Monday, 21 October 2013

လူးလိုက်စမ်းမယ် မယောင်ရာတွေ . . .

 မြန်မာစကားပုံများကို ဦးဟန်ကြည် နှစ်ခြိုက်သည်။
တိုတိုနှင့် လိုရင်းကို ဒင်းခနဲနေအောင် နှက်ထည့်လိုက်နိုင်သည်မှာ စကားပုံများပင် မဟုတ်လော။ သို့သော် ဒင်းခနဲမြည်လွန်းသဖြင့် ထိုစကားပုံများကို ဦးဟန်ကြည် လန့်မိပြန်သည်။ မလန့်နေပါရိုးလား။ ဖြစ်စဉ်တိုင်းအတွက် စကားပုံတစ်ခုစီက အဆင်သင့်။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးတွင် ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် ဓာတ်တိုင်ကွေးမယ် ညောင်ပင်နှုတ်မယ်ဟု လေကြီးမိုးကြီး ကြွေးကြော်နေသော်လည်း ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မပေါ်သေးသည်ကို “ တစ်ညလုံး ကတော်တဲ့ကြက် ဥတော့တစ်လုံးထဲ ” ဟူသည့် စကားပုံတစ်ခုတည်းနှင့်ပင် လုံလောက်နေပြီ။  ဘာမဟုတ်သည့် သာမညောင်ည အရေးအခင်းကလေး တစ်ခုမျှအတွက် အင်အားအပြည့်သုံး၍ ဆောင်ရွက်နေကြသည်ကိုလည်း “ ကြက်ဥပြုတ် သံတုတ်နှင့်ချ ” “ နှံပြည်စုတ် အမြောက်နှင့်ချိန် ” ဟု ပြောလိုက်လျှင် အံဝင်ခွင်ကျ။ ကိုယ်ကျူးလွန်ခဲ့သမျှ အပြစ်ဟူသမျှအတွက် ဟိုလူ့ကို လက်ညှိုးထိုး သည်လူ့ကို လွှဲချလုပ်နေကြသည်များကို “ ငါ့ဖင်ကချေး ဘယ်သူ့ချေးလည်း ” ဟူသော စကားပုံတစ်ခုဖြင့် ခြုံငုံမိပေပြီ။ မည်သည့်အရာကိုမျှ ဂဃနဏ ကျွမ်းကျင်ပိုင်နိုင်အောင် မလေ့လာဘဲ “ အသံကြားတရားနာ ” လုပ်နေသည်များကို “ သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ” ဟူသည့် စကားပုံကိုကိုးကား၍ ပြောပြန်လျှင် လွန်အံ့မထင်။ သည်ကြားထဲတွင် သူတပါးတပင်တပန်းလုပ်ခဲ့ကိုင်ခဲ့ကြစဉ်က ငါးခြောက်တစ်ဖတ် ပါရမီ မဖြည့်ခဲ့ဘဲ အထိုက်အလျောက်အောင်မြင်မှုကလေး ရလာကာမှ “ ရောင်တော်ပြန်နှင့် ရောလွှတ် ” နေကြသည်များကလည်း ဒုနှင့်ဒေး။ စကားပုံများကလည်း ထိတော်မူနိုင်လွန်းသည်။ မည်မျှ ဥာဏ်ပြေးသော ရှေးမြန်မာကြီးများပါနည်း။ ဒင်းခနဲမြည်သည် မဟုတ်လော။

