Tuesday, 18 February 2014

“ မရွှင်ပြုံး . . . ”


မရွှင်ပြုံးဆိုတာ ဦးဟန်ကြည်နဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ အညာကျေးလက်သူကြီးပါ...


ဦးဟန်ကြည် အညာမြေကနေ မခွာခင် လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကလည်း သည်အရွယ် မနှစ်နွေပိုင်းက အညာကိုအလည်တစ်ခေါက်ပြန်ရောက်တော့လည်း သည်အရွယ်အတိုင်းလိုပဲ ပြန်တွေ့ရပြန်တာမို့ အရွယ်အတော် တင်လှချည့်လို့ မုဒိတာ ပွားယူခဲ့ရပါတယ်။ ခပ်ငယ်ငယ်က ခေါ်နေကျအတိုင်း နှုတ်ကျိုးနေတာမို့ မရွှင်ပြုံးလို့ပဲ ခေါ်ဖြစ်နေပေမယ့် အသက် ခြောက်ဆယ်နားကပ်နေပါပြီ။ ဒါပေမယ့် မရွှင်ပြုံးကတော့ အရင်အတိုင်း ရွှင်မြဲ ပြုံးမြဲပါပဲ။

အမိုးမလုံ ထရံဟောင်းလောင်းနဲ့ ဟောင်းနွမ်းအိုမင်းတဲ့ မြေစိုက်အိမ်ကလေးမှာနေပြီး ဆင်းရဲနုံချာတဲ့ စားဝတ်နေရေးပြဿနာတွေ ကြုံနေရပေမယ့်လည်း မရွှင်ပြုံးကတော့ ရွှင်မြဲ ပြုံးမြဲပါပဲ။ အားကျပါဘိဗျာ။



ဦးဟန်ကြည်တို့ အထက်အညာဒေသဆိုတာက ပြောစမှတ်တစ်ခုတွင်သွားရင် သားစဉ်မြေးဆက် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကျန်ရစ်တာ ထုံးစံတစ်ခု။ အနှီမရွှင်ပြုံးကလည်း ရာဇ၀င်နဲ့ကိုး။

မရွှင်ပြုံး အပျိုအရွယ်တုန်းကပေါ့လေ...
သူရို့အိမ်ကို လူပျိုကာလသားတစ်ယောက် အလည်လာတော့ မရွှင်ပြုံးတို့ညီအစ်မနှစ်ယောက်က ကွမ်း ဆေး လက်ဖက် ရှိတာလေးတွေ ထုတ်ဧည့်ခံပြီး စကားစမြည် ပြောဆိုနေကြသတဲ့။ ခဏကြာတော့ အစ်မဖြစ်သူက မနေနိုင်မထိုင်နိုင် လေပုန်းတစ်ချက် လွှတ်လိုက်ပါလေရော။ စားပွဲခြားနေတဲ့ ကာလသားဧည့်သည်က သတိမထားလိုက်မိပေမယ့် အစ်မဘေးမှာကပ်ထိုင်နေတဲ့ မရွှင်ပြုံးက အသံရော အနံ့ပါ သတိထားလိုက်မိလေတော့ မျက်လုံးပြူးမျက်ဆံပြူးပေါ့လေ။

အချိန်တန်လို့ ဧည့်သည်လည်းပြန်သွားရော မရွှင်ပြုံးက သူ့အစ်မကို စိတ်ဆိုးမာန်ဆိုးနဲ့-
အစ်မရယ် အပျိုလေးတန်မယ့် ဧည့်သည်ရှေ့မှာ e ပေါက်ရတယ်လို့...နင်မို့ မရှက်ဟယ်...ငါ့မှာ ဧည့်သည်ရှူမိမှာ အားနာလို့ တစ်ယောက်တည်း ရှူလိုက်ရတာ မောလို့... ” လို့ ရန်ထောင်ပါလေရောတဲ့ဗျား...

သူ့စိတ်ကူးနဲ့သူကတော့ ဟုတ်နေတာပဲကိုး။ သူ့အစ်မ လေလည်လိုက်တဲ့အနံ့တွေကို သူအကုန်ရှူပစ်လိုက်ရင် ဧည့်သည်ဆီကို အနံ့မရောက်တော့ဘူးလို့ ထင်ရှာတဲ့ မရွှင်ပြုံးတို့ ရိုးချက် အားနာတတ်ချက်ကတော့ ပြောစမှတ်ကို ဖြစ်ရော။

မရွှင်ပြုံးရာဇ၀င်က သည်လောက်နဲ့ ဘယ်ကုန်လိမ့်တုန်း။ သားဦးကလေး ရန်မင်းအောင်ကို မွေးတော့ ကလေးက သူငယ်နာမစင်ဘဲ ဖြစ်နေရော။ ရွာထဲက လူကြီးသူမတွေက “ ဟဲ့ ရွှင်ပြုံး...ကလေးကို သူငယ်နာကင်းအောင် ကျီးကန်းသားကို မီးကင်ပြီး ကျွေးဟဲ့... ” လို့ အကြံပေးကြတယ်ဆိုကိုး။

အနှီမှာတင် မရွှင်ပြုံးက “ အလိုတော် ကျွေးချင်ပါဘူး...ကျီးကန်းသားဆိုတာ မြေအောင်းသားကြီး...တော်ကြာ ကလေး တက်ချက်နေပါဦးမယ်... ” လို့ ပြန်ပြောပါသတဲ့ဗျား။

မရွှင်ပြုံးတို့ လုပ်လိုက်မှဖြင့် ကောင်းကင်မှာ ပျံနေတဲ့ ကျီးခမျာ တွင်းအောင်း သတ္တ၀ါကို ဖြစ်လို့း)။

ဦးဟန်ကြည် အညာကို အလည်ပြန်ရောက်လို့ မရွှင်ပြုံးဆီ ခဏ၀င်တော့လည်း အရင်လိုပဲ တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်မောလိုက် ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ရတုန်းပါပဲ။ ဘာမှလည်း များများစားစားမသိ ဘာအပူအပင်မှလည်းမရှိ ရတာလေးစား ရှိတာလေးဝတ်ပြီး ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ မရွှင်ပြုံးကို ကြည့်ပြီး တာဝန်တွေ သောကတွေ ဖိစီးနေရတဲ့ ဦးဟန်ကြည်ရင်ထဲမှာ အားကျစိတ်တွေက တဖွားဖွား။

ဦးဟန်ကြည်က အညာကျေးလက်သူ မရွှင်ပြုံးထက် ငွေကြေး ပညာ အစစအရာရာ သာလွန်ကြွယ်ဝတယ်ဆိုပေမယ့် တကယ်တန်းတော့ မရွှင်ပြုံးကမှ သူဌေးအစစ်။ တပ်မက်တောင့်တမှု ဘာတစ်ခုမှ မရှိတဲ့ မရွှင်ပြုံးလောက် ချမ်းသာတဲ့လူ ဘယ်သူရှိမလဲလေ။ မရွှင်ပြုံးကမှ ပညာတတ်အစစ်။ ဘ၀ကို ဘယ်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမလဲ၊ ဘယ်လို ရယ်မောရမလဲဆိုတာကို သိတဲ့လူလောက် ပညာတတ်တာ ဘယ်သူရှိလိမ့်မလဲလေ။

လေးစားပါတယ် မရွှင်ပြုံး။ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...။ ။


( ဖဦးထုပ်ရွာမှာ ရွာလည်နေဖြစ်တာမို့ ဘကုန်းရွာဘက် မရောက်ဖြစ်တာ အတော်ကြာနေပါပြီ။ သည်ရက်ပတ်အတွင်းမှာ သူကြီးမင်း ကိုကိုမောင်ကလည်း ပို့စ်တစ်တန် လူတစ်တန်နဲ့ ကလိသလို အန်တီတင့်ကလည်း ဘကုန်းရွာမှာ နေကြရေး စည်းရုံးရေးတွေ တွင်တွင်လုပ်နေပြန်တော့လည်း သည်ကရှေ့လျှောက်တော့ ဘကုန်းရွာမှာပဲ ပျော်ပျော်ကြီး သီတင်းသုံးလိုက်ပါတော့မဗျား...း)

