Monday, 10 March 2014

“ ကြောက် . . . ”


“ ကြောက် . . . ”



အကြောက်တရားနဲ့
ခြောက်ခြားတဲ့လူ့ပြည် ( ပြေ )
အမှုပွေသည်တစ်ခေတ်မှာလ
လူညစ်တွေဘယ်ညာဝိုင်းပြန်တော့
ရိုင်းတဲ့ဖြစ်ထွေ။

ကြောက်စရာ
တစ်ယောက်မှာတစ်ထွေဆန်းပြန်တော့
ပြည်နွမ်းအောင်ကျွမ်းလောင်မြှိုက်ပါလို့
အမှောင်တိုက် ပူပင်လယ်
လူတွင်ကျယ်ရှိဘူး။

ရှောင်တခင်
ကြိုမမြင် အကြောက်မျိုးနဲ့
ကြိုတင်မြင် အကြောက်မျိုးပါတဲ့
ဘယ်ဒင်းဟာ အလေးသာပါလိမ့်
အတွေးမှာ တိုင်းထွာကြည့်မိတော့
ရိုင်းပါဘိ ခက်ဖွယ်
ကွက်မလည် သည်အရေး။

အကြောက်နယ်
ပတ်လည်မှာ မှိုလိုပေါက်ပါလို့
စိတ်နောက်လို့ ရုပ်ကြေ
ရှုပ်ပွေသည့် ပြည်တွင်းမှာလ
လက်ငင်းမှာ ကြောက်တာဝပြီကွဲ့
နောင်ခါလာ နောင်ခါဈေးသာမို့
ကြိုကြောက်တာ လာမမေးလေနဲ့
တွေးကြောက်ဖို့ဝေး။    

( ဟန်ကြည် )
၁၀.၃.၂၀၁၄ ( တနင်္လာနေ့ )

The most fearful thing in this world is the fear itself.
“ ကြောက်စရာအကောင်းဆုံးအရာဟာ အကြောက်တရားပါပဲ ”

ဘယ်ဆိုရိုးက ဘယ်လိုပဲဆိုဆို ဘယ်ပညာရှိက ဘယ်ပုံပဲ ဆုံးမ ဆုံးမ၊ ဘယ်ဘာသာတရားက ဘယ်လိုနည်းနဲ့ပဲ သွန်သင် သွန်သင် ကြောက်တတ်တာကိုက ဦးဟန်ကြည်တို့ လူသားသဘာဝ။ အနှီတော့ လူပီသစွာပဲ ကြောက်စရာရှိရင် ကြောက်ကြရပေမပေါ့။ လန့်စရာရှိရင် လန့်ရပေမပေါ့ဗျာ။ ဟုတ်ဘူးလား။ တကယ်တမ်းပြောရရင် သူရဲကောင်းဆိုတာတွေလည်း အရေးအကြောင်းဆိုရင် ကြောက်တာချည်းပဲကိုး။ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် ( စာရေးဆရာ မြတ်ထန် ) ရေးထားတဲ့ “ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် ” ဆိုတဲ့ စာအုပ်ထဲမှာ ကတုတ်ကျင်းနှုတ်ခမ်းမှာတက်ရပ်ပြီး ရဲဘော်တွေကို အမိန့်ပေးရတဲ့ အချိန်တွေမှာ သူဘယ်လောက်ကြောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးထားပါရဲ့။ ရဲဘော်တွေ မကြောက်လေအောင် ခေါင်းဆောင်ပီပီ ဟန်ဆောင်နေရပေမင့် သူလည်းလေ လောကီသားပဲကိုး။ ဘယ်ကောင်ပစ်မှန်းမသိတဲ့ ကျည်ဆံထိပြီး တိုက်ပွဲကျမှာတော့ မကြောက်ဘဲနေရိုးလား။

