Wednesday, 14 August 2013

ဦးဟန်ကြည်နှင့် မြန်မာမှု ( ၂ ) . . .

မဟာဂီတကို တစ်ကိုယ်တော်နားထောင်ရင်း ဦးဟန်ကြည် စဉ်းစားခန်းဖွင့်မိသည်။ မြန်မာလူမျိုးသည် မည်သို့သော လူမျိုးဖြစ်သနည်း။ ကမ္ဘာပေါ်တွင် ထိုလူမျိုးကဲ့သို့ ဇာတိပုည ဂုဏ်မာန ထက်သန်သော ခပ်ရိုင်းရိုင်းဆိုရလျှင် ဖင်ခေါင်းကျယ်သော အခြားလူမျိုး ရှိမည်မထင်။ ထစ်ခနဲရှိလျှင် မြန်မာကွ ဟုကြွေးကြော်တတ်သော ထိုလူမျိုးသည် အပေါ်ယံ ရွှေမှုန်ကြဲ၍ အထဲတွင် နွားချေးခံထားသော လူမျိုးဖြစ်တန်ရာ၏။ မြန်မာမှုကိုမသိ၊ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၊ မြန်မာ့သမိုင်းကို မလေးစားဘဲ မြန်မာကွဟု ကုန်းအော်နေသည်မှာ ရယ်စရာပင် ကောင်းနေလေတော့သည်။ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိသော မြန်မာများကား အများသနားစရာ၊ ဟားစရာပင် ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောသုံးလေးလခန့်က တပည့်တစ်ယောက်၏ နိဗ္ဗာန်ကုန်ဆိုင်သို့ ထဘီဝတ်ထားသော နိုင်ငံခြားသူတစ်ယောက် ဈေးလာဝယ်ရင်း “ မြန်မာပြည်က မြန်မာမိန်းကလေးတွေ ဘာကြောင့် ထဘီမ၀တ်ကြတာလဲ ” ဟု အံ့သြတကြီး မေးလေသည်။ ထိုဆိုင်ရှင် မဖြေနိုင်လေ။ ဦးဟန်ကြည်ကို လာမေးလျှင်ကား “ မြန်မာမတွေက ထဘီဝတ်ရင် ဖင်ယားလို့တဲ့ ” ဟု ခပ်ရိုင်းရိုင်း ဖြေပေလိမ့်မည်။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်တွင် ထဘီမ၀တ်တတ်သော မြန်မာမိန်းမ မည်မျှများနေပြီနည်း။ လေ့လာကြလေကုန်။ မြန်မာထဘီသည် ဂျပန်ကီမိုနိုကဲ့သို့ ၀တ်ရမခက်သေး။ ပတ်လိုက်ရုံ ခါးတွင်ထိုးလိုက်ရုံဖြင့် အလုပ်ဖြစ်လေသည်။ ခပ်တိုတိုဝတ်မည်လော ရသည်။ ခပ်ရှည်ရှည် ၀တ်လိုသလော အဆင်ပြေ၏။ မကျေနပ်သေးလျှင် ခါးတောင်းပင်ကြိုက်နိုင်သေးသည်။ လေ၀င်လေထွက်ကောင်း၍ ကျန်းမာရေးနှင့်ပင် ညီသေးသည် မဟုတ်ပါလော။ မမများကား ထိုသို့မဟုတ်။ လေ၀င်လေထွက်ကောင်းစေရန် စကတ်ကို ပေါင်လည်ရောက်ဝတ်နေကြလေသည်။ အတွင်းခံဘောင်းဘီ ကြော်ငြာခရသည် ထင်၏။ မြင်သမျှ တွေ့သမျှ လူတိုင်းကို လက်ရောက်မှု မြောက်စေရန် သွေးဆောင်နေရော့သလား မပြောတတ်။ ပုဒ်မ ၃၇၆ ဖြင့် ယောက်ျားတစ်ယောက် ထောင်ဆယ်နှစ်ကျလျှင် ထိုယောက်ျား မရိုးမရွဖြစ်စေရန် လော်လော်မာမာ ၀တ်ပြနေသော ထိုမိန်းမကိုပါ တရားခံနံပါတ်နှစ်နေရာမှ ထောင်ငါးနှစ်ချသင့်သည်ဟုပင် ဦးဟန်ကြည်တို့ ကျောင်းသားဘ၀က အကြေအလည်ဆွေးနွေးဖူးလေသည်။ နေရာတကာတွင် ရင်ဖုံးအင်္ကျီတကားကား၊ ထဘီကြီးတလွှားလွှားနှင့်နေရမည်ဟု ဦးဟန်ကြည် မဆိုလို။ သူ့နေရာနှင့်သူ ၀တ်ကြဆင်ကြရပေလိမ့်မည်။ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်အောင် ၀တ်တတ်ဆင်တတ်၊ နေတတ်ထိုင်တတ်ခြင်းသည် လူကြီးလူကောင်းတို့၏ ထင်ရှားသော ၀ိသေသ မဟုတ်ပါလား။
 
