Wednesday, 30 October 2013

မေတ္တာသွန်းဖြိုး . . . ပန်းပျိုးစေ . . .

ရက်ကိုလစား၊ လကိုနှစ်စားပြီး
 ပြက္ခဒိန်တွေတစ်ခုပြီးတစ်ခု ပြောင်းချိတ်ရင်းနဲ့ပဲ ဦးဟန်ကြည်ရဲ့ ပညာရေးလုပ်သားလုပ်သက်ကလေး ဆယ်စုနှစ်တစ်ခုတောင် အတော်စွန်းလာပါပကောလား။
 
 သည်လောက၊ သည်ကလေး၊ သည်မိဘတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး နိစ္စဓူဝ ဖြတ်သန်းကုန်လွန်နေရင်း လူမှုရေးမေ့၊ နိုင်ငံရေးမေ့၊ လူမျိုးရေးမေ့နဲ့ အမေ့ကောင်းကြီးမေ့နေလိုက်တာ ကိုယ့်ခေါင်းပေါ်မှာ ဆံပင်အနက်တွေ မရှိသလောက်ရှားနေတာကိုတောင် မနေ့တစ်နေ့ကမှ နောက်စေ့ရှေ့မှာမှန်တစ်ချပ်ထောင်ပြီး မျက်နှာမူထားတဲ့မှန်တစ်ချပ်ထဲကနေ စစ်စစ်ပေါက်ပေါက်ကြည့်မိတော့မှပဲ သတိထားမိတော့တဲ့အထိ။ ဖတ်သမျှစာဆိုတာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း၊ လေ့လာသမျှပညာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ပညာ၊ ခေါင်းထဲမှာထည့်ထားတဲ့အတွေးကလည်း ပညာရေးဆိုင်ရာအတွေးအခေါ်တွေ၊ မက်လိုက်တဲ့အိပ်မက်ကလည်း ပညာရေးအိပ်မက်တွေချည်းပဲဆိုတော့ ဦးဟန်ကြည်ခမျာ ပညာရေးကလွဲလို့ ကျန်တဲ့နေရာတွေမှာ နလပိန်းတုံး ဖြစ်မှန်းမသိကို ဖြစ်ပါလေရော။ တတ်နိုင်ဘူး ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်လို့ ဆိုရိုးကလည်း အရှိသားမဟုတ်လား။ သဲတိုင်အောင်ငုပ်ဆိုလို့ ဦးဟန်ကြည်တို့ ငုပ်ချက်ကတော့ ပညာရေးဘ၀အစမှာ စားစရာမရှိလို့ ထမင်းနှစ်ရက်ငတ်ပြီး လင်မယားနှစ်ယောက် ရေသောက်ဗိုက်မှောက်နေရတဲ့အထိ။ သို့ပေမင့် အခုအချိန်အထိ အဖျားမရောက်သေးတာကတော့ ဦးဟန်ကြည် မတက်နိုင်လို့လို့ပဲ ပြောရမှာပါ့လေ။

သိုပေမင့် ဦးဟန်ကြည် ဂဏန်းမျိုးကလည်း အဖျားရောက်ခြင်း၊ မရောက်ခြင်းကို ခေါင်းထဲထည့်တဲ့လူမှ မဟုတ်ဘဲ။ ကိုယ်စွမ်းသလောက်၊ ကိုယ်တတ်သလောက်ကိုယ်လုပ်နေရရင် ကျေနပ်တဲ့လူစား။
 ကိုယ်မှန်တယ်ထင်တာကိုယ်လုပ် ပတ်ဝန်းကျင်ကို အရေးမလုပ်တဲ့လူစား။ အနှီတော့လည်း ကိုယ့်တရားကိုယ် စီရင်ပြီး ကိုယ့်ကလေးတွေနဲ့ကိုယ် ပျော်ရွှင်နေရတာကိုက လောကစည်းစိမ်ဖြစ်ပြီးသား။ အနှီ ဦးဟန်ကြည်ရဲ့ ကလေးတွေဆိုတာကလည်း အများအမြင်မှာ လူဆိုး၊ လူသွမ်း၊ လူသရမ်းကလေးတွေက ခပ်များများ။ မိဘများကလည်း လူဆိုးထိန်းဦးဟန်ကြည်ကို အတော်အထင်ကြီးကြဟန်တူပါရဲ့။ ကျောင်းသားတစ်ယောက် လာအပ်ပြီဆိုတာနဲ့ မိဘလုပ်တဲ့လူက “ ဆရာ…ကျွန်မသားသမီးကို ရိုက်သာရိုက်ဆရာ…မကျိုးမကန်းရင်ပြီးတာပဲ…ဒီကောင်တွေက အနှီလို ရိုက်ပေးမှ မှတ်တာ… ” လို့ကို အင်တိုက်အားတိုက် ပြောတော့တာကိုး။ ဘယ့်နှာ သည်လူတွေ ခက်လည်းခက်ပါရဲ့။ သူရို့က ဆရာဆိုတဲ့ ပုဂ္ဂိုလ်ကို ကြေးစားလူမိုက်များ ထင်နေရော့သလား မသိပေါင်ဗျာ။ ဦးဟန်ကြည် စိတ်ကောင်းဝင်နေတဲ့အချိန်မှာတော့ ပြုံးနေလိုက်ပေမယ့် နှာတင်းနေတဲ့အချိန်မျိုးနဲ့ ဆုံလို့ကတော့ “ ဟ…ခင်ဗျားတို့က ကျုပ်ကို လူမိုက်ငှားတာလား…မပူနဲ့ လိုအပ်ရင် ဆုံးမမယ်…အလကားသက်သက် ရိုက်နေရအောင်ကတော့ ဦးဟန်ကြည် လူမိုက်မဟုတ်လို့ သည်းခံပေရော့… ” လို့ ဘုနှိပ်မိပါလေရော။ 

