Wednesday, 26 March 2014

“ ငရဲတမန် MPT . . . ”



သန်ဘက်ခါ မတ်လ ၂၇ ရက်။
 ဦးဟန်ကြည်၏ နွေရာသီခရီးရှည်သည် ထိုနေ့မှ အစပြုပေလိမ့်မည်။ ခရီးစဉ်အတွက် လိုအပ်သောပြင်ဆင်မှုများကို တစ်ဆင့်ချင်း ပြင်ဆင်နေခဲ့သည်မှာလည်း ပြည့်စုံသလောက်ရှိပြီ။ နောက်ဆုံးပြင်ဆင်မှုအဖြစ် ရွှေပြည်ကြီးတွင် သုံးရန်အတွက် MPT ဖုန်းကဒ်တစ်ကဒ် ၀ယ်ရန်သာ ကျန်တော့၏။ သို့သော် ဦးဟန်ကြည် မ၀ယ်ချင်။ ထုတ်ဈေး ၁၅၀၀ ကျပ် အပြင်ပေါက်ဈေး တစ်သိန်းကျော် မတန်တဆကြီးကို အားမပေးလို။

ရွှေပြည်ကြီးကား မိုဘိုင်းကိစ္စနှင့်ပတ်သက်လျှင် အစဉ်အလာရှိပြီးသား။ ဆင့်ပါးစပ် နှမ်းပက်သော လုပ်ရပ်မျိုးသည် ရွှေပြည်သား တာဝန်ရှိသူတို့အတွက် ခေါက်ရိုးကျိုးနေပြီးသား ဖော်မြူလာ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက ပေါက်ဈေး ၅ သိန်းသာသာ GSM များကို အပြင်ပေါက်ဈေး သိန်း ၃၀ ၀န်းကျင်ဖြင့် ၀ယ်ဖူးခဲ့ကြပြီ။ မိုဘိုင်းဖုန်းကို ခါးချိတ်ထားခြင်းသည် ကုဋေကြွယ် သူဌေးစတိုင်ဟု ယူဆခဲ့ကြရပြီးပြီ။ ရှိစေတော့။ ထိုခေတ်ထိုအခါတုန်းက ဦးဟန်ကြည်လည်း မိုဘိုင်းဖုန်း မကိုင်နိုင်။

မေတ္တာတော်အနန္တဖြင့် GSM တစ်ကဒ်ကို မြန်မာကျပ်ငွေ ဆယ်သိန်းဖြင့် ရက်ရက်ရောရော ရောင်းပေးခဲ့စဉ်ကလည်း ဦးဟန်ကြည် စိတ်မ၀င်စား။ ငွေယားကလည်း မရှိ။ လွန်ခဲ့သော လေးနှစ်ကျော်က CDMA 450 တစ်ကဒ်လျှင် မြန်မာငွေ ငါးသိန်း ဖြစ်လာသောအခါတွင်မူ မဒမ်ကြည် ရောဂါထလေသည်။ ဦးဟန်ကြည်လည်း စိတ်ကူးပေါက်လာသည်ကို ၀န်ခံရပေမည်။ နွေရာသီ အပန်းဖြေခရီးထွက်နေစဉ်ကာလအတွင်း လုပ်ငန်းအခြေစိုက်ရာ ဒေသနှင့် အဆက်အသွယ်မပြတ်ရေးအတွက် တစ်ကဒ်ဝယ်ခဲ့ရသည်။

MPT စေတနာကောင်းသလို ဆက်သွယ်ရေးတာဝန်ခံကလည်း အတောင်းအရမ်း ရက်ရောလှ၏။ ထုတ်ဈေး ငါးသိန်းဖြစ်သော်လည်း ပေါက်ဈေး ၅ သိန်းခွဲဟု ဈေးဖွင့်၏။ မတတ်နိုင်။ သင်းလက်ခုပ်ထဲကရေကိုး။ သွန်လိုသွန် မှောက်လို မှောက်ပေရော့။ နံပါတ်ကလေးလှလှလိုချင်ရင် ရတယ်ဆရာဟု လောကွတ်ချော်သော သကောင့်သားကို ယုံစား၍ ခုနစ်လေးလုံးပူးနေသော နံပါတ်ကို လက်ညှိုးထိုးပြလိုက်မိလျှင် နံပါတ်ရွေးခ မြန်မာငွေ နှစ်သောင်း ပလုံပြန်၏။ သာဓု သာဓု။ မောင်မင်းကြီးသား MPT အ၀ီစိ မြန်မြန်ရောက်ပါစေ။

