Thursday 14 November 2013

ပုဂံပန်းတို့ နွမ်းသည့်နေ့ . . .



ပုဂံပြည်ကား...
နှလုံးသားတို့ မွေးဖွားရာမြေ
သိမ်သရေတို့ ထိန်ဝေဖြာမိုး
မြန်မာမျိုးတို့ တန်ခိုးတေဇာ
ဖြိုးဝေပါသော အတိတ်နယ် . . .

ပုဂံပြည်ကား . . .
ဘုရားပုထိုး ဂူမျိုးမျိုးတို့
ရိုးရာအတတ် လှစ်ပြအပ်သော
ပန်းစုံပေါသည့် ပြယုဂ်နယ် . . .

ပုဂံလက်မှု
အနုပညာ မျိုးလက်ရာတို့
ထည်ဝါပြယုဂ် တေးတစ်ပုဒ်နှယ်
ဝင့်ထည်ကြွားဝါ ငါမြန်မာဟု
ဇာတိပုည ဂုဏ်မာနဖြင့်
နှုတ်မှကြွေးကြော်ချင်သော်လည်း . . .

သဲပန်းချီကား ပြိုင်စံရှားတို့
မကြွားမ၀ံ့ ခပ်ရွံ့ရွံ့နှင့်
တွန့်ဆုတ်ညှိုးငယ် ထည်ဝါမှုကင်း
ဈေးခင်းသည့်နှယ် လမ်းအလယ်မှာ
မြင်မိပါလျှင်
ရင်မှာကြေကွဲ စိတ်လည်းမလန်း
နေထိပန်းလို နွမ်းခဲ့ပြီ . . . ။      ။

ဟန်ကြည်
( ၅.၁၁.၂၀၁၃ )

8 comments:

မီးမီးငယ် said...

နောက်တခါတော့
ရောက်အောင်သွားခဲ့ရအုံးမယ် မရောက်ဖူးသေးဘူး..
တုံးလိုက်တာနော်..
လေယဉ်ကွင်းဘဲရောက်ဖူးခဲ့ပါတယ်ဆို

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သဲပန်းချီ ..

အနုပညာ၊ မြန်မာမှု မြန်မာ့အနုပညာ ဘယ်အရာမှ မပျောက်ကွယ်စေချင်ဘူး။ မနိမ့်ကျစေချင်ဘူး။ မြန်မာလူမျိုးတိုင်းကို ကိုယ့်ယဉ်ကျေးမှု၊ အနုပညာကို တန်ဖိုးထား မြတ်နိုးတတ်စေချင်တယ်။

ဒါပေမယ့်လည်း အရာရာထက် ဝမ်းရေးပိုခက်ကြတဲ့ ဘဝတွေမှာ မြန်မာ့အနုပညာတွေလည်း လမ်းဘေးရောက်ရတာ သံဝေဂ ရစရာပါ။

ပြောချင်တာတွေ များသထက် များလာလို့ ဒီမှာတင် ရပ်ပြီ ဆရာရေ။ နို့မဟုတ်ရင် ပို့စ်တစ်ခုစာ ဖြစ်တော့မယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...
This comment has been removed by the author.
Aunty Tint said...

သဲပန်းချီကို ပုဂံရောက်တိုင်း ၀ယ်ဖြစ်တယ်... နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်း ဆွေမျိုးသားချင်းတွေကို လက်ဆောင်ပေးချင်လို့...
ဟုတ်တယ် ဆရာဟန်ရေ... သဲပန်းချီတွေကို တခမ်းတနားခင်းကျင်းပြနိုင်မဲ့အဆောက်အဦ တစ်ဆောင်လောက်ရှိမယ်ဆိုရင် အတိုင်းထက်အလွန်ပါ

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

mr han အသဲခွဲလေပြီ

Anonymous said...

အတိုအစဖြစ်ဖြစ် နဲနဲ ရေးပေးစေချင်ပါသည် စောင့်နေပါသည်

ငြိမ်းစိုးဦး said...

အနုပညာ​တွေ အ​ကြောင်းအမျိုမျိုး​ကြောင့်​လမ်း​ဘေး​ရောက်​ရတာဟာ ရင်​နာစရာပါ ... နိုင်​ငံရဲ့တိုးတက်​မှုနဲ့ တန်​ဖိုးထားမှုတန်​ဖိုးသိမှုအ​ပေါ်လည်းတည်​မယ်​ထင်​ပါတယ်​ ...

မောင်သီဟ said...

ယဉ်ကျေးမှုဟေ့ဆိုတာနဲ့
အံတကြိတ်ကြိတ်ဖြစ်နေတော့တယ်ဗျာ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger