Tuesday, 23 July 2013

ဦးဟန်ကြည်နှင့် မြန်မာမှု . . .








ရုပ်သက်မကြီးရင့်သေးသော ဦးဟန်ကြည်သည် မိမိ၏ စိတ်သက်ကို အသက် ခြောက်ဆယ်မျှ ရှိနေပြီဟု မကြာမကြာ တွေးမိသည်။ နေပုံထိုင်ပုံကလည်း ၀ါတော်ရှစ်ဆယ်ရ မထေရ်ကြီးကဲ့သို့ တည်တည်ခံ့ခံ့ကြီး နေတတ်ပြန်လေရာ မဒမ်ဟန်ကြည်က မကြာမကြာ ထောပဏာပြုခြင်းကို ခံရလေ၏။ နွေရာသီကျောင်းပိတ်ရက်က မိဘရင်ငွေ့ကို ပြန်လည်ခုံလှုံရန် အညာမြေသို့ တစ်ခေါက်တစ်ကျင်း ခိုဝင်စဉ်ကလည်း ချစ်လှစွာသော မာတာမိခင်က သားတော်မောင်၏ ဘော်ငွေရောင် ကေသာလွလွကို မျက်စိစပါးမွေးစူးပြန်လေသည်။ သားတော်မောင်သည်ကား ဘိုလိုဝတ်လျှင်လည်း ကြောင်လျှာသီးကအစ အပြည့်တပ်သလောက် မြန်မာလိုဝတ်ပြန်လျှင်လည်း ၀တ်စုံပြည့်ဆင်လိုသော ဦးဟန်ကြည်ပင် မဟုတ်ပါလား။ အိမ်တွင်နေလျှင်လည်း လည်ကတုံးအဖြူ၊ အပြင်ထွက်လျှင်လည်း လည်ကတုံးအဖြူနှင့် ပုဆိုးအရောင်ခပ်ရင့်ရင့်ကိုသာ ဒုံးခံဝတ်လေသော ဦးဟန်ကြည်ကို “ ငါ့သားရဲ့ အသက်ခပ်ငယ်ငယ်ပဲ ရှိသေးတာ အပွင့်လေး အကွက်လေး ၀တ်စမ်းပါ ” ဟု မာတာမိခင်က မကြာမကြာ သြ၀ါဒ ခြွေလေ၏။ သို့သော် ဦးဟန်ကြည်ကား ခေါင်းမာလှသည်။ မ၀တ်။ မိတ်ဆွေသင်္ဂဟများကလည်း ဦးဟန်ကြည်နှင့် သူ့ဖေဖေတို့ အပြင်သွားတိုင်း ညီအစ်ကိုလားဟု မေးကြပြန်လေသည်။ ဦးဟန်ကြည်ကား မဖြုံရေးချ မဖြုံ။ ဘော်ငွေရောင်ကေသာလွလွကို လူမြင်အောင် တသသ လုပ်တတ်ပြန်လေ၏။ ပြောသူက ပြောလိုရာပြော ကိုယ်ထင်ရာကိုယ်လုပ်လေ့ရှိသည်က ဦးဟန်ကြည်။ ခက်လှချေရဲ့။