ဘာပဲဖြစ်ဖြစ် ဆိုးလှ ရမ်းလှပါတယ်ဆိုတဲ့ သူရို့သားသမီးတွေဟာ ဦးဟန်ကြည်ဆီမှာတော့ လိမ္မာလိုက်၊ ယဉ်ကျေးလိုက်ကြတာများ သူရို့မိဘကို ပြန်ပြောရင် ခမျာများမှာ သူရို့သားသမီးအကြောင်းကြားရတာတောင် သူရို့နားကို သူရို့မယုံတဲ့အထိ။ ပြောမယ်ဆိုလည်း ပြောစရာ။ ကိုယ့်ကလေးတွေကလည်း အိမ်မှာလည်းဆိုး၊ လမ်းမှာလည်း တစ်စက်ကလေးမှ မကောင်းကြတာလေးတွေချည်း။ အနှီတော့ တစ်ချို့မိဘတွေက ဦးဟန်ကြည်ကိုမေးပါသဗျား။ သူရို့ကလေးတွေက သူရို့ဆီမှာ ဘာကြောင့်ဆိုးပြီး ဆရာ့ဆီမှာ ဘာကြောင့်လိမ္မာကြသလဲပေါ့။ ဦးဟန်ကြည်ကတော့ “ ဟ…ခင်ဗျားတို့က သူရို့ကို လူဆိုးလို့ သတ်မှတ်ထားတာကိုး…အနှီတော့ ဆိုးပြမှာပေါ့…ကျုပ်ဆီမှာ သူရို့ကို လူလိမ္မာလို့ သတ်မှတ်ထားတော့ လိမ္မာကြတာ မဆန်းပေါင်ဗျာ ” လို့ ခပ်ပြုံးပြုံးဖြေတာပါပဲ။ သို့ပေမင့် သည်ဘက်နယ် သည်ဘက်ဒေသက မိဘဆိုတာကလည်း ငွေကလွဲပြီး ကျန်တဲ့အကြောင်း ခေါင်းထဲမသွင်းတာများလေတော့ ကလေးစိတ်ပညာတွေ၊ လူမှုရေးသိပ္ပံတွေ ဘယ်သိလိမ့်တုန်း။ အနှီတော့လည်း ဦးဟန်ကြည်ပြောသမျှကို နားလည်ချင်ယောင်ဆောင်ပြီး ခေါင်းလေးတညိတ်ညိတ်နဲ့ အသာပြန်လစ်သွားကြတာတွေချည်း။

စဉ်းစားကြည့်လေ။ ဦးဟန်ကြည်တွေးသလို လူပြိန်းတွေးပဲတွေး။ လူဆိုတာ ကိုယ့်ကို ကောင်းတယ်လို့သတ်မှတ်တဲ့လူရှေ့မှာပဲ ကောင်းပြချင်မှာပေါ့။ ကိုယ်ဘာလုပ်လုပ် အဆိုးချည်းမြင်နေတဲ့လူရှေ့မှာ ဘယ်လိုလုပ်ကောင်းပြချင်မှာလဲ။ ဟာကွာ…သည်လူကြီးရှေ့မှာ ဘာပဲလုပ်လုပ် တစ်ကွက်မှအကောင်းမမြင်ဘဲ ငါလုပ်ချင်ရာလုပ်တာပဲအေးပါတယ်လို့ သောက်ညင်ကတ်ကတ်နဲ့ ရှိရင်းစွဲထက်တောင် ပိုပြီးဆိုးပြချင်ကြသေးတာ သဘာဝ။ “ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှုနှင်လော့ ” ဆိုတဲ့ မဃဒေ၀လာ အမှာစကားဆိုတာ အပြောလွယ်သလောက် အင်မတန်မှ အလုပ်ခက်တာကလား။ ဦးဟန်ကြည်တို့လို အထိုက်အလျောက် စာလေးပေလေး မတောက်တခေါက် ဖတ်ထားတဲ့လူတောင် ကိုယ့်ကိုယ်မဲ့ပြရင် ပြန်ပြုံးပြဖို့ထက် ပြန်မဲ့မပြဖြစ်အောင် အကြိတ်အနယ် ကြိုးစားနေရတာ ကိုယ်တိုင်သိ။ အနှီတော့ မနေ့တစ်နေ့ကမှ လူဖြစ်လာကြတဲ့ စာသင်သားအရွယ် လူမမယ်လေးတွေကို ဘယ်သို့ဘယ်ပုံ ဆက်ဆံပေးရမယ်ဆိုတာ အသိသာချည်း။ ဦးဟန်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပတ်ဝန်းကျင်စကားကို နားအယားခံပြီး ခေါင်းထဲအ၀င်မခံတဲ့လူစားဖြစ်နေတော့ အဆင်ကိုချောလို့။ 

