်။ ရာသီဥတုသည် အေးအေးမြမြနှင့် သာတောင့်သာယာရှိလှ၏။ မနက်စောစောထစရာမလိုသော ဖိုးကံကောင်းများအတွက် အိပ်ယာထဲတွင် ဟိုလူးသည်လှိမ့်ဖြင့် နှပ်ရင်း ဇိမ်တည်ရန်ကောင်းသော ရာသီဥတုပင်တည်း။ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရရှာသော ဦးဟန်ကြည်ကား အိပ်ယာထဲတွင် မနှပ်နိုင်။ မနက်ခင်း ခြောက်နာရီထိုးသည်နှင့်တပြိုင်တည်း အိပ်ယာမှ လူးလဲထရလေတော့သည်။ မနေ့ညက ဆယ့်တစ်နာရီထိုးတွင် အိပ်ယာဝင်ခဲ့မိသည်မှာ ခပ်ကောင်းကောင်းပင်။ အခါတိုင်းညများတွင် ဦးဟန်ကြည်၏ အစောဆုံး အိပ်ယာဝင်ချိန်သည် သန်းခေါင်ကျော် တစ်ချက်တီးချိန်လောက် ဖြစ်လေသည်။ မနေ့ညကမူ လက်ဝဲဘက်နားက တစစ်စစ် ကိုက်ခဲနေသဖြင့် စိတ်လက်မကြည်မသာဖြစ်ကာ ခပ်စောစောပင် အိပ်ယာဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် မိုးအေးအေးနှင့် ချိုးကွေးကွေးရန် အသင့်တော်ဆုံးဖြစ်သော အရုဏ်ဦးအချိန်၌ အိပ်ယာမှ ကြည်ကြည်လင်လင်နိုးထနိုင်ခဲ့ခြင်း မဟုတ်လော။ မကွယ်မထောင့်ဝန်ခံရလျှင် ဦးဟန်ကြည်မည်သော လူထူးဆန်းသည် ညအချိန်တွင် အိပ်စက်ရမည်ကို အလွန်တရာ နှမြောသလို၊ မနက်ခင်းတွင် စောစောအိပ်ယာထရမည်ကိုလည်း အလွန်တရာမှပင် စက်ဆုပ်လှပေ၏။ ကျောင်းသားဘ၀တလျှောက်လုံး မနက်ခြောက်နာရီတွင် တစ်ခါမှ အိပ်ယာမထခဲ့ဖူးချေ။ သို့သော် ကျောင်းဆရာဘ၀သို့ရောက်သောအခါတွင် ငယ်ဘ၀ကဲ့သို့ ပျင်းကြောဆွဲရန် အခွင့်မသာတော့။ ဆရာတစ်ယောက်၏ အာဝေနိက ဒုက္ခများတွင် မနက်စောစော အိပ်ယာထရခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဦးဟန်ကြည် အနက်ဖွင့်လိုက်ချင်တော့သည်။ ၀ီရိယကောင်းလှသော လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာများကို အားကျပေစွ။

အိပ်ယာမှ စိတ်လက်ကြည်ကြည်လင်လင်ဖြင့် နိုးထခဲ့သော်လည်း ခန္ဓာကိုယ်ကား မကြည်လင်လှ။ လက်ဝဲဘက်နားသည် ညကထက်ပိုမိုပြင်းထန်သော ကိုက်ခဲခြင်းမျိုးဖြင့် တစစ်စစ် ကိုက်ခဲနေဆဲပင် ဖြစ်သည်။ ဤအသက်အရွယ်ရောက်သည်အထိ နားကိုက်သည့်ဝေဒနာကို တစ်ခါမျှ မခံစားဖူးခဲ့သော ဦးဟန်ကြည်အတွက် ထိုဝေဒနာအသစ်အဆန်းသည် အခံရဆိုးလွန်းလှပေစွ။ မျက်နှာဘယ်ခြမ်းတစ်ခုလုံးသို့ နာကျင်မှုဝေဒနာက ဖိစီးနေ၏။ ဇရာမဖိစီးချင် ဗျာဓိရောက်ချင်သည်ထင်၏။ မည်သို့ပင်ဆိုစေ မရဏသန္တ၀ီထိ မကျသေးသည်ကိုပင် ကျေးဇူးတင်ရပေတော့မည်။ နားအနာသက်သာနိုးနိုးဖြင့် လှုပ်လီလှုပ်လဲ့ ဆင်မယဉ်သာလျှောက်ရင်း အိပ်ခန်းမှထွက်ကာ စွန့်ခြင်း၊ သန့်ခြင်းလုပ်ငန်းများကို တတ်နိုင်သမျှ အညင်သာဆုံး ဆောင်ရွက်သည်။ သတိထား၍ မျက်နှာသစ်သည့်ကြားမှ အလိုက်မသိသော လက်က လက်ဝဲဘက်နားကို ခပ်ဆတ်ဆတ် အဖျားခတ်မိပြန်သည်။ မအော်မိအောင် အံကြိတ်ထားရပြန်၏။ နားကိုက်နေချိန်တွင် သွားတိုက်ရသည်မှာလည်း ဝေဒနာတစ်ရပ်ဟု အမှတ်ထင်ထင် သတိထားမိပြန်သည်။ ဝေဒနာကို ဥာဏ်ဖြင့်ယှဉ်ရန် အားထုတ်သည်။ ထင်သလောက်မလွယ်ကူလှ။ သက်ပြင်းချရင်း ရေချိုးခန်းမှထွက်ရသည်။ အ၀တ်တန်းပေါ်တွင် အသင့်တွေ့ရသော အင်္ကျီခပ်လတ်လတ်တစ်ထည်ကို ယူဝတ်သည်။ ပုဆိုးခပ်သန့်သန့်တစ်ထည်ကို ကောက်စွပ်ပြီး လူယောင်ဖန်ဆင်းသည်။ ဆရာဟူသော သတ္တ၀ါသည် မိမိကိုယ်ကိုပါ ရောင်းကုန်စာရင်းတင်နေရသော သနားစရာသတ္တ၀ါဖြစ်မည်ထင်၏။