11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဘလော့သစ္စာ နော် ဆရာဟန်။ သည်က ရှေ့လျှောက် ဘကုန်းရွာမှာဘဲ ပျော်ပျော်ကြီး သီတင်းသုံးလိုက်ပါတော့မဗျားတဲ့။း)

မရွှင်ပြုံးလေးနဲ့ ဖွင့်လိုက်တော့လဲ ကန့်လန့်ကာအဖွင့်မှာ ပြုံးပြုံးလေး တွေ့ရတော့ ကျက်သရေ ရှိသပေါ့ဗျာ။

ဟန်ကြည် said...

ဘကုန်းရွာမှာ သီတင်းသုံးရင်းနဲ့ ဖဦးထုပ်ရွာဘက်လည်း ဆွမ်းခံကြွရဦးမှာပေါ့ သူကြီးမင်းရယ်...ဟုတ်ဘူးလားဗျာ...

ပထမဦးဆုံးတော့ ဖဦးထုပ်က ပို့စ်တွေကို ဘကုန်းရွာဘက် သယ်ခဲ့ရဦးမဗျို့...း)

Anonymous said...

welcome back!

naunggyain

Anonymous said...

မရွှင်ပြုံးတို့ လိုစိတ်ဖိစီးမှုမရှိပဲပျော်ပျော်ကြီးနေချင်လို်က်တာနော်။
အိုင်အိုရာ

Ma Tint said...

- ဟုတ်ပ ဆရာဟန်ရေ... စိတ်ဖိစီးမှုအလျဉ်း မရှိတဲ့သူတွေအဘို့ ဘ၀တစ်သက်အတွက် လူဖြစ်ရကျိုးနပ်တယ် အမြဲအေးချမ်းပျော်ရွှင်နေကြရတယ် ...
- တဂျီးမင်းရဲ့ ပို့စ်ကိုအရင်းပြုပြီး ဖဦးထုပ်မှာ စည်းရုံးရေးဆင်းလိုက်တာ Like ၅၀ ကျော်သွားတဲ့အတွက် ကျေနပ်သွားပြီ...
- ဘကုန်းရွာကို ပြန်ရောက်လာတာ အရင်ထက်ပိုပြီး ရင်းနှီးနွေးထွေးမှုကို ခံစားလိုက်ရတယ် ..

မေတ္တာဖြင့်
တီတင့်

မိုးငွေ့........ said...

လှုပ်ဆော်တုန်းခဏပါလေ...စောင့်ကြည့်ဦးမယ် ဘယ်တော့ ဖအုထုပ်ရွာပြန်ရောက်မလဲလို့...:P

ဆွေလေးမွန် said...

ကောင်းပါလိမ့် ဆြာဟန်ရယ် ဒီပုံတိုင်းဆို တစ်နေ့တစ်ပုဒ် ပို့(စ်)လေး တစ်ပုဒ်လောက်များ အသစ်ဖတ်ရတော့ မယ်ထင်ပါရဲ့

မောင်မျိုး said...

ဆရာ တို့နဲ့ တစ်ခါလောက် အဲ့လို လိုက်ချင်စမ်းပါဘိဗျာ ပျော်စရာကြီးး ။

မရွှင်ပြုံးလို ဘ၀မျိုးလေးက နေတတ် ကျေနပ်စွာနဲ့ အေးချမ်းလိုက်တာ ။ အားကျပါ့ ။

San Htun said...

မရွှင်ပြုံးကို အားကျလိုက်တာ...သူ့ လို နေတတ်အောင် ကြိုးစားရဦးမယ်..း)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မရွှင်ပြုံးအကြောင်းလေး ဖတ်ပြီး ပြုံးရယ်သွားခဲ့ပါတယ်ရှင်။

နေ၀သန် said...

သူရှူတဲ့ ပုံကိုမျက်လုံးထဲမြင်ယောင်လာပြီးတော့ အီးကြောက်တဲ့ ကျွန်တာ် အသက်ရှူကြပ်လို့ဗျာ...


ခင်မင်လျက်
နေ၀သန်

ကြိုက်ရင်ပေါ့လေ . . .