Saturday, 12 October 2013

လူမှုဘ၀ထဲက သင်္ကေတဗေဒ . . .




မြန်မာစာပါမောက္ခ ဦးခင်အေး ကလောင်နာမည် ဆရာမောင်ခင်မင် ( ဓနုဖြူ )က သင်္ကေတဗေဒ နိဒါန်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးခဲ့ဖူးလို့ ဦးဟန်ကြည် ကျကျနန ဖတ်ကြည့်ခဲ့ဖူးပါတယ်။ symbolism လို့ခေါ်တဲ့ သင်္ကေတဗေဒနဲ့ ပတ်သက်လို့ မင်းသား Tom Hank ရဲ့ Da Vinci code ဆိုတဲ့ ဇာတ်ကားမှာလည်း အကျဉ်းသဘော ကြည့်ဖူးပါရဲ့။ သို့ပေမင့် အနှီသင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျုံးဝင် ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ဦးဟန်ကြည် မမျှော်လင့်ခဲ့မိရိုးအမှန်။

လွန်ခဲ့တဲ့ သုံးလေးရက်ကျော်က ထုံးစံအတိုင်း ညပိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေလ၀ကဦးစီးမှူးဟောင်းတစ်ယောက် စည်ပင်ဦးစီးတစ်ယောက်နဲ့ စကားဝိုင်းဖွဲ့ကြတော့မှ သင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျိုးသက်ရောက်မှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဦးဟန်ကြည် သဘောပေါက်မိပါသဗျား။ အနှီစကားဝိုင်းမှာ စာအကြောင်း၊ ပေအကြောင်း တိုင်းပြည်အကြောင်းတွေ ရောက်ရာပေါက်ရာ ပြောကြရင်း ဒေသန္တရ မြို့ပြအုပ်ချုပ်ရေးအဖွဲ့လို့ခေါ်တဲ့ စည်ပင်ကူအဖွဲ့အကြောင်း စကားစပ်မိကြတာကိုး။ အနှီစည်ပင်ကူအဖွဲ့ရဲ့ ဦးစီးပုဂ္ဂိုလ်ကို အရပ်ခေါ်အရ မြို့တော်ဝန်လို့ ခေါ်မယ်ထင်ပါရဲ့။ အနှီမြို့တော်ဝန်က စာမတတ်၊ ပေမတတ်ရတဲ့ကြားမှာ လုပ်ပိုင်ခွင့်က အတော့်ကိုကြီးကြီးမားမား ရထားတာကြောင့် တရားဝင်လုပ်ထုံးလုပ်နည်းတွေ ဘေးချိတ်ပြီး သူ့အောက်မှာ ပြားပြားမှောက်နေတဲ့ စည်ပင်ဌာနအကြောင်း မိတ်ဆွေက ရင်ဖွင့်ပါလေရော။