မနက်ခြောက်နာရီခွဲလျှင် ဦးဟန်ကြည်၏ တစ်ဦးတည်းသော န၀မတန်းကျောင်းသား ရောက်လာချေပြီ။ မောင်ကျောင်းသားကား အချိန်မှန်လွန်းပေစွ။ ၀ီရိယကောင်းလွန်းသည်ဟု အချီးကျူး မစောလေနှင့်။ မောင်ကျောင်းသားသည်လည်း ဦးဟန်ကြည်နည်းနှင်နှင် အိပ်ယာထ ခပ်ပျင်းပျင်းပင် ဖြစ်လေသည်။ မအေနှင့် အစ်မဖြစ်သူက ရိုက်မောင်းပုတ်မောင်းဖြင့် ဇွတ်အတင်းနှိုးလွှတ်လိုက်သဖြင့်သာ ကျောင်းချိန်မီရောက်လာခြင်း ဖြစ်ပေလိမ့်မည်။ တာဝန်မကျေမည်ကို ကြောက်စိတ်ဖြင့် အိပ်ယာထရသော ဦးဟန်ကြည်နှင့် မိဘမောင်ဘွားကို ကြောက်စိတ်ဖြင့် အိပ်ယာထရသော မောင်ကျောင်းသားတို့မှာ အနေအထားချင်း သိပ်မကွာလှ။ သူတော်ချင်းချင်းဖြစ်သောကြောင့်သာ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြသည်ဖြစ်ပေလိမ့်မည်။ စာကြည့်စားပွဲတွင် ဆရာတပည့်နှစ်ယောက်ထိုင်သည်။ ဆရာဖြစ်သူ ဦးဟန်ကြည်က တပည့်ဖြစ်သူကို မြန်မာသဒ္ဒါစာအုပ်ဖွင့်ရန် အမိန့်ပေးသည်။ ခေတ်ကာလ ကျောင်းသားများ မြန်မာစာ အားနည်းလွန်းလှခြင်းကို ဦးဟန်ကြည် ဘ၀င်မကျ။ ထို့ကြောင့်ပင် တစ်ဦးတည်းသော န၀မတန်းကျောင်းသားကို အလျဉ်းသင့်တိုင်း မြန်မာသဒ္ဒါကို ဖိသင်၏။ ကျယ်ကျယ်ပြန့်ပြန့်သင်၏။ ကိုးတန်းသည် ကျောင်းစစ်ဖြစ်သည်ဟု မောင်ကျောင်းသား၏ အတန်းပိုင်က ခနဲ့ပြောပြောသည်ဟု မောင်ကျောင်းသားက ဦးဟန်ကြည်ကို တိုင်လေသည်။ အောင်မှတ်သည် သူမလက်ထဲတွင် ရှိသည်ဟု ဆိုလိုရင်းဖြစ်ပေလိမ့်မည်။ ဦးဟန်ကြည် စိတ်မ၀င်စား။ အောင်ခြင်း၊ ကျခြင်းသည် အဓိကမဟုတ်၊ တတ်ခြင်း မတတ်ခြင်းသည် ပဓာနဟု နှလုံးပိုက်လေသော ဦးဟန်ကြည်ကို အသင်ဆရာမ လျှော့တွက်လေခြင်းဟု တစ်ချက်ပြုံးမိသည်။ သူမ၏ ကျူရှင်တွင် ကိုးတန်းကျောင်းသား သုံးလေးဆယ်ရှိနေပြီကိုပင် မကျေနပ်နိုင်သေးဘဲ ဦးဟန်ကြည်၏ တစ်ဦးတည်းသော ကျောင်းသားကို မျက်စောင်းထိုးနေသော ထိုဆရာမကို ဦးဟန်ကြည် သနားမိပြန်သည်။ စစ်စစ်ဆိုလျှင် ဦးဟန်ကြည်သည် ကိုးတန်းသင်သော ဆရာမဟုတ်။ ကိုးတန်းသင်ရန်လည်း စိတ်မ၀င်စား။ မိမိကို အားကိုးအားထားပြုနေကြရှာသော တက္ကသိုလ်ဝင်တန်း အညံ့ပန်းကလေးများ ပတ်လည်ဖြင့် ယားလို့ပင် မကုတ်အားလေ။ တပည့်ဟောင်းဖြစ်သော မောင်ကျောင်းသား၏ အစ်မဖြစ်သူနှင့် မိသားစုဝင်ကဲ့သို့ဖြစ်နေသော မောင်ကျောင်းသား၏ မိခင်ဖြစ်သူတို့က အားကိုးတကြီးဖြင့် အပ်နှံသောကြောင့်သာ ဦးဟန်ကြည် အိပ်ရေးပျက်ခံနေခြင်း ဖြစ်လေ၏။ အများဝေဖန်တိုက်ခိုက်သော စကားတစ်ခွန်းစီသာ သဲတစ်ပွင့်စီဖြစ်ခဲ့မည်ဆိုလျှင် ဦးဟန်ကြည်တစ်ယောက် ယခုအချိန်တွင် ကန္တာရအလယ်တွင် ငုတ်တုတ်ထိုင်နေရလောက်ပေပြီ။ ရှိစေတော့။ ဦးဟန်ကြည်သည် အများနည်းတူ တည့်တည့်မသွားတတ်သော ဂဏန်းမျိုးပင် မဟုတ်ပါလော။

