Saturday, 15 March 2014

“ လက်ဖက်ရည်ဋီကာ . . . ”


 

ဦးဟန်ကြည်က လက်ဖက်ရည်မကြိုက်တတ်တာကြောင့် လက်ဖက်ရည်သိပ်မသောက်ဖြစ်ဘူးပေါ့ဗျာ...အဲ စိတ်ကူးပေါက်ရင်တော့လည်း ပေါင်းခံရေလေးဘာလေး မှီဝဲပေသပေါ့...ထားပါတော့...း)

မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဘယ်ခေတ်လောက်က စထွန်းကားခဲ့တယ်တော့ မပြောတတ်ဘူး…ဦးဟန်ကြည်တို့ လူလားမြောက်တဲ့အချိန်ရောက်တော့ လက်ဖက်ရည်ယဉ်ကျေးမှုက အတော်ထွန်းကားနေပြီ…ရပ်ကွက်တစ်ခုမှာ လက်ဖက်ရည်ဆိုင် လေးငါးဆိုင်ကတော့ အနည်းဆုံး…အနှီခေတ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ၀န်ထမ်းတွေရဲ့ ဖက်ရှင်…အနှီခေတ်က ၀န်ထမ်းဆိုတာကလည်း ပြောလောက်အောင် အလုပ်သိပ်များသလို သည်ဘက်ခေတ်တွေလို ဘီယာယဉ်ကျေးမှုကလည်း ခေတ်စားသေးတာမှ မဟုတ်ဘဲကိုး…ဘာကိစ္စ ညာကိစ္စကလေးတွေ အောင်မြင်ချင်ရင် လက်ဖက်ရည်ဖိုးပေးရင် အိုခေပြီဆိုတဲ့ခေတ်…

သည်ဘက်ခေတ်ရောက်လာတော့ လက်ဖက်ရည်ဆိုင်တွေ ဆိုင်တွေဆိုတာကလည်း လမ်းတစ်လမ်းမှာ လေးငါးခြောက်ဆိုင် အပြိုင်ရှိလာကြတော့တာမို့ သူ့ထက်ငါ လူဝင်များအောင် အသည်းအသန် ကြိုးစားကြရတော့တာကိုး...အပြင်အဆင် အရသာတွေ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားရုံတင်အားမရဘဲ အခေါ်အဝေါ်ပါ ဆန်းအောင် ကြိုးစားကြပြန်လေတော့ လာသောက်တဲ့ ပရိသတ်ခမျာ တစ်ခါတစ်ခါ မျက်စိတောင် လည်ချင်စရာ...

ချစ်ကောင်းတစ်ခွက် ” ဆိုတာက ကော်ဖီခါးခါးတစ်ခွက် ( ကော်ဖီခါးခါးဆိုတာ ဦးချစ်ကောင်းရဲ့ နာမည်ကြီးသီချင်းကိုး )

ပန်းတောင်းတစ်ခွက် ” ဆိုတာက လက်ဖက်ရည်ချိုချိုတစ်ခွက် ( ကျောက်ပန်းတောင်းနယ်က ထန်းလျက်တို့ ကြံသကာတို့ နာမည်ကြီးလေတော့ အနှီအချက်ကို အစွဲပြုပြီး ခေါ်ဟန်တူပါရဲ့ )

ကျဆိမ့် ဂိတ်ဆုံးတစ်ခွက် ” ကျဆိမ့်ကို ကျနိုင်သမျှကျအောင် ဖျော်ခိုင်းတာကိုးဗျ ( ဂိတ်ဆုံးဆိုတာကတော့ အဆုံးစွန်ထိလို့ ဆိုလိုဟန်တူပါရဲ့ ) ခပ်နောက်နောက် လူတစ်ယောက်ကတော့ “ ကျဆိမ့် ဂိတ်ဆုံး ပတ်စီး တစ်ခွက် ” လို့မှာထည့်လိုက်တာ အဖျော်ဆရာခင်မျာ မျက်စိတောင် လည်ရှာပါလေရော...