အ၀တ်အစားနှင့် နေပုံထိုင်ပုံတင်မဟုတ်သေး။ စာပေနှင့် ဂီတတွင်လည်း ထို့နည်းနှင်နှင်။ ကဗျာသည် ကာရန်ပါမှ နရီလှသည်ဟု တစ်ကြောင်းစွဲ ခံယူထားလေသည်။ ထိုအစွဲနှင့်ပင် ဆရာဇော်ဂျီ၏ ကဗျာများကို အာဂုံဆောင်လေသည်။ တင်မိုး၏ ဖန်မီးအိမ်ကဗျာစာအုပ်ကို ခေါင်းရင်းတွင် ထား၍ အိပ်လေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးများကို ရွတ်ရသည်ကိုမှ ခံတွင်းလိုက်လေသည်။ ရှင်မဟာ ရဋ္ဌသာရ၊ ရှင်မဟာ သီလ၀ံသ၊ ၀န်ကြီးပဒေသရာဇာ၊ ရှင်သူရဲ၊ နတ်ရှင်နောင်၊ မင်းကြီးကတော်ခင်ဆုံ၊ ဓာတုကလျာ၊ မင်းဇေယျရန္တမိတ်၊ သတိုးပီယ၊ ရာဇသင်္ကြန်၊ လက်ဝဲသုန္ဒရအမတ်ကြီး၊ မောင်းထောင်ဦးကျော်လှ၊ ဦးကြီး၊ ဦးတိုးတို့သည် ဦးဟန်ကြည်၏ နှလုံးသားတွင်းမှ ကဗျာ့ဝိဓူများ။ စလေဦးပုည၏ တေးထပ်ပေါင်းချုပ်တစ်အုပ်ကို ၀ယ်ထားပြီး အချိန်အားရတိုင်း အလွတ်ကျက်နေပြန်လေသည်။ ခေတ်ပေါ်ကဗျာများကို ဖတ်ပြန်လျှင်လည်း ကာရန်လေးမြင်မှ၊ နဘေလေးရွှင်မှ ဘ၀င်ကျပြန်လေရာ ကိုလေး ( အင်းဝဂုဏ်ရည် ) ၏ ကဗျာများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားသည်။ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၏ အချစ်ကဗျာများကို အာဂုံဆောင်ထားသည်မှာလည်း အပုဒ်ပေါင်း မရေနိုင်။ ကြည်အေး၏ ကာရန်ပါသောကဗျာများကို မကြာမကြာ ဖတ်ပြန်လေသည်။ ဆရာမောင်ပုတ်စည်၏ “ လာရောက်ခိုနား၊ ပျံထွက်သွားတော့၊ ကိုင်းဖျားဆတ်ဆတ်ခါရစ်သည် ” ဟူသည့် သံပေါက်တိုကလေးတစ်ပုဒ်ကို နှစ်စဉ်နှစ်တိုင်း တပည့်များကို ရွတ်ပြပြီး နွားကို ပလာတာကျွေးသလို မမောနိုင်မပမ်းနိုင် အနက်ပြန်ပြဖြစ်လေသည်။ သည်ဘက်ခေတ် ကဗျာဆရာများထဲမှ ကောင်းကင်ကို၏ ကဗျာများကိုမူ ဘ၀င်ကျပြန်လေ၏။ “ ညခင်းတို ခဏလေးမှာ၊ လမင်းလို ညီမလေးက၊ အဒိန္နာဒါနာကို အခါခါချိုး၊ ငါ့အချိန်များကို လာလာခိုးတယ် ” ဟူသည့် စာသားကို ဦးဟန်ကြည် အကြိုက်ဆုံးပင်။