ကလေးတစ်ယောက် လာအပ်လို့ သူရို့မိဘက သူရို့ကလေး ဘယ်လောက်ဆိုးကြောင်း၊ တေကြောင်း၊ လေကြောင်း ပြောရင်လည်း ခေါင်းထဲမထည့်။ ပတ်ဝန်းကျင်မှာ အနှီကလေး ဘယ်ရွေ့ဘယ်မျှ သောင်းကျန်းကြောင်း သတင်းတွေကိုလည်း စိတ်မ၀င်စား။ ဘယ်လောက်တော်ကြောင်း၊ လိမ္မာကြောင်း ပြောနေရင်လည်း ရင်မခုန်။ ဘယ်ကလေးကိုမဆို မြင်ကတည်းက သဘာဝအခြေအနေ ( Natural state ) မှာ ထားလိုက်ပြီးသား။ တစ်နည်းအားဖြင့် သည်ကလေးကို အရည်အသွေးပြဂရပ်မှာ “ သုညမှတ် ” ပေါ်တင်ထားလိုက်တဲ့သဘော။ သူရို့လေးတွေကို ကောင်းကောင်းမွန်မွန်၊ ချိုချိုသာသာ ပြောဆိုဆက်ဆံ၊ နွေးနွေးထွေးထွေး ကြိုဆိုဖို့ဆိုတာ ဦးဟန်ကြည်ရဲ့အလုပ်။ သည်အလုပ်ကလည်း ထူးဆန်းတာမှမဟုတ်ဘဲ။ အထိုက်အလျောက် အသိပညာလေးရှိရင်တောင် လူတစ်ဖက်သားကို ကြီးငယ်မဟူ တန်ဖိုးထားပြီး ယဉ်ယဉ်ကျေးကျေး ချေချေငံငံဆက်ဆံရမယ်ဆိုတာ သိပြီးသားချည်း။ အနှီတော့ ကိုယ့်ရှိရင်းစွဲအကျင့်အတိုင်းပဲ သည်ကလေးကို ဆက်ဆံလိုက်ရုံ။ ကိုယ့်ဘက်က ကောင်းနိုင်သမျှကောင်း၊ အနှီအပေါ်မှာ ကလေးရဲ့တုံ့ပြန်မှုကို အကဲဖြတ်ပြီး သူ့ရဲ့အရည်အသွေးပြဂရပ်မှာ အပေါင်းပြချင်ပြ၊ အနုတ်တပ်ချင်တပ်။ အပေါင်းပြတယ်ဆိုရင် မူလလမ်းစဉ်အတိုင်းဆက်သွား။ အနုတ်တက်လာရင် ဆရာ့ဘက်က လိုအပ်တာပြင်။ လုပ်ထုံးလုပ်နည်းက ငှက်ပျောသီးအခွံနွှာတာထက်တောင် လွယ်သေး။

ဦးဟန်ကြည်ရဲ့အတွေ့အကြုံအရပြောရရင် သည်ဘက်ခေတ်ကလေးတွေဆိုတာ မိဘတို့၊ ဆရာတို့က ကောင်းကောင်းမွန်မွန် တန်ဖိုးထားပြီး ဆက်ဆံပေးလိုက်ရုံနဲ့တင် ခမျာများ ပျော်လွန်း၊ ၀မ်းသာလွန်းလို့ လိမ္မာနိုင်သမျှ အစွမ်းကုန် လိမ္မာလိုက်ကြတာမှ အားနာစရာတောင် ကောင်းနေပါရော။ ပုစ္ဆာကလေးတစ်ပုဒ်လောက် မှန်အောင်တွက်နိုင်လို့ “ ဟ…ငါ့တပည့် အတော်ဟုတ်လာပြီပဲ ” လို့ တစ်ခွန်းသာ ပြောလိုက်။ ဘယ်လောက်ခက်တဲ့ပုစ္ဆာမဆို မရမချင်း ဇွဲခတ်ပြီး တွက်တော့တာကလား။ ကျောင်းကိုအမြဲတမ်းနောက်ကျမှလာတတ်တဲ့ကလေးတစ်ယောက် တစ်ရက်လောက် ကျောင်းချိန်မီအောင်ရောက်လာရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်။ သည်ကလေး နောက်ရက်တွေမှာ တတ်နိုင်သလောက်တော့ ကျောင်းချိန်မီအောင် ကြိုးစားတော့တာချည်း။ လူပဲ၊ ကိုယ့်ကိုယ် အကောင်းမြင်တဲ့လူရှေ့မှာ ဘယ်သူက အဆိုးဖြစ်ချင်မှာလဲ ဟုတ်ဘူးလား။ တကယ်ဆို ဦးဟန်ကြည်တို့ လုပ်ရမယ့်အလုပ်က သူ့လုပ်ရပ်ကောင်းကလေးတွေကို တွေ့အောင်ရှာပြီး ချီးမွမ်းပေးရုံ။ စဉ်းစားကြည့် အလကားမတ်တင်းရတဲ့ လေကလေးစိုက်ထုတ်လိုက်ရုံ၊ အပြုံးကလေးတစ်ပွင့် ပေးလိုက်ရုံကလေးနဲ့တင် ကလေးတစ်ယောက်ရဲ့ဘ၀ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာ။ အလကားမတ်တင်းရတဲ့ အပြုံးကလေးတစ်ပွင့် ချီကျူးစကားလေးတစ်လုံးတောင် မသဒ္ဓါဘဲ မပေးချင်၊ မပေးနိုင်ရင်တော့လည်း မိဘမလုပ်၊ ဆရာမလုပ်ဘဲ နေကြတာ တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်ပါရဲ့။

ဦးဟန်ကြည်တို့တစ်တွေ သည်အသက်သည်အရွယ်ရောက်လာကြပေမယ့် ပြန်စဉ်းစားကြည့်ရင် ကျောင်းသားအရွယ်၊ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးကြတဲ့လူတွေချည်း။ ကိုယ်ကျောင်းသားဘ၀တုန်းက ကိုယ်လေးစားတဲ့ဆရာတွေရဲ့ မျက်နှာတွေပြန်မြင်ယောင်ကြည့်၊ သူရို့လုပ်ရပ်တွေပြန်စဉ်းစားကြည့်။ သေချာတာတစ်ခုကတော့ ကိုယ်လေးစားတဲ့ ဆရာတွေအားလုံးဟာ ကိုယ့်ကိုအရေးတယူပြု၊ အလေးဂရုထားပြီး လူရာသွင်းတဲ့ဆရာတွေချည်း ဖြစ်နေတာ သတိထားမိကြပါလိမ့်မဗျား။ လူရာသွင်း၊ အရာပေး၊ အရေးတယူပြုခံရတယ်ဆိုတာ ကလေးဘ၀မှာ အလိုချင်ဆုံး ဆုလာဘ်ကြီး။ ဒါတင်ဘယ်ကလိမ့်တုန်း အိုကြီးအိုမ သေမင်းပြည် ခြေတစ်ချောင်းလှမ်းနေတဲ့အရွယ်တွေတောင် သူရို့ကို အရာပေး၊ အရေးတယူလုပ်တာ ကြိုက်တတ်ကြသေးတာကလား။ အနှီတော့ ကိုယ့်သားသမီးက ကိုယ့်ကိုမြတ်နိုးလေးစားတာ လိုချင်ရင်၊ ကိုယ့်တပည့်က ကိုယ့်ကိုချစ်ခင်ကြည်ညိုတာ ခံချင်ရင် ကိုယ့်ကလေးတွေကို အရာပေး၊ အလေးထားပြီး ဆက်ဆံရုံပေါ့။ ကိုင်း…အနှီလောက်လွယ်တဲ့ နည်းဗျူဟာ ဘယ်မှာရှိလိမ့်တုန်း။ သူရို့ပြောတဲ့စကားလေးတွေကို အလေးတယူနားထောင်၊ သူရို့ရင်ဖွင့်တာတွေကို ခံစားပေး၊ သူရို့အတွေးတွေကို မျှဝေ၊ သူရို့ခံစားချက်တွေကို နားလည်ပေးလိုက်ရင် ကလေးတစ်ယောက် ဘယ်လောက်ပျော်သွားတယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးမှ သိကြမှာပ။

 သေချာစဉ်းစားကြည့်ရင် သည်ဘက်ခေတ် ကလေးတွေခမျာ သနားစရာ။ “ အိမ်နေ အဖေရိုက်၊ ကျောင်းလေ ဆရာရိုက်၊ လမ်းနေ ပုရွက်ဆိတ်ကိုက် ” ဆိုတဲ့ ဘ၀မျိုးတွေ ခပ်များများ။ သည်ကြားထဲမှာ ကျောင်းကတစ်မျိုး၊ ကျူရှင်ကတစ်သွယ်၊ မိဘကတစ်ဖုံ အချင်းချင်း Cooperate မလုပ်ဘဲနဲ့ ကိုယ်ထင်ရာကိုယ်စိုင်းပြီး သင်ချင်ရာသင်၊ ပေးချင်တဲ့စည်းကမ်းပေးလွှတ်ကြပြန်တော့ ကလေးခမျာ “ ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားပါသည် ” လုပ်နေကြရတာ ဦးဟန်ကြည် ရင်နာလို့မဆုံး။ သြော်…ရွှေပြည်ကြီးများ တရားကျဖို့လည်းကောင်းပါရဲ့။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရမယ့် တာဝန်တူ၊ ရည်ရွယ်ချက်ချင်းတူကြတဲ့ ပညာရေးဝန်ထမ်းအချင်းချင်းတောင် ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိကြဘဲနဲ့များ လူတန်းစားအားလုံး ပူးပေါင်းကြိုးစားမှုကို ရှေ့တန်းတင်ထားတဲ့ Democracy ဆိုတာကြီးကို သွားဖြဲနားဖြဲအော်တောင်းနေကြတာ သနားဖို့တောင် ကောင်းသေးတော့။ ဒီမိုကရေစီဆိုတာ သူများပေးတိုင်းရတယ်လို့များ ထင်နေကြရော့သလားမသိ။ ရှိစေတော့…ရှိစေတော့ ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေရရင်လည်း ကိုယ့်ကိုယ်ကိုကအစထားပြီး ဆဲခန်းဖွင့်ရတာနဲ့တင် ဆုံးခန်းတိုင်မယ်မထင်တာကြောင့် ကလေးတွေဘက်ပဲ ပြန်လှည့်ကြဦးစို့။