မောင်ကျောင်းသားကို မြန်မာသဒ္ဒါလာ ကြိယာဝိသေသနများအကြောင်း တစ်နာရီနီးပါးကြာအောင် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောဆိုပြီးလျှင် လေ့ကျင့်ခန်းများလုပ်ရန် တာဝန်ပေးလိုက်သည်။ မောင်ကျောင်းသားကား ဖင်ကုတ်ခေါင်းကုတ်ဖြင့် ရှိစုမဲ့စု ဥာဏ်ရည်ဥာဏ်စွမ်းတို့ကို ဇွတ်အတင်းညှစ်ထုတ်ရင်း စွမ်းနိုင်သမျှ ဖြေလေတော့သည်။ ခက်ခဲသော မေးခွန်းနှင့်တိုးလျှင်လည်း ဦးဟန်ကြည်ကို ပြန်မမေးရဲ။ မေးပြန်လျှင်လည်း သူ့ဆရာဦးဟန်ကြည်က “ မှန်တာ မှားတာ ငါ့အလုပ်…စွမ်းသလောက်ဖြေရမှာ မင်းအလုပ် ” ဟူသည့် ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြပေဦးတော့မည်။ ကိုယ်စွမ်းကိုယ်စကို ရှေ့တန်းတင်လွန်းသော ဆရာဖြစ်သူ၏ စိတ်ရင်းကို သိလေပြီးဖြစ်သော မောင်ကျောင်းသားကား လေ့ကျင့်ခန်းအတွင်း စိတ်နှစ်ရင်း တုတ်တုတ်မျှ မလှုပ်။ မောင်ကျောင်းသား အလုပ်ရှုပ်နေချိန်တွင် ဆရာဖြစ်သူ ဦးဟန်ကြည် အနားမရသေး။ ဆယ်တန်းကျောင်းသားများအတွက် သင်ထောက်ကူ စာအုပ်ထုတ်ရန် ပြင်ဆင်နေရလေသည်။ ကွန်ပျူတာကိုဖွင့်ပြီး သင်ရိုးညွှန်းတန်း စာအုပ်ငယ်ကို ရှာသည်။ စာအုပ်ငယ်ကိုတွေ့လျှင် ရှိစုမဲ့စုဖြင့် ခြစ်ကုတ်ဝယ်ထားသော Samsung ML 1640 Laser printer ကို ပါဝါဖွင့်သည်။ ဦးဟန်ကြည်၏ အလုပ်စားပွဲသည် အမှိုက်ပုံသာသာ။ ထိုအမှိုက်ပုံတွင်းမှ Double A အမျိုးအစား A4 စက္ကူထုပ်ကို ရှာသည်။ တွေ့လျှင် စာရွက်အချို့ကို ဆွဲထုတ်ပြီး printer တွင်းသို့ထည့်သည်။ booklet ထုတ်ခြင်းသည် ကရိကထ အလွန်များသော အလုပ်ပင်တည်း။ ကွန်ပျူတာနှင့် printer ကိုချိတ်ဆက်ပြီး မနံပါတ်ပါသော စာမျက်နှာများချည်း တစ်စုံထုတ်ရန် အမိန့်ပေးရသည်။ ထွက်လာသော စာရွက်များကို တစ်ရွက်ချင်း အပေါ်အောက်ပြောင်းပြန်လှန်ပြီး printer အတွင်းသို့ တစ်ခါပြန်ထည့်ရသည်။ စုံနံပါတ်ပါသော စာမျက်နှာများချည်း တစ်စုံထုတ်ရန် ကွန်ပျူတာမှတဆင့် အမိန့်ပေးရပြန်သည်။ လေးငါးစုံထုတ်ရန် ဘိုင်ကြံကြံပြီး အမိန့်မပေးရဲ။ စာရွက်နှစ်ရွက်ပူးပြီး ထွက်သွားသဖြင့် စုံနှင့်မ မတွဲမိဘဲ စာရွက်တစ်ရာခန့် အမှိုက်ခြင်းအတွင်း ၀င်သွားဖူးကတည်းက ဦးဟန်ကြည် တရားပေါက်ခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုင်လိုက်၊ ထလိုက်ဖြင့် ကိုယ့်ကိုယ်ကိုသာ မညှာတမ်း နှိပ်စက်ရလေတော့၏။

ရဲဘော်ကြီး ML 1640
















စာအုပ်လေးအုပ်မြောက်ထုတ်အပြီးတွင် မောင်ကျောင်းသား ခေါင်းထောင်လာပြန်သည်။ လေ့ကျင့်ခန်း ပထမပိုင်းကို ဖြေပြီးသွားပြီဟု ဆို၏။ ဦးဟန်ကြည် စစ်ပေးရပြန်သည်။ အယူအဆအမှားများကို တစ်ခေါက်ပြန်ရှင်းပြရပြန်၏။ သဘောပေါက်သလောက်ရှိလျှင် လေ့ကျင့်ခန်း နောက်တစ်ပိုင်း ထပ်ပေးလိုက်ရပြန်သည်။ မောင်ကျောင်းသား နောက်တစ်ချီအလုပ်များသွားပြန်လျှင် စာအုပ်ထပ်ထုတ်ရန် ဟန်ပြင်သည်။ ထုတ်ထားပြီးသား စာမျက်နှာများကို တစ်ချက်လှန်ကြည့်လိုက်လျှင် ဦးဟန်ကြည် မျက်လုံးပြူးသွားလေတော့သည်။ printer တွင်းရှိ Toner နည်းနေသည်ထင်၏။ စာလုံးများကား ယခင်နေ့ကကဲ့သို့ နက်မှောင်ရှင်းလင်းခြင်း မရှိတော့။ အကောင်းကြိုက်သော ဦးဟန်ကြည် မနေနိုင်လေ။ printer ကိုဖွင့်သည်။ Toner cartridge ကို ဆွဲထုတ်သည်။ အံဆွဲတွင်းရှိ ၀က်အူလှည့်ကို ထုတ်ယူပြီး cartridge ကို ဖွင့်သည်။ လွန်ခဲ့သော တစ်ပတ်က ၀ယ်ထားသော Toner refill ဘူးကို ရှာရပြန်၏။ တွေ့လျှင် cartridge တွင်းသို့ လောင်းထည့်သည်။ ကျောမွဲရွှေပြည်သားဖြစ်ရသည်မှာ ဂုဏ်ငယ်လွန်းပေစွ။ အနောက်နိုင်ငံများတွင် Toner ကုန်လျှင် cartridge ကို လွှင့်ပစ်ပြီး အသစ်တစ်ချောင်း ၀ယ်ထည့်ကြပေလိမ့်မည်။ ဦးဟန်ကြည်ကား ထိုသို့မလုပ်နိုင်ရှာလေ။ တတ်နိုင်သမျှ စွမ်းသမျှဖြင့် မန်းရင်းမှုတ်ရင်း အဆင်ပြေအောင် စခန်းသွားရရှာ၏။ cartridge ကို စက်အတွင်း ပြန်ထည့်ပြီး စာတစ်မျက်နှာ အစမ်းထုတ်သည်။ အရောင်မထူးခြား။ ဖျော့နေဆဲ၊ ဖျော့နေမြဲ။ cartridge ကို ပြန်ထုတ်သည်။ ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း အပြစ်ရှာနေစဉ် မောင်ကျောင်းသား ခေါင်းထောင်လာပြန်သည်။ လေ့ကျင့်ခန်း ဒုတိယပိုင်း ပြီးသွားပြီဆိုသည့် သဘော။ cartridge ကို ဘေးချပြီး လေ့ကျင့်ခန်း စစ်ပေးရပြန်သည်။ အယူအဆ အမှားများကို ပြန်ရှင်းပြရပြန်သည်။ ဆရာတပည့်နှစ်ယောက် အလုပ်ရှုပ်နေစဉ် အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းတီးသံ ကြားရ၏။ ရှစ်နာရီခွဲပေပြီ။ မောင်ကျောင်းသားကို ကျောင်းပို့ရန်အတွက် သူ၏လက်စွဲတော် ဆိုင်ကယ်တက်စီသမား ရောက်လာပေပြီ။ မောင်ကျောင်းသား ကျက်ရန်မှတ်ရန် စာများ၊ လေ့ကျင့်ခန်းများကို တက်သုတ်ရိုက်ပြီး တာဝန်ပေးရ၏။ စာအုပ်စာတမ်းများသိမ်းပြီး မောင်ကျောင်းသား နှုတ်ဆက်ထွက်သွားလျှင် ပြင်လက်စ cartridge နှင့် နပမ်းဆက်လုံးရန် ဦးဟန်ကြည် တာစူရပြန်သည်။