လက်ဖက်ရည်တစ်ဂေါက် ” ဒါကတော့ အညာစတိုင်ဗျို့...လက်ဖက်ရည်မှာ ပါသင့်ပါထိုက်တဲ့ ပါဝင်ပစ္စည်းအကုန်ထည့်ပေမင့် ခွက်အပြည့်မဖျော်ဘဲ လက်ဖက်ရည်ပန်းကန်လုံးရဲ့ အပေါ်ကိုင်းအထိရောက်အောင်ပဲ ထည့်ထားတာကို ခေါ်ပါသတဲ့...နည်းနည်းဘိုဆန်တဲ့ ငတိတွေကတော့ “ ဟပ်ဖ်တီး ” လို့ ခေါ်ပါသဗျား…ဆိုလိုရင်းကတော့ အတူတူပဲပေါ့…အပြည့်မဖျော်ဘဲ တစ်ဝက်ကျော်လောက်ပဲ ဖျော်ခိုင်းတာဆိုပဲ…အတ္တနောမတိနဲ့ ပြောကြည့်ရရင်တော့ နည်းနည်း ဂန်ကျယ်တဲ့ ငတိတွေပေါ့လေ…

ပုံမှန် ဖန်ကဲ ဟပ်ဖ်တီး ” ဆိုတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်သောက်နည်း...ပုံမှန်အချိုးကျဖျော်ထားတဲ့အထဲမှာ အကျရည်နည်းနည်း ပိုထည့်ပြီး ကိုင်းအထိပဲ ဖျော်ခိုင်းတာဆိုပဲ...

ချိုပေါ့ကျ တိုင်ကီ ၀မ်း” ဆိုတာကတော့ လက်ဖက်ရည် အချိုခပ်ပေါ့ပေါ့မှာ အကျရည်လေး ကဲထားတာကို ရိုးရိုးလက်ဖက်ရည်ခွက်နဲ့ မထည့်ဘဲ Mug ခွက်လို ခွက်ကြီးကြီးနဲ့ ထည့်ထားတာကို သညာပေးထားတာဆိုပဲ...ကြားခါစတုန်းကတော့ အလို သည်လူတွေ လက်ဖက်ရည်ကြိုက်ချက်ကတော့ တိုင်ကီနဲ့တစ်လုံးတောင် ကုန်အောင်သောက်မယ့်သဘောထင်ပါရဲ့လို့တောင် တွေးမိသေးတာရယ်...

သည်ကြားထဲမှာ “ ချိုကျ ” “ ချိုပျစ် ” ဆိုတာတွေက ရှိသေးပြန်ရော...ဒါတင်ဘယ်ကလိမ့်တုန်း...“ ချိုပက်လန် ” ဆိုတာတောင် ရှိချေသေး...ချိုလွန်းလို့ ပက်လက်တောင် လန်သွားရမယ်လို့ ဆိုလိုပါသတဲ့...

တစ်ခါသားမှာတော့ “ ချိုပက်လန် တောသားကြီး ပစ်လဲ ” လို့မှာလိုက်တာလည်း ကြားဖူးပါသဗျား...ချိုလွန်းမကျချိုလိုက်တော့ အချိုကြိုက်လှပါတယ်ဆိုတဲ့ အညာတောသားကြီးတောင် ပစ်လဲသွားနိုင်တဲ့ လက်ဖက်ရည်လို့ တင်စားတယ်ဆိုလား...

အညာက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကတော့ လက်ဖက်ရည်ကို ဒန်အိုးကြီးထဲမှာ တစ်ခါတည်းဖျော်ထားပြီး ဘာပဲမှာမှာ သည်အထဲကပဲ ခပ်ပြီးရောင်းပါသတဲ့...သောက်တဲ့လူက နို့ဆီနည်းနည်းလို့ အထွန့်တက်ရင် နို့ဆီထည့်ပေး...အဖန်ရည်လေးကဲပါဦးဆိုမှ အဖန်ရည်ထည့်ပေးလိုက်တော့ အိုခေဆိုပဲ...အကြောင်းသိတဲ့လူတွေကတော့ သူ့ဆိုင်မှာ ၀င်သောက်ရင် “ အိုးဖျော် တစ်ခွက် ” လို့ မှာကြပါလေရော...