လတ်တလောအခြေအနေတွင် ရွှေပြည်သားတို့ လုပ်သမျှ ကိုင်သမျှနှင့် လိုက်လျောညီထွေ ဖြစ်လွန်းလှသော “ မယောင်ရာ ဆီလူး ” ဟူသည့်စကားပုံကို ဦးဟန်ကြည် ခံတွင်းလိုက်နေသည်။ ယောင်သည့်နေရာကတခြား ဆီလူးနေသည်က တလွဲ။ ကောင်းပါလေ့။ ခေတ်ကပဲ ကလိယုဂ်ဖြစ်နေလေသလော။ လူတွေကပဲ ငပိဖုတ်အစားများ၍ ယူရီးယားလောင်ကုန်ကြလေသလော မပြောတတ်တော့။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်ချင်ကြသည်မှာလည်း မြင်ပြင်းကတ်စရာ။ ခက်သည်က ရင်ပေါင်တန်းသင့်သည့်နေရာတွင် ရင်ပေါင်မတန်းဘဲ ဖင်ထောင်ပန်းနေကြသည်ကိုး။ နိုင်ငံတကာနှင့် တန်းဝင်စံချိန်မီသည့် ကမ္ဘာကြည့်ကြည့်တတ်သော မြန်မာများအဖြစ်ကို အရှင်လတ်လတ် ရောက်နိုင်စေမည့် စိတ်ဓာတ်၊ စည်းကမ်းအခြေခံများကို ပေယျာလကန် ပြုတော်မူလိုက်သည်မှာ “ ဖုတ်လေတဲ့ငပိကို ရှိသည်ဟုပင် ထင်ပုံမရ ”။ “ ဘယ်သူသေသေ ငတေမာရင်ပြီးရော ” ဟူသည့် စိတ်ဓာတ်များကလည်း အားကောင်းမောင်းသန်ဖြစ်နေဆဲ။  “ ထမင်းရည်ပူလာ လျှာလွှဲ ” ချင်ကြသည့် ဗီဇကလည်း ဒုံရင်းအစ်စ်ဒုံရင်း။ “ ဘူးသီးမှ အရီးတော်ချင်သည့် ” ဇာတိမာန်ကလည်း ထုံးစံကို ဗုန်းမှန်၍ပင် မပျက်သေး။ ယခုလည်းကြည့်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြိုင်လိုက်ကြသည့် ဟိုဒင်းမယ် သည်ဒင်းမယ်တွေ။ မောက်စ်တစ်ခု လေးငါးထောင် အပျက်အစီးခံ၍ ဇာတိမာန်များ ထကြွလိုက်ကြ ဗုတ်လိုက်ကြသည်မှာလည်း ကြား၍ပင်မကောင်း။ သြော…တယ်ဟုတ်တဲ့ တို့ဗမာ။ တယ်မျိုးချစ်စိတ်ဓာတ်ရှိတဲ့ တို့ဗမာ။ “ တလွဲဆံပင်ကောင်း ” သည့်နေရာတွင် ဧတဒဂ်ရသည့် တို့ဗမာ။

တို့ဗမာများ မျိုးချစ်စိတ်ဓာတ် ထက်သန်လိုက်ကြသည်မှာ “ တို့လူလေးများ ဆိုသလေး…ဝေလေလေ ” ထဲတွင် မပါလိုသောကြောင့် ကိုယ့်ခံယူချက်နှင့်ကိုယ် နိုင်ရာဝန်ထမ်းပြီး ခပ်အေးအေးနေလိုသော ဦးဟန်ကြည်ပင် မျက်စိနောက်လာသည်အထိ။ “ မောင်မောင်ခေါ်လေ ထီးရိုးရှည် ” နေသည်များကို မြင်ပြင်းကတ်သဖြင့် ဘေးထွက်ထိုင်နေသည်ပင် လွတ်ငြိမ်းချမ်းသာခွင့်မရ။ မျက်စိနောက်စရာများကို မြင်ပါများလာလျှင် “ လေလာရာဖင်ပေး အေးအေး မနေနိုင်ပြီ ”။ ပြောမယ့်သာပြောရသည် ရွှေပြည်ကြီးရှုပ်သမျှ ပေယျာလကန်နေခဲ့သော ဦးဟန်ကြည်မှာ ပြိုင်သမျှမယ်မင်းတို့၏ နာမည်ကိုပင် သေသေချာချာမသိ။ ခပ်၀၀သော ခပ်ရွရွသော မသဲကွဲ။ နောက်တစ်ယောက်ကိုလည်း နမ်းချင်စရာလော မည်သူလော သေသေချာချာမသိ။ နောက်ဆုံးပေါ်မယ်ကိုလည်း ပန်းသီးဝိုင်လော မက်မန်းဝိုင်လော အတိအကျမသိ။ ဦးဟန်ကြည်သိသည်မှာ ထိုထိုသော မယ်များအရေးကို ရွှေပြည်သားများ သည်းသည်းလှုပ်လွန်းနေသည့် အရေးအခင်း။ သူသူငါငါ ဗုတ်ကြ အီးစံကွားမယ်လော အာရဗီမယ်လော ငြင်းကြခုန်ကြ။ ခပ်ပြောင်ပြောင်ပြောရလျှင် သင်းဘာသာ လင်ဗဂွီနီကားကြီးပဲစီးစီး လင်ဆာကားကြီးပဲစီးစီး ကိုယ့်အရေးမှ မဟုတ်ပေပဲ။ အနှီမယ်ဟိုဒင်း နိုင်ဂျံဂါးသွားပြိုင်၍ ဟိုဆုသည်ဆုများရလျှင်လည်း လယ်သမားများ အသိမ်းခံထားရသော လယ်များယာများ ပြန်ရမည်မဟုတ်။ သူဌေးကြီးစက်လှေမှောက်သည်ကို ရေးကြီးခွင့်ကျယ်လုပ်နေကြသော ရွှေပြည်သားများကို “ သူတောင်းစားခွက်ပျောက် ” နေသည့်မြင်ကွင်းများကြောင့် ရင်နာနေသော ဦးဟန်ကြည် တအံ့တသြဖြစ်မိပါ၏။