စကားပြေဖတ်ရာတွင်လည်း ထူးမခြားနား။ မြန်မာစကားပြေကို ကုန်းဘောင်ခေတ်မှ စ၍ဖတ်လေသည်။ ကင်းဝန်မင်းကြီး၏မှတ်တမ်း၊ သံအမတ်ကြီးဦးခြိမ့်၏ ပူတကေသွားမှတ်တမ်းများကို မြိန်ရည်ရှက်ရည် ဖတ်ပြန်၏။ မွန်ဝန်ကြီးဗညားဒလ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ဖတ်လိုက်သည်မှာလည်း အခေါက်ပေါင်း မရေနိုင်။ သည်မှာဘက် ခေတ်စမ်းခေတ်တွင် သိပ္ပံမောင်ဝကိုသာ ဆရာဟု မှတ်ထင်လေသည်။ ဆရာဇော်ဂျီ၏ “ ပုဂံဈေး ” လို အစမ်းစာမျိုးကိုပင် ခံတွင်းသိပ်မလိုက်ချင်။ မောင်ထင်၏ “ ငဘ ” ကို အကြိုက်တွေ့ပြန်သည်။ နန္ဒ၏ “ သံနှင့်သွေး ” ကိုလည်း မကြာမကြာ ဖတ်ပြန်လေ၏။ ဆင်ဖြူကျွန်းအောင်သိန်း၏ “ ကိုဆေးရိုးဝထ္ထုတိုများ ပေါင်းချုပ် ” ဧရာမ အထူကြီးကို တစ်ပတ်တစ်ပုဒ်ဖတ်သည်။ ဆုံးသွားလျှင် တစ်ခါပြန်ဖတ်ပြန်၏။ ယခု သုံးခေါက်မြောက်ဖတ်နေပြီ။ ဒဂုန်တာရာ၏ “ မေ ” နှင့် “ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ ” ကို ဖတ်သာဖတ်သော်လည်း သိပ္ပံမောင်ဝလောက် မစွဲ။ သိန်းဖေမြင့်၏ “ သပိတ်မှောက်ကျောင်းသား ” “ အရှေ့ကနေ၀န်းထွက်သည့်ပမာ ” “ တက်ဘုန်းကြီး ” “ တစ်ခုသော ရွှေရတုသဘင် ” “ သီတာပြုံး ” တစ်အုပ်မကျန်ဖတ်သည်။ မစွဲ။ ဇ၀န၏ “ ကောလိပ်ကျောင်းသား ” ကိုမူ စာပေတန်ဖိုး နိမ့်သော်လည်း အစွဲကြီးစွဲပြန်လေ၏။ ဦးဟန်ကြည်ကိုယ်တိုင် တက္ကသိုလ်ရောက်သောအခါတွင်မှ ဆရာဇ၀နကို မေတ္တာပို့လေတော့သည်။ ဦးဟန်ကြည်တက်သော တက္ကသိုလ်က ဆရာဇ၀နတို့ တက္ကသိုလ်လောက် ပျော်ဖို့မကောင်းပေပဲကိုး။ တက္ကသိုလ်ကျောင်းသားဘ၀တွင်မူ ဆရာငြိမ်းကျော်၏ ၀ထ္ထုဟူသမျှကို သုံးရက်တစ်ခါ အဟောင်းဆိုင်တန်းဘက်သို့သွား၍ မွှေနှောက်ဝယ်ယူ စုဆောင်းဖြစ်လေသည်။ ဆရာငြိမ်းကျော်၏ စကားပြေအရေးအသားကိုမူ ဦးဟန်ကြည် အထင်ကြီးသည် မဟုတ်ပါလား။ ဆရာငြိမ်းကျော်ထွက်သမျှ စာအုပ်များအနက် နှစ်အုပ်မှလွဲ၍ ကျန်စာအုပ်များကို လက်ဝယ်ပိုင်ခဲ့ဖူးလေသည်။ ဦးဟန်ကြည် ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်းကို လျှောက်ရသောအခါတွင် ထိုစာအုပ်များကို အမေ့အိမ်တွင် ချန်ထားရစ်ခဲ့ရလေ၏။ သည်တစ်နွေ အိမ်ပြန်ရောက်၍ စာအုပ်များကို ပြန်စုလေလျှင် ဆရာငြိမ်းကျော် သုံးပုံနှစ်ပုံမှာ ခြစား၍ တက်တက်ပြောင်လေပြီ။ ဦးဟန်ကြည် နှမျောတသ၍ မဆုံးတော့။ ဆရာငြိမ်းကျော်၏ ၀ထ္ထုတစ်စုံလုံးသည် ယနေ့ခေတ်တွင် သိန်းသုံးဆယ်မကတန်သည်ဟု ဦးဟန်ကြည် ကြွေးကြော်လေလျှင် ဖေဖေခေါင်းကြီးလေတော့သည်။ ဆရာငြိမ်းကျော်ကိုသာမက တက္ကသိုလ်ဘုန်းနိုင်၏ စာများကိုလည်း ဦးဟန်ကြည် နှစ်ခြိုက်ပါ၏။ “ နွေကန္တာဦး ”၊ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ”၊ “ နှင်းငွေ့တစ်ထောင့် မိုးတမှောင့်”၊ “ စိမ်းနေဦးမည့် ကျွန်တော့မြေ” ထို့နောက် မရေတွက်နိုင်။ ထွက်သမျှ ဖတ်ဖူးသည်ချည်း။ သို့သော် ဦးဟန်ကြည် အာဂုံမဆောင်ဝံ့။ ဆရာဘုန်းနိုင်၏ “ လှပါသည်၊ အဟုတ်လှပါသည်၊ တကယ်ကိုပဲ လှပါသည် ” ဟူသော နုလွန်းနွဲ့လွန်းသည့် စာများကို အာရုံဆောင်မိလျှင် ဦးဟန်ကြည်ဘ၀မှ ဦးဟန်နုကြည်ဘ၀ပြောင်းမည်ကို စိုးပါ၏။


ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ် . . .