သူရင်ဖွင့်မယ်ဆိုလည်း ဖွင့်ချင်စရာ။ အနှီပုဂ္ဂိုလ်က စည်ပင်မှာရှိတဲ့ ဦးစီးက အစထားလို့ AE, SAE စတဲ့ ပညာရှင်ဝန်ထမ်းတွေကိုပါ ခပ်ချဉ်ချဉ်ဖြစ်ပြီး ခွင်ထဲဝင်တိုင်း ညက်ညက်ကျေအောင် ဖွပ်တာကိုး။ ဦးစီးလစာလေးနဲ့ မလောက်ငှလို့ အိမ်ကမိန်းမကိုပါ အကြော် ကြော်ရောင်းခိုင်းပြီး အရိုးသားဆုံးရပ်တည်နေတဲ့ ဘာသာရေးသမား စည်ပင်ဦးစီးခမျာ သူရို့ဌာနကို ဘာကြောင့်များ အနှီလောက် လူထုကချဉ်နေတယ်ဆိုတာ သဘောမပေါက်နိုင် ဖြစ်နေပါလေရော။ သူက အနှီလို သဘောမပေါက်နိုင် ဖြစ်နေပေမယ့် ထိုင်နားထောင်နေတဲ့ ဦးဟန်ကြည်ကတော့ ဆရာမောင်ခင်မင်ရဲ့ စာအုပ်ကျေးဇူးနဲ့ ဟိုဘက်ကမ်းလွန်အောင် သဘောပေါက်လှပါရဲ့။  ဒါနဲ့ပဲ မိတ်ဆွေကြီးရေ စိတ်တော့မရှိနဲ့ဗျာ...မြန်မာပြည်သူလူထုရဲ့ မျက်စိထဲမှာ စည်ပင်ဆိုတာ သူခိုးဌာနလို့ သတ်မှတ်ထားပြီး စည်ပင်ဝန်ထမ်းဟူသမျှကို သူခိုးတွေလို့ ယူဆထားကြသဗျား...လို့ အားနာနာနဲ့ ပြောလိုက်မိပါရော။ အနှာကို သင်္ကေတ ဗေဒလို့ ခေါ်တာကိုး။ လူတွေရဲ့ စိတ်ထဲမှာ စွဲနေတဲ့ နိမိတ်ပုံတွေကို ဖျောက်ဖျက်ဖို့ဆိုတာ ရိုးသားတဲ့ စည်ပင်ဦးစီး တစ်ယောက်တည်းလုပ်လို့လည်း မဖြစ်နိုင်တာမို့ ၀န်ထမ်းဘ၀က မထွက်နိုင်သေးသမျှတော့ ပေပြီးတော့သာ ခံပေရော့လို့ အားပေးလိုက်မိပါရဲ့။ ခမျာမှာလည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ကိုင်ခဲ့ရတဲ့ လုပ်သက်တွေ ရင်းနှီးခဲ့ရတဲ့ အချိန်တွေကို နှမြောတာနဲ့ပဲ အနှီဝန်ထမ်းဘ၀ကို မစွန့်နိုင်ရှာသေးတော့ မျက်နှာခပ်အိုအိုနဲ့ ခေါင်းတညိတ်ညိတ် လုပ်ရှာရတာပေါ့လေ။ သူ့ကိုကြည့်ရင်း စိတ်မရွှင်တော့တဲ့ ဦးဟန်ကြည်လည်း သင်္ကေတဗေဒရဲ့ လွှမ်းမိုးနိုင်စွမ်းတွေအကြောင်းကို ဆက်စဉ်းစားမိပါသဗျား။

ဦးဟန်ကြည်တို့ရဲ့ ဒွန္တယာကြီးမှာ သင်္ကေတတွေရဲ့ လွှမ်းမိုးမှုကလည်း ရှိသင့်တာထက်ကို ပိုနေတာကိုး။ အထူးသဖြင့် မြန်မာရုပ်ရှင်တွေထဲမှာ ပိုလို့တောင် တွေ့နိုင်ပါရဲ့။ လူကြမ်းက မင်းသမီးကို ခပ်ကြမ်းကြမ်းပွေ့ပိုက်ပြီး အခန်းထဲခေါ်သွင်းသွားပြီးရင် နှင်းဆီပန်းကလေး ကြွေကျသွားတာ ရိုက်ပြလိုက်ရုံနဲ့ ဘာဖြစ်သွားပြီဆိုတာ ပရိသတ် သိပြီ။ အမေအိုကြီးကို သားလုပ်တဲ့လူက ဖက်ငိုနေပြီးတော့ ရေအိုးတစ်လုံးကို ပေါက်ခွဲလိုက်တဲ့ အကွက်ကို ပြလိုက်ရင် အနှီအမေအိုကြီး အနိစ္စရောက်ပြီဆိုတာ ပရိသတ် သဘောပေါက်ပြီးသား။ ဒီတစ်ခန်းပြီးလို့ နောက်တစ်ခန်းမှာ အဘွားကြီးက ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်သွားလာနေတာကို ပြလိုက်ရင် ပရိသတ်က ဘ၀င်မကျတော့ဘူးကိုး။ တကယ်တန်း စဉ်းစားကြည့်ရင် ဒါရိုက်တာက ရေအိုးတစ်လုံး ပေါက်ခွဲလိုက်တဲ့အခန်းကို သူ့စိတ်ကူးနဲ့သူ ပြချင် ပြမှာပေါ့။ ဒီရေအိုးကွဲတာနဲ့ အဘွားကြီးသေတာဟာ ဘာပတ်သက်မှုမှ မရှိဘဲ။ ဒါပေမယ့် ဒီအခန်းပြလိုက်ရင် ဘာဖြစ်ရမယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ ပရိသတ်ကသာ ဖြစ်ရိုးဖြစ်စဉ်သဘောကို သင်္ကေတနဲ့ တွဲပြီး မှတ်ထားလိုက်ကြလို့ ဒီလိုပြရင် တစ်ယောက်သေပြီလို့ ဇွတ်အတင်း သတ်မှတ်ပစ်ကြတာကလား။ ကိုင်း...အနှီတော့ လူတွေရဲ့စိတ်ထဲမှာ စွဲနေတဲ့ သင်္ကေတတွေဟာ ဘယ်လောက်အထိ ပြဿနာ ပေးတယ်ဆိုတာ စဉ်းစားသာ ကြည့်ပေရော့။

သင်္ကေတ တစ်ခုချင်းစီအပေါ်မှာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုံ့ပြန်မှုကလည်း လူမျိုး၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေသေးတာကလား။ ဟစ်တလာ သုံးခဲ့တဲ့ စကြာပုံ “ ဆွာစတိက ” တံဆိပ်ဟာ ဂျူးလူမျိုးတွေအတွက် စိတ်ထိခိုက် နာကျည်းစရာ နိမိတ်ပုံဖြစ်မှာ သေချာတာပေါ့။ သို့ပေမင့် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အနှီတံဆိပ်ဟာ ဘာသာတရားရဲ့ ကြည်ညိုဖွယ်ရာ ကောင်းခြင်းကို သက်သေထူထားတဲ့ သင်္ကေတဖြစ်နေပြန်ပါရော။ ဗုဒ္ဓရုပ်ပွားတော်တစ်ချို့ရဲ့ နဖူးသင်းကျစ်တော်နဲ့ ဖြန့်ထားတဲ့ လက်ဖ၀ါးတော်ထဲက ဆွာစတိကတံဆိပ်က ဗုဒ္ဓဘာသာဝင်တွေအတွက် ကြည်ညိုလေးမြတ်စိတ်ကိုပဲ ဖြစ်စေတာ မထူးဆန်းပေဘူးလား။ အနှီတော့ သင်္ကေတဗေဒကို လေ့လာမယ်ဆိုရင် လူမျိုးအလိုက် ယဉ်ကျေးမှုအလိုက် ခွဲခြားလေ့လာဖို့ လိုပြန်ပါရော။ ကိုင်း...ဦးဟန်ကြည်က ရွှေပြည်ကြီးသား ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်ပြန်တော့ ကိုယ်လက်လှမ်းမီတဲ့ နယ်ပယ်ကနေပဲ ချဉ်းကပ်ကြဦးစို့။