အွန်လိုင်းပေါ်တွင် မယ်စကြ၀ဠာ ( အိမ်း…ခေါ်ရသည်မှာ ပါးစပ်အပြည့် ရှိလှပါဘိ ) သတင်းများ သည်းသည်းလှုပ်နေစဉ်က သင်းတို့ဝက်ဘ်ဆိုဒ်ဘက်သို့ ဦးဟန်ကြည် မောက်စ်စိလည်၍ ရောက်သွားမိသည်။ အောင်မယ်မင်း။ သင်းကလေးတို့အတွက် သတ်မှတ်လျာထားသော ဆုကြေးများက မက်လောက်စရာအတိ။ မြန်မာကျပ်ငွေ သိန်းတစ်ရာ၊ ဟွန်ဒါဖစ်ကားတစ်စီး၊ ပွဲတက်ဝတ်စုံ စပွန်ဆာများ၊ အောင်မယ်မင်း ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခွင့်ပင် မကျန်စေရ။ သူ့အမေပေးထားသော ရုပ်ကလေးများက ပါရမီထူးလှပါဘိ။ အနှီသိန်းတစ်ရာကြီးက ဦးဟန်ကြည် မျက်စိထဲက မထွက်။ အနှီငွေနှင့်ဆိုလျှင် အညာလယ်သမားတစ်ရွာကို တစ်လနီးပါး ထမင်းကျွေးနိုင်ပေပြီ။ ဟွန်ဒါဖစ်ကြီးကို လယ်ထွန်စက်အသွင်ပြောင်းလိုက်လျှင် တို့တောသူတောင်သား လူ့နင်းပြားများ လယ်ကောင်းကောင်းထွန်နိုင်ပေပြီ။ သြော်…ရှိစေတော့၊ ရှိစေတော့။ တောသူတောင်သား လယ်သမားဆိုသည်မှာ လူစာရင်းမှ မ၀င်ပေပဲ။ သင်းတို့နွားရုန်း ကျွဲရုန်းရုန်း၍ ဖင်ထဲတွင် ရွှံ့တစ်ပိဿာခွဲဝင်အောင် ကုန်းရုန်းစိုက်ပျိုးထားသော စပါးများကိုစား၍ လူဖြစ်လာကြသော ရွှေပြည်သားများမှ ဟုတ်ပါလေစ။ နိုင်ငံတကာနှင့် ဖင်ထောင်ပန်းနိုင်ရေးအတွက် စံချိန်မီချေးတုံး အရောင်လှလှထွက်စေရန် ပေါင်မုန့်ကိုများ ယိုသုတ်၍ စားနေကြပြီလော မပြောတတ်။ ကိုင်း…သခင်မျိုးဟေ့ တို့ဗမာပါဗျား။

သခင်မျိုးဟေ့ တို့ဗမာများ မြင်ချင်သည့်နေရာတွင်မြင်၍ ကန်းချင်သည့်နေရာတွင် ကန်းချက်က သြချလောက်ပေသည်။ လွန်ခဲ့သော တစ်ပတ်ကျော်က ကျောက်မဲအထက်တန်းကျောင်းမှ ဦးဟန်ကြည်၏ မိတ်ဆွေအထက်တန်းပြ ဆရာမတစ်ယောက် ဖွဘုတ်ပေါ်တွင် တင်လိုက်သော လူရည်ချွန်ဆုနှင်းသဘင်ဓာတ်ပုံကလေးကိုတော့ မည်သူမျှမမြင်။ မြို့နယ်အလိုက် ထူးချွန်ခဲ့သော ထိုမိကံဆိုး လူရည်ချွန်မယ်ကလေးအတွက် ဆုလာဘ်သည် ဂုဏ်ထူးဆောင် ဆုတံဆိပ်ကဒ်ပြားကလေးတစ်ခုနှင့် ဗလာစာအုပ် တစ်ဒါဇင်။ ဘယ်ဒင်းကမှ စပွန်ဆာမပေး။ ဘယ်သကောင့်သားကမှ လင်ဗဂွီနီဖြင့် လာမကြို။ ဆုနှင်းသဘင်ကို ဆိုက်ကားနှင့်များ သင်းကလေး ကြွချီတော်မူရှာလေသလော မပြောတတ်။ ကောင်းပါလေ့။ သင်းကလေးက ဟိုဝိုင် သည်ဝိုင်မှ မဟုတ်ဘဲကိုး။ ဘီကီနီတူးပိစ်မှ မ၀တ်ပေပဲကိုး။ ကိုယ့်ပေါင်ကို ထောင်းလက်စဖြင့် အားမနာတမ်းဆက်ထောင်းရလျှင် ဟိုးလွန်ခဲ့သော ဆယ့်ငါးနှစ်ဝန်းကျင်က တက္ကသိုလ်ဝင်တန်းတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ထူးချွန်ခဲ့သဖြင့် အဆင့်တစ်မှ တစ်ဆယ်အတွင်း ၀င်ခဲ့လေသော ကျောင်းသားများ ဆိုင်ရာဆိုင်ရာ တက္ကသိုလ်များသို့ ရောက်ကြလျှင် စေတနာသဒ္ဒါတရား ထက်သန်တော်မူလှသော ရွှေပြည်အစိုးရက ရက်ရောတော်မူလှသဖြင့် မတွန့်မတို ချီးမြှင့်တော်မူသော တစ်လလျှင် မြန်မာကျပ်ငွေ သုံးရာကျပ်ကို မျက်စိထဲပြေးမြင်မိပါ၏။ လက်ဖက်ရည်တစ်ခွက်လျှင် မြန်မာကျပ်ငွေ ငါးဆယ်ပေးရသော ထိုခေတ်တွင် ထိုစတိုင်ပင်ကား လက်ဖက်ရည် လေးခွက်နှိပ်လိုက်လျှင် ပလုံစွပ်ပေပြီ။ ထိုခေတ်က မယ်ပြိုင်ပွဲများတွင် ဆုရမယ်များကိုမူ ပထမဆု ဆယ်သိန်းဟူ၏။ ကောင်းပါလေ့။ ရွှေပြည်ကြီးကို ပညာနှင့် မတည်ဆောက်ချင်ကြဘူး ထင်သည်။ အနှီလိုဆိုလျှင်လည်း မယ်များဖြင့်သာ တည်ဆောက်ကြပေရော့ဟု ခပ်ရွတ်ရွတ်ပြောထုတ်လိုက်ရုံပင်။ ရွှေပြည်သားတို့ကား အလှကြည့်ရုံ ညှော်ခံရုံကိစ္စများကို အထူးဝါယမစိုက်ကြသည် ဖြစ်ပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခုကျော် ကျော်လွန်ခဲ့သော ယခုကာလတွင် စိတ်မှတ်ကြီးလှသော ဦးဟန်ကြည်ကား ထိုခေတ်က မယ်များကို မျက်ချည်မပြတ် လှမ်းကြည့်သည်။ ဆယ်သိန်းတန် ထိုမယ်များကား ဘဘတို့၏ မယားငယ်ဖြစ်သည်ကဖြစ်၊ စီးပွားရေးကြောင်ဖားကြီးများ၏ ကီပင်ဖြစ်သူကဖြစ်။ ဦးဟန်ကြည်တို့၏ ရွှေပြည်ကြီးအတွက် ထိုဆယ်သိန်းတန်များက မည်သည့်ကောင်းကျိုးကိုမျှ မပေးခဲ့နိုင်။ အစိုးရထံမှ မသဒ္ဓါရေစာ မြန်မာကျပ်ငွေ သုံးရာရခဲ့သော ပညာတတ်များကား ယူခဲ့မိသည့် စတိုင်ပင်အတွက် တောကြိုအုံကြားတွင် ငှက်ဖျားဒဏ်ကို အံတုရင်း နိုင်ရာတာဝန်ကို ဦးလည်မသုန်ထမ်းလျှက် ရှိကြလေသည်။ ဆရာဝန်ဖြစ်နေကြသော သုံးရာကျပ်တန် ထိုကျောင်းသားဟောင်းတို့၏ ကျေးဇူးဖြင့် လူပေါင်းမည်မျှ အသက်ဘေးမှ ကင်းလွတ်ခဲ့ကြမည်ကို စဉ်းစားကြည့်ကြပေရော့။ ခေတ်မည်မျှပင်ပြောင်းပြောင်း မည်သည့်စနစ်ပဲ ကျင့်သုံးသည်ဟု ခေါင်းစဉ်တပ်တပ် ရွှေပြည်သားတို့၏ သောက်ကျင့်များကို ထောက်ချင့်၍ မဆင်ခြင်သမျှ ရွှေပြည်ကြီး မွဲသက်ရှည်ပေဦးတော့မည်။ အညာလယ်သမား နွားတစ်ရှဉ်းလူခိုးခံရသည့်အရေးထက် လင်ဗဂွီနီအရေးကို ရှေ့တန်းတင်နေကြလျှင် ကျွန်သက်ရှည်ကြပေဦးတော့မည်။ ကျောမွဲလယ်သမား၏ ဓာတ်မြေသြဇာ လေးငါးအိတ်ဖိုးမျှ တန်ဖိုးရှိသော ဟိုမယ်သည်မယ်များ၏ အတွင်းခံဘောင်းဘီအရေးကို ရေးကြီးခွင့်ကျယ် လုပ်မြဲတိုင်းလုပ်နေကြလျှင် ရွှေပြည်ကြီး ထမင်းငတ်ဖို့ နီးသည်ထက် နီးလာပေပြီ။ ကောင်းပါလေ့။ စပါးမရှိလျှင် ပေါင်မုန့်စားကြပေရော့။ မေရီအင်တွိုင်းနက် မိဘုရား၏ ပြောင်မြောက်တော်မူလှသော ကောက်ချက်ချစကားအတိုင်း “ ပေါင်မုန့်မရှိလျှင် ကိတ်မုန့်စားကြပေရော့”။ မြင်မြင်သမျှကို ရင်ဝခပ်နာနာဖြင့် ဦးဟန်ကြည် အင်တိုက်အားတိုက် ကြွေးကြော်ပါရစေဦး။ သခင်မျိုးဟေ့…တို့ဗမာ…။




သခင်မျိုးများ ကမ္ဘာနှင့်အညီ ဖင်ထောင်ပန်းနိုင်ရေးအတွက် ဆီထပ်လူးရန် မယောင်ရာများကလည်း ဒုနှင့်ဒေး ကျန်နေသေးသည်။ မနက်ဖြန် အောက်တိုဘာလ ၁၃ ရက်နေ့သည် No bra day ဟူ၏။ နိုင်ငံတကာနှင့်အညီ ခင်ဟောင်းလောင်းဘွဲ့ခံနိုင်ရန်အတွက် မယ်မင်းကြီးမတို့ ကြိုးစားကြပါဦး။ မောင်မင်းကြီးသားတို့ သွားရည်တမြားမြားကျကြပါဦး။ စပွန်ဆာအန်ကယ်တို့ ဖွတ်ကလိဒင်္ဂါးသံ တချွမ်ချွမ်ပေးတော်မူကြပါဦး။ ဦးဟန်ကြည်ကတော့ ဘရာစီယာမဲ့ ထိုနေ့အတွက် Buty bust လူးဆေးများ ဆီလီကွန်များကို စပွန်ဆာပေးရန် စိုင်းပြင်းနေပါ၏။

ကိုင်း…ထုံးစံမပျက်ရလေအောင် မယောင်ရာတွေ ဆီလူးလိုက်ကြပါဦးစို့ရဲ့ . . .။ တလွဲဆံပင်ကောင်းကြပါဦးစို့ရဲ့ . . .။ သခင်မျိုးဟေ့ တို့ဗမာ . . .။   ။

( photo credit to Google )

17 comments:

witch83 said...

ဒီစာကို စိတ်ဝင်တစားနဲ့ သေသေချာချာ ဖတ်သွားပါတယ်။ မြန်မာပြည်ဟာ အလှမယ်တွေအပေါ်မှာ လိုတာထက် အချိန်ကုန်ခံပြီး အချိန်တွေ ဖြုန်းနေကြတာကို ကိုယ်တိုင်လည်း မြင်မိပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေထက် မယောင်ရာဆီလူးနေကြတယ်ဆိုတာကိုလည်း သဘောတူပါတယ်။ ကိုယ်တိုင်ကတော့ ဒီလိုကိတ်စတွေမှာ စိတ်ဝင်စားလို့ သူတို့အကြောင်းတွေကို ရေးတာပါ။ အချိန်ကုန်ခံပြီး မောက်(စ်)ကလစ်နဲ့တော့ မျိုးချစ်စိတ်ကို တစ်ခါမှ မပြဖူးပါဘူး။း)
btw, ဒီပို့(စ်)မှာရေးထားတဲ့ မြန်မာစကားပုံတွေအားလုံးတော့ မသိဘူးရယ် ( မြန်မာစာမှာ အားနည်းပုံက) :P

San Htun said...

ဆြာဟန်တို့ ရေးလိုက်မှဖြင့် အမှန်တွေချည်းပဲ...စကားပုံတွေကိုလည်း ထုံးလိုခြေ ရေလိုနှောက်ထားပါလား..အဓိကတော့ ပညာရေးနဲ့  ကျန်းမာရေး မြှင့်တင်ဖို့  လိုပါတယ်...

Myanmar Family said...

ဝိုင်ချင်တာ ၀ိုင်ကြပါစေအုန်း ဆရာ....။ ကြာလာတော့လည်း ရိုးသွားကြမှာပါ။ အိန်သာနေရှင်နယ် စာလုံးပေါင်းဖို့  ခုမှ အေအီးအိုင်အိုယူ သင်ကြတုန်းမို့ ပါ။ နောင်တော့လည်း ဘယ်ဟာက ပိုအလေးထားရမယ်မှန်း သိလာကြမှာပါ။

အကောင်းဆုံးကတော့ ဖေစ့်ဘုတ်မှာ သတင်းပဲ ဖတ်ပြီး ကော်မန့် တွေကို ယောင်လို့ တောင် လှည့်မကြည့်မိအောင် ဒါမှ မဟုတ် ဖေစ့်ဘုတ် မသုံးတော့ရင်တော့ မျက်စေ့ စပါးမွှေးစူးတဲ့ ကိတ်စ အတော် သက်သာသွားပါလိမ့်မယ်လို့ .....

ခင်မင်လေးစားစွာဖြင့်

ကကလ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကမ္ဘာနဲ့ရင်ဘောင် ဖင်ပြောင်တန်းနိုင်မှ ရမယ့် ဆုတွေတွေကို မက်တာကိုက နောင်လာနောက်သား မြန်မာအမျိုးသမီးများရဲ့ ဖင်ပြောင်သတ္တိကို နိုးဆွနေတာပါပဲ ဆြာဟန်ရေ......
ခေတ်....ခေတ်...နောက်ကျတယ်ပြောပြော ပုံရိပ်ဆွေးကြီးလို့ဆိုဆို လုံးဝမကြိုက် မနှစ်သက် ပါဖူး တဖြည်းဖြည်းနဲ့ မြန်မာ့သမီးပျိုတွေ အရှက် တရားကင်းမဲ့လာပြီး ယဉ်ကျေးမှု အရောင်ပြောင်းသွားမှာတွေ ကိုယ်ပိုင်ဟန် ဆုံးရှုံးရမှာတွေကို တွေးပြီးရင်လေးလှပါတယ်ဗျာ....

ဖိနှိပ်မှုတွေ ကြိုးကိုင်မှုတွေကို ဗေထိဆိုပြီး ဖွင့်ချလိုက်တာနဲ့ ဟော..... အရှက်မရှိ ဘာတဲ့ ကမ္ဘာနဲ့ချီ ရင်ပေါင်တန်းတာတဲ့ဗျား ဖင်ပြောင်ကြီးနဲ့ ဒီလောက်တန်းချင်ရင် ထူးထူးကဲကဲဖြစ်သွားအောင် တခါတည်း အကုန်ချွတ်တန်းလိုက်ပါတော့လားလို့ ရွဲ့ပြောချင်ပါရဲ့ဗျာာာာ

poemgarland said...

အင်း ကွက်ကွက် နဲ့ ကွင်းကွင်း ကို မြင်သွားတာပဲ

ညိမ်းနိုင် said...

ဟုတ်ပါ့ဆရာရယ်...။ကျွန်တော်တို့ရွှေပြည်ကြီးမှာ
မယောင်ရာ ဆီတင်မက၊တေဇောဘမ်းပါ လူးကြတာ
ကလား...။

မလေ said...

ဆရာဟန်ရေးမှပဲ စကားပုံတွေအများကြီး သိရတော့တယ်
ရွှေပြည်ကြီးကတော့ဖြင့် ပညာရေး ရောစိတ်ဓါတ်ပါ မြှင့်
တင်ဖို့ လိုပါတယ်။
ခင်မင်စွာဖြင့်
မလေးမြတ်

နွေတေးရှင် (မင်းဧရာ) said...

လူမျိုးတွေကိုက
ကျွန်စိတ် မှ မကုန် ။

နောက်ပြီးရင်သာ
ဟိုအပြစ်ပုံချ
ဒီအပြစ်ပုံချ
ကိုယ်တိုင်ကတော့ဖြင့် ဝေလေလေရယ် ။

မီးမီးငယ် said...

စကားပုံတွေအားလုံးဖတ်ပြီး
ကိုယ်လည်းဗမာစာအတော်ညံနေမှန်းသိတော့တယ်
တော်ပါပေတယ်
ဆြာဟန်ရယ်..။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီတစ်ပုဒ်ကို မြတ် ခဏခဏ ပြန်လာဖတ်နေတာ ဆရာရေ။ ဘယ်လိုဖတ်ဖတ် ဖတ်မဝ၊ ခု ဖြစ်ပျက်နေတာတွေနဲ့ ကွက်တိဒက်ထိ။ နှစ်သက်လွန်းလို့ ပရင့်ထုတ်သိမ်းထားရဦးမယ်။

နေ၀သန် said...

:) သဘောကျတယ်ဆြာဟန်... ကျောက်မဲက ကလေးပုံလေးနဲ့ အနှီမယ်တွေရဲ့ဆုတွေကို ယှဉ်မိတယ်...

ခင်မင်လျက်
နေ၀သန်

sosegado said...

ဆရာ ဟန် တစ်ယောက်တော့ ဟားဗတ်ပို့ခံရလိမ့်မယ်၊

လသာည said...

ခရီးသွားတုန်း ကားပေါ်မှာ ဖတ်ပြီး ရယ်လိုက်ရတာ။ ဖုန်းနဲ့ ကွန်မန့်ပေးရခက်လို့ အခုမှ ပေးရတော့တယ်။

္စစကားပုံများစွာအကြောင်းလည်း သိရ၊ ဟိုဟို ဒီဒီကိစတွေလည်း သိရ။

ကျေးဇူးတင်ပါတယ်။

ကြယ်ပြာ said...

စကားပုံတွေသုံးသွားတာ သိပ်သဘောကျတာပဲ။
မယောင်ရာဆီလူးထဲမှာ ကြာ်ပြာလည်း ပါနေတယ် ဟီး။

Myo Zar Ni said...

Nice Post, same with my view

blackroze said...

ဟုတ်ပ ဆရာရေ
တကယ်ကို မယောင်ရာဆီလူးနေတာ..

နှင်းနုလွင် said...

မယောင်ရာဆီလူးတာတွေ လာတွေးသွားတယ်ဗျို့။

ကြိုက်ရင်ပေါ့လေ . . .