မြန်မာ့ဂီတသည်လည်း ချောင်ကြားတွင် ခေါင်းမပြူနိုင်။ ဆိုင်းသံဗုံသံ ပလုံပလုံကြားရလျှင် နှာခေါင်းရှုံ့ချင်ကြ၏။ ဒိတ်အောက်ကုန်ပါပြီဟု ပြောသူသာ များလေ၏။ နတ်ဝင်သည်များသည်ပင် မြန်မာဆိုင်းဖြင့် ကန္နားမစီးကြတော့။ ၀ါကာဝါကာ ဖြစ်ကုန်ကြလေပြီ။ ဇာတ်သဘင်သည်လည်း မည်သည့်သချူင်္ိင်းသို့ ဦးတည်နေသည်မသိ။ နောက်ပိုင်းဇာတ်တော်ကြီးသည် ၀ိုးတို့ဝါးတား။ ဘုရားကန်တော့ခန်း၊ နတ်ဝင်ခန်းသည်ပင် ကိုရီးယားဆန်နေပြန်သည်။ မင်းသားလေးများကလည်း အကနှင့် အခုန်ကို မခွဲခြားနိုင်။ ဇာတ်သဘင်တိုင်းလိုလို ဟောင်းလောင်းဖော် စတိတ်ရှိုးနှင့်ပင် သန်းခေါင်ချဉ်းသည်က ခပ်များများ။ လူရွှင်တော်များကလည်း သမားစဉ်ကို မလေးစားတော့။ ပြက်လုံးထုတ်လျှင် ခါးအောက်ပိုင်းမှ အပေါ်မတက်ရဟု သတ်မှတ်ထားကြပုံရသည်။ သင်းတို့၏ ပျက်လုံးများကို ဦးဟန်ကြည် မရယ်ဝံ့။ ရယ်လိုက်မိလျှင် တဏှာရူး ဖြစ်ပေလိမ့်မည်။ စိတ်ညစ်စရာ ကောင်းပေစွ။ မြန်မာကျေးလက်သီချင်းကို ဆိုနေကြသော အဆိုတော်များကလည်း အားမကိုးရ။ မိုးရာသီဟုဆိုလျှင် တ၀ါဆိုတည်း ၀ါဆိုကြလေသည်။ ကျေးလက်တေးတွင် ၀ါဆိုပါရမည်ဟု အဘယ်မဟာပညာကျော်က သမုတ်လေသည် မသိ။ ကြားရသည်မှာ နားကလောလှသည်။ မြင်ရသည်မှာ မျက်စိကလောလှသည်။ ဂစ်တာသံတညံညံဖြင့် တဂွမ်ဂွမ်တီးနေသော ဂီတကို အဘယ်သကောင့်သားက မြန်မာ့ဂီတဟု ခေါင်းစဉ်တပ်လေသည်မသိ။ သင်္ကြန်ကာလတွင်ပင် တူးပို့သံတို့ ဆိတ်သုဉ်းနေလေပြီ။ မြန်မာ့ဂီတကား ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေ၏။ မြန်မာစာပေသည်လည်း ကျန်းမာရေးမကောင်း။ မြန်မာ့သမိုင်းသည် ကိုရီးယားသမိုင်းလောက် ရှေ့တန်းတင်မခံရ။ မြန်မာသူရဲကောင်းများကား သမိုင်းထဲတွင် သဂြိုလ်ခြင်း ခံကြရလေပြီ။ မြန်မာလူမျိုးသည် အဘယ်သို့ ဦးတည်နေသည်ကို မသိတတ်တော့။ မြန်မာဖြစ်ရသည်ကို ဂုဏ်ငယ်သည်ဟုများ ထင်နေရော့သလား ဦးဟန်ကြည် မတွေးတတ်တော့။ ခက်လှချေရဲ့ ရွှေတိုင်းပြည်။

ဦးဟန်ကြည်တို့ မြန်မာမှု၊ မြန်မာ့အနုစာပေများသည် ခေတ်ဟောင်းကုန်လေသည်မှာ မှန်၏။ သို့သော် ရှေးဟောင်းပစ္စည်းများသည် ဟောင်းလေ၊ ရှေးကျလေ တန်ဖိုးတက်လေဟူသည်ကို ညံ့ချက်ကမ်းကုန်နေသော မြန်မာသကောင့်သားတို့ နားလည်ကြဟန်မတူ။ ဖွတ်ကြားကျလှပေစွ။ အသစ်သည် ချက်ချင်းလုပ်ယူ၍ ရသော်လည်း၊ အဟောင်းဖြစ်ရန်မှာ ချက်ချင်းမရနိုင်။ အချိန်ကာလကို စောင့်ရလေသည်။ နှစ်ပေါင်း သုံးလေးရာ ကြာမှ ခေတ်ဟောင်းဖြစ်လာရသော ထိုထိုယဉ်ကျေးမှု၊ အနုပညာတို့ကို ဟောင်းလေသည်၊ ဒိတ်အောက်လေပြီဟု စောဒကတက်လိုလျှင် ကိုးကွယ်နေကြသော ဘာသာတရားများကိုလည်း စွန့်ပစ်ပြီး ဘာသာသစ်တစ်ခု တည်ထောင်ကာ ကိုးကွယ်ရန်သာ ရှိပေတော့မည်။ ဘာသာတရားများ၊ ဘုရားများ၏ ဆုံးမသြ၀ါဒများသည် နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်ရှိနေပြီဖြစ်သောကြောင့် ဒိတ်အောက်နေပြီ မဟုတ်ပါလား။ ဟောင်းတိုင်း ဒိတ်အောက်သည်၊ ပစ်ရမည်ဟုဆိုလျှင် ထိုဘာသာတရားများကိုလည်း လွှင့်ပစ်ရန် သင့်လှပေ၏။ မြန်မာမှုကို မြတ်နိုးလေသော ဦးဟန်ကြည်တို့ကို ခေတ်မမီဟု သမုတ်လိုသူကလည်း မရှား။ မီခြင်းမမီခြင်းဟူသည်မှာ အဘယ်နည်း။ အရင်ရောက်သူ အရင်ရွေးသူက မီစတမ်းမဟုတ်ပါလော။ ဦးဟန်ကြည်တို့ အရင်ရောက်၊ အရင်မီခဲ့သောခေတ်ကို နောက်ပေါက်များ မီပင်မမီလိုက်။ သူခိုးကလူဟစ်၊ ငပြူးက သူတပါးကို ပြဲသည်ဟုဆိုနေပါရောလား။ ခက်ခက်ရချေရဲ့။ လိုရာဆွဲတွေးသော နေရာတွင် မြန်မာလူမျိုးသည် ရှေ့တန်းမှလိုက်လေသည်။ ဂုဏ်ယူကြလေကုန်။