ကလေးတွေကို အရာပေးပြီး အရေးတယူပြုရမယ်ဆိုတော့ အနှီအကလေးတွေကို ခေါင်းပေါ်ရွက်ထားပြီး ဖူးဖူးမှုတ်ရမယ်လို့လည်း မထင်လေနဲ့ဦး။ လူရာသွင်းတယ်ဆိုတာ ဖားတာနဲ့ မဆိုင်ရေးချမဆိုင်။ ပိုက်ဆံရှိတဲ့ကလေး၊ စာတော်တဲ့ကလေးကို ဦးစားပေးပြီး ဆက်ဆံတာမျိုး၊ ရွှေပေါ်မြတင်ထားတာမျိုးကတော့ သောက်ညင်ကတ်စရာ အကျင့်ဆိုး၊ လူနဲ့လူချင်း ခွဲခြားဆက်ဆံတဲ့ အကျင့်ဆိုးကြီးဖြစ်တာကြောင့် အဖားခံရတဲ့ကလေးကလည်း စိတ်ကြီးဝင် ဘ၀င်လေဟပ်၊ အနှိမ်ခံရတဲ့ကလေးကလည်း စိတ်ဓာတ်ကျ စိတ်ဒဏ်ရာဖြစ်ရုံကလွဲပြီး အကျိုးတစ်ပြားသားမှကို မရှိတာကလား။ သည်ကြားထဲမှာ ကျောင်းသားချင်း စည်းလုံးမှု၊ ရိုင်းပင်းမှုပါ ပြိုကွဲသွားတာကြောင့် သည်ဘက်ပညာရေးခေတ်သစ်ကြီးမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတဲ့ ဒီမိုကရေစီအခြေခံ Co-operative learning system နဲ့ ဝေးပါလေရော။ အလေးတယူလုပ်တယ်ဆိုတာ ကလေးတစ်ယောက်ချင်းစီရဲ့ ခံစားချက်ကို အသိအမှတ်ပြုတာ၊ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို စွမ်းနိုင်သလောက်ဖြည့်ပေးဖို့ ကြိုးစားပေးတာကို ဆိုပါသဗျား။ သူရို့လေးတွေ ဘာတွေလိုအပ်နေတယ်ဆိုတာကို မပြောဘဲနဲ့ မိဘတို့ ဆရာတို့က သိနိုင်ကြရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့လေ။ ဈေးကွက်စီးပွားရေးနည်းဗျူဟာမှာ “ သူလိုတာသိမှ ကိုယ်လိုတာ ရမယ် ” လို့ ဆိုသကိုး။ အနှီတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို ကိုယ်ကသိအောင်ကြိုးစားနိုင်ရင် ကိုယ်လိုချင်တဲ့အရာလည်း ကလေးတွေဆီက ပြန်ရလာရောပေါ့။ အရေးတယူပြုတယ်ဆိုတာ ကလေးတစ်ယောက် အပြစ်ဒဏ်ကျူးလွန်ရင် နားလည်အောင် ပြောဆိုဆုံးမတာလည်း လုပ်ဖို့ လိုသေးတာကလား။ တကယ်တော့ ကျောင်းသားသူငယ်ဆိုတာ အသက်အရွယ်ပိုင်းနဲ့ နှိုင်းစာကြည့်ရင် ကိုယ်ကမွေးတဲ့ ကိုယ့်သားသမီးအရွယ်လောက်သာသာရယ်။ အနှီတော့ မပြည့်ဝသေးတဲ့ အသိဥာဏ်၊ မဖွံ့ဖြိုးသေးတဲ့ စိတ်ဓာတ်၊ မရင့်ကျက်သေးတဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေကို ကိုယ်နဲ့နှိုင်းပြီး အပြစ်ပေးလို့တော့ ဘယ်တရားပါ့မလဲ။ အပြစ်တစ်ခုကျူးလွန်ရင် အနှီအပြစ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကလေးနားလည်အောင် ရှင်းပြပြီးမှ ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးဖို့ ပြင်ဆင်သင့်တာကလား။ မိဘ၊ ဆရာတွေရဲ့ ဆိုဆုံးမမှုဟာ သူရို့အတွက်ပဲလို့ နားလည်သဘောပေါက်လာပြီဆိုရင် ကလေးတစ်ယောက် တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစပေါ်လာပြီမဟုတ်လား။