ဖုန်းတစ်လုံးဝယ်ထားသော်လည်း ထိုဖုန်းကို ဦးဟန်ကြည် မပိုင်။ မဒမ်ကြည်သာ ပိုင်လေသည်။ ရှိစေ။ ဦးဟန်ကြည်တွင်လည်း ဖုန်းခေါ်စရာ မိတ်ဆွေသင်္ဂဟ များများစားစား မရှိ။ မဒမ်ကြည်ခရီးသွားလျှင် ဖုန်းယူသွားတတ်လေရာ ထိုအခါမျိုးတွင်မူ ဦးဟန်ကြည်လည်း ဖုန်းတစ်လုံး လိုချင်လှသည်။ ဖုန်းဆိုင်များကလည်း တစ်မိနစ်လျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းဖြင့် အပီအပြင် နွှာသည် မဟုတ်လား။ သို့သော် ဖုန်းတစ်ကဒ်လျှင် မြန်မာငွေ နှစ်သိန်းသည် မတန်တဆ။ ဦးဟန်ကြည် မ၀ယ်ဖြစ်။

MPT ခေတ်နှောင်းပိုင်းတွင် ဖုန်းတစ်ကဒ်လျှင် မြန်မာငွေ ၁၅၀၀ ကျပ်ဖြင့် လက်သင့်ရာ မဲနှိုက်ပေးသည့်စနစ်အရ ဝေပုံကျပေးသော်လည်း ဦးဟန်ကြည် မရလိုက်။ ၀မ်းမနည်း။ ပုဆိန်ရိုးဦးဟန်ကြည်နှင့် MPT သည် တစောင်းစေးနှင့် မျက်ချေး။ ယခုနှစ် ခရီးထွက်ရန်အတွက်ကား MPT ကို မချစ်သော်လည်း အောင့်ခါနမ်းရပေတော့မည်။ ချစ်စွာသော မဒမ်ကြည်က အင်တာနက်မရှိလျှင် မနေနိုင်ပါဟု စောဒက တက်လေသည်ကိုး။ လက်စွဲတော် CDMA 450 က အင်တာနက် သုံး၍မရ။ ကော်တစ်ရာဦးဟန်ကြည်တစ်ယောက် GSM တစ်လုံးဝယ်ရန် စိုင်းပြင်းရတော့သည်။ မိတ်ဆွေတစ်ယောက်က အင်တာနက်သုံးရန်အတွက် CDMA 800 က ပိုကောင်းသည်ဟု အကြံပေး၏။ CDMA 800 ၀ယ်လျှင် သင်းအတွက် ဖုန်းတစ်လုံးပါ ထပ်ဝယ်ရမည်ကို စိတ်မ၀င်စားသော ဦးဟန်ကြည်ကား အင်းမလှုပ် အဲမလှုပ်ဖြစ်။

သည်နေ့ညနေခင်းတွင် ဖုန်းကဒ်ဝယ်ရန်အတွက် အပြင်ထွက်၍ စနည်းနာသော ဦးဟန်ကြည်ကိုမြင်လျှင် တပည့်ကျော်တစ်ယောက်က ကျွန်တော့်ဖုန်းကဒ်ကို ယူသွားပါဆရာဟု ရက်ရက်ရောရော ဥပစာယပြုလေသည်။ ကောင်းလေစွ။ ကော်တရာပါရမီဖြည့်ပေးသော တပည့်ကျော် ဂုဏ်ထူးပေါင်း သောင်းခြောက်ထောင်လောက်နှင့် ဆယ်တန်းအောင်ပါစေဟု ကျကျနနဆုပေးပြီး ဖုန်းကဒ်ကို ယူလာခဲ့လေသည်။ မြန်မာငွေ ငါးထောင်တန် ငွေဖြည့်ကဒ်တစ်ကဒ်ဖြည့်အပြီးတွင် ဟိုဟိုသည်သည် ဆက်ကြည့်သည်။ မရ။ မျက်စိရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို လှမ်းခေါ်ကြည့်သည်။ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေသည်ဟု သတင်းပို့၏။