တကယ်တော့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတဲ့လူတွေဆိုတာ ကြောက်စိတ်မရှိတဲ့လူတွေ ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်ကြောက်တာကို သူများမသိအောင် ဖုံးဖိထားနိုင်တဲ့လူတွေချည်းပေါ့။ “ ဟေ့…အာဇာနည်ကွ…ဘာမှကို မကြောက်ဘူး ” လို့ စွတ်ပြီးကြွေးကြော်နေရင်တော့ လူတွင်ကျယ်လုပ်ချင်လို့ဖြစ်ရင်ဖြစ်၊ ကိုယ့်နောက်ကလူတွေ မကြောက်စေချင်လို့ ဟန်လုပ်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ စံလွဲနေလို့ပဲ ဖြစ်မှာသေချာပါသဗျား။ အောင်မယ် ဘာမှမကြောက်ဘူးလို့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီး အနှီလို စွတ်အော်နေတာလည်း ကြောက်တတ်လို့ အော်နေတာဗျို့။ သူ့ကို သူများက ငကြောက်လို့ထင်မှာ ကြောက်ရှာလွန်းလို့ အနှီလို အသံကောင်းဟစ်နေရတာကိုး။ ကိုင်းဗျာ ဦးဟန်ကြည် မပြောလား။ လူဆိုတာ ကြောက်တတ်ပါတယ်လို့။ အနှီလိုကြောက်တတ်လို့ပဲ ဟိုဟာကိုးကွယ်၊ သည်ဟာကိုးကွယ်၊ ဟိုဘုရားတ သည်ဘုရားတ လုပ်နေကြရတာ မဟုတ်လား။ အောင်မယ် ဘာသာရေးမှာတောင် ကြောက်စရာ ပိုများသေး။ ဘယ်ဘာသာကြည့်ကြည့် ငရဲဆိုတာ ကြက်သီးထစရာတွေချည်း။ ဟိုဟာလေး မလုပ်လေနဲ့ ဒယ်အိုး၊ သည်ဟာလေး မကလိလေနဲ့ ဒယ်အိုးနဲ့ ညှော်နံ့လေးတွေရနေလေတော့ လူတွေခမျာလည်း ကြောက်ကြောက်နဲ့ပဲ လိမ္မာချင်ယောင် ဆောင်ကြရပါလေရော။

အကြောက်တရားဆိုတာ ကောင်းသလားဆိုတော့ သဘောသဘာဝအရတော့ ဘယ်ကောင်းမလဲဗျာ။ ကြောက်နေရမှတော့ ဘယ်နေပျော်လိမ့်တုန်း။ သို့ပေမင့် လောကကိုစောင့်ရှောက်တဲ့ လောကပါလတရား နှစ်ပါးက ဟီရီ နဲ့ သြတ္တပ္ပ ဆိုတဲ့ ရှက်ခြင်းနဲ့ ကြောက်ခြင်းလို့ ဆိုကြသကိုး။ အနှီတော့ ကြောက်တာ ရှက်စရာ မဟုတ်ပေါင်ဗျာ။ ကြောက်သင့်တာကို ကြောက်ရပေမပေါ့၊ ရှက်သင့်တာကို ရှက်ရပေမပေါ့။ ဘာကိုကြောက်တယ် ဘာကိုရှက်တယ်ဆိုတာကို မူတည်ပြီး လူတစ်ယောက်ရဲ့ စာရိတ္တတို့ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်တို့ကို ပုံဖော်ကြရတာ မဟုတ်လား။ ကြောက်တယ်…ကြောက်တယ်…မခိုးရ မ၀ှက်ရလို့ သူများထက်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူခိုးပေါ့။ ကြောက်တယ်…ကြောက်တယ်…သူများပစ္စည်းကို ခိုးလို့ သူများစိတ်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူတော်ကောင်းပေါ့။ ဟုတ်ဘူးလား။

တစ်ခုတော့ ရှိပေသပေါ့။ ကြောက်တိုင်းလည်း မကောင်းသလို၊ မကြောက်တိုင်းလည်း အဆင်မပြေဘူးကိုးဗျ။ ဟိုဒင်းလည်းကြောက် သည်ဒင်းလည်းကြောက်ဆိုရင်တော့ သည်ပုဂ္ဂိုလ်ဟာ မသေခင်ကတည်းက တစ်ပိုင်းပုပ်နှင့်နေပြီကိုး။ အနှီတော့ အကြောက်တရားဆိုတာကလည်း ဘိန်းပါတဲ့ဆေးများလို တန်ဆေး၊ လွန်ဘေးပေါ့လေ။ မန်လည်ဆရာတော်ရဲ့ “ မဃဒေ၀ ” ထဲက စာသားကို စာမြှောင်ကပ်ပြီး ကဗျောင်လုပ်ရရင်တော့ -
“ အကြောက်ဟူဘိ ထိုငတိကား
မရှိမကောင်း၊ ရှိမကောင်း
မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
လို့ ဆိုရမယ်ထင်ပါရဲ့…း)။

ပူမှုရယ်တဲ့ ဆယ်ကုဋေမကတဲ့ ဒွန္တယာကြီးမှာ နေကြရတဲ့လူတွေဆိုတော့လည်း ကြောက်စရာတွေက များပါဘိ။ ရန်သူမျိုးငါးပါးကြောက်ရ၊ ၀ိပ္ပတ္တိတရားလေးပါးကြောက်ရ၊ ဗျဿနတရားငါးပါးကြောက်ရ၊ ကပ်ကြီးသုံးပါးလည်းကြောက်ရနဲ့ ကြောက်စရာတွေမှ ပတ်လည်ကိုဝိုင်းလို့။ သာမန်လူတစ်ယောက် ကြောက်သင့်ကြောက်ထိုက်တာလေးတွေကို ကြောက်တယ်ဆိုရင်တော့ ဘာအရေးလဲ။ သည်ငတိလူကောင်းပေါ့။ အနှီလိုမဟုတ်ဘဲ သူများထက်ထူးပြီး ပိုကြောက်နေရင်တော့ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါဖြစ်ပြီး ရွာသာကြီးနဲ့ ညားဖို့သာပြင်။ ဖိုးဘီးယားလို့ခေါ်တဲ့ အကြောက်လွန်ရောဂါ ဘယ်လောက်များသလဲ စပ်စုချင်ကြရင်တော့ http://phobialist.com/ မှာသာ သွားကြည့်တော်မူကြပေရော့။ သူ့ဟာတွေသာ အကုန်ရေးထည့်ရရင် စာတစ်အုပ်တောင် ဖြစ်ရချေရဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြောက်စရာတွေ သည်လောက်များနေမင့်ဟာကို အားမရသေးဘဲ မမြင်ရတာကြီးကို တွေးကြောက်တဲ့လူက ရှိသေးတာကလား။ အမှန်က မမြင်ရတာကြီးကို တွေးကြောက်တယ်ဆိုကတည်းက ငတိတော့ လွဲနေပြီကိုး။ စဉ်းစားကြစို့။

သေချာပေမင့် မမြင်ရတဲ့အကြောက်တရားထဲမှာ “ သေခြင်း ” ထက်သေချာတာ ဘာရှိလို့တုန်း။ ကြိုတင်ပြီးတော့ မမြင်ရပေမင့် တစ်နေ့ မာလကဈာန်ကြွမှာ မြေကြီးလက်ခတ်မလွဲ။ သို့ပေမင့် ငါတော့ တစ်နေ့သေရမှာပဲလို့ တွေးတွေးပြီး ငိုနေတဲ့လူကောင်း တစ်ယောက်မှ မမြင်ပေါင်ဗျာ။ စားမြဲတိုင်းစား သွားမြဲတိုင်းသွား၊ လုပ်မြဲတိုင်းလုပ်ပြီး ဟန်မပျက်နေကြတဲ့လူတွေချည်း။ အနှီလောက် သေချာနေတာကြီးကိုတောင် မေ့မေ့လျော့လျော့နေနိုင်သေးတဲ့ လူသားသတ္တ၀ါကြီးက မနက်ဖြန် စာမေးပွဲဖြေရမှာကြောက်လိုကြောက်၊ လူကြီးလာရင် အဆဲခံရမှာ ကြောက်လိုကြောက်၊ ဘီယာမူးပြီး ပြန်လာရင် အိမ်ကမိန်းမက ကလော်တုတ်မှာ ကြောက်လိုကြောက်နဲ့ သောက်ညင်ကတ်ဖို့တောင် ကောင်းသေး။ တကယ်တော့ ကြိုမမြင်နိုင်တာကြီးကို ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရာကနေ စလာတဲ့ ပြဿနာကိုးဗျ။ ကိုယ့်အလုပ်ကို ကျကျနန မလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကိုး။ လုပ်သင့်လုပ်ထိုက်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ထားရင် မနက်ဖြန်ဆိုတာ အေးဆေးပေါ့။ ဟုတ်ဘူးလား။ မနက်ဖြန်ရောက်လာလို့ ပြဿနာတက်တော့လည်း ကြောက်စရာရှိရင် ကြောက်လိုက်ရုံပေါ့ဗျာ။ ဘာအရေးလဲ။ လူဆိုတာ ကြောက်တတ်ပါတယ်ဆိုမှ။ မကြောက်တတ်လို့ ရွာသာကြီးသွားနေရရင် မနိပ်ဘူးကိုး။

ဦးဟန်ကြည်က အနှီလို ကြီးကြီးကျယ်ကျယ်ပြောနေလို့ သည်ပုဂ္ဂိုလ်ကြီးက တယ်ဟန်ပါလားလို့လည်း တွေးတော်မမူလေနဲ့။ ပြောခဲ့ပြီးပါပကော။ လူပါဆိုမှ။ မနက်ဖြန်ကိုလည်း နည်းနည်းတော့ တွေးလန့်ပေသပေါ့။ အလန့်ကနေ အကြောက်မဖြစ်အောင် ထိန်းရတာကိုက ဘ၀နေနည်း အနုပညာကိုးဗျ။ ကြောက်စရာရှိရင် ကြောက်ပြီး အမြန်အကြောက်ပြေအောင် ကြိုးစားခြင်းကပဲ တကယ့်ဘ၀။ တစ်ခါကြောက်လိုက်တာ တစ်သက်လုံး သေရာကိုပါရောဆိုတာမျိုး မဖြစ်အောင်တော့ သတိထားရပေသပေါ့။ အင်း ပြောမယ့်သာပြောရတယ်။ ဦးဟန်ကြည်နေတဲ့ ဒေသဆိုတာကလည်း ထစ်ခနဲရှိရင် တဖောင်းဖောင်း တဂျိန်းဂျိန်းနဲ့ လုပ်တတ်တဲ့ သူရဲကောင်းတွေချည်း စုနေတဲ့ဒေသဖြစ်လေတော့လည်း ဟိုဒင်းကြောက်ရ သည်ဒင်းကြောက်ရနဲ့ အကြောက်များပြီး ထုံပေပေဖြစ်သွားတယ်ထင်ပါရဲ့။ အခုများတော့ ကိုယ့်ကိုယ်ကိုကလွဲရင် ကျန်တာကို သိပ်မကြောက်တတ်တော့တာတောင် ကြာပေါ့။ ကိုယ့်ရှေ့မှာဝဲနေတဲ့ သေနတ်ကြီးကြည့်နေရမှတော့ မနက်ဖြန် ထမင်းစားဖို့မရှိမှာ တွေးမကြောက်တော့ဘူးပေါ့ဗျာ။ ဟုတ်ဘူးလား။    

Image credit to - Google
   

13 comments:

စံပယ်ချို said...

အဲ----ဆရာက ကဗျာကနေ စ လိုက်တာပေါ့
ကောင်းလှတဲ့ ကဗျာ ဖတ်မိတာက အခေါက်၁၀၀....
ကြောက်စရာအကောင်းဆုံးအရာက
အကြောက်တရားပါပဲ...
အဲတာအမှန်ဆုံးပေါ့ဆရာ
ဒါပေမယ့် ကြောက်တတ်တာက ဆိုးနေတယ်ဆရာရေ....

Ma Tint said...

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ ဆရာဟန်ရဲ့ တဂ်ပို့စ်လေးက ဖတ်လို့ကောင်းမှကောင်း ဆရာဟန်ရေ...
"ဟိုဒင်းလည်းကြောက် သည်ဒင်းလည်းကြောက်ဆိုရင်တော့ သည်ပုဂ္ဂိုလ်ဟာ မသေခင်ကတည်းက တစ်ပိုင်းပုပ်နှင့်နေပြီကိုး" အဲ့ဒီလို ထူးထူးခြားခြား ဟာသနှောတဲ့ စာသားလေးတွေ သဘောကျတယ် :D

မေတ္တာဖြင့်
တီတင့်

ဆွေလေးမွန် said...

ဆရာဟန်က လူကြီးကြောက်ကြောက်တာ..
:) :)

ဘုန်းဘုန်းတောက် said...

ဆရာကြောက်တာက ပညာရှိကြောက်၊ ပညာသားပါပါ ကြောက်တာနော်။

ဒါနဲ့ ကဗျာလေးက အရမ်း..အရမ်း.. လန်းထှာ။

ဒုတိယလူ said...

ကျနော်လဲ ဟိုးးးးးးးတစ်ခါ ဓါးမြတိုက်ခံရတုန်းက
ဓါးမြကြီးက ဓါးတ၀င်းဝင်းနဲ သက်မယ် ဖြတ်မယ်
လုပ်နေတော...ငါသေတော့မယ်
ဆိုတဲ့အသိနဲ့ .. ကြောက်လိုက်တာ ဆရာရယ်..

blackroze said...

ဟုတ်ပ ဆရာရေ
ကြောက်တယ်ဆိုတာကလည်း
ဘယ်နေရာမဆိုရှိနေတတ်တာလေ
ကြောက်စရာ အကောင်းဆုံးကတော့
သေခြင်းဘဲ...
ဘာမှကိုမလုပ်ရသေးဘဲသေသွားမှာက
ပိုကြောက်ဖို့ကောင်းတယ်..
ကဗျာလေးလည်းကောင်းပ

နှင်းနဲ့မာယာ said...

ဦးဟန်ကြည်က စာချိုးလေးနဲ့ ကြောက်တာကိုး...
စာမေးပွဲနီးလို့ အလုပ်တွေမအားတဲ့ကြားက ရေးပေးတဲ့အတွက် ကျေးဇူးပါနော်...

နှင်း

Anonymous said...


ကဗျာကတော့ရှယ်ဘဲကွာ။ သဘောကျတာ။
ကြောက်ဖူးတဲ့ထဲမှာမဖြစ်သေးတာကိုတွေးကြောက်ခဲ့မိတာအဆိုးဆုံးဆိုတာလက်တွေ့ ...
တခါတရံကျတော့ မသိတော့မကြောက်တဲ့...အဲလိုမသိလို့ ကြောက်စရာကိုမကြောက်ခဲ့ဖူးတာလည်းလက်တွေ့ ...
အိုင်အိုရာ

မောင်သစ္စာ said...

ကဗျာစဖတ်တုန်းက အချုပ်တန်းဆရာဖေ မှတ်နေတာ:D

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဆရာ့ရဲ့ ပို့စ်လေးကို လေးလေးစားစား ဖတ်ရှုမှတ်သားသွားခဲ့ပါတယ်။ အသိတရားတွေလည်း အများကြီး ရပါတယ်။ ကဗျာလေးကိုလည်း အင်မတန်ပဲ နှစ်ခြိုက်မိပါတယ်။

ခိုင်လေး ( ရွှေတောင် ) said...

အရမ်းသဘောကျနှစ်ခြိုက်မိပါတယ် ဆရာ ။
ဖတ်လိုက်ရသည့် အချိန်လေး ကုန်ရကျိုးနပ်စေခဲ့ပါတယ် ။ ရယ်မောစရာ သင်ခန်းစာယူစရာ မှတ်သားစရာ
တစ်လှေကြီးကို ပိုက်ထွေးခဲ့ရပါတယ် ။


တကယ်တော့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတဲ့လူတွေဆိုတာ ကြောက်စိတ်မရှိတဲ့လူတွေ ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်ကြောက်တာကို သူများမသိအောင် ဖုံးဖိထားနိုင်တဲ့လူတွေချည်းပေါ့။ “ ဟေ့…အာဇာနည်ကွ…ဘာမှကို မကြောက်ဘူး ” လို့ စွတ်ပြီးကြွေးကြော်နေရင်တော့ လူတွင်ကျယ်လုပ်ချင်လို့ဖြစ်ရင်ဖြစ်၊ ကိုယ့်နောက်ကလူတွေ မကြောက်စေချင်လို့ ဟန်လုပ်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ စံလွဲနေလို့ပဲ ဖြစ်မှာသေချာပါသဗျား

ခိုင်လေး ( ရွှေတောင် )

Angelhlaing(May everybody be happy and healthy! said...

ဆရာ ကတော့ အရေးသွက်သွက်နဲ့ သဘောကျနှစ်ခြိုက်မိတယ် ..... အားကျအတုယူ လိုက်နာဖွယ်လေးတွေနဲ့ .. ပါလား ဆရာ..။ ကဗျာလေးကကို အဓိပ္ပါယ် အပြည့်နဲ့ ..စထားတာ မိုက်တယ်...အကိုရေ..

demon boy said...

မှတ်သားလောက်အောင်ကြီိုက်တယ်ဆရာရေ

ကြိုက်ရင်ပေါ့လေ . . .