ရွှေမန်းမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာတော့ ကြက်ဥအစိမ်းကို ဖောက်ထည့်ပြီး သံပုရာရည်ညှစ် သကြားထည့်ထားတဲ့ သောက်စရာ “ ကြက်သံ ” ကို “ ရှင်သန်ခြင်း ” လို့ နာမည်ပြောင်ပြောင်မြောက်မြောက် ပေးထားတာကိုလည်း ကြုံဖူးပါရဲ့...

အညာဆိုင်တစ်ဆိုင်မှာတော့ ပလာတာပေါ်မှာ ကြက်ဥတင်ပြီး ကြော်ထားတဲ့ စားစရာကို “ ခိုင်သင်းကြည် ” လို့ နာမည်ပေးထားပါလေရော...ထူးဆန်းလွန်းလို့ စုံစမ်းကြည့်တော့ အနှီစားစရာကို “ တင်ကြော် ” လို့ နာမည်ပေးထားပေမင့် ခိုင်သင်းကြည်က ဇွန်စီ ကြော်ငြာမှာ သူတင်ပါးကို အပြကောင်းလွန်းတာကနေ အစပြုပြီး တင်ကြော်မှသည် ခိုင်သင်းကြည်လို့ နာမည်ပြောင်းပါလေရောတဲ့...

သည်ကြားထဲမှာ အီကြာကွေ့ကို “ ဂျုံရှည်ကြော် ” နံပြားကို “ ဂျုံပြားကင် ” လို့ နာမည်ပေးတာလည်း ရှိပါသေးရဲ့...

လက်ဖက်ရည်မှာတဲ့နေရာမှာတော့ ဦးဟန်ကြည်ရဲ့ အဘိုး ဦးမြကြီးကို မီတဲ့လူ ရှိမယ်မထင်ဘူး…အဘိုးက ကပ်စေးနှဲတာမှ နှပ်ချေးကိုတောင် ငပိလုပ်ခတ်တယ်ဆိုတဲ့ လူစား…မောင်ဟန်ကြည် ခပ်ငယ်ငယ်က အဘိုးဆီအလည်သွားတဲ့အခါ ငါ့မြေးကြီးကို လက်ဖက်ရည်တိုက်ရမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ခေါ်သွားတော့ ကလေးပီပီ ၀မ်းသာပေသပေါ့လေ…သောက်ရချေသေးပေါ့…လက်ဖက်ရည်ဆိုင်ရောက်လို့ ထိုင်လည်းထိုင်ပြီးရော မဟာကော်တရာအဘိုးက ကောင်တာကိုလှမ်းပြီး “ လက်ဖက်ရည် တစ်ခွက်ခွဲ…နှစ်ခွက်မျှထည့်လိုက်… ” လို့ ခပ်တည်တည် အော်ပြီးမှာလိုက်တာ တစ်ဆိုင်လုံးရှိတဲ့လူတွေခမျာ မကြားဖူးတာကြားရပြီး အံ့သြလွန်းလို့ အသံတွေကို တစ်ချက်တည်းတိတ်…အဖျော်ဆရာလည်း အူကြောင်ကြောင်ကို ဖြစ်လို့…အဘိုးကတော့ ခပ်တည်တည်…မောင်ဟန်ကြည်ခမျာ မချိသွားဖြဲ…
မဟာကော်တရာ ဂန္ထ၀င်ဦးကပ်စေးအဘိုးက လက်ဖက်ရည်တစ်ခွက် ၅၀ ကို နှမြောတော်မူတာကြောင့် နှစ်ခွက်စာ ငွေ ၁၀၀ အကုန်မခံဘဲ တစ်ခွက်ခွဲစာ ၇၅ ကျပ်ပဲ အကုန်ခံတော်မူတာကိုးဗျ…အဘိုးရဲ့ လက်တွေ့ချွေတာရေးဖော်မြူလာကို လက်တွေ့သုံးချင်ရင်တော့ မှတ်သာထားကြပေရော့…း)