သမိုင်းကြောင်းနဲ့ တို့မြန်မာ . . .

လူမျိုးတစ်မျိုးဖြစ်ရန်မှာ ရွေးချယ်ယူနိုင်သော အရာမဟုတ်။ ကံကြမ္မာက ပစ်ချသည့်အတိုင်း လူမျိုးတစ်မျိုးအဖြစ်ကို ရကြပေလိမ့်မည်။ ရလာသော လူမျိုးအဖြစ်ကို မလိုချင်၍ ညည်းညူနေ၍လည်း မပြောင်းလဲနိုင်။ မည်သည့်လူမျိုးဘ၀ကို ရသည်ဖြစ်စေ မိမိဖြစ်လေရာ လူမျိုး၏ တာဝန်ကိုကျေပွန်ရမည်မှာ လူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ မိမိလူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေကို ထိန်းသိမ်းရမည်မှာ ရှောင်လွှဲ၍ရသော ၀တ္တရားမျိုးမဟုတ်။ ကြိုက်ခြင်း မကြိုက်ခြင်းသည် အမျိုးသားရေးကိစ္စတွင် ထည့်သွင်းစဉ်းစားရန်မလို။ အမျိုးသား စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ ထိုစာပေနှင့် ယဉ်ကျေးမှုကို ကြိုက်ခိုင်းခြင်း၊ နှစ်သက်ခိုင်းခြင်း မမည်။ လူတစ်ယောက်ကို ပစ္စည်းတစ်ခု ထိန်းသိမ်းရန် တာဝန်ပေးအပ်လိုက်သည်ဆိုပါစို့။ ထိုလူသည် ထိုပစ္စည်းကို ကြိုက်သည် မကြိုက်သည် ငြင်းချက်ထုတ်စရာ အကြောင်းမရှိ။ သူ၏ တာဝန်မှာ ထိန်းသိမ်းရန်တာဝန်ရှိသည့် ပစ္စည်းကို မပျောက်ပျက်၊ မပျက်စီးစေရန် ကာကွယ်ဖို့သာလျှင် ဖြစ်သည်။ ထိုပစ္စည်းကို ကြိုက်လျှင်သုံး၊ မကြိုက်လျှင်လည်း ကာကွယ်ရပေလိမ့်မည်။ မြန်မာလူမျိုးများအတွက် မြန်မာမှုနှင့် မြန်မာ့စာပေ၊ မြန်မာ့အနုပညာကို ထိန်းသိမ်းရန်မှာ တာဝန်တစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် မြန်မာဖြစ်လျှင် ထိုတာဝန်ကို ဦးလည်မသုန် ထမ်းကြရပေလိမ့်မည်။ ထိုသို့မထမ်းလိုလျှင် မြန်မာမလုပ်ဘဲ နေကြရုံ။ မြန်မာလူမျိုးက မြန်မာမလုပ်လိုလျှင် မည်သည့်လူမျိုး လုပ်ကြပါမည်နည်း။ မရနိုင်။ အရှင်းဆုံးမှာ မြန်မာဖြစ်ပြီး မြန်မာမှုကို မထိန်းသိမ်းလို၊ မစောင့်ရှောက်လိုလျှင် ကိုယ့်ကျင်းကိုယ်တူးပြီး သေရန်ပင်ရှိတော့သည်။ ထိုသို့သေကြလျှင်လည်း သတ္တိပြောင်သော ထိုလူများအတွက် ဦးဟန်ကြည် ဂုဏ်ယူမိပေလိမ့်မည်။ ယခုမူကား မြန်မာဂယောင်များကြားတွင် ဦးဟန်ကြည်တို့ အနေအထိုင် ကျပ်လှပေ၏။