ဆယ်ခါခန့် ကြိုးစားကြည့်မှ ဖုန်းတစ်ခါဝင်လေသည်။ ၀မ်းသာအားရဖြင့် ဟဲလိုတစ်ခွန်းပြောအပြီးတွင် ဖုန်းလိုင်းကျသွားပြန်၏။ လိုင်းတုံးလည်း တစ်တုံးမှ မကျန်။ ဒေါသကုမ္မာရ ဦးဟန်ကြည် အသက်ရှူသံ မြန်လာလေပြီ။ ချစ်စွာသော အညာသူ ညီမထံသို ဖုန်းခေါ်ကြည့်သည်။ မရ။ လေးငါးခြောက်ခါ ခေါ်အပြီးတွင် လက်စွဲတော် NOKIA C-6 ပါ hang သွားလေတော့သည်။ လေးနှစ်တိတိ နှာမစေး ချောင်းမဆိုးခဲ့သော C-6 ဂန့်သည်ကို မြင်ရလျှင် ဦးဟန်ကြည် ပေါက်ကွဲလာလေပြီ။ ဖုန်းကို restart ချပြီး ပြန်ကြိုးစားသည်။ လိုင်းမရှိ။ ခေါ်ကြည့်သည်။ network error ပြပြန်သည်။ ဆယ့်ငါးခါခေါ်အပြီးတွင် တစ်ကောဝင်လေ၏။ အထိတ်ထိတ်အလန့်လန့်ဖြင့် ဟဲလိုတစ်ခွန်းပြောကြည့်သည်။ ဖုန်းမကျသေး။ ၀မ်းသာအားရဖြင့် ညီမလေးရေ...အစ်ကိုပါဟ...ဟု ပြောအပြီးတွင် ဖုန်း hang သွားပြန်သည်။ ဦးဟန်ကြည် ဆဲမိလေပြီ။ ဖွတ်ကြား MPT။ ကလေလ၀ MPT။ လူလိမ်လူညာ MPT။

မဒမ်ကြည်၏ ဖုန်းတွင် MPT ကဒ်ထည့်ပြီး ခေါ်ကြည့်သည်။ အောက်အီးလည်းမမြည်။ အွတ်အွတ်သံလည်း မကြားရ။ အယုတ်တမာ MPT။ ဦးဟန်ကြည်၏ သည်းခံနိုင်စွမ်း ကုန်လေပြီ။ ဖုန်းကဒ်ကိုထုတ်ပြီး လွှင့်ပစ်ရန် စိတ်ကူးသည်။ တပည့်ကျော်၏ မျက်နှာကို ကွက်ခနဲမြင်မိသောကြောင့် ပစ်လုဆဲဆဲလက်ကို အမြန်ဘရိတ်အုပ်ရ၏။ ကိုယ်ပိုင်ကဒ်ဖြစ်လျှင် အိမ်သာထဲပစ်ချပြီး ရေဆွဲချလိုက်မည်မှာ သေချာသလောက်နီးနီး။