သည်နေရာမှာ အပြစ်ပေးတာကိုလည်း သရုပ်ခွဲဖို့ လိုသေးတာကြောင့် လေကြောရှည်ပါရစေဦး။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ မိဘပဲဖြစ်ဖြစ် ဆရာပဲဖြစ်ဖြစ် ကလေးတစ်ယောက် အမှားတစ်ခုခု ကျူးလွန်လိုက်ပြီဆိုရင် လက်အစ၊ တုတ်အဆုံး မိရာသုံးပြီး ရိုက်နှက်ဆုံးမပစ်လိုက်ကြတာတွေက အားလုံးနီးပါး။ စဉ်းစားကြည့်ကြစို့ရဲ့။ ကြိမ်တို့ ၀ါးခြမ်းစိတ်တို့ဆိုတာ ခွေး၊ နွား တိရစ္ဆာန်တွေကို မောင်းတဲ့နှင်တဲ့နေရာမှာသုံးတဲ့ လက်နက်ကိရိယာတွေမဟုတ်လား။ ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီး၊ ကိုယ့်ကိုအားကိုးနေတဲ့ တပည့်တွေကို တိရိစ္ဆာန်အဆင့် တွန်းချပြီး မညှာမတာ ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘယ်လောက်များ ရက်စက်လိုက်တဲ့ လုပ်ထုံးလုပ်နည်းကြီးပါလိမ့်။ အနှီလို ရိုက်နှက်ပစ်လိုက်တော့ရော သည်ကလေးတစ်ယောက် လိမ္မာလာရောလား။ ဦးဟန်ကြည်မထင်။ ကလေးတစ်ယောက် ဆေးလိပ်ခိုးသောက်လို့ ရိုက်နှက်ဆုံးမတယ်ဆိုပါစို့။ ကြိမ်ဒဏ်ကိုကြောက်လို့ သည်ကလေး ဆေးလိပ်ပြတ်ကောင်းပြတ်သွားပေမပေါ့။ သို့ပေမင့် ဘယ်မိဘ၊ ဘယ်ဆရာကရော သည်ကလေးဘ၀တစ်လျှောက်လုံး အရိပ်ကြည့်ပြီး ကြိမ်နဲ့လိုက်ရိုက်နေနိုင်ပါ့မလဲ။ သူကြောက်ရမယ့် ကြိမ်မမြင်ရတဲ့ တစ်နေ့မှာ သည်ကလေး ဆေးလိပ်ပြန်သောက်ဖို့ ရာခိုင်နှုန်းအတော်များများ သေချာပါသဗျား။

 စိတ်ပညာသီဝရီတွေ ဘေးချိတ်ပြီး မျက်မြင်ကို သုံးသပ်ကြည့်ရရင် ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတစ်ယောက်ဟာ သည်အပြစ်ကို နောက်တစ်ခါ မလုပ်ဖို့ စွဲစွဲမြဲမြဲမှတ်မိသွားကောင်း မှတ်မိနိုင်ပေမယ့် အရှက်တရား၊ အမုန်းတရားနဲ့ ယှဉ်တဲ့ မှတ်မိခြင်းမျိုးဖြစ်နေပါရောလား။ ကြိမ်ကိုင်ထားတဲ့ မိဘ၊ ဆရာရဲ့ရှေ့မှာ လက်ပိုက်ပြီး ရပ်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ရင်တွင်းက အကြောက်တရား ဘယ်လောက်ကြီးမားမယ်ဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါရဲ့။ ကလေးရဲ့ ရင်ထဲမှာ သူ့အကျိုးအတွက် ရိုက်တယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာပါလိမ့်။ သူ့အကျိုးအတွက် သူ့အသားကို နာအောင်ရိုက်တယ်ဆိုတာ ဘယ်လိုလုပ် တွေးယူနိုင်မှာပါလိမ့်။ သူ့ဥာဏ်မီသလောက်ကလေးနဲ့ သူ့လုပ်ရပ်ကို မိဘနဲ့ ဆရာက မကြိုက်ဘူးလို့ပဲ တွေးနေမယ့်ကလေးတစ်ယောက် ကြီးပြင်းလာရင် အမှား၊ အမှန်ဆိုတာထက် အထက်လူကြီးမကြိုက်တာကို မလုပ်ရဲတဲ့ ကျွန်ကောင်းလေးတွေ ဖြစ်လာရုံကလွဲရင် ဘာတွေများ ဖြစ်ထွန်းလာနိုင်ပါ့မလဲ။ ရိုက်တဲ့လူလည်း လက်နာ၊ ခံရတဲ့ကလေးလည်း အသားနာ၊ အသည်းနာ၊ အကျိုးကျေးဇူးလည်း တစ်ကွက်မှမမြင်တဲ့ အနှီရိုက်နှက်ဆုံးမတဲ့ စနစ်ကြီးကို ရွှေပြည်ကြီးမှာ ဘာဖြစ်လို့များ မက်မက်စက်စက် လက်ကိုင်ထားနေကြပါလိမ့်ဆိုတာ ဦးဟန်ကြည် စဉ်းစားလို့ မရနိုင်ပေါင်ဗျာ။ ဦးဟန်ကြည် ဘ၀တစ်သက်မှာ တစ်တန်းကျောင်းသားဘ၀က တစ်ချက်၊ လေးတန်းကျောင်းသားဘ၀က တစ်ချက်၊ ခုနစ်တန်းကျောင်းသားဘ၀က တစ်ချက် အရိုက်ခံခဲ့ရတာ အခုထိ မမေ့နိုင်သေးတာ။ ဦးဟန်ကြည်ရဲ့ ဖေဖေရိုက်ခဲ့တဲ့ သုံးချက်ကို မှတ်မိနေတာကိုပဲ စဉ်းစားကြည့်ပေရော့။ သေရာပါသွားမယ့် အနာတရတွေချည်း မဟုတ်ပါလား။ အနှီတော့ ကိုယ့်ကလေး၊ ကိုယ့်တပည့်ကို ချစ်ရိုးမှန်ရင် ပြင်းပြင်းထန်ထန် ရိုက်နှက်မဆုံးမကြဖို့ မေတ္တာရပ်ခံချင်ပါရဲ့။