အနောက်တိုင်း ဂီတ၊ အနောက်တိုင်း အကတစ်ခုကို သင်ယူရန် လေ့လာရန်မှာ သူ့လမ်းစဉ်၊ သူ့နည်းလမ်းအတိုင်း လေ့လာပါက တစ်နှစ်ခန့်ရှိလျှင် အထိုက်အလျောက် ကျွမ်းကျင်နိုင်ပေသည်။ မြန်မာ့ဂီတနှင့် အနုပညာကား ထိုသို့မဟုတ်။ ကျွမ်းကျင်တတ်မြောက်ရန်အတွက် အချိန်များစွာ ပေးရသည်၊ တစ်ဘ၀လုံး ရင်းနှီးကြရသည်။ အပျိုတော်အက ကတတ်ရန်ပင် အတော်ကျင့်ယူရလေသည်။ မြန်မာအကကို သုံးနှစ်တိတိ သင်ယူထားသည့် “ ယုလျာ ” ဟူသော အနောက်တိုင်းသူတစ်ယောက် ကပြဖျော်ဖြေသည့် အငြိမ့်ခွေတစ်ခုကို လွန်ခဲ့သော ခြောက်နှစ်ခန့်က ဦးဟန်ကြည် ကြည့်ဖူးသည်။ သုံးနှစ်သင်ယူထားသော ထိုယုလျာသည် စည်းဝါးနိုင်သော်လည်း လက်ကျိုးအောင်ပင် မချိုးနိုင်ရှာသေး။ ဘိုအကကို စနစ်တကျမဟုတ်ဘဲ ထင်သလို လေ့ကျင့်ခဲ့သော မြန်မာမ “ ခေမီကို ” ကား အနောက်တိုင်းသူထက်ပင်ပိုကဲ၍ ဖော်တတ်၊ ကော့ပြတတ်နေလေပြီ။ မြန်မာအက မည်မျှခက်သည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါ၏။ ဂစ်တာတဒေါင်ဒေါင် တီးတတ်ခတ်တတ်စေရန် တစ်လနီးပါး လေ့ကျင့်ရုံဖြင့် အထိုက်အလျောက် ရနိုင်သော်လည်း စောင်းတီးတတ်ရန်မှာ ထိုမျှနှင့်မရ။ တစ်လဆိုသော အချိန်ကာလသည် စောင်းကြိုးညှိတတ်လျှင်ပင် တော်လှပေပြီ။ ထို့အတူ ဆိုင်းသမားတစ်ယောက်ဖြစ်ရန်လည်း နှစ်ပေါင်းများစွာ ကျင့်ရပေသည်။ ပါးစပ်က လေမှုတ်တတ်လျှင် အသံမည်သော နှဲမှုတ်သည့်ပညာကိုပင် လွယ်လွယ်နှင့်မရ။ မယုံလျှင် နှဲတစ်လက်ကောက်ယူပြီး စမ်းမှုတ်ကြည့်စေချင်လှသည်။ ဆက်ဇိုဖုန်းကဲ့သို့ လေ၀င်တိုင်း အသံထွက်သည့်တူရိယာစာရင်းတွင် နှဲမပါ။ အနောက်တိုင်း Drum set တစ်စုံကို မည်သူတီးတီး တူညီသော အသံမြည်နိုင်သော်လည်း မြန်မာဆိုင်းကား ထိုသို့မရ။ တီးခတ်သူမတူလျှင် အသံကွဲပေလိမ့်မည်။ ပတ်စာကပ်သည့်အတတ်ပင် အတော်လေး သင်ယူရလေ၏။ မိုးအုံ့လျှင် တစ်မျိုး၊ နေသာလျှင်တစ်ဖုံ လိုတိုးပိုလျှော့ပတ်စာကပ်ရသော မြန်မာ့ဆိုင်းကို ရွာစားကျော် စိန်ဗေဒါကြီး ရတနာဂီရိသို့သွား၍ သီပေါဘုရင်ကို ဖျော်ဖြေစဉ်ကတည်းကပင် အင်္ဂလိပ်လူမျိုးတို့ လက်ဖျားခါခဲ့ရလေပြီ။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ၀ါသနာအရင်းခံပြီး လေ့ကျင့်မှ ကျွမ်းကျင်နိုင်သော မြန်မာ့အနုပညာ တေးဂီတတို့ကို ခေတ်ဆွေးလှပြီဟု ငြူစူအထင်သေးသော မြန်မာတို့ကား အောက်တန်းစားလူမျိုးများသာလျှင် ဖြစ်ပေလိမ့်မည်။ မြန်မာ့ဂီတ၏ လေးနက်ခက်ခဲပုံကို ဦးဟန်ကြည် ရှင်းပြ၍မျှ အားမရလျှင် melody world ၊ အိမ်ကြက်ဖော်ရာ ( အိပ်မက်ဆုံရာ ) တို့မှ မော်ဒယ်၊ ဖော်မယ်များကို အောင်ခြင်းရှစ်ပါး တစ်ပုဒ်လောက် အစမ်းဆိုခိုင်းကြည့်ကြရုံသာ ရှိတော့သည်။  မယ်မင်းတို့ စည်းဝါးညီညီ၊ ဌာန်ကရိုဏ်းကျကျ ဆိုနိုင်လျှင် ဦးဟန်ကြည် ထိုင်ကန်တော့လိုက်ချင်ပါ၏။

မြန်မာ့စောင်း . . .