ဦးဟန်ကြည်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်အာရုံထဲမှာ Made in China ဆိုတဲ့ စာတမ်းကို အရည်အသွေးညံ့ဖျင်းမှုရဲ့ သင်္ကေတလို့ တစ်ကြောင်းစွဲ သတ်မှတ်ကြတာကိုး။ တကယ်တော့ ပစ္စည်းရဲ့ အရည်အသွေးကို ဖော်ဆောင်တဲ့ သင်္ကေတက အနှီစာတမ်းမှ မဟုတ်ဘဲ။ ဦးဟန်ကြည် အညာပြန်လို့ ယိုးဒယားပစ္စည်းတွေ လက်ဆောင်ဝယ်သွားရင် Made in China လို့ရေးထားတဲ့ ယိုးဒယား-တရုတ် ဖက်စပ်ပစ္စည်းတွေကို ယူမသွားမိဖို့ သတိကြီးကြီး ထားရပါရဲ့။ ယိုးဒယားဘက်ကို ၀င်လာတဲ့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေးစစ်ဆေးမှု ခံယူပြီးသား QC passed ပစ္စည်းတွေဖြစ်ကြောင်း ရွှေပြည်သားတွေမှ မသိဘဲကိုး။ ရွှေပြည်သားအတွက်ကတော့ “ တရုတ်စက်...တစ်ရက်စုတ် ” လို့ သတ်မှတ်ထားပြီးသား။ ယိုးဒယားပစ္စည်းကိုတော့ made in Thailand ဆိုတဲ့ စာတမ်းမြင်ရုံနဲ့ ပစ္စည်းကောင်းလို့ တစ်ကြောင်းစွဲ သတ်မှတ်လိုက်ကြပြီးသား။ ယိုးဒယားကလာနေတဲ့ ပစ္စည်းခပ်ညံ့ညံ့တွေရှိတယ်ဆိုတာ လူတွေ မသိကြပြန်ဘူး။ အားဆေးဆိုရင် ကိုရီးယား ဂျင်ဆင်းမှ ကောင်းတယ်လို့ ယူဆနေကြတာကလည်း ရှိသေး။ ဒါတင် ဘယ်ကလိမ့်တုန်း။ ကျောင်းသားတွေ စာမေးပွဲနီးလာရင် မိဘတိုင်းက Brand's Bird's Nest ဘရင်းငှက်သိုက်ရည်တို့ ကြက်ပေါင်းရည်တို့ ၀ယ်တိုက်ကြပြန်ပါရော။ ဘာကြောင့်လဲဆိုရင် အနှီကြက်ပေါင်းရည်ကိုသောက်ရင် သူရို့သားသမီးတွေ ဥာဏ်ရည်တိုးတက်ပြီး စာမေးပွဲကောင်းကောင်းဖြေနိုင်ကြလိမ့်မယ်လို့ ယူဆထားကြတာကိုး။ ဘရင်းကြက်ပေါင်းကလည်း အနှီသင်္ကေတကို လူထုကြားရောက်စေဖို့ ထူးချွန်ကျောင်းသားတွေကို သုံးပြီး ကြော်ငြာတွေ အင်တိုက်အားတိုက် ရိုက်ထားတာကိုး။ အနှီတော့ ထမင်းရည်သောက်ပြီး စာကျက်လို့ ဂုဏ်ထူးတွေ တသီကြီး ထွက်လာတဲ့ ကျောင်းသားကိုလည်း ဘရင်းကျေးဇူးနဲ့ ဂုဏ်ထူးထွက်တာလို့ ထင်ကုန်ကြတာ ဘယ်ဆန်းလိမ့်တုန်း။

ကျန်တဲ့လူမျိုးတွေ နိုင်ငံသားတွေကတော့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ အတတ်နိုင်ဆုံး ကင်းလွတ်အောင် နေနိုင်ကြတယ်ဆိုတာ သူရို့က လူကို လူလို့ပဲ မြင်ကြတာကိုး။ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေကတော့ လူကို ရုပ်ဝထ္ထု ပစ္စည်းရဲ့ လွှမ်းမိုးမှုအောက်မှာ အပြည့်အ၀ ထားကြတဲ့ လူမျိုးတွေ ဖြစ်နေတာကလည်း သင်္ကေတတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ပြားပြားမှောက်ရခြင်း အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဒါကြောင့်လဲ မကြာခဏဆိုသလို စားနေကျ ကြောင်ဖားတွေရဲ့ အနိုင်ကျင့်တဲ့ဒဏ်ကို ခံရတာ ဖြစ်ပေလိမ့်မယ်။ ဘတ်စ်ကားတွေပေါ်မှာ ကိုယ့်အနားကို အ၀တ်အစား ခပ်စုပ်စုပ် လူတစ်ယောက် ကပ်လာရင် သူသူကိုယ်ကိုယ် သတိထားကြပြီ။ အနှီလူကို ခါးပိုက်နှိုက်လို့ ထင်ကြတာကိုးဗျ။ တကယ်တော့  Attache case ကိုင်ထားပြီး ကိုယ့်ဘေးနားမှာ မိန့်မိန့်ကြီး ရပ်နေတဲ့ မောင်မင်းကြီးသားကမှ ခါးပိုက်နှိုက်အစစ်။ ဘယ်ခါးပိုက်နှိုက်မှ ခါးပိုက်နှိုက်နဲ့တူအောင် ခပ်စုပ်စုပ်ဝတ်မထားတာကို လူတွေမှ မသိကြပဲကိုး။ မိန်းမတစ်ယောက် ယောဂီရောင် ၀တ်ထားရင် သူတော်ကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ တိုက်ပုံကြီးဝတ်ပြီး မောင့်ကျက်သရေခေါင်းပေါင်းကြီး ပေါင်းထားရင် လူကြီးလူကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ အနှီယောဂီဝတ်မိန်းမတွေပဲ ပစ္စည်းအလစ်သုတ်ပြီး ခေါင်းပေါင်းသမားတွေပဲ အနှိပ်ခန်း သွားတတ်ကြတာ လူတွေ မသိကြပြန်ဘူး။ ကိုင်း...မခက်လားဗျာ။

သင်္ကေတတွေရဲ့ နှိပ်စက်တဲ့ဒဏ်ကို ခံရတဲ့လူတွေထဲမှာ ဦးဟန်ကြည်ရဲ့ သူငယ်ချင်း ဗိုလ်ကြီးဆရာဝန် မေ့ဆေးပါရဂူတစ်ယောက်လည်း ပါပါသဗျား။ သူ့ခမျာ တပ်ထဲမှာ မစားလောက်လို့ တပ်ပြင်ထွက်ပြီး အထူးကုဆေးခန်းမှာ လာထိုင်ရရှာတာကိုး။ စကားအပြောအဆိုကလည်း ဦးဟန်ကြည်ထက် နူးညံ့၊ စိတ်ထားကလည်း ဦးဟန်ကြည်ထက် အဆထောင်ပေါင်းများစွာ ပိုဖြူစင်တဲ့ အနှီသူငယ်ချင်းခမျာ တပ်ပြင်ထွက်ရင် ဘယ်တော့မှကို ယူနီဖောင်း မ၀တ်ရှာဘူး။ ဘာကြောင့်လဲဆိုတော့ အနှီယူနီဖောင်းဝတ်ရင် လူအများစုက သူ့ကို ခပ်ရှိန်ရှိန်ဖြစ်သွားကြတာ စိတ်ကုန်လို့တဲ့။ ကိုင်းစဉ်းစားကြည့်။ တကယ်ဆိုရင် ကိုယ်နဲ့ပတ်သက်နေတာ လူမဟုတ်ဘူးလား။ ယူနီဖောင်းကြီးက စကားပြောတတ်တာမှ မဟုတ်ဘဲ။ ဦးဟန်ကြည်က ဆံပင်ရှည်ကြီး ကျောလည်မှာစည်း၊ လက်မှာဆေးမင်ကြောင်တွေ မည်းနေအောင်ထိုးပြီး ဂျင်းဝမ်းဆက်ဝတ်ထားရင် ပါးစပ်က ဘယ်လောက်ပဲ သိမ်သိမ်မွေ့မွေ့ပြောနေပေမယ့် တစ်ဖက်သားကတော့ ခပ်လန့်လန့် ဖြစ်နေမှာ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ အနှီလိုဝတ်ထားတတ်တာက လမ်းသရဲလို့ အများက ယူဆထားကြတာကိုး။