လက်ဖက်ရည်သောက်ရင် ရင်တုန်တတ်လွန်းလို့ ဝေါင်ဝေါင်ရှေးထားပေမင့် မြန်မာ့ယဉ်ကျေးမှုအရ မိတ်ဆွေအပေါင်းအသင်းနဲ့ဆုံရင် လက်ဖက်ရည်ဆိုင်ပဲ ခေါ်သွားရလေတဲ့ ဦးဟန်ကြည်ခမျာ တစ်ဆိုင်ရောက်ရင် အခေါ်အဝေါ်တစ်မျိုး ဗဟုသုတရ နောက်တစ်ဆိုင် နောက်တစ်မျိုးနဲ့ မြန်မာစကားအသစ်တွေ အတော်များများတောင် စုဆောင်းမိနေပါရောလား...။ ။


photo credit to Google.

12 comments:

Ma Tint said...

လက်ဖက်ရည်ဋီကာ အဖြေရှာကြည့် လက်တွေ့သိချင်တာ
“ ချိုပက်လန် တောသားကြီး ပစ်လဲ ” လက်ဖက်ရည်။
စုံပါပေ့ ဆရာဟန်ရေ ငွေနဲ့ဝယ်ယူလို့မရတဲ့ အမယ်စုံ လက်ဖက်ရည်ရဲ့ ဗဟုသုတအပြင် 'ဂျုံရှည်ကြော် ဂျုံပြားကင်' ပါအဆစ် ရသွားပြီ ... :D

မေတ္တာဖြင့်
တီတင့်

ဘုန်းဘုန်းတောက် said...

"ကျဆိမ့် ဂိတ်ဆုံး ပတ်စီးတစ်ခွက်" ရယ်ရတယ်နော်။

ဒါဖတ်ပြီးတော့ ချော(အစိမ်းရောင်လွင်ပြင်)ရေးတဲ့ ၀တ္ထုတိုကို သွားသတိရတယ်။ အဲထဲမှာ လက်ဖက်ရည်မှာတော့ "မိုးဟေကို ၀မ်း၊ မိုးယုစံ တူး"ဆိုတာ ပါသေးတယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးစီနော်။ ကျောင်းမှာ အလုပ်လုပ်လာလုပ်တဲ့ လက်သမားတစ်ယောက်ကတော့ ထမင်းစားပြီးတိုင်း လက်ဖက်ရည်တစ်ခွက် သောက်ကို သောက်ရမှတဲ့ဗျာ။

Anonymous said...

ဆရာဟန်..
မှတ်သားလောက်ပါတယ်ရှင်။
သို့ ပေမဲ့အတွေးတစ်ခုပေးတယ်ရှင့်။ ကျမသိခဲ့တဲ့လက်ဖက်ရည်ခွက်လေးတွေကသေးသေးလေးတွေ ဒါကိုမှကိုင်းထိပဲထဲ့ခိုင်းကြတယ်ဆိုတော့ခွက်ထဲမှာသောက်စရာမှပါပါတော့မလားလို့ ။ ဒါမှမဟုတ်ခွက်ကြီးတွေသုံးကုန်ကြပြီလား။ တိုင်ကီတော့ရှိသေးတယ်ဆိုတော့မတ်ခွက်ထက်ကြီးတာတော့မသုံးသေးဘူးလို့ ထင်မိတယ်။
လင်းပါအုန်းဆြာရယ်။း)
အိုင်အိုရာ

ဟန်ကြည် said...

ကျွန်တော်တို့အညာမှာက လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည်ထည့်ရင် ခွက်နှုတ်ခမ်းတိုက် အမြှုပ်တွေပါ စီးကျနေမှ ကြိုက်တာကိုး မအိုင်အိုရာရဲ့...ဂေါက်တို့ ဟပ်ဖ်တီးတို့ကျတော့ အနှီလို အပြည့်အလျှံမထည့်တော့ဘဲ လက်ကိုင်တဲ့ကိုင်းရဲ့အပေါ်စ အောက်ပိုင်းမရှိတရှိလောက်ပဲ ထည့်လိုက်တော့ ခွက်တစ်ဝက်ကျော်ကျော်လောက်တော့ ကျန်သေးတာပေါ့ဗျာ...