မြန်မာ့ဂီတသည် ခက်လှသည်ဟူ၍ ဦးဟန်ကြည် ဂုဏ်တင်နေသော်လည်း ဂုဏ်မယူ။ ထိုကဲ့သို့ သင်ယူရန်ခက်ခြင်းကို ဂုဏ်ယူခဲ့ကြသော မြန်မာ့ဂီတပညာရှင်များ၏ တလွဲဆံပင်ကောင်းမှုကြောင့် မြန်မာ့ဂီတ တိမ်ကောရခြင်းပင် မဟုတ်ပါလော။ အချိန်ပေးရသော မြန်မာ့ဂီတကို မည်သူက စနစ်တကျသင်ယူလိုပါမည်နည်း။ စားဝတ်နေမှုအတွက် အလုပ်တစ်ဖက်လုပ်နေရသော ဦးဟန်ကြည်သည်ပင် ပတ္တလားအတီး သင်လိုလှသော်လည်း အချိန်မပေးနိုင်။ အနောက်တိုင်း ဂီတကဲ့သို့ Notes ဖြင့် အလွယ်တကူ တီးခတ်နိုင်စေရန် ကြိုးစားကြမည့် ပညာရှင်များလည်း မရှိကြတော့။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလင်္ကာကျော်စွာ “ စောင်းဦးဘသန်း ” တစ်ယောက်ကတော့ ထိုသို့ကြိုးစားဖူးသည်ဟု မှတ်တမ်းများက ဆိုသည်။ ယခုကဲ့သို့ တိုးတက်သောခေတ်တွင် မည်သူမျှ စကားဦးမသန်း။ မြန်မာ့ဂီတဘက်တွင် ခေတ်ပညာတတ်များ မရှိရော့လေသလား မပြောတတ်။ “ ဖိုးသင်္ကြန် ” ကဲ့သို့သော ခေတ်ပညာတတ်လူငယ်များ ဆိုင်းဝိုင်းအတွင်းထိုင်နေသည်ကိုမြင်ရလျှင် ဦးဟန်ကြည် ၀မ်းမြောက်၍မဆုံးပြီ။ မြန်မာ့ဂီတသည် တောတွင်းသားတို့၏ ဂီတမဟုတ်၊ လူပြိန်းတို့၏ ဂီတမဟုတ်၊ အဆင့်အတန်းမြင့်သော ဂီတဖြစ်လေသည်။ ထိုဂီတကို လူတစ်စုလက်တွင်းမှ လူထုလက်တွင်းသို့ မည်သို့ပို့ဆောင်ရမည်ကို နည်းလမ်းရှာကြရပေလိမ့်မည်။ ယခုမူကား မြန်မာ့ဂီတသည် သဘင်သည်တို့၏ ကြားတွင်သာ “ ထမင်းစားပညာ ” အဖြစ် တွင်ကျယ်နေရှာလေသည်။ မည်သည့်အခါတွင် မြန်မာတို့၏ ဧည့်ခန်းဆောင်သို့ ပြန်ရောက်လေမည်မသိ။ ဆရာကြီး ဦးသုခ၏ စကားတစ်ခွန်းကို ဦးဟန်ကြည် သတိရသည်။ ဆရာကြီးက “ ဒီခေတ်လူတွေ မြန်မာ့ဂီတကို မကောင်းဘူးလို့ ပြောနေတာ လူငယ်တွေ အပြစ်မဟုတ်ဘူး…တို့လူကြီးတွေကလည်း မြန်မာ့ဂီတ ဘယ်လောက်ကောင်းတယ်ဆိုတာကို လူငယ်တွေသိအောင်မှ လုပ်မပြဘဲကိုး … ” ဟု ဆိုလေသည်။ မှတ်သားဖွယ်ပင်။ မြန်မာ့ဂီတ၏ ကောင်းကွက်များကို မြန်မာများသိစေရန် ဦးဟန်ကြည်ကဲ့သို့သော စိတ်သက်ရင့်သည့် အဘိုးကြီးပေါက်စများ စုပေါင်းကြိုးစားကြရပေလိမ့်မည်။ ဤခရီးသည် နီးမည်မဟုတ်၊ သို့သော် သွားနေသမျှ တစ်နေ့ရောက်ရမည်သာ။

ပုဂံယိမ်း . . .