သင်္ကေတနဲ့ ပတ်သက်တဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေဟာ အခြေအနေ၊ အချိန်အခါတစ်ခု ပြောင်းလဲလာတာနဲ့ အမျှ ပြောင်းလဲလာလေ့ရှိပါသဗျား။ ဒါကလည်း ဖြတ်ကျော်လာတဲ့ သမိုင်းကြောင်းနဲ့ သက်ဆိုင်မယ် ထင်ပါရဲ့။ တစ်ခေတ်တစ်ခါတုံးကဆိုရင် တပ်မတော်သားဆိုတာ သစ္စာရှိခြင်း ကူညီတတ်ခြင်းရဲ့ နိမိတ်ပုံမဟုတ်လား။ “ ဗမာ့သွေးကို နှမပေးလိက်ချင်ပါတယ် ” တို့ “ ရဲဘော်အပေါင်းကို ကိုယ့်အသွေးအသားမို့ အစဉ်မမေ့အပ်ပေသည် ” ဆိုတဲ့ သီချင်းတွေက လူထုရဲ့ နှလုံးသားထဲက လာခဲ့တဲ့ သီချင်းတွေမဟုတ်လား။ ဆံသဆိုင်တွေမှာ ရေးထားတဲ့ “ ရဲဘော်တစ်ဝက်ခ ” ဆိုတဲ့ စာတန်းတွေက အလကားသက်သက် ရေးထားခဲ့ကြတာမှ မဟုတ်ဘဲ။ ၈၀ ပြည့်လွန်နှစ်တွေရောက်မှသာ တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို အခြေခံပြီး ရဲဘော်တွေအပေါ် လူအများစုရဲ့ ထင်မြင်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တာကိုး။ ဒီဘက်နောက်ပိုင်း ခေတ်တွေမှာတော့ တပ်မတော်ရော၊ ကျန်တဲ့ဌာနဆိုင်ရာတွေကပါ လူထုနဲ့ ကင်းကွာကုန်ကြတာမို့ သူရို့အကြောင်းကိုလည်း တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းလာပြီး သူရို့အပေါ်မှာ လူထုရဲ့ သင်္ကေတ သတ်မှတ်ချက်တွေကို မပြင်နိုင်ဘဲ ဖြစ်ကုန်ကြတာကလား။ အနှီမှာတင် သင်္ကေတတစ်ခုတည်း ကြည့်ပြီး သုံးသပ်တဲ့ အပြင်လူနဲ့ အထဲကို ထဲထဲဝင်ဝင်မြင်ထားတဲ့ အတွင်းလူရဲ့ကြားမှာ ပြဿနာတွေ တက်ကြပါလေရော။

တကယ်တော့ သင်္ကေတတွေဆိုတာဟာ လူတွေရဲ့ ရင်ထဲက ထင်မြင်ချက် သက်သက်ပါ။ ထင်ယောင်ထင်မှားဖြစ်ခြင်း Hallucination တစ်ခုပါ။ သင်္ကေတတစ်ခုက လမ်းညွှန်ထားတဲ့ စိတ်ခံစားချက်ဆိုတာ မသေချာ မရေရာပါ။ ယေဘုယျသဘော တင်စားချက်ပဲ ဖြစ်ပါသဗျား။ အနှီတော့ သင်္ကေတတွေက ပေးနေတဲ့ သတင်းအချက်အလက် message တွေနောက်ကိုပဲ လိုက်မနေဘဲ ဖြစ်စဉ်အရပ်ရပ်ကို ယထာဘူတကျကျ သုံးသပ်နိုင်ကြရင်တော့ ပြဿနာတွေ နည်းလာသလို သင်္ကေတကို ခုတုံးလုပ်ပြီး အလိမ်အညာခံရတာတွေလည်း အတော်နည်းသွားပါလိမ့်မယ်။ ကျန်တဲ့တိုင်းပြည်တွေမှာ သင်္ကေတတစ်ခုဟာ အထိုက်အလျောက် တိကျတဲ့ နိမိတ်ပုံကို ဖော်ဆောင်ပေမယ့် ဦးဟန်ကြည်တို့ တိုင်းပြည်မှာတော့ ဘယ်သင်္ကေတကမှ တိကျမှုကို မပေးနိုင်ပါ။ ကောင်းမြတ်ခြင်းကို သရုပ်ဖော်တဲ့ သင်္ကေတအောက်မှာ ယုတ်မာနေကြတာတွေ တွေ့နိုင်သလို၊ ဆိုးသွမ်းမှုလို့ အများယူဆထားတဲ့ သင်္ကေတ တစ်ခုအောက်မှာ မွန်မြတ်ဖြူစင်ခြင်းတွေလည်း တွေ့ကောင်းတွေ့နိုင်ပါရဲ့။