တိုင်ကီကို မတ်ခွက်နဲ့ ထည့်ပေးတာတော့ မဟုတ်ဘူးပေါ့ဗျာ...ကျွန်တော်တို့ ပြည်နယ်မှာတော့ ငါးကြင်းဖန်ခွက်နဲ့ ထည့်ပေးတာ ကြုံဖူးတာပါပဲ...း)ပြည်မသားတွေက အလှသောက် ဟပ်ဖ်တီးပေါ့...ပြည်မသားတွေကျတော့ အ၀သောက် တိုင်ကီပေါ့...း))

စံပယ်ချို said...

ဆရာရေးထားသလို လက်ဖက်ရည်ဋီကာကိုမရေးတတ်ပါဘူး တင်ထားတဲ့ပုံကြည်ပြီး လက်ဖက်ရည်သောက်ချင်သွားတာကတော့အမှန်ပဲဆရာရေ........
မလေးရှားမှာတော့ အမြှုပ်တွေပါစီးကျနေတဲ့လက်ဖက်ရည်ကို လူကြိုက်များတယ်......
ဒီနေရာရောက်မှ လက်ဖက်ရည် မသောက်ဖူးသေးဘူးဆရာ ။

ညီလင်းသစ် said...

ဆရာဟန်ရေးတဲ့ လက်ဖက်ရည်ဋီကာကတော့ စုံပါပေ့ဗျာ…၊ အခေါ်အဝေါ် အသစ်တွေလည်း ရသွားတယ်၊ ကျနော်လည်း လက်ဖက်ရည်တစ်ခွက် တစ်မတ်ခေတ်ကို မီလိုက်တဲ့ ယဉ်ကျေးမှုထဲမှာ လူလားမြောက်ခဲ့ရသူ ပါပဲ…၊း)

လက်ဖက်ရည်ကာတွန်းလေး တစ်ခုကိုတောင် သတိရသွားမိတယ်၊ စုံတွဲတစ်တွဲ လက်ဖက်ရည်ဆိုင်ကို ဝင်လာပြီး “မမက ရှယ်၊ ကိုယ်က ချစ်ကောင်း” လို့ အသီးသီး မှာကြသတဲ့၊ ဒါကိုကြားတဲ့ နယ်က ဦးကြီးတစ်ယောက်က မြို့မှာ ကိုယ့်နာမည်ကိုယ်ပြောပြီး မှာရတယ်အောက်မေ့ပြီး “ဟေ့.. ငါကတော့ စံလှကွာ” လို့ အော်ပြောလိုက်တဲ့ ကာတွန်းလေး..။းD

မောင်သစ္စာ said...

ကျစိမ့် တခွက်ဆရာ...:D

Win Zin Min Raja said...

Please also visit my blog.

http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ

ပစ်ပစ် said...

ရေးလည်းရေးတတ်ပါ့ ဆရာရယ်..
ဖတ်ပြီး ပစ်တောင် လဘက်ရည်သောက်ချင်စိတ်ပေါက်သွားတယ်..

Anonymous said...

Reading it after lunch while sleepy at work. It makes me miss a cup of strong "kya sate"...

San Htun said...

“ ချိုပက်လန် တောသားကြီး ပစ်လဲ ” နာမည်လေးက မိုက်တယ်...ဆြာဟန့် လက်ဖက်ရည်ဋီကာက စုံလိုက်သမှ စုံ ..စုံ နေတယ်..လက်ဖက်ရည်လေး တစ်ကြိုက် အီကြာကွေးလေး တစ်ကိုက် ကောက်ညှင်းပေါင်းလေး တစ်ထွေးနဲ့  သောက်ချင်သွားပြီ..

ဆွေလေးမွန် said...

စုံပါပေ့ဆရာဟန်ရယ် သို့ပေမယ့် ဆွေလေးမွန်တို့ကတော့ တိုတိုတုတ်တုတ် ပေါ့ဆိမ့် တစ်ခွက်ပဲ..
:) :) :)

ကြိုက်ရင်ပေါ့လေ . . .