ယခုရက်ပိုင်းအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့်အသံများ စီစီညံညံကြားနေရသည်။ အဖွင့်သီချင်း၊ အထိန်းအမှတ်သီချင်းပြိုင်ပွဲသံများလည်း ကြားရပါ၏။ ထိုပွဲသို့ အနောက်နိုင်ငံ၊ အရှေ့နိုင်ငံများမှ လေ့လာသူများ လာကြမည်မှာမလွဲ။ ထိုပုဂ္ဂိုလ်များကို မည်သည့်အနုပညာများ ချပြကြမည်နည်း။ “ ၀ါကာဝါကာ ” ဆိုပြလျှင် မြန်မာတို့ မဟာအရှက်တော် ကွဲကိန်းပင် ဖြစ်သည်။ ခြောက်ကြိုးကဝေဟု မိမိဘာသာ အမည်ပေးထားသော ချစ်စမ်းမောင်ကို ခေါ်၍ ဂစ်တာတီးပြခိုင်းကြမည်လား။ ချစ်စမ်းမောင်က ဂစ်တာကို လျှာဖြင့်တီးပြသည်ဟု ဦးဟန်ကြည်ကြားဖူးသည်။ ထိုသို့ဆိုလျှင် အနောက်နိုင်ငံသားက ထိုဂစ်တာကို ဟိုဒင်းဖြင့်ပင် တီးပြလိုက်ပေလိမ့်မည်။ သူရို့၏ တူရိယာကို သူရို့က အခြားလူထက်ပို၍ ကျွမ်းကျင်လေမည်မှာမလွဲ။ “ ခေမီကို ” ကိုခေါ်ပြီး အကော့ခိုင်းမည်လော။ အနောက်နိုင်ငံသူက ဖြဲပင်ဖြဲပြသွားပေလိမ့်မည်။ သူရို့လောက်ဖြဲနိုင်လျှင် ဖြဲပြပေရော့။ ထိုသို့ဆိုလျှင် သင်းတို့ကို ဖျော်ဖြေရန်အတွက် မြန်မာမှု မြန်မာ့ဂီတကို သတိရကြရပေဦးတော့မည်။ မြန်မာတို့က ခေတ်ဟောင်း၍ ပျင်းစရာကောင်းသည်ဟု သမုတ်ထားကြသော မဟာဂီတသည် ထိုအနောက်နိုင်ငံသားတို့ကြားတွင် ကောင်းသတင်းမွှေးမည်မှာ မုချ။ Beethoven, Mozart, Tchaikovsky တို့၏ Concerto များကို အရသာခံတတ်လေသော သင်းတို့နိုင်ငံသားများကို မြန်မာဖွတ်ကြားတို့က ဒိုးဒိုးဒန့်ဒန့်ကောင်များဟု အထင်သေးလျှင် မှားပေလိမ့်မည်။ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရခြင်းမှာ ယဉ်ကျေးမှုက ထူးထွေ၍ကောင်းခြင်းကြောင့်မဟုတ်။ စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းကြောင့်ပင် ဖြစ်ပေသည်။ အနောက်နိုင်ငံများတွင် ဒစ္စကိုကပွဲများ၊ ညကလပ်များ အားကောင်းသလို Broadway တွင် ပြဇာတ်များကလည်း တခဲနက်၊ Ballet Opra များကလည်း အင်တိုက်အားတိုက်။ Michael Learn, Bon Jovi, Bono, Taylor Swift တို့ထင်ရှားသလို Luciano Pavarotti နှင့် Celtic Thunder သည်လည်း ဂုဏ်မငယ်။ အသစ်ကို မပစ်သလို အဟောင်းကိုလည်း ထိန်းသိမ်းတတ်သော သင်းတို့လူမျိုးကို ဦးဟန်ကြည်တို့ အဘယ်ကြောင့် အတုမယူကြလေသနည်း။

မည်သို့ပင်ဆိုစေ ချေးယိုချင်မှ အိမ်သာတွင်းတူးတတ်လေသော ဦးဟန်ကြည်တို့ မြန်မာလူမျိုးတို့သည် အရှေ့တောင်အာရှ အားကစားပွဲအတွက် မြန်မာမှုများကို ဖုန်သုတ်ပြီး စင်ပေါ်တင်ကြပေဦးမည်။ မြန်မာအကများကို ပြန်၍ဖော်ထုတ်ကြပေဦးမည်။ မြန်မာဆိုင်းသံများကိုလည်း မကြားချင့်အဆုံး ကြားရပေဦးတော့မည်။ မြန်မာမှုကို မြတ်နိုးသော ပညာရှင်များအနေဖြင့် ကောက်ရိုးမီးတမျှ ဟုန်းခနဲထပြီး ဖွတ်ခနဲငြိမ်းတတ်သည့် ကိုယ့်လူမျိုး၏ သောက်ကျင့်ကို ထောက်ချင့်ဆင်ခြင်ပြီး အရှိန်ပေါ်တွင် အဟုန်ဆင့်ကာ မြန်မာ့အနုပညာ၊ စာပေတို့ကို စင်မြင့်တွင် အသွင်တင့်စေရန် ကြိုးစားသင့်လှပေသည်။ ဦးဟန်ကြည်သည်လည်း မဟာဂီတကို နားဝင်ပီယံရှိရှိ ကြားလိုလှပါ၏။ မြန်မာပြည်၊ မြန်မာပြည်သားတို့ကြားဝယ် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ မြန်မာစာပေတို့သည် ပြောင်လျှက်ဝင်းလျှက် ထင်းပါစေသတည်း။  