သင်္ကေတဗေဒနဲ့ ပတ်သက်လို့ကတော့ ဦးဟန်ကြည်တို့ ထပ်ပြီးဆွေးနွေးစရာတွေ  တစ်ပုံတစ်ခေါင်းကြီး ရှိပါသေးသဗျား။ သို့ပေမင့် ဘာသာဗေဒဆိုတာကလည်း လိုအပ်တာထက် ပိုရှင်းရင် လိုက်လေဝေးလေ ဖြစ်တတ်တာကြောင့် “ သင်္ကေတဆိုတာ ယေဘုယျသဘော သတ်မှတ်ချက် တစ်ခုသာ ဖြစ်တာမို့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ ကိုယ့်ရဲ့အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ အမှန်တရားကို မစတေးကြပါနဲ့ ” လို့ပဲ အကျဉ်းချုပ် ပြောလိုက်ချင်ပါရဲ့။     ။


( photo credit to Google )

7 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန့်စာတွေ ဖတ်ပြီး ကိုယ့်ကိုကိုယ်တောင် ရှက်မိလာသလိုဘဲ ဆရာရေ့။ လူထုကို ချပြရမဲ့ ကိစ္စတွေကို ချပြ၊ အသိပေးရမဲ့ ကိစ္စတွေကို အသိပေးပြီး အကျိုးရှိတဲ့စာတွေ ရေးနေတာ မြင်ရလို့ ဘာမဟုတ် ညာမဟုတ် ပေါက်ကရ လေးဆယ် ရေးနေတဲ့ ကိုယ့်ကိုကိုယ် နဲနဲတော့ အားမရမိသလိုလိုဘဲ။ ဒါပေမဲ့ အကျင့်ဗီဇဆိုတာက ဖျောက်ရခက်သားကလား။ ဒီလို ပေါက်ကရ လေးဆယ် ရေးရတာကိုက အရသာတစ်မျိုး ဖြစ်နေပြန်ရော။ ဆရာဟန်ပြောတဲ့ သင်္ကေတဗေဒလိုမျိုးဘဲ ဘလော့လာလည်တဲ့ သူတွေလဲ သူကြီးမင်းဆို ဂလိုပုံပြင်တွေနဲ့ တွဲမြင်ထားသကိုး ဆရာဟန်ရေ့။ ဒီတော့ ဒီအတိုင်းဘဲ ဆက်လှော်ဖြစ်ဦးမယ် ထင်ပါရဲ့။

သင်္ကေတဗေဒရဲ့ လွှမ်းမိုးမှုအောက် အချိန်အတော်ကြာကြာတော့ ရွှေပြည်ကြီး ရောက်နေဦးမှာပါဘဲ ဆရာရေ။

Aung Htut said...

ဆရာဟန့် ပိုစ့် ဖတ်လိုက်တော့မှပဲ ခု Youtube Link လေးကို သွားသတိရတော့တယ်...

http://www.youtube.com/watch?v=uNdapXryZ98

နွေတေးရှင် (မင်းဧရာ) said...