ဦးဟန်ကြည်၏ စိတ်ကြိုက်စာရေးဆရာများမှာ မောင်ထင်၊ မန်းတင်၊ သိန်းဖေမြင့်၊ မောင်သာရ၊ မဟာဆွေ၊ ခင်ဆွေဦး၊ ဒဂုန်ခင်ခင်လေး၊ ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်း၊ ကုသ၊ သော်တာဆွေ..မရေတွက်နိုင်တော့။ ကျောင်းသားဘ၀က ရသမျှ မုန့်ဖိုးငွေသည် စာအုပ်ဝယ်သည်နှင့် ကုန်ခဲ့သလို၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် ကိုယ်ပိုင်ဝင်ငွေရှိလာသော ယခုအချိန်တွင်လည်း ဦးဟန်ကြည် စာအုပ်ဆိုင်သို့ ၀င်လျှင် မဒမ်ဟန်ကြည်မျက်လုံးပြူးလေသည်။ စာအုပ်ဗီရိုထဲတွင်လည်း စာအုပ်များအပြည့်၊ ကွန်ပျူတာထဲတွင်လည်း စာအုပ်များ တပုံတခေါင်း။ မတတ်နိုင်။ လူဟူသည်ကား စွဲမိစွဲရာ မဟုတ်ပါလား။ ဦးဟန်ကြည်ဖတ်သမျှ စာရေးဆရာများကို စစ်တမ်းကောက်လျှင် ဆရာနေ၀င်းမြင့်မှလွဲ၍ သည်ဘက်ခေတ် စာရေးဆရာ တစ်ကောင်တမြီးမျှ မပါပြန်လေ။ နေ၀င်းမြင့်၏ စာများကိုမူ ဦးဟန်ကြည် စွဲပြန်လေသည်။ “ ပါရီနွေဦး သရုပ်လွန်အလင်းနှင့် ရာစုသစ်ပင်၏ ရုပ်ကြွင်းများ ” ဟူသည့် ပါရီသွားခရီးသွားမှတ်တမ်းမှ အစပြုပြီး
“ အေးအေးလူလူအတွေးများ ” ကဲ့သို့သော ဆောင်းပါးများကိုပင် အလွတ်မပေးဘဲ ၀ယ်ဖတ်လေတော့သည်။ တာရာမင်းဝေနှင့် မင်းခိုက်စိုးစံကိုမူ တစ်ခါတစ်ရံ ခံတွင်းတွေ့သည်။ တစ်ခါတစ်ရံတွင် သမားဂုဏ်ပြလွန်းသောကြောင့် မြင်ပြင်းကတ်၏။ လွန်းထားထားကိုမူ စာရေးဆရာဟုပင် မသတ်မှတ်ချင်၊ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ ကြိစက္က၊ သတိုးတေဇ၊ သူရဿဝါ၊ အကြည်တော်၊ နတ်ရွာမိုး ထိုပုဂ္ဂိုလ်များကို ငပေါများဟု ထင်လေသည်။ ထိုပုဂ္ဂိုလ်များ၏ စာများကို ယောင်မှား၍ပင် လှန်မကြည့်။ လွန်ခဲ့သော တစ်နေ့က စာအုပ်ဆိုင်သို့ ရောက်လေရာ ၀ထ္ထုစာအုပ် အငှားတန်းကို မျက်စိကစားရင်း မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ မေမိုး၊ မီမိုး၊ ရှင်မိုး၊ ရှင်မ စသည့်စသည့် ထူးထွေတည့်အံ့ရာသော်သော ကလောင်အမည်များကို မြင်ရလေရာ ရင်သပ်ရှုမောဖြစ်ရလေတော့သည်။ ဦးဟန်ကြည်ကဲ့သို့သော စာဖတ်ပရိသတ်များသာ ရှိမည်ဆိုလျှင် ထိုထိုသော စာရေးဆရာများ ထမင်းအိုးကွဲမည်မှာ မုချ။ တစ်ကြောင်းစွဲဆန်သော ဦးဟန်ကြည်ကို လူ့ခွစာဟု သမုတ်လျှင်လည်း ခံရုံပင်။ စာသမားသည် မိမိအာရုံကျရာကို ဖတ်မည်သာတည်း။


ကိုငှက် . . .