ဖုန်းကဒ်လက်ဝယ်ရောက်ပြီးကတည်းက ဒေါသထွက်လိုက်ရသည်မှာ အကြိမ်ပေါင်းမနည်း။ ဆဲလိုက်ဆိုလိုက် ကြိမ်းမောင်းလိုက်မိသည်မှာလည်း အကြိမ် နှစ်ဆယ်မက။ တော်သေးပြီ။ သကောင့်သား MPT နှင့် ရေရှည်ပေါင်းမိလျှင် လူလည်း အောက်တန်းစားဖြစ်ပေတော့မည်။ ပါးစပ်ကြမ်းတမ်းသည့် လူသရမ်း ဘ၀ ပြောင်းပေရော့မည်။ အနှီ MPT သည် ရွှေပြည်သူ ရွှေပြည်သားများကို ဒေါသအိုး ပေါက်ကွဲစေရန် ဆဲနည်းပေါင်းစုံ ဆဲတတ်စေရန် အတတ်ဆိုးများ သင်ပေးနေသည့် ငရဲတမန်ပင် ဖြစ်တန်ရာ၏။ လူယဉ်ကျေးဖြစ်စေရန်အတွက် လျှာတစ်ချောင်းကို အနိုင်နိုင်ထိန်းနေရသော ဦးဟန်ကြည်တစ်ယောက် MPT ကို ဝေါင်ဝေါင်ရှေးဖို့ ဆုံးဖြတ်လိုက်လေပြီ။ ခရီးစဉ်က ပြန်ရောက်၍ ဖုန်းကဒ်ကို ပိုင်ရှင်တပည့်ကျော်လက်ထဲ ပြန်ထည့်ပေးပြီးလျှင် ပုဆိန်ရိုးပီပီ DTEC ကဒ်ဖြင့် oversea ခေါ်တော့မည်။ ငွေကုန်လျှင် ကုန်ပါစေတော့။ ငရဲတော့ဖြင့် မလိုချင်တော့ပြီ။ ကျေးဇူး MPT...ထွီ...း( ။ ။

( ဟန်ကြည် )
၂၅.၃.၂၀၁၄ ( အင်္ဂါနေ့ )

10 comments:

Anonymous said...

ဦးဟန်ကြည်ရေးတဲ.အထဲမှာဒီတခါ အထိဆုံးဘဲ။
ဟုတ်တယ် အမ်ပီတီနဲ.ပတ်သက်မိရင် ဆဲတာပါ တခါထဲ တတ်သွားသလားမသိဘူး။
ဆိုးတာတော. ဘယ်လိုပြောရမှန်းတောင်မသိတာ။
စကားလုံး မရှိသောအမ်ပီတီ ဘဲ။
ဘဘကြီးလဲ ဘာမှမတတ်နိုင်ဘူးထင်တယ်။

Anonymous said...

ဆရာသိပံ္ပမောင်ဝ ရဲ့စာတွေကို ပြန်ဖတ်နေရသလိုပါပဲ ဆရာရေ။ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းရှိလှပါတယ်

မောင်သစ္စာ said...

ပြည်တော်မဝင်ရသေးတော့အဲဒီဒုက္ခကိုမခံရသေးဘူးဟဟဟ

ဆွေလေးမွန် said...

ဆရာဟန်ရေးထားတာလေး ပေါ်လွင်ပြီး သဘောကျလွန်းတယ်.

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟင်းဟင်းဟွင်း မှတ်ပလား
ဒါအကင်းပဲရှိသေးတယ်
း)
နောက်လာလတ္တံသော ဖုန်းကုမ္မဏီနှစ်ခုမှာတော့
မောင်ဘကြိုင်ကတော့ တယ်လီနော်ကိုပဲမျှော်နေတယ်
အမ်ပီတီနဲ့အော်ရီဒူး ဆောရီးပဲ ဆြာဟန်.....

မောင်မျိုး said...

လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါရှင်း))


ကျနော်ကတော့ ယပက်လက်ရောက်မှ ဖုန်းကိုင်ဖူးတာဆ၇ာရေ့

Anonymous said...

haha.
that's why i love to read your post.
you are a good writer.


naunggyain

စံပယ်ချို said...

ဖတ်လိုက်ရတာ ရှင်းရှင်းကြီးပဲဆရာရေ
စာရေးသားပုံကိုဆရာထံ သင်ယူရမယ်

Ma Tint said...

ခရီးလွန်နေလို့ ဆရာဟန်ရဲ့ ပြောင်မြောက် ပီပြင်တဲ့ ပုံဖော် အရေးလေးတွေ အခုမှ ဖတ်ခွင့်ကြုံတော့တယ်...
ဆရာဟန်ရေ..အခွင့်ကြုံရင် ကြုံသလို ကုသိုလ်လေး အစားထိုးအုံးနော် (ရန်စသွားပြီ) :P

မေတ္တာဖြင့်
တီတင့်

မီးမီးငယ် said...

လိပ်ခေါင်းထွက်မတတ်အော်ရတာလည်းပါသေးတယ်လေဗျာ..

ကြိုက်ရင်ပေါ့လေ . . .