 
ML 1640 cartridge

တတ်သလောက် မှတ်သလောက် ပြင်ပြီးသော cartridge ကို စက်တွင်းပြန်ထည့်သည်။ စာရွက်တစ်ရွက် ထုတ်ကြည့်ပြန်၏။ မထူးခြား။ printer ကိုပြန်ဖွင့်သည်။ cartridge ကို ပြန်ထုတ်သည်။ အလုပ်စားပွဲအောက်တွင် စီထားသော cartridge ဗူးအဟောင်းများထဲမှ တစ်ချောင်းချင်းထုတ်သည်။ စက်ထဲတွင်ထည့်ပြီး တစ်အုပ်ထုတ်ကြည့်သည်။ ပိုဆိုးလေတော့၏။ တစ်ချောင်းမရ၊ နောက်တစ်ချောင်း မဟန်လျှင် ဦးဟန်ကြည် ခေါင်းကုတ်ရလေပြီ။ cartridge အသစ်တစ်ချောင်း ထပ်ဝယ်ရန် ဘဏ္ဍာရေးမှူးမဒမ်ဟန်ကြည်ထံ ဘတ်ဂျက်တင်ပြရပေဦးတော့မည်။ ဦးဟန်ကြည်ကား ထိုသို့လုပ်ရမည်ထက် ကျားမြီးကိုသာ မလွတ်တမ်းဆွဲလိုက်ချင်တော့၏။ cartridge တစ်ချောင်း တန်ဖိုးငွေ သုံးသောင်းခွဲအတွက် ကျောက်ခဲကို ရေမညှစ်လိုသေးပြီ။ ထို့ကြောင့်ပင် မူလ cartridge ကို ပြန်ယူသည်။ နောက်တစ်ကြိမ်ထပ်ကလိကြည့်သည်။ printer ထဲတွင် ပြန်တပ်သည်။ သံဗုဒ္ဓေအထပ်ထပ်ရွတ်ရင်း စာတစ်ရွက် အစမ်းထုတ်ကြည့်ပြန်သည်။ သံဗုဒ္ဓေကပဲ စွမ်းလေသလော၊ ဦးဟန်ကြည်ကပဲ စွမ်းလေသလော မပြောတတ်တော့။ ထွက်လာသော စာရွက်သည် ယခင်ကလောက် အရောင်မဖျော့တော့။ မိုးအေးအေးတွင် ချွေးပြန်နေသော ဦးဟန်ကြည်ကို သနားသွားဟန်တူ၏။ ထုံးစံအတိုင်း စာအုပ်တစ်အုပ် ရရန်အတွက် စုံတစ်ခါ၊ မတစ်ခါထုတ်သည်။ လုံလောက်သော စာအုပ်အရေအတွက်ရလျှင် အမှိုက်ပုံကို ဖွပြန်သည်။ ရေခံစာမျက်နှာအတွက် ၀ယ်ထားသော color paper ထုပ်ကို ရှာတွေ့လျှင် စာရွက်တစ်ချို့ကို printer တွင်းထည့်သည်။ ကဗျာရူး၊ စာရူး ဦးဟန်ကြည်သည် သူ၏ သင်ထောက်ကူစာအုပ် ရေခံစာမျက်နှာကိုပင် အလွတ်မထား။ တပည့်များ စိတ်ဓာတ်ခွန်အားဖြစ်စေမည့် ကဗျာတစ်တို၊ စာတစ်ညိုလောက်တော့ ရိုက်ထည့်ရမှ ကျေနပ်သည့် လူစားဖြစ်လေသည်။ ထို့ကြောင့်ပင် အသင့်စာစီပြီးသား ရေခံစာမျက်နှာကို ကွန်ပျူတာအတွင်း လိုက်ရှာသည်။ တွေ့လျှင် လိုအပ်သော အရေအတွက် ထုတ်ယူရန် ကွန်ပျူတာကို အမိန့်ပေးပြန်၏။ ရေခံစာမျက်နှာများ ထွက်လာလျှင် စာအုပ်တစ်စုံစာ စာရွက်တစ်ပုံတွင် ရေခံတစ်ရွက်ထပ်သည်။ samsung ML 1640 ၏ တာဝန်ကား နိဂုံးချုပ်လေပြီ။