နောက်ဆုံးစကားအနေနဲ့ ရွှေပြည်သား ဆရာများနဲ့ မိဘများကို
“ ကြောက်လို့ မလုပ်တာကို လိမ္မာတယ်လို့ သတ်မှတ်တဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်နေသမျှ ကာလပတ်လုံး ဘယ်မျိုးဆက်သစ်မှ တိုးတက်လာမှာမဟုတ်ဘူး… ”
ဆိုတဲ့ စကားတစ်ခွန်းကို သည်ဘ၀အတွက်သာမကဘဲ သေပြီးနောက်ဘ၀အထိ စွဲစွဲမြဲမြဲ မှတ်သားတော်မူကြဖို့ မေတ္တာလက်ဆောင် ပါးလိုက်ပါရစေဗျား…..။  

11 comments:

မီးမီးငယ် said...

ဆြာဟန်ဆီတပည့်တယောက်လောက်လာအပ်ချင်သား...
ဖတ်လို့ အန်မတန်ကောင်းဘဲ...
ငယ်ငယ်ကအဖေသတင်းစာနဲ့ လိပ်ပြီးရိုက်တာမှတ်မိတယ်
အပြစ်ကြီးရင်သတင်းစာ ၂လိပ်၊
နဲနဲပိုအပြစ်ကြီးရင် ၃လိပ်
မရိုက်ခင်ကတဲက
ခုနှစ်အိမ်ကြားအာခေါင်ခြစ်အော်..အီကိုယ်ပေါ့..
ခလေးတွေကိုဆိုဆုံးမဖို့ ကလွယ်မယောင်နဲ့ ခက်ခဲတယ်နော်...

ဆွေလေးမွန် said...

ဆြာဟန်ရဲ့ သဘောထားကို ဆွေလေးမွန် လဲ သဘာတူတယ်....တစ်ချို့ကလေးတွေဆို ငယ်ငယ်ကမိဘကိုလဲချစ်တယ် လိမ္မာတယ်..ဒါပေမယ့်မိဘက ဆြာဟန်ပြော သလိုပါပဲ..တစ်ချက်မှ အကောင်းမမြင်တော့ ကလေးက ရွှဲ့ရင်းရွှဲ့ရင်း အခြေခံပညာ အထက်တန်းလေးတောင် မအောင်တော့ဘူး..
ဆွေလေးမွန်ကတော့ ဘေးထိုင်ကြည့်ရတဲ့သူဆိုတော့ ဘာမှကို မပြောသာပါဘူး..သူ့ထိုက်နဲ့သူ့ကံ လွှတ်ထားရတော့တာပါပဲ

စံပယ်ချို said...

ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့...တဲ့ ဟုတ်တာပေါ့ဆရာ
နောက်ပြီး----သူလိုတာသိမှ ကိုယ်လိုတာရမယ်တဲ့....
တကယ့်ကို လိုက်နာသင့်တာတွေရလိုက်ပြီ
ကျွန်မကဗျာထဲကမှားနေတဲ့စာလုံးပေါင်းတွေပြင်လိုက်ပါပြီဆရာရေ.....

မလေး said...

ဆရာဟန် ဖတ်လို့ အရမ်းကောင်းပါတယ်။ သူလိုတာသိမှ
ကိုယ်လိုတာရမယ် ဆိုတာလေးက တကယ်ကို မှဆ်သားသင့်တာလေးပါ။
ခင်မင်စွာဖြင့်
မလေးမြတ်

Goldfish Lay said...

Thanks for such a wonderful post. Hope to read more about Child Psychology (ကလေးစိတ်ပညာ) with your experience.

I also love this quote..

“ ကြောက်လို့ မလုပ်တာကို လိမ္မာတယ်လို့ သတ်မှတ်တဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်နေသမျှ ကာလပတ်လုံး ဘယ်မျိုးဆက်သစ်မှ တိုးတက်လာမှာမဟုတ်ဘူး… ”

Anonymous said...