စာပေသာမက ဂီတတွင်လည်း ထူးမခြားနား။ နန်းတော်ရှေ့ဆရာတင်ကို လေးစား၊ မြို့မငြိမ်းကို ကြည်ညို၊ စိုင်းခမ်းလိတ်ကို အားကျပြီး ထူးအိမ်သင်ကို မြတ်နိုးသော ဦးဟန်ကြည်ကား သည်ဘက်ခေတ် အုအုအအများကို သီချင်းဟုပင် မမှတ်လေ။ သင်းတို့၏ အုအုအားအား အသံများကိုကြားလျှင် ခွေးနာလောက်ကိုက်၍ အော်သည်ဟု ထင်မိ၏။ ယောက်ျားအဆိုတော်များ ညောင်နာနာ နှာသံဖြင့် သီချင်းဆိုသည်ကို ကြားရလျှင် ကေသီပန်သွေးပုပ်ချဆေးကို ပြေးမြင်ပြန်လေသည်။ ဆံပင်နီလေးတသသ၊ မိတ်ကပ်ကလေးတဖွဖွ၊ လက်သည်းကလေး တရွရွနှင့် သည်ဘက်ခေတ် အဆိုတော်ထီးများကိုမြင်ရလျှင် ဘော်လီဝတ်ပေးချင်သော စိတ်သည် တဖွားဖွား။ ကိုအံ့ကြီး၊ ကိုမြကြီး၊ ကိုထွန်းရွှေတို့၏ သီချင်းများကို ဘ၀င်ခိုက်လေသော ဦးဟန်ကြည်သည် ကြက်ဖ၊ ဆင်ပေါက်၊ ယုန်လေး၊ ကျားပေါက် စသည်စသည့် အဆိုတော်နာမည်များကို ကြားရလျှင် တိရစ္ဆာန်ရုံကိုသာလျှင် မျက်စိထဲတွင် မြင်လေတော့သည်။ သည်ဘက်ခေတ် မိန်းမအဆိုတော်များကိုမူ ဦးဟန်ကြည် လန့်ပင်လန့်ရှာလေ၏။ စင်ပေါ်တက်ပြီး ပေါ်ချင်ရာပေါ် ဖော်ချင်ရာဖော် အ၀တ်အစားများဝတ်ကာ ကော့ပြကားပြနှင့် ပစ္စည်းကြော်ငြာနေသော ထိုမိန်းမများကို အနုပညာရှင်ဟု အမည်တပ်ရမည်ကိုပင် ဦးဟန်ကြည် မသတီ။ ပရိသတ်ကို စော်ကားသည့်မျက်နှာပေးမျိုးနှင့် ဆိုချင်ရာဆိုသော ထိုသကောင့်သား၊ သကောင့်သမီးများကို ဦးဟန်ကြည် ဖင်ပိတ်ကန်ချင်စိတ်သည် ထိန်းမနိုင်သိမ်းမရ။


အလင်္ကာကျော်စွာ ဆရာငြိမ်း . . .

ဦးဟန်ကြည်က ထိုမျှရှေးရိုးဆန်နေသော်လည်း မဒမ်ဟန်ကြည်ကား ထိုသို့မဟုတ်ချေ။ ဦးဟန်ကြည် တစ်လုံးတစ်ပါဒမျှ နားမလည်သော ချမ်ချမ်း၊ နေနေ စသည့်စသည့် ခေတ်ပေါ်အဆိုတော်များကို အထိုက်အလျောက် ခံစားနိုင်လေသည်။ သို့သော် မဒမ်သည်လည်း ဦးဟန်ကြည်ကဲ့သို့ ရှေးရိုးမဆန်စေကာမူ သူ့ခေတ်က အဆိုတော်များကိုသာ အစွဲကြီးစွဲပြန်၏။ ဟေမာနေ၀င်းသည် မဒမ်၏ အသည်းစွဲ။ ထွန်းအိန္ဒြာဗို၏ သီချင်းများကို မဒမ်ခံစားသည်။ တင့်တင့်ထွန်း၏ ဆိုဟန်နှင့်အသံသည် မဒမ်နှင့် ကွက်တိဖြစ်လေ၏။ ခေတ်ပေါ် pop, rock သီချင်းများနှင့် ယဉ်ပါးခဲ့လေသော မဒမ်ခမျာ မဒမ်ဟန်ကြည်ဘ၀သို့ရောက်ခါမှ ချောက်ကျလေတော့သည်။ ဦးဟန်ကြည် နားထောင်လေ့ရှိသော ဆိုင်းသံဗုံသံများကို မဒမ်နားညည်းလေတော့သည်။ ရွာစားကျော်စိန်မွတ္တား၏ လက်စွမ်းပြတီးကွက်များကို ဦးဟန်ကြည် ၀မ်းသာအားရဖြင့် ဖွင့်လေလျှင် မဒမ်ပြေးလေတော့သည်။ အခါတိုင်းကဲ့သို့ မျက်စောင်းလက်နက်ပင် မထိုးနိုင်ရှာလေ။ မြန်မာ့ဂီတသည် ထိုမျှပင် အစွမ်းထက်လှပေ၏။ ဒေါ်မာမာအေး၏ မြို့မဧည့်ခံတေးများကိုမူ သည်းညည်းခံ၍ နားထောင်ရှာလေသည်။ တံငါနားနီးတံငါ၊ ဟန်ကြည်နားနီး ဟန်ကြည်ဖြစ်သွားသည် ထင်၏။ လွန်ခဲ့သော သုံးလေးနှစ်မှစ၍ မဒမ်ဟန်ကြည်သည် ရာဇာဝင်းတင့်၏ အသံကို ခံတွင်းလိုက်လေတော့သည်။ ချိုပြုံးကို အသံချိုသောကြောင့် သဘောကျသည်ဟု ဆိုလာလေသည်။ တင်တင်မြကိုမူ အသံသြသောကြောင့် မကြိုက်ဟု အဆိုတင်သွင်းလေ၏။ ဦးဟန်ကြည် စောဒကမတက်။ ဟန်ကြည်သည် ဟန်ကြည်၊ မဒမ်သည် မဒမ်ပင် မဟုတ်ပါလော။ ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ ဂီတနက်သံ ကိုစောငြိမ်းတို့၏ အလွမ်းသီချင်းများကို စိတ်လိုလက်ရရှိလျှင် ထိုင်၍ နားထောင်ပြီး ထိုသီချင်းများနှင့် ပတ်သက်သမျှ ဦးဟန်ကြည် လက်ချာရိုက်သည်ကို မညည်းညူခြင်းကိုပင် ဦးဟန်ကြည် ကျေးဇူးတင်လှပြီ။