ဆရာ.........
facebook လိုနေရာကနေ ဖြန့်ဝေသင့်တယ်ဗျာ။

လူပေါင်းများစွာကို ချပြသင့်တဲ့ အတွေး အရေး
မို့ သိပ်လည်း တန်ဖိုးရှိလှတယ် ။

တစ်ဖက်ကန်း တစ်ခြမ်း မမြင်ဆိုသလို
လူအများစုဟာဖြင့် ငါ မှ ငါ
ဒါ မှ ဒါ ဖြစ်နေကြတော့
ဖြစ်နေလိုက်ကြတဲ့ ပြဿနာတွေ
မြန်မာနိုင်နိုင်ငံကြီး မွဲတာရှည်နေတာလည်း
သည်အကြောင်းတွေကလည်း မကင်းလှဘူးရယ် ။

အဆိုးဆုံးကတော့
ကောင်းတာလုပ်နေတာတွေ့နေရင်တောင်မှ
ကောင်းတာ လုပ်နေတာပါလားလို့ မချီးကျူးရဲတာ ...။
နောက်ပြီး လွဲမှားစွာ ပြုမူနေတာကြီးကိုလည်း
ငါ လွဲမှားစွာ ပြုမူနေမိပါလားလို့ ၀န်မခံရဲတာ
နောက်ဆုံး မျက်စေ့တွေပိတ် နားတွေပိတ်
ဒီလူလုပ်ရင်အမှန် ဟိုလူ လုပ်ရင်အမှား
တစ်ယောက်ကို တစ်ယောက် ထောက်ပြ ဝေဖန်တာမျိုးမဟုတ်ပဲ အပုပ်ချစောင်းမြောင်း နေလိုက်ကြတာ
နားတွေကို အူ လို့ဗျာ ။

ဆရာ့ပိုစ့်နဲ့ ဆိုင် မဆိုင်တော့ မသိဘူး
ကျနော်လည်း ပြောချင်နေတာတွေ ပြောမိနေ
ပြန်ပြီဗျာ.............။

San Htun said...

အမှန်ပဲ ဆရာရေ...စိမ်းစိမ်းဆို ဘာစိမ်းစိမ်းပဲဖြစ်ဖြစ် အမြင်ကတ်တာ...အမြင်တွေပြောင်းလဲပစ်ဖို့  အချိန်တော့ ယူရလိမ့်မယ်ထင်တယ်...နောက်ပို့ စ်တွေ မျှော်နေကြောင်းဗျား...

မလေး said...

ဟုတ်တယ်နော်ဆရာဟန်ရေ မြန်မာပြည်ကတော အမြင်တွေပြောင်းဖို ရောအတွေးအခေါ်တွေပါပြောင်း
ဖို့ အချိန်တော်တော်ယူရလိမ့်မယ်။ စာကောင်းပေကောင်း
တွေ စောင့်နေပါတယ်။
ခင်မင်စွာဖြင့်
မလေးမြတ်

ဆွေလေးမွန် said...

ဟုတ်တယ် ဆြာဟန်ရေ.. လူတွေက သူတို့ရဲ့ ကာလာဆိုးပြီးသား
အတ္တလေးတွေနဲ့ ထည့်ထည့်ကြည့်နေကြတာကိုးလို့

နွေလ said...

မရောက်ဖြစ်ဘူး မရောက်ဖြစ်ဘူးနဲ့
ဦးဟန်ဘလော့က လွန်ခဲ့တဲ့ ငါးလက ပို့စ်ကနေ
တက်ကို တက်မလာတော့ဘူး ... ဘယ်လိုဖြစ်တာလဲ မသိဘူး
ဒီပို့စ်ကိုတော့ ဖတ်ရင်း တော်တော်လေး သဘောခိုက်တယ်
သီတင်းကျွတ်လပြည့်နေ့ မနက်မှာ ဒီလိုပို့စ်ကောင်းလေး
ဖတ်ရတာ တန်တယ်ဗျာ ... ကျေးကျေး ဦးဟန်

ကြိုက်ရင်ပေါ့လေ . . .