ဈေးအပေါဆုံး ip 2770


ML 1640 ကို ပါဝါပိတ်ပြီး inkjet printer ထဲတွင် ဈေးအပေါဆုံးဖြစ်သော cannon ip 2770 ကို ပါဝါဖွင့်ပြန်သည်။ တဂျိုးဂျိုး တဂျောင်းဂျောင်းဖြင့် စက်နိုးလာလေ၏။ ဦးဟန်ကြည် သူ၏အမှိုက်ပုံကို တစ်ခါထပ်မွှေပြန်သည်။ သုံးလက်စ ဓာတ်ပုံစက္ကူထုပ်ကို အလွယ်တကူ ရှာမတွေ့။ ဒေါင်းတောက်အောင်ရှာမှ ကိုယ်တော်မြတ်က ထွက်လာတော်မူလေသည်။ ဓာတ်ပုံစက္ကူတစ်ထပ်ထုတ်ယူပြီး printer အတွင်းထည့်သည်။ ကွန်ပျူတာထဲရှိ စာအုပ်မျက်နှာဖုံးကို ရှာသည်။ တွေ့လျှင် High quality ဖြင့်ထုတ်ရန် ကွန်ပျူတာကို အမိန့်ပေးသည်။ printer မည်သံ တဂျောင်းဂျောင်းမည်လာလေ၏။ High qualtiy ဖြင့်ထုတ်လျှင် လိုအပ်သော စာရွက်ရေရရန်အတွက် အချိန်အတော်ပေးရပေတော့မည်။ ဦးဟန်ကြည်ဟူသော လူစားသည် အလကားထိုင်နေတတ်သူမဟုတ်ပြန်။ ထို့ကြောင့် ကွန်ပျူတာအတွင်းတွင် အလကားမတ်တင်းထည့်ထားသော Microsoft words 2010 ကိုဖွင့်ပြီး ဤမနက်ခင်းအကြောင်း ပို့စ်တစ်ပုဒ်ရေးရန် ဟန်ပြင်သည်။ နားကိုက်သော ဝေဒနာကို သတိထားမိလျှင် မနက်ခင်းကလောက် မဆိုးတော့သည်ကို သတိထားမိသည်။ မနက်ခင်းက မဒမ်ဟန်ကြည် တိုက်သော ဆေးတစ်ခွက်က အစွမ်းပြသည်ဖြစ်ပေလိမ့်မည်။ ဦးဟန်ကြည်သည် လူနာများရှေ့တွင်သာ ဆေးသမား၊ မဒမ်ဟန်ကြည်ရှေ့တွင်မူ လူနာပြန်ဖြစ်ရပေါင်း မနည်းပြီ။ ကိုယ့်အတွေးနှင့်ကိုယ်ပြုံးရင်း ပို့စ်တစ်ကြောင်းစ နှစ်ကြောင်းစ ရိုက်သည်။ စာထဲတွင် အာရုံဝင်သွားသောကြောင့် Printer ကို သတိမထားမိ။ စာသုံးလေးပိုဒ်ရေးပြီးချိန်တွင်မှ printer သံ တဂျောင်းဂျောင်း မမြည်ခြင်းကို သတိမူမိသည်။ ကွန်ပျူတာတွင် printer အတွင်း၌ စာရွက်ညပ်နေကြောင်း သတိပေးချက်ပေါ်နေ၏။ ထိုင်ရာမှထပြီး ကိုယ်တော်မြတ်ကို ကလိရပြန်သည်။ ညပ်သွားသော စာရွက်ကိုဆွဲထုတ်ပြီး အသစ်လဲသည်။ ကွန်ပျူတာကို ပြန်ပြီး အမိန့်ပေးသည်။ အဖုံးစာမျက်နှာ တစ်ရွက်ထွက်လာသည်ကို စောင့်ကြည့်သည်။ ဦးဟန်ကြည် မျက်လုံးပြူးရပြန်၏။ ip 2770 မင်အနီရောင် ကုန်လုနေပြီတကား။ ထွက်လာသော အဖုံးစာမျက်နှာတွင် အနီရောင်တစ်ခုမျှ မပါလေတော့။ အနီရောင်သည် ရဲရင့်ဝင့်ထည်ခြင်းဟု မိမိဘာသာ သတ်မှတ်ပြီး အနီရောင်ခပ်များများဖြင့် ရောစပ်ထားသော စာအုပ်အဖုံးသည် ပျောက်တိပျောက်ကြားအဆင်းဖြင့် ထွက်လာလေတော့သည်။ စိတ်ပျက်လက်ပျက်ဖြင့် printer ကိုဖွင့်ပြီး cartridge ကို ထုတ်သည်။ အသင့်ဝယ်ထားသော မင်ဗူးကို အလုပ်စားပွဲအောက်မှ ထုတ်ယူပြီး မင်အရည်များကို ဆေးထိုးအပ်ဖြင့် စုတ်ယူသည်။ cartridge အပေါ်မျက်နှာစာတွင် ဖောက်ထားသော အပေါက်သုံးပေါက်အနက်မှ အနီရောင်ရေမြှုပ်ရှိသော အပေါက်တွင်းသို့ ဆေးရည်များကို ထိုးထည့်သည်။ လူကိုဆေးထိုးရသည်ထက်ပင် ဂရုစိုက်ရသော အလုပ်ပင်တည်း။ မင်များသွားလျှင် စာလုံးများပြားပြန်၏။ မင်နည်းသွားပြန်လျှင်လည်း စာလုံးမပီပြန်လေ။ cartridge ကို နေသားတကျပြန်တပ်ပြီး printer ကို restart ချသည်။ စာရွက်ကြမ်းတစ်ရွက်ဖြင့် မင်အခြေအနေကို ထုတ်ကြည့်သည်။ မင်မနည်း၊ မများ။ အဟောသုခံ ချမ်းသာပေစွ။ စက်အတွင်း ထည့်ထားသော ဓာတ်ပုံစက္ကူတစ်ထပ်ကို အနေအထားမှန်မမှန် တစ်ချက်ပြန်စစ်ပြီး လိုအပ်သော အရေအတွက်ရရန် ကွန်ပျူတာမှ အမိန့်ပေးလိုက်သည်။ ယခုတစ်ခါတွင်မူ ပစ်မထားရဲတော့ပြီ။ စာအုပ်အဖုံးများ ထွက်လာသည်ကို တစ်ရွက်ချင်း စိတ်ရှည်ရှည်စောင့်ကြည့်ရပြန်၏။

စာရွက်အဖုံးများ အားလုံးထွက်လာလျှင် ရေခံစာမျက်နှာများပေါ်တွင် တစ်ရွက်စီထပ်သည်။ ပြီးလျှင် ဗီရိုကိုဖွင့်ပြီး stapler ကိုရှာရပြန်သည်။ မောင်မင်းကြီးသားကိုတွေ့လျှင် ဖွင့်ကြည့်သည်။ pin တစ်ချောင်းမှ မကျန်တော့။ pin ဗူးကို ရှာရပြန်သည်။ မတွေ့။ ထုံးစံအတိုင်း မဒမ်ဟန်ကြည်ကို စစ်ကူတောင်းရပြန်သည်။ စည်းကမ်းမဲ့ရန်ကောဟူသည့် မဒမ်ဟန်ကြည်၏ နဂါးမျက်စောင်းသည် ဦးဟန်ကြည်၏ ငယ်ထိပ်ကို ဒေါင်ခနဲမှန်၏။ မချိသွားဖြဲနေရပြန်သည်။ ဘဏ္ဍာရေးမှူးကို မထီမဲ့မြင်မပြုရဲ။ ဦးဟန်ကြည်ကား ရာထူးလက်ကိုင်မရှိ ၀န်ကြီးမဟုတ်ပါလော။ မဒမ်ဟန်ကြည် စိတ်တော်ညိုသွားလျှင် ဦးဟန်ကြည်၏ တစ်ရက်တာ ဘတ်ဂျက်ကို ဖြတ်ပေလိမ့်မည်။ မဒမ်ဟန်ကြည်က သူရှာတွေ့သော pin ဗူးကို ဦးဟန်ကြည်လက်ထဲထည့်ပေးလိုက်လျှင် တစ်ချက်ပြုံးပြပြီး ကျေးဇူးပဲဟု ပြောရပြန်၏။ တစ်ချက်ကလေးမှ သတိမလွတ်ရဲရှာလေ။ pin ဗူးတွေ့လျှင် stapler ကို pin ဖြည့်သည်။ စာအုပ်ချုပ်ရန်ပြင်သည်။ စာအုပ်များကို အဖုံး၊ ရေခံနှင့် အတွင်းစာရွက်များ နေသားတကျ ရှိမရှိ တစ်ချက်ကြည့်ပြီး အနှောင့်ညီအောင် စားပွဲပေါ်တွင် တစ်ချက်နှစ်ချက် ထောင်လိုက်ဆောင့်သည်။ စာရွက်များ မလှုပ်ရှားစေရန် ညှပ်ထားရမည့် clip က အဆင်သင့်မရှိ။ ယခုတစ်ကြိမ်တွင်မူ မဒမ်ဟန်ကြည်ကို အရှာမခိုင်းရဲတော့ချေ။ ဟိုဗူးဖွင့်၊ သည်ဗီရိုဖွင့်၊ ထိုအမှိုက်ပုံကိုဖွရင်း clip ရှာသည်။ ဇွဲကောင်းကောင်းနှင့်ရှာမှ မောင်မင်းကြီးသားက ထွက်တော်မူလာလေသည်။ စားပွဲပေါ်တွင်တင်ထားသော စာရွက်ပုံကို တစ်ခါထပ်ပြီး စားပွဲမျက်နှာပြင်နှင့် ထောင်လိုက်ဆောင့်ရပြန်၏။ အနှောင့်ညီလျှင် clip ဖြင့်ညှပ်သည်။ stapler ဖြင့် တစ်ချက်ချုပ်သည်။ ပြီးလျှင် စာအုပ်ကို ပြောင်းပြန်ပြန်လှည့်ပြီး ကျန်တစ်ဖက်ကို ချုပ်သည်။ ပုံထားသော စာအုပ်ပုံကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိ၏။ သက်ပြင်းချရင်းမှပင် နောက်တစ်အုပ်ကိုယူပြီး ယခင်နည်းအတိုင်း ချုပ်ရပြန်သည်။

ချုပ်ပြီးသော စာအုပ်များကို စားပွဲပေါ်တွင် ပုံသည်။ အနားသားများကို ဖြတ်ရပေဦးမည်။ လက်ဆွဲအိတ်အတွင်းတွင် အမြဲဆောင်ထားသော စာရွက်ဖြတ်ဓားကို ယူသည်။ သံပေတံလိုက်ရှာသည်။ မတွေ့။ သံပေတံ ပျောက်ပေါင်းလည်း မနည်းပြီ။ ကိုယ့်ပိုက်ဆံနှင့်ကိုယ် ၀ယ်ရသည်မို့သာ တော်ပေတော့သည်။ ခပ်ငယ်ငယ်ကျောင်းသားဘ၀ကလို မိဘပိုက်ဆံဖြင့်သာ ၀ယ်နေရလျှင် မေမေ့လက်ချက်ဖြင့် ဗိုက်ခေါက်ပြတ်ပေလိမ့်မည်။ တစ်ပတ်အတွင်း နှစ်ချောင်းမြောက်ဝယ်ထားရသော သံပေတံကား ဗီရိုချောင်ကြားတွင် ဦးဟန်ကြည်ကို ပြောင်လှောင်နေသယောင်ရှိလေ၏။ ဦးဟန်ကြည် အလုပ်စားပွဲပေါ်တွင် တင်ထားခဲ့သော ပစ္စည်းပစ္စယ ဟူသမျှကို ဗီရိုထဲကောက်ထည့်ပြီး သိမ်းလေ့ရှိသော မဒမ်ဟန်ကြည်ကို ကျေးဇူးတင်ရပေဦးတော့မည်။ သို့သော် မဒမ်ဟန်ကြည် အသိမ်းကောင်းသဖြင့် ဦးဟန်ကြည်၏ တိုလီမိုလီများ အထားမှားပေါင်းလည်း မနည်း။ ပေတံနှင့် ဓားအဆင်သင့်ဖြစ်လျှင် စာအုပ်တစ်အုပ်ချင်းစီကို ချုပ်ရာအတိုင်း အလယ်မှ ခေါက်သည်။ အနှောင့်များကို ဓားဖြင့် ညီညီညာညာဖြတ်သည်။ စိတ်ရှည်လက်ရှည်ဖြတ်ရ၏။ ဒေါသကုမ္မာရ ဦးဟန်ကြည်တစ်ယောက် စိတ်နောက်ကိုယ်ပါ မလုပ်ရဲရှာလေ။ လွန်ခဲ့သောနှစ်က အလောတကြီးဖြတ်မိသဖြင့် လက်မလက်သည်းတစ်ပိုင်း ဓားစာမိခဲ့ဖူးပြီ မဟုတ်ပါလော။ စာအုပ်များကို ဖြတ်ရင်း အွန်လိုင်းပေါ်တွင် သွားရည်ကျခဲ့ဖူးသည့် စာအုပ်ချုပ်စက်ကို သတိရသည်။ စာအုပ်ရွေပေါ်ထိုးသည့်စက်ကို မြင်ယောင်သည်။ လိုချင်ပါဘိတောင်း။ မည်သို့ပင်ဆိုစေ ကျောမွဲကား ကျောမွဲနှင့်တန်ရုံသာ နေရပေဦးတော့မည်။ လောဘစိတ်ကို မာနနှင့် ထိန်းချုပ်ရင်း စာအုပ်များကို တစ်အုပ်ချင်း ဖြတ်သည်။ ထွက်လာသော စာအုပ်များ ညီညီညာညာ လှလှပပရှိသည်ကို မြင်ရလျှင် ကိုယ့်ကိုယ်ကို အသံတိတ်ချီးကျူးလိုက်၏။ တယ်တော်တဲ့ ဦးဟန်ကြည်။

မြင်သာမြင်ရ...မကြင်ရ မောင့်မှာ...


စာအုပ်များကို ပိပိပြားပြား သပ်သပ်ရပ်ရပ်ဖြစ်စေရန် အနှောင့်များကို ဖိပေးနေရင်းမှ နာရီကို ကြည့်မိသည်။ ၁၁ နာရီ ၅ မိနစ်။ မေးခွန်းထုတ်ရပေဦးတော့မည်။ စာအုပ်ပုံကို ဘေးသို့တွန်းရွှေ့ပြီး မေးခွန်းတစ်စုံထုတ်သည်။ ML 1640 ကို ပြန်ဖွင့်ပြီး မေးခွန်းများကို အပြင်ထုတ်လိုက်သည်။ အရောင်ခပ်ဖျော့ဖျော့။ မတတ်နိုင်ပြီ။ အချိန်မရှိတော့။ မေးခွန်းများကို စိတ်မသက်မသာကြည့်ပြီး လက်ဆွဲအိတ်အတွင်း ထိုးထည့်သည်။ စာအုပ်များကို ပလတ်စတစ်အိပ်နှင့် ထုပ်ပြီး လက်ဆွဲအိတ်အတွင်း ထည့်ရပြန်သည်။ မိုးက အစိုးမရ။ နာရီက ၁၁ နာရီ ၁၅ မိနစ်ကို ပြနေလေပြီ။ စားပွဲမှထကာ ကသုတ်ကရက် ရေချိုးသည်။ သတိကြီးစွာ ထားနေသည့်ကြားမှပင် အလိုက်မသိသောလက်က ခေါင်းလျှော်ရင်း၊ ဆပ်ပြာတိုက်ရင်းမှ ကိုက်နေသော နားရွက်ကို မကြာမကြာ ခလုပ်တိုက်ပြန်သည်။ ၀ဋ်ကြီးပါဘိတောင်း။ ဦးဟန်ကြည်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ဖြတ်ကတတ်ဆန်း ရေချိုးနေသည်မှာ ကျီးကန်းရေချိုးနှင့်ပင် တူပေဦးတော့မည်။ ရှိစေတော့။ အထိုက်အလျောက် လူနံ့ထွက်လျှင်ပင် တော်ပေပြီ။ အလှပြင်ရသော အရွယ်သည် မည်သည့်အချိန်ကပင် ကုန်လွန်ခဲ့သည်ကို မမှတ်မိ။ အ၀တ်ဗီရိုကိုဖွင့်ပြီး အင်္ကျီရှာသည်။ မနေ့က၀တ်ထားသော အင်္ကျီကို သတိရလျှင် ဗီရိုကို ပြန်ပိတ်ရသည်။ တစ်ရက်တစ်ထည် ၀တ်ကောင်းကောင်းနှင့် ၀တ်နေလျှင် မဖြစ်။ ရာသီဥတုက စိုစိုထိုင်းထိုင်းရှိလှသည်။ လျှော်ထားသော အ၀တ်တို့က ခြောက်ခဲလှသည်။ မိုးရာသီတွင် အ၀တ်အစားကို ချွေတာပြီးဝတ်ရန် မဒမ်ဟန်ကြည်က သြဇာပေးထားသည်ကို မေ့၍မဖြစ်။ အ၀တ်အစားအပြည့်အစုံဝတ်၍ လူယောင်ဖန်ဆင်းပြီးလျှင် မှန်တစ်ချက်ကြည့်သည်။ လူနှင့်တူသေးသည်ဟု မိမိကိုယ်ကို အားပေးလိုက်၏။ နာရီကို ကြည့်လိုက်လျှင် ၁၁ နာရီ ၃၅။ အချိန်နည်းနည်း ကျန်သေးသည့်သဘော။ မဒမ်ဟန်ကြည် ပြင်ပေးသည့် မနက်စာကို ၀တ္တရားကျေ ထိုင်စားရင်း ကွန်ပျူတာကိုပြန်ဖွင့်ပြီး ရေးလက်စ ပို့စ်ကို အဆုံးသတ်သည်။ ကရောသောပါး။ မတတ်နိုင်။ ဦးဟန်ကြည်ကား ရပ်ကျော်၊ ရွာကျော်၊ နိုင်ငံကျော် စာရေးဆရာမဟုတ်။ သူ၏တပည့်များကပင် သူရို့ဆရာ စာတိုပေစများ ရေးနေချွတ်နေကြောင်း မသိကြလေ။ ကောင်းလေစွ။