ဆရာလိတ် . . .

အများနှင့်မတူသော ဦးဟန်ကြည်တစ်ယောက် လွန်ခဲ့သော တစ်ပတ်ကျော်က ခွေးဘုရားပွဲတွေ့လေသည်။ အွန်လိုင်းတွင် တောင်မွှေမြောက်မွှေလုပ်ရင်း မြန်မာ့မဟာဂီတ သီချင်းကြီးများကို တစ်ထုပ်တစ်ပိုက်ကြီး ဒေါင်းလုဒ်ရခဲ့သည် မဟုတ်ပါလား။ လေဘာတီမမြရင်၊ ခင်မောင်ရင်၊ ကိုမြကြီးစသော ခေတ်ဟောင်းအဆိုတော်ကြီးများ၏ သီချင်းများကို ၀မ်းသာအားရဖြင့် ဒေါင်းယူနေသော ဦးဟန်ကြည်သည် မဒမ်ကို ဖားရန်လည်း မမေ့စေရ။ ဟေမာနေ၀င်း သီချင်းဟူသမျှကို တစ်ပုဒ်မကျန် ဒေါင်းပြန်လေသည်။ ဒေါ်မာမာအေး၏ သီချင်းအားလုံးကို ဒေါင်းယူခဲ့သည်က ဦးဟန်ကြည်၏ ဓာတ်စာ။ ထိုသီချင်းများကို MP3 player ဖြင့်နားထောင်နေသော ဦးဟန်ကြည်ကား ထိုမျှနှင့် မကျေနပ်နိုင်။ သီချင်းများကို memory stick တွင်းသွင်းကာ စပီကာတပ်ပြီး ခပ်ကျယ်ကျယ်ပင် ဖွင့်လေတော့သည်။ ဟေမာနေ၀င်း၏ သီချင်းများကို ဖွင့်လျှင် မဒမ်ကျေနပ်လေသည်။ လေဘာတီ၏ သီချင်းများအရောက်တွင် မဒမ်မျက်နှာပျက်လေတော့သည်။ ရီရီသန့်ဆိုထားသော မဟာဂီတသီချင်းများအရောက်တွင်ကား မျက်နှာမည်းလာလေပြီ။ “ ဘုန်းမိုးသွန်းလောင်း ” တစ်ပုဒ်သာ ဦးဟန်ကြည် အရသာခံလိုက်ရသည်။ “ ရွှန်းရွှန်းမြ ” အရောက်တွင် ဘေးသို့လှည့်ကြည့်လိုက်လျှင် မဒမ်မရှိတော့။ အိပ်ခန်းတွင်းသို့ ၀င်သွားလေပြီ။ ရှေးရိုးစွဲ အဘိုးကြီးဦးဟန်ကြည် အလိုက်သိရလေသည်။ မဒမ့်စိတ်ကြိုက်သီချင်းများကို ပြောင်းဖွင့်ရလေ၏။ မဟာဂီတကား MP3 player ဖြင့်သာ နားထောင်ရသော သီချင်းဘ၀သို့ အရှင်လတ်လတ် ပြောင်းရှာလေပြီတည်း။


 မြန်မာပြည်ကား မဟာဂီတ ဆိတ်သုဉ်းတော့မည်ထင်၏။           

( ပုံတွေကို Google ကနေ ရှာယူထားပါတယ်...သက်ဆိုင်ရာ ပိုင်ရှင်များကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း credit ပေးလိုက်ပါရစေ. . . )

11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ရေ...
အကြိုက်ချင်းတူတာတွေရော၊ မကြိုက်ချင်းတူတာတွေရော၊ အကြိုက်ချင်းမတူတာတွေရော စုံလို့ စေ့လို့ပါလား။

အကြိုက်ချင်းတူတဲ့အထဲမှာ ဆရာမင်းသုဝဏ်တို့ မန်လည်ဆရာတော်ဘုရားကြီးတို့များ ပါလေဦးမလားလို့ ဖတ်ရင်းဖတ်ရင်း ပို့စ်ဆုံးသွားရော။ သူကြီးကတော့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေ၀လင်္ကာသစ်ဆို အသဲစွဲဘဲ။ အတော်များများ အလွတ်ကျက်ဖူးတယ်။
အတည်ပေါက်ကြီးရေးတတ်တဲ့ မင်းသိင်္ခကိုလဲ ကြိုက်နှစ်သက်စွာ ဖတ်ခဲ့ဖူးတယ်။
ရာဇ၀င်တွေကို ဇာတ်လမ်းဆန်ဆန်ရေးတတ်တဲ့ ချစ်ဦးညိုကိုလဲ နှစ်သက်စွာ ဖတ်ခဲ့ဖူးတယ်။

ဘာဘဲ ပြောပြော မဒမ်ဟန်ကြည်နဲ့ ညှိယူပြီး အကြိုက်ချင်းဖလှယ်ကြပုံလေးကို သဘောတွေ့နေမိတယ်။

အားလုံးအဆင်ပြေပါစေဗျား။

.

Aung Htut said...

ငယ်ငယ်တုန်းက စာစဖတ်တော့ ဒဂုန်ရွှေမြားနဲ့ စတာ... နောက်တော့ မင်းသိခ်၊ နောက်တော့မှ ပဲ ကျန်တာတွေ စဖတ်ဖြစ်တော့တယ်......

ဟန်ကြည် said...

မဃဒေ၀လည်း အသည်းစွဲပဲပေါ့ သူကြီးရယ်...ဆရာဝဏ်ရဲ့ မောင်ခွေးဖို့ကဗျာများကိုလည်း အကြိုက်ပေါ့...သို့ပေမင့် ကြိုက်တာတွေသာ စာရင်းတင်ရရင် ပို့စ်မဟုတ်တော့ဘဲ မှတ်တမ်းဖြစ်သွားမှာစိုးလို့ အကုန်မပြောတော့ဘဲ ခပ်ပါးပါးကလေး ပုတ်ထားတား)

Ma Tint said...

ဆရာဟန်ကြည်ရဲ့ ပို့စ်ကတော့ တစ်ပုဒ်ဆိုတစ်ပုဒ်ပါပဲ.. အရေးလဲကောင်း အသိလဲကြွယ်ပါ့ ... အင်းပေါ့လေ မြင်ဆရာတွေ ဒီလောက်များနေမှတော့ ဂလောက်တော့ ရှိပေမပေါ့ (အားကျသံဖြင့်ပြောသွားသည်) .. :)
မဒမ်ဟန်ကြည်အကြောင်းလေးဖတ်ရတော့ ပြုံးမိတယ် အဖြစ်က တီတင့်တို့နဲ့တူလွန်းလို့ပါ ...
ခေတ်သီချင်းကိုသဘောကျတဲ့ တီတင့်နဲ့ဆိုင်းသံဗုံသံကိုနှစ်သက်တဲ့ခင်ပွန်းကြောင့် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

ပြောမ ယ့်သာပြောတာ မေရှင်တို့ခေတ်က သီချင်းကိုကြိုက်တယ်ဗျ...။ ဆရာအချိန်ရရင် သီချင်းလေးဘာလေးတင်ပါဦး...။ ဟုတ်တယ် ဆရာတခါလောက်လေး ဆံပင်ဆိုးကြည့်ပါလား ရုပ်ပြောင်းသွားမလားပဲ...။ မဒမ်အတွက်ပြောတာနော်..ခိခိ...။

မောင်မျိုး said...