ခလေးတွေကိုပဲ့ကိုင်ရတာအတော်နုညံ့တဲ့ပညာလို့ ကျမထင်တယ်။
ဒီမှာဆိုမိဘတွေကရိုက်လို့ မရဘူး။ ရိုက်ရင်ခလေးသူငယ်စောင့်ရှောက်တဲ့ဌာန ကတရားစွဲတယ်။
ဒါပေမဲ့အရာရာကိုလွတ်လပ်စွာလုပ်ခွင့်ပြုတဲ့အတွက်
လည်းခလေးတွေကိုတချို့ နေရာတွေမှာနိုင်
အောင်မပဲ့ပြင်နိုင်ပြန်ဘူး။ (သူတို့ အတွေးက၁၀၀% မမှန်သေးဘူးလေ။)အဲဒီကြားထဲကနေထိန်းကျောင်း ပဲ့ပြင်ရတာလည်းတိမ်မယောင်နဲ့ နက် လွယ်မယောင်နဲ့ ခက်ပဲနော်ဆြာဟန်။
ဆြာဟန်ပြောတဲ့သူတို့ ကိုအသိအမှတ်ပြုပေးဖို့ သူတို့ လုပ်ရပ်ကိုချီးမွမ်းပေးဖို့ တွေကတော့တော်တော်
အရေးကြီးတယ်လို့ ထင်မိပါတယ်။
အိုင်အိုရာ



နွေတေးရှင် (မင်းဧရာ) said...

မိဘ ဆရာ နှစ်ဖြာစလုံး သိသင့် သိထိုက်
ဖတ်သင့်ဖတ်ထိုက်သော စာပါဗျာ ။
နုနယ်ငယ်ရွယ်သော ကာလ တစ်လျှောက်လုံး
အငေါက်ခံ အရိုက်ခံ လာကြရတော့
သူတို့လေးတွေ ဉာဏ်ရည်ဟာ ကွန့်ဖြာနိုင်စွမ်း
မရှိရှာတော့ဘူး ။ မိဘ ဆရာ များ သတိထားနိုင်ကြပါစေဗျာ ။

Thu said...

ကိုယ်တိုင်..စာသင်လာတာကြာလာတော့..ဦးဟန်ကြည်ပြောတာလက်ခံတယ်။ကလေးတွေကဆိုးတယ်လို့ပြောရင် ပိုဆိုးတယ်။သူတို့ကိုလိမ်မာတယ်.လုပ်နိုင်တယ်လို့သာပြောပေး.သူတို့ကအများနည်းတူ ကြိုးစားလာတာတွေ့ရတယ်။
အဲ့တာတော့ကျွန်တော့ကိုယ်တွေ့။
အသူကတော့ရိုက်တာထက်စာရင်..ပါးစပ်ကပြောပြ.နားလည်အောင်ရှင်းပြောရတာပိုသဘောကျတယ်.
ဦးဟန်ကြည်ဆီကလေ့လာစရာတွေအများကြီးရခဲ့ပါတယ်။

မေဓာဝီ said...

မှန်လိုက်လေ ဆရာဟန်ရယ် ... ကျမလဲ ကလေးတွေကို စာသင်ရတော့မှ မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသားကြားက ဆက်ဆံရေးတွေကို သေချာ လေ့လာဖြစ်တယ်။
ကလေးကို စာတတ်စေချင်လွန်းပြီး လောဘကြီးလွန်းတဲ့ မိဘ၊ နေရာတကာ လက်ပါလာပြီး ဒေါသကြီးလွန်းတဲ့ မိဘတွေနဲ့ ကြုံရတဲ့အခါ တော်တော်လေး စိတ်ပျက်မိတယ် ဆရာဟန်ရေ ... ။ ကိုယ့်သားသမီးကို လူတိုင်း အတော်ဆုံး အတတ်ဆုံး ဖြစ်စေချင်တာ မိဘတိုင်းရဲ့ စေတနာ ဆိုပေမဲ့ စေတနာတွေလွဲမှားတဲ့အခါ ကိုယ့်ကလေးပဲ ထိခိုက်မှာကို မသိကြဘူး။ မိဘတွေကို ဆရာဟန့် ဆောင်းပါးလေး ပရင့်ထုတ်ပြီး ပေးဖတ်ချင်မိသား။ :)

Ma Tint said...

မိဘတိုင်းဟာ တစ်ချိန်က သားသမီးတွေမို့ ကိုယ့်ရဲ့ ငယ်ဘ၀ကိုမြင်ယောင်ပြီး သားသမီးတွေအပေါ် ပြုမူဆက်ဆံသင့်တယ်လို့ ထင်ပါတယ်ဆရာဟန်ရယ်...
ချွင်းချက်အနေနဲ့ ခေတ်နဲ့တော့ လိုက်လျောညီထွေမှု ရှိဘို့လိုတာပေါ့ကွယ်...
အရေးအသားကောင်းတဲ့ ဆရာဟန်ရဲ့ စာတွေမဖတ်ရတာ ကြာပေါ့... ပို့စ်ဟောင်းတွေ မွှေနှောက်သွားတယ်..

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

နောက်ဆုံးပိတ်သုံးသပ်စာသားလေးကိုကြိုက် တယ်ဆြာ မျိုးဆက်တွေတိုးတက်ဖို့ဆိုရင်ျေတာ့ အကြောက်တရားတွေပါးလွှာသွားမှဖြစ်မယ်ဗျို့

ကြိုက်ရင်ပေါ့လေ . . .