ယနေ့ ၂၀ ရက်နေ့။ ၁၂ နာရီထိုးမှ နောက်စာသင်ချိန်တစ်ချိန် သွားစရာလိုသည်။ ရသမျှ နားချိန်လေးအတွင်း သင်ထောက်ကူ စာအုပ်များ စီစဉ်ထားရပေလိမ့်မည်။ ယခုလကုန်လျှင် နှစ်ကျကျောင်းသားများအတွက် မနက် ၉ နာရီမှစပြီး စာသင်ချိန် တစ်ချိန် ထပ်ဖြည့်ပေးရပေတော့မည်။ မနက် ၆ နာရီခွဲမှ ည ၇ နာရီခွဲအထိ အလုပ်ချိန်။ ထမင်းစားချိန် တစ်နာရီလောက်တော့ မရအရ ချန်ရပေလိမ့်မည်။ မနက်ပိုင်းတွင် စောစောထနိုင်ရန်အတွက် မလုပ်ချင်ဆုံးသော အိပ်ယာစောစောဝင်သည့်အလုပ်ကို ဇွဲခတ်ပြီး လုပ်ရပေဦးတော့မည်။ ည ၁၂ နာရီထိုးလောက်တွင် မအိပ်ချင်သေးဘဲ ဇွတ်မှိတ်ပြီးအိပ်ရတော့မည်ထင်၏။ အိမ်အပြင်တွင် မိုးက ခပ်ဖွဲဖွဲ ရွာနေဆဲ။         

7 comments:

Aung Htut said...

သေချာတယ်.. ဒီပိုစ့်က ဒရောသောပါး တင်ထားတဲ့ ပိုစ့်။ ဘာဖြစ်လို့ လဲဆိုတော့ ရောင်စုံ စာလုံးလေးတွေ မပါလို့ ဟီး ဟီး... ဆရာဟန် ရဲ့ တစ်မနက်ဆိုပြီး နာမည်ပေးရမှာ :P

Anonymous said...

ကရောသောပါးပို့ စ်ကိုအေးဆေးဖတ်သွားပါတယ်။
ရန်ကုန်မှာတုန်းက ကျမလည်းအင့်ဂျက်ရီဖီးလ် တွေနဲ့ ပရင်တာနဲ့  ခဏခဏနပန်းလုံးခဲ့ရတာသတိရမိတယ်။
အရေးကြီးပြီဆိုရင် ပရင်တာကပုံမှန်ကိုမထွက်တော့ဘူး။
စာရွက်ညပ်မယ်။
ဆေးမှုန်မယ်။ ဆေးကုန်မယ်။
အရံဝယ်ထားတာကုန်ရင်ကုန်မယ်။ ခြောက်ရင်ခြောက်နေမယ်။
နားကိုက်တာအမြန်သက်သာပါစေရှင်။
အိုင်အိုရာ

blackroze said...

ဆြာနဲ့ထပ်တူကို မောသွားပါတယ်ဆြာ
နားကိုက်တာအမြန်ဆုံးသက်သာပါစေနော်

မင်းဧရာ said...

မောလိုက်တာ ဆရာ ရယ်...။

ပိုစ့်ထဲမှာတင်
ဆရာ့ ပြေးလွှားနေရတာကို မြင်နေရတယ် ။

ဆရာလင်ဒ့်က တက်မလာဘူး ဆရာ ကျနော် ရှာပြီး ၀င်လာရတာ ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပြေးပြေးလွှားလွှား ဆြာဟန်တေးသွားပေါ့ဗျား)
အမောလေးတွေကို အပျော်လေးတွေအဖြစ် စာသားနဲ့အသက်သွင်း အမောတွေပြေနိင်ပါစေဆြာရေ

ကိုကိုမောင်(ပန်းရနံ့) said...

နားကိုက်တာရော မောင်ကျောင်းသားတစ်ယောက်အကြောင်းရော ပရင်တာအိုကြီး အကြောင်းရော။ စုံပလုံ စေ့နေပါရောလားဆရာဟန်။ ဒီလောက် မအားလပ်တဲ့ ကြားထဲက ပို့စ်ရှည်တစ်ပုဒ် ဖန်တီးနိုင်တာကိုတော့ မချီးကျူးဘဲ မနေနိုင်ဘူး။
ကျောင်းသားကျောင်းသူတွေကြားထဲ ပီတိပြုံးနဲ့ ပြုံးနေမဲ့ ဆရာဟန့်မျက်နှာကြီးကို မြင်ယောင်မိသေးတယ်။ ဆရာတွေရဲ့ ပီတိဆိုတာ ဘာအရသာနဲ့မှ မတူဘူး မဟုတ်လား။ ဆက်လက်ဖြန့်ဖြူးနိုင်ပါစေ ဆရာဟန်။

နှင်းနုလွင် said...

အိပ်ရာ မထချင် ထချင်ကနေ နောက်ဆုံး ပရင်တာကြီးအထိ ဖတ်လည်းပြီးရော..... မောရောပဲ..... ။

ကြိုက်ရင်ပေါ့လေ . . .