ဟုတ်ပါ့ တကယ်တော့ ဆြာက ငယ်ငယ်လေးရယ် ပုံကြီးက အသက်ကြိးနေတာ နုအောင်နေမှပေါ့း)

အစ်မနဲ့တွဲလိုက်တော့ ဦးနဲ့ သမီး ဖြစ်သွားကော ဒါပေမယ့် အစ်မ ဆြာ့ကို ခေါ်တာ ဘယ်လိုလဲ ကျနော်သိတယ်နော် ဒါမယ့် မပြောပြတော့ဘူး ဟိဟိ ။

San Htun said...

အရင်တုန်းကတော့ သီချင်းကြီးတွေ မကြိုက် ခုတော့ နားထောင်နေလေရဲ့ ..ဆြာဟန် ပျောက်ချက်သား ကောင်းနေလိုက်တာ ကျန်းခန်းသာလို့  မာပါစး)

Anonymous said...

မှန်လိုက်တာ။ မှန်လိုက်တာလို့ သာအော်ပြီးထောက်ခံလို်က်ချင်တော့တယ်။
စင်ပေါ်မှာသီချင်းဆိုတာတွေကြည့်ရတာ စိတ်ပျက်လှတယ်။
အခုအိုင်ဒေါလ်မှာဆိုတဲ့မြန်မာခလေးလေးတွေကတောင်သာသေးတယ်။
အိုင်အိုရာတို့ လည်းအကိုတွေဖတ်သမျှလိုက်ဖတ်ခဲ့တာ။ ဦးဟန်ကြည်ဖတ်သမျှ အားလုံးနီးနီးကျမအကိုစာအုပ်စင်မှာတွေ့ ရတာတွေချည့်ဘဲ။
တနေ့ ကတောင်တွေးနေမိသေးတယ်။
ငါတို့ မလည်း ဟိုးငယ်ငယ်ကတည်းက
စာကောင်းပေကောင်းဆိုတာအဲဒီစာရေးဆရာကြီးဆရာမကြီးတွေရေးတာဘဲဖတ်ခဲ့ရ ကြားခဲ့ရတာ။ ခုနှစ်ပေါင်းများစွာကြာပြီးကိုယ်တောင်ဇရာထောက်လာပြီ။ နောက်အသစ်တွေလည်းမတိုးလာဘူး။ ဒီစာရင်းဒီစာရင်းပါဘဲလားလို့ လေ…
အိုင်အိုရာ

နွေတေးရှင် (မင်းဧရာ) said...

စာကောင်း ပေကောင်းတွေကို
အခုချိန်ထိ ဖတ်ခွင့်မရရှာ သေးဘူး ဆရာရေ့
ဟိုတုန်းက သီချင်း ဂီတ များကိုတော့ နားထောင်ခွင့် ရနေပေပြီဗျာ

သည်ဘက်ခေတ်က ကလေးတွေကိုတော့
အဆိုတော် အနုပညာသည် လို့ကို မမြင်သေးပါဘူး
ဝူးဝူးဝါးဝါးနဲ့ ခုံပေါက်သွားကြတာ ပြုတ်ကျကုန်တော့မလား မှတ်ရတယ် ။

ဘုန်းတောက် said...

တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ အမျိုးမျိုးကွဲပြားနေကြတယ်နော်...

NYI NYI PE( BKK) said...

I totally agree with you. May be we were born ion the same era luckily. I am the elder brother of Nai Pe who died 2 years ago. I mean whom you called Ko Gyi Kyaut or Ba Kyaut of Shwe-ya-tu hmat-term blogger. I always visit your blog but never wrote any comments. Anyway, I really like the way you compose and your presentation style. Nobody can hope to write something fluently without reading anything. Congratulations U Han Kyi. I appreciate your judgement as well. Wish you best of luck.

ကြိုက်ရင်ပေါ့လေ . . .