( တလွဲဆံပင်ကောင်းနေကြတဲ့ ကိုယ့်လူမျိုးကို သောက်မြင်ကတ်ကတ်နဲ့ ခပ်စပ်စပ်ကလေးရေးရင်း ခပ်ကြမ်းကြမ်းစကားလုံးတွေ သုံးထားလို့ တစ်ချို့နေရာတွေမှာ ဂမ္မဒေါသသင့်နေတာတွေကို သဘောကြီးကြီးထားပေးကြဖို့ ဆောရီးစကား ဆိုပါရစေဦး။ သို့ပေမင့် ကျေးဇူးရှင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းပေါင်းများစွာထဲက “ ဖာသည်တိုင်းပြည်ဖြစ်မှာပဲ ” ဆိုတဲ့ မိန့်ခွန်းတစ်ခုကိုပဲ နားဝင်ပီယံရှိလွန်းကြတဲ့ ဦးဟန်ကြည်တို့ ရွှေမြန်မာတွေအတွက် အနှီစကားလုံးလေးတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်နေမယ်လို့ ခန့်မှန်းမိပါသဗျား…း)

11 comments:

သူကြီးမင်း said...

အမယ်မင်း။ ဆရာဟန်ကြည့် ရိုက်ချက်တွေက ဒက်ထိ ကွက်တိချည်းပါဘဲလား။ ဆရာပြောသလို မြန်မာ့ဟန် မြန်မာ့မာန်တွေလဲ အတိတ်မှာ ဖုန်အထပ်ထပ် တက်နေကြလေတော့ ဖုန်သုတ်သင်ရှင်းလင်းဖို့ အချိန်ပေးရတာနဲ့ ဆီးဂိမ်းအမီများ အရောင်တင်နိုင်ပါ့မလားမသိ။

အချို့သော မြန်မာလူမျိုးများက ကိုယ်တတ်ထားတဲ့ပညာကို အလွန်လျှို့ဝှက်တတ်တာကလား။ ဒါကြောင့်မို့လဲ တစ်ချို့ ပညာရပ်တွေ မလိုအပ်ဘဲ ပျောက်ပျက်ကုန်ကြတာပေါ့။ ဥပမာ။ သူကြီးမင်းတို့ဘက်မှာ ခွေးရူးကိုက်ရင် လွယ်လင့်တကူ ကုသနိုင်တဲ့သူ ရှိခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ အဲဒီလူရဲ့ဆရာက အဲဒီပညာကို အသက်သာ အသေခံလိုက် ဘယ်သူ့ကိုမှ မသင်ပေးရဘူးလို့ မှာထားခဲ့သတဲ့။ သေခါနီးမှ စိတ်ချရတဲ့ လူတစ်ယောက်ကို သင်ပေးရမယ်တဲ့။ ဆိုလိုတာကတော့ အဲဒါသင်ပေးပြီးရင် ဆရာကို အတင်းသေခိုင်းတဲ့ ပညာရပ်တစ်မျိုးပေါ့။ အဲဒီလို အဲဒီလို ကွယ်ဝှက်တတ်ကြတာကလား။

အင်း... ပြောရင်း ဘယ်လိုက ခွေးရူးကုဆရာဘက် ရောက်သွားပါလိမ့်။
ဆရာဟန်ပြောသလို မြန်မာမှုတွေကို စိတ်ဝင်စားမှုရှိအောင် အစိုးရတင်မဟုတ်ဘူး။လူကြီးသူမ မိဘဆရာတွေမှာရော တာဝန်ရှိကြတာမဟုတ်လား။

အင်း...စဉ်းစားကြည့်မိတဲ့အခါ...
ဆို က ရေး တီးတို့ အငြိမ့်ပြိုင်ပွဲတို့ မြင်းပြိုင်ပွဲတို့ နွားအလှပြိုင်ပွဲသို့ လှေလှော်ပြိုင်ပွဲတို့ကို ဖော်ဆောင်ပေးခဲ့တဲ့ ဆယ်စုနှစ်များဆီက မူဝါဒများဟာ မြန်မာမှုကိုများ ဖော်ထုတ်ချင်လို့ ဖြစ်မယ်ထင်ပါတယ်။

ကဲ.. ဆရာရေ.. ဆက်လှော်ပေဦးတော့
ဝိုင်းလှော်ကြရ်ငတော့ လှေကြီး တရွေ့လောက် ရွေ့ကောင်းရွေ့နိုင်မယ်ထင်ပါတယ်။

.

မီးမီးငယ် said...

ဦးဟန်ကြည်ရေ့..
ဒီကဘုန်းကြီးကျောင်းလာတာ၊ဖင်ကျပ်လေးတွေနဲ့ 
လက်ပြတ်ဂါဝန်ရှည်
ကြီးတွေညအိပ်ဝာကထလာသလိုလိုမြင်ခဲ့
တော့ပြောချင်လိုက်တာ...
ကျုပ်တို့ ဆီမှာတော့၊
ဘုရားသွားကျောင်းတက်၊
ထမိန်တွေမဝတ်မနေဝတ်ရပါတယ်။
ဝတ်လာတဲ့သူကိုတော့မပြောဘူး။
မိဘတွေကအကဲ့ရဲ့ ခံရမှာ
အဓိကတော့ ပြောဆိုဆုံးမမှု့ မရှိကြတာလို့ ဘဲမှတ်ရမှာလား...နော်
အဲ..သီချင်းတွေဖက်ကတော့
သိပ်နားမလည်တော့
မပြောတော့ပါဘူးနော်...
:P

မင်းဧရာ said...

အင်း........
ပြောသင့်နေပေပြီ ဆရာ
သင်းတို့ကလည်း နည်းနည်းလေး လွန်နေတာမဟုတ် အတော့်တော်လေးကို လွန်လွန်းနေကြပေပြီ ။

မြန်မာ့ အနုပညာ မြန်မာ့ယဉ်ကျေးမှု့ဆိုတာ
ဘယ်လိုအရာတွေရယ်လို့တောင် သိကြပုံ ခံစားတတ်ကြပုံမပေါ်ဘူး တစ်ခါတရံ ဟိုအရင်က သီချင်းများ ဇာတ်သဘင်များကို ပြန်ကြည့်နေတာများ တွေ့ပြီ ဆို လှောင်သလိုလို ပြောင်သလိုလိုက ကြည့်တတ်ကြသေး ပြောတတ်ကြသေးသဗျာ ။

လာမည့်ဆီးဂိမ်း မှာလည်း လုပ်ပြပါလိမ့်ဦးမယ် မြန်မာ့ဂီတ နဲ့ အနောက်တိုင်း ဂီတ ကိုရောပြီး တီးကြ ဆိုကြ ကကြ လုပ်ပြပါဦးမယ်။

ခေတ်ကိုက ပထွေးချော့တဲ့ တေးနဲ့မှ မှေးချင်တဲ့သူများတဲ့ခေတ် ဒါမျိုးကိုများ သူတို့တွေက ဂန္ထ၀င်ဂီတ လေးဘာလေးနဲ့ ခပ်တည်တည် ကိုယ့်ဖာသာ မရှက်မကြောက် နာမည်က
ကောက်တပ်ကြသေးတာ ရယ် ။

San San Htun said...

ဟားဟား..ဆြာဟန်ကတော့ ပြောင်မြောက်ပါပေတယ်း)..

NYI NYI PE( BKK) said...

Dear Saya Han
The way you have presented is really marvelous. You are also very good at writing sarcasm. Truly sarcastic.I like it much because we look from the same angle or we are in the same boat wearing the same shoes.Go ahead U Han Kyi. Bravo.

NYI NYI PE (BKK)

Aunty Tint said...

အရေးအသားတွေကတော့ ဟာကွက်မရှိအောင် ပြောင်မြောက်ပါပေတယ် ဆရာဟန်ကြည်ရယ်...အမှန်တွေကို ကွက်ကွက်ကွင်းကွင်းရေးသားထားတဲ့ ဒီလိုပို့စ်မျိုးကို မြန်မာပြည်ဘွား လူများအကြားကို စီးဝင်စေချင်တယ်... ရှေ့နောက်ကို စဉ်းစားဆင်ခြင် သုံးသပ်ခဲ့တဲ့ တီတင့်ရဲ့ ဖခင်ကြီးကိုလဲ သတိရသွားတယ် .. သမီးတွေကို ငယ်စဉ်တောင်ကြေး ကလေးဘ၀ထဲက မန္တလေးက ပန်တျာလှမြင့်ဆီကနေ မြန်မာမှုအနုပညာကို မသင်မနေရ သင်ပေးခဲ့တဲ့ကျေးဇူးတွေ တစ်သက်စာပဲ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပီပြင်ပါပေတယ်ဆရာကြည်ရယ်။
အိုင်အိုရာ

Lorem Ipsum said...

လည်လည်လာသွားပါတယ်ဦးဟန်ရယ်း)

Adora etc. said...

ဦးဟန်ကြည်ရဲ့ စာရေးဟန်က သိပ်ပီး အားရပါးရရှိတာပဲ။ ထိုင်ပြီးစကားပြောနေသလိုကို ခံစားရလို့ ခဏ ခဏလာလည်ပါတယ်

Angelhlaing(May everybody be happy and healthy! said...

Fb မှာတင်ကတည်းက ဖတ်ပြီး သဘောကျတာ.. ဘလော့ထဲ ခုမှ ရောက်တယ် ဆရာ..:) ဆောင်းပါးကောင်း တစ်ပုဒ်မို့ မြန်မာ့အလင်းလိုမျိုး သတင်းစာတွေကနေ တစ်နိုင်ငံလု့းအနေနဲ့ ...ဒီလို ဆောင်းပါးတွေ ပါနိုင်ရင် သိပ်ကောင်းမယ်နော်....

စံပယ်ချို said...

ဆရာအသော့ရေးပေလို့ပဲ စာရေးအားကောင်းလွန်းလို့အားကျတယ်ဆရာ -------ဆရာလိုပဲဆရာရေ-----တနေ့ကိုစာလေးတကြောင်းမဖတ်ရင် ကဗျာလေးတကြောင်းမျှ မရေးရရင် နေရထိုင်ရခက်သလိုတမျိုးကြီးဖြစ်တတ်တယ်....
အဆုံးသတ်ရေးထားတာလေးဖတ်ပြီး ပြုံးမိတယ်